Sunday, September 30, 2012

" အင်ဂျင်နီယာ "


အို-အမိနိုင်ငံ.......
မှန်စွာထင်ရှား၊ ကျော်ကြားကမ္ဘာတွင်
မြန်မာပင်ဟု၊ နှုတ်မှုရွရွ
ရွတ်ဆိုကြအောင်၊ လမ်းပြဆောင်ပြု
တည်ဆောက်မှုတိုင်း၊ တုနှိုင်းမရ
လက်ရာလှဖြင့်၊ ကြွရွစိုပြည်
တည်ရှိနေအောင်၊ အကျွန်ဆောင်မည်
ရှေ့ဆီမျှော်ကာ ကြည့်ပါလေ။

မြေလမ်းကိုဖျက်
ကျောက်လမ်းဆက်တွယ်၊ တံတားသွယ်ထိုး
မြို့အိုးအိမ်သစ်၊ ဖွင့်လှစ်တည်စေ
စည်ကားနေသော၊ ကျေးတောမြို့ပြ
သာစွဋ္ဌာနီ၊ မြန်မာပြည်အဖြစ်
အရောင်သစ်လို့ နေခဲ့ပြီ။

အမှောင်ကွယ်ပျောက်
အလင်းအောက်တွင်၊ ကွန်းထောက်ခိုနား
ပညာပွားလိမ့်၊ ဆများသိဥာဏ်
တောက်ပလျှံတက်၊ အစွမ်းထက်ရင့်
နှိုင်းမြင့်တုမရ၊ မြန်မာကွနော်
ကမ္ဘာပေါ်လွှား၊ ကျော်ကြားတိုင်းပြည်
ရာစုနှစ်ချီ တည်တော့မည်။

စက်မှုနိုင်ငံ
ကြံဆောင်ဖွံ့ဖြိုး၊ တို့အမျိုးတွက်
ရိုးဂုဏ်စွက်ကာ၊ သွက်လက်ပါသော
များပြားပေါကြွယ်၊ ပညာသည်လျှင်
စွမ်းအင်တိုးတက်၊ ပြည့်အတွက်ဟု
စက်ရုံများစွာ၊ တည်ကာထုတ်လုပ်
မယုတ်မလျော့၊ ခွန်အားကျော့ကာ
ဦးမော့ထောင်ကြွား နိုင်ခဲ့ပြီ။

'ရေနံ' 'ဓာတု'
'သတ္တု' 'လျှပ်စစ်'၊ 'အီလက်ထရောနစ်' ပညာရပ်
တတ်စွမ်းသမျှ၊ လာကြည့်ကြလေ
ဘယ်သူတွေယှဉ်၊ နိုင်ချင်မှာလဲ
တို့ပြည်ထဲမှာ၊ ဝေဆာဖန်တီး
အလိုပြီးသောလက်၊ မြဲမြဲဆက်ကာ
'စက်မှု' 'မြို့ပြ'၊ ဘယ်သူမျှမကျန်
'လေကြောင်း' မာန်နှင့်၊ ရှင်သန်မြဲတည်
မမီ 'ချည်ထည်'၊ တကယ်သွက်လက်
ဖန်တီးလျက်တွင်၊ ကြည့်သူမြင်က
အို-လှပလွန်း၊ ချီးမွမ်းခန်းဖွင့်
ဂုဏ်ရှိန်မြင့်အောင်၊ ရည်ဆောင်သည်မှာ
'ဗိသုကာ' မကျန်၊ အဆန်ခရီး
မငြီးတမ်းသွား၊ မနားကြပြီ
ဝေစည်လှပ နေတော့မည်။

အို-အမိနိုင်ငံ
ကြည့်ရန်ရှုရန်၊ တည်ရန်ဆောက်ရန်
ထုတ်ရန်ပို့ရန်၊ ၀တ်ရန်စားရန်
အမှန်ဆောင်သူ၊ ဘယ်လူမရှိ
တကယ်သိပါ၊ ပညာအတတ်
နှံ့စပ်ကျွမ်းကျင်၊ အမြင်ကြွယ်ဝ
ပြည့်ကြအရည်အချင်း၊ လူအတွင်းလျှောက်
ယှဉ်လောက်သောသူ
ထိုထိုလူမျိုး၊ တိုင်းပြည်ကျိုးတွက်
ရွက်ဆောင်ကြိုးပမ်း၊ ပြည့်ဝန်ထမ်းလျှင်
အမိမြင်လား၊ ရှိနေငြားပင်
အားအင်အသစ်၊ ရင်မှာဖြစ်၍
သစ်သောသမိုင်း၊ ဖွင့်လှစ်ခိုင်းမည့်
( အမိ၏ ရင်နှစ်သား )
အကျိုးများအောင် ကြိုးစားသူ
နိုးကြား၍ အမြင်ကြွယ်သူ
အစဉ်တက်ကြွ၍ ရိုးသားသူ
အမြင်အထင် မီစရာရှားသော
'အင်ဂျင်နီယာ' များစွာ ရှိနေသည်။        ။

သားလတ်
၂၉.၉.၉၅

( မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းကြီးအား ဤကဗျာဖြင့် ဂုဏ်ပြုပါ၏ )

