Tuesday, August 30, 2011

" အိပ်ခ်ျဇီးရိုး ( H 0) " ( ၂ )


နောက်နေ့နံနက် အိပ်ရာမှမနိုးခင် ဆူသံပူသံတွေကြားသည်။ လရောင် အိပ်ရာကထပြီး ပြတင်းပေါက် တံခါးဖွင့်၍ အိမ်ရှေ့ကိုကြည့်တော့ လူလေးငါးဆယ်လောက် သူ့ခြံတံခါးမှာ စုဝေးကာ အော်ဟစ်နေသည်။

" ဆရာလရောင်၊ ကျွန်တော်တို့ သတင်းထောက်တွေပါ။ တံခါးဖွင့်ပေးပါ "

ဒုက္ခပဲ။ ဘာဖြစ်လို့ သူ့ဆီလာရတာလဲ။ ဘာအကြောင်းရှိလို့လဲ။

" ဆရာ၊ ဆရာ့ရဲ့ အိပ်ခ်ျဇီးရိုးစက်အကြောင်း သတင်းယူမလို့ပါ "

" ဟာ "

ဒါ...ဒါ.......ရဲခေါင် လက်ချက်ပဲ။ သည်ကောင် ကတိမတည်တဲ့ကောင်ပဲ။

" ခင်ဗျားတို့ ပြန်ပါ။ ကျွန်တော့်စက်က လုံးဝမပြီးသေးပါဘူး။ အကြမ်းထည်ပဲ ရှိပါသေးတယ်။ စမ်းသပ်ရဦးမယ်။ စမ်းသပ်ပြီးအောင်မြင်ရင် ကျွန်တော်အားလုံးကို ဖိတ်ပြီး အသိပေးပါမယ် "

အိမ်ရှေ့တံခါးက ထွက်၍အော်တော့ မကျေနပ်သံတွေ ဆူပွက်လာသည်။ လရောင် တံခါးပိတ်ကာ အိမ်ထဲဝင်တော့ အသံတွေ တိတ်သွားသည်။ ဘာဖြစ်လို့လဲဟုတွေးပြီး ပြတင်းပေါက်ကကြည့်မှ အားလုံးလှည့်ပြန် သွားတာတွေ့သည်။

လူတွေကတော့ ခက်ပြီ။ သူ့စက်ကို စမ်းသပ်ပြီး မှတ်ပုံတင်ရဦးမည်။ ကမ္ဘာကို ချမပြခင်တော့ မြန်မာက လူတွေသိအောင် ပြရမှာပေါ့ဟုတွေးရင်း လရောင်က နှစ်ခြိုက်စွာပြုံးသည်။

" ကရင်.....ရင်......ရင် "

ဒါ လရောင်အိမ်က လျှို့ဝှက်ဘဲလ်မြည်သံ။ သည်ဘဲလ်ကို ရဲခေါင်ကလွဲ၍ ဘယ်သူမျှမသိ။

အတော်ပဲ။ သည်ကောင်နှင့် သူ့သတင်းထောက်တွေကိစ္စ ရှင်းစရာရှိ၍ လရောင်က တံခါးဆွဲဖွင့်လိုက်သည်။ ခြံစည်းရိုးတံခါးကိုကြည့်တော့ ရဲခေါင်မဟုတ်။ အဒေါ်ကြီးတစ်ယောက်ကို တွေ့သည်။

" ဘာလဲ အဒေါ်။ ဘာကိစ္စရှိလို့လဲ "

" အဒေါ့်ကို အိမ်ထဲဝင်ခွင့်ပေးပါလား။ နောက်မှရှင်းပြပါရစေ "

" ကျွန်တော့်လျှို့ဝှက်ဘဲလ်ကို သိတာ ရဲခေါင်ဆိုတဲ့ ကျွန်တော့်သူငယ်ချင်းပဲ ရှိတယ်။ အဒေါ်က ဘယ်က ဘယ်လိုသိတာလဲ "

" ရဲခေါင် ပြောပြလို့ပါကွယ်။ အဒေါ်က ရဲခေါင်ရဲ့အမျိုးပါ "

" ကျွန်တော်ဧည့်ခံဖို့ အချိန်မရှိလို့ပါ အဒေါ်။ အားနာပါတယ် "

" ဒီလိုပါကွယ်။ မောင်လရောင်နဲ့ စီးပွားရေးကိစ္စ ဆွေးနွေးချင်လို့ပါ "

" အဲဒါဆို သီးခံပါအဒေါ်။ ကျွန်တော်က စီးပွားရေး စိတ်မ၀င်စားလို့ ဘိုးဘွားပိုင် စီးပွားရေးလုပ်ငန်းတွေကို လူယုံတွေနဲ့ လွှဲထားတာ "

" အဒေါ့်ရဲ့ အစီအစဉ်တွေကို မောင်လရောင်စိတ်ဝင်စားမှာပါကွယ် "

" ဘာများမို့လို့လဲ "

" မောင်လရောင်ရဲ့ အသစ်ထွင်လိုက်တဲ့စက်ကို အဒေါ်တစ်ဦးတည်း ကိုယ်စားလှယ်ယူဖို့ စာချုပ်ချုပ်မယ်။ အဲဒီအတွက် မောင်လရောင် ကြိုက်သလောက် တောင်းပါ "

" ဟား-ဟား-ဟား။ ကျွန်တော်စိတ်မ၀င်စားပါဘူး အဒေါ်။ ကျွန်တော် ဒီစက်ကို ဘယ်သူ့ကိုမှ မရောင်းပါဘူး။ ပြီးတော့ ထပ်လည်းမထွင်ပါဘူး။ ဒီစက်က သူများကိုင်လို့ မဖြစ်ဘူး။ ဒီတော့ အဒေါ်ပြန်ပါတော့ "

လရောင်က ပြောပြီး အိမ်ထဲပြန်ဝင်သည်။ အဒေါ်ကြီး စိတ်ပျက်လက်ပျက်နှင့် ပြန်သွား၏။

****************

လရောင်သည် သူ့ ( H 0 ) စက်ကို စတင်စမ်းသပ်ရန် ပြင်ဆင်လေသည်။ သို့သော် အဓိကစမ်းသပ်ရမည်က ကိုယ်ဝန်ဆောင်မိခင်တစ်ဦး၏ ဗိုက်ထဲက သန္ဓေသားကလေး။

" တီ-တီ-တီ "

ရုတ်တရက် ဖုန်းမြည်လာ၍ လရောင် ထကိုင်လိုက်သည်။

" ဟဲလို- ဦးလရောင်နဲ့ စကားပြောချင်လို့ပါ "

သည်ဖုန်းနံပါတ်ကို ရဲခေါင်ဆီကပဲ ရတာဖြစ်လိမ့်မည်ဟု လရောင်တွေးမိသည်။

" ကျွန်တော်ပါပဲ "

" ဩော်- ဟုတ်ကဲ့။ ကျွန်မက ကိုယ်ဝန်ဆောင်မိခင် တစ်ဦးပါ။ ကျွန်မတို့ မျိုးရိုး အစဉ်အဆက် ပညာအရည်အချင်း တော်ခဲ့ကြပါတယ်။ ဘယ်လောက်တောင် တော်သလဲဆိုရင် ကျွန်မတို့အားလုံးဟာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေခဲ့ကြတဲ့ သက်တမ်းတစ်လျှောက် မြန်မာတစ်ပြည်လုံး ပထမကနေ ပဉ္စမကြား ၀င်ခဲ့သူတွေချည်းပါပဲ "

" ကျွန်တော် စိတ်မ၀င်စားပါဘူး။ ကျွန်တော့်မှာ အလုပ်တွေရှိပါသေးတယ် "

" အို - ဖုန်းမချလိုက်ပါနဲ့ဦး။ ဒီလိုပါ။ ကျွန်မအခုလွယ်ထားရတဲ့ သန္ဓေသားကလေးကို မြန်မာပြည်မှာသာမက ကမ္ဘာမှာပါ အိုင်ကျူအမြင့်ဆုံး ဖြစ်စေချင်တယ်ရှင်။ အဲဒါ........ဦးလရောင် လိုသလောက်တောင်းပါ။ အာဆီယံငွေကြေး၊ ယူရိုငွေကြေး၊ အမေရိကန် ဒေါ်လာ၊ ကြိုက်တဲ့ပုံစံနဲ့ တောင်းပါ။ ပေးပါ့မယ် "

" ကျေးဇူးတင်ပါတယ်။ တစ်ခုတော့ သီးခံပြီး နားထောင်ပေးပါဦး။ ကျွန်တော်တို့ ဘိုးဘေးတွေ ဒီစက်ကို တီထွင်ချင်တဲ့ အဓိကရည်ရွယ်ချက်က မြေပြင်ပေါ်မှာရှိတဲ့ လူတန်းစားတွေ အားလုံးကို ဆင်းရဲချမ်းသာ ကွာဟမှုနည်းအောင် ဥာဏ်ရည်က စညှိမယ်ဆိုတဲ့ သဘောနဲ့ ဖန်တီးချင်ကြတာပါ။ ချမ်းသာတဲ့လူတွေ ပိုပြီးချမ်းသာအောင်၊ ဆင်းရဲတဲ့လူတွေ ပိုပြီးဆင်းရဲသွားအောင် လုပ်ဖို့ စိတ်ကူး မရှိပါဘူး။ ဒီစက်ကို အများသုံးဖို့အတွက် ကျွန်တော်တီထွင်တာပါ။ တစ်ဦးချင်းအတွက် မဟုတ်ပါဘူး။ ဒီတော့ အချိန်တန်ရင် အများအတွက် ကျွန်တော်လှူခဲ့ပါမယ်။ ဒါပေမဲ့ လောလောဆယ် ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ အနေအထားအရ ဒီစက်နဲ့ပတ်သက်ပြီး ဘာလုပ်ရမလဲဆိုတာ ကျွန်တော်သိသွားပါပြီ။ ကျွန်တော့်ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်ထပ်ဘယ်တော့မှ ဆက်မကြိုးစားပါနဲ့တော့ "

လရောင်က အေးဆေးစွာတုံ့ပြန်ပြီး ဖုန်းကိုချလိုက်သည်။

ထို့နောက်မှာတော့ တိတ်ဆိတ်သော ပတ်ဝန်းကျင်တွင် လရောင်၏အိမ်မှ အသံများ ပေါ်ထွက် လာသည်ကို ဘေးအိမ်နီးနားချင်းများ ကြားသိရပါတော့သည်။

" ဂွမ်း "

" ဒါက ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ဖောက်ပြန်မှုအတွက် "

" ဒုန်း "

" ဒါက ဘယ်သူမဆို လေလည်တာနဲ့ အနံ့ခံ အနားရောက်လာတတ်ပြီး တွေ့ကရာ သတင်းလျှောက်လုပ်ချင်တဲ့ လူတချို့အတွက် "

" ဖုန်း "

" ဒါကတော့ ငွေရှိရင် အကုန်လုပ်လို့ရတယ် ထင်သူတွေအတွက် "

" ဂျွမ်း "

" ဒါကတော့ လောဘနဲ့ သူများထက် သာပြီးရင်းသာချင်တဲ့ လူတွေအတွက် "

အသံတွေကြားပြီး ပြန်တိတ်ဆိတ်သွားသည်။

အိမ်ထဲမှာတော့ နှစ်ရာပေါင်းများစွာ ကြိုးစားတီထွင်ခဲ့ပြီးမှ ဖြစ်ပေါ်လာသော Horizontal Zero ဆိုသည့် စက်တစ်လုံး၏ ပျက်စီးကျိုးပဲ့နေသော အပိုင်းအစများ။

ပြီးတော့ လူ့လောကကြီးကို စိတ်ပျက်နာကြည်းလျက် လွန်ခဲ့သည့် ခရစ်နှစ် ရာပေါင်းများစွာက လူများစွာ၏ ရိုးသားဖြူစင်သည့် စိတ်ဓာတ်များကို ပြန်လည်တပ်မက်နေသော မျက်နှာတစ်ခုနှင့် လရောင်ဆိုသော လူတစ်ဦး.........။ ။


သားလတ်

[ န၀ဒေးမဂ္ဂဇင်း၊ ဒီဇင်ဘာလ၊ ၂၀၀၂ ခုနှစ် ]



Monday, August 29, 2011

" အိပ်ခ်ျဇီးရိုး ( H 0) " ( ၁ )


ခရစ်နှစ် ၂၅၀၀ နှစ်....။

မြန်မာပြည်၊ ရန်ကုန်မြို့၏ ဆိတ်ငြိမ်ရပ်ကွက် တစ်ခုအတွင်းက အိမ်တစ်အိမ်မှာ လူတစ်ယောက် အီလက်ထရွန်းနစ် ပစ္စည်းများ၊ စက်ကိရိယာများနှင့် တစ်ယောက်တည်း အလုပ်ရှုပ်နေသည်။

