ကျွန်တော် စင်္ကာပူ စရောက်တော့ ဟန်းဖုန်းမရှိ၍ သူငယ်ချင်း၏ ညီလေးက ဟန်းဆက် ငှားသည်။ သူငယ်ချင်းက သူ့အိမ်မှာ အလုပ်လာရှာသွားသူများ အဆက်ဆက်သုံးခဲ့သော SIM Card ကို ဆက်သုံးမလား မေး၏။ ဟန်းဆက်အသစ်နှင့်မှ ကဒ်အသစ်သုံးမည် စိတ်ကူးပြီး လောလောဆယ် အဟောင်းသာ သုံးခဲ့တော့သည်။
အလုပ်လုပ်ပြီး နည်းနည်းကြာတော့ ဖုန်းတစ်လုံးလောက်တော့ ၀ယ်မှဟု စိတ်ပိုင်းဖြတ်ရတော့သည်။ အမှန်မှာ ကျွန်တော့်စိတ်က မကိုင်လျှင်အရှင်း၊ ကိုင်လျှင်လည်း ကောင်းကောင်းလေး ကိုင်လိုက်ချင်၏။ သူငယ်ချင်း ညီလေးဖုန်းက ပြန်ပေးရတော့မှာ ဖြစ်သည်။ သူကိုင်ထားသော အလုပ်ကဖုန်းက အလုပ်ပြောင်းတော့မှာမို့ ပြန်ပေးရတော့မှာ ဖြစ်၏။ ထို့ကြောင့် သူ့ဖုန်းသူ ပြန်ကိုင်တော့မည်။ ထိုအကြောင်းကြားတော့ စင်္ကာပူမှ ငယ်သူငယ်ချင်းတစ်ယောက်က သူ့ဖုန်းတစ်လုံးငှားပြန်သည်။ သို့သော် သူ့ဖုန်းက Message ပို့မရ။ ကျွန်တော့် အလုပ်မှာ Message ပို့မရလျှင် ပြဿနာ။ နောက်ဆုံးတော့ ဖုန်းဝယ်မှ ဖြစ်မည်ဟု စိတ်ပိုင်းဖြတ်ပြီး Nokia တစ်လုံး ၀ယ်လိုက်တော့၏။
ထိုဖုန်းက ဓါတ်ပုံရိုက်၊ သီချင်းနားထောင် အကုန်ရ၍ ကျွန်တော့်အတွက် တော်တော်ကြီး ဟုတ်သွားပြီဟု ဆိုရမည်။ သို့သော် မြန်မာပြည် တစ်ခေါက်ပြန်၍ အိမ်ကဟန်းဆက် မကောင်းဘူးဟု ဆိုသည့်အခါ ထိုအဟောင်းကို ကျွန်တော်ယူ၍ အသစ်ကို ပေးခဲ့တော့၏။ စင်္ကာပူပြန်ရောက်တော့ ဓါတ်ပုံရိုက်မရ၊ သီချင်းနားထောင် မရသော Nokia အဟောင်းလေးကိုပင် အလုပ်ဖြစ်၍ ကိုင်ခဲ့ရသေးသည်။
ဖြစ်ချင်တော့ ကျွန်တော့် အမျိုးသမီးကို အလုပ်လာရှာဖို့ ခေါ်လိုက်စဉ် ဖုန်းလိုမှာပဲဆိုသော အတွေးနှင့် Sony Ericsson ပန်းရောင် Slide လေးတစ်လုံး ကြိုဝယ်ပြီး သူလာတော့ ပေးလိုက်၏။ နောက်တော့ အလုပ်ကမရ၊ တစ်ခေါက်ပြန်ပြီး ပြန်လာ၊ ကျောင်းတက်တော့ Touch Screen တွေ ခေတ်ထလာပြီဖြစ်၍ သူကိုင်ချင်ကြောင်း ပြောလာသောအခါ သူ့ Sony Ericsson ကို ကျွန်တော်ကယူကာ သူ့ကိုတော့ Samsung Touch Screen လေး ၀ယ်ပေးဖြစ်ခဲ့ပြန်၏။
ခေတ်၏ ရွေ့လျားမှုပင် ထင်၏။ iPhone ဆိုတာကြီးက နားနှင့်မဆံ့အောင် နောက်ပိုင်းမှာ ကြားလာရတော့ သည်။ မသိယောင် ဆောင်သည် မရ။ မကြားယောင် ဆောင်သည်။ နားထဲဝင်လာ၏။ မမြင်ယောင် ဆောင်သည်။ မျက်လုံးထဲ ရောက်လာ၏။ ခက်ချေပြီ။
