Wednesday, December 29, 2010

“ ကျွန်တော်တို့သည် " (၉)

ကျွန်တော့်အနုပညာ ၀ါသနာပိုးကို အသိအမှတ်ပြုသူ သူငယ်ချင်းတစ်ယောက်၊ ရန်ကုန်စက်မှုတက္ကသိုလ် ပထမနှစ် မှာပင် ရှိလာခဲ့၏။ ကျွန်တော်တို့ကို အင်္ဂလိပ်စာ အက်ဆေးများ ရေးပေးနေကျ ဒဂုံက မိန်းကလေး သူငယ်ချင်းပင်။ သူ့အဖေက သူတို့ မြို့နယ်အသင်း သက်ကြီး ပူဇော်ပွဲ ရှိ၍ ထိုပွဲ၌ ရွတ်ဆိုရန် စာကို ယခင်နှစ်က စာများ မသုံးချင် တော့၍ သည်နှစ် အသုံးပြုရန် စာအသစ် ရေးပေးနိုင်သူရှိက ရှာပေးစေချင် ကြောင်း သူ့သမီးကို ပြောပြသောအခါ ကျွန်တော့် သူငယ်ချင်းကလည်း အတန်းထဲမှာ မြန်မာစာ စကားပြေ ရေးပေးနေကျ ကဗျာရူး၊ စာရူး ကျွန်တော့်ကို ပြေးမြင်သည် ထင်ပါသည်။ ကျွန်တော့်ဆီ တန်းတန်း မတ်မတ်ကို ရောက်လာပါ၏။

'ဟဲ့-သားလတ်၊ ငါ့အဖေမြို့နယ်အသင်းက သက်ကြီးပူဇော်ပွဲ ရှိတယ်။ အဲဒါ လူကြီးတွေ ကန်တော့တဲ့စာ နင် ရေးပေး စမ်းပါ' တဲ့။ ကျွန်တော့်ဘ၀မှာ တစ်ခါမျှ မရေးဖူးသော စာဖြစ်၏။ ထို့ကြောင့် 'ငါ့ကို ပုံစံပြ' ဟု ပြောပြီး ပုံစံ ရသည့်အခါ ကျွန်တော့်ဘာသာ သဘောပေါက်ပြီး ပြောင်းရေးခဲ့တော့၏။ ထိုစာမှာ အောက်ပါအတိုင်းပင်။

သက်ကြီးပူဇော်ပွဲ

"ကန်တော့ခန်း"

'အပစာယန' - သီလ သမာဓိ၊ ပညာ၏ဂုဏ်၊ ကြီးဘိစုံလျက်၊ ၀ါသက်ကြီးမား၊ ပိုလ်များကို၊ ရိုသေသမှု၊ လုပ်ပြုသမျှ၊ 'အပစာယန'၊ ပုညကြိယာဆယ်ပါး၊ တစ်ပါးပါ၏ဟု၊ မှတ်သားမိပါသည် အဘိုးအဘွားများ ခင်ဗျား။

ထို့ပြင်တစ်ဝ - 'ပူဇာစပူဇနေယျာနံ' 'ပူဇော်ထိုက်သူကို ပူဇော်ရခြင်း' သည်လည်း၊ အမြဲစွဲမှတ်၊ လွန်စွာမြတ်ဟု၊ မပြတ်ဟောကြား၊ တရားများစွာ၊ နားမှာစွဲမိ၊ မင်္ဂလာရှိ၍၊ အသိဖြင့်ရိုကျိုး၊ ကျွန်တော်/ကျွန်မတို့ ရှိခိုးပူဇော်ရခြင်း ဖြစ်ပါသည် ခင်ဗျား။

ဤသို့အသိ၊ စွဲငြိသဖြင့်၊ သက်ဝါရင့်လျက်၊ ဂုဏ်သိမ်ထက်ကာ၊ ပညာပြည့်ဝ၊ လေးစားရသော၊ အဘ အဘိုးတို့အား လည်းကောင်း၊ ဂုဏ်ရည်ညီမျှ၊ တည်ငြိမ်ကြလျက်၊ ရင့်ကျက်အသိ၊ မြဲထင်ရှိနေ၊ အမေအဘွားတို့အား လည်းကောင်း၊ ကောင်းဆိုးအပေါ်၊ ကြောင်းကျိုးမျှော်၍၊ စေ့ဆော်ဆန္ဒ၊ တိုက်တွန်းလှချိန်၊ ဦးနှိမ်ရိုကျိုး၊ လက်စုံမိုး၍၊ ရှိခိုးကော်ရော်၊ ပူဇော်သမှု၊ ကျွန်တော်/ ကျွန်မတို့ ပြုပါ၏ ခင်ဗျား။

"ဆုတောင်းခန်း"

ဤသို့ ပူဇော်၊ ကော်ရော်ရှိခိုး၊ လက်စုံမိုးခြင်း၊ အကျိုးထင်းစွာ၊ ကျွန်တော်/ ကျွန်မတို့မှာ မှန်စွာရလိုပါ၏။

ဗုဒ္ဓ
တရား၊ လိုက်စားယုံကြည်၊ နားလည်သည်နှင့်အမျှ၊ ဗုဒ္ဓတရားမှန်၊ မြတ်နိဗ္ဗာန်ကို၊ ထိုကုသိုလ်မှု၊ အကြောင်းပြုလျက်၊ ကောင်းမှုသီးပွင့်၊ အစဉ်သဖြင့်၊ ခံစားရပါလို၏။

ထိုမြတ်နိဗ္ဗာန်၊ ရည်သန်စိတ်ထား၊ ရောက်မသွားခင်၊ ၀န်းကျင်နွယ်ယှက်၊ ထက်ဝန်းသံသရာ၊ လျှောက်ရ ပါလည်း၊ အမြဲချမ်းသာ၊ နှစ်ဖြာစိတ်ကိုယ်၊ ပြည့်ဝလိုလျက်၊ သက်ရှည်ဆင်းလှ၊ နာရကင်းဝေး၊ ချမ်းမြေ့အေးစွာ၊ ခံစားပါ၍၊ နတ်တွေ့နတ်ချစ်၊ လူတွေ့လူချစ်၊ ဆိုးပြစ်မရှိ၊ လိမ္မာမိသား၊ သားကောင်း သမီးကောင်းများ ဖြစ်ရပါလို၏။

ထိုပြုသမျှ၊ ကုသလတန်ဖိုး၊ အမျိုးမျိုးသည်၊ မိဆီဘဆီ၊ ဆရာဆီနှင့်၊ မမီမကြွင်း၊ ခပင်းများစွာ၊ သတ္တ၀ါ အားလုံးထံ၊ အမှန်ရောက်ရှိ၊ ခံစားမိစေ၊ အမျှဝေသည်၊ ကျွန်တော်ကျွန်မတို့နှင့်အတူ အမျှရ၍ ချမ်းသာသုခ၊ ရကြသည် ဖြစ်စေသောဝ်။ ။

(အမျှ) ဆို
(သာဓု)၃ ဆို

သည်သို့ဖြင့် သူငယ်ချင်းလည်း သဘောကျကာ သူ့အဖေဆီ ယူသွားပြီး ပြတော့၏။ သူငယ်ချင်း၏ ဖခင်က ကောင်းသည်၊ သုံးပါမည်ဆိုမှ ကျွန်တော်လည်း ပျော်ရတော့သည်။ လူကြီးမိဘများက သက်ကြီး သူများ ကန်တော့သည်ကို ကျွန်တော့် အနုပညာဖြင့် ကူညီခွင့် ရလိုက်သည် မဟုတ်လား။

ထိုကူညီမှု၏ အကျိုးဆက်ပင် ထင်ပါသည်။ ကုသိုလ်ပြု၍ ကောင်းကျိုးရသည် ထင်ပါ၏။ ဆေးကျောင်းက ကျွန်တော့် ငယ်သူငယ်ချင်းတစ်ယောက်က ကျွန်တော်ရေးပေးသော သက်ကြီးပူဇော်ပွဲ စာကိုတွေ့ပြီး 'မင်းတော် တော် ဟုတ်နေပြီပဲ' ဟုဆိုကာ ကဗျာစာအုပ် ထုတ်ဖို့ စ တိုင်ပင်ပါတော့သည်။ သူလည်း ထိုစဉ်က ကဗျာနည်းနည်း ရေး၍ သူ့ကဗျာများ နည်းနည်းထည့်ပြီး၊ ကျွန်တော်နှင့် စာအုပ်ထုတ်မည်တဲ့။ သူကငွေစိုက်မည် ပေါ့။ ကျွန်တော်က ကဗျာစာအုပ် ထုတ်ဖို့ မတတ်နိုင်၍ ကဗျာသာ ရေးပေးခဲ့သည်။ သူတို့ ကျောင်းအကြောင်း လည်း ပါ၏။ သည်သို့ဖြင့် 'သားလတ်(YIT) နှင့် ထူးငယ်(IM1)' တို့၏ 'အနမ်းတစ်ရှိုက် ဖြစ်တည်ရာ ရင်ခွင်ဦး' ဆိုသည့် လက်ကမ်းစာစောင်အရွယ် ကဗျာစာအုပ် တစ်အုပ်ကို ကျွန်တော် ပထမနှစ်မှာပင် ထုတ်ဝေခဲ့တော့သည်။ (ထိုစာအုပ်ထဲမှ ကဗျာများကို 'ကဗျာ' ကဏ္ဍတွင် ရှာဖွေဖတ်ရှု နိုင်ပါကြောင်း)

ကဗျာစာအုပ် ထုတ်ပြီး ကျွန်တော်တို့ ကျောင်းမှာတော့ ခင်ရာမင်ရာများကို ရောင်းဖို့ အားကိုးရ၏။ အတန်း အလိုက် ဖြန့်ရောင်းကြသည်။ မိန်းကလေးများကိုတော့ သက်ကြီးပူဇော်ပွဲနှင့် ပတ်သက်၍ ရေးခိုင်းသော ကျွန်တော့် သူငယ်ချင်း မိန်းကလေးကို ရောင်းခိုင်း၏။ ၀ယ်သူဝယ်၊ မ၀ယ်သူ မ၀ယ်။

ဆေးကျောင်းမှာတော့ ကျွန်တော့်သူငယ်ချင်းက သူ့အတန်းထဲမှာပင် ကုန်အောင်ရောင်း၏။ အားလုံးနီးပါး ၀ယ်ကြသည်။ တချို့ဆို ကျွန်တော့်ကို လက်မှတ်ပင် လာထိုးခိုင်းသေး၏။ ကျွန်တော့် သူငယ်ချင်းကတော့ 'မင်း အောင်မြင်တယ်ကွ' ဟု ဆိုသည်။ အမှန်မှာ သူက ကျွန်တော့် 'စက္ကူမြား' ကဗျာကို သူတို့ ဆေးကျောင်းမှာ အတန်းထဲက ဘုတ်ပေါ်တွင် ချရေးပြီးခဲ့သောကြောင့် ကျွန်တော့် ကလောင်နာမည် 'သားလတ်' ကို လူသိနေကြခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ပျော်ရပါသည်။ ကျွန်တော်တို့ ကျောင်းမှာ ကျွန်တော့်လို စာရူး၊ ပေရူး၊ အနုပညာရူးများ များစွာရှိနေ၍ သူတို့ အတွက်လည်း မဆီမဆိုင် ဂုဏ်ယူမိ၏။ ကျောင်းမှာက စာပေသမားမှ မဟုတ်၊ နယ်ပယ်စုံမှာ အောင်မြင်သူများ ရှိနေသည်ကို ကျွန်တော် သိနေသည်ပဲ။

တစ်ခါတော့ အင်္ကျီအနက် လက်ရှည်ကို လက်ဖျံအထိ ခေါက်တင်ထားပြီး ဂျင်းဘောင်းဘီ အနက်နှင့် ဆံပင် အတိုကို သပ်သပ်ရပ်ရပ် လှန်ဖြီးထားသော၊ စတိုင်ကျကျ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား တစ်ဦးကို စာအုပ်တချို့ လက်မှာကိုင်လျက် ကားပတ်ကင်ဘက်မှ ငွေစာရင်းဌာနသို့ ဖြတ်သွားသည်ကို တွေ့လိုက်ရ သည်။ သူ့ကို မြင်တော့ ပုံစံက ထင်းခနဲ၊ ရှင်းခနဲ။ ငါသိတယ်ဟု စဉ်းစားလိုက်တော့ 'သြော် - ဒါ ကျော်ဟိန်းရဲ့တူ၊ ထင်လင်း ပါလား' ဟု မှတ်မိသွားသည်။ ထိုသူသည်ကား နောင်တစ်ချိန်၌ နိုင်ငံကျော် အနုပညာရှင် ဖြစ်လာမည့် ရုပ်ရှင်မင်းသား 'ဒွေး' ပင်။ နောင်မှ သိရသည်က ဒွေးသည် Electrical Power ဘာသာရပ် ကျောင်းသား တစ်ယောက် ဖြစ်၏။ ထို့ကြောင့် ကျွန်တော်တို့ အတွက်လည်း ဂုဏ်ယူစရာ တစ်ခု တိုးခဲ့ရဖူးပါသည်။

ကျွန်တော်တို့သည် အနုပညာကို ၀ါသနာပါရင်း၊ တတ်နိုင်သမျှ ကူညီချင်သူများ ဖြစ်ခဲ့ကြသည်။ ကျွန်တော်တို့ သည် စာသင်ရင်းမှာလည်း အနုပညာအလုပ်ကို လုပ်ခဲ့ကြသူများလည်း ဖြစ်ခဲ့ကြ၏။ ကျွန်တော်တို့သည် ထိုအချိန်က စက်မှုတက္ကသိုလ် ကျောင်းသားများ ဖြစ်ခဲ့ကြသော်လည်း၊ နောင် တစ်ချိန်တွင် ကျွန်တော်တို့ အထဲမှ အနုပညာ လောကတွင် အောင်မြင်ထင်ရှားလာမည့် သူများ ဖြစ်လာ မည်ဟု မသိခဲ့သူများလည်း ဖြစ်ခဲ့ကြ၏။ ။




ဆူးသစ်
၁၅း၅၂ နာရီ
၂၉.၁၂.၂၀၁၀

Tuesday, December 28, 2010

“မူသူးရဲ့အချစ် မူသူးရဲ့မေတ္တာ”


ရှေ့က စာတစ်ပုဒ်မှာ ကျွန်တော်ရေးခဲ့သော 'အနားဒူရေး'လို နောက်ထပ် Foreman တစ်ယောက် ရှိသေးသည်။ သူ့ နာမည်က 'အီနာချီမူသူး'။ အိန္ဒိယ လူမျိုး။ အားလုံးက 'မူသူး'ဟု ခေါ်၏။ မူတူး မဟုတ်။ သူလည်း Cable Pulling ၏ အားကိုးရသော Foreman တစ်ယောက်ပင်။

အကယ်၍ Supervisor တစ်ယောက်သည် အနားဒူရေး နှင့် မူသူးလို Foreman နှစ်ယောက်သာ တစ်ပြိုင်တည်း ရလိုက်ပါက လာချင်သည့်အလုပ်လာ၊ ဘာ Schedule၊ ဘာ Plan မှ ကြောက်စရာ မလို။ ထိုနှစ်ယောက် စလုံးသည် အလုပ်ကိစ္စသာမဟုတ်၊ Safety အပိုင်းမှာပါ ကျွန်တော် ယုံကြည်စိတ်ချရသော လူများဖြစ်၏။ သူတို့သာ ရှိလျှင် ကျွန်တော်က သူတို့နားမလည်သော Safety အပိုင်းကို ရှင်းပြ ထားခဲ့ပါက ထိုအလုပ်သမား အဖွဲ့သို့ တစ်နေကုန် လှည့်ကြည့်စရာ မလို။ Client Safety ၊ Main Con: Safety အားလုံးကို ဂရုစိုက်စရာ မရှိ။ Supervisor များကို ကျိုးနွံသည့် နေရာတွင်လည်း နှစ်ယောက်မရှိ။

ယခု စာစုမှာတော့ မူသူးအကြောင်း ပြောချင်သည်။ ထုံးစံအတိုင်း Cable Pulling အဖွဲ့ကိုလည်း စောင့်ရှောက်ရသော Safety ဖြစ်သူ ကျွန်တော်သည် မူသူးနှင့်ပါ ရင်းနှီးလာရတော့၏။ သို့သော် သူ့နောက်ကြောင်းကို သေသေ ချာချာ မသိ။ အလုပ်ကြိုးစားခြင်း၊ ကျွန်တော်ပြောလျှင် အတတ်နိုင်ဆုံး ပျာပျာသလဲ လုပ်ပေးခြင်း၊ တစ်ဆိုဒ်လုံးမှာ ကျွန်တော့်ကို သူတစ်ယောက်သာ Sir ဟု ခေါ်ခြင်း စသော အချက်များကြောင့်ပင် မူသူးကို မှတ်မှတ်ထင်ထင် ဖြစ်လာ၏။

ဖြစ်ချင်တော့ Cable Pulling အဖွဲ့ မွန်းလွဲ ၂ နာရီမှသည် ည ၁၁ နာရီ အဆိုင်း အထိ ဆင်းရန်ဖြစ်လာ၏။ ထုံးစံအတိုင်း ကျွန်တော်တို့ ရေစက် ဆုံကြပါလေပြီ။ တစ်ရက်မှာတော့ ညစာ စားပြီး ထမင်းလုံးစီနေချိန်မှာ မူသူးတို့ ကုလားတွေဘက်မှ ရယ်သံများ ထွက်လာ၏။ ကျွန်တော်က ခပ်လှမ်းလှမ်းမှ ကဲကြည့်သည့်အခါ ကုလားလေး တစ်ယောက်က 'Safety၊ မူသူးက ဖုန်းထဲကနေ ချစ်တယ်၊ လွမ်းတယ်လို့ ပြောနေတာ' ဟု ကျွန်တော့်ကို ဘာသာပြန်ပြ၏။ မူသူးသည် ဖုန်းကို ကိုင်ကာ ကုလားလို တစ်တွတ်တွတ် လွှတ်နေ၏။ ကျွန်တော်က 'သူ့ရည်းစားလား' ဆိုတော့ 'မဟုတ်ဘူး၊ မိန်းမ' ဟု ကုလားတစ်ယောက်က ဖြေသည်။

ထိုအချိန်မှာပင် မူသူးသည် သူ့ဟန်းဖုန်းကို 'ပြွတ် - ပြွတ် - ပြွတ်' ဟုဆိုကာ သုံးချက်ဆက်တိုက် နမ်းလိုက် သည်ကို တွေ့၍ ကျွန်တော်နှင့် အလုပ်သမားတစ်သိုက် ရယ်ပါတော့သည်။ မူသူးကား ရှက်ပြုံးမျက်နှာနှင့် ဖုန်းဆက် ပြောနေ၏။