သူ့နာမည်က လရောင်။

သူသည် စက်မှုနှင့် အီလက်ထရွန်းနစ် အင်ဂျင်နီယာ ဘာသာရပ်နှစ်ခုပေါင်း ဖြစ်သော Mechatronic ဘာသာရပ်ကို Ph.D အဆင့်အထိ တတ်ကျွမ်းသူ ဖြစ်သည်။ သို့သော် သူ့မှာ ဘာဘွဲ့မှ ပြစရာမရှိ။ ဆယ်တန်းအောင်ပြီးချိန်မှာ သူက တက္ကသိုလ်ဆက်မတက်တော့။ အကြောင်းက သူ့ကို သူ့အဖေကိုယ်တိုင်က အင်ဂျင်နီယာ ဘာသာပိုင်းဆိုင်ရာကို အချိန်ရလျှင် ရသလို သင်ပေး၍ဖြစ်သည်။

သူတို့မျိုးရိုးမှာ အစဉ်အလာတစ်ခု ရှိခဲ့သည်။ လွန်ခဲ့သော နှစ်ငါးရာ့ငါးဆယ်ကျော်က ရန်ကုန်စက်မှုတက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာဘွဲ့ရ သူ့ဘကြီးတစ်ယောက် ( တကယ်တော့ 'ဘောင်' တို့၊ 'ဘွတ်' တို့ လောက်ရှိမည်။) ရန်ကုန်စက်မှုတက္ကသိုလ်မှ အီလက်ထရွန်းနစ် အင်ဂျင်နီယာဘွဲ့ရ သူ့အဘွားနှင့် အိမ်ထောင် ကျခဲ့ရာမှ နှစ်ယောက်ပေါင်း၍ စက်တစ်လုံးကို စတင်တီထွင်ရန် အကြံဖြစ်ခဲ့သည်။

သို့သော် ထိုသို့ အကြံဖြစ်ခဲ့ရုံပဲ ရှိပြီး မျိုးရိုး အစဉ်အဆက် ဆက်လက် အကောင် အထည်ဖော်ရန် သေတမ်းစာ ရေးသားခဲ့ရာ ထိုအစဉ်အလာကို ဆက်လက် ထိန်းသိမ်းရန် ယခု လရောင်တို့ခေတ်ကို ရောက်ခဲ့ချေပြီ။

လရောင်သည် အသက်သုံးဆယ်ဝန်းကျင် လူငယ်တစ်ယောက်ဖြစ်သော်ငြား သူ့ဘိုးဘေးများ၏ ဆန္ဒကို ဖော်ထုတ်ရန် လွန်စွာစိတ်အားထက်သန်သူဖြစ်သည်။ ထို့ကြောင့် သူ့အဖေ၏သင်ကြားမှုများကို ဂရုတစိုက်နာယူကာ စာအုပ်များကိုလည်း ဖတ်ရှုလေ့လာခဲ့သည်။ ယခုတော့သူ့အဖေလည်း မရှိတော့။ လရောင်တစ်ယောက်တည်း နေ့ရှိသရွေ့ သူတို့ဘိုးဘေးများ တောင့်တခဲ့သော စက်တစ်လုံးကို တီထွင်ထုတ်လုပ်နိုင်ရန် ကြိုးစားနေရလေပြီ။

**************

" မင်းတစ်ယောက်တည်း မနေနဲ့ လရောင်။ အပြင်မှာ ဘာတွေဖြစ်နေလဲ။ ထွက်ကြည့်ဦး "

လရောင်မှာ ခင်မင်ရသော သူငယ်ချင်းတစ်ယောက်ရှိသည်။ သူ့နာမည်က ရဲခေါင်ဗလ။

" ဒီစက်တစ်ခုဖြစ်ဖို့ ငါတို့ဘိုးဘေးတွေ ဘယ်လောက်တောင့်တခဲ့သလဲဆိုတာ မင်းကိုငါပြောဖူးပါတယ် ရဲခေါင် "

" ဘာစက်မှန်းမသိရဘဲနဲ့။ ငါတော့နားမလည်တော့ဘူးကွာ "

" မပြီးခင် ဗမာမမြင်စေနဲ့တဲ့ကွ "

" ပြီးရင်ရော သိရမှာလား "

" စိတ်ချမင်းကို အရင်အသိပေးမယ် "

ရဲခေါင် လက်မြှောက်ပြီးပြန်သွားသည်။ လရောင်သူ့အလုပ်သူ ဆက်လုပ်နေ၏။ သည်လိုနှင့် သုံးလေးနှစ်လောက် ကြာသွားသည်။ လရောင်၏မျက်နှာမှာ မျက်မှန်ပါဝါ ကြီးကြီးတစ်ခုရောက်နေပြီ။ သို့သော်သူ့မျက်လုံးတွေက အရောင်ပိုလက်လာ၏။

လရောင်၏ပတ်ဝန်းကျင်သည် လရောင်ကိုရှိသည်ဟုပင် မထင်ရလောက်အောင် စိတ်မ၀င်စားခဲ့ပါ။ လရောင်ကလည်း ထို့အတူပင်။

************

" မင်းမျက်နှာက ဒီနေ့အထူးကြည်လင်နေတယ်။ ဘယ်တုန်းကမှ အပြင်မထွက်ခဲ့တဲ့ မင်းက အခု ငါ့ဆီလာတယ်။ သေချာတာက မင်းမှာထူးခြားချက်တစ်ခု ရှိနေပြီ "

ရဲခေါင်က တွေ့တွေ့ချင်း လရောင်မျက်နှာကစာသားတွေကို လှမ်းဖတ်သည်။

" ဒါဖြင့် ဘာလဲ၊ ငါ့ကို ပြောပြလို့ရမလား "

ရဲခေါင်ကိုခင်တာ ဒါတွေကြောင့်ပင်။ ရဲခေါင်ကို သူရွေးပေါင်းခဲ့တာလည်း ဒါကြောင့်ဖြစ်သည်။ သူ့လျှို့ဝှက်ချက် များကို ရဲခေါင်စိတ်ထဲမှာ လုံခြုံစိတ်ချစွာ သိမ်းထားနိုင်ခဲ့သည်ပဲ။

" ငါ့အိမ်ရောက်မှ ပြောကြတာပေါ့ "

ရဲခေါင်ကို 'မ' ထုတ်တော့ နားလည်စွာပါလာသည်။ အိမ်ရောက်တော့ လရောင်က သူ့စမ်းသပ်ခန်းထဲကို ခေါ်သွား၏။

" ဘာလဲ။ မင်းစက်တွေ ပြဦးမလို့လား "

လရောင် ဘာမျှပြန်မဖြေ။ ECG ရိုက်သောစက်၊ ကွန်ပျူတာမော်နီတာ၊ ကီးဘုတ်၊ ဒါတွေက ဟိုးတုန်းကတည်းက ရဲခေါင် မြင်ဖူးပြီးသား။ ထိုစက်တွေအတွက် ရဲခေါင်အံ့ဩမှာမဟုတ်။ သို့သော်ထိုစက်တွေနားမှာ နောက်ထပ် စက်တစ်လုံးကို ရဲခေါင်မမြင်သေး။

" ရဲခေါင်။ ဒါဘာလဲ ကြည့်စမ်း "

လရောင်က အ၀တ်အုပ်ထားသော ခါးလောက်မြင့်သည့် တစ်စုံတစ်ခုကို ပြရန် အ၀တ်ကို ဆွဲဖယ်လိုက်၏။

" ဟာ "

အ၀တ်စအုပ်ထားသည့်အရာကား အီလက်ထရွန်းနစ်ဆားကစ်( Circuit ) များ၊ ( Chip ) ပြားများ၊ ဂဏန်းပြ (Digital ) ဒိုင်ခွက်များ၊ ကြိမ်နှုန်း ( Frequency ) ပြစက်များဖြင့် ဖွဲ့စည်းထားသော လှပသည့် စက်တစ်လုံး။

" ဒါမင်းလုပ်ထားတာလား "

" အေး-ဒါပေမဲ့ သေချာကြည့်၊ ကျန်သေးတယ် "

လရောင်က ပြုံးသည်။ ပြီးတော့ ဧည့်ခန်းကိုသွားရန် လက်ပြ၏။

" ငါရှင်းပြမယ်။ ဧည့်ခန်းမှာ ထိုင်ဦး "

ရဲခေါင် ဧည့်ခန်းမှာဝင်ထိုင်စဉ် လရောင်က နောက်ဖေးကိုဝင်ပြီး စားသောက်စရာတွေယူလာသည်။ ပြီးတော့ ရဲခေါင်ကို ကျွေးသလို သူလည်း အားရပါးရစား၏။

" ငါ့ဘ၀မှာ မင်းအစားကောင်းကောင်းစားတာ ဒီတစ်ခါပဲ တွေ့ဖူးတယ် "

" ပျော်လို့ကွ "

" လုပ်စမ်းပါဦး၊ မင်းစက်ကြီးကိစ္စ "

လရောင် စားလက်စကို ရပ်သည်။ ပြီးတော့ ကိုယ်ကိုမတ်၏။

" ငါ အခုပြောမယ့် အကြောင်းအရာတွေကို မင်းရင်ထဲမှာပဲထားပါ ရဲခေါင် "

" အေးပါ ၊ ပြော "

" ငါ အခု ငါတို့ မျိုးရိုးစဉ်ဆက် မျှော်လင့်ခဲ့တဲ့ စက်ကြီးကို တီထွင်ပြီးသွားပြီကွ "

" ဟာ- Congratulation ကွာ။ မနေ့ကပြီးတာပေါ့။ ဟုတ်လား "

" ဘယ်ကဟုတ်ရမှာလဲ။ တစ်ပတ်လောက်ရှိပြီကွ "

" ဟင်-မင်းကငါ့ကို ဘာလို့ခုမှ ပြောရတာလဲ "

" ဒီလိုကွ။ ဒီစက်ကြီးရဲ့ နာမည်ကို ဘယ်လိုပေးရမလဲ စဉ်းစားနေတာနဲ့ ကြာသွားတာ။ ခုတော့ နာမည်ရလို့ မင်းကို ရဲရဲအသိပေးတာ "

" ဆိုစမ်းပါဦး။ နာမည်က....."

" Horizontal Zero အတိုခေါ်ရင် အိပ်ခ်ျ ဇီးရိုး ( H 0) ပေါ့ကွာ "

" ဘာအဓိပ္ပါယ်နဲ့ ပေးတာလဲ "

" အဲဒါပြောရင် ငါ့ဘိုးဘေးတွေက စရမှာကွ။ မင်းစိတ်ရှည်မလား "

"ရတယ်လုပ်။ မင်းက အစဖော်ထားတော့ ငါစိတ်ဝင်စားနေပြီ "

" ငါပြောဖူးတယ်လေ။ ငါတို့မျိုးရိုးမှာ ဒီစက်တစ်လုံးထွင်ဖို့ ကြိုးစားခဲ့ကြတာ။ ဟိုးတုန်းက ၀ိုင်အိုင်တီလို့ခေါ်တဲ့ ရန်ကုန်စက်မှုတက္ကသိုလ်က ကျောင်းပြီးတဲ့ ငါ့ဘိုးဘေးတွေ လက်ထက်ကတည်းက စိတ်ကူးရခဲ့တာ။ သူတို့က ကမ္ဘာမြေပြင်ပေါ်က လူသားတွေအားလုံးဟာ အဆင့်အတန်းခွဲခြားမရအောင် တစ်ပြေးညီ ဖြစ်သင့်တယ်တဲ့။ ဒါကို ပထမစပြီး စဉ်းစားတာ။ ဒါပေမဲ့ အဲဒါဟာ လုံးဝမဖြစ်နိုင်ဘူးဆိုတာလည်း သူတို့သိတယ်။

ဒီနောက်မှာ တကယ်ဖြစ်နိုင်တာ တစ်ခုကို အဘိုးရော၊ အဘွားပါ စဉ်းစားမိသွားတယ်။ အဲဒါက ဘာလဲဆိုတော့ လူတွေကို ချမ်းသာ၊ ဆင်းရဲ ညီသွားအောင် မလုပ်နိုင်ပေမယ့် လူတိုင်းမှာရှိတဲ့ ဥာဏ်ရည်ပြကိန်း IQ (Intelligent Quotient ) ကို ညှိလို့ရမယ်လို့တော့ သူတို့ယူဆကြတယ်။ ဒါပေမဲ့ မွေးပြီးသားလူကိုတော့ လုပ်လို့ရမယ် မထင်ခဲ့ဘူး။ မမွေးမီ သန္ဓေသားကိုတော့ လုပ်လို့ရမယ်လို့ ယူဆခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ငါးရာကျော်ဆိုတော့ အဲဒီကာလမှာ သန္ဓေသားကို ပြင်ပက နူးညံ့ သိမ်မွေ့အောင် ပြုပြင် တာတွေတော့ စလုပ်နေပြီလို့ သိရတယ်။ ဒီမှာပဲ ငါ့အဘိုးနဲ့ အဘွားဟာ အဲဒီကိစ္စကို စကြံစည်ခဲ့တယ် "