ကျွန်တော့်လုပ်ကွက်ထဲက ကျွန်တော့လောက်လစာမရသော ကြီးကြပ်ရေးမှူးလေးတစ်ယောက်က iPhone 3G ကို လုပ်ကွက်ထဲမှာ ကိုင်ပြနေသည်။ ကျွန်တော့် Safety Coordinator လည်း 3G iPhone နှင့် ဖြစ်လာ၏။ ကျွန်တော့်ရှေ့မှာ အင်တာနက်ကို အားရပါးရ သုံးပြနေသည်။ ကျွန်တော် မျက်နှာလွှဲနေ၏။ လုပ်ကွက်ထဲက အလုပ်သမားလေး တစ်ယောက်ကတော့ 'သူတို့က iPhone ဆို ကျွန်တော်တို့က my-phone ပေါ့ဗျာ၊ ကျွန်တော်တို့ ဖုန်းလေ'တဲ့။ ဟုတ်သား။ ကိုယ့်ဘာသာ my-phone လေးကိုင်ရင်း ကျေနပ်နေမိ၏။
နောက်တော့ တခြားကျွန်းတစ်ကျွန်းမှာ ကျွန်တော် အလုပ်သွားလုပ်ရသည်။ ထိုကျွန်းမှာ ပိုက်လိုင်း ကုမ္ပဏီဘက်က ကြီးကြပ်ရေးမှူးများ စကားစုပြောနေစဉ် iPhone အကြောင်း ကြားရသည်။ စလုံးတရုတ်လေးတစ်ယောက်က ဘတ်စ်ကားပေါ်မှာ ဖုန်းမြည်၍ သူ့ဖုန်းကို ကိုင်မည်ပြုစဉ် ရဲရဲဝံ့ဝံ့ မကိုင်ရဲပါတဲ့။ ဘေးက ကောင်မလေးများက အကုန် iPhone နှင့်ချည်း ဖြစ်နေ၍ သူ့ဖုန်းအစုတ်လေးက မျက်နှာငယ်ရသည်တဲ့။ ကျွန်တော်တို့ ၀ိုင်းရယ်ကြသည်။ ချင်းလေးတစ်ယောက်က iPhone သုံးတာ ဒီမှာ ၈၅ ရာခိုင်နှုန်းလောက်ရှိမှာပဲဆိုတော့ ခုနက စလုံးလေးက ၉၀ ရာခိုင်နှုန်း ကျော်နေပြီဟု ဆိုသည်။ iPhone က သည်လောက်တောင် ခေတ်စားသလားဟု တွေးမိ၏။
မြန်မာဗွီဒီယို ကားတွေထဲမှာလည်း မင်းသား၊ မင်းသမီးများ၊ အဆိုတော်များ၊ iPhone ကိုင်နေလေပြီ။ 3G ဖုန်းများ ဖြစ်သည်။ စလုံးမှာတော့ internet က အချိန်ပြည့်ရ၍ တော်သေးသည်။ ဟိုမှာက wi-fi ရှိမှ လွယ်မှာဖြစ်သည်။ ဒါကလည်း East Point တို့၊ Capital Hyper Mart တို့လို နေရာမျိုးမှာသာ ရနိုင်သည်ဟု ကျွန်တော့်ဇနီးက ပြောပြသည်။ ကျွန်တော်သိသလောက် iPhone Game ပင် တချို့ Game များက Connection ရှိမှ ကစား၍ ဖြစ်သည်။ သည်တော့ မင်းသား၊ မင်းသမီးများ iPhone ကိုင်ခြင်းသည် ဂုဏ်အတွက် ဖြစ်နိုင်သည်ဟု သုံးသပ်မိ၏။ 3G က ကိုးသိန်းလောက် ရှိသည်မဟုတ်လား။
မြန်မာဗွီဒီယို ကားတွေထဲမှာလည်း မင်းသား၊ မင်းသမီးများ၊ အဆိုတော်များ၊ iPhone ကိုင်နေလေပြီ။ 3G ဖုန်းများ ဖြစ်သည်။ စလုံးမှာတော့ internet က အချိန်ပြည့်ရ၍ တော်သေးသည်။ ဟိုမှာက wi-fi ရှိမှ လွယ်မှာဖြစ်သည်။ ဒါကလည်း East Point တို့၊ Capital Hyper Mart တို့လို နေရာမျိုးမှာသာ ရနိုင်သည်ဟု ကျွန်တော့်ဇနီးက ပြောပြသည်။ ကျွန်တော်သိသလောက် iPhone Game ပင် တချို့ Game များက Connection ရှိမှ ကစား၍ ဖြစ်သည်။ သည်တော့ မင်းသား၊ မင်းသမီးများ iPhone ကိုင်ခြင်းသည် ဂုဏ်အတွက် ဖြစ်နိုင်သည်ဟု သုံးသပ်မိ၏။ 3G က ကိုးသိန်းလောက် ရှိသည်မဟုတ်လား။
