Sunday, March 25, 2012

" နှစ်ခြိုက်မိပါသည် The Lady "


ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့ညက ကျွန်တော့်ဇနီးသည်နှင့်အတူ စင်ကာပူမှာ ရုံတင်နေသော "The Lady" ရုပ်ရှင်ကို သွားကြည့်ဖြစ်ခဲ့သည်။ ကျွန်တော်သည် အလုပ်ကို စနေရော၊ တနင်္ဂနွေပါ ဆင်းနေရ၍ ညဘက်ကို အပြေးအလွှား သွားကြည့်ဖြစ်ခဲ့ခြင်းပင်။

ထိုဇာတ်ကား စင်ကာပူလာမည် ဆိုကတည်းက ကျွန်တော် စိတ်ဝင်စားမိသည်။ ကျွန်တော်တို့ လင်မယား နှစ်ယောက်စလုံး ထိုရုပ်ရှင်ကို ကြည့်ချင်မိ၏။ အဓိကက ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ဇာတ်ကြောင်း၊ ကျွန်တော်တို့ မြန်မာနိုင်ငံ၏ နိုင်ငံရေး အကြောင်း။ ဘာတွေကို ဘယ်လို ရိုက်ပြမည်နည်း။ မြန်မာပြည် ပြင်ပက လူများက ရိုက်ပြမှာ ဖြစ်၍ ပိုပြီးစိတ်ဝင်စားမိသည်။

ရုပ်ရှင်ရုံထဲရောက်တော့ လာကြည့်သူတွေကို ကျွန်တော်အကဲခတ်မိသည်။ နဂိုကတည်းက လက်မှတ်က ကုန်သွားတတ်သည်ဟု ကြားထား၍ အတတ်နိုင်ဆုံးကြိုတင်၍ ကြိုးစားထားတာကိုပင် ထိုင်ခုံက ဒုတိယတန်းသာ ရလိုက်သည်။ ရှိစေတော့။ မြန်မာပြည်၏ နိုင်ငံရေး ဇာတ်လမ်းမို့ မြန်မာများ တော်တော် ကြည့်ကြမည်ဟု တွေးထားလိုက်မိသည်။ တကယ် ရုံထဲရောက်တော့ အဖြူကောင်များ၊ စလုံးများပါ အုံနှင့်ကျင်းနှင့် လာကြည့်ကြသည်ကို တွေ့ရသည်။ ဪ-ကျွန်တော်တို့ နိုင်ငံ၏ နိုင်ငံရေးကို သူတို့လည်း စိတ်ဝင်စားကြသည်ပေါ့။

စပါပြီ။ ဗိုလ်ချုပ်အောင်ဆန်း အစည်းအဝေး မသွားခင် သူ့သမီးနှင့် အိမ်မှာ စကားပြော၊ ပြီးတော့ အစည်းအဝေးသွား။ နောက်တော့ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသည်။ သူတို့ကတော့ ဘယ်ကအကိုးအကားနှင့် ရိုက်သည်မသိ။ လာလုပ်ကြံသည့်သူကို ဗိုလ်ချုပ်က မျက်စိပိတ်၍ သေနတ်ပစ်ခံသည်။ ပစ်သူက နဖူးကို ပစ်ချသည်။ တကယ်တော့ ကျွန်တော်ဖတ်ဖူးထားသည်က သည်လိုမဟုတ်။ ဗိုလ်ချုပ်က လက်နှင့်ကာ၍ တားသေးသည်။ ထိုသို့တားသည့်ကြားက ပစ်သွားတာဖြစ်သည်။ ကျွန်တော့်အထင် လွတ်လပ်ရေးအတွက် ကြိုးစားနေသော ဗိုလ်ချုပ်သည် သူ့ကို လုပ်ကြံမည့်သူမရှိဟု ယုံထားတာဖြစ်သည်။ ပြီးတော့ အသားလွတ်ကြီးတော့ အပစ်ခံမှာမဟုတ်။ ဗိုလ်ချုပ်မှာ ရှင်းပြစရာတွေ ရှိနေလိမ့်မည်။ မေးစရာတွေ ရှိနေမှာဖြစ်သည်။ ထားတော့။ ထိုရုပ်ရှင်ကို ပြချင်သူက The Lady ကိုသာ တည်ထားတာဖြစ်သည်။