" အခုတော့ မင်းလက်ထက်မှာ အကောင်အထည်ပေါ်ပြီပေါ့။ အဲဒီ အကြံအစည်နဲ့ အိပ်ခ်ျဇီးရိုးနာမည်က ဘယ်လိုပတ်သက်သလဲ "

" ငါခုနက ပြောခဲ့တဲ့အထဲမှာ ပါတယ်။ ငါ့ဘိုးဘေးတွေက လူတန်းစား ညှိမယ်လို့ တွေးခဲ့တာကိုး။ တကယ်တော့ ဆင်းရဲ၊ ချမ်းသာဆိုတာ အတိတ်ကံပါတာပဲ။ ဒီတော့ လူတစ်ယောက်ရဲ့ လျှောက်ရမယ့် လမ်းကို အဆိုးအကောင်း ဝေဖန်ပိုင်းခြားမှုနဲ့ ဆင်းရဲချမ်းသာမှုကို ဖန်တီးပေးနိုင်တဲ့ ဥာဏ်ရည်ကို ညှိမယ်လို့ တွေးခဲ့တာပေါ့။ အနီးစပ်ဆုံးကို စဉ်းစားကြတာလေ။ တကယ်တော့ ဥာဏ်ရည်တူရုံနဲ့တောင် ဆင်းရဲချမ်းသာ ညီမျှအောင်လုပ်လို့ မရနိုင်ပါဘူး။ ငါ့ဘိုးဘေးတွေက ဖြစ်လာမလားဆိုတဲ့ အတွေးနဲ့ စခဲ့တာပါ။ အဓိကကတော့ကွာ လူတန်းစားညီမျှမှုဆိုတာကို မျှော်လင့်ပြီးလုပ်ခဲ့တာ။ ဒီတော့မြေပြင်မှာ အားလုံးဟာ တစ်ပြေးညီရှိပြီး ကွာဟမှုမရှိစေရဘူးဆိုတဲ့ စိတ်ကူးနဲ့ ငါက Horizontal Zero လို့ နာမည်ပေးလိုက်တာ "

" ကောင်းတယ်ကွာ "

" ဒါပေမဲ့ ဒီနာမည်ဟာ ဟိုတုန်းက ငါတို့ ဘိုးဘေးတွေ ဗွီဒီယိုကြည့်ရင် တိပ် ( Tape) ပြားလေးတွေနဲ့ ကြည့်တဲ့စက်မှာရှိတဲ့ ဟက် ( Head ) တွေကို ထုတ်တဲ့ စက်ရုံမှာသုံးတဲ့ အသုံးကွ။ အဲဒီ Head တွေမှာ Sp chip နဲ့ Ep chip ဆိုတဲ့ အပြားနှစ်ခုရှိပြီး အဲဒီအပြားနှစ်ခုကို ဘယ်ညာညီအောင်ညှိပြီး ရိုက်ထုတ်တဲ့ အိပ်ခ်ျဇီးရိုး ဆိုတဲ့ စက်တွေရှိတယ်။ Horizontal ညီအောင်ညှိတာကြောင့် Horizontal Zero လို့ခေါ်တာလေ။ အခုအဲဒီလို Head တွေထုတ်တဲ့ စက်ရုံတွေလည်း မရှိတော့၊ ဒီနာမည်ကို ငါတို့ခေတ် လူတွေ ဘယ်သိတော့မလဲ။ ငါတောင် ငါ့အဘိုးစာအုပ်ထဲမှာ တွေ့လို့ "

" မင်းက အဲဒီနာမည်ကို ကြိုက်လို့ယူသုံးတာပေါ့ "

" ဟုတ်တယ်။ နောင်ရာစုသစ်တွေမှာ ကြီးပြင်းလာတဲ့ လူတွေအားလုံး အိုင်ကျူတွေတူသွားရင် ငါတို့ကမ္ဘာမှာ ဆင်းရဲချမ်းသာကွာဟမှုဟာ ကျဉ်းသွားလိမ့်မယ်။ ဥာဏ်တုံးလို့၊ ဥာဏ်မြင့်လို့ဆိုတာတွေ မရှိနိုင်အောင် ဆိုတဲ့ စေတနာနဲ့ ငါတို့မျိုးရိုးက ဒီစက်ကိုတီထွင်တာ။ ငါကအားလုံးရဲ့ ကွာဟမှု သုညရောက်အောင် ကျဉ်းသွားမယ်လို့ ယူဆလို့ အဲဒီနာမည်ယူလိုက်တာ "

" ကြိုက်တယ်ကွာ။ ဂုဏ်ယူတယ် "

ရဲခေါင်က အားရ၀မ်းသာ လက်ကမ်းပေးသည်။ လရောင်က ဖမ်းဆုပ်လိုက်၏။

**************

သားလတ်

( ဆက်ပါဦးမည် )



Thursday, August 25, 2011

" တစ်ခုပြီးမှ တစ်ခု "


ဧရာဝတီတိုင်းထဲက ရွာတစ်ရွာမှာ တကယ်ဖြစ်ခဲ့တာလေး ကြားဖူးတာ မျှဝေပါရစေ။

အဖြစ်က သည်လိုပါ။ ရွာတစ်ရွာက အိမ်တစ်အိမ်မှာ ဆွမ်းကပ်ပါသည်။ ဆွမ်းကပ်သည်ဆိုတော့ ထုံးစံအတိုင်း ဘုန်းကြီးပင့်ကြသည်ပေါ့။ ဘုန်းကြီးက ကြွလာသောအခါ အိမ်ခေါင်းရင်းသို့ တန်းကြွ၏။ ဘုန်းကြီး ထိုင်ပြီးသောအခါ အိမ်က လူများ ၀ိုင်း၍ ဦးချကြ၏။ ထိုသို့ ဦးချပြီး ခေါင်းမော့လိုက်သောအခါ ဘုန်းကြီးမှာ စကြွလာစဉ်က ထိုင်နေသော နေရာမှာ မရှိတော့။

ဗုဒ္ဓေါ.......။ တစ်အိမ်လုံး အံ့အားသင့်သွားသည်။ ဘုန်းကြီး ထိုင်နေရာမှ ဘယ်ရောက်သွားပါလိမ့်။ ကိုယ်ပျောက်သည်လား။ သို့မဟုတ် ဈာန်ပျံ၍ တန်ခိုးပြသည်လား။ မဖြစ်နိုင်။

သေသေချာချာ ကြည့်တော့ လား လား.........။ ဘုန်းကြီးထိုင်သည့် နေရာနောက်မှာ အပေါက်ကြီး။ ထရံကား ကွာနေလေပြီ။ ဤနေရာမှ ဘုန်းကြီး ထွက်သွားတာလား။ ထွက်သွားတာတော့ မဖြစ်နိုင်။ တရားဟောဖို့ လာသော ဘုန်းကြီးကား ဒကာတွေ ထား၍ ထွက်သွားမှာ မဟုတ်။ ဖြစ်ချင်းဖြစ် ပြုတ်ကျ တာသာ ဖြစ်နိုင်လေသည်။

သည်သို့ဖြင့် အော်ဟယ် ဟစ်ဟယ်ဖြင့် မေးကြ၊ ကြည့်ကြသော အခါမှ ဘုန်းကြီးမှာ မြေပြင်တွင် ပြုတ်ကျနေ သည်ကို တွေ့ရလေတော့သည်။ ထိုအခါ ဒကာ၊ ဒကာမများက ဘုန်းကြီးကို စိတ်ပူပြီး အပေါ်ပြန်ကြွရန်နှင့် ဆွမ်းဘုဉ်းပေးပါရန် လျှောက်ထားသောအခါ ဘုန်းကြီးမှာ ဒေါနှင့်မောနှင့် တစ်ခွန်းသာ ပြန်ပြောပြီး ထွက်သွားလေတော့၏။

" ခွီးအိမ်ပြင်ပြီးမှပဲ ခွီးဘုဉ်းပေးတော့မယ်ဟေ့"

အားလုံးမှာ ဘာမျှ မပြောနိုင်ဘဲ ပါးစပ် အဟောင်းသားနှင့်သာ ကြည့်ကျန်ခဲ့ရလေ၏။ အမှန်မှာ အိမ်ထရံ ကွာနေ သည်ကို မပြင်ရသေးဘဲ ကွာနေသော ထရံနေရာ၌ စောင်ဖြင့်ကာထားရာ ဘုန်းဘုန်းမှာ မောမောဖြင့် ရောက်လာချိန် အနောက်က ထရံရှိသည် အထင်နှင့် မှီချလိုက်ရာ စောင်ပါ ပါ၍ အောက်သို့ ပြုတ်ကျသွားခြင်းပါ။

တော်သေးသည်က ခြေတန်ရှည်အိမ်ဖြစ်သည့်တိုင် မြေကပျော့နေ၍ ဘုန်းဘုန်းခံသာသွားခြင်းပါ။

ထိုအဖြစ်ကို ပြောသူက ပြောပြတော့ ရယ်သူက ရယ်ကြသည်။ ပြန်စဉ်းစားတော့ ကန်တော့သူတွေ ခေါင်းမော့ချိန် ဘုန်းကြီးပျောက်သွားတာက တကယ်ရယ်စရာ ဖြစ်နိုင်သည်။ ထို့ပြင် အိမ်ပေါ်က ပြုတ်ကျ၍ စိတ်ဆိုးဒေါသထွက်ကာ ပြောချင်ရာ ပြောသွားသော ဘုန်းဘုန်းစကားကလည်း ရယ်စရာ ဖြစ်နေသည်။

သို့သော် ကံကောင်းထောက်မ၍ ဘုန်းဘုန်း ဘာမျှမဖြစ်ခြင်းက ကျေးဇူးပင်တင်ရမည်။ တစ်ခုခုသာ ဖြစ်သွားလျှင် အလှူလုပ်ခါမှ ဘုန်းကြီး ဒဏ်ရာရသည် ဆိုသော စကားထွက်လာနိုင်သည်။

သည်တော့ အလှူလုပ်မည်ဆိုလျှင် ကိုယ့်အိမ်လေးတော့ ကိုယ် ခိုင်ခိုင်မာမာလေး ဖြစ်အောင် လုပ်ထား သင့်သည်ဟု သည်အဖြစ်အပျက်လေးက ဆိုနေသည်။ အားလုံးပြည့်စုံတော့ အလှူလည်း ပိုလှပါသည်။ တစ်ခုပြီးမှ တစ်ခုလုပ်သင့်သည်ဟုသာ ဆိုချင်ပါတော့သည်။ ။

ဆူးသစ်
၂၁:၄၈ နာရီ

၂၅.၈.၂၀၁၁

Monday, August 22, 2011

" ဗုံစားသူ "


ကျွန်တော်တို့ ကြားဖူးသည်က ဗုံဆိုသည်မှာ တီးသည့်အရာ။ တူရိယာ ပစ္စည်း။ သို့သော်ကျွန်တော်တို့ လုပ်ကွက်ထဲက အလုပ်သမားလေး တစ်ယောက် ပြောတော့မှ ဗုံဆိုသည်မှာ စားစရာ တစ်ခုလည်း ဖြစ်ကြောင်း သိခဲ့ရတော့သည်။ ထူးဆန်းပေစွ။

နယ်တစ်နယ်မှာ ဖြစ်သည်။ သူတို့အရပ်မှာက နွားတစ်ကောင်၏ သားရေကို နှစ်ပေါက်အောင် ကျပ်ခိုးစင်ပေါ် တင်၍ သိမ်းထားပြီး အလှူရှိလျှင် ယင်းသားရေကို ထုတ်ကာ ပြုတ်ကြ၏။ ပြုတ်ပြီးသားကိုမှ ငရုတ်သီး၊ ကြက်သွန်နှင့် ချက်စားလျှင် အလွန်ကောင်းဆိုပဲ။ နွားတစ်ကောင်ဆိုလျှင် အိုးကြီး နှစ်အိုးကျကာ အလှူတစ်ခုလုံးပင် ကျွေးမကုန်ဟု သိရသည်။ သားရေက ပွကာ တက်လာသည့်သဘောပင်ထင်၏။