နောက်တော့ 4G ဆိုတာ iPhone မှာ ထပ်ပေါ်လာပြန်သည်။ ဘာတွေ အားသာသလဲတော့မသိ။ လူတိုင်းနီးပါး အဖြူရောင် နားကြပ်၊ ကာဗာ လှလှလေးများဖြင့် iPhone 4 ဆိုသည်ကို ကိုင်လာကြသည်။ ထို့နောက်တွင်တော့ အိမ်က ဇနီးသည်က သူ့ကျောင်းက လူများကိုင်တာတွေ့ပြီး စကားစလာပါတော့သည်။ ကျွန်တော် နည်းနည်းတော့ အင်တင်တင်ဖြစ်မိသည်။ အမှန်က ဇနီးကို ၀ယ်မပေးချင်၍မဟုတ်ပါ။ ကျွန်တော်လည်း ကိုင်ချင်၍ပါ။ သို့သော် နှစ်ဦးစလုံးအတွက်ဆိုတော့ မလွယ်ပြန်။ မြန်မာပြည်ပေါက်ဈေး ဆယ့်သုံးသိန်းလောက် ရှိသည်ဟု ကြားရ၏။ ဟုတ်မဟုတ်တော့ မသိ။
အိမ်မှာ အင်တာနက်သုံး၍ ရနေသောကြောင့်လည်း ကျွန်တော့်စိတ်က မပြတ်သား။ သို့သော် လမ်းသွားရင်း စာဖတ်ချင်စိတ်၊ ကိုယ်သိချင်တာလေး အမြန်ရှာကြည့်ချင်စိတ်၊ ကိုယ်လုပ်ချင်တာကို ကွန်ပျူတာရှေ့ ရောက်အောင်သွား၊ အချိန်လုပြီး အကြာကြီး စောင့်ဆိုင်းနေရသည်ကို မလိုလားစိတ် များကြောင့် iPhone ရောဂါက တိုးတိုးလာလေသည်။
တိုတိုပဲ ဆိုကြပါစို့။ သည်လိုနှင့် iPhone ၀ယ်လိုက်ပါသည်။ iPhone 4 ပါ။ အမျိုးသမီး၏ အဘိုးလေးက PR မို့ သူ့ကဒ်နှင့်တစ်လုံး S$ 210 ပေးကာ နှစ်လုံး ၀ယ်လိုက်သည်။ နှစ်ယောက်စလုံးအတွက်။ ပညာတော့ရသည်။ S Pass နှင့်ဆို S$ 390 တဲ့။ နှစ်လုံးဝယ်လျှင် နောက်တစ်လုံးက ဈေးပိုပေးရသည်။ PR ကဒ်နှင့် ၀ယ်တော့ ဈေးက နှစ်လုံးဝယ်လည်း S$ 210 ပင်။ သို့သော် micro - sim card ဖိုး S$ 28 သတ်သတ်ပေးရသေး၏။
iPhone 4 က လက်ထဲရောက်လာတော့ ကလိလို့ကောင်းသည်။ Bill ကလည်း ကောင်း၏။ 2 Years Plan နှင့် ၀ယ်ထား၍ တစ်လ S$ 56 ပေးရ၏။ Incoming Free ၊ Outgoing မိနစ် ၃၀၀ Free ၊ Internet Free၊ SMS ၅၀၀ Free။ M1 က ဈေးသက်သာ၏။ Touch Screen ကလည်း ခေတ်စကားနှင့် ဆိုရလျှင် ဖလန်းဖလန်း ထနေ၏။ ဇနီးသည်ကို ၀ယ်ပေးထားသော Samsung နှင့် ဘာမှမဆိုင်။ မျက်နှာပြင်ကို နည်းနည်းမှ မထိရဲ။ မတော်တဆ ဖျတ်ကနဲ ထိမိရုံနှင့်ပင် တန်းဝင်နေတော့သည်။ Samsung က လက်နှင့် ဖိထားတာပင် တုတ်တုတ်မျှ မလှုပ်။ ကိုယ့်လက်ပင် ဖုန်းထဲ ဖောက်ဝင်သွားမလား ထင်ရသည်။