[ ကျွန်တော် သည်ကဗျာကို စရေးစဉ်က မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၏ မဂ္ဂဇင်းတွင် ထည့်ရန်ကြံစည် ခဲ့သော်လည်း နောက်တော့ မပို့ဖြစ်ဘဲ သိမ်းထားခဲ့သည်။ ယခုတလော အင်ဂျင်နီယာများနှင့် ပတ်သက်သည့် သတင်းတစ်ခုက ကျွန်တော့်ရင်ကို လှုပ်နှိုးလာ၍ လွန်ခဲ့သော ၁၇ နှစ်ခန့်က သည်လိုနေ့မှာ ရေးခဲ့ဖူးသော ကျွန်တော့်ကဗျာကို တင်ပြလိုက်ပါသည်။ ဤကဗျာတင်ရန်ကြံစဉ်က ထိုသို့နေ့ရက်တိုက်ဆိုင်နေသည်ကို ကျွန်တော် သတိမထားမိခဲ့ရိုး အမှန်ပင်။ ကဗျာကို ရိုက်နေ ရင်းမှ နောက်ဆုံးမှသာ သိရခြင်းဖြစ်သည့်အတွက် ကျွန်တော့်ဘာသာပင် အံ့ဩမိပါသေးသည်။]

Tuesday, September 25, 2012

" ဆက်လျှောက်ဦးမည့် လမ်းကလေး "


၂၀၀၈ ခုနှစ်၊ ဩဂုတ်လ။

စာရေးနေသောလူတစ်ဦးအတွက် အချိန်အားရလျှင် အင်တာနက်မှာ စာများဆက်ရေးနိုင်ဖို့ လမ်းစတစ်ခုကို ကျွန်တော့်ဇနီးက စတင်အသိပေးခဲ့သည်။ ဘလော့ရေး၍ ရသည်တဲ့။ သည်လိုနှင့် အစပျိုးခဲ့ဖူးသည်။

၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်။

စင်ကာပူမှာ အလုပ်လုပ်နေရင်း စာရေးဆရာ ဖြစ်ချင်သော ကျွန်တော့်ကို ရန်ကုန်စက်မှုတက္ကသိုလ်က သူငယ်ချင်းတစ်ယောက်က ဘလော့စရေးဖို့ အကြံပြုသည်။ တကယ်တော့ စခဲ့ပြီးသား။ သေသေချာချာ မလုပ်ဖြစ်ခဲ့တာသာ ရှိသည်။

သည်လိုနှင့် " အဖြူရောင် လမ်းကလေး " ဆိုသော ဘလော့တစ်ခုကို အင်တာနက်မှာ ကျွန်တော်စတင် အသက်သွင်းခဲ့သည်။

၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ( ၂၅ ) ရက်။

တစ်နှစ်သား " အဖြူရောင် လမ်းကလေး " မှာ အထိအခိုက်၊ အပွန်းအပဲ့များရှိသည်။ အားနည်းချက်များ ရှိသည်။ ချစ်သူရှိသည်။ မုန်းသူရှိသည်။ သို့သော် ကျွန်တော် မမှုခဲ့ပါ။ ရှင်းပါသည်။ အဖြူရောင်ဟု ကျွန်တော် နာမည်ယူထားခဲ့ကတည်းက ကျွန်တော့်ဘာသာ သန့်စင်မှုကို သိသည်။ ကျွန်တော်ပေးဆပ်နိုင်သော အရာသည် အားလုံးအတွက် သန့်စင်သောအရာသာ ဖြစ်စေချင်သည်။ ထို့နောက် ကျွန်တော် လူ့လောကကို စွန့်ခွာချိန်တွင်လည်း စာဖတ်သူအတွက် ကျွန်တော်ချန်ထားခဲ့ချင်သည့် အရာသည် ထိုသန့်စင်မှုပင် ဖြစ်သည်။

သန့်စင်မှုနှင့် ကျွန်တော့် ပေးချင်သောဆန္ဒများသည် အဖြူရောင်များသာ။ လမ်းကလေး ကတော့ ရှင်းပါသည်။ လိုအပ်သူ လာလျှောက်လိမ့်မည်။ အေးချမ်းခြင်း၊ ပျော်ရွှင်ခြင်း၊ ငြိမ်သက်ခြင်း  စသော ခံစားမှုများမှသည် ဘ၀၏ အောင်မြင်တိုးတက်ရာ တိုးတက်ကြောင်းများသည်လည်း လမ်းကလေး ကို ဖြတ်သန်းသွားရင်း ရရှိသွားနိုင်သည်ဟု ကျွန်တော်ထင်သည်။

ထိုအခါ " အဖြူရောင် လမ်းကလေး" သည် ကျွန်တော်မရှိတော့သည့် တစ်နေ့တွင် လူ့လောကထဲ၌ သန့်စင်စွာ တည်ဆောက်ထားသော စာပေအနုပညာ လက်ရာတစ်ခုအဖြစ် တင်ကျန်ခဲ့လိမ့်မည်။ သည်လို ကျွန်တော် မျှော်လင့်မိသည်။

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ( ၂၅) ရက်။

ကျွန်တော့် နှလုံးသားဖြင့် တည်ဆောက်ထားသော " အဖြူရောင် လမ်းကလေး" သည်ကား နှစ်နှစ်သား အဖြစ် အရွယ်သစ်ခဲ့ပြီ ဖြစ်သည်။ ထိုအတွက် လမ်းကလေးမှာ ဘာတွေ ဖြစ်ခဲ့သနည်း။ ကျွန်တော့်ဘာသာ ပြန်လည် ရှာဖွေမိသည်။