သည်လို ဓလေ့ရှိသည့် နယ်က လူတစ်ယောက်အဖို့ တခြားနယ် ရောက်သည့်အခါ အနှီ နွားသားရေကို စားချင်စိတ်ပေါ်လာလေသည်။ သို့သော် နွားသားရေ ဆိုသည်က လွယ်လွယ်နှင့် ရှာ၍ ရသည့်အရာမျိုးမှ မဟုတ်တာ။ ထိုအခါ နွားသားရေကိုပင် ကျက်အောင် လုပ်ထားသော ဗုံကို မြင်၍ ဗုံမှ သားရေကို ခွာကာ ပြုတ်၍ ချက်စားလေသည်ဟု ကျွန်တော်တို့ အလုပ်ထဲက အလုပ်သမားလေးတစ်ယောက်က ဆိုသောအခါ ကျွန်တော်တို့မှာ အံ့အားသင့်ရင်း နားထောင်ခဲ့ရတော့သည်။

ထို့နောက် ကျွန်တော်တို့က သူ့ကိုနောက်ကြ၏။ အကယ်၍ ထိုကဲ့သို့ ဗုံမှ သားရေကို ပြုတ်ပြီး ချက်စားသူသာ အိမ်တစ်အိမ်မှာ ရှိပါက ထိုအိမ်က ကလေးတွေလည်း ငိုနေရတော့မည်ဟု။ အဘယ့်ကြောင့်ဆိုသော် သည်ဘက်ခေတ်မှာ ဆိုင်းဝိုင်းတီးသည့် အနုပညာသမား အိမ်ကလွဲလျှင် ဗုံဆိုသည်မှာ ကလေးရှိသည့်အိမ်က ကလေးဆော့ရန်၊ တီးရန် ဘုရားဈေးမှ ၀ယ်ထားတတ်ကြတာမျိုး မဟုတ်လား။ သည်တော့ ကလေးက သူ့ဗုံ ဆော့ရန် ရှာသည့် အခိုက် ဗုံမှာ တီးစရာ သားရေက မရှိ။ သည်တော့ ကလေးမှာ အာခေါင်ဖြဲ၍ ငိုယုံအပြင် ဘာမှတတ်နိုင်မှာမဟုတ်။ သည်ကြားထဲ အခန့်မသင့်လျှင် ထင်းလိုပါက ဗုံလုပ်ထားသည့် သစ်သားကို ယူ၍ ထင်းမီးအဖြစ်ပင် သုံးနိုင်သေးသည် မဟုတ်လား။ သည်လိုဆိုလျှင် ဗုံတစ်လုံးလုံး အစပင် ပျောက်သွားနိုင်သည်။ ပြီးရောပေါ့။

ဗုံမှ သားရေစားသူသာ ဧည့်သည်အဖြစ်နှင့် အိမ်လာလည်လျှင် အားလုံးမလွယ်။ ကလေးဆော့သည့် ဗုံကိုပါ ဖွက်ထားရမည်ကို မြင်ယောင်မိသေး၏။ တစ်ကြောင်းတစ်ဂါထာ တစ်ရွာမှာ တစ်ပုဒ်တော့ ဆန်းနေပေဦးမည် ဖြစ်သည်။ ။

ဆူးသစ်
၁၀:၁၈ နာရီ

၂၂.၈.၂၀၁၁

Sunday, August 14, 2011

"ငှက်တစ်ကောင်ရဲ့ ရာဇ၀င်"


အစ်ကို....

ကျွန်တော် ရှစ်တန်းလောက်မှာ ကျွန်တော့်အစ်ကိုကြီးက အိမ်ကို ကက်ဆက်ခွေတစ်ခွေ ယူလာခဲ့တယ်။ အခွေနာမည်ကို ဖတ်ကြည့်တော့ 'နာရီပေါ်မှ မျက်ရည်စက်များ' တဲ့။ ကျွန်တော်နားမလည်ပါဘူး အစ်ကို။ နာရီပေါ်မှာ ဘယ်လိုလုပ် မျက်ရည်စက်တွေ ရှိနေပါလိမ့်လို့ စဉ်းစားမိတယ်။ ပိုဆိုးတာက ကျွန်တော်တို့နဲ့ မိသားစုလို ရင်းနှီးတဲ့ အစ်ကိုကြီး တစ်ယောက် ပြောတဲ့စကားပါ အစ်ကို။ 'ယုံကြည်တာတွေ စွန့်လွှတ်ခဲ့ရင် လူဆိုတာ အသက်ရှင်ဖို့လည်း မလွယ်ဘူး။ အောင်မြင်ဖို့လည်း မလွယ်ဘူး။ ဒီအဆိုတော်ကို ငါဘယ်လိုခံစားရမှန်းကို မသိဘူး' တဲ့။

ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒီအခွေကို ကျွန်တော် နားထောင်ဖြစ်ခဲ့တယ်အစ်ကို။ "ထူးအိမ်သင်" ဆိုတာ ဖြူသလား၊ မဲသလား ဆိုတာမသိပါဘူး။ ဒါပေမဲ့ အဲဒီအခွေကို ကျွန်တော်တို့ ညီအစ်ကိုတစ်တွေ တော်တော် နားထောင်ဖြစ်ခဲ့တယ် အစ်ကို။ ဟိုအစ်ကိုကြီး ပြောတဲ့ ' ယုံကြည်တာတွေ အားလုံး စွန့်လွှတ်ခဲ့ပါတယ် ' ဆိုတဲ့ စာသားပါတဲ့ သီချင်းကိုလည်း ဆိုလို့ကောင်းလို့ အလွတ်တောင် ရခဲ့ပါတယ်။ နောက်တော့ တစ်ခွေလုံးနီးပါး ကျွန်တော်တို့ လိုက်ဆိုဖြစ်ခဲ့တယ် အစ်ကို။

အဲဒီတုန်းကတော့ အဲဒီသီချင်းတွေကို ဖန်တီးတဲ့ ထူးအိမ်သင် ဆိုတာ နောင်တစ်ချိန်မှာ ကျွန်တော် ကိုယ်တိုင် တော်တော် အရူးအမူးဖြစ်ရတဲ့ အဆိုတော် ဖြစ်လာမယ့်လူလို့ ဘယ်သူက သိမှာတဲ့လဲ။ တကယ်တော့ အဲဒီအချိန်မှာကတည်းက ကျွန်တော်ဟာ ထူးအိမ်သင် ဆိုတဲ့ အစ်ကို့ ပရိသတ်ဖြစ်ခဲ့ ရတော့တာပါပဲ။

အစ်ကို...

ကျွန်တော်တို့ လူပျိုပေါက် အရွယ်မှာ ကိုယ်ပိုင်သံစဉ်တွေ ခေတ်စားနေတဲ့ အချိန်ပါ။ အဲဒီလို အချိန်မှာပဲ ထူးခြားတဲ့ အသံနဲ့ နာမည်ပေးပုံ ဆန်းဆန်း၊ ရေးဖွဲ့ပုံ ဆန်းဆန်း သီချင်းတွေကို အစ်ကိုက ဂီတလောကထဲကို ဆွဲခေါ်လာခဲ့တယ်။ အံ့ဩစရာကောင်းတာက အဲဒီသီချင်းတွေကို အစ်ကိုကပဲ ဖန်တီးပြီး အားလုံးဟာ ကိုယ်ပိုင်သံစဉ် ခေတ်တစ်ခေတ်မှာ တစ်မျိုးဆန်းသစ်စေခဲ့တယ်လို့ ဆိုကြတယ်။ ' မေ့လိုက်တော့'၊ 'နာရီပေါ်က မျက်ရည်စက်များ'၊ 'ဝေးသွားတဲ့အခါ'၊ 'သီချင်းလေးသက်သေ'၊ 'တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်'၊ 'စိမ်းရက်လေအား' စတဲ့သီချင်းတွေဟာ ကျွန်တော်တို့ ရင်ဘတ်တွေကို တွယ်ငြိလာတတ်ခဲ့လို့ အစ်ကို့ကို လေးစားသလို နောက်ထပ် သီချင်းသစ်တွေလည်း ထပ်မျှော်ခဲ့မိကြတာပေါ့။

တကယ်တော့ အစ်ကိုဟာ ဂီတလောကထဲကို မ၀င်ခင်ကတည်းက ၀မ်းစာတော်တော် ပြည့်လာတယ်လို့ ကျွန်တော်ဖတ်ရတယ်အစ်ကို။ ' ဝေးသွားတဲ့အခါ' သီချင်းဟာ အဲဒီအချိန်က ဂီတလောကမှာ အဲဒီပုံစံမျိုးကို ပထမဆုံး ကြားရတာပဲလို့ ကိုညီညီသွင် ပြောထားတာလေး ဖတ်ခဲ့ရတော့ အစ်ကို့ကို မလေးစားဘဲ မနေနိုင်ဘူး။

'မှော်ဆရာ အိပ်မက်' ထွက်လာတော့လည်း 'အချစ်ဆုံးလို'့၊ 'စိုးရိမ်လို့'၊ ' မျှော်လင့်ချက်သာ မထားခဲ့ရင်'၊ 'မျက်ရည်ဝဲရုံ' စတဲ့ သီချင်းတွေအပြင် အစ်ကို့ရဲ့ ဂန္ထ၀င်လက်ရာလို့ ဆိုရမယ့် 'အမေ့အိမ်' သီချင်းလို သီချင်းမျိုးတွေကို ကျွန်တော် ရင်ဘတ်ကြီးနဲ့ နားထောင်ဖြစ်ခဲ့တယ် အစ်ကို။

'သက်ငြိမ်' အခွေထွက်လာတော့' ခေါင်းလောင်းလေးတွေ မြည်နေပြီ'၊ 'ချစ်တိုင်းလည်း မညား'၊ 'အရိပ်မဲ့'၊ 'မှားခဲ့တယ်' နဲ့ 'သက်ငြိမ်' သီချင်းတွေက ကျွန်တော့်ရင်ကို လာထိတယ် အစ်ကို။ ကျွန်တော်မှတ်မိတဲ့ သီချင်းနာမည်တွေသာ ထည့်ရေးနေတာပါ။ တကယ်တော့ အစ်ကို ဆိုထားတဲ့ သီချင်းမှန်ရင် ကြိုက်တာချည်းပါပဲ။ အမှန်အတိုင်း ပြောရရင် အဲဒီအချိန်မှာ ကျွန်တော်က ကိုယ့်ဘာသာ ကဗျာတွေ ရေးပြီး ကဗျာရူးနေချိန်။ အစ်ကို့ရဲ့ 'သက်ငြိမ်'က ကျွန်တော်နေရတဲ့ ဘ၀နဲ့ အဲဒီအချိန်တုန်းက တစ်ထပ်တည်း တူနေခဲ့တာ။ ပြန်စဉ်းစားတော့ ကျွန်တော်တို့ ဖန်တီးရတဲ့ အနုပညာတွေအတွက် ကျွန်တော်တို့မှာ ပေးဆပ် ခဲ့ရတဲ့ ကာလတွေ ရှိခဲ့ရတာပါလားလို့ သိမိတယ်။ အစ်ကိုနဲ့ ကျွန်တော် အနုပညာနဲ့ ပတ်သက်ရင် ပေးဆပ် ခဲ့ရတာမှာ တချို့နေရာတွေမှာ သွားတူနေတယ်။

အစ်ကိုလည်း ပေးဆပ်ခဲ့ရတာပါပဲ။ ကျန်းမာရေး ပညာအရာရှိ ဦးထွန်းမြင့်၊ သူနာပြုဆရာမ ဒေါ်မြရင် တို့ ကနေ အစ်ကို့ ကို ၁.၇.၁၉၆၃ ခုနှစ်မှာ မွေးခဲ့တာတဲ့။ မွေးတော့ ပုသိမ်မှာ။ နာမည်က သန်းထွန်းစိုး တဲ့။ နောက်ထပ်နာမည်တွေလည်း အများကြီး။ ဘဲဥ၊ ပေါ်စွမ်း၊ သန်းထွန်းစိုး၊ ကျော်မြင့်လွင် တဲ့။ အစ်ကို့ကို အိမ်ကခေါ်တဲ့ ငယ်နာမည်က ဘဲဥ။ မွန် ဘုန်းတော်ကြီး ပေးတာက သန်းထွန်းစိုး။ ဒါပေမဲ့ အစ်ကို့ အဖေရဲ့ အမေက သခင်သန်းထွန်းနဲ့ သခင်စိုးတို့ နာမည်တွေပါလို့ မကြိုက်လို့ဆိုပြီး ထပ်ပေး လိုက်တာမှာ ကျော်မြင့်လွင် ဖြစ်သွားတာတဲ့။ ဒါကိုပဲ မွန် ဘုန်းတော်ကြီးက လက်ဖျားမှာ ငွေသီးမှာမို့ မွန်လို ငွေသီးတဲ့ အဓိပ္ပါယ်ရတဲ့ ပေါ်စွမ်းဆိုတာကို ပေးခဲ့သေးသတဲ့။ ဆရာ သိမ်းတင်သား က အစ်ကို့ အကြောင်းတွေ ရေးထားတာ စုံအောင် ဖတ်ရတယ်အစ်ကိုရေ။