နောက်တော့ မူသူးကို မေးကြည့်သည်။ သူ့မှာ မူလတန်းပြဆရာမ ဇနီးနှင့် ကလေးနှစ်ယောက် ရှိသည်တဲ့။ 'မင်း မိန်းမကို တော်တော် ချစ်လား' ဆိုတော့ 'သိပ်ချစ်တာပေါ့ ဆာ' ဟု ဖြေသည်။ သူ့အဖြေကို နားထောင်ရင်း ကြည်နူးရသည်။ 'ငါတစ်နေ့ သုံးခါ ဖုန်းဆက်တယ်၊ မနက်၊ နေ့လယ်၊ ည' ဟု မူသူးက ပြော၏။ ကျွန်တော်နှင့် အလုပ်သမားများ ရယ်မိသည်။ သူတို့နိုင်ငံကလည်း ဖုန်းခ ဈေးပေါ၍ ဆက်နိုင်ပေ လိမ့်မည်။ နှစ်ဒေါ်လာဖိုး ၀ယ်လျှင်ပင် တစ်နာရီကျော် ပြောမကုန်။ သည်တော့ တစ်နေ့သုံးခါ ဆက်သည်မှာ မဆန်း။

ကျွန်တော့် စိတ်ထဲတွင် မူသူး သူ့မိန်းမကို သည်လောက် ချစ်တာ၊ သူ့ မိန်းမ လှလို့လား မသိဘူးဟု တွေးကာ မေးကြည့်သည်။ 'ငါ့မိန်းမက ငယ်ငယ်ကတည်းက သူငယ်ချင်း၊ ဒါကြောင့် တအားချစ်တာ' ဟု ဆိုကာ သူ့မိန်းမ ဓါတ်ပုံ ထုတ်ပြသည်။ ပြင်ပမှာ ကုလားမတစ်ယောက်ကို တွေ့ရ သလိုပင်၊ မူသူး၏ မိန်းမသည် သိပ်ထူးခြားမှု မရှိ။ မည်သို့ပင် ဖြစ်စေ မူသူး၏ အချစ်ကိုတော့ လေးစား မိသည်။

သည်လိုနှင့် မူသူးတစ်ယောက် Jurong Island မှသည် Bukom ကျွန်းသို့ ပါသွား၏။ နောက်မှ ကျွန်တော်က Bukom သို့ ရောက်သည်။ မူသူး ခွင့်နှင့် အိန္ဒိယသို့ နှစ်လ ပြန်မည်တဲ့။ အိမ်ပြန်မရောက်တာ နှစ်နှစ်ပင် ရှိပြီဟု ဆိုသည်။ သူကျွန်တော့်ကို လာပြောသည်။

'ဆာ၊ ငါရှေ့လပြန်မယ်၊ ဒီတစ်ခေါက် ကလေးတစ်ယောက် ထပ်ယူဦးမယ်' ဟု ဆို၏။ 'သုံးယောက်ဆိုတာ မများပါဘူးနော်' ဟု ကျွန်တော့်ကို အကြံတောင်းသလိုလို၊ သူ့ဘာသာ မှတ်ချက်ပြုသလိုလို ပြော၏။ 'မင်းကျွေးနိုင်ရင် ယူပေါ့' ဟု ဘေးက ကုလားတစ်ယောက်က ၀င်ပြောသည်။ ကျွန်တော် ဘာမျှ မဆိုဖြစ်။

သည်လိုနှင့် သူ့ပြန်ရက်တွေ နီးလာသည်။ ကျွန်တော့်ကို တွေ့လျှင် သူအမြဲ နှုတ်ဆက်လေ့ ရှိ၏။ 'ဂွတ်မောနင်း ဆာ' ဟု ပြောလေ့ရှိသည်။ ကျွန်တော်က 'မင်းပျော်နေပြီပေါ့' ဟုဆိုတော့ 'ဟုတ်တယ်၊ ငါ့မိန်းမဆို ရက်တွေ တွက်နေတာ၊ ငါလည်း ညဘက် အိပ်လို့တောင် မပျော်ဘူး' ဟုဆိုသည်။ ဟုတ်ပေ လိမ့်မည်။ သူ့ဇနီး၊ သူ့ကလေး တွေ နေပူထဲမှာ ပိုက်ဆံကုန်းရုန်းရှာနေသာ မူသူးကို မျှော်ရှာရော့မည်။ မူသူးလည်း တွေ့ချင်လှရော့မည်။ Bukom ကျွန်းပေါ်က လေယာဉ်တွေ ၀ဲသွားတာတွေ့တိုင်း မူသူး တစ်ယောက် လေယာဉ်များကို လိုက်ငေးလေ့ ရှိ၏။ ထိုအခါတိုင်းလည်း မူသူးကို ကျွန်တော်တို့ စလေ့ ရှိသည်။

မူသူး မပြန်ခင်တစ်ရက်မှာ Site Supervisor က မူသူးကို အလုပ်ပေါ့ပေါ့ပါးပါးသာ ပေး၏။ မနက်ဖြန် ပြန်မှာမို့ ကြီးလေးသော အလုပ်များ မလုပ်ပါနှင့် ဟု ဆိုသည်။ ကျွန်တော်လည်း သူ့ Safety အတွက် ဂရုစိုက်ဖို့ မှာရ၏။

သည်လိုနှင့် မူသူး ပြန်သွားလေပြီ။ အိန္ဒိယမှာ ခုချိန်ဆို သူ့မိသားစုနှင့် ပျော်နေလောက်ပေပြီ။ ဆိုဒ်ထဲက အလုပ်သမား တစ်ယောက်နှင့် စကားစပ်မိတော့ 'မူသူး နောက်နှစ်လလောက်ဆို ပြန်လာပြီး၊ တစ်လလောက် လုပ်ပြီး အလုပ်ထွက်လိမ့်မယ်' ဟု ဆိုသည်။ ကျွန်တော် အံ့သြသွား၏။ 'ဘာဖြစ်လို့လဲ' ဟု မေးတော့ 'ခုပြန်တာ အိန္ဒိယမှာ အိမ်ဆောက်ရင် သုံးတဲ့ အုတ်တွေလုပ်တဲ့စက် သွားရှာတာ၊ အဲဒါတွေ့ရင် သူ ကိုယ်ပိုင် အလုပ် လုပ်မှာလေ' ဆိုတော့ ကျွန်တော် မူသူးအတွက် ၀မ်းသာမိသည်။

Supervisor များ ပြောသမျှ ရိုကျိုးစွာ နာခံရင်း သူ့ဇနီး၊ သူ့သားသမီးများအတွက် မူသူးတစ်ယောက် နေ ပူပူမှာ ချွေးတစ်လုံးလုံးနှင့် ကုန်းရုန်းရှာနေပါလားဟု တွေးမိသည့်အခါ မူသူး၏ အချစ်၊ မူသူး၏ မေတ္တာ ကို လေးစားရင်း သူ့အိမ်မှာ ပျော်နေမည့် မူသူးမျက်နှာကို မြင်ယောင်နေမိ ပါသေးသည်။ ။

ဆူးသစ်
၂၀း၅၃ နာရီ
၂၈.၁၂.၂၀၁၀


Sunday, December 26, 2010

“မိန်းမအတွက်သီချင်းတစ်ပုဒ်”

မိန်းမရေ

ငါနင့်ကို လွမ်းလိုက်တာ။ နင်အဝေးကြီး ရောက်နေတုန်း ငါ ဘာတွေဖြစ်နေလဲ နင်သိလား။ အရင်လိုပဲ ယိုင်နဲ့နဲ့ လှည်းကြီး ငါမောင်းပြီး ဖုန်ထူနေတဲ့ ရွာထဲ လျှောက်သွားတယ်။ ပြီးတော့ စိတ်ပြေ လက်ပျောက် ဆိုပြီး ရွာထဲက ကာလသားတွေနဲ့ ငါလက်စွမ်းပြတတ်တဲ့၊ အသံကြောင်နေတဲ့ မယ်ဒလင် တစ်လုံးကို ညဘက်ဆို လက်သံ စမ်းနေတယ်။ ချက်ကျွေးမယ့်လူ မရှိတော့ ခြံထဲဆင်း၊ ချဉ်ပေါင်ရွက်ခူးလို့ရရင် ချဉ်ပေါင်ဟင်း ချက်စားတယ်။ တစ်ခါတလေ ချဉ်ပေါင်ရွက် မရရင်တော့ ငါ့ပါးစပ်ထဲ ကြုံရာ ပစ်ထည့် စားပစ်လိုက်တယ်။ နင်မှ မရှိတာ။ နင် အဆင်ပြေရင် မြန်မြန် ပြန်လာခဲ့ပါဟာ။ ငါ နင့်ကို တွေ့ချင်လိုက်တာ။

နင်မယုံဘူးလား။ ငါနင့်ကို လွမ်းတာ မိုးလင်း မိုးချုပ်ပါဟာ။ ဟိုးတောင်ထိပ်က ရောင်နီလာတဲ့ မိုးသောက်ချိန် မှာလည်း ငါလွမ်းတယ်။ အဲဒီ နေလုံးကြီး တို့ရွာအနောက်က မြစ်ထဲဆင်းပြီး ငုပ်သွားပြီဆို ငါထန်းတောထဲမှာ ထန်းရည် သောက်ရင်းလည်း လွမ်းတာပဲ။ နေ့ဘက်ဆိုလည်း တောင်ပေါ်တက်၊ ဖက်ခုတ်တော့ ငါလွမ်းတာပါပဲ မိန်းမရယ်။ နင်လည်း ငါ့ကို မမေ့ပါနဲ့ဟာ။

မိန်းမရေ - အိမ်ကတော့ အရင်လိုပဲ။ နင်မရှိကတည်းက အင်ဖက်လည်း မမိုးနိုင်လို့ ထားထားတာ၊ ညဘက်ဆို ကြယ်တွေ စုံရော။ ငါလည်း နင်ပြန်လာတာ စောင့်ရင်း အဖော်ရအောင် အိမ်မှာ ခွေးပိန် တစ်ကောင်တော့ ခေါ်မွေးထားတယ်။ သူခိုးမကပ်တဲ့ ငါတို့အိမ်လေး အနည်းဆုံးတော့ နင်ပြန်လာရင် ဒီကောင် သတိပေးရအောင် လေ။

မိန်းမရေ - ငါ အသုံးအစွဲ ပြတ်နေလို့ နင်အမြဲချက်နေကျ ထမင်းအိုးကြီး ငါ ပေါင်ထားလိုက်တယ်။ နင်ငါ့ကို အပြစ် မတင်ပါနဲ့ဟာ။ အဆင်ပြေရင် ပြန်ရွေးပေးပါ့မယ်။ ဘာပဲဖြစ်ဖြစ်ပါ မိန်းမရာ၊ ငါဆီမ၀ယ်နိုင်လို့ မထွန်းဖြစ်တဲ့ မီးခွက်ကြီးရယ်၊ ငါတို့ ရှိစုမဲ့စုနဲ့ ၀ယ်ပြီးမွေးထားတဲ့ ၀က်မကြီးရယ်၊ နင်မရှိလို့ မသွေးဖြစ်ဘဲ ဖုန်တင်နေတဲ့ ကျောက်ပျဉ်ကြီးရယ်၊ ပြီးတော့ နင်မရှိလို့ မှိုင်တွေနေရတဲ့ ငါရယ် အားလုံးက နင့်ကို လွမ်းနေကြပါတယ်ဟာ။

ငါနင့်ကို သတိရရင် ရွာအ၀င်လမ်းလယ်မှာ သွားထိုင်စောင့်တယ်။ လူတွေကတော့ ငါ့ကို မေးငေါ့ နှာခေါင်းရှုံ့ နေပြီဟာ။ နင်ပြန်လာရင် ငါယူထားတဲ့ အကြွေးတွေ သူတို့ လိုက်တောင်းကြလိမ့်မယ်။ ငါကလည်း ငါပဲဟာ။ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ မိန်းမရာ၊ အဆင်ပြေမယ်ဆိုရင်တော့ ငါအိမ်ပြန်လာချိန် နင့်ကို အရမ်းတွေ့ချင်တာပဲ ဟာ။

ငါတင်လားဆိုတော့ ဘယ်ဟုတ်ပါ့မလဲ။ အကြွေးတောင်းမယ့် လူတွေရယ်၊ ငါတို့ ညတိုင်းကြည့်တဲ့ ဗွီဒီယိုရုံက ဦးတုတ်ကြီးရယ်၊ ငါနဲ့ ပတ်သက်ပြီး နင့်ကို အတင်းတုတ်ချင်တဲ့ ရွာသူတွေရယ်၊ သူတို့လည်း လွမ်းနေပါတယ် မိန်းမရေ။ နင်ငါ့ကို စိတ်မဆိုးရင် မြန်မြန် ပြန်ခဲ့ပါဟာ။ ငါလွမ်းနေပြီဟ။
ယောက်ျား

တစ်ခါက တေးရေး၊တေးဆို အရိုး၏ အင်တာဗျူးတစ်ခု၌ 'သူ့မိန်းမက သူ့အတွက် သီချင်းတစ်ပုဒ် ရေးပေးဖို့ တောင်းဆို၍ နာမည်မှာ 'တင်' ပါသော သူ့မိန်းမအတွက် အထက်ပါ အကြောင်းအရာများဖြင့် သီချင်းတစ်ပုဒ် ရေးဖွဲ့ခဲ့သည်' ဟု ကျွန်တော် ဖတ်ရ၏။ ထိုသီချင်းကို Big Bag ဟုခေါ်သည့် ဟန်ထူးလွင်က သီဆိုထားသည်။ သီချင်း၏ နာမည်က 'မယ်တင်'။ တကယ့် အာဂ 'အရိုး' ပင်တည်း။ ရွာနှင့် မိန်းမအကြောင်းသည် အရိုးနှင့် ဟန်ထူးလွင် ပေါင်းကာ ခေတ်သစ် သီချင်းတစ်ပုဒ်အဖြစ် ကျွန်တော်တို့ ရင်တွင်း စီးဆင်းသည်။

သည်သို့ဖြင့် လူငယ်များနှင့် ဂီတာ စုတီးတိုင်း ကျွန်တော်က 'မယ်တင်' သီချင်းတီးလိုက်လျှင် ကန့်ကွက်မည့်သူ မရှိ။ လိုက်ဆိုကြသည့် သူချည်းသာ။ အားလုံးက ရနေကြသည်ကိုး။ ဤကဲ့သို့ ခံစားရပါသည်။ တကယ်လည်း ကောင်းလွန်းပါသည် ကိုအရိုး ခင်ဗျား။ ။


ဆူးသစ်
၂၀း၂၅ နာရီ
၂၆.၁၂.၂၀၁၀


Thursday, December 23, 2010

“ပယောဂများရဲ့ည”


ခက်ထန်မာကြောတဲ့လေ
အိမ်ခြေမဲ့လို့ ငါ့ပြူတင်းတံခါးကလာနှိုး
ဝုန်း...ဒိုင်းဆိုပြီး ဆိုးရွားလှပါကလား။

let me in - let me in ဆိုတဲ့
လေထန်ကုန်းက ကက်သရင်းရဲ့ အေးစက်စက်လက်
ငါ့ကိုပွေ့ဖက်လာသယောင် ထင်နေတုန်း
လောကကိုမထေမဲ့မြင်အပြုံးမျိုးနဲ့ပြုံးသွားတဲ့
အမုန်းအားဆေးပိုင်ရှင်ဟောင်း ဟိကလစ်ဖ်က
ငါ့ကိုအခန်းထဲကမောင်းထုတ်တယ်။

ရော့ ဟတ်ဆန်၊ မာရီလင်မွန်ရိုးနဲ့ အဲဗစ်ပရက်စလေ
အခန်းထဲဝင်ပြီးခုနှစ်တွေအကလာကပြတော့
ရယ်ရမလို ငိုရမလိုဖြစ်နေတုန်း
ဗြုန်းဆို ကောလိပ်ဂျင်နေ၀င်း ပေါ်လာပြီး လက်ကာပြ
'အဲဒီတော့ကာ - ဘာမှမပူရအောင်' ဆိုပြီး
'သဘင်သည်မ၀င်ရ' ဆိုင်းဘုတ်ကို ထုတ်အပြမှာ
အားလုံးဟာ ပြေးထွက်ပျောက်ကွယ်
လေးစားပါတယ်၊ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

ပယောဂပူးတဲ့ညထဲ
အိပ်မက်လည်း လမ်းထွက်လျှောက်နေတော့
'အဆောင်သူရဲ' သီချင်းဆိုတဲ့ ကိုဖိုးချိုရဲ့အသံ
နားစည်ထဲ စိမ့်လျှံနေဆဲ
စက်မှုတက္ကသိုလ်ထဲက စွယ်တော်ပင်အောက်
မကြောက်မရွံ့ ငါဟာစွန့်စားထွက်ခွာ
အဲဒီမှာ အချစ်ရှိနေတာပဲလေ ။ ။

သားလတ်
၅.၈.၁၉၉၄

Tuesday, December 21, 2010

“ကျွန်တော်တို့သည် " (၈)


ကျွန်တော်တို့ကျောင်းမှာ ခံစားရသော ဒုက္ခတစ်ခုရှိသည်။ 'ဒုက္ခ' ဟုပဲ ဆိုရမည်။ အဘယ်ကြောင့် ဆိုသော် စာသင် နေတုန်း ဆရာ၊ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများ ခဏခဏ ခံစားရသော စိတ်ပျက် စရာ ဖြစ်၍ပင်။ တခြားတော့ မဟုတ်။ လေယာဉ်ပျံ သုံးစီး အမြဲလို ကောင်းကင်မှာ ပျံသန်းနေခြင်းပင်။

ဆရာ၊ ဆရာမများက စာသင်နေပြီ၊ ကျွန်တော်တို့က အာရုံစိုက်နေပြီဆို၊ ထိုသုံးစင်းတည်းသော အသံထက် မြန်သည် ဆိုသည့် လေယာဉ်များက လေ့ကျင့်ပါလေပြီ။ အသံက ဆူလွန်း၍ ဆရာ၊ ဆရာမများ စာဆက်သင်၍ မရ။ ခဏ ရပ်ရတော့သည်။ ကျွန်တော်တို့လည်း အာရုံစိုက်မှု ပျက်တော့သည်။ ကျွန်တော်တို့ ကျောင်း၏ တည်နေရာက လေယာဉ်ကွင်းနှင့် နီးနေ၍ပဲ ထင်ပါသည်။

ပထမနှစ်မှာ အမှတ်မထင် မှတ်မိနေတာလေး တစ်ခုလည်း ရှိပါသေးသည်။ မြန်မာစာ ဆရာမ စာသင်နေချိန်၊ ခဏအနားပေးခိုက် ကျောင်းသားတစ်ယောက်က အတန်းနောက်မှာ '၀ီး..ဝေါ်၊ ၀ီး...ဝေါ်' နှင့် မီးသတ်ကားသံ၊ လူနာတင်ယာဉ်သံတွေ လုပ်ပြီး အော်နေသည်။ သူ့ဘာသာ ပျင်းရင်း လျှောက်လုပ်သည် ထင်ပါ၏။ ဆရာမက ကြားပြီး 'ဟဲ့ကောင်လေး - မလုပ်ကောင်းဘူး၊ ဇမ္ဗူဒိပ်၊ နိမိတ်' ဟု ဟန့်သည်။ ထို့နောက် စာပြန်သင်သည်။ သိပ်မကြာလိုက်။ ကျောင်းရှေ့ အင်းစိန်လမ်းမကြီးပေါ်မှာ မီးသတ် ကားများ ဖြတ်သွားသည်။ ဆရာမက ခုနက ကျောင်းသားကို ငါမပြောဘူးလား ဆိုသော ပုံစံနှင့် လှမ်းကြည့်ပါတော့သည်။ ကျွန်တော်တို့လည်း အံ့သြခဲ့ရ သေး၏။