မှတ်မှတ်သားသား ဖြစ်စရာလေးတွေတော့ " အဖြူရောင် လမ်းကလေး" မှာရှိခဲ့သည်က အမှန်။ ဆူးသစ် ကလောင်အမည်ဖြင့် " ညီလေးဖတ်ဖို့ ရေးတဲ့စာ" ဆောင်းပါး စာစုများကို စာအုပ်တစ်အုပ် အဖြစ် ထုတ်ဝေနိုင်ခဲ့သည်။ ထို့နောက် " မဟတ္တမ ဂန္ဒီ၊ ကျွန်တော်နှင့် ဗိုလ်ချုပ်အောင်ဆန်း " ဆောင်းပါးကို အစ်မမြသွေးနီ၏ ဘလော့ဒိုင်ဂျက်အတွက် အရွေးချယ်ခံ၊ ဖော်ပြခံခဲ့ရသည်။

ထို့နောက် ကျွန်တော်ရေးခဲ့သော ကဗျာများထဲမှာ ကျွန်တော်အကြိုက်ဆုံး ကဗျာစာရင်းဝင် ကဗျာတစ်ပုဒ် ဖြစ်လာနိုင်သည့် " ဖေဖော်ဝါရီ ဆယ့်သုံးဖွား" ကဗျာကို ရေးဖြစ်ခဲ့သည်။ မည်သည့်မဂ္ဂဇင်းကိုမျှ မပို့သေးဘဲ ကျွန်တော့်ဘလော့အတွက် သီးခြားစတင် ဖော်ပြဖြစ်ခဲ့သည်။

ထို့အပြင် ၂၀၁၂ ခုနှစ်အတွင်း အကောင်အထည် ဖော်မည်ဟု ကျွန်တော်ရည်ရွယ်ထားခဲ့သော ကဏ္ဍအသစ်များကို စတင်အကောင်အထည် ဖော်ဖြစ်ခဲ့သည်။ ပထမဆုံးစခဲ့သည်က " ကျွန်တော် အကြိုက်ဆုံး စာရေးဆရာ " ဆိုသည့် ခေါင်းစဉ်ဖြင့် "ကျွန်တော့် အကြိုက်ဆုံးများ" ကို စတင်ခဲ့သည်။

ထိုတစ်ခုတည်းသာမက။ နောက်ထပ် ထပ်ရေးဖြစ်ခဲ့သည်က နှလုံးသားက ခံစားမှုများကို ပြောပြချင်မိသော " နှလုံးသားက လာတဲ့စာ၊ မေတ္တာပါတဲ့ စကား" ဆိုသည့် စာစုဖြစ်သည်။ ထိုကာလမှာပင် လွန်ခဲ့သော တစ်နှစ်လောက်က အရွေးခံထားရသော " ကျွန်းသားတစ်ယောက်ရဲ့ အိပ်မက် " ဆိုသော စင်ကာပူ အကြောင်း ရေးထားသည့် ကဗျာတစ်ပုဒ်ကို စင်ကာပူနိုင်ငံထုတ် သဇင်မဂ္ဂဇင်းတွင် ဖော်ပြခံခဲ့ရ၍ ကျွန်တော့်ဘလော့မှာ တင်ဖြစ်ခဲ့သည်။

ရသပိုင်းကို ပေးနေရင်းမှာပင် ကျွန်တော့်အသက်မွေးဝမ်းကျောင်း အလုပ်ဖြစ်သည့် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ပတ်သက်၍လည်း သုတပိုင်းကို ကျွန်တော်ပေးချင်၍ " ဘယ်ဟာက ပထမလဲ " ဆိုသည့် စာစုများကို စတင်ရေးဖြစ်ခဲ့ပါသည်။ ထို့နောက်မှာ ကျွန်တော်နှင့် မရင်းနှီးသူများကို Facebook မှာ ကျွန်တော်တင်ထားသော Status များကို ဖတ်မိစေချင်၍ " Facebook ပေါ်က ကျွန်တော့် Status များ " ဆိုသည့် စာစုအသစ်ကို ထပ်မံတင်ဖြစ်ခဲ့ပြန်ပါသည်။

" အဖြူရောင် လမ်းကလေး" ၏ နှစ်နှစ်တာကာလ အတွင်း ဖန်တီးသူကျွန်တော် နှင့် စာဖတ်သူ မိတ်ဆွေများ အကြိုက်ချင်း တူနိုင်သည့် ပို့စ်မှာ " ကျွန်တော်နှင့် အင်တာနက် အလန်းများ " ဆိုသည့် စာတွဲများ ဖြစ်နိုင်သည်ဟု ကျွန်တော်ထင်မြင်မိသည်။ ပထမနှစ်က အမှတ်စဉ် (၁) သာတင်နိုင်ခဲ့ပြီး ဒုတိယနှစ် ရောက်ခဲ့စဉ်မှာတော့ အမှတ်စဉ် (၂)နှင့်(၃) ကို ကျွန်တော် ဆက်လက်ဖန်တီးနိုင်ခဲ့သည်။ လူဖတ်အများဆုံး ပို့စ်များအဖြစ် ရပ်တည်နိုင်ခဲ့သည်ကတော့ အသေအချာပင်။