အဲဒီမှာ အစ်ကို့ရဲ့ ငယ်ဘ၀ကို ဆက်ဖတ်ခွင့်ရတယ်အစ်ကို။ အစ်ကို့ အဖေရဲ့ ရေဒီယိုလေးဖက်ပြီးအိပ်တာ၊ အစ်ကို့ အဖေတို့ လူကြီးတွေက မဟာဂီတလို သီချင်းကြီးမျိုးတွေနဲ့ ၀ိုင်းဖွဲ့တတ်လို့ အစ်ကိုလည်း ' ထောင်ရောင်နေပတ်ပျိုး' လို သီချင်းတွေကို နားယဉ်ရင်း ပတ္တလား၊ ဘင်ဂျို၊ တယောတွေကြားမှာ ကြီးပြင်းခဲ့ရတယ်တဲ့။ အစ်ကို့အဖေက အစ်ကို့ကို ဘာဂျာလေးတစ်လက် ၀ယ်ပေးတော့ တစ်စစီဖြုတ်ပြီး အစ်ကို စူးစမ်းခဲ့သေးတယ်တဲ့။

ပြီးတော့ ရွှေမုဋ္ဌောဘုရားပွဲမှာ ထီးတင်တော့ ဆိုင်းသံကြားရင် အစ်ကိုက ပုဆိုးခါးတောင်း ကျိုက်ပြီး ကွေးနေအောင် ကတယ်ဆိုပဲ။ ဒီကတည်းက အစ်ကို့ အနုပညာပိုးက သေးမှမသေးခဲ့ဘဲ အစ်ကို။ သူများတွေလို ရောယောင်လိုက်လာတဲ့ အနုပညာမျိုးမှ မဟုတ်တာ။ သွေးထဲက ပါလာတဲ့ ဗီဇပဲ ထင်ပါရဲ့။ ပြီးတော့ အစ်ကိုက ကျောင်းမှာ ကဗျာရွတ်ဝင်ပြိုင်ရင်း ကဗျာတွေကို အစပြုတတ်ခဲ့တယ် ထင်တယ်တဲ့။ ကောလိပ်ကျောင်းသားဘ၀မှာ 'သျှပ်မှူးကျော်'နာမည်နဲ့ ကဗျာတွေ ဖန်တီးခဲ့တယ် တဲ့လေ။

နောက်တော့ အစ်ကို့ဆွေမျိုးတွေရှိရာ မော်လမြိုင်ကို ပြန်ရင်း အစ်ကိုဝမ်းကွဲဆီက ဂစ်တာအဟောင်းလေး တစ်လုံးကို ရလာတာကနေစလို့ အစ်ကိုဟာ ဂီတလိုင်းကို စရောက်သွားတော့တယ်တဲ့။ စာသင်ခန်းတွေကို ကျောခိုင်း၊ ၀ိုင်းတွေတီး၊ အစ်ကို့ မိသားစု မော်လမြိုင်ပြောင်းသွားတဲ့ အထိ ပုသိမ်မှာပဲ အစ်ကိုနေခဲ့တယ်တဲ့။ နောက်တော့ အစ်ကိုလည်း မော်လမြိုင်ကို လိုက်ပြောင်းပြီး အဲဒီမှာလည်း ဆက်ပြီး တီးဝိုင်းမှာ ဆက်တီးဖြစ်တယ်တဲ့။ ဒါပေမယ့် အစ်ကို့ သီချင်းတွေကို သူများဆိုဖို့၊ စီးရီးသွင်းဖို့ စီစဉ်ထားပြီးမှ ပျက်သွားတော့ အစ်ကို တော်တော်စိတ်ပျက်ခဲ့ရတယ်တဲ့။

အရက်သောက်ပြီး သံလွင်မြစ်ထဲ ခုန်ချမယ်အလုပ် အစ်ကို့အမေက ဖျောင်းဖျတော့မှ အစ်ကို ပြန်လိုက်လာ ခဲ့တယ်တဲ့။ တကယ်လို့သာ အဲဒီအချိန်က အစ်ကိုသာ အဲဒီလို လုပ်လိုက်ရင် ကျွန်တော်တို့အတွက် ဒီနေ့မှာ ထူးအိမ်သင် ရဲ့ သီချင်းတွေ ဘယ်နားထောင်နိုင်ရပါတော့မလဲ။ အစ်ကို့အမေက ရှိတာတွေ ထုတ်ပေးလိုက်တော့ အစ်ကို ရန်ကုန်ကိုလာ၊ အဲဒီကနေ ထူးအိမ်သင် ဆိုတာ စဖြစ်လာတော့တာတဲ့လေ။ ဆရာ သိမ်းတင်သားရဲ့ ဆောင်းပါးထဲမှာ ဖတ်ရတာတွေပါ။

အစ်ကို...

'သက်ငြိမ်' အခွေနောက်ပိုင်း ထွက်လာတဲ့အခွေတွေကလည်း အများကြီးပါပဲ။ 'အတ္တပုံဆောင်ခဲများ'၊ 'အကြင်နာအိပ်မက်'၊ 'အရင်အတိုင်း'၊ 'စကားလုံးမရှိတဲ့ ကောင်းကင်'၊ 'ထူးအိမ်သင်( Unplugged Live) '၊ 'မြို့ပြလရောင် တမ်းချင်း'၊ 'အမေ ( သို့မဟုတ်) မေတ္တာတော်ဘွဲ့'၊ 'အစိမ်းရောင် ရက်စွဲများ'၊ 'တစ်နေ့စာ အလွဲများ'၊ 'ချစ်ခြင်းအားဖြင့်' ဆိုတဲ့ အခွေတွေလေ။ အစ်ကို ဆိုထားတဲ့ စုပေါင်းစပ်ပေါင်း အခွေတွေကလည်း နည်းတာမဟုတ်။

အစ်ကိုနဲ့ ပတ်သက်လို့ နောက်ထပ်ထူးခြားတာ တစ်ခု ပြောရရင် 'ရာဇ၀င်များရဲ့ သတို့သမီး' သီချင်းကို အစ်ကို ဖန်တီးခဲ့တာလေ။ ကိုညီညီသွင် ပြောဖူးတာလေး ဖတ်ဖူးထားတာပါ။ အစ်ကိုရယ်၊ ကိုညီညီသွင်ရယ်၊ ကလိုမှူးရယ် အိုအေစစ် စတူဒီယိုမှာ တစ်ညလုံး သီချင်းရေးကြတယ်တဲ့။ ကိုယ်ရေးပြီးဆိုပြပေါ့။ တစ်ယောက် တစ်နေရာစီ နေရာယူပြီး ရေးကြတာ ကလိုမှူးက အရင်ပြီးတော့ ဆိုပြပြီး အိပ်သွားရောတဲ့။ ကိုညီညီသွင်ကတော့ မိုးလင်းမှ အချောပြီးသွားတယ်။ ဒါပေမဲ့ အစ်ကိုကတော့ သံစဉ်က အချောပြီးလို့ စာသားကတော့ တစ်ကြောင်းပဲ ပြီးတယ်တဲ့။ အဲဒီ တစ်ကြောင်းက 'ကွယ်လွန်ပြီးသော အိပ်မက်များ' တဲ့။

ဒါဟာ 'ရာဇ၀င်များရဲ့ သတို့သမီး' သီချင်းတစ်ပုဒ်ရဲ့ အစပါလားလို့ ကျွန်တော်သိခွင့်ရခဲ့ပါတယ် အစ်ကို။ အစ်ကိုဟာ ပုဂံကို ချစ်သူတစ်ယောက်၊ ဧရာဝတီကို တန်ဖိုးထားသူ တစ်ယောက်လို့လည်း ဒီသီချင်းနဲ့ သက်သေပြခဲ့တယ်။ အိုအေစစ် စတူဒီယိုထဲမှာ တစ်လလောက်ကြာအောင် ဧရာဝတီအတွက် အစ်ကို့နှလုံးသားက ခံစားမှုတွေ မွေးထုတ်ခဲ့တယ်။ အဲဒီနောက်မှာမှ ရာဇ၀င်များရဲ့ သတို့သမီး ဆိုတာ ဖြစ်တည်လာခဲ့တယ်တဲ့။ တန်ဖိုးမဖြတ်နိုင်တဲ့ သီချင်းတစ်ပုဒ်ပါ အစ်ကို။

အစ်ကို...

အစ်ကို့သီချင်းတွေထဲမှာ နားထောင်တိုင်း ကျွန်တော် မျက်ရည်ဝဲရတဲ့ သီချင်းတစ်ပုဒ်ရှိသေးတယ် အစ်ကို။ ဖိုးဇော် ရေးပြီး အစ်ကိုဆိုထားတာလေ။ 'လမ်းပျောက်တဲ့သား' တဲ့။ ကျွန်တော်လည်း အစ်ကို့လို အမေကို တွယ်တာတတ်သူ တစ်ဦးပါ။ အိမ်နဲ့ အဝေးကို ခွဲပြီးနေရတဲ့ အချိန်မျိုးမှာ အဲဒီသီချင်းနားထောင်ရတိုင်း ကျွန်တော်မျက်ရည်ဝဲမိသလို တစ်ခါတစ်ခါ စိတ်မထိန်းနိုင်ရင် ပါးပေါ်ကို မျက်ရည်တွေ စီးကျ မိသေးတယ်အစ်ကို။

ကျွန်တော်က ရန်ကုန်စက်မှုတက္ကသိုလ် ဒုတိယနှစ်ပြီးမှ ဂစ်တာစသင်ခဲ့တယ်အစ်ကို။ အဲဒီတုန်းက ကျွန်တော့်ကို ဂစ်တာသင်ပေးတဲ့ ကျွန်တော့် အစ်ကိုကြီးရဲ့ သူငယ်ချင်းက ပွင့်ပွင့်လင်းလင်းပဲ မေးခဲ့တယ်။ ဘယ်လောက်အထိ တတ်ချင်လဲတဲ့။ ကျွန်တော်ကလည်း တစ်ခွန်းပဲ ဖြေခဲ့ပါတယ်။ သီချင်းရေးလို့ ရတဲ့အထိလို့။ ကဗျာတွေ ရေးတတ်စ ကျွန်တော်က အစ်ကို့လို သီချင်းရေးတတ်ချင်ခဲ့တာလေ။ ဒါပေမဲ့ အစ်ကို့လို ရေးတတ်ဖို့ ဆိုတာကတော့ မလွယ်ပါဘူး အစ်ကို။ ဘာဖြစ်လို့လဲဆိုတော့ အစ်ကို ရေးပြီးသား သီချင်းတွေ ဆိုဖို့ ဂစ်တာတီးတာတောင် ကျွန်တော်တို့ မနည်းလိုက်တီးခဲ့ရတာကိုး။

ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်က ပြောတယ်အစ်ကို။ တစ်နေ့ လမ်းလယ်ခေါင်မှာ အစ်ကို စီးလာတဲ့ကား ပျက်တော့ သူတို့တစ်တွေ ဘတ်စ်ကားပေါ်က ဆင်းပြီး တွန်းပေးခဲ့ဖူးတယ်တဲ့။ အစ်ကိုက ကျေးဇူးတင်ကြောင်း ပြောပြီး လက်ဖက်ရည်တိုက်မယ် ပြောတယ်တဲ့။ သူတို့ လက်မခံခဲ့ပါဘူး။ ကျွန်တော် သိတယ်အစ်ကို။ ဒီကောင်တွေက ကျောင်းမှာ ကိုငှက် ကားကို တွန်းပေးရလို့ ဆိုပြီး ကြွားရတာကို ပျော်နေကြတာလေ။

အစ်ကို့ရဲ့ လွှမ်းမိုးမှုက အဲဒီလောက်ထိ ကျွန်တော်တို့ အပေါ်မှာ ရှိတယ်အစ်ကို။ ပြီးတော့ ကျွန်တော်တို့ သူငယ်ချင်းအုပ်စုထဲမှာ သွင်မောင်မောင် ဆိုတဲ့ သူငယ်ချင်းက မျက်မှန်က အစ အစ်ကိုနဲ့တူတယ်။ ဆံပင်ပုံရောပဲ။ အဲဒါ သူငယ်ချင်းတွေ အားလုံးက မညှိရဘဲ သူ့ကို ငှက်ကြီး လို့ အစ်ကို့နာမည် အစွဲပြုပြီး ခေါ်ကြတယ်။ ဒီနေ့အထိပဲ အစ်ကို။

နောက်တစ်ခုက ကျွန်တော်တို့ ကျောင်းတက်ရင်း မာလာဆောင်တို့၊ အင်းလျားဆောင်တို့မှာ ညဘက် ဂစ်တာတီးတော့ အဆောင်က မမတွေက သီချင်းတောင်းတယ်အစ်ကို။ သူတို့ တောင်းတာ အစ်ကို့သီချင်းတွေ တော်တော်များပါတယ်။ ဂျပ်ဆင်ထိပ်က လရိပ်ပြာ၊ ဆွေးတယ်၊ အကြင်နာ အိပ်မက် စတဲ့ သီချင်းတွေ တော်တော်ဆိုဖြစ်ကြတယ် အစ်ကို။

အစ်ကို...