မှတ်မိသလောက် ဆက်ပြောရလျှင် ကျွန်တော်တို့ ပထမနှစ်မှာ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ ထဲက ထူးထူးခြားခြား၊ ကျောင်းသားများ အတန်း လိုက်တက်ရသူ ဟူ၍ Physics သင်သော ဆရာ ဦးသာလှိုင် တစ်ယောက်သာ ရှိသည်။ တကယ်တော့ ဆရာက Section (A), L-1 ကို သင်သူ။ ကျွန်တော်တို့ ဆရာမ မလာသော အခါ ဆရာ လာသင်ပေး၏။ ဌာနမှူးလည်းဖြစ်၊ စာသင်လျှင် သီအိုရီ နားလည်အောင် အခြေခံ သဘောတရားများကို ပြည့်စုံစွာ ရှင်းပြတတ်သူလည်း ဖြစ်၍ ကျောင်းသားများ သဘောကျ ကြ၏။ သူငယ်ချင်း တစ်ယောက်က ဆိုလျှင် 'ဆရာက စာသင်နေရင်းနဲ့ ကမ္ဘာကြီးကို အပြင်ဘက်ကနေ ကုတ်နဲ့ ကော်တင်ချင် တင်နေတာကွ' ဟု ဆိုဖူးသည်။ ရူပဗေဒ၏ သဘောတရားများကို ဆရာဦးသာလှိုင်သည် ထုံးလို ချေ၊ ရေလို နှောက် ကျေညက်နေသည့် ပုံ။

တစ်ခါတော့ ဆရာ့ အချိန်ပြီးလျှင် မြန်မာစာ ဆရာမလေး အချိန်။ ဆရာက ကျွန်တော်တို့ အတန်းမှာ အစားထိုး လာသင်ချိန်ဖြစ်၍ ခဏ လာသင်သော်လည်း ထုံးစံအတိုင်း သီအိုရီကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းနေသောအခါ အချိန်ကုန်သွားသည်ကို မသိလိုက်။ နောက်မှ ကျောင်းသားများက မြန်မာစာ ဆရာမ စောင့်နေကြောင်း ဆရာ့ကို အားနာစွာ အသိပေးမှ ဆရာသည် မြန်မာစာ ဆရာမလေးကို ပြန်တောင်းပန်ရင်း အတန်းကို ရပ်လေသည်။

နောက်တစ်ခုက Roll Sheet ။ ကျွန်တော်တို့ ရန်ကုန်စက်မှု တက္ကသိုလ်မှာ စ၀င်ကတည်းက ဆယ်တန်း အောင်သည့် အမှတ်နှင့် ခုံနံပါတ် စီလိုက်ရာ အတန်းတက်မတက်ကို သိစေရန် ခုံနံပါတ်များအလိုက် လက်မှတ်ထိုးရသည့် စာရွက် (
Roll Sheet) ကို သက်ဆိုင်ရာ ဘာသာရပ် ဆရာ၊ ဆရာမများက ယူလာပေးရ၏။ စာသင်ပြီးလျှင် ပြန်သိမ်းသွား၏။ တစ်ခါတစ်ရံ တစ်ယောက်ယောက်က လက်မှတ်မထိုးဘဲ သူ့ဆီမှာ ယူထားရင်း စာဆက်နားထောင်နေသောအခါ အတန်းပြီးသည့်အခါ၌ ၀ိုင်း၍ လုထိုးရ၏။ နောက်ဆုံးထိုးသူက ဆရာမကို အပ်ရ၏။ ဆရာမ မစောင့်နိုင်လျှင် ဌာနကို သွားပေးရ၏။ ထို့ကြောင့် တစ်ယောက်ယောက်စီ သောင်တင် နေလျှင် သတိပေးရ၏။ Roll Sheet ထိုးပြီး အခြားသူကို ဆက်ပေးဖို့။

သောင်တင်နေရသည့် နောက်ထပ် အကြောင်းအရာ တစ်ု ရှိသေးသည်။ တချို့က တစ်ယောက်တည်း ထိုးတာ မဟုတ်။ အပြင်သွားသည့် သူငယ်ချင်း၊ ကင်တင်း
န် ဆင်းသည့် သူငယ်ချင်း၊ ကျောင်းလစ်သည့် သူငယ်ချင်း စသည်ဖြင့် ပတ်သက်ရာ ပတ်သက်ကြောင်းများအတွက် ထိုးနေလေရာ Roll Sheet စာရွက်မှာ နေရာ မရွေ့တော့။ ရံဖန်ရံခါ သူထိုးပေးနေသည့် လူတွေထဲမှာ တချို့က အတန်းထဲမှာ ရှိသည်။ သို့သော် ကိုယ်တိုင် မထိုး။ အဘယ်ကြောင့် ဆိုသော် ဆရာ စာသင်ပြီး လက်မှတ်ထိုးမည့်သူများ များနေပါက ထိုသူများက လုထိုး ရမည် စိုး၍ Roll Sheet စာရွက် အရင်ရနိုင်သူကို ထိုးခိုင်းသည့် သဘော။ သူတို့ ရလျှင်လည်း သူတို့ ကိုယ်စား အမြဲ ထိုးပေးနေသူများကို ပြန်ထိုးပေး၏။ များသော အားဖြင့် ယောက်ျားလေးများသာ ဖြစ်သည်။

တစ်ခါတော့ သင်္ချာ ဆရာမ အချိန်မှာ
Roll Sheet ကို လေယာဉ်ပျံ လုပ်ပြီး ပစ်လွှတ်လိုက်၍ တစ်တန်းလုံး အဆူ ခံရတော့သည်။ ပစ်လွှတ်သူက ဆရာ ဦးသာလှိုင်နှင့် ပတ်သက်၍ 'ဆရာက စာသင်နေရင်းနဲ့ ကမ္ဘာကြီးကို အပြင်ဘက်ကနေ ကုတ်နဲ့ ကော်တင်ချင် တင်နေတာကွ' ဟု ဆိုခဲ့သော သူငယ်ချင်း။ သို့သော် မည်သူမျှ မဖော်။ နောက်မလုပ်လျှင် ပြီးတာပဲဟုသာ နားလည်ပေးလိုက်ရသည်။

ဒါတောင် လက်ဆော့သူများက အတန်းထဲက ကောင်မလေးများ၏ ခုံနံပါတ်ဘေးမှာ ပေါက် ကရ ရေးချင် ရေးကြ သေးသည်။ ကောင်မလေးများတင်ပဲလား ဆိုတော့ မဟုတ်။ ယောက်ျားလေးချင်း လည်း ပါ၏။ တကယ်တော့ ထို အဖြစ်အပျက်များကား မမေ့ချင်စရာ။

ကျွန်တော်တို့သည် တစ်ချိန်က လေယာဉ်ပျံသံ ဆူညံနေသော ကျောင်းဝင်းထဲတွင် သည်းခံရင်း စာသင်ခဲ့ဖူး၏။
ကျွန်တော်တို့သည်အတွေ့အကြုံ ရင့်ကျက်သော ဆရာများနှင့်လည်း သင်ကြားခွင့် ရခဲ့ကြ၏။ ကျွန်တော်တို့သည် မိမိကျောင်းတက်ကြောင်း ရာခုန်နှုန်းရမည့် စာရွက်တစ်ရွက်ပေါ်တွင် လက်မှတ်များ ထိုးရင်း စနောက်ခဲ့ကြ၏။ ထိုစာရွက် များစွာပေါ်တွင်လည်း လက်မှတ်ပေါင်းများစွာ ထိုးခဲ့၏။ ရံဖန်ရံခါ မိမိလက်မှတ် မထိုးပါဘဲလျက် သူများထိုးပေးသော လက်မှတ်များဖြင့်လည်း ကျောင်းတက် ရာခိုင်နှုန်းများ ပြည့်ခဲ့ရ၏။ ကျွန်တော်တို့သည် ဆရာ၊ ဆရာမများ၏ အဆူအပူကို ရံဖန်ရံခါ ခံရ၏။ သို့သော် ကျွန်တော်တို့သည် ဆရာ၊ ဆရာမများကို လေးစားချစ်ခင်သော သူများလည်း ဖြစ်ကြ၏။ ။
ဆူးသစ်
၂၁း၀၅ နာရီ
၂၁.၁၂.၂၀၁၀

Saturday, December 18, 2010

“ချစ်သူသင်္ကေတ” အပိုင်း(၂)


"တိုးဝေပြောတဲ့ ချစ်သူသင်္ကေတ အယူအဆက ဘယ်လိုလဲ"

ကာလလေး တစ်ခုကြာတော့ ကျွန်တော်တို့မှာ ချစ်သူကိုယ်စီတွေ ရှိကုန်သည်။ တိုးဝေ ရောက်မလာခင် သုံးယောက် ဆုံချိန်မှာ လှိုင်ဦးက သတိတရ ဆို၏။

"ဒီကောင်က စကားတစ်ခွန်းကို ဗဟုသုတ ဖြစ်အောင် ပြောတတ်တယ်။ အယူအဆ ဆိုရင်လည်း မှန်ကြောင်း သက်သေပြဖို့ ကြိုးစားလေ့ ရှိတယ်။ ဒီတစ်ခါ အယူအဆမှာတော့ ငါတို့နဲ့ အဲဒီ အယူအဆက လွဲနေသလိုပဲ"

ကျွန်တော်က မ၀ံ့မရဲ ဆိုသည်။

"ဒီကောင်လာရင် ငြင်းကြတာပေါ့ကွာ"

သိုက်နောင်ကလည်း ဘာတွေတွေ့ထားသလဲ မဆိုနိုင်။ ငြင်းချင်နေပုံ။

"တစ်ခုတော့ ငါတို့ သူ့ကို ကျေးဇူးတင်တယ်။ တိုးဝေက စာဖတ်တော့ ငါတို့မသိသေးတဲ့ စကား လုံးလေး တွေရဲ့ အဓိပ္ပာယ်ကို သူရှာပေးတာလေ"

"ဘာလဲ၊ Iron Cross တီးဝိုင်းရဲ့ အဓိပ္ပာယ်ဟာ ဘာကြောင့် သူရဲကောင်းလေးများ ဖြစ်သလဲဆိုတာမျိုးလား"

ကျွန်တော်မေးသည်ကို လှိုင်ဦး ခေါင်းညိတ်သည်။

ဒါတော့ ဟုတ်သည်။ "လင်းယုန်မောင်မောင်"၏ "ဟစ်တလာ" စာအုပ်မှာ သူရဲကောင်း တံဆိပ်ကို Iron Cross ဟု ခေါ်ကြောင်း သူတွေ့ဖူးတာကို တိုးဝေပြောပြ၍ ကျွန်တော်တို့ သိရသည်။ ကျွန်တော်တို့ ဘာသာဆို Iron Cross ၀ိုင်းကို Crazy ဖြစ်တာသာ ရှိမည်။ ဘာကြောင့် သူရဲကောင်းလေးများဟု ခေါ်တာကို စိတ်ဝင်စားစွာ ရှာမိမည် မဟုတ်။

ဒါကိုလည်း တိုးဝေက လက်မခံ။ 'ယောက်ျားကောင်း ယောက်ျားမြတ်တွေရဲ့ အင်္ဂါရပ် ခြောက်ပါးထဲမှာ နား နှစ်ဖက်မှာ ဗဟုသုတနဲ့ တန်ဆာဆင်ရမယ် ဆိုတာ ပါကြောင်း' ပြောပြီး ကျွန်တော်တို့ကို နှိပ်ကွပ်ခဲ့၍ ငြိမ်ခံ ခဲ့ရသည်။

ဟုတ်တော့လည်း ဟုတ်ပါသည်။ ကျွန်တော်တို့ကတော့ ကျောင်းစာနှင့် ခေတ်၏ နည်းပညာကလွဲ၍ တိုးဝေလို နိုင်ငံရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု စသော အပိုင်းတွေမှာ မနှံ့စပ်။ တိုးဝေသည် သူ့ကျောင်းက စက်မှု ဘာသာရပ်တွေ အပြင် ထိုအရာတွေပါ လိုက်စားသောအခါ ကျောင်းမှာ Roll (ခုံနံပါတ်) က မတက်ဘဲ ကျ၊ ကျ လာခဲ့တာ ကျွန်တော်တို့ သတိထားမိသည်။

သူ့ကို သတိပေးပြန်တော့ လောကမှာ ကျောင်းစာထက် အရေးကြီးတဲ့ အရာတွေ ငါ့မှာ ရှိသေးတယ်ဟု ဆိုတတ်၍ ကျွန်တော်တို့လည်း ဘာမှ မတတ်သာတော့။

"ဟေ့ကောင်တွေ၊ ငါ ရုပ်ရှင်သွားကြည့်နေလို့ကွာ၊ နောက်ကျသွားတယ်"

ရောက်ရောက်ချင်း တိုးဝေ ဆိုသည်။

"ဘာကားလဲ"

"မင်းတို့ စိတ်မ၀င်စားတဲ့ ရာဇ၀င်ကားကြီးပေါ့ကွာ"

တိုးဝေ ပြောကတည်းက ဘာကားလဲ ဆိုသည်ကို သူတို့ သိလိုက်ပြီ။ ငွေကြေး မြောက်မြားစွာ အကုန်အကျ ခံ၍ ရိုက်ထားသော ထိုဇာတ်ကားကို တိုးဝေ ကောင်းမှုကြောင့် ၀တ္ထုဖတ်ရသော်လည်း ရုပ်ရှင် မကြည့်ဖြစ်ခဲ့ကြ။ တိုးဝေ ခေါ်လည်း မလိုက်၍ သည်ကောင် သူ့ဘာသာ သွားတာ နေလိမ့်မည်။

"ဒီလိုကားမျိုးကို ဒီလောက် ပိုက်ဆံကုန်ခံနိုင်ရင် ဆရာကြီး 'ရန်ကုန်ဘဆွေ' ရဲ့ 'မြန်မာပြည်သား' လို ၀တ္ထုမျိုး၊ ဆရာ 'နတ်နွယ်' ရဲ့ 'မြန်မာပြည်မြောက်ပိုင်း' လို ၀တ္ထုမျိုးတွေ ရိုက်သင့်တယ်ကွာ။ ငါဒီကားကို သိပ် အားမရဘူး။ ဇာတ်လမ်းကြောင့်လား မသိဘူး"

တိုးဝေပြာသော ၀တ္ထုများက တိုးဝေ ညွှန်းပြီး ယူလာ၍ သူတို့ဖတ်ပြီးသားတွေ ဖြစ်သည်။ တကယ်ကို ကောင်းသော ၀တ္ထုများ။ ခုလည်း ရုပ်ရှင်ကြည့်လာပြီး သည်ကောင် ဘာကို အစာမကြေ ဖြစ်လာ သလဲ မဆိုနိုင်။

"မင်းတို့ကလည်း ချစ်သူတွေ ရပြီးမှ ပျောက်ချက်သား ကောင်းနေတာ၊ ငါတောင် မင်းတို့ကို တွေ့ချင်လို့ မနည်း ချိန်းရတယ်"

"မင်းက ဘာအယူအဆတွေ ရလာလို့ ငါတို့ကို ဒီလောက် တွေ့ချင်ရတာလဲ"

"အသစ်မဟုတ်ဘူး။ အဟောင်းကို ဆန်းစစ်ချင်တာ။ ငါပြောထားတဲ့ ချစ်သူ သင်္ကေတ မှန်၊ မမှန် သိချင်လို့"

တိုးဝေကို ကြည့်ကာ အားလုံး ခေါင်းကုတ်သည်။ သည်ကောင် ပြူးကြောင်ကြောင် ဖြစ်သွား၏။

"ဘာဖြစ်လို့လဲကွ"

"ဘာဖြစ်ရမှာလဲ၊ ငါက ခြေမနဲ့ ခြေညှိုး ညီတဲ့ကောင်၊ မင်းပြောသလိုဆို ငါ့ချစ်သူက ငါနဲ့ Level တူပဲ။ ပညာ အရည်အချင်းတောင် သိပ်ကွာမှာ မဟုတ်ဘူး။ ခုဟာက တလွဲကြီး"

"ဘယ်လို လွဲတာလဲ"

"ဟ- ငါက ဆရာဝန်လုပ်မယ့်လူ။ အခု ငါ့ချစ်သူက သူနာပြုဆရာမလေး၊ မင်းပြောသလိုဆို ငါနဲ့ ထိုက်တန်တာ ဆရာဝန်၊ အင်ဂျင်နီယာ လောက်ပဲ ဖြစ်ရမှာ၊ အခု မင်းပြောတဲ့ ချစ်သူသင်္ကေတနဲ့ မကိုက်ဘူး ဟေ့ကောင်"

"ငါလည်း အဲဒီလိုပဲ တိုးဝေ။ ငါ့ခြေညှိုးက ခြေမထက် နည်းနည်းနိမ့်တယ်။ မင်းရဲ့ အယူအဆ အရ ငါ့ထက် နိမ့်တဲ့ လူဟာ ငါ့ချစ်သူ ဖြစ်ဖို့ရှိတယ်။ ဒါပေမဲ့ အခု ငါနဲ့ ချစ်သူဖြစ်နေတာ ငါ့ထက် အစစ၊အရာရာ သာတဲ့ အမျိုးသမီး ဖြစ်နေတယ်။ ငါက စီးပွားရေးဘွဲ့ရ။ သူက ဆရာဝန်မကွာ။ ငါက ဆင်းရဲသလောက်၊ သူက ချမ်းသာတာမှ မတရားပဲ"

သိုက်နောင်နှင့် ကျွန်တော့်ကို တိုးဝေက စူးစူးစိုက်စိုက် ကြည့်လျက် နားထောင်သည်။

"ငါစဉ်းစားနေတာ တစ်ခုရှိတယ် တိုးဝေ၊ ငါက ခြေမထက် ခြေညှိုး ရှည်တဲ့ ကောင်လေကွာ၊ ငါ့ထက်သာတဲ့ သူနဲ့ ရမယ်လို့ ထင်ချင်စရာပဲ။ ဒါပေမဲ့ ငါ့ချစ်သူက ငါ့ထက် တော်တော်လေး နိမ့်ပါတယ်။ ဆယ်တန်းလည်း မအောင်ဘူး၊ နွမ်းပါးတာလည်း လွန်ရော၊ ငါတို့  အသိုင်းအ၀ိုင်းနဲ့က သိပ်မလွယ်လောက်ဘူး"

"ဒါဆိုရင် မင်းတို့နဲ့ ငါသိလာတဲ့ အယူအဆနဲ့ လွဲနေပြီပေါ့"

တိုးဝေကို အားလုံး ခေါင်းညိတ်ပြလိုက်သည်။ သည်ကောင် တည်ငြိမ်စွာနှင့် ငြိမ်သက်သွား၏။

"ထားလိုက်ပါ တိုးဝေရာ၊ အယူအဆ ဆိုတာ မှန်ချင်မှန်၊ မှားချင်မှားပေါ့။ ငါတို့က စိတ်ဝင်စားစရာ တစ်ခုလို သဘောထားပြီး လေ့လာတာပါ။ မင်းလည်း အရင်က ဒီသဘောပဲ ထားခဲ့တာ မဟုတ်လား"