ကျွန်တော့်အနေဖြင့် ပို့စ်အသစ်များကို ခေါင်းစဉ်အသစ်၊ အမျိုးအစား အသစ်များအဖြစ် တင်နိုင်ခဲ့သော်လည်း တစ်နှစ်လုံး ပြန်ခြုံကြည့်လျှင် ယခင် ပထမနှစ်က ရေးတင်ခဲ့သလောက်၊ ယခု ဒုတိယနှစ်မှာ ရေးမတင်နိုင်ခဲ့တော့သည်ကို ပြန်လည် သုံးသပ်မိပါသည်။ အကြောင်းမှာ ကျွန်တော့်အသက်မွေးဝမ်းကြောင်း ဖြစ်သည့် စင်ကာပူနိုင်ငံက အလုပ်သည် ယခုအခါ အလုပ်အကျပ်ဆုံးကာလ( Project Peak Hours) သို့ ရောက်ရှိနေခဲ့သောကြောင့်ပင်။

သို့သော် ကျွန်တော်တတ်နိုင်သလောက်တော့ ပေးဆပ်ခဲ့ပါသည်။ တချို့ညများမှာ ကျွန်တော့် အိပ်ချိန်များကို လျှော့ချပြီး ကျွန်တော်တင်ချင်သော ပို့စ်ကို မရောက်ရောက်အောင် စာဖတ်သူများဆီသို့ ပို့ဖြစ်ခဲ့သည်ကတော့ အမှန်ပင်။

စာရေးကျဲသွားရခြင်း နောက်တစ်ပိုင်းမှာ ကျွန်တော့်အနေဖြင့် ခံစားချက်နှင့်အာရုံ ထပ်တူလာမှသာ စာရေးမည်ဟု ခံယူထားပြီး ရေးချင်စိတ်ပေါ်မှသာ ရေးလေ့ရှိသည်မို့ ပို့စ်အရေအတွက် နည်းလာရခြင်းလည်း ဖြစ်ပါသည်။

မှတ်ချက်များအနေဖြင့် ကျွန်တော့်ဘလော့မှာ သည်နှစ်အတွက် ထွေထွေထူးထူး ပြောစရာ သိပ်မရှိလှ။ ကျွန်တော်ကိုယ်တိုင်လည်း သူများဘလော့ သွားလည်ရန် အချိန်နည်းနေသောအခါ ကျွန်တော့်ဘလော့ကို လာလည်သူလည်း နည်းသွားကာ မှတ်ချက်ပေးသူလည်း နည်းသွားသည်ကို သတိထားမိပါသည်။ သို့သော် ကျွန်တော့်ဘလော့ဆီသို့ ပုံမှန်လာရောက် ဖတ်ရှုပြီး မှတ်ချက်ပေးသူများလည်း ရှိပါသေးသည်။ ထို့ပြင် မည်သည့် မှတ်ချက်မျှ မပေးဘဲ လာရောက်ဖတ်ရှုနေသူများလည်း ရှိနေပါသည်။

မည်သို့ဆိုစေ အားလုံးကို ကျေးဇူးတင်နေမိပါသည်။ သူတို့မရှိဘဲနှင့် ကျွန်တော်၏ " အဖြူရောင် လမ်းကလေး " ဆက်လက်ရပ်တည်ဖို့ မလွယ်ပါ။ ကမ္ဘာအရပ်ရပ်က လာဖတ်နေသည် ဆိုသော အသိကလေးကပင် စာရေးသူ ကျွန်တော့်အဖို့ အသက်ဆက်လက် ရှင်သန်နေသလို ဘလော့အပေါ်မှာ အာရုံကျက်စား၊ ခံစားရသည်မှာ ကြည်နူးစရာပင်။

ထို့ပြင် Facebook ပေါ်မှနေ၍ ကျွန်တော့်စာပေ အနုပညာနှင့် ပတ်သက်၍ အားပေးနေသော သူငယ်ချင်းများလည်း ရှိပါသေးသည်။ သူတို့မပါဘဲနှင့်လည်း " အဖြူရောင် လမ်းကလေး " ဆက်လက် ရပ်တည်၍ မရပါ။ ထိုအတွက် စာဖတ်သူများ၊ သူငယ်ချင်းများကို ကျေးဇူးတင်ကြောင်း " အဖြူရောင် လမ်းကလေး " မှနေ၍ ထပ်ခါတလဲလဲ ပြောချင်ပါသည်။

ယခုနှစ်နှစ်သား " အဖြူရောင် လမ်းကလေး " သည် ထိုသို့သော စာဖတ်သူများ၊ သူငယ်ချင်းများ၏ တွန်းအားဖြင့် ရှေ့သို့ ခရီးဆက်ပါဦးမည်။

အတိတ်မှာ ကျွန်တော်ချစ်သော " အဖြူရောင် လမ်းကလေး " သည် ကလေးတစ်ဦးနှယ် ဖြည်းဖြည်းချင်း စမ်းတ၀ါးဝါး လျှောက်ခဲ့ဖူးသည်။ တစ်နှစ်သားမှသည် နှစ်နှစ်သား ဖြစ်လာသောအခါ " အဖြူရောင် လမ်းကလေး " အတွက် သင်ယူစရာ၊ နားလည်စရာ၊ အားတက်စရာများ ရှိလာခဲ့ပြီ ဖြစ်သည်။