ကျွန်တော်က အစ်ကိုနဲ့ ခုနှစ်မတူဘဲ မွေးနေ့တူ ၁ ရက် ၇ လဖွားပါ။ အဲဒီအတွက် ကျွန်တော်ငယ်ငယ်က ကဗျာရေးတိုင်း မွေးနေ့ ရောက်ရင် အစ်ကိုနဲ့ ပတ်သက်တာတွေ ထည့်ထည့်ရေးဖြစ်ခဲ့တယ်။ ၁.၇.၁၉၉၃ တုန်းက အမျိုးသားဇာတ်ရုံမှာ အစ်ကို့ One Man Show လုပ်ခဲ့တယ်။ ကျွန်တော်က အစ်ကို့ အောင်မြင်မှုတွေကို ငေးမော အားကျလို့ပေါ့။ အဲဒီတုန်းက အစ်ကို အသက် ၃၀ ပြည့်ခဲ့တာလေ။ ကျွန်တော် အစ်ကိုနဲ့ ပတ်သက်ပြီး လူသိရှင်ကြား တစ်ခုခု လုပ်ပေးချင်ခဲ့ပေမယ့် လုပ်ခွင့်မရခဲ့ပါဘူး။

ဒါပေမဲ့ အစ်ကိုဆုံးပြီးမှ အစ်ကိုနဲ့ ပတ်သက်တဲ့ ဆောင်းပါးတစ်ပုဒ် ပေါ်ပြူလာမှာ ဖော်ပြခံခဲ့ရတယ်။ ' အမြင့်ပျံ ငှက်တစ်ကောင် အတွက် မြေပြင်ပေါ်မှ လူတစ်ဦးရဲ့ ဆန္ဒ' ဆိုတဲ့ ဆောင်းပါးပါ အစ်ကို။ ၂၀၀၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့မှာ အစ်ကိုဆုံးတယ်။ ဒီဘက်ခေတ် လူတွေရဲ့ ထုံးစံ သေပြီဆို သူ့အနုပညာကို ပြန်လည်ဖော်ထုတ်မယ်၊ ဘာညာ ဆိုပြီး အနုပညာကို ခုတုန်းလုပ်၊ အမြတ်ရှာချင်သူတွေ ရှိလာလို့ ကျန်တဲ့သူတွေကို လုပ်ချင်လုပ်၊ အစ်ကို့ အနုပညာကိုတော့ မထိရဘူးဆိုတဲ့ အတွေးနဲ့ ကျွန်တော်ရေးခဲ့တာ အစ်ကို။ ပေါ်ပြူလာ ဂျာနယ်ကလည်း ဒါကို နားလည်ပါတယ်။ အစ်ကို့မှာ ဂီတမှာတင်မကဘူး။ နယ်ပယ်စုံမှာ အစ်ကို့ ပရိသတ်တွေများလို့ ဒါကို လက်ခံတယ်။ ကျွန်တော့်ဆောင်းပါးကို ဖော်ပြပေးခဲ့တယ်။ အစ်ကို့အတွက် ကျွန်တော်လုပ်ပေးနိုင်တာတွေထဲက တတ်နိုင်တာ သေးသေးလေး တစ်ခုပါ အစ်ကို။

အစ်ကို...

ကျွန်တော်တို့ တစ်တွေက ခေတ်တွေကို ဖြတ်နေတုန်းပါ။ အစ်ကိုက ကျွန်တော်တို့ထက် စောတဲ့ ခေတ် တစ်ခေတ် ကနေ လာပြီး ဒီနေ့ အထိ ကျွန်တော်တို့ ရင်ထဲမှာ ရှိနေတုန်းပါ။ အိမ်က ကျွန်တော့် အစ်ကိုကြီးက သူ့သားနဲ့ ဓာတ်ပုံ အရိုက်ခံတယ်။ ရိုးရိုးအရိုက်ခံတာ မဟုတ်ဘူးအစ်ကို။ အစ်ကိုနဲ့ အစ်ကို့ သမီး မိကွန်ထော နဲ့ ရိုက်ထားသလို အရိုက်ခံတာ။ အဆိုတော် အာဇာနည် ကြိုက်တယ်ဆိုတဲ့ ပုံပေါ့။ အဲဒါ အစ်ကိုကြီးက ပိုစတာကို ကျကျနန ထုတ်ထားသေးတာ။ အစ်ကိုတို့ သားအဖပုံကို သဘောကျတာနဲ့ သူတို့သားအဖ ပုံကို လိုက်လုပ်ထားတာလေ။

တလောကလည်း Facebook ထဲမှာ ကျွန်တော့်သူငယ်ချင်း ဂျယ်ကြီး ဆိုတဲ့ကောင် သူ့ကလေးကို လက်မောင်းပေါ်တင်ပြီး အိပ်ရာထဲမှာ ရိုက်ထားတာ ကျွန်တော်က အစ်ကို့ကို အားကျလို့ လုပ်တယ်ဆိုပြီး နောက်ထားသေးတယ်။ ဒီကောင် စိတ်မဆိုးဘဲ သဘောကျနေမယ်လို့ ကျွန်တော် သိနေတယ်။ ကျွန်တော်တို့ အားလုံး အစ်ကို့ အနုပညာကို ခံစားခဲ့တဲ့လူတွေချည်းပဲ အစ်ကို။

အစ်ကိုက ၀င်းဦး ကြိုက်တယ်။ မြို့မငြိမ်းလို ဖြစ်ချင်တယ်။ ရွှေဥဒေါင်းကို ကြိုက်တယ်။ ကဗျာတွေကို ချစ်တယ်။ ထင်းရှူးပင်ရိပ်ကို ခံစားတယ်။ ဧရာဝတီကို တွယ်တာတယ်။ ဂီတဟာ အစ်ကို့ရဲ့ ဘ၀ဖြစ်တယ်။ ဒီလို မှတ်သားရတယ်။ ပြီးတော့ အစ်ကို့နာမည်။ စာထဲမှာတော့ မွန်သူရဲကောင်း လဂွန်းအိမ်က အိမ်ကို ယူပြီး ပေးတယ်တဲ့။ ကျွန်တော်တို့ ပါးစပ်စကား မှတ်ဖူးတာက မွန်ပြည်နယ်က ၂၄ အိမ် ဆိုတဲ့ အရပ်မှာ နေလို့ အဲဒီက အိမ်ကို ယူတာတဲ့။ သေသေချာချာတော့ မသိပါဘူး အစ်ကိုရာ။ မော်လမြိုင်က ကျွန်တော်ရောက်ဖူးပေမယ့် မကျွမ်းတဲ့ အရပ်မို့ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် အစ်ကို့ နာမည်ထက် အစ်ကို့ဖန်တီးမှုတွေက လူတွေအပေါ် ပေးဆပ်နိုင်စွမ်း ကြီးမားတာကြောင့် ထူးအိမ်သင် ကို ဒီနေ့ အထိ ကျွန်တော်တို့ တမ်းတနေရတာ မဟုတ်လား အစ်ကို။

နိုင်ငံခြားသား တစ်ယောက်ကို အစ်ကို က သီချင်းဆိုပြတော့ အဲဒီ နိုင်ငံခြားသားက ပြောတယ်တဲ့။ မှတ်ချက်ပေးတာပါ။ " ခင်ဗျားဟာ Musician ပဲ တဲ့ "။ အစ်ကိုဟာ ဂီတကို ဖန်တီးသူပါ။ အဆိုတော် သက်သက်၊ တေးရေး သက်သက် မဟုတ်ခဲ့ဘူး။ ဂီတသင်တန်းပေးနေတဲ့ ဆရာတစ်ယောက်က အစ်ကို့ကို ဝေဖန်ခဲ့ဖူးတယ်။ ဘယ်နားက အသံက ဘာဖြစ်တယ်။ ဘာနဲ့ ဆိုရမှာ ဘာညာ ဆိုပြီး။ ဒါနဲ့ အစ်ကိုက နားရွက်နဲ့ ဆိုပြမယ်ဆိုပြီး ပြန်ဖြဲပြတော့ ငြိမ်သွားဖူးတယ်။ အစ်ကို့ပညာ မာနကို ကျွန်တော်တို့ ခပ်ပါးပါး မြင်ရဖူးတယ်။

အစ်ကို...

အဝေးမှာ အေးမြပါစေ။ ဒီနေ့ ဂီတနဲ့ ပတ်သက်လို့ ပြောရင်ပဲ ဖြစ်ဖြစ်၊ ဧရာဝတီကို ပြောရင်ပဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့ နှုတ်ဖျားမှာ ထူးအိမ်သင် ဆိုတာ ရှိနေသေးတယ်။ ငှက်ကြီးလို့ ချစ်စနိုးခေါ်ကြတဲ့ အစ်ကို့ရဲ့ ဘ၀ဟာ ဂီတမှာပဲ တောက်လျှောက် မြှုပ်နှံထားခဲ့တာ အားလုံးအသိပါ။ အစ်ကို့ အကြောင်းပြောရင် ဘယ်မှာ ဆုံးလိမ့်မလဲ။ တစ်နည်းအားဖြင့် ပြောရရင် ငှက်တစ်ကောင်ရဲ့ ရာဇ၀င် ဟာ ဘယ်တော့မှ မဆုံးတော့ဘူးအစ်ကို။ အစ်ကို ဆုံးတာ ဒီနေ့မှာ ၇ နှစ် ပြည့်သွားပြီ အစ်ကို။ ဒါကြောင့် ဒီနေ့မှာ အစ်ကို့ အတွက် ဆိုပြီး အမှတ်တရ တစ်ခုခုရေးတင်ဖို့ ကြိုးစားရင်း ခုလို ရေးဖြစ်သွားတာပါ။

အစ်ကိုတစ်ယောက် ကောင်းရာမွန်ရာ ရောက်ပါစေ။ အစ်ကို ချစ်တဲ့ ဧရာဝတီလည်း ဆက်လက်တည်တံ့ပါစေ။ အစ်ကို ချစ်တဲ့ ကမ္ဘာမြေလည်း အမြဲစိမ်းလန်းပါစေ။ 'ချစ်ခြင်းအားဖြင့်' ကို အမြဲတန်ဖိုးထား၊ လေးစားဆဲ.....

သားလတ်
၁၇:၃၇ နာရီ

၁၄.၈.၂၀၁၁


[ ထူးအိမ်သင်( ကိုငှက်) ကွယ်လွန်ခြင်း ၇ နှစ်ပြည့် အမှတ်တရ ]


စာကိုး - ၁။ မြစ်မင်းတွေကို ချစ်ခြင်းဖွဲ့လေသူ မှော်ဆရာတစ်ယောက်ရဲ့ ရာဇ၀င် - သိမ်းတင်သား
နရီသစ်မဂ္ဂဇင်း၊ အတွဲ (၁)၊ အမှတ် (၁၀)၊ (၁၁)၊ ဇူလိုင်လ၊ ဩဂုတ်လ၊ ၂၀၀၅ ခုနှစ်
၂။ ဩဂုတ်လ ညနေခင်းတစ်ခု၌ ကျွန်တော်တို့ နှစ်ယောက် ထူးအိမ်သင် အကြောင်း
ပြောဆိုခြင်း - မောင်သစ်မင်း နှင့် ညီညီသွင်
ဗြူတီမဂ္ဂဇင်း၊ ဩဂုတ်လ၊ ၂၀၀၄
၃။ ရာဇ၀င်များရဲ့ သတို့သမီး........ဧရာဝတီကို ချစ်ခဲ့သူ - နေထွန်းနိုင်
၁၀.၈.၂၀၁၁။ EMG




Saturday, August 13, 2011

"ကျွန်တော့်မှတ်စု" (၅)


+ ပြည့်တန်ဆာ ဆိုတဲ့ အဓိပ္ပါယ်ကိုတော့ ကျွန်မပြောပါရစေနော်။ ပြည့်တန်ဆာဆိုတာ တိုးတက်စည်ကားတဲ့ တိုင်းကြီးပြည်ကြီးတွေမှာ သာယာတဲ့ နိမိတ်အင်္ဂါ တန်ဆာတစ်ပါးလို့ သတ်မှတ်ကြတာ ထင်ရှား ပါသည်။ နောက်ပြီး ပြည့်တန်ဆာရဲ့ ဂုဏ်အင်္ဂါလို့ ပြောရင် အပြစ်တင်ကြမှာလား။ တကယ်တော့ ကျွန်မဘ၀ရဲ့ ရှိသင့် ရှိအပ်တဲ့ အရည်အချင်း အင်္ဂါတွေက မနည်းလှပါဘူး။