သူတို့ဇာတ်လမ်းက ဒေါ်အောင်ဆန်းစုကြည်၏ ယောကျာ်းဘက်ကနေ ပြသွားသည်။ သူတို့မိသားစု၏ လူနေမှုဘ၀ကနေ မိခင်နေမကောင်း၍ မြန်မာပြည်ပြန်ရာကနေ ပြန်မလာနိုင်တော့သည့်အကြောင်း။ ဒါကိုတော့ အားလုံးသိပြီးသား ဖြစ်စဉ်များကို ပြန်ရိုက်ထားတာဖြစ်၍ ကျွန်တော်အကျယ်ချဲ့ မပြောလို။ ကျွန်တော်က ရုပ်ရှင်ကြည့်သူ ဖြစ်၍ ရုပ်ရှင်အတိုင်းသာ ခံစားလိုသည်။

ကျွန်တော် မှတ်သားမိသလောက် သမိုင်းနောက်ခံရိုက်လျှင် တော်တော် သတိထားရသည်။ အဘယ့်ကြောင့် ဆိုသော် အပြမှားလျှင် အမှတ်မှားတတ်သည်။ သို့သော် ယခုဇာတ်လမ်းမှာတော့ အတတ်နိုင်ဆုံး ကြိုးစားထားသည်ဟု ကျွန်တော်မြင်မိသည်။ ဇာတ်လမ်း၏ လိုခြင်း ပိုခြင်းများကိုတော့ တကယ့်ဖြစ်ရပ်မှန်ကို အသေးစိတ် အတိအကျ သိသူတစ်ယောက် မဟုတ်၍ မဝေဖန်လို။ ရုပ်ရှင်အရတော့ ကောင်းသည်ဟု ကျွန်တော်မြင်မိသည်။

ဥပမာ-ဒေါ်အောင်ဆန်းစုကြည်၏ ခြံထဲမှာ ရဲဘော်လေးများ စောင့်ကြသည်။ ကျွန်တော်တို့မြန်မာများကား အားလျှင် ကျားထိုးတတ်သည်။ ထိုအချက်ကို ပီပြင်အောင်ပြထားသည်။ တစ်ယောက်က တစ်ယောက်ကို ပြောသည်။ "မင်းတော့ ငါစားရင် သေတော့မှာပဲ " တဲ့။ စကားလုံးတော့ အတိအကျ ဖြစ်ချင် မှဖြစ်ပါမည်။ ကျွန်တော်မှတ်မိသလို ပြန်ပြောခြင်းပင်။ သို့သော် ထိုအကွက်လေးကိုတော့ နိုင်ငံခြားသား ဒါရိုက်တာ ရိုက်ထားသော မြန်မာဇာတ်လမ်းအတွက် အမှတ်ပေးချင်သည်။

ပြီးတော့ အပြ။ ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ်ဆောင်ထားသော မင်းသမီး မီရှဲယို၏ မျက်လုံးများ။ ကောင်းလွန်းသည်။ ကြေကွဲနေသည်။ အားတင်းထားသည်။ ငိုသည်။ ပြန်အားတင်းသည်။ လက်ပြသည်က လက်ခုပ်ကလေးနှင့်။ လက်ဝါးနှင့် မဟုတ်။ ပြင်ပက လူနှင့် တူသည်မတူသည်တော့ ကျွန်တော်မပြောလို။ သို့သော် အားတင်း၍ လက်ပြနေသည်ဟု နားလည်ပေး၍ ရသည်။

ကျွန်တော်တို့ ငယ်ငယ်က မြင်ခဲ့ဖူးသော In The Line of Duty ထဲက ဂျက်မ မဟုတ်။ Crouching Tiger Hidden Dragon ထဲက ဂျက်မ မဟုတ်။ အိမ်ထောင်ဝန်၊ နိုင်ငံရေး နယ်ပယ်ထဲက တာဝန်များနှင့် The Lady အဖြစ် မီရှဲယို၏ ဇာတ်ရုပ်က ပီပြင်လွန်းသည်။

အပြ မှားတာလေးတွေလည်း ရှိသည်။ ဗိုလ်ချုပ်နေခဲ့သည့် အိမ်နှင့် ဒေါ်အောင်ဆန်းစုကြည်နေသောအိမ်တို့ တစ်အိမ်တည်း ဖြစ်နေခြင်းပင်။

ပြီးတော့ ရုပ်ရှင်အရ ပြသွားသော အနုပညာပြကွက်လေးတစ်ခု ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်က အိမ်ထဲမှာ စန္ဒယားတီးသည်။ သူ့ယောကျာ်းက မြန်မာပြည်ရောက်နေတုန်း သတင်းစာကို ခြံထဲမှာ ဖတ်နေသည်။ ရဲဘော်လေးများက ခြံထဲမှာ စောင့်နေသည်။ အားလုံးတိတ်ဆိတ်နေချိန်မှာ စန္ဒယားတီးသံက ရုတ်တရက် ထွက်လာ၍ ရဲဘော်လေးများ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ထိုအခါ ဒေါ်အောင်ဆန်းစုကြည်၏ ယောကျာ်းက ရဲဘော်များကို ကြည့်၍ တစ်ခွန်းတည်း ပြောသည်။ "This is called music" တဲ့။ ရုပ်ရှင်အရ အနုပညာပြကွက် ကောင်းလွန်းသည်ဟု ကျွန်တော်ထင်သည်။

ထိုအပြမျိုးကို နောက်တစ်ကြိမ်မှာ ဒေါ်အောင်ဆန်းစုကြည် စန္ဒယားတီးသောအခါ ရဲဘော်လေးတစ်ယောက်က ငြိမ်သက်နေရာမှ ရုတ်တရက်ထလာပြီး နားထောင်၍ "Music" ဟုဆိုကာ သူ့ဘာသာ သဘောပေါက်သွား ပုံမျိုး ပြထားပြန်သည်။ ရုပ်ရှင်ကြည့် ပရိသတ် အင်မတန် သဘောကျသော ပြကွက်များ ဖြစ်၏။

အားလုံး ခြုံကြည့်လျှင်တော့ ကြည့်ရှုမိသူ ပရိသတ်သဘောကျမိလိမ့်မည်ဟု ကျွန်တော်ထင်သည်။ Action မဟုတ်။ Fighting မဟုတ်။ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံ၍ ရိုက်ထားသော နိုင်ငံရေး ဇာတ်လမ်းဖြစ်သည်။ ကျွန်တော်တို့ မြန်မာများကတော့ ယနေ့အထိ အားပေးနေဆဲ The Lady ဖြစ်သည်။

ကျွန်တော်တစ်ဦးတည်း၏ သဘောထားကို မေးလျှင်တော့ သမိုင်းနောက်ခံ ဇာတ်လမ်းဖြစ်၍ ဖြစ်စဉ်ကို ဘာမျှ မပြောလို။ ကျွန်တော်ဆိုလိုချင်သည်က မှန်သည်၊ မှားသည်ကို မဝေဖန်လို။ ကျွန်တော်နှင့် အလှမ်းဝေးလွန်းသည်။ အနုပညာ ၀ါသနာပါသူ တစ်ဦးအနေနှင့်တော့ အမှန်အတိုင်း ၀န်ခံရလျှင် " The Lady " ကို ကျွန်တော် နှစ်ခြိုက်မိသည်ဟု ဆိုချင်သည်။ ။

ဆူးသစ်
၁၉:၂၁ နာရီ
၂၅.၃.၂၀၁၂


Sunday, March 4, 2012

" အရွယ် "


လူ့ဘ၀ကြီးထဲကို ဖြတ်သန်းရင်း ကိုယ့်ဘာသာ ဘာသိဘာသာ နေရင်းက မှတ်မှတ်ထင်ထင် ဖြစ်လာခဲ့ရတဲ့ အကြောင်းလေးတစ်ခုက ကျွန်တော့်ဘ၀ထဲကို ၀င်လာခဲ့တယ်။ အကြောင်းက ဒီလိုပါ။

စင်ကာပူရောက်ပြီး နည်းနည်းကြာတော့ ကျွန်တော့်ဆံပင်တွေ ရှည်လာခဲ့တဲ့ အချိန်မှာ City Hall လို့ပြောနေကြတဲ့ ကျွန်တော်တို့မြန်မာများရဲ့ စုရပ်၊ Peninsula Plaza မှာ ဆံပင်သွားညှပ်ခဲ့ပါတယ်။ တစ်ခါညှပ် စင်ကာပူ ဒေါ်လာ ငါးကျပ်ပါ။ ဒီနေ့အထိ ငါးကျပ်ပါပဲ။ တခြားဆိုင်တစ်ဆိုင်က သုံးကျပ်လို့ အော်နေပေမယ့် ကျွန်တော်ညှပ်နေကျ ဆိုင်က ငါးကျပ်ဆိုတာ မပြောင်းလဲသလို နောက်တစ်ဆိုင်ရဲ့ သုံးကျပ်ကလည်း ငါးကျပ်ဖြစ်လိုက် သုံးကျပ်ဖြစ်လိုက်နဲ့ ငါးကျပ်ထက်တော့ မပိုခဲ့ပါဘူး။

ဆံပင်ညှပ်ခ မပြောင်းလဲပေမယ့် ပြောင်းလဲခဲ့တာက ကျွန်တော့်ဆံပင်ပါ။ ၂၀၁၂ ခုနှစ်ထဲမှာ ကျွန်တော့်ရဲ့ ဆံပင်တွေက ပိုဖြူလာခဲ့ပါပြီ။ တကယ်တော့ ကျွန်တော် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဘ၀ ပထမနှစ်လောက်မှာ ကတည်းက ဆံပင်ဖြူက တစ်ချောင်းစ၊ နှစ်ချောင်းစ ထွက်နေပါပြီ။ ကျွန်တော့်အခင်ဆုံး သူငယ်ချင်းတချို့ကတောင် မြင်တာနဲ့ ဆွဲနုတ်ပစ်ခဲ့ကြတာ။ အခုတော့ စင်ကာပူရောက်ခဲ့ပြီးမှ နားထင်တွေမှာ အဖြူတွေများလာခဲ့ပါတယ်။

ဒါကလည်း ပထမတော့ ကိုယ့်ဘာသာသတိမထားမိပါဘူး။ ဆံပင်ညှပ်ဆိုင် သွားတော့ ဒီဘက်နောက်ပိုင်းမှာ ဆံပင်တစ်ခါညှပ်တိုင်း ကျွန်တော့်ကို ညှပ်မယ့်သူက ဆံပင်ဆေးဆိုးဦးမလားလို့ မေးတာကို တော်တော်လေး ခံလာရမှ သတိထားမိလာတာပါ။ ပထမတော့ ငါ့ဆံပင် အဲဒီလောက် ဖြူနေလို့လားလို့ မာနတွေးလေး တွေးမိ ပါသေးတယ်။ ငါငယ်ပါသေးတယ်ပေါ့။

ဒါပေမဲ့ ကြာလာတော့ ဘယ်လိုမှ ညာလို့မရတော့ပါဘူး။ ဆံပင်ညှပ်ပြီး ခေါင်းလျှော်၊ ဂျယ်လေးဘာလေးလိမ်းရင် အံမယ်-ရံဖန်ရံခါ ဆံပင်ဖြူက ထောင်ထနေတာ ထင်းခနဲ။ ဆံပင်ညှပ်လို့ နားထင်တွေဆံပင် ပါးသွားပြီဆို ဖြူနက်ကျားက ထင်းထင်းကြီး။

တစ်ခါများဆို ဆံပင်ညှပ်ဆိုင်မှာ ညှပ်မယ့် အမျိုးသမီးက မညှပ်ခင် မောင်လေး ခေါင်းလျှော်မလား၊ ဘာလားနဲ့။ ညှပ်ရင်း ညှပ်ရင်း ဆံပင်ဖြူတွေများနေတာလည်း တွေ့ရော အစ်ကို၊ ဆေးဆိုးဖို့သင့်ပြီတဲ့။ သေရော။ ဆံပင်ဖြူက လူကို ဆက်ဆံရေးပါ ချက်ချင်းပြောင်းပစ်လိုက်တာများလေ။ မောင်လေးလို့ခေါ်ရာကနေ အစ်ကိုလို့ကို ပြောင်းခေါ်တော့တာ။

ဒါပေမဲ့ အခုနောက်ဆုံး တစ်ခေါက် သွားညှပ်တော့ နည်းနည်းတော့ ကျေနပ်မိသေးတယ်။ ညှပ်တဲ့ အမျိုးသမီးက မောင်လေး၊ နင့်ခေါင်းမှာ ကြာဆံတွေရော၊ မီးချောင်းတွေရော အများကြီးပဲနော်တဲ့။ တစ်ခုခုတော့ လုပ်သင့်ပြီတဲ့။ သူပြောတာက ပညာပါတယ်။ ကျွန်တော့်ကို ဆံပင်ဆိုးမလား မေးတဲ့လူတွေလို တိုက်ရိုက်မမေးဘူး။ ဒါနဲ့ ကျွန်တော်က သူ့ကို အမှန်အတိုင်းပြောပါတယ်။ ရပါတယ်။ အသက်လည်း ကြီးပြီဆိုတော့ ဇရာက ညာလို့မှမရတာလို့ဆိုတော့ သူက ကျွန်တော့်ကို ပြောပါတယ်။ အမယ်၊ မောင်လေး၊ လွန်ရော၊ ကျွံရောမှ နင့်အသက်က ဘာရှိမလဲ။ သုံးဆယ်ပေါ့တဲ့။ ကျွန်တော်နည်းနည်းတော့ သဘောကျသွားတယ်။ မကျခံနိုင်ရိုးလား။ သူပြောတဲ့အသက်ကို ကျွန်တော်ဖြတ်သန်းခဲ့တာ ကြာပေါ့။

ဒါနဲ့ ဆံပင်ညှပ်ပြီး အထွက်မှာ ဇနီးသည်ကို ပြောပြပြီး ကျွန်တော်တို့ရယ်မိသေးတယ်။ ကျွန်တော်ကတော့ ဒီအစ်မကြီးကို မုန့်ဝယ်ကျွေးရဦးမယ်လို့တောင် ပြောဖြစ်သေးတယ်။ တကယ်တော့ ကျွန်တော်က ဆံပင်သာဖြူတာ။ ဘယ်တုန်းကမှ ဆေးလိပ်၊ အရက်သောက်ခဲ့တာ မဟုတ်တော့ အဲဒီအကျိုးလေးခံစားရတယ် ထင်တာပါပဲ။ ဒါပေမဲ့ ဆံပင်ဖြူတွေ ခုတလော ရုပ်ပျက်ဆင်းပျက် ထွက်နေတာတော့ ဘယ်ကြိုက်ချင်ပါ့မလဲလေ။

ကျွန်တော့်အလုပ်က ကောင်လေးတွေကတောင် အစ်ကို ဆံပင် ဆေးဆိုးသင့်ပြီတဲ့။ ကျွန်တော်က သဘာဝအတိုင်း ပိုကောင်းပါတယ်ကွာလို့။

ကျွန်တော်နဲ့ခင်တဲ့ ကျွန်တော်တို့အရွယ် သူငယ်ချင်းတွေကို လိုက်ပြီးတီးခေါက်ကြည့်တော့ တော်တော် များများက ဆေးဆိုးနေပြီ။ ကျွန်တော့် ငယ်သူငယ်ချင်းတွေထဲမှာတောင် ဆေးဆိုးတဲ့လူကဆိုး၊ မဖြူသေးဘူးလို့ ကြွေးကြော်တဲ့သူက ကြွေးကြော်နဲ့။ စက်မှုတက္ကသိုလ်က သူငယ်ချင်းတွေလည်း ဒီလိုပဲ။

တလောကတောင် ဖေ့စ်ဘွတ်ခ်ထဲမှာ သူငယ်ချင်းတစ်ယောက်က ကြောင်ပုံလေးနဲ့ ငါမအိုဘူး၊ ကြွပ်ဆဲ၊ ရွဆဲ လုပ်နေလို့ ကျွန်တော်ကတော့ ဆံပင်ဖြူရင်တော့ အိုပြီပေါ့ဆိုလို့ ဆံပင်မဖြူဘူး။ ဆေးဆိုးထားတယ်တဲ့။ ပြီးတော့ အိုတာမဟုတ်ဘူးတဲ့။ အတွေးတွေ များလာလို့ပါတဲ့။

ကျွန်တော်လက်ခံပါတယ်။ ကျွန်တော်ဆို စင်ကာပူရောက်ပြီးတော့မှပဲ ပိုဖြူလာခဲ့တာ အလုပ်ကြောင့်လား၊ အရွယ်ကြောင့်လားဆိုတာကို စဉ်းစားနေတုန်းပဲ။ ကျွန်တော်လုပ်ရတဲ့ ဓာတုဗေဒလုပ်ငန်းခွင်ဟာ အချိန်ကြာလာရင် ကြာသလောက်ကို ဆိုးကျိုးတွေ ရှိတယ်တဲ့။ တချို့ဆို နှစ်ပေါင်းများစွာ လုပ်ပြီး ကလေးမရနိုင်တော့တာတွေပါ ဖြစ်တယ်ဆိုလို့ နှစ်အနည်းငယ်သာ လုပ်ရသေးတဲ့ ကျွန်တော့်အတွက် ဆံပင်ဖြူတာကတော့ လုပ်ငန်းခွင်က ဓာတုဗေဒကြောင့် ဆိုတာထက် လုပ်ငန်းခွင်မှာ သောကတွေများ၊ ပူရပန်ရ၊ စဉ်းစားရတာတွေ များတာကြောင့်ပဲ နေမှာလို့ ဖြေတွေးမိသေးတယ်။

တကယ်တော့ အရွယ်ဆိုတာ ညာလို့ရကောင်းတဲ့ အရာမှ မဟုတ်တာ။ အခုဆို ကျွန်တော့်အသက်က တဖြည်းဖြည်းနဲ့ သုံးဆယ့်ငါးနဲ့ လေးဆယ်ကြားရောက်လို့ လေးဆယ်ဆီကို ကပ်ဖို့ သွားနေပြီ။ ဆေးလိပ်၊ အရက် မသောက်လို့ ရုပ်အခံက နုနိုင်ပါတယ်ဆိုရင်တောင် ဘယ်လောက်နုနိုင်ဦးမှာမို့လို့လဲ။

စင်ကာပူရောက်စက အိပ်ရေး ကြိုက်သလောက်ပျက်၊ နေကြိုက်သလောက်ပူ၊ အချိန်ပို ကြိုက်သလောက်လုပ် မဖြုံရေးချ မဖြုံ။ တစ်လမှာ တစ်ရက်လောက်ပဲ နားခဲ့တာတွေတောင် ရှိတာ။ အဲဒီအချိန်တွေ တုန်းကဆို ခေါင်းမူးတာတောင် မရှိ။ အခုလည်းကျရော ထိုင်ရာကနေ ရုတ်တရက်ထလိုက်ရင်ကို မူးခနဲ၊ မိုက်ခနဲ ဖြစ်သွားတာမျိုး၊ တစ်ခါတလေ တစ်ယောက်တည်း ငြမ်းရဲ့ အလယ်မှာ လမ်းလျှောက်နေရင်း ဘယ်လိုကနေဘယ်လို ငြမ်းရဲ့ ဘေးက လက်တန်းနားကို အလိုလိုရောက်သွားတာလဲ မသိသလို မျိုးတွေ ဖြစ်လာတယ်။

ဇနီးကတော့ ကျန်းမာရေးဂရုစိုက်ပါတဲ့။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို အိုကေတယ်ပဲ ထင်နေတုန်း။ တစ်ခုပဲ။ အရွယ်ဆိုတာက သူပေးတဲ့အချိန်မှာ ရတဲ့အခွင့်အရေးကို အရယူရတာမျိုးမဟုတ်လား။ ကျွန်တော်က လုံးချင်းဝတ္ထုတွေ ရေးချင်နေသေးတာ။ ကျွန်တော့်နှလုံးသားက အဲဒီလိုလုပ်ဖို့ လတ်ဆတ်နေဖို့တော့ လိုသေးတာပေါ့။ ဒါမျိုးကလည်း ငယ်တုန်းရေးတာပိုကောင်းမယ်ထင်တာပဲ။

နောက်တစ်ခု တွေးမိတာက အသက်ကလေး ရလာပြီဆိုတော့ ဘာတွေလုပ်ခဲ့ပြီးပြီလဲ ဆိုတာမျိုးကို တွေးကြည့် တာပါ။ ကျွန်တော် လူငယ်ဆောင်းပါးတွေ ရေးတော့ " ရွှေရောင်လူငယ် " ဆိုတဲ့ ဆောင်းပါးရေးခဲ့ ဖူးတယ်။ လူငယ်တွေ ဆံပင်ဆေးဆိုးတာ တွေ့ပြီး ခေါင်းက ဆံပင်ကို ရွှေရောင် ဆေးဆိုးတာထက် ကိုယ့်ဦးနှောက်ထဲက အတွေး အခေါ်တွေကို ရွှေရောင် တောက်လာအောင် လုပ်သင့်တယ် ဆိုတာမျိုး ရေးခဲ့ဖူးတယ်။ ခုလည်း ကိုယ့်အရွယ်မှာ ရလာတဲ့ အသက်နဲ့ ကိုယ့်ရဲ့ ဆံပင်အောက်က အတွေးအခေါ်၊ အကျင့်အကြံတွေ တကယ် ရင့်ကျက်လာခဲ့ပြီလားလို့ ပြန်စဉ်းစားမိပါတယ်။

လူငယ်တွေ ဖတ်ဖို့ လူငယ်ဆောင်းပါးတွေ အများကြီးရေးခဲ့တယ်။ ကိုယ်သိထားတာတွေ မျှဝေတာပါ။ ကိုယ့်မိဘ၊ ညီအစ်ကို တစ်တွေ၊ ကိုယ်နဲ့ပတ်သက်ရာ ပတ်သက်ကြောင်းတွေ အတွက် တတ်နိုင်သမျှ လုပ်ပေးခဲ့တယ်။ ဒါတွေက အရွယ်နဲ့ အတူ ဖြတ်သန်းရင်း ကျွန်တော်လုပ်ပေးနိုင်ခဲ့တာတွေ။ နောက်မှာ ကျန်နေတာတွေလည်း ရှိသေးရဲ့။

ခေါင်းဖြူလာပြီ ဆိုတာရဲ့နောက်မှာ ကိုယ့်အရွယ်ကို လေးစားအပ်တယ်လို့ ခံယူလာမယ့် လူတချို့ ရှိလာနိုင်တယ်။ ဒီထက်ပိုပြီး အသက်ကြီးလာရင်တော့ ပိုပြီးတော့ အားလုံးက အရေးတယူ ဖြစ်လာနိုင်တယ်။ ဆံပင်ဖြူတယ် ဆိုတာရဲ့ နောက်မှာ အဲဒီလူကြီးတွေ အတွက် သူတို့ရဲ့ အသိဥာဏ်၊ အတွေ့အကြုံတွေက ငါတို့ထက် ပိုတယ်ဆိုတာမျိုး ငယ်ရွယ်သူတွေက ထင်မြင်လာနိုင်တယ်။ အဲဒီအခါမျိုးမှာ ကျွန်တော်ကိုယ်တိုင်က တကယ်ကို လေးစားအပ်တဲ့လူ ဖြစ်နေမလား၊ တကယ်ကို ရင့်ကျက်တဲ့လူ ဖြစ်နေမလား ဆိုတာကို ကျွန်တော် မသိနိုင်ပေမယ့် ရှိသင့်ရှိထိုက်တဲ့ ဆံဖြူတစ်ယောက်ရဲ့ အရည်အချင်း မျိုးတွေ ရှိနေစေဖို့တော့ ခုကတည်းက ဆံပင်ဖြူတွေ ကြည့်ရင်း အတွေးဝင်နေမိတယ်။

ဘာပဲဖြစ်ဖြစ် အရွယ်ဆိုတာက ညာလို့မှ မရတာ။ အဲဒီညာလို့မရတဲ့ အရွယ်ကို ဖြတ်သန်းရင်း တန်ဖိုးရှိရှိနဲ့ ဘ၀ကို ကုန်လွန်ချင်တယ်ဆိုတာကတော့ ကျွန်တော်မျှော်မှန်းထားတဲ့ အနာဂတ်တစ်ခုပါပဲ။ ခုချိန်မှာ ဆံပင်တွေ နက်နေသေးပေမယ့် အားလုံးဖြူလာတဲ့အခါ ကျရင်တော့ အရွယ်ရဲ့ တန်ဖိုးနဲ့ အရွယ်နဲ့ ထိုက်တန်တဲ့ ဂုဏ်ဒြပ်တွေကို ကျွန်တော် ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ဆံပင်ဖြူတွေကို မြင်တိုင်း အတွေးပွားနေမိတာပါပဲ။ ။

ဆူးသစ်
၂၀:၅၁ နာရီ
၎.၃.၂၀၁၂

Related Posts Plugin for WordPress, Blogger...