ပြင်စရာရှိက ပြင်နိုင်အောင် ကြိုးစားလျက် " အဖြူရောင် လမ်းကလေး " ခရီးဆက်ပါမည်။ " အဖြူရောင် လမ်းကလေး " ကို ဖန်တီးသူ ကျွန်တော့်အနေဖြင့် စာပေ၀ါသနာတည်း ဟူသော အရင်းခံစိတ် တစ်ခုတည်းဖြင့်သာ ကျွန်တော် မသေမချင်း " အဖြူရောင် လမ်းကလေး " ထဲမှာ ဆက်လက် လျှောက်လှမ်းနေပါမည်။

ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ စက်ဆုပ်ခြင်း၊ အားတက်ခြင်း၊ ကြေကွဲခြင်း စသောခံစားမှုများမှသည် အမျိုးမျိုးသော ရသနှင့် သုတတို့သည် " အဖြူရောင် လမ်းကလေး " ထဲမှာ ဆက်လက် ရှိနေပါဦးမည်။ လိုသူ၊ မလိုသူ၊ ချစ်သူ၊ မုန်းသူ တို့အတွက် " အဖြူရောင် လမ်းကလေး " သည် မုန်တိုင်း ထန်ထန်၊ လေပြည်ညင်းညင်း ရာသီမရွေး ဆက်လက် ရှိနေပါဦးမည်ဟု ကျွန်တော်ယုံကြည်နေမိပါသည်။   ။

ဆူးသစ်
၂၅.၀၉.၂၀၁၂
၁၁း၄၈ နာရီ


Thursday, September 20, 2012

" အတိတ်တစ္ဆေ "


ကရုဏာမဲ့ ပြဇာတ်တစ်ပုဒ်
ဒေါသနဲ့ အလွမ်းသီချင်းတစ်ပုဒ်
မေတ္တာပါတဲ့ ကဗျာတစ်ပုဒ်
ရုတ်တရက်ဆိုတဲ့ အတိတ်တစ်ခုမှာ
ကပျာကယာ မွေးလာတယ်။

ကြိတ်လိုက်ရတဲ့အံသွား
နှလုံးသားကတော့ အမှန်တရားကိုရွံနေ
အက်ကွဲကြောင်းတွေထဲက ပကာသနသနပ်ခါး
တံတွေးများနဲ့ ဖျက်ချင်တယ်။

မြင်နေရတဲ့ ပြဇာတ်အခန်းတွေ
ကြားနေရတဲ့ အလွမ်းသီချင်းတွေ
ဖတ်နေရတဲ့ ကဗျာပါဒတွေ
အားလုံးဟာအိပ်မက်တွေမဟုတ်ခဲ့
အတိတ်ရဲ့ တစ္ဆေဆိုးတစ်ကောင်
ခုထိလှောင်နေတဲ့ပုံတွေထင်ရဲ့။

ခြောက်လှန့်သွေးပျက်စေခဲ့တဲ့ကောင်ကြီးကို
မဝေးတော့တဲ့ ခရီးတစ်ခုမှာချဉ်းကပ်
မျက်မှန်စိမ်းထပ်တတ်ပေးဦးမယ်
ဘယ်သူကတရပ်စပ် ခြောက်တတ်တယ်ဆိုတာသိဖို့ပေါ့။ ။

သားလတ်


(၂၀၀၁ခုနှစ်၊ ဇလွန်မြို့နယ်မဂ္ဂဇင်း)
[ ပြန်လည်ခံစားခြင်းဖြစ်ပါသည်။]

Thursday, September 13, 2012

" Facebook ပေါ်က ကျွန်တော့် Status များ " ( ၄ )


+ စကားဆိုသည်က ဆင်ခြင်နိုင်မှကောင်းသည်။ အချင်းချင်းတီးတိုးပြောလျှင် ပြောချင်ရာပြော၍ ရသည်။ ကိုယ့်မိသားစုနှင့်ပြောလျှင် ပြောချင်ရာပြော၍ ရသည်။ သူငယ်ချင်း အချင်းချင်းပြောလျှင် ပြောချင်ရာပြော၍ ရသည်။ သို့သော်လူအများကို ပြောမည်ဆိုလျှင်တော့ ချင့်ချိန်မှုဆိုသည်ကိုပါ ပေါင်းစပ်၍ ပြောရသည်ဟု ကျွန်တော်ထင်သည်။ လူရှေ့သူရှေ့မှာ မစဉ်းစားမဆင်ခြင်ဘဲ ပြောမည်ဆိုလျှင် ထိုလူမျိုးက လူရှေ့သူရှေ့နေဖို့ မထိုက်တန်။ ပြောဖို့မတန်။ ထိုသူမျိုးကို သူ့အဆင့်နှင့်သူ ပြန်ထားလိုက်တာ ကောင်းမည်။ ထိုလူမျိုးက ခဏခဏ စကားကို မဆင်မခြင်လျှောက်ပြောနေလျှင် နားထောင်ရသူလည်း ဒုက္ခဖြစ်သလို သူနှင့်ပတ်သက်သူများပါ ဒုက္ခဖြစ်သွားနိုင်သည်။ ငါတစ်ဘို့တည်းအတွက် စကားပြောမည်ဆိုလျှင်တော့ ကိုယ့်ဘာသာ အသံသွင်း၍ ကက်ဆက်ကလေးနှင့်သာ နားထောင်နေစေချင်သည်။ ထိုအခါ အများပြည်သူ စိတ်ချမ်းသာနေလိမ့်မည်ဟု ကျွန်တော်ထင်သည်။ ( မေလ ၂၆ ရက်၊ ၂၀၁၂ ခုနှစ်)