ပြောပါရစေတော့ရှင်။ အမျိုးသမီးတိုင်း ပြည့်တန်ဆာမအဖြစ် တိုင်းပြည်က ရွေးချယ်မြှောက်စားလို့ မဖြစ်နိုင်ပါဘူး။ မှန်သောသစ္စာစကားပါရှင်။ ဒါက ကာမာဝစရ ကုသိုလ်လို့ ဆိုရမလား။ ဘ၀ အကျိုးပေးကုသိုလ်နဲ့ အဆင်းသဏ္ဌာန် ကြန်အင်လက္ခဏာ ကောင်းခြင်းငါးဖြာ ပြည့်စုံရမှာက ပထမ အရည်အချင်းဖြစ်ပါသည်။ မမြင့်လွန်း၊ မနိမ့်လွန်း၊ မ၀လွန်း၊ မပိန်လွန်း၊ မဖြူလွန်း၊ မညိုလွန်းသော အပြစ်ခြောက်ပါး ကင်းရပါလိမ့်မည်။ အဲဒါက ရုပ်ရည်ဆင်းဝါ မွေးကတည်းက ပါလာရမည့် အင်္ဂါဆိုပါတော့။

အဲသည့်နောက် အဋ္ဌာရသ ယောက်ျားတို့ အတတ် ၁၈-ရပ် ရှိသလို အနုပညာ ကလာအတတ် ၁၈-ရပ်ကို တတ်မြောက် ကျွမ်းကျင်ရပါလိမ့်မည်။ အမှန်ကတော့ ကလာအတတ် ၆၄-ပါးရှိပေမဲ့ ကျွန်မတို့လို မင်းဧကရာဇ်က အသိအမှတ်ပြုခြင်းကို ခံယူရတဲ့ ပြည်ကြီးတန်ဆာတို့မှာ ရှိအပ်တဲ့ အင်္ဂါ ၁၈-ပါးကို ပြောခြင်း ဖြစ်ပါသည်။

၁။ နစ္စ = အကမျိုးစုံ ကိုယ်တိုင် က တတ်ရပါမယ်။ သူတစ်ပါးကိုလည်း သင်ပြနိုင်ရမည်။

၂။ ၀ါဒန = အတီးမှုတ်မျိုးစုံ တီးခတ်နိုင်ရမယ်။ ဒီအထဲမှာ ဂီတ သီချင်း သီဆိုမှုလည်း အကျုံးဝင်ပါသည်။

၃။ ၀တ္ထာလင်္ကာရ သန္ဓာန = လူတိုနှင့် သင့်တော်အောင် အခါရာသီအလိုက် အ၀တ်တန်ဆာကို ဆင်ယင်ပေးမှု၊ ကိုယ်တိုင်လည်း ဆင်ယင်တတ်မှု။

၎။ အနေက ရူပ ၀ိဘာဂ ကရဏ = ရုပ်နှင့် လိုက်အောင် အမှုန်းအခြယ် အပြင်အဆင်( အခုအခေါ်တော့ မိတ်ကပ်ပေါ့)

၅။ သေယျတ္ထရဏာဘိသံယောဂပုပ္ပာဒိဂန္ထရ = အိပ်ရာခုတင် စသည်တို့ကို တင့်တယ်အောင် စီရင်ခြင်း၊ ပန်းပွင့် ပန်းနွယ်များကို တင့်တယ်အောင် ပြုပြင်ခြင်း။

၆။ အနေကကီဠာရဉ္ဇန = လူအမျိုးမျိုးတို့အား ကလူကျီစယ်ခြင်းဖြင့် နှစ်သက်စေမှု။

၇။ အနေကာသန သန္ဓာနရတိဇာနန = ( ပြောပါရစေတော့၊ ဦးနှင့် ဆံနှင့် ကန်တော့ပါရဲ့) နေရာအမျိုးမျိုးတို့၌ နည်းအမျိုးမျိုးတို့ဖြင့် ကာမမွေ့လျော်ပုံတို့ကို သိသောအတတ်။

၈။ မဇ္ဖာသ၀ါဒိကရက = သေရည်သေရက် အမျိုးမျိုးတို့ကို ပြုလုပ်ရောစပ်မှု၌ လိမ္မာခြင်း။

၉။ သလဟာရဏ၀ဏာဝိဇ္ဈန = ဒဏ်ရာ ( လေးမြားကျည်ဆန်) တို့ကို ခွဲစိတ်ကုသခြင်း။

၁၀။ အနာဒိပစန = အချက်အပြုတ်မှန်သမျှ ကျွမ်းကျင်လိမ္မာသော စားဖိုအတတ်။

၁၁။ စိတ္တာဒျလေခ = ပန်းချီပညာ

၁၂။ ဒုဒ္ဓဒေါဟာဒိဝိညာန = နို့ထောပတ်တို့ကို စီရင်ခြင်းအတတ်။

၁၃။ ကဉ္စနကာဒိသဗ္ဗန = အင်္ကျီအ၀တ်အစားတို့ကို လှပဆန်းကြယ်အောင် ချုပ်လုပ်ခြင်း။

၁၄။ ဂေဟဘဏ္ဍဘိဇ္ဖန = အိမ်တွင်းတန်ဆာဆင်နည်း၊ ပရိဘောကထားသိုနည်း။

၁၅။ မနောနုကုလသေ၀ါကရဏ = အရှင်သခင်လင်ယောက်ျားတို့၏ စိတ်တိုင်းကျအောင် ပြုစု လုပ်ကျွေးနည်း ပရိယာယ်။

၁၆။ သုသုသံရက္ခဏဒါရဏကြိယာ = ကလေးသူငယ်တို့အား စောင့်ရှောက်မွေးမြူ ချော့မော့ထိန်းသိမ်းရေး။

၁၇။ နာနာဒေသိယ ၀ဏ္ဏလေခန = ဘာသာမျိုးစုံကို ရေးနိုင်ဖတ်နိုင်ခြင်း။

၁၈။ ကမ္ဗုလာရက္ခာဒိကြိယာ = ကွမ်းယာခြင်းအတတ်။

ကဲ-အဲသည့် အတတ်တို့ကို အကဲခတ်ကြည့်ကြစမ်းပါ၊ လွယ်လွယ်ကူကူ ပေါ့ပေါ့ဆဆ လျှပ်ပေါ် လော်လည်နေရုံမျှနဲ့ ဤပညာတွေကို မရနိုင်ပါဘူး။ အပတ်တကုတ် ကြိုးစားအားထုတ်ပြီး သင်ကြရပါသည်။ ပြည့်တန်ဆာဆိုတာ လမ်းမပေါ်က ကလေကချေ မိန်းမလို့ ထင်ရင်မှားပါလိမ့်မည်။ ရုပ်ရည်ချောမွေ့သလောက် ဥာဏ်ပညာ အရည်အသွေးတောက်ပြောင် ရပါသည်။ အမျိုးအနွယ် အားဖြင့်လည်း ဂုဏ်သရေရှိ မင်းမျိုးမှူးမတ်မျိုး ဖြစ်ရပါဦးမည်။

သုခ [ ပြည့်တန်ဆာမလေး ၀တ္ထုတို (နန္ဒမာတာဥတ္တရာ ထေရီအပဒါန် ) - အကျော်ဒေးယျ ဗုဒ္ဓသမီးတော်များ စာအုပ်မှ]

+ အခြားသူတွေက သင့်ကို အဘယ်ကဲ့သို့ ထင်သည်ဆိုသည်ထက် သင်ကိုယ်တိုင်က သင့်ကို အဘယ်ကဲ့သို့ ထင်သည်ဆိုခြင်းက ပိုအရေးကြီးသည်။
[ဆီနီကာ]

+ သင့်အ၀တ်အစားများ မသေမသပ် ဖြစ်နေစေကာမူ သင်၏စိတ်ဓာတ်ကို သန့်ရှင်းသပ်ရပ်နေပါစေ။
[မာ့ခ်တွိန်း]

+ ငြိမ်းချမ်းရေးဆိုသည်မှာ အတင်းအဓမ္မ ထိန်းသိမ်းထား၍ မရနိုင်ပါ။ နားလည်မှုများဖြင့်သာလျှင် တိုးတက်ရောက်ရှိလာမည်။
[အိုင်းစတိုင်း]

+ စာဖတ်လျှင် ကလေးများကဲ့သို့ ပျော်ရွှင်ဖို့ရန် မဖတ်ပါနှင့်။ လူတွင်ကျယ် လုပ်လိုသူများကဲ့သို့ သမားဂုဏ် ပြရန်အတွက်လည်း မဖတ်ပါနှင့်။ ဘ၀တွင် နေထိုင်တတ်ရန် အလို့ငှာသာ ဖတ်ပါ။
[ဖလော်ဘဲ]


Wednesday, August 10, 2011

"ရင်ထဲမှာ ပန်းမပွင့်ပါ"


ကျွန်တော်ရန်ကုန်ကို ပြန်တုန်းက ကျွန်တော့်အစ်ကိုကြီးက မန္တလေးက သူ့တပည့်ကောင်လေးတွေဆီကို အလုပ်ကိစ္စ ဖုန်းဆက်မေးတာနှင့် ကြုံရသည်။ သူတို့ချင်း ပြောပြီးတော့ ရယ်ပြီး ကျွန်တော်နှင့် ကျွန်တော့်ညီဆီ ရောက်လာသည်။

"မန္တလေးကကောင်တွေနဲ့ စကားပြောရတာ မလွယ်ဘူးကွ။ ဒီကောင်တွေက အတည်ပေါက်နဲ့ ပြောလို့ ကိုယ်က လိုက်ပြီး ခေါင်းညိတ်ရင် သေရော။ ခုလည်း ကြည့်။ အစ်ကို-မန္တလေးလာခဲ့ဦးလေတဲ့။ နမ်းပြမယ်။ တောင်ပြမယ်။ ကြုံးပြမယ်တဲ့။"

ကျွန်တော်တို့ နားထောင်ရင်း ဘာလဲဟ ဟုဆိုကာ လန့်သွားသည်။ အစ်ကိုက ဆက်ပြောသည်။

"သူတို့က နောက်တာပါ။ ငါက ရယ်နေတော့ မလန့်ပါနဲ့ အစ်ကိုရာတဲ့။ နမ်းပြမယ် ဆိုတာ ဖက်နမ်းမယ်လို့ ပြောတာမဟုတ်ပါဘူး။ မန္တလေးနန်းတော်ကို ပြမယ်လို့ ပြောတာတဲ့။ ကျန်တဲ့ဟာတွေ ကလည်း အဲဒီလိုပဲတဲ့။ တောင်ဆိုတာ မန္တလေးတောင်ကို ပြောတာတဲ့။ ကြုံးပြမယ် ဆိုတာက မန္တလေး ကျုံးကို ပြမယ် ပြောတာတဲ့လေ"

သည်တော့မှ ကျွန်တော်တို့ ညီအစ်ကိုတစ်တွေ ရယ်မိတော့သည်။ စကားအရ အသံကို နားထောင်ရင်း ဟိုလိုလို သည်လိုလို ထင်ရသော်လည်း တကယ်တော့ ထိုသို့မဟုတ်။ အဓိပ္ပါယ်က တစ်မျိုး။ ကျွန်တော်ကတော့ မန္တလေး စကား၊ ရန်ကုန် အကြွား၊ မော်လမြိုင် အစား ဆိုသော ဆိုရိုးတစ်ခုကို ပြန်သတိရသည်။ မန္တလေးသားများ စကားကြွယ်ကြသည်ကိုး။

ရန်ကုန်မှာ ရောက်နေသည့် နောက်တစ်ရက်မှာတော့ ကျွန်တော့်ညီက စကားတစ်ခွန်း သယ်လာခဲ့သည်။

"ကိုယ်တို့အလုပ်မှာ စကားတစ်ခွန်း ခေတ်စားနေတယ်။ တစ်ခုခု အဆင်မပြေတုန်း သူများက လာပြီး စလို့နောက်လို့ရှိရင် ပြောကြတယ်။ ရင်ထဲမှာ ပန်းပွင့်နေတာ မဟုတ်ဘူး။ ဒူးရင်းသီး သီးနေတာတဲ့။ ကိုကြီး ကြိုက်တယ်မဟုတ်လား။ မိုက်တယ်နော်"

ကျွန်တော့်ညီလေး ပြောသည်ကို နားထောင်ပြီး တော်တော်သဘောကျသွားသည်။ လူငယ်များထွင်သော စကားက လူငယ်များကြားမှာ လှပလွန်း၏။ ရင်ထဲမှာ အဆင်ပြေနေချိန်မှာ ပန်းများပွင့်နေသလို ခံစားရပေလိမ့်မည်။ လှပလွန်းသည့် သဘော။ အဆင်မပြေလျှင်တော့ ရှင်းသည်။ ဒူးရင်းသီး သီးသည်ဆိုကတည်းက ဆူးများနှင့် ပြည့်သိပ်နေသည်။ ခံရခက်လွန်း၏။