"အေးကွာ၊ ငါပဲ အမှတ်မှားတာလား မသိပါဘူး။ ချစ်သူကို ပြောတာလား၊ အိမ်ထောင်ဘက်ကို ပြော သလား၊ ပြန်ဆန်းစစ်ဦးမှ ပါပဲ"

"ဒါနဲ့ ငါတို့ကိုတော့ မေးပြီးတော့၊ မင်းရော ချစ်သူ မတွေ့သေးဘူးလား"

"ငါ့မှာ ရှာဖွလေ့လာရတာနဲ့ ချစ်သူ ဘယ်နားမှာ ရှိမှန်းတောင် မသိပါဘူးကွာ"

"ကိုယ့် ခြေထောက်ကို ကိုယ်ပြန်ကြည့်ထားဦး။ မှန်သလား၊ မှားသလား သိရအောင်"

သိုက်နောင်က စတော့ တိုးဝေ ရယ်သည်။

"ငါက မင်းရဲလိုပဲ။ ခြေညှိုးက ခြေမထက် နိမ့်တယ်"

တိုးဝေ စကားကြောင့် ကျွန်တော်တို့ ငုံ့ကြည့်တော့ ဟုတ်သည်။

"ချစ်သူရရင် ပြောမယ်ကွာ။ ငါ့ချစ်သူကို မင်းတို့ စိတ်ဝင်စားမယ်ဆိုတာ သိပါတယ်"

ကျွန်တော်တို့ တိုးဝေ ပုခုံးကို လှမ်းပုတ်လိုက်သည်။ အားလုံးထဲမှာ သူတစ်ယောက်တည်း ကျန်နေ၍ ဘာပဲဖြစ်ဖြစ် ချစ်သူတစ်ယောက် ရစေချင်၏။

စောင့်တော့ ကြည့်ရဦးမည်။ တိုးဝေ ချစ်သူသည် ကျွန်တော်တို့ သိထားသော တိုးဝေ အယူအဆနှင့် ကိုက်မကိုက်။ တစ်နည်းအားဖြင့် ဆိုရလျှင် ချစ်သူသင်္ကေတ မှန်၊ မမှန်။


***************************************

"တိုးဝေ ချစ်သူ ရသွားပြီ" တဲ့။

ကျွန်တော့်ဆီကို လှိုင်ဦးနှင့် သိုက်နောင် ရောက်လာသည်။ အားလုံး ၀မ်းသာ၏။ တိုးဝေကို ဂုဏ်ပြုရန် သူတို့ နှစ်ယောက်နှင့် တိုင်ပင်သည်။ တိုးဝေသည် ကျွန်တော်တို့ သူငယ်ချင်းတွေ၏ ဗဟုသုတကို ပြည့်စုံ သည်ထက် ပြည့်စုံစေဖို့ ရှာဖွေဖြည့်ဆည်းပေးသူ ဖြစ်၍ ကျေးဇူးတွေ ကျွန်တော်တို့ ဆီမှာ ရှိနေသည်။ ဒါကို သူ့ချစ်သူကို ပြောပြရင်း ဂုဏ်ပြုရမည်။

သည်လိုနှင့် တိုးဝေကို လှမ်းချိန်းသည်။ ရက်သတ်မှတ်သည်။ အားလုံး ချိန်းပြီးချိန်မှာတော့ ကြေကွဲစရာ သတင်းဆိုးတစ်ခု ကျွန်တော်တို့ဆီကို ရောက်လာခဲ့သည်။

"တိုးဝေ ဆုံးသွားပြီ"တဲ့။

ဘယ်လိုမှ ယုံနိုင်စရာမရှိ။ သူတို့ ချစ်သူနှစ်ယောက်ကို ဂုဏ်ပြုမည့်ရက် မတိုင်မီမှာ ကား အက်ဆီးဒင့် ဖြစ်သည်။ ကျွန်တော်တို့ ဘယ်လိုမှ ဖြေမဆည်နိုင်။

နောက်ဆုံး အသုဘကို ရောက်မှ တိုးဝေဆုံးတာ လက်ခံရတော့သည်။ ကျွန်တော်တို့ အသုဘ လိုက်ပို့ပါသည်။ တိုးဝေ ချစ်သူဆိုသော ကောင်မလေးလည်း လာသည်။ တိုးဝေ မိသားစုက ပြ၍ ကျွန်တော်တို့ သိရခြင်း ဖြစ်သည်။ တိုးဝေက ကျွန်တော်တို့ကို သူမနှင့် ဂုဏ်ပြုပွဲနေ့မှာ မိတ်ဆက်ပေးမည်ဟု ဆိုခဲ့သည်။ ခုတော့ တိုးဝေ အသုဘမှာ တိုးဝေချစ်သူကို မြင်ခွင့်ရခဲ့သည်။

ကောင်မလေးကို တိုးဝေ မိဘတွေက သိပ်သဘောတွေ့ပုံမရ။ တိုးဝေတို့ထက် အစစအရာရာ နိမ့်ကျပုံ ရှိသည်။ တိုးဝေလို အင်ဂျင်နီယာလည်း မဟုတ်ဟု ဆိုသည်။ ကျွန်တော်က တိုးဝေ ခြေမ သည် ခြေညှိုးထက် ပိုရှည်သည် ဆိုတာကို တွေးမိလိုက်၏။

တိုးဝေ ကောင်မလေးကို ကျွန်တော်တို့ လေ့လာရင်း ကျွန်တော့်မျက်စိက သူမ၏ ခြေထောက်ဆီကို အမှတ်မထင် အကြည့်ရောက်သည်။ လေဒီရှူးစီးထားသော သူမ၏ ခြေစုံက ဖြူဖွေးပြီး လှနေတာတွေ့၏။ ခြေချောင်းကို မမြင်ရ။

တိုးဝေတစ်ယောက် ကျွန်တော်တို့ အုပ်စုထဲက အပြီးအပိုင် ခွဲထွက်သွားလေပြီ။ သို့သော် သူ့အယူအဆ မှတ်သားစရာကို ကျွန်တော်တို့ ဘယ်တော့မှ မေ့မှာ မဟုတ်။


***************************************

တိုးဝေဆုံးပြီး တစ်လပြည့်သည့်နေ့မှာ ပိတ်ရက်နှင့် ဆုံ၍ ကျွန်တော်တို့ ဘုရားတက်၏။ တိုက်ဆိုင်စွာ တိုးဝေ ကောင်မလေးက ဘုရားလာ၏။ ကျွန်တော်ပြတော့ လှိုင်ဦးနှင့် သိုက်နောင် လှမ်းအကဲခတ်သည်။

"သူ့ချစ်သူ ဆုံးတာ တစ်လပြည့်တော့ သူလည်း ကုသိုလ် လာလုပ်တာထင်တယ်။"

လှေကားခြေရင်းမှာ ဖိနပ်ချွတ်တော့ ကျွန်တော့် မျက်စိတွေက တိုးဝေကောင်မလေး၏ ခြေထောက်ကို အမှတ်မထင် ရောက်သွားပြန်သည်။

"ဟာ"

တိုးဝေ ကောင်မလေးသည် ကျွန်တော်တို့ကို တိုးဝေ သူငယ်ချင်းမှန်း မသိ။ သူ့ဘာသာ အေးအေးလူလူ ဖိနပ် ချွတ်နေသည်။ သူမစီးထားသည်က တိုးဝေ အသုဘ တုန်းကလို လေဒီရှူးပင်။

"ဟေ့ကောင်တွေ၊ ကောင်မလေး ခြေချောင်းလေးတွေကို ကြည့်စမ်း"

ကျွန်တော်ပြောတော့ လှိုင်ဦးနှင့် သိုက်နောင်က မသိမသာ အကဲခတ်သည်။

"ဟာ"

တကယ်လည်း အံ့သြချင်စရာ။ တိုးဝေ ကောင်မလေး၏ ခြေညှိုးလေးများသည် မွေးကတည်းက ပါမလာသည့် ပုံ။ ကျွန်တော်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ပြီးတော့ တိုးဝေ၏ အယူအဆက ခေါင်းထဲမှာ အသစ်ဖြစ်လာသည်။ ဆက်စပ် တွေးလိုက်ကြသည်။

ခြေမသည် ကာယကံရှင်ဖြစ်၍ ခြေညှိုးသည် ထိုသူ၏ ချစ်သူဟူ၍ တိုးဝေ ဆိုခဲ့သည်။ ကျွန်တော်တို့ တစ်တွေမှာ အယူအဆ မမှန်သမျှ တိုးဝေက သူ့ကျမှ မှန်အောင် လုပ်သွားသည်လား။

တိုးဝေ မိဘတွေ ပြောစကားအရ တိုးဝေ ကောင်မလေးက တိုးဝေထက် နိမ့်ပါးလွန်းသည်။ ဒါက တိုးဝေဘက်က သင်္ကေတတွေ၏ အမှန်။ တိုးဝေ ကောင်မလေးဘက်က ကြည့်တော့ ခြေညှိုးမပါ၍ သူမမှာ ချစ်သူဆိုတာ မရှိနိုင် တော့ဘူးလား။ ရှိခဲ့သည့်တိုင် ခုလို ဆုံးပါးခဲ့ရသည်လား။ လောလောဆယ်တော့ တိုးဝေ အယူအဆက ကောင်မလေး ဘက်ကလည်း အမှန်။

ကျွန်တော်တို့ ချစ်သူတွေမှာရော၊ ဘာတွေ ရှိနေသနည်း။ နောင်တစ်ခါတွေ့လျှင် သူတို့ ခြေချောင်းတွေ ကို ပြန်ကြည့်ရဦးမည်။ ကျွန်တော်တို့ဘက်က မမှန်သည့်တိုင် သူတို့ဘက်မှာ သည် အယူအဆ မှန်နေမလား။

တကယ်တော့ သည်အယူအဆသည် တိကျသေချာသော ယူဆချက်ဟု ကျွန်တော်တို့ လက်မခံခဲ့ပါ။ သို့သော် တိုးဝေ၏ အဖြစ်ကလေးနှင့် အတူ ချစ်သူတွေကို ကျွန်တော်တို့ စိတ်ဝင်စားသွားရပြီ ဖြစ်သည်။

ချစ်သူတွေ၏ သင်္ကေတကို ကျွန်တော်တို့ သူငယ်ချင်း တိုးဝေကို သတိရစိတ်နှင့် အတူ လေ့လာ ကြည့်ပါဦး မည်။ ။


သားလတ်
(၂၀၀၃ခုနှစ်-မေလ၊ ဂန္ထ
ဝင်မဂ္ဂင်း)

Friday, December 17, 2010

“ချစ်သူသင်္ကေတ” အပိုင်း(၁)


"မင်းတို့ ရွေးချယ်ချင်တဲ့ ချစ်သူဟာ မင်းတို့ထက် မြင့်တယ်၊ နိမ့်တယ်၊ သာတယ်၊ မသာဘူးဆိုတာကို ခန့်မှန်းလို့ ရတဲ့ နည်းတစ်ခု ငါဒီနေ့ ရခဲ့တယ်"

ကျွန်တော်တို့ သူငယ်ချင်းအုပ်စုထဲမှာ တိုးဝေသည် ဗဟုသုတ ကြွယ်ဝချင်သူ ဖြစ်ပြီး အယူအဆများ၊ စကားလုံးများ ကို ရှာဖွေလေ့လာ၍ သယ်ဆောင်လာတတ်သူ ဖြစ်သည်။ သည်နေ့လည်း လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်း ကွန်ပျူတာ အကြောင်း ဆွေးနွေးနေသော ကျွန်တော်တို့ဆီကို အယူအဆ အသစ်တစ်ခု ယူလာပြန်လေပြီ။

"လုပ်စမ်းပါဦး တိုးဝေ။ မင်းယူလာတဲ့ အယူအဆတွေဟာ မှန်တယ်၊ မမှန်ဘူး ချက်ချင်းပြောလို့ မရပေမယ့် စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်"

လှိုင်ဦး စကားကြောင့် ကျွန်တော်တို့ ပြုံးသည်။ တိုးဝေက ခပ်တည်တည် ကြည့်၏။

"မင်းရဲ၊ မင်းကရော ဘယ်လိုမြင်လဲ"

တိုးဝေ မေးခွန်းက ကျွန်တော့်ကို ဦးတည်လာသည်။ သိုက်နောင် တစ်ယောက်ပဲ သည်ကောင် မေးဖို့ကျန်တော့ သည်။

"စိတ်ဝင်စားတယ်ကွာ။ မင်းက ငါတို့ထက် စာဖတ်အား ကောင်းတယ်။ လူကြီး သူမတွေနဲ့ ထဲထဲဝင်ဝင် ပေါင်းတယ်။ ငါတို့က ကွန်ပျူတာတွေ၊ Machnice တွေ၊ ဆားကစ်တွေ၊ စာရင်းအင်းတွေက လွဲရင် ဘာမှသိတာ မဟုတ်ဘူး။ ဒီတော့ မင်းပြောတာကို စိတ်ဝင်စားတယ်။ ဆိုပါဦး"

"သိုက်နောင်ရော"

"မေးစရာမလိုဘူး။ ဖြေပြီးသားပဲ"

တိုးဝေ ကျေနပ်သွားသည်။ ကိုယ်ကို မတ်ရင်း ဝေးဝေးကို ကြည့်၏။

"ဒီလိုကွ၊ ဒီနေ့ ငါ စကားတစ်ခု ကြားခဲ့ရတယ်။ ငါတို့ရမယ့် ချစ်သူတွေကို ခန့်မှန်းဖို့ ငါတို့ရဲ့ ခြေထောက် နှစ်ချောင်းကို ကြည့်လို့ရတယ်တဲ့"

"ဟေ"

"ဘာကွ"

"ဗုဒ္ဓေါ"

မင်းရဲ၊ လှိုင်ဦး၊ သိုက်နောင်တို့ အာမေဋိတ်သံတွေ လျှံကာ တိုးဝေကို ကြည့်သည်။

"ဘာလဲ၊ မယုံဘူးလား"

"မယုံတာ မဟုတ်ဘူး။ မင်းဟာကို ရှင်းအောင်လုပ်"

"ဒီလိုကွ။ ငါတို့ရဲ့ ခြေထောက်တွေမှာ ခြေမနဲ့ ခြေညှိုးနှစ်ခု ရှိတယ်။ အဲဒီ ခြေမတွေဟာ ငါတို့ကိုယ်တိုင် ဖြစ်ပြီး ခြေညှိုးတွေကတော့ ငါတို့ ချစ်သူတွေ ဖြစ်တယ်လို့ ဆိုလိုတာကွ"

"မဆိုးဘူး။ စိတ်ဝင်စားဖို့ ကောင်းလာပြီ"

လှိုင်ဦးက ကိုယ်ကို ရှေ့ကို ကိုင်းသည်။

"သဘောကတော့ကွာ အဲဒီ ခြေချောင်းဟာ ငါတို့ရဲ့ အရည်အသွေးနဲ့ ငါတို့ ချစ်သူရဲ့ အရည်အသွေး နှစ်ခုကို ပြတယ်။ တကယ်လို့ ငါတို့ ခြေမဟာ ငါတို့ ခြေညှိုးထက် တိုနေရင် ငါတို့ ချစ်သူဟာ ငါတို့ထက် မြင့်တယ်။ ခြေမရော ခြေညှိုးပါ တူနေရင် ငါတို့ ရမယ့်ချစ်သူနဲ့ ငါတို့ဟာ လိုက်ဖက်ညီတယ်ပေါ့ကွာ"

"ထူးတော့ ထူးဆန်းသား။ မင်းပြောမှပဲ ငါတို့တွေ ချစ်သူရရင် ငါတို့ ခြေထောက်၊ သူတို့ ခြေထောက်တွေကို ပြန်ဆန်းစစ်ရမယ့် ပုံပဲ"

မင်းရဲ စကားကြောင့် အားလုံး ရယ်ကြသည်။

"ကြီးတာ သေးတာ မပြောဘဲ ဘာလို့ ရှည်တာ တိုတာ ပြောတာလဲကွ"

"သိုက်နောင်ကလည်း ခြေမဆိုတာ အမြဲတမ်း ကြီးတာ၊ ဒီတော့ ကြီးတာ သေးတာ ယှဉ်ရင် ခြေမက အမြဲကြီးနေတော့ ငါတို့က အမြဲသာပြီး၊ ငါတို့ရမယ့် ချစ်သူတွေက နိမ့်နေတော့မှာပေါ့ကွာ"

တိုးဝေပြောတော့ ဟုတ်သလိုလို ရှိသား။ တစ်ခုပဲ၊ သူ့အယူအဆ မှန် မမှန်ဆိုတာ ဘယ်သူမျှ မပြောနိုင်။ ဘယ်ကလာသော အယူအဆမှန်းလည်း မသိ။

"ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ကွာ။ ငါတို့ရဲ့ ချစ်သူ ဘယ်လိုရှိမယ်ဆိုတဲ့ သင်္ကေတ တစ်ခုတော့ ငါတို့ ရသွားတာပေါ့"

လှိုင်ဦးက စကားဝိုင်းကို အဆုံးသတ်ရန် ကောက်ချက်တစ်ခုကို ချသည်။ တိုးဝေစကား မှန် မမှန်ကို ကျွန်တော်တို့ ချစ်သူရမှပဲ သိရမည်ဖြစ်၍ လောလောဆယ်မှာ ကျွန်တော်တို့၏ ဘာသာရပ်တွေလောက် စိတ်မ၀င်စားမိတာ အမှန်ပင်။ ထို့ကြောင့် ခြေထောက်တွေကို ငုံ့ပင် မကြည့်မိ။

*******************************************

ကျွန်တော်၊ တိုးဝေ၊ လှိုင်ဦး၊ သိုက်နောင်တို့သည် ဆယ်တန်း အောင်သည်အထိ တစ်ကျောင်းတည်းမှာ အတူ တက်ခဲ့သော တစ်ရပ်ကွက်တည်းနေ သူငယ်ချင်းများဖြစ်ကြသည်။

ဆယ်တန်းအောင်တော့ တိုးဝေက စက်မှုတက္ကသိုလ်၊ ကျွန်တော်က စီးပွားရေးတက္ကသိုလ်၊ လှိုင်ဦးက ကွန်ပျုတာ တက္ကသိုလ်နှင့် သိုက်နောင်က ဆေးတက္ကသိုလ်သို့ တကွဲတပြားစီ ရောက်သည်။ သို့သော် ကျွန်တော်တို့ အားလုံးသည် အားလပ်ချိန်တိုင်း ဆုံဖြစ်ပြီး ခေတ်၏ ပြောင်းလဲမှုတွေကို သုံးသပ်တတ်ကြသည်။

တက္ကသိုလ်ကျောင်းသားများ ဖြစ်၍လည်း ခေတ်ကို မျက်ခြည်ပြတ်မခံချင်သော စိတ်နှင့် ကွန်ပျူတာ ပေါ်လာလျှင် ကွန်ပျူတာ ဘာလဲ သိအောင်လိုက်သည်။ အင်တာနက်ပေါ်လာတော့ အင်တာနက်ဘာလဲ သိအောင် လိုက်သည်။ သည်လိုနှင့် ကျွန်တော်တို့၏ ကျောင်းစာများနှင့် ခေတ်၏ နည်းပညာများကြားမှာ ပျော်မွေ့ခဲ့သည်မှာ တော်တော်ကြာပြီဖြစ်၍ ချစ်သူဆိုသော စကားရပ် အတွက် မေ့ထားနိုင်ခဲ့သည်။

သည်လို မေ့ထားချင်စရာ အကြောင်းကလည်း ရှိသည်။ တိုးဝေလေ။ သည်ကောင်က စကားလုံးတွေကို ရှာဖွေ သည်။ အယူအဆတွေ ဟုတ်မဟုတ် လေ့လာ သုံးသပ်သည်။ ကျွန်တော်တို့ကလည်း သူနှင့် တွဲနေ၍ သူပြောသမျှ ကြားနေရသည်။ သည်တော့ ခေတ်၏ နည်းပညာကို မျက်ခြည်ပြတ်မခံချင်သော ကျွန်တော်တို့ အုပ်စုသည် ခေတ်ကို မျက်စိဖွင့်ရင်း တိုးဝေကြောင့် ဘာသာရေး စာအုပ်တွေ၊ သမိုင်းစာအုပ်တွေ ကြားထဲ ရောက် ရောက် သွား၏။ တစ်နည်းအားဖြင့် ဆိုရလျှင် သတင်းနှင့် နည်းပညာ ခေတ် ထဲမှနေ၍ ကျောက်ခေတ်၊ ကြေးခေတ်တွေထဲ ပြန်ရောက်သွားကြခြင်းပင်။


*******************************************

(အပိုင်း၂ ကို ဆက်လက်ဖတ်ရှုပေးပါရန်)

Wednesday, December 15, 2010

“အနားဒူရေး”


ကျွန်တော်လုပ်နေသော အလုပ်ထဲမှာ လူမျိုးပေါင်းစုံ ရှိသည်ဟု ကျွန်တော် ဆိုခဲ့သည်။ Jurong Island မှာ Project အကြီးကြီး လုပ်ရင်း Cable များဆွဲရန် အချိန်ကျလာသော အခါ တခြား Site မှ အလုပ်သမားများပါ ထပ်ခေါ် ရတော့၏။ ထိုအခါ ကျွန်တော်နှင့် နောက်ထပ် လူမျိုးခြား များစွာ ထပ်မံ ထိတွေ့ ဆက်ဆံရတော့သည်။ ထိုအထဲက မှ ကုလားတစ်ယောက်ကတော့ ထူးထူးခြားခြားပင်။

သူက Foreman ။ သူ့ကို စသိတော့ မြေပြင်မှ ခေါင်မိုးပေါ်သို့ Cable အကြီးကြီးများ ဆွဲသည့် အချိန်။ မြန်မာများက သူ့ Timing မှာ လိုက်ဆွဲရသည်။ သူက Foreman ဖြစ်၍ သူ့စကားကို အလုပ်သမားများ နားထောင်ရသည့် သဘော။ ကျွန်တော်နှင့် စသိပုံကလည်း ကြည့်ပါဦး။ Safety Supervisor ဖြစ်သည့် ကျွန်တော်က သူတို့အဖွဲ့ကို စောင့်ကြည့်နေတုန်း သူကျွန်တော့်ဆီ ရောက်လာသည်။

"အစ်ကို့  - မင်္ဂလာပါ"

"ဟင်"

ကျွန်တော် အံ့သြသွားသည်။ ရယ်လည်း ရယ်ချင်၏။ ကုလားတစ်ယောက်က ကျွန်တော့်ကို မြန်မာလို ပီပီသသ နှုတ်ဆက်နေတာကိုး။ ကျွန်တော်ကတော့ Safety ဖြစ်နေ၍ ခပ်တည်တည်နှင့်ပင် 'မင်္ဂလာပါ' ဟု နှုတ်ဆက်ရင်း ဘာမျှ ဆက်မဆိုဖြစ်။ Site ထဲမှာ နီးစပ်ရာ သင်ရင်း ဘာသာစကားများ တတ်ကုန်ကြသည်က အထူးအဆန်း မဟုတ်။ သည်လောက်တော့ ရှိမှာပေါ့ဟု တွေးကာ နေကြည့်သည်။ ကျွန်တော့်အထင် လွဲသွား၏။

"အစ်ကို့ - ပြဿနာရှိတယ်။ ပြဿနာရှိတယ်"

စောစောက ကုလား ကျွန်တော့်အနား လာပြီး နောက်တစ်ခါ ပြောသည့် စကား။ ဘယ့်နှယ့်၊ သူက "ပြဿနာရှိတယ်" ကိုပါ သိနေရတာပါလိမ့်။ အင်္ဂလိပ်လို Problem ကို မြန်မာစကား သင်ပေးသူက "ပြဿနာရှိတယ်" ဟု သင်ပေးလိုက်ပုံ ရသည်။ ကောင်းရော။ ကျွန်တော် နည်းနည်းတော့ အံ့သြမိလေသည်။

ဘာဖြစ်တာလဲ ဟု အင်္ဂလိပ်လိုမေးခိုက် မြန်မာတွေ သူ့ကို 'ငါ-မသား' လို့ပြောနေတယ်ဟု ရယ်ကျဲကျဲဖြင့် ဆို၏။ အင်္ဂလိပ်လို ပြောရင်း မြန်မာလို 'ငါ-မသား' ကို ညှပ်ပြောတာ ဖြစ်၏။ ဗုဒ္ဓေါ၊ သူက မြန်မာလို ဆဲတာပါ နားလည် နေ၏။ သင်ပေးသူများကလည်း လုံးစေ့ ပတ်စေ့ သင်ပေးလိုက်ပုံ ရသည်။

ကျွန်တော်က မြန်မာများနား သွားပြီး မေးတော့ 'ဟုတ်တယ်အစ်ကို၊ နေပူထဲ ဆက်တိုက် ဆွဲခိုင်းနေလို့ ဆဲလိုက်တာ၊ ဒီကောင် မြန်မာစကား နားမလည်ဘူးထင်လို့' ဟု လူသစ်လေးများက ပြော၏။ ကုလားနှင့် အတူ တခြား Site မှ ပါလာသော မြန်မာများက ပြုံးပြီး ကြည့်နေ၍ ကျွန်တော်က 'ဒီကောင် တော်တော် နားလည်လား' ဟု မေးလိုက်သည်။ 'ကျွန်တော်တို့နဲ့ နှစ်ပေါက်အောင် လုပ်လာတော့ ဒီကောင် တော်တော် သိနေပြီ အစ်ကိုရ၊ ကျွန်တော်တို့ချင်း ဆဲပြီးနောက်နေတာ သူခဏခဏကြားပြီး မှတ်မိသွားတာ၊ သူသိချင်တာလည်း မေးတော့ ပြောပြမိတာပေါ့' ဟု ဆို၏။

သည်လိုနှင့် ထို Project ကြီးမှာ ထိုကုလား ရောက်လာသည်မှ စ၍ ကျွန်တော်နှင့် သူ မျက်မှန်းတန်းမိပြီး နောက်ပိုင်း ခင်သွားတော့၏။ သူ့နာမည်က 'အနားဒူရေး' ။

Cable ဆွဲသူတို့မှာ Timing ရှိ၏။ 'သားရေး' ဟု သူတို့ ဘာသာစကားနှင့်
'အနားဒူရေး' က အော်လိုက်လျှင် အားလုံးက 'ဟေး - ရိုး၊ ဟေး - ရိုး' ဟု ညာသံပေးကာ ဆွဲကြ၏။ Cable အရှည်များ ဆွဲကြလျှင် ထိုအသံများက Site ထဲမှာ လွှမ်းနေ၏။ ထိုအသံ ရှိလျှင် 'အနားဒူရေး' တို့ အုပ်စု ရှိ၏။

Cable အသေး၊ အတို ဆွဲလျှင်တော့ ထိုသို့ မအော်တော့။ 'သားရေး' 'သားရေး' ဟုလိုသလို လိုက်ပြော၏။ သူတို့ ကျွန်တော့်ကို ရှင်းပြသည်က
'အနားဒူရေး' အော်သော 'သားရေး' ဆိုသည်မှာ 'ဆွဲ'ဟု ဆိုခြင်းပင်။ သို့သော် မြန်မာစကားကို တနိုင်တပိုင် လေ့လာထားသော 'အနားဒူရေး' က တစ်နေ့၌ မြန်မာတစ်ယောက်နှင့် ဘင်္ဂလား တစ်ယောက် ဆွဲနေသော အနား ကပ်ပြီး 'အစ်ကို့ - ဆွဲ' ဟု အော်၏။ သူက မြန်မာများလျှင် 'သားရေး' ဟု အော်ချင်မှ အော်၏။ 'အစ်ကို့ - ဆွဲ' ဟု အော်တတ်သည်။

ရံဖန်ရံခါ 'ဘကုန်း' တချို့က မြန်မာ အဖွဲ့ထဲ ပါနေ၍
'အနားဒူရေး' က 'အစ်ကို့ - ဆွဲ' ဟုဆိုလျှင် Cable ဆွဲဖို့ အော်တာ ဖြစ်ကြောင်း သဘောပေါက်ကြသည်။ ထိုနေ့က မြန်မာအသစ်တစ်ယောက်မှာ အိမ်ကိုပဲ လွမ်းနေလား၊ ဘာလား မသိ။ 'အနားဒူရေး' ၏ 'အစ်ကို့ - ဆွဲ' ကို မကြားလိုက်။ သို့သော် 'အစ်ကို့ - ဆွဲ' ဟု ဆိုလျှင် Cable ဆွဲခိုင်းသည် ဟု နားလည်သော 'ဘကုန်း' လေးက ကုန်းရုန်း ဆွဲပါတော့သည်။

ထိုအခါ
'အနားဒူရေး' မှာ မျက်နှာကြီး မဲ့သွားပြီး၊ ကျွန်တော်က တော့ သဘောကျကာ ရယ်မိပါတော့သည်။ မရယ် ခံနိုင်ရိုးလား။ ကုလား တစ်ယောက် မြန်မာလို ပြောသည်ကို 'ဘကုန်း' က နားလည်ပြီး Cable ကို နင်းကန်ဆွဲချိန် မှာ မြန်မာက နားမလည်သလို ရပ်ကြည့်ပြီး ငူငူကြီးနှင့် Cable ကိုင်ကာ ငေးကြည့်နေ၍ Cable က တုတ်တုတ်မျှ မလှုပ်။ Site ထဲက မြန်မာအချို့ကို ကျွန်တော် ပြန်ပြောပြတော့ ရယ်ကြသည်။ ထိုနေ့က 'အနားဒူရေး' သည် 'အစ်ကို့ - ပြဿနာရှိတယ်။ ပြဿနာရှိတယ်' ဟုဆိုကာ ညည်းတွား နေတော့၏။

တစ်ခါမှာတော့ သူ့နာမည်ကို မေးသော မြန်မာတစ်ယောက်ကို
'အနားဒူရေး' က နာမည် ပြောပြသော်လည်း နားမလည်သည်နှင့် ကြုံတော့၏။ ထိုအခါ စိတ်မရှည်လေသော 'အနားဒူရေး' က ထိုမြန်မာ၏ လက်ကို ဖြန့်ခိုင်းပြီး သူ့နာမည်ကို ရေးပေးလိုက်လေ၏။ ထိုအခါမှ မြန်မာလည်း နာမည် နားလည်သွားတော့သည်။ နားမလည်လျှင် ခံနိုင်ရိုးလား။ 'အနားဒူရေး' သူ့နာမည်ကို ရေးပေးလိုက်သည်မှာ အင်္ဂလိပ်လို မဟုတ်။ မြန်မာလို ရေးပေးလိုက်တာ ဖြစ်သည်။

သည်လိုနှင့် ကျွန်တော် Jurong Island မှ Bukom ကို ခေတ္တ ရောက်နေတုန်း တစ်ညမှာ
'အနားဒူရေး' ဖုန်းဆက်၏။ Site ထဲမှာ Cable သုံးချောင်း ပျက်စီးနေ၍ Manhole များ ပြန်ဖွင့်ပြီး ပြန်ဆွဲရမည်တဲ့။ ကျွန်တော် ရှိစဉ်က အချောသတ်ပြီးနေသော လုပ်ငန်းများ ပြန်စရမည် ဆို၍ 'အနားဒူရေး' စိတ်ပျက်နေသည့် ပုံ။ ထိုထက် စိတ်ပျက်စရာက သူမင်္ဂလာဆောင် ပြန်ဖို့ ခွင့်တင်ပြီးသားကို ထို Cable သုံးချောင်း ကိစ္စကြောင့် CM က နေပါဦး ဟု ဆွဲထားသည်တဲ့။ ကျွန်တော် မြှောက်ပေးလိုက်ပါသည်။ CM ကို မင်္ဂလာဆောင်ရှိ၍ ခွင့်ပြုပါဟု အတင်းပြော ရန် သင်ပေးလိုက်၏။ ခုထိတော့ ဘာမျှ မကြားရသေး။

ကြားရနိုင်တာ တစ်ခုတော့ရှိသည်။ အိမ်ပြန်ပြီး မင်္ဂလာဆောင်ခါနီးမှ ကပ်တစ်နေသော
'အနားဒူရေး' ၏ စိတ်ပျက်စွာဖြင့် အော်နေသော 'ပြဿနာရှိတယ်၊ ပြဿနာရှိတယ်' ဆိုသော အသံများပင်။ ။

ဆူးသစ်
၂၀း၃၃ နာရီ
၁၅.၁၂.၂၀၁၀

Monday, December 13, 2010

“နစ်ကျွံကဗျာခရီး”

နေ့ရက်လေးတွေရဲ့ကြားက
ကဗျာသမားတစ်ယောက်ရဲ့ အသက်ရှင်ခွင့်
ဒါဟာပစ္စုပ္ပန်ရဲ့ပင့်သက်တွေကို ဖြတ်သန်းမှုဖြစ်တယ်။



ရုရှားကဗျာဆရာပေါက်စ 'ယက်စနင်'
သူ့လည်ပင်းကို ငင်ခဲ့တဲ့ကြိုးတစ်စ
ဓါတ်ငွေ့ပိုက်လိုင်းမှာ နွားလို ဆောင့်ရုန်းရင်း
ကိုယ့်ကိုယ်ကိုလုပ်ကြံလို့ ဆုံးခဲ့တဲ့ ဘ၀တစ်ခု
ဒါဟာကဗျာတစ်ပုဒ်ကို ပြုစုခြင်းလား။



'ယက်စနင်'လို ကဗျာဆရာ 'ဟဲမင်းဝေး'
ပင်လယ်ကမ်းခြေမှာမြည်ခဲ့တဲ့ သေနတ်သံများ
ကဗျာတေးသွားတွေလိုထားခဲ့
ဒါလည်းကဗျာတစ်ပုဒ်ရဲ့တပ်မက်ခြင်းပဲထင်ရဲ့။



ရုရှားက ကဗျာဆရာ၊ စာရေးဆရာ 'ဘောရစ်ပတ်စတာနတ်'
ဖိနပ်ကြီးများရဲ့နင်းခြေမှု
မတူညီတဲ့လေပြင်းများရဲ့တိုက်ခတ်မှု
ပြိုယိုင်လဲလုနိုဗယ်ဆုကြီး
ဒေါက်တာဇီဗားဂိုးတစ်ယောက် ကြက်သီးမထ
အသက်ရှုကျပ်ခဲ့ရသောကာလများစွာ
ဒါဟာ ကဗျာသများ၊ စာသမားရဲ့ရုန်းကန်မှုတစ်ခုပေါ့။



'အနုပညာဟောင်းကိုရိုက်ချိုး'လို့ ကြွေးကြော်ခဲ့တဲ့
ရုရှားက ကဗျာဆရာ 'ဗလာဒီမာ မာယာကော့ဗ်စကီး'
နှစ်တွေရဲ့ကြားမှာ ကျဆုံးခဲ့ပြီးမှ
လူတွေရဲ့ဝင်စားမှုလျော့ပါးပျက်ပြယ်ခဲ့ပြီးမှ
ခါးသီးစွာဝေဖန်ပစ်တင်ခံခဲ့ပြီးမှ
'ငါ့အသံရဲ့တစ်ဆုံးမှာ' ဆိုတဲ့ သူ့ကဗျာလို
သန်းပေါင်းများစွာသော ပြည်သူတွေထဲက သူ့ကဗျာအသံတွေ
မှန်ကန်စွာနှင်းခြေဖြတ်သန်းခဲ့ကြလို့
ကဗျာကို အနာနဲ့ရင်းစားတဲ့ တိုးဝှေ့မှုတစ်ခုဖြစ်တည်စေခဲ့တယ်လေ။



'လူတွေဟာအချုပ်အချယ်၊ အနှောင်အဖွဲ့တွေကို အာခံချင်တယ်' ဆိုတဲ့
အမေရိကန်က ကဗျာဆရာ 'အီးမာဆင်'
ညီမျှစွာအသက်ရှင်နေထိုင်မှုကို ပြုစုရင်း
သူ့ကို မလိုလားအပ်သူတွေက
'စာပေပါရဂူဘွဲ့' ချီးမြှင့်တာခံခဲ့ရ
ဒါဟာမြင့်မြတ်တဲ့ အသက်ရှင်ခြင်းအဖြစ်
ကဗျာတွေနဲ့ မော်ကွန်းတစ်ရစ်သူတစ်ယောက်ဘ၀ ဖြစ်ပြန်ရော။

တကယ်တော့ နေ့ရက်တွေဆိုတာ
အုတ်မြက်တစ်လွှာ၊ သဲတစ်ဖျာလို့ ဘယ်သူသိခဲ့သလဲ
အမြဲတမ်း အက်ဆစ်နဲ့ပက်ခဲ့သူတွေသာ
မညှာမတာနဲ့လေတွေ တစ်ဝရှူရှိုက်နေတုန်း
ပွတ်တိုက်စားမှုကြောင့် ပါးလွှာသွားတဲ့အရာတွေ ရှိခဲ့တာ သိဖို့ကောင်းခဲ့
(တကယ်တမ်းကျတော့ .......................)
ကိုယ့်မျက်ရည်ကျဖူးမှ သူများငိုတာသိကြမှာပဲလေ။ ။


သားလတ်
၆.၈.၁၉၉၄

Sunday, December 12, 2010

“Mr. Who Say ”



ကျွန်တော် လုပ်နေသော လုပ်ငန်းခွင်ထဲမှာ နိုင်ငံပေါင်းစုံက လူများစွာပါသည်။ မြန်မာ၊ အိန္ဒိယ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ထိုင်း စသဖြင့် စုံနေ၏။

ကျွန်တော်သည် Safety Supervisor တစ်ဦးမို့ Site ထဲက Safety ကိစ္စများကို တာဝန်ယူရ၏။ မနက် မိုးလင်း လျှင် TBM ဟုခေါ်သော Tool Box Meeting (Safety နှင့် ပတ်သက်၍ ဆွေးနွေးရသော အစည်းအဝေးငယ်) လုပ်ရ၏။ ကျွန်တော် အပါအ၀င် PM, CM, Supervisor များက Safety အကြောင်း၊ လုပ်ငန်းခွင်အကြောင်း ပြောရ၏။ အလုပ်သမား နားမလည်မှာ စိုး၍ အဆင်ပြေသလို ဘာသာပြန်ပေးရ၏။

ယခင် Jurong Island မှာတုန်းက ဘာသာပြန်ပေးရသည်။ ယခု Bukom ကျွန်းမှာတော့ ဘာသာ ပြန်မပေးကြ။ ကျွန်တော်က မြန်မာ။ ကျန်သည့် Supervisor များက အိန္ဒိယ၊ တရုတ်၊ စလုံး။ အားလုံး အင်္ဂလိပ်လိုသာ ပြောသည်။ အလုပ်သမားနည်း၍ အားလုံးနားလည်အောင် ကြိုးစား ပြောကြ၏။ နားလည်သည်ဟု ယူဆရသည်။ ထိုအထဲတွင် ထိုင်းနှစ်ယောက်က သိပ်နားမလည်။ မြန်မာ၊ ကုလား အလုပ်သမားများက သူတို့ကို ပြန်ရှင်းပြ ရသည့်အခါ ရှိသည်။ ဒါလည်း နားလည်သလို ခေါင်းတွေ ညိတ်၍ နေ၏။

နောက်တော့ ထိုင်းတစ်ယောက်ကို Jurong Island ပြန်ပို့သည်။ နောက်တစ်ယောက်ကို ချန်ထားခဲ့၏။ ပြန် ပို့သည့် ထိုင်းက အင်္ဂလိပ်စာ ပို၍ ပြောနိုင်၊ နားလည်နိုင်သော်လည်း ကျန်ခဲ့သည့် ထိုင်းက မလွယ်။ TBM လုပ်လျှင် ငူငူကြီး ထိုင်နေ၏။ နားလည်လား မေးလျှင် ကြောင်စီစီကြီး ကြည့်နေသည်။ ပြီးမှ ခေါင်းညိတ်၏။ ရမ်းတုတ်သည့် သဘော။ သူ့ နာမည်ကို 'မာနော့ပ်' ဟု ခေါ်၏။ အင်္ဂလိပ်လိုတော့ ကျွန်တော် ရေးမပြလို။

သည်လိုနှင့် သူတို့နှင့် တွဲလုပ်တာ ကြာသည့်အခါ 'မာနော့ပ်' ကို ပိုသိလာရသည်။ အကြောင်းက ရှိသည်။ သူက 'အေဒရီယမ်' ဟု ခေါ်သော ဖား (ဖိလစ်ပိုင်) လေး၏ နောက်လိုက် ဖြစ်သည်။ ဖားလေးက တစ်ခုခု ခိုင်းပြီး မပြီးသေးပါက 'ဘာလို့မပြီးတာလဲ' ဟု မေးလျှင်၊ 'I don't know' ဟု ပြော၏။ ဘာလုပ်နေတာလဲ၊ အလီဘာဘာ လုပ်နေတာလား ဟု မေးလျှင်လည်း 'Who say?' ဟု ပြော၏။

တစ်ခါတစ်ရံ ကျွန်တော့် Safety အပိုင်း သူမလိုက်နာ၍ မနက်က TBM မှာ ပြောပြီး ဖြစ်၍ မသိဘူးလား မေးလျှင် 'Who say?' ဟု ဆို၏။ ငါပြောတာလေ ဆိုတော့ 'I don't know' တဲ့။ သေရော။ ကျွန်တော်က ကုမ္ပဏီ Safety မို့ တော်တော့သည်။ Client Safety နှင့် တွေ့လျှင် 'I don't know' ဆိုက ကျွန်းက ထွက်ပေတော့ပင်။ Safety မှာ 'Excuse' မရှိ။ 'I don't know' မရှိ။ 'Who say?' မရှိ။ ဘယ်သူပြောတာလဲ မဟုတ်။ Law ကပြောပြီးသား ဖြစ်သည်။

ကာလလေး ကြာတော့ ကျွန်တော်တို့ Site က အလုပ်သမားများကြား 'မာနော့ပ်' စကားက ခေတ်စား လာသည်။ အလုပ်သမားတစ်ယောက် တစ်ခုခု မလိုက်နာ၍ Supervisor က မေးသည်။ အလုပ်သမားက 'Who say?' ဟု ဆို၏။ ငါမှာခဲ့တာပဲ။ ငါပြောတာ စသဖြင့် ဆိုသောအခါ 'I don't know' ဟု ပြောလာ၏။ 'မာနော့ပ်' အကြောင်း သိပြီးသား Supervisor များကတော့ အလုပ်သမားများကို ခွင့်လွှတ်ပေးကြ၏။ တစ်ခါတစ်ရံ ရယ်ပင် ရယ်ကြ၏။ PM တို့ CM တို့တော့ ဘယ်ပြောရဲပါ့မလဲ။ အိမ်ပြန်ရမှာကိုး။ အလုပ်သမားက သူနှင့် ရင်းနှီးသော Supervisor ကိုသာ ပြောရဲတာ ဖြစ်သည်။

နောက်တော့ ရုံးပိုင်းသို့ပါ ထိုစကားတွေ ရောက်ကုန်၏။ လစာကိစ္စ၊ ခွင့်ကိစ္စ အကြောင်းအရာ ထူး၍ Admin ကုလားလေးကို ကျွန်တော်က သွားမေးသည်။ သူက 'Who say?' တဲ့။ ပြောရင်း ရယ်နေသည်။ ကျွန်တော် ကလည်း ကောလဟလဖြစ်၍ 'I don't know' ဟု ဖြေသောအခါ 'မာနော့ပ်' စကားများဖြစ်၍ ကုလားလေးရော၊ ကျွန်တော်ပါ ရယ်မိကြသည်။ CM က ခပ်လှမ်းလှမ်းက တည်တည်ကြီး ကြည့်နေ၏။ သူက ကျွန်တော်တို့ ရယ်တာ ဘာမှန်းမှ မသိတာ။

သည့်နောက်တွင်တော့ ကျွန်တော်က 'မာနော့ပ်' ကို 'Mr. Who Say' ဟူသော နာမည် ပေးလိုက်သည်။ အလုပ် သမားများက သဘောကျ ကြ၏။ ကျွန်တော့်လိုပဲ 'Mr. Who Say' ဟု 'မာနော့ပ်' ကိုခေါ်ကြ၏။ တစ်ရက်မှာတော့ ကျွန်တော်တို့ CM ကို Supervisor တစ်ယောက်က အလုပ်ကိစ္စ မေးနေသည်။ 'Who say?'ဟု CM က ပြောလိုက်တော့ ဘေးမှာရှိသော Supervisor တွေရော၊ ကျွန်တော်ပါ ပြုံးကြသည်။ CM က ပြန်ပြော၏။ 'I don't know' တဲ့။ ကျွန်တော်တို့ အားလုံး CM မမြင်အောင် တစ်ဖက်လှည့်၍ ရယ်ပါတော့သည်။ 'Mr. Who Say' ၏ စကားလုံး နှစ်လုံးကား တော်တော် တွင်ကျယ်နေလေပြီ။

မလေးတရုတ် တစ်ယောက်က ကျွန်တော့်ကို ပြောသည်။ ' Safety, သူ့စကားက တော်တော် အသုံးဝင်တယ်၊ သူတစ်ခုခု မှားနေလို့ ပြောရင် ဘယ်သူပြောလဲတဲ့၊ ဘယ်သူက ပြောထားတာလို့ ပြောရင် သူမသိဘူးတဲ့၊ အလီဘာဘာ လုပ်လို့ ကောင်းတယ်။ ' ဟု ဆိုသည်။ ရူးချင်ယောင်ဆောင်လျှင် ကောင်းသည်ဟု ဆိုသည့် သဘော။

နောက်တော့ 'Mr. Who Say' ကို Jurong Island ပြန်ပို့သည်။ သူ့စကားက ကျွန်တော်တို့ Site မှာ ကျန်ခဲ့၏။ သူက OT ရသော Jurong Island မှာ ပိုပျော်သည်။ သို့သော် အဲဒီမှာ Safety အဖမ်းကြမ်း၏။ အကယ်၍ သူ့ကို Safety ဖမ်းသည့်အခါ 'Who say?' ဟုပြောပြီး 'I don't know' ဟုများ သူဖြေနေလေမလား။ ဒါကိုတော့ 'Mr. Who Say' သာ သိပါလိမ့်မည်။ ။


ဆူးသစ်
၁၄း၀၀ နာရီ
၁၂.၁၂.၂၀၁၀

Saturday, December 11, 2010

'' Blog Demand ''


၂၀၁၀ခုနှစ် စက်တင်ဘာလမှာ 'အဖြူရောင်လမ်းကလေး' ဘလော့ကို သေသေချာချာ စလုပ်ဖြစ်သည်။ ၂၀၀၈ ခုနှစ် ကတည်းက တည်ထားသော ဘလော့ဖြစ်သော်ငြား ခုမှ ပြန်စဖြစ်ခြင်းပင်။ ကျွန်တော့် ဇနီးသည်က ကျွန်တော့် ဘလော့ ရုပ်လုံးပေါ်လာဖို့ ကြိုးစားပမ်းစား ကူညီရှာသည်။ ထိုစဉ်ကတည်းက သူလည်း ဘာရေးရလျှင် ကောင်းမည် လဲဟု ဆိုကာ ဘလော့တည်ရန် ကြံစည်ခဲ့ဖူး၏။

သည်လိုနှင့် 'အဖြူရောင်လမ်းကလေး' တဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာသည့်အခါ သူက ဘလော့ စတည် တော့၏။ ဘလော့ဂါ အမည်နှင့် ဘလော့ ခေါင်းစဉ်ကို ကျွန်တော်ကပင် ရွေးပေးခဲ့သည်။ ကျွန်တော်ဖြစ်ချင်သမျှ နောက်က လိုက် ဖြည့်ဆည်းပေးနေသော သူ့အတွက် 'ပါရမီဖြည့်ဖက်လေး' ဆိုသော ဘလော့ဂါ အမည်ကို ပေးခဲ့ ပြီး၊ သူချက်သမျှ ဟင်းများအကြောင်း ပြောချင်သည်ဆို၍ 'ရသာချို' ဟု သူ့ဘလော့ကို ခေါင်းစဉ် တပ်ပေးလိုက် သည်။

ကျွန်တော်သည် စာပေ ၀ါသနာပါသူ သက်သက်မျှသာ ဖြစ်ရာ ကျွန်တော်တင်သမျှ ပို့စ်များသည် စာပေနှင့် နှီးနွယ်သည်ချည်းသာ။ ကျွန်တော်ကြိုက်သော သီချင်းများကိုပင် မည်သို့ ခံစားမိကြောင်း စာဖြင့်ရှင်းပြခဲ့သည်။ ကဗျာ၊ ၀တ္တုတို၊ ဆောင်းပါး စသည်တို့ဖြင့်သာ ကျွန်တော့် ဘလော့မှာ ပြည့်နှက်နေ၏။

ဇနီးသည် ကျတော့ သူချက်သည့် ဟင်းများထဲမှ တင်စရာရှိလျှင် ကောက်တင်လိုက်သည်။ သူပြောချင်သည့် အကြောင်းအရာများ ရှိလျှင် ရေးချလိုက်သည်။ ကျွန်တော်က တစ်ပြန်၊ ပြန်၍ ပံ့ပိုးပေး၏။

ကျွန်တော်သည် အလုပ်တစ်ဖက်နှင့်မို့ ရသည့်အချိန်မှာ ကြိုးစားရေးကြည့်ရခြင်း ဖြစ်သည်။ အချိန်မရလျှင်

Wednesday, December 8, 2010

“ဟိုးအဝေးက ဒီဇင်ဘာည”


မြင်ကွင်းသည်ေ၀၀ါးနေ၏။ လမ်းမီးတိုင်လေးများ အောက်က မှိန်ပြပြအလင်းမှာ မြူလော၊ နှင်းလော မကွဲ။ အေးစက်သော အထိအတွေ့တို့ဖြင့် ဒီဇင်ဘာသည် ချမ်းမြခြင်းကို ဆောင်လာသည်။

အခန်းအပြင်ကို လှမ်းကြည့်ခိုက် နှင်းတို့ ကျနေသည်ဟု ထင်မိ၏။ ပြတင်းတံခါးကို ဆွဲမပိတ်ချင်သေး။ အတိတ်သည် အာရုံကို နှင်းနှင့် အတူ လှုပ်ခတ်၏။ အိပ်မက်တစ်ခု အလား စိတ်က စွဲထင်နေခဲ့သည့် အဖြစ် အပျက် များ။ တကယ်ဆို ဆောင်းကို သူချစ်သည်။ သို့သော် ထိုအချိန်ကို ရောက်လာမှာ သူကြောက်သည်။ ထိုနာရီများကို ခါးသီးစွာ သူဖြတ်သန်းခဲ့ ဖူးသည်။ ဒဏ်ရာလေး တစ်ချက်ဟု ဆို၍ရသည်။ သို့သော် တစ်သက်စာ ပါမည့် ဒဏ်ရာလေး ဖြစ်သည်။ နာကျင်လိုက်သည်မှာ စစ်ခနဲ၊ စစ်ခနဲ။ ထိုဒဏ်ရာလေးကို သူမလိုချင်။ ထိုနာရီများကို သူ မတပ်မက်။ အရာရာကို လွန်ဆန်၍ မရမှန်းသိလျက် လွန်ဆန်ချင်မိ၏။

သူ့ရင်ထဲမှာ ပူလောင်ခြင်းများ ပြည့်နေလေပြီ။ ထိုပူလောင်ခြင်းက ဒီဇင်ဘာည၏ အေးမြမှုကို အံတုနေလေပြီ။ သူ့ကို ချစ်သူ ထားသွားခဲ့ပြီပဲ။ မျှော်လင့်ခြင်းများဖြင့် ရှင်သန်နေသော ဘ၀ထဲမှာ ထိုမျှော်လင့်ခြင်းများကို သူမုန်းလိုက်ချင်မိပြီ။ သည်လိုညမျိုးကို အမြန် ကုန်ဆုံးလိုက်ချင်သည်။ ချစ်သူ ထွက်သွား၍ ကျန်ခဲ့သော ခြေရာကို မြူမှုန်တို့ကြားမှာ ရှာကြည့်ချင်သေးသည်။ မြူမှုန်တို့၏ ခြေသံ၊ ချစ်သူ သူ့ဆီ ပြန်မလာတော့ပြီလား။

အဖြူရောင် မြူနှင်းများနှင့် ရှင်းသန့် ငြိမ်းချမ်းသော ဒီဇင်ဘာညမှာ သူနှင့် ချစ်သူ ကောင်မလေး ဆုံခဲ့ဖူးသည်။ ထိုအချိန်က အချစ်တို့ဖြင့် ပြည့်သိပ်ရင်း ချစ်သူ သူ့ကို ချန်ထားရစ်ခဲ့သည်။ ထို အိပ်မက်လေးကို ပြန်လည် တမ်းတရင်း သူကြေကွဲခဲ့ရသည်။

သူငိုခဲ့ရသည်။ ဒီဇင်ဘာညများ ရောက်တိုင်း သူငိုနေသည်ကို ကောင်မလေး သိမှ သိပါလေစ။ ယုံရော ယုံပါလေစ။ တစ်နေ့တော့ဖြင့် ကောင်မလေး ပြန်လာနိုင်မည်ဟု သူမျှော်လင့်မိသည်။ ပြန်ဆုံနိုင်ရန် ကံကြမ္မာ ဖန်တီး ပေးလိမ့်မည်ဟု ယုံကြည်ရင်း တမ်းတမိသည်။ လောလောဆယ်တော့ အဖြူရောင် မြူနှင်းများ ကြား၌ အချစ်ပျောက်ကို ရှာရင်း သူလွမ်းမောနေဆဲ ဖြစ်သည်။

ထိုခံစားမှုမျိုးကို 'လင်းနစ်' ဆိုသော လူငယ်တစ်ယောက်က ရင်နှင့်ရင်း၍ 'ဒီဇင်ဘာည' ဆိုသော သီချင်း တစ်ပုဒ် ရေးထုတ်မိသည်ဟု ကျွန်တော်ထင်သည်။ ပြီးတော့ သူကိုယ်တိုင် ဆိုသည်။ နားထဲသို့ အေးမြစွာ စီးဝင်သည်။ ရင်ထဲသို့ ရောက်ခဲ့၏။

စင်္ကာပူရောက်တော့ East Coast မှာ သူငယ်ချင်း ဂစ်တာတီးဖော်များကြား ထိုသီချင်းကို တီးပြသောအခါ သူတို့ ရင်ထဲသို့ 'ဒီဇင်ဘာည' ၏ အအေးဓာတ်က ကူးစက်သွားသည်။ စာသားရော၊ Chord များပါ ချရေးပေးခဲ့ရ၏။ တချို့ကို E-mail နှင့် ပင် လှမ်းပို့ပေးခဲ့ရသေးသည်။ တေးရေး အဆိုတော်သစ်တစ်ဦး အတွက် ကျွန်တော် ကြည်နူးမိသည်။

သည်အချိန် မြန်မာပြည်မှာ မြူဝေ၍ နှင်းတို့ ကျလောက်ပြီ။ ဒီဇင်ဘာည သည် အသက်ဝင် နေလောက်ပြီ ထင်၏။ အိမ်ရှေ့က တန်းလျားလေးမှာ ကျွန်တော်တစ်ယောက်တည်း ဂစ်တာတီးရင်း ဒီဇင်ဘာည၏ အေးစက်မှုကို ခံစားခဲ့ဖူးသည်။ 'လင်းနစ်' ၏ 'ဒီဇင်ဘာည' ထွက်လာတော့ ဘယ်နေရာမှာ ဂစ်တာတီးတီး၊ ပထမဆုံး ကျွန်တော် တီးမိသော သီချင်းသည် 'ဒီဇင်ဘာည' ဖြစ်လို့နေသည်။ ပြီးခဲ့သည့် အပတ်ကပင် မတီးတာကြာ၍ ချောင်ထဲမှာ ပစ်ထားမိသော ဂစ်တာကို ကြိုးပြန်ညှိကာ 'ဒီဇင်ဘာည' ကို စိတ်တိုင်းကျ ဟစ်ထုတ်ပစ်လိုက်သည်။

စင်္ကာပူမှာတော့ မိုးတွေရွာလို့။ ကျွန်တော်တို့ မြန်မာပြည်မှာတော့ ဒီဇင်ဘာည ကို ခံစားလို့။

'ဒီဇင်ဘာည' ကို ကျွန်တော် လွမ်းမိပါသည်။

လွမ်းလိုက်တာဗျာ.........


ဆူးသစ်
၂၁း၂၉ နာရီ

၈.၁၂.၂၀၁၀

ဒီဇင်ဘာညတစ်ည



Tuesday, December 7, 2010

“ကျွန်တော်တို့သည် (၇)”


တကယ်တမ်းတော့ ကျွန်တော်က ပထမနှစ်ကို မှတ်မှတ်ရရ ပိုဖြစ်၍ L-2 အကြောင်း ပြောဖြစ်နေတာ ဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘ၀ အစပေကိုး။ တကယ်လည်း L-2 က ပြောမကုန်။ မှတ်မှတ်ရရ မိန်းကလေး သူငယ်ချင်းများ အကြောင်းလည်း ပြောရန်ရှိသေးသည်။

ရှေ့ကစာများမှာ ကျွန်တော် ဆိုခဲ့သလို အတန်းထဲမှာ မိန်းကလေးနည်း၏။ Section(B) ဖြစ်၍ L-2 မှာ နည်းခြင်း လည်း ဖြစ်နိုင်သည်။ Section (A) L-1 မှာတော့ တော်တော်များ၏။ အတန်းထဲက သူငယ်ချင်း မိန်းကလေးများကို ပထမနှစ်မှာ နာမည်များ မသိခဲ့။ ကျွန်တော်သည် ကဗျားရူး၊ စာရူး ဖြစ်၍ အတန်းထဲမှာ အနုပညာ ၀ါသနာပါသူ သူငယ်ချင်းများနှင့် တွဲသည်။ 'မင်းဘုန်းလှိုင်' တို့နှင့်တွဲသည်။ ပျော်တတ်သော သူငယ်ချင်းများ ရယ်စရာ လုပ်လျှင်၊ စနောက်လျှင် ရယ်သည်။ စိန်မျောက်မျောက် ကဲလျှင် ထိုင်ပြီး ပွဲကျသည်။

မိန်းကလေးများ ကျတော့ ပုံသဏ္ဍာန်တွေသာ သိ၏။ ပထမနှစ်မှာ ကျွန်တော်တို့ အတန်းထဲတွင်ရှိသော မိန်းကလေးများမှာ ရိုးရိုးအေးအေးများ များ၏။ ဆံပင်တိုတို၊ ပုပုလုံးလုံး လေးများက လေးငါးယောက်။ ဆံပင် ရှည်ရှည်၊ အရပ်မနိမ့်မမြင့်က သုံးလေးယောက်။ စသဖြင့် ကျွန်တော့် အာရုံထဲ ပေါ်၏။ ကျန်သူများကိုတော့ သိပ် ပုံဖော်၍ မရတော့။

ထိုသူများထဲမှာ နှစ်ယောက်က ကျွန်တော်နှင့် ရင်းနှီးဖြစ်လာသည်။ ပထမ တစ်ယောက်က ဆေးတက္ကသိုလ် က ကျွန်တာ့် ငယ်သူငယ်ချင်း ကျောင်းကိုလာလည်ရင်း သူနှင့် သူငယ်ချင်းဖြစ်၍ မိတ်ဆက်ပေးခဲ့ခြင်း ဖြစ် သည်။ သို့သော် ပထမနှစ်မို့ မေးထူး ခေါ်ပြောသာ။

ဒုတိယတစ်ယောက်ကတော့ ဒဂုံမြို့သစ်က ကျောင်းတက်သူဖြစ်၍ ကားစီးရင်း၊ တိုးရင်းဝှေ့ ရင်း ယောက်ျားလေး သူငယ်ချင်းများနှင့် ရောပါလာ၍ မေးထူးခေါ်ပြောမှ တစ်ဆင့် ခင်လာ တာဖြစ်သည်။ သူကျတော့ ကျွန်တော်တို့ နှင့် အခြေခံအချက်များတူ၍ ပိုခင်သွား၏။ ၀န်ထမ်းသားသမီးများကိုး။ ထို့ပြင် သူက စာလည်းလုပ်၏။ အင်္ဂလိပ်စာ အက်ဆေးများကို သူရေးပြီးလျှင် ကျွန်တော်တို့ မိတ္တူရသည်။ ဆရာများက ရေးမပေး၍ သူ့သာ အားကိုးရ၏။ မြန်မာစာကျတော့ ကျွန်တော်က စကားပြေရေးသည်။ ကျန်သူများက မိတ္တူကူး၏။ အားလုံး အဆင်ပြေကြသည်။

ကျွန်တော်တို့ အတန်းထဲမှာ သိပ်ပြီး ဟိတ်ကြီး ဟန်ကြီး လုပ်တတ်သော မိန်းကလေးများ မရှိဟု ထင်သည်။ ပဲများတတ်သူ တော့ ရှိ၏။ဒါလည်း 'မ' သဘာဝပေကိုး။ အပြစ်မဆိုသာ။ ထို့ပြင် ကျွန်တော်တို့ 'ကျား' များ အင်အားကြီးသော ကျောင်းဖြစ်၍ သူတို့မှာလည်း ပဲ သာများရသည်။ သိပ်ပြီး ထောင်ထောင်လွှားလွှား မရှိကြ။

သို့သော် တစ်ချိန်လုံး အရောင်တူ၊ ဒီဇိုင်းတူ အ၀တ်ကိုသာ ၀တ်သည့် မိန်းကလေးတစ်ယောက်ကို ပထမနှစ်မှာ ကြုံသေးသည်။ တတ်လည်း တတ်နိုင်သည်။ ဘယ်နှစ်စုံ ချုပ်လာသည် မသိ။ သည်အရောင်၊ သည်ဒီဇိုင်းနှင့်ပင် မရိုးနိုင်အောင် ထပ်ခါ တလဲလဲ ၀တ်သည်။ နယ်ကလာသူဟု သိရသည်။ သဇင်ဆောင်မှာ နေ၏။ တစ်နှစ်လုံး ထိုအဆင်၊ ထိုဒီဇိုင်းနှင့် နေသည်။ ကျွန်တော်တို့ ယေက်ျားလေးများကတော့ နားမလည်သလို ကြည့်ကြသည်။ သူမသည် ကျွန်တော်တို့ အတန်းက မဟုတ်၍ သူငယ်ချင်းလိုလည်း မပတ်သက်ခဲ့ရ။ ကျွန်တော် ကတော့ တက္ကသိုလ်ကျောင်းသူတစ်ဦး၏ အတွေးအခေါ်ကို အံ့သြမိသေးသည်။ တချို့ကတော့ ပေါ်ပြူလာ ဖြစ်ချင်၍ တမင်ထွင်ခြင်း ဖြစ်သည်ဟု ဆိုသည်။ နောက်ဆုံးတော့ ထိုကျောင်းသူသည် 'ဒါဝတ်' ဆိုသော နာမည်တစ်လုံး ရသွားတာသာ အဖတ်တင် ကျန်ခဲ့တော့သည်။

မိန်းကလေးတချို့နှင့် ပတ်သက်၍ ကျွန်တော်သိသလောက် ပြောပြီးသောအခါ၊ ကျောင်းစာများ အကြောင်း မှတ်မိသလောက် ပြောပြချင်သည်။ ပထမနှစ်မှာ (၆)ဘာသာ သင်ရသည်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ Physics, Chemistry, နှင့် သင်္ချာ နှစ်ဘာသာ။ ထိုကတည်းက ကျွန်တော်တို့သည် သင်္ချာကို အမုန်းစသင်ရသည်ဟု ဆိုရမည်။ ဆရာတစ်ယောက်၊ ဆရာမတစ်ယောက် သင်၏။ ဆရာကတော့ ဦးမြင့်သိန်း။ ဆရာမကိုတော့ နာမည် မမှတ်မိတော့။ ဆရာမသည် စိန်မျောက်မျောက်ကို နာမည်ပေးခဲ့သူ ဖြစ်သည်။ နောက်တော့ ကျွန်တော်တို့ ဒုတိယနှစ်မှာ ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာတက္ကသိုလ်သို့ ပြောင်းသွားခဲ့သည်။

ဘာသာရပ်များထဲမှာ Physics သည် လွယ်မလိုနှင့် ခက်သည်ဟု ကျွန်တော်ထင်သည်။ အင်ဂျင်နီယာလုပ်မည့် သူများဖြစ်၍ Physics နှင့် Maths က ကျွန်တော်တို့ဆီသို့ တခမ်းတနားနှင့်ကို ၀င်ချလာ၏။ ထို့ကြောင့်လည်း ရန်ကုန်စက်မှုတက္ကသိုလ် ပထမနှစ်မှာပင် 'ကျူရှင်' ဆိုသော စကားလုံးက ကျွန်တော်တို့ကြား စိမ့်ဝင် ပျံ့နှံ့လာ၏။

ကျွန်တော်သည် ဆယ်တန်းကတည်းက သင်္ချာဂုဏ်ထူးပါ၍ သင်္ချာကို မကြောက်။ Physics ကိုတော့ (၇၆) မှတ် နှင့် ဒီပြုတ်လာ၍ မပေါ့ရဲ။ ဖြစ်ချင်တော့ ဆယ်တန်းတုန်းက ဆေးမ၀င်အောင် ဒုက္ခပေးခဲ့သော Chemistry က ပထမနှစ်မှာ လွယ်နေသည်။ ဆရာမကလည်း အသင်အပြကောင်း၏။ အတန်းမှန်သော ကျွန်တော့်အတွက် Chemistry, Maths, English နှင့် မြန်မာစာသည် ကြောက်စရာ မဟုတ်။ မြန်မာစာဆိုလျှင် စာပင်ကြည့်စရာ မလို။ ဆရာမများက ဘာမှတ်စုမှ မပေး၍ ဘာမှကြည့်စရာ မလိုခြင်းပါ။ ကျွန်တော်သည် ကဗျာရူး၊ စာရူး ဖြစ်၍ ကိုယ့်ဝါသနာနှင့် ကိုယ်မို့ 'ရခိုင်မင်းသမီးလေး၏ရွှေရုပ်သွင်' တို့ ဘာတို့ကို သေသေချာချာ ဖတ်၏။

အင်္ဂလိပ်စာကျတော့ ဆရာ ဦးမောင်မောင်တာ ဆိုသည့်ဆရာ (ကျွန်တော် ဘုတ်ပေါ်မှာ ကဗျာချရေးခဲ့သော ဆရာ) ပြောင်းပြီး နောက်ရောက်လာသည့် ဆရာမလေးကလည်း ကောင်း၍ အဆင်ပြေသွားသည်။ Chemistry ဆရာမက အာလည်းကောင်းပြီး၊ သင်သည့် အကြောင်းအရာများက အီလက်ထရွန်၊ နယူထရွန်၊ ပရိုတွန်နှင့် Energy Level တို့ အကြောင်းများ ဖြစ်၍ ညီမျှခြင်းများလို မခက်။ ညီမျှခြင်းများက Lab အခန်းမှာသာ လုပ်ရ၏။ စိန်မျောက်မျောက်တို့ လူလည်ကျ၍ ကောင်းသည့် ဘာသာဖြစ်၏။

ထို့ကြောင့် အားလုံးထဲမှာ Physics သည် ကျွန်တော်တို့အတွက် လာထောက်နေသည်။ တော်တော်များများက ထို Lecture ဆရာမသင်သည့် ကျူရှင်ကို ပြေးကြသည်။ ကျွန်တော်နှင့် အနုပညာ ၀ါသနာပါသူများက ပေပြီး မတက်။ အတန်းတော့ မှန်သည်။ သို့သော် ကျူရှင် တက်နေသူများကိုလည်း ကိုယ်ချင်းစာ၍ ကဗျာတစ်ပုဒ်တော့ အပျင်းပြေ ရေးထည့်လိုက်သည်။

“သောကမေ့ဆေး”


Physics ဟာ
ငါတို့တွေကို ဖျစ်ညှစ်ဆုပ်ကိုင်
ငုတ်တုတ်ထိုင်နေလို့တော့မဖြစ်
ဘယ်စနစ်ကိုသုံးမလဲ။

သူငယ်ချင်းများ
အငြင်းပွား
စဉ်းစား
အချင်းများမနေနဲ့
သတင်းကြားရာကောင်းတဲ့ဆီကို
အမှီသာအမြန်ပြေး
အပူအပင်မတွေ့ဝေးမယ့်
'ကျူရှင်' မေ့ဆေးဆီကိုပေါ့။ ။

ကျောင်းမှာက နှစ်ဝက် စာမေးပွဲ ဖြေရသည်။ Lab မရှိသော ဘာသာများက အမှတ်(၂၀)ဖိုး ဖြေရသည်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ စသော ဘာသာများ။ Physics နှင့် Chemistry က Lab ရှိ၍ Lab မှာ (၂၀)ဖိုး ပေးသည်။ မည်သူမျှ အပြည့်မရ။ တိတိကျကျနှင့် တော်တော်ကြီး မှန်သူပင် (၁၈)မှတ်ခွဲ။ ကျန်(၈၀)ဖိုးက စာမေးပွဲကြီးမှာ ဖြေရသည်။ သည်လိုနှင့်ပင် ပထမနှစ်ကို ကျွန်တော်တို့ ကျော်ဖြတ် ခဲ့ကြတော့၏။

ကျွန်တော်တို့သည် အတွက်အချက်ကို ပထမနှစ်မှာပင် များစွာ စလုပ်ခဲ့ရသူများ ဖြစ်ကြ၏။ ထိုသို့ တွက်ချက်ခြင်း ကပင် ကျွန်တော်တို့၏ အတွေးအခေါ်ကို မြင့်မားစေခဲ့၏။ ကျွန်တော်တို့သည် နည်းပါးလွန်းသော မိန်းကလေး အရေအတွက်နှင့် အတူ ကျောင်းတက်ရင်း၊ ထိုမိန်းကလေးများကိုလည်း စနောက် ဝေဖန်ပိုင်းခြားရင်း ခင်မင်သူ များ ဖြစ်လာခဲ့ကြ၏။      ။


ဆူးသစ်
၂၁း၁၂ နာရီ

၆.၁၂.၂၀၁၀

Sunday, December 5, 2010

“ရင်ထဲမှာ” အပိုင်း(၃)


''ပန်းယုခိုင် ပြောသလိုဆိုရင် ကြည်သက်စံကို မင်း မချစ်နဲ့တော့''

''ဟ - ဘာလဲကွ။ လူတစ်ယောက်ကို မချစ်နဲ့ဆိုတာ အဲဒီလို တားလို့ရလား''

''ဘယ်သူမှတားလို့ မရလဲ ကိုယ့်ကိုယ်ကို တားရမှာပဲ..ရဲနောင်။ လောကမှာ လူတိုင်း အတ္တတွေ ရှိကြတာပဲ။ ကိုယ်ရဖို့ဆိုတဲ့ အတ္တက တော်တော်ကြီးတယ်ကွ။ အဲဒီလို အတ္တကြီးနေလို့လဲ ကမ္ဘာကြီးက အကျည်းတန် သထက် အကျည်းတန်လာတာ။ အဲဒီလို လူတွေထဲမှာ ငါတော့ မပါချင်ဘူး။ ငါ့မှာ အတ္တတော့ ရှိလိမ့်မယ်။ သာမန် လူတွေ ထက်တော့ နည်းမယ်ဆိုတာ ငါပြောရဲတယ်''

''ကြည်သက်စံကို ငါအရမ်းချစ်မိနေတယ်''

''မင်းရင်ထဲမှာ သိမ်းထားလိုက်တော့။ သူ့ဘ၀မှာ သူ့ဘာသာ အဆင်ပြေနေတာကို မင်းသွားဖျက်ဆီးရင် အဲဒါ အချစ်မဟုတ်တော့ဘူး။ သူစိတ်ချမ်းသာနေသလို၊ သူ့မိဘ အသိုင်းအ၀ိုင်း၊ သူ့အဒေါ်လို့ပြောတဲ့ သူ့ကျေးဇူးရှင် အသိုင်းအ၀ိုင်း၊ ဘယ်လောက် ငြိမ်းချမ်းနေမလဲ။ ကြည်သက်စံကို မင်းဖွင့်ပြောရင် မင်းကို သူက မချစ်ဘဲ နေမှာ မဟုတ်ဘူး။ ငါတို့ သိနေတယ်။ သူလဲ ပုထုဇဉ်ပဲ။ ချစ်ပြီးတော့ မင်းက လက်ထပ်ဖို့ ကြိုးစားမယ်။ မင်းတို့ နှစ်ယောက်တော့ အဆင်ပြေမှာပေါ့။ ဒါပေမယ့် နှစ်ဖက်အသိုင်းအ၀ိုင်း စိတ်ဒုက္ခရောက်မယ်။ မင်းတစ်ယောက် တည်း စိတ်ချမ်းသာဖို့ လူပေါင်းများစွာ စိတ်ဆင်းရဲခံရမယ်ဆိုတာ တရားမလား ရဲနောင်။ မင်းနဲ့ နေရဖို့ ကြည်သက်စံ ကရော သူ့အသိုင်းအ၀ိုင်းကြားမှာ ဘာတွေ ဖြစ်သွားမလဲ။ အဲဒါ မင်းက ကြည်သက်စံကို တကယ်ချစ်ရင် စဉ်စားရမှာ''

''မင်းဒီလို တွေးတတ်အောင် ဘယ်သူသင်ပေးတာလဲ''

''ငါ့ဘ၀ကပေါ့ကွာ။ ငါတို့ဘ၀မှာ အမြဲတမ်း ရုန်းကန်နေရတာချည်းပဲ။ ဒီတော့ ပေါ့ပေါ့မနေဘူး။ ပေါ့ပေါ့ မစားဘူး။ ပေါ့ပေါ့ မတွေးဘူးပေါ့''

''ငါ့ကိုထားပါတော့။ မင်းနဲ့ ပန်းယုခိုင် ကိစ္စဆိုရင်ရော။ သူက မင်းဖွင့်ပြောရင် လက်ခံနိုင်မယ် ထင်တာပဲ''

''ရှင်းပါတယ်ကွာ။ ပိုတောင် မဖြစ်နိုင်သေးတယ်။ ပြီးတော့ ပန်းယုခိုင် ပုံစံက ငါ့လိုကောင်မျိုးကို ချစ်သူဆိုတဲ့ စာရင်းထဲ ထည့်မယ့်ပုံစံမျိုး မဟုတ်ဘူး။ မာနကြီးတယ်။ သူနဲ့ တန်းတူလူမျိုးကိုပဲ သူကရွေးမှာပါ''

''ဟ...မင်းက ဒါနဲ့ ဘာလို့ ချစ်တယ်ပြောခဲ့တာလဲ''

''ဘာဆိုင်လဲကွ။ လူတစ်ယောက်ကို လက်မထပ်နိုင်တာနဲ့ မချစ်ရတော့ဘူးလား။ ပန်းယုခိုင်ကို ငါ အရမ်းချစ်ပါတယ်။ သူအရမ်း ချမ်းသာတာလဲ ငါသိတယ်။ ငါနဲ့ သူ ဘယ်လို ပေါင်းစပ်မလဲ။ ငါကဆင်းရဲနေတယ်။ ပြီးတော့ ငါ့မိသားစုက ငါကျောင်းပြီးမှာ စောင့်နေတယ်။ ငါဖြစ်ချင်တာထက် ငါ့မိသားစု ဖြစ်ရမှာကို ငါဦးစား ပေးရမယ်။ ငါ့နှလုံးသားက သေမသွားပါဘူး။ သူနဲ့ဝေးရလဲ ရင်ထဲက ချစ်နေနိုင်တာပဲ မဟုတ်လား။ ငါ့မိဘတွေ ကျေးဇူးကို ငါအတတ်နိုင်ဆုံး ပေးဆပ်ရဦးမယ်''

''မင်းကသာ ရင်ထဲက ချစ်နေ၊ ငါကတော့ ရင်ထဲက မချစ်တတ်ဘူး''

''မချစ်တတ်သေးလို့ပါ။ ရှင်းရှင်းပြောမယ်ကွာ။ အချစ်ဆိုတာကို သေသေချာချာ နားမလည်သေးလို့ပါ။ တကယ်တမ်း အချစ်ဆိုတာကို သိလာရင် ဖွင့်မပြောလဲ ရင်ထဲမှာ မြတ်မြတ်နိုးနိုး ချစ်ရတာကို မင်းပိုပြီး တန်ဖိုး ထားတတ်လာမှာပါ။ ဘာလဲ။ မင်းကဖွင့်ပြောဖို့ ကြိုးစားမလို့လား။ အကောင်းဆုံးက ငါပြောသလို ဖွင့်မပြောဘဲ နေလိုက်တာ ကောင်းမယ်ထင်ပါတယ်ကွာ။ ဘာမှ ထူးလာမှာမှ မဟုတ်ဘဲ။ စွန့်စားရဲတယ် ဆိုတာလဲ နေရာတိုင်း မှာ မကောင်းဘူးလေ။ ဒီလို ကိစ္စမျိုးမှာတော့ နှစ်ဦးနီးစပ်ဖို့ ကြိုးစားတာကို စွန့်စားတယ်လို့ မခေါ်သင့်ဘူးလို့ ငါထင်တယ်။ ကိုယ့်အတ္တအတွက် ဘယ်သူ့ကိုမှ ထောက်ထားညှာတာမှု မရှိဘဲ ကိုယ့်ကိုယ်ကို အသုံးချလိုက် တာပဲ''

''မင်းပြောသလိုဆို ရာဇ၀င်ထဲမှာ အချစ်သူရဲကောင်းတွေ ရှိမှာ မဟုတ်တော့ဘူး''

''ချစ်သူနှစ်ဦး ချစ်လို့ ကြိုးစားတယ်ဆိုမျိုးကို အချစ်သူရဲကောင်းလို့ ခေါ်သင့်ပေမယ့် သူဘာသာပြီးပြီးသား ကိစ္စကြီးထဲ ၀င်လုသလိုမျိုး ဖြစ်တာကိုတော့ အချစ်သူရဲကောင်းဘွဲ့ ပေးမှာမဟုတ်ဘူး။ အကြောင်းသိ ငါက အချစ်လူကြမ်းလို့ပဲ ခေါ်မှာ''

''ငါ့ကိုယ်ငါ ထိန်းနိုင်အောင် ကြိုးစားကြည့်ပါဦးမယ်....လွင်သော်''

''ကြိုးစားမယ်ဆိုတာ လုပ်ယူရမယ့် အပိုင်းပဲရှိသေးတယ်နော်။ ဖြစ်လာနိုင်တဲ့ အပိုင်း မဟုတ်သေးဘူး။ တကယ်လို့ ဖြစ်လာတဲ့ အပိုင်းကို ရောက်ရင် မင်းပဲငါ့ကို စအသိပေးစမ်းပါ။ ငါမရှိရင် ရှိတဲ့နေရာ စာနဲ့ လှမ်းပြောလိုက်ကွာ''

လွင်သော့် စကားတွေက ကျွန်တော့် နှလုံးသားထဲ ၀င်သွားသည်ဟု ထိုစဉ်က မထင်ခဲ့မိ။ သို့သော်လည်း ကျွန်တော့်အတွက် ဒွိဟစိတ်တွေကို မွေးဖွားစေနိုင်ခဲ့သည် ကတော့ အမှန်ပင်။

***********************************

တကယ်တော့ လွင်သော်ရေ၊ ငါကကြိုးစားမယ်လို့ ပြောခဲ့တာ ငါ့ကိုယ်ငါ မယုံရဲရဲပါပဲ။ လူတစ်ယောက်ကို ရင်ထဲမှာ ချစ်ရတာမျိုးလည်း ငါမခံစားဖူးဘူး။ ခံလည်း မခံစားချင်ဘူး။ အဲဒီအချိန်မှာ မင်းရဲ့အပြုအမူတွေက ငါ့ကို သင်ခန်းစာ စပေးတော့တာကိုး။ ဒါလည်း ငါကျောင်းပြီးမှ ကိုယ့်ကိုယ်ကို သုံးသပ်ရင်း ထွက်လာတဲ့ အဖြေပေါ့ကွာ။

တတိယနှစ် မေဂျာခွဲတော့ Civil နဲ့လွဲလို့ Mechanical ကို မိုက်မိုက်ကန်းကန်း ယူပြီး Roll မြင့်မြင့်နဲ့ ၀င်လာတဲ့ ပန်းယုခိုင်ကို တစ်မေဂျာတည်းမှာ ရှိတဲ့ မင်းက ခင်ခင်မင်မင် ပေါင်းရုံ၊ သူအတန်းထဲ ၀င်ထွက်နေရင် ခိုးကြည့်ရုံ၊ သူစာမေးပွဲ ဖြေနိုင်တာ၊ မဖြေနိုင်တာ ကို ကျိတ်ပြီး ပူတတ်ရုံလောက် နေပြခဲ့တာ ငါအံ့သြလို့ မဆုံးဘူး။ ပန်းယုခိုင် ကို ဒီလောက် အရူးအမူး ချစ်တဲ့ မင်းဟာ အခွင့်အလန်းတွေ ရှိရက်နဲ့ ကြိတ်မှိတ်နေခဲ့တာတွေဟာ မင်းဘ၀ အခြေအနေကြောင့် ပန်းယုခိုင်ကို သိပ်ချစ်လွန်းလို့ ဆိုတာ ငါအခုမှ သိလာခဲ့ပြီလေ။

နောက်ဆုံးနှစ်အထိ မင်းသာ အဲဒီလို နေသွားနိုင်ပေမယ့် ပန်းယုခိုင်ရင်ထဲမှာ ဘာတွေရှိတယ်ဆိုတာ ငါသိခဲ့ တယ်။ မင်းအတွက် စိတ်မကောင်းတာ၊ အားမရတာ၊ ကြေကွဲတာ၊ ကံကြမ္မာကို နာကြည်းတာ၊ အားလုံး သူ့ဆီမှာ ဖြစ်လာတာတွေ ငါ့ကိုရင်ဖွင့်တယ်။ ငါက မင်းကို ဖွင့်ပြောမိမှာစိုးလို့လည်း ကြိုပိတ်ထားတယ်။ သူ့ရည်မှန်းချက်နဲ့ သူနေပါစေတဲ့။ သူ့ကြောင့် မင်းဘ၀ ဖရိုဖရဲဖြစ်မှာ စိုးတယ်တဲ့။ ဇွတ်တရွတ်ဥာဉ်လေးကို ဖျောက်ပြီး ဆန္ဒတွေ ထိန်းချုပ်တာ ပန်းယုခိုင်ရဲ့ အချစ်လို့ မင်းနားလည်ပါ သူငယ်ချင်း။ မိန်းကလေး တစ်ယောက်ရဲ့ သိက္ခာ၊ က္ကုနြေ္ဒကို သူ တန်ဖိုးထားတယ်လေ။

မင်းတို့နှစ်ယောက် အဲဒီလိုဖြစ်နေတုန်း ငါ့မှာတော့ အီးစီကို ရောက်သွားတဲ့ ကြည်သက်စံကို Building-8 လို မြေကြီးအောက်ချိုင့်ထဲ ရောက်နေတဲ့ အခန်းကနေ Building-1 လို မြေကြီးပေါ်က အဆောင်ရဲ့ သုံးထပ်က အခန်းမှာ သွားသွားပြီး ကြည့်ရတာလည်း မမောနိုင် မပန်းနိုင်နဲ့။ ကိုယ့်ကိုယ်ကိုလည်း မပိုင်၊ သူ့လည်း မပိုင်၊ လှေကားထစ်တွေ တက်ရတာပဲ လူက ယိုင်မလိုလို ဖြစ်လာတယ်လေ။ ဒါတွေတော့ မင်းမသိခဲ့ဘူးပေါ့။ ငါက မင်းမသိအောင် သွားခဲ့တာကိုး။

ဒါနဲ့ ငါ့မှာ မင်းစကားတွေ ကြားယောင်လိုက်၊ ဖွင့်ပြောသင့် မပြောသင့် စဉ်းစားလိုက်နဲ့၊ နေလာ လိုက်တာ ကျောင်း ပြီးရောပေါ့။ မင်းကတော့ ထင်မှာပဲ။ ငါ့ကိုယ်ငါ ထိန်းဖို့ ကြိုးစားနေတုန်းလို့။ ငါ မင်းကို အသိမပေးဖြစ်သေးသရွေ့ ကိုယ့်ကိုယ်ကို ထိန်းလို့ရပြီဆိုတဲ့ အပိုင်း မရောက်သေးဘူးလို့ မင်းပြောထား တာပဲ။ အဲဒီလို ဖြစ်နေတုန်း မင်းက အစိုးရအလုပ်ကို နယ်မှာ သွားလုပ်တယ်။ ငါက ကုမ္ပဏီတစ်ခုမှာ အလုပ်ရတယ်။ အဲဒီ ကုမ္ပဏီမှာပဲ ကြည်သက်စံ နဲ့ ပြန်တွေ့ရော...လွင်သော်ရေ --

မင်းစိတ်ဝင်စားမှာပါ။ ဇာတ်က အခုမှ တကယ့်အပိုင်း ရောက်တာကိုး။ မင်းနဲ့ ပန်းယုခိုင်က ရိုးရိုးလေးကွဲသွား ကြတယ်။ ငါ့မှာတော့ ကြည်သက်စံနဲ့ မနီးစပ်ရဘဲ ပြန်ဆုံရတော့ ဘယ်လို ခံစားရမလဲ။ မင်းစဉ်းစား ကြည့်ဦး... လွင်သော်။ ကြည်သက်စံကလည်း လက်မထပ်ရသေးဘူး။ ကျောင်းပြီးလို့ ပိုလှလာတဲ့သူ။ အလုပ်ဝင်တော့ ကျက်သရေ ရှိလိုက်တာ။ ငါ့မှာ လွတ်သောငါး ကြီးရတော့မလိုလို၊ ဆွဲယူပြီး မျိုချရမလိုလိုနဲ့။ လုပ်ငန်း တစ်ခု တည်းမှာ ရင်းနှီးလွန်းတဲ့ လူနှစ်ယောက် ဒီလိုနေနေသမျှ ဘယ်လိုလုပ် ဆန္ဒတွေ တားဆီးကြမလဲ။ ကြာရင် ငါ့စိတ်ကို ငါထိန်းနိုင်မှာ မဟုတ်ဘူးဆိုတာ သိလာတယ်။ ဒါနဲ့ပဲ ငါဘာသာငါ ထွက်စာ တင်လိုက်တယ်။ ကြည်သက်စံကို အသိမပေးခဲ့ပါဘူး။ သူစိတ်မကောင်း ဖြစ်မှာစိုးလို့လေ။

အဲဒီမှာ ငါဘာတွေ စဉ်းစားမိလဲ ဆိုတော့...လွင်သော်ရေ။ ငါ ကြည်သက်စံကို တကယ် ချစ်တတ်သွားပါလား ဆိုတာပဲ။ သူ့ကို သနားတယ်။ သူ့ဘ၀ကို ဖြစ်စေချင်တယ်။ ငါနဲ့နေရင်လည်း ဖြစ်နိုင်ပေမယ့် သူ့အသိုင်း အ၀ိုင်း တွေပါ အဆင်ပြေအောင် နှစ်ဦးနှစ်ဖက် သဘောတူတဲ့လူချင်း လက်ထပ်ပါစေတော့လို့ ငါတွေးမိ လာတယ်။ အဲဒီ အတွေးတွေနဲ့ စွန့်လွှတ်ခဲ့တာပဲ သူငယ်ချင်း။ သူ့ဘက်က ငါ့ကို ချစ်နိုင်တာ ငါသိတယ်။ ဒါပေမဲ့ ငါလုပ်သင့်တာကို လုပ်ခဲ့တယ်ကွာ။ မင်းကျောင်းတုန်းက ငါ့ကို ပြောထားတာတွေ ဒိုင်ယာရီထဲမှာ ငါမှတ်ထားတယ်။ ဘာတဲ့...

''အချစ်ဆိုတာကို သိလာရင်၊ နားလည်လာရင်၊ ချစ်တတ်လာရင်၊ ဖွင့်မပြောလည်း ရင်ထဲမှာ မြတ်မြတ်နိုးနိုး ချစ်ရတာကို မင်းပိုပြီး တန်ဖိုးထားတတ် လာမှာပါ''တဲ့။

ဟုတ်တယ်။ မှန်တယ်ကွာ။ ငါ့ရင်ထဲမှာ ကြည်သက်စံနဲ့ ပတ်သက်တာတွေ၊ သူ့ဘ၀ ကောင်းစားစေချင် တာတွေ ချည်းပဲရှိတယ်။ ဒါကြောင့် မင်းပြောသလို သူစိတ်ချမ်းသာအောင် ငါလုပ်ပေးခဲ့တယ်။ ငါ့ရင်ထဲမှာတော့ သူနဲ့ပတ်သက်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ခံစားလိုက်ရတယ်။ မပူလောင်ဘူး။ အဲဒါဟာ အချစ်စစ်လို့ ငါသိတယ်။ ခုတော့ မင်းချစ်တဲ့ ပန်းယုခိုင်ရော၊ ငါချစ်တဲ့ ကြည်သက်စံရော သူတို့ အမျိုးသားတွေနဲ့ နေပျော်သွားကြပါပြီ... လွင်သော်။ ငါနဲ့ မင်းကတော့ ခံစားမှုတွေကို ရင်ထဲမှာပဲ ထားခဲ့ကြရပြီပေါ့။

ငါတို့နှစ်ယောက်ရဲ့ ရင်ထဲမှာ ထပ်တူထပ်မျှ ရှိနေတဲ့ ခံစားမှုကို ငါကဗျာတစ်ပုဒ် ရေးထားတယ်။ ခေါင်းစဉ် ကတော့ 'ရင်ထဲမှာ' လို့ ပေးထားတယ်။ မင်းဖတ်ကြည့်........

"ရင်ထဲမှာ"

မေ့နိုင်ပါသည်
တစ်ရံဆီမှ၊ မပီမသ
မှုန်ဝါးကြလျှက်၊ ခံစားချက်နှင့်
အသက်အပ်နှင်း၊ ချစ်တတ်ခြင်းနှော
ရင်းနှီးမောလျ၊ တွယ်တာကြသည့်
ကာလများ၏ အိမ်မက်တွေ။

ခွဲခွာနိုင်သည်
မတည်မတံ့၊ ရှည်ဆန့်မနေ
ခေတ္တဝေဖြစ်၊ မက်တွယ်ချစ်ခဲ့
အပြစ်မဲ့ကင်း၊ အပြုံးခင်းထား
နေရာများ၏ ခြေရာတွေ။

ဟားတိုက်နိုင်သည်
မမီဘ၀၊ မလှသည့်အခြေ
ကျိုးကြေခံစား၊ တွယ်ရစ်ထားခဲ့
အနားနေစေ၊ ဆန္ဒတွေကြည့်
မသိရင်မခုန်၊ တုန်ရင်လှိုက်စွာ
ထာဝရ၏ မေတ္တာတွေ။

ရှိပါလေတော့
ဖြေလျှော့မာန်ချ၊ သည်ဘ၀တာ
ကြာလျှင်သူမေ့၊ တစ်နေ့နေ့နှင်
ရွေ့ရွေ့စဉ်ပေါ့၊ အမြင်မရှိ
အသိမပါ၊ ကဗျာတွေမေ့
နေ့သရွေ့တွင်
(သူမ........)ချမ်းမြေ့စေချင်သည်။ ။

ငါတို့နှစ်ယောက်ရဲ့ ကဗျာတွေကို ပန်းယုခိုင်ရော၊ ကြည်သက်စံပါ မေ့လို့ ချမ်းမြေ့နေပြီဆိုတာ ငါတို့ ၀မ်းသာ နေနိုင်တယ် မဟုတ်လား။ မင်းပြောသလိုပေါ့ကွာ။ ငါ့ကိုယ်ငါ ထိန်းသိမ်းလို့ရလာတဲ့ အချိန်မှာ မင်းကို အသိပေး လိုက်တာပါပဲ။ ငါ့ရင်ထဲမှာ၊ မင်းရင်ထဲမှာ ပန်းယုခိုင်နဲ့ ကြည်သက်စံတို့ရဲ့ ရင်ထဲမှာ ချစ်သူစစ်တို့ ထားရှိရမယ့် သဘောတရားတွေ ခိုအောင်းခဲ့တယ်လို့ ငါယူဆထားပြီလေ။

''အင်ဂျင်နီယာဆိုတာ ဆုံးဖြတ်ချက်မှန်ရမယ်။ ဆရာဝန်တစ်ယောက်ဟာ လူနာကို ကုလို့မှားရင် တစ်ယောက်ပဲ သေတယ်။ အင်ဂျင်နီယာတစ်ယောက် မှားရင် လူပေါင်းများစွာ သေစေနိုင်တယ်။ ဒါကြောင့် အင်ဂျင်နီယာ ဆိုတာ ဆုံးဖြတ်ချက် အမြဲတမ်း မှန်ဖို့လိုတယ်''လို့ ငါတို့ ဆရာသမားတွေ ခဏခဏပြောတဲ့ စကားတွေ မင်းမှတ်မိ မှာပါ။

ဒီတော့ သင်ပြီးသား ပုစ္ဆာတွေကို တိုက်ရိုက် မမေးဘဲ Unseen ချည်း မေးတတ်တဲ့ ကျောင်းတုန်းက စာမေးပွဲ မေးခွန်းတွေ ဖြေသလိုမျိုး ဆုံးဖြတ်ချက် မှန်မှန်နဲ့ ငါတို့ လက်တွေ့ရင်ဆိုင်ရမယ့် ပြဿနာတွေကို အင်ဂျင်နီယာ ကောင်း ပီသစွာ ဆုံးဖြတ်နိုင်ဖို့ လိုတယ်လို့ ယူဆတယ်လေ။

ပန်းယုခိုင်ရယ်၊ ကြည်သက်စံရယ်၊ လွင်သော်ဆိုတဲ့ မင်းရယ်၊ ရဲနောင်ဆိုတဲ့ ငါရယ် ကြုံတွေ့ ခဲ့တဲ့ ပြဿနာလေး မှာ တို့ ရင်ဆိုင်ခဲ့ရတာ ဘာမှမပြောပလောက်တဲ့ Unseen လေးပါပဲ။ ဒါပေမယ့် ငါတို့ ကျော်လွှားခဲ့ကြပြီ။ အင်ဂျင်နီယာကောင်းတွေ ပီသစွာ ငါတို့ ဖြတ်သန်းခဲ့ကြပြီ။ ဆုံးဖြတ်ချက် မှန်လို့ လူပေါင်းများစွာရဲ့ ဘ၀တွေ ငြိမ်းချမ်းခဲ့ရပြီ။ ငါဝမ်းသာနေတယ်....လွင်သော်။ မင်းလည်း ငါ့လို ထပ်တူတပ်မျှ ခံစားရမယ်လို့ ငါယုံပါတယ်။

ငါ့အနေနဲ့ အလုပ်ပြန်လုပ်ဖို့ ကြိုးစားရင်း ရင်ထဲမှာ ရှိနေတဲ့ ငြိမ်းချမ်းမှုတွေကို မင်းကို လက်ဆင့်ကမ်းလို်က် တာပါ။ မင်းဝမ်းသာ ကျေနပ်လို့ လက်ခံနိုင်ပါစေကွာ။

ခင်မင်မှုများစွာဖြင့်
အစဉ်ထာဝရ
မင်းရဲ့သူငယ်ချင်း
ရဲနောင်


သားလတ်



(၂၀၀၁ခုနှစ်-အောက်တိုဘာလ၊ မှုခင်းရှုထောင့်မဂ္ဂင်း)

Related Posts Plugin for WordPress, Blogger...