+ ကိုယ်က မျက်စိကြည်နေသောအခါ အမြင်ဝါးသူကို မစာနာ။ ကိုယ်က ထမင်းနပ်မှန်နေသောအခါ ငတ်နေသူကို မသနား။ ကိုယ်က အလင်းဖြင့်နေသောအခါ အမှောင်ကလူကို နားမလည်။ ကိုယ်က ပြောချင်ရာပြောခွင့်ရှိသောအခါ နှုတ်ပိတ်နေရသူကို မငဲ့ညှာ။ ထိုသူမျိုးကား မျက်စိကြည်သော်လည်း အမြင်ဝါး၏။ ထမင်းနပ်မှန်သော်လည်း ကြုံလှီ၏။ အလင်းတွင်နေသော်လည်း မှောင်မိုက်၏။ စကားပြောနေသော်လည်း ဆွံ့အ၏။ ထိုသူမျိုးကား လူဖြစ်နေသော်လည်း လူဖြစ်သည်မည်ကာမတ္တပင်။ သူ့ဘာသာပင် အမှန်နှင့် အမှားကို မခွဲခြားတတ်၍ သနားစရာကောင်းလှ၏။ ( မေလ ၂၆ ရက်၊ ၂၀၁၂ ခုနှစ်)

+ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က Status မတင်၍ သည်နေ့လှမ်းပြောသည်။ Status တင်ပြီးသောအခါ သူငယ်ချင်းတချို့၊ မိတ်ဆွေတချို့က လာ၍ Like ကြသည်။ ပြဿနာကား ထို Like များသည် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေ၏။ လူ့လောကကြီးထဲမှာ တစ်ခါတစ်ရံ၌ တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်ကို ကြိုက်ခြင်းသည် ထိုကဲ့သို့ ပေါ်လာလိုက် ပျောက်သွားလိုက် ရှိနေနိုင်သည်ဟု ကျွန်တော်သတိပြုမိပါသည်။ ချစ်ခြင်းသည်ကား ကြိုက်ခြင်းနှင့် ကွဲပြားပေလိမ့်မည်။ ထာဝရအတွက်ဖြစ်သည်။ ကျွန်တော်မြန်မာပြည်ကိုချစ်ပါသည်။ မြန်မာလူမျိုးကို ချစ်ပါသည်။ သူတို့အားလုံးကို အကောင်း ဆုံးတွေသာ ဖြစ်စေချင်ပါသည်။ သူတို့ဖြစ်ချင်သည်များကို ဖြစ်ခွင့်ရစေချင်ပါသည်။ လူမျိုးမရွေး၊ ဘာသာ မရွေးပါ။ ( မေလ ၂၆ ရက်၊ ၂၀၁၂ ခုနှစ်)

+သူငယ်ချင်းတို့ရေ-မင်းတို့များ နောင်တစ်ချိန်မှာ နိုင်ငံရဲ့အရေးပါတဲ့တစ်နေရာမှာ ရောက်နေရင်ပဲဖြစ်ဖြစ်၊ လုပ်ငန်းတစ်ခုခုမှာ ဦးဆောင်သူနေရာမှာရောက်နေရင်ပဲ ဖြစ်ဖြစ်၊ မင်းတို့ကို ငါက ပြည်သူတွေ အကျိုးယုတ်မယ့် အကြံမျိုးပဲဖြစ်ဖြစ်၊ မင်းတို့ရဲ့လက်အောက်က လူတွေ ဒုက္ခရောက်မယ့် အကြံမျိုးပဲ ဖြစ်ဖြစ် လွဲမှားစွာ အကြံပြုဖြစ်ခဲ့ရင် မင်းတို့ရဲ့ စီးထားတဲ့ဖိနပ်ကို တံထွေးစွပ်ပြီးပဲ ဖြစ်ဖြစ်၊ ခွေးချေး သုတ်ပြီး ပဲဖြစ်ဖြစ်၊ ပြောမိတဲ့ငါ့ပါးစပ်ကိုသာ မင်းတို့စိတ်ကျေနပ်သလောက် ရိုက်ပစ်လိုက်စမ်းပါကွာ။ မင်းတို့ ဆုံးမတယ်လို့ မမြင်မိဘဲ ပြည်သူနဲ့ ၀န်ထမ်းတွေ ဆုံးမတယ်လို့ပဲ ငါမြင်ပါမယ်။ တကယ်လို့ မင်းတို့အနားမှာ အဲဒီလိုလူတွေ ရှိလာခဲ့ရင်လည်း ချက်ချင်းသာ အဝေးကို မောင်းထုတ်ပစ်လိုက်စမ်းပါ။ တိုင်းပြည်လည်း အကျိုးရှိ၊ လုပ်ငန်းလည်း အကျိုးရှိပါလိမ့်မယ်။ ( မေလ ၂၇ ရက်၊ ၂၀၁၂ ခုနှစ်)

+ အိမ်မှာ လက်ဖက်ထမင်း ကို ကိုယ့်ဘာသာလုပ်စားမိသည့်အခါတိုင်း အမေ့အိမ်နှင့် ရန်ကုန်စက်မှုတက္ကသိုလ် ဆိုသည့် ကျွန်တော်တို့ကျောင်းကြီးကို လွမ်းသည်။ ( မေလ ၂၇ ရက်၊ ၂၀၁၂ ခုနှစ်)

+ တစ်နေ့တစ်နေ့လည်း ဘာတွေဘယ်လိုလုပ်ပြီး ဘယ်လိုကုန်သွားမှန်းကို မသိတော့ဘူး။ အိပ်ဖို့အချိန်ရောက်သွားပြန်ပြီ။ မအိပ်လည်း ကိုယ်ပဲခံရဦးမှာမို့ အိပ်ရဦးမယ်။ ( မေလ ၃၁ ရက်၊ ၂၀၁၂ ခုနှစ်)

ဆူးသစ်
၁၃း၃၅ နာရီ
၉.၉.၁၂


Wednesday, September 12, 2012

" ရွာအ၀က လမ်းကလေး "


နှင်းတဖွဲဖွဲ
မြူငွေ့လည်းဝေ၊ ရာသီလေတိုက်
ရွက်ကြွေလိုက်ပါ၊ နေခြည်ဖြာကျ
ရွာအ၀က လမ်းကလေး။

သစ်ရိပ်ဝါးရိပ်
ကုက္ကိုရိပ်နှင့်၊ တိတ်ဆိတ်အေးချမ်း
တရားဖြန်းသော၊ စိမ်းလန်းဒေသ
ဘ၀ငြိမ်သက်၊ မွေ့စက်ပျော်မငြီး
ဘုန်းတော်ကြီးကျောင်း
ဘေးမှာခိုအောင်း ရှိနေသည်။

ဖြူဖြူလွှလွှ
ထုံးစက်ကျထင်၊ ကြည်ရွင်ကြည်နူး
ညွတ်နူးစရာ၊ စေတီသာမှ
ချိုမြပီဆဲ၊ ဆည်းလည်းသံသာ
အခါအခါကြား၊ နားထဲမွေ့ဝင်
ဗုဒ္ဓရင်၌၊ ခိုစဉ်ချမ်းမြေ့
စိတ်ထားတွေ့စရာ
ဘေးမှာတည်လျှက် ရှိနေသည်။

လယ်တော ကိုင်းတော
ဖြတ်သောသူများ၊ ရွေ့လျားခရီးနှင်
လှမ်းဆက်စဉ်မှာ၊ ရင်ဟာငတ်မွတ်
ဖြေလွှတ်လျော့နွမ်း၊ အပူခန်းမည့်
ရေချမ်းအိုးစင်၊ သဒ္ဓါရွှင်ထူး
ကြည်နူးစရာလည်း
ဘေးမှာအမြဲ ရှိသေးသည်။

လှည်းလမ်းလူလမ်း
သူဖြတ်သန်းထား၊ ခရီးသွားတွေ
နေ၀င်နေထွက်၊ ဖြတ်လျက်ကျော်လျက်
ဝင်လျက်ထွက်လျက်၊ ခရီးဆက်နေ
နှင်းကြွေထဲလှ၊ နွေဘ၀တစ်မျိုး
မိုးဆိုတစ်ဖုံ၊ အလှစုံယှက်
သူ့တစ်သက်မှာ၊ ဘယ်ခါမပျက်
ခရီးဆက်ကာ
ရွာအ၀မှာ လှဆဲတည်း။ ။

သားလတ်


( ' သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )
(၁၉၉၈ခုနှစ်၊ ကြို့ပင်ကောက်မဂ္ဂဇင်း)
[ ပြန်လည်ခံစားခြင်းဖြစ်ပါသည်။]

Saturday, September 8, 2012

"ကျွန်တော့်မှတ်စု" ( ၁၂ )


+ ရှေးလူကြီးများကား ဖြစ်မြောက်အောင်လုပ်ဖို့ရန် စိတ်ဆန္ဒအစွမ်းကြောင့် နည်းလမ်းကို ရကြလေသည်။ လူမှာရှိသော တန်ခိုးသည် အံ့ဖွယ်သောအရာတို့ကို ဖြစ်မြောက်စေနိုင်၏။ အခါများစွာ နတ်များက အကြံဥာဏ်ပေးသည်ဟု မှတ်ထင်ရလောက်အောင် ထူးဆန်းလေသည်။

[ ပီမိုးနင်း - အောင်စိတ် စာအုပ်မှ ]

+ ဘ၀သရုပ်ဖော်ကောင်းသည်ဟု ဆိုရလောက်အောင် အောက်ပါအခြေခံ အင်္ဂါရပ်များနှင့် ညီညွတ်ရမည်။
(၁) သဘာဝကို သရုပ်ဖော်ကောင်းခြင်း။ (သဘာဝထဲမှာ တောတောင်ရေမြေ၊ ကျေးငှက်သာရကာတို့ ပါဝင်ကြောင်း သတိပြုပါ။)
(၂) ရုပ်ဆင်းသဏ္ဌာန်တို့ကို သရုပ်ဖော်ကောင်းခြင်း။
(၃) လူ့စရိုက်ကို သရုပ်ဖော်ကောင်းခြင်း။
(၄) ဝေဒနာ(ခံစားမှု)ကိုသရုပ်ဖော်ကောင်းခြင်း။
(၅) အတွေးအခေါ် သရုပ်ဖော်ကောင်းခြင်း။
(၆) လူမှုရေး သရုပ်ဖော်ကောင်းခြင်း။( လူမှုရေးဆိုသည်မှာ လူ့ဘောင်အဖွဲ့အစည်းတွင် ပါဝင်သော လူတန်းစား အသီးသီးတို့၏ ဆက်ဆံရေး ဖြစ်သည်။)
အထက်ပါ အင်္ဂါရပ်ခြောက်ပါးအနက် တစ်ပါးပါးနှင့် ပြည့်စုံလျှင်ပင် သရုပ်ဖော်ကောင်းသည်ဟု ဆိုနိုင် သည်။ ခြောက်ပါး စလုံးနှင့် ညီညွတ်သော် ' ရည်ရွယ်ချက် ' ၀ါ ' ဦးတည်ချက် ' ရုပ်လုံးပေါ်လာလိမ့်မည်။ သို့သော် သရုပ်ဖော်ကောင်းတိုင်း ဦးတည်ချက် ကောင်းပြီဟု မဆိုသာပါ။

[ ဘ၀သရုပ်ဖော် မြန်မာဝတ္ထုရှည်-စာတမ်းတင်သူ မောင်ထင်]( ၀တ္ထုရှည်စာတမ်းများ-ဒုတိယတွဲ -မောင်ထင်၊ တက္ကသိုလ်ဝင်းမွန်၊ဂယက်နီ)

+ မိမိကိုယ်ကို ဝေဖန်သုံးသပ်ရာတွင် မိမိ၏ ကိုယ်အပြုအမူ၊ အကျင့်သီလ စသည်တို့ကို အဓိကထားရမည်။ မိမိမှာကောင်းသော အကျင့်ရှိပါ၏လော။ ဆိုးသောအကျင့်များ ရှိသလော။ စိတ်ချုပ်တည်းမှု ရှိပါ၏လော။ စိတ်ထဲပေါ်လာရာကို စိတ်လိုက်မာန်ပါ လုပ်ဆောင်တတ်သလော။ အချိန်ကို အကျိုးရှိစွာ သုံးတတ် ပါ၏လော။ ဖြုန်းတီးနေတတ်သလော။ ယင်းတို့ကို မှန်ကန်စွာ စိစစ်သုံးသပ်နိုင်ပါမှ မိမိကိုယ်ကို ဝေဖန် စိစစ်ရာရောက်ပါ၏။

[ ဂရင်းဗီးလ် ဇာလိုင်ဆာ]

+ စည်းကမ်း
စည်းအတွင်းမှာနေ
ကင်းကွေလိမ့် ရန်ဘေး။
ကမ်းကိုကျော် ချော်ကာကျ
များလှရန်ဘေး။ ။

[ မင်းသုဝဏ် ]

+ ၂၃ ၏ လျှို့ဝှက်ချက်များ
- ဆေးလိပ်သောက်သူ အားလုံးနဲ့ သူတို့သောက်တဲ့ ဆေးလိပ်အရေအတွက်တွေအရ ဆေးလိပ်သောက်သူ တစ်ယောက်ဟာ ပျမ်းမျှ တစ်နေ့ (၂၃) လိပ်သောက်တယ်လို့ ဆိုပါတယ်။
- လူတစ်ဦးရဲ့ ဇီဝဗေဒ ဖြစ်စဉ်သဘောတရားအရ ( ၂၃) ရက်ကြာရင် တစ်ခါ ပြောင်းလဲမှု ရှိတတ်တယ်။
- လူခန္ဓာကိုယ်တစ်ခုရဲ့ သွေးလည်ပတ်မှုဟာ (၂၃) စက္ကန့်ကြာမြင့်တယ်။
- ထင်ရှားတဲ့ကြယ်တံခွန်ဖြစ်တဲ့ ဟေးဘော့ပ်ကြယ်တံခွန်ကို ပထမဆုံးစတွေ့တာ ဇူလိုင် ၂၃၊ ၁၉၉၆ ခုနှစ်မှာပါ။
- ဘီတယ်လ်အဖွဲ့ရဲ့ ပထမဆုံးအယ်လ်ဘမ်ရဲ့ ပထမဆုံးသီချင်းဟာ (၂၃) ကြိမ် အသံသွင်းခဲ့ရပါတယ်။
အနောက်နိုင်ငံတွေမှာ ၁၃ ဟာ Unlucky ဖြစ်ပြီး၊ အာရှဒေသမှာ ၄ ဟာ Unlucky ပါ။
Pop Stars ဂီတပညာရှင်များနဲ့ စာရေးဆရာ အများစုဟာ ၂၃ နဲ့ပတ်သက်ပြီး စွဲလမ်းမှု တော်တော် ရှိကြတယ်လို့ ဆိုပါတယ်။


Related Posts Plugin for WordPress, Blogger...