စင်ကာပူက လုပ်ကွက်ထဲပြန်ရောက်တော့ အလုပ်ထဲက လူတွေကို ထိုစကားလေး ပြန်ပြောဖြစ်သည်။ အားလုံးက သဘောကျကြ၏။ သည်သို့ဖြင့် ကျွန်တော်တို့ အလုပ်ထဲမှာ ထိုစကားလေးစ၍ ပျံ့နှံ့ခဲ့လေသည်။

အလုပ်သမားလေး တစ်ယောက်က ကေဘယ်လ်ကြိုးတွေ ဆွဲရင်း ခဏနားချိန်မှာ အနား ယူနေသည်။ နောက်တစ်ယောက်က လာစ၏။ အလီဘာဘာလား တဲ့။ အချောင်ခိုနေသည် ဆိုသော သဘောမျိုးဖြင့် ပြောခြင်းဖြစ်သည်။ နားနေသော ကောင်လေးက ပြန်ပြောသည်။ ဟေ့ကောင်-ရင်ထဲမှာ ပန်းပွင့်နေတာ မဟုတ်ဘူးနော်။ ဒူးရင်းသီး သီးနေတာ တဲ့။ ဘယ်သူမျှ စိတ်မဆိုးဘဲ ကျွန်တော်တို့လည်း ရယ်မိကြသည်။

သည်လိုနှင့် ကျွန်တော်တို့ အလုပ်ထဲမှာ ထိုစကားလေး ပျံ့နှံ့ပြီး သုံးနေဆဲမှာပင် တစ်ရက်မှာ ကျွန်တော့်အတွက် သတင်း စကားတစ်ခွန်း ရောက်လာသည်။ Site ပြောင်းရမည်တဲ့။ ကောင်းသော စကားလား ဆိုတော့ သိပ်တော့မကောင်း။ အကြောင်းကရှိသည်။

ကျွန်တော်ယခုလုပ်နေသော နေရာက Safety ချောင်သည်။ အဖမ်းအဆီး သိပ်မရှိ။ ပြောင်းရမည် ဆိုသော နေရာကျတော့ ဖမ်းသလားမမေးနှင့်။ အသားကုန်။ ကျွန်တော်တို့လို Safety နှင့် ပတ်သက်၍ တာဝန်ယူရသော သူများအတွက် မကိုက်။ တစ်နေကုန် ပြဿနာပေါင်းစုံကို ရှင်းနေရသည်။ ထို့ပြင် ပြောင်းရမည့်နေရာမှာ အချိန်ပို လုံးဝမလုပ်။ ကျွန်တော့်အတွက် အချိန်ပိုဝင်ငွေ မရခြင်းက ပြဿနာမရှိသော်လည်း Safety ပြဿနာများကို ဒိုင်ခံ ရှင်းရမည်ဆိုခြင်းက သိပ်မကောင်း။ သည်ဘက် Site မှာက ကိုယ့်လူကိုယ် အန္တရာယ်မဖြစ်အောင် ကြည့်နိုင်လျှင် တော်ပြီ။ အပေါ်က သိပ်မကျပ်။ ပြောရလျှင် သည်ဘက်မှာ ပို၍ နေပျော်သည်။ ဟိုဘက်မှာက မလွယ်။

ထိုအကြောင်းကို ကျွန်တော့်အလုပ်က ကြီးကြပ်ရေးမှူးလေးတချို့ ကြားသွားပြီး ကျွန်တော့်ကို နောက် ကြသည်။ အလုပ်ထဲမှာ Main Contractor က Safety မကျပ်လည်း ကျွန်တော်က ပြောသင့်ပြောထိုက် တာတော့ လိုက်ပြောရသည်။ သူတို့က အလုပ်ပြီးချင်သည်။ ကျွန်တော်က Safety ကျပ်လိုက်လျှင် သူတို့ အလုပ်တွေ နှောင့်နှေးတတ်သည်။ ထို့ကြောင့် ကိုယ့်မြန်မာချင်းပင် ဖြစ်လင့် ကစား သူတို့က ကျွန်တော်ပြောလျှင် မျက်နှာတွေ ရှုံ့မဲ့သွားတတ်သည်။ သည်တော့ ကျွန်တော် Site ပြောင်း မှာကို သူတို့ ပျော်ကြသည်။ သတင်းကြားကြားချင်း သူတို့က ကျွန်တော့်ကို စကြသည်။

"အစ်ကို ပြောင်းမယ့်နေ့ကျရင် ကျွန်တော်တို့ ညနေမှာ ဘီယာစုသောက်မလို့"

"အေးပါ။ မင်းတို့က ပျော်နေ။ ပြီးမှ တစ်ခုခုဖြစ်မှ ငါ့ကို မတနဲ့"

သူတို့ ရယ်ကြသည်။ တကယ်တော့ ခင်၍ စနေတာ ဖြစ်သည်။

သည်လိုနှင့် ဟိုရက်မှာ သွားရမလို၊ သည်ရက်မှာ သွားရမလို ဖြစ်နေတုန်း တစ်မနက်မှာ ကျွန်တော့် Project Manager က Site ထဲ ရောက်နေသည့် ကျွန်တော့်ကို ဖုန်းလှမ်းခေါ်သည်။ သည်မနက် ရုံးချုပ်မှာ အစည်းအဝေး တက်ရမည်တဲ့။ ယခုချက်ချင်းပါတဲ့။ သူကားစီစဉ်ပေးမှာမို့ ခုပင် ရုံးကို ပြန်လာခဲ့ပါတဲ့။ ပြီးလျှင် နေ့ခင်းမှာ ဟိုဘက် Site က မန်နေဂျာကို သတင်းပို့ပါတဲ့။ အဲဒီဘက်ကို တန်းသွားရမည်တဲ့။ ကြီးကြပ်ရေးမှူးလေးများက အစ်ကိုဘယ်လိုလဲ ဟု ဆိုကြသည်။ နေ့ခင်း ဟိုဘက်ကို ရွေ့ခိုင်းနေတယ်ကွာ။ ပြီးတော့ ခုမနက်လည်း အစည်းအဝေးတဲ့။ သူတို့ ရယ်ကြသည်။

ကျွန်တော်က ရယ်မနေနဲ့။ ရင်ထဲမှာ ပန်းပွင့်နေတာ မဟုတ်ဘူး။ ဒူးရင်းသီး သီးနေတာကွ ဟု ဆိုပြီး အစည်းအဝေး သွားဖို့ ပြင်ရသည်။

ရုံးချုပ်ရောက်တော့ ကျွန်တော့် Safety Manager က မြင်မြင်ချင်း တန်းမေးသည်။ ဘာလာလုပ်တာလဲ တဲ့။ သေပြီ။ သည်လောက်ဆို ကျွန်တော်သဘောပေါက်သွားပြီ။ သည်နေ့ အစည်းအဝေးသည် ကျွန်တော့်လို ရာထူးနှင့် တက်ရမည့် အစည်းအဝေး မဟုတ်။ တကယ်တက်တော့လည်း ကျွန်တော် ထင်သလိုပင်။ အားလုံးက Manager နှင့် Coordinator တွေ။ သူဌေးတွေလည်း ပါသည်။

ကျွန်တော့် Project Manager သည် အစည်းအဝေး တက်ရမှာကို သေမလောက် ကြောက်သည်။ သူက ပြည်ကြီးတရုတ်။ အစည်းအဝေးမှာ သူ့ကို မေးခွန်းတွေ မေးမှာလည်း စိုးပုံရသည်။ ရုံးချုပ်က လုပ်သည့် ဘယ်အစည်းအဝေးမျှ သူမတက်။ ခုလည်း ကျွန်တော့်ကို ထိုးချလိုက်တာဖြစ်သည်။ Project Progress တွေမေးလျှင် ကျွန်တော်က ဘယ်လိုသိပါမည်နည်း။ ကျွန်တော်က Safety သာ သိသူ။

သည်လိုနှင့် ကျွန်တော့်မန်နေဂျာက နားလည်ပြီး ဘာမျှမမေးတော့။ ရုံးချုပ်မှာ ထမင်းဝယ်စားပြီး အိပ်လည်းမအိပ်လိုက်ရ။ နေ့လယ် ထမင်းစားပြီှးလျှင် ကျွန်တော်တို့ အလုပ်ထဲမှာဆို ရသလောက် အိပ်လိုက်သည်သာ။

နေ့ခင်းရောက်တော့ ဟိုဘက်က မန်နေဂျာကို သတင်းပို့ရင်း ဘယ်ဂိတ်က ၀င်ရမလဲ စုံစမ်းသည်။ တကယ်ဝင်မည်ဆိုတော့ ကတ်က မ၀င်တာ ကြာ၍ ၀င်မရ။ သည်လိုနှင့် နောက်ရက်မှာမှ ကတ် ကို Update လုပ်ပြီး ၀င်၍ ရအောင် စီစဉ်ပေးမည်ဆို၍ လှည့်ပြန်ခဲ့ရသည်။

ယခင် လုပ်ကွက်ထဲက လူတွေက ကျွန်တော်မပြောင်းရသေး၍ ထပ်ပြီး စနောက်နေကြသည်။ ကျွန်တော်ကလည်း ပြောလိုက်ပါသည်။ ရင်ထဲမှာ ပန်းပွင့်နေတာ မဟုတ်၊ ဒူးရင်းသီး သီးနေပြီ ဆိုသည့်အကြောင်း။ သူတို့ ရယ်ကြသည်။ ကျွန်တော် မရယ်နိုင်။

သည်သို့ဖြင့် ကျွန်တော့် ၀င်ခွင့်ကတ်ကိစ္စ အဆင်ပြေသွားသည် ဆိုပါတော့။ စရောက်ပါပြီ။ နေ့လယ် ထမင်းစားချိန်မှာ ၁၂ နာရီ လေးဆယ်အထိ ထမင်းဝယ်မရသေး။ ကျွန်တော်လိုက်ရသော ကြီးကြပ်ရေးမှူးလေးက အလုပ်မဲနေတာနှင့် ကျွန်တော်လည်း လွှတ်ထားပေးလိုက်ရာ ၁၂ နာရီကျော်သွား၍ ၀ယ်နေကျ ဆိုင်တွေမှာ ထမင်းမရှိတော့တဲ့။ သည်လိုနှင့် ရှိနိုင်သည် ထင်သော ထမင်းဆိုင် များကို ရှာတော့ နောက်ဆုံး တော်တော်ဝေးဝေးက ဆိုင် တစ်ဆိုင်မှာ သွားရသည်။

ရောက်သည့်နေရာမှာ ထမင်းစား။ ပြီးတော့ ခဏ ကျောခင်းမလား စိတ်ကူးရုံရှိသေး။ သည်နေ့ ကျွန်တော်တို့ ကုမ္ပဏီ၏ အလုပ်သမားများနှင့် အစည်းအဝေးတဲ့။ မအိပ်ရတော့။ ရင်ထဲမှာ ဒူးရင်းသီးက တော်တော် ကြီးနေလေပြီ။ နေ့ခင်းရောက်တော့ ကျွန်တော့် Coordinator က လှမ်းခေါ်သည်။ Main Contractor နှင့် အစည်းအဝေးတဲ့။ လုပ်မည့် အချိန်မေးတော့ ကော်ဖီချိန် အနားယူရမည့် အချိန်မှာ။ ဒူးရင်းသီးက တစ်လုံးပင် ကမှာ မဟုတ်တော့။ ရင်ထဲမှာ ဆင့်ဆင့်၍ သီးနေတာများ။

ပြန်တော့လည်း အလုပ်လုပ်နေသည့် နေရာမှ ရုံးသို့ပြန်ရန် လာကြိုမည့် ကားက ငါးနာရီအထိ မမြင်ရ။ ကျွန်တော်နှင့် တခြား ကြီးကြပ်ရေးမှူးတချို့ ယူနီဖောင်းပင် မလဲရသေး။ ဒိုင်ကတော့ စားလေပြီ။ အလုပ်ထဲမှာ ငါးနာရီ ပြန်ရမည့်နေ့ မပြန်ရလျှင် အားလုံးက တော်တော်တင်း၏။ ကျွန်တော်ကတော့ စရောက်သည်နှင့် တည့်တည့်ကို တိုးလေသည်။ ယူနီဖောင်းလဲပြီး လက်ဗွေနှိပ်ပြီးစဉ်မှာတော့ ကျွန်းပေါ်ကပြန်မည့် ကားက မရှိတော့ချေ။ ကံကောင်း၍သာ ကျွန်တော် ယခင် လုပ်နေသည့် လုပ်ကွက်က