သို့သော် iPhone 4G က Burmese Classic လို ဟာမျိုး ကြည့်၍မရ။ Flash Player မပါ။ ကျွန်တော် ကြည့်ချင်သော ဘောလုံးပွဲ Highlight လည်း တချို့ Website တွေဝင်၍ ကြည့်မရ။ iPhone 3G ထက်သာသည်က Face Time ဟု ခေါ်သော ဖုန်းပြောရင်း မျက်နှာမြင်ရသည့် စနစ်တစ်ခုပါသည်။ ဒါလည်း Wi-Fi ရှိမှရသည်။ Camera resolution ပိုကောင်းသည်။ Battery ပိုအသုံးခံသည်။ 3G ထက် တခြား သာတာတွေလည်း ရှိပါလိမ့်မည်။
သည်လိုနှင့် 4G ဖြင့် Game တွေ Download လုပ်ကြ၊ ကစားကြသည်။ တစ်လ 12G Download ရ၏။ Bill လာတော့ လိုင်းကြေးဆိုပြီး တစ်ဆယ် ထပ်ပေးရသည်။ ဖုန်းကာဗာတွေဝယ်တော့လည်း ၁၅ကျပ်စီနှင့်မို့ Sticker ဖိုးပါရောကာ ၅၀ လောက် ထွက်သွားပြီးပြီ။ တတိတိနှင့် ကုန်လာ၏။ iPhone ၀ယ်ချင်သူများ သတိထားစရာ။
ထို့ထက်ပိုဆိုးသည်က You Tube မှာ iPhone ကို Flash Player ထည့်နည်းကြည့်ရင်း iPhone 5 ဆိုတာကို သွားတွေ့ရသည်။ ပြီးရော။ 4G ကိုင်လို့ လက်ထဲမနွေးသေး။5G က ပေါ်လာသည်။ ဘာထူးလဲ ကြည့်လိုက်တော့ Flash Player ပါလာသည်။ Battery ကြာရှည်ခံသည်တဲ့။ 4G က အင်တာနက်သုံးလျှင် ဘက်ထရီကလည်း ဖလန်းဖလန်းထနေအောင် ကုန်၏။ နေ့တိုင်း အားသွင်းရသည်။ ကျန်သော အချက်အချို့လည်း 4G နှင့် 5G ကွာနေသေး၏။
တစ်ခုတော့ စဉ်းစားမိသည်။ 4G ထုတ်စဉ်က 5G မှာ ပါသော နည်းပညာကို မရသေး၍လား။ တမင် သက်သက် Model မြှင့်သည်ဟု စီးပွားရေးနည်းဗျူဟာအရ လုပ်ချင်သည်လား မပြောတတ်။ ရန်ကုန် စီးပွားရေးတက္ကသိုလ်မှာ DMA ဘွဲ့လွန်ဒီပလိုမာ နှစ်နှစ် တက်စဉ်က သင်ရသော စီးပွားရေးဆိုင်ရာ ဘာသာရပ်များထဲမှာ ထိုနည်းဗျူဟာကို မသင်ခဲ့ရ။ ရသလောက်အရင်ထုတ်၊ ပြီးမှ အဆင့်ထပ်မြှင့်သည်ဆိုပြီး နောက်ထပ် Model ကိုထပ်ထုတ်။ အရင်ကတည်းက နည်းပညာသိနေလျက်နှင့် တမင်ချန်ထားခဲ့လားတောင် မသိ။ ဒါမှ တစ်မျိုးတည်း ရောင်းရသည်ထက် ပိုရောင်းရမည် မဟုတ်လား။ ကျွန်တော့်အထင် ဟုတ်ချင်လည်း ဟုတ်မည်။ မဟုတ်ချင်လည်း မဟုတ်နိုင်။ လောလောဆယ်တော့ iPhone ကို ကိုင်ချင်ဦးပေါ့ဟုသာ နာနာလေး တေးထားလိုက်သည်။
iPhone ထုတ်သော ကုမ္ပဏီက ပန်းသီး(Apple) တဲ့။ ပန်းသီးမို့ တော်တော့သည်။ ချိုမြိန်စွာ ခံစားလိုက်ရသည်။ ဒူးရင်းသီးတို့၊ ဖန်ခါးသီးတို့လို နာမည်မျိုးပေးထားသည့် ကုမ္ပဏီမျိုးကသာ ထုတ်လျှင်တော့ မကိုင်ခင်ကတည်းက ကိုင်ရမှာလည်း စူးရှရှ၊ ကိုင်လျှင်လည်း ပို၍ ခါးသက်လှမှာ တွေးမိသေးတော့၏။ ။
ဆူးသစ်
၁၃း၀၂ နာရီ
၂၇.၀၂.၂၀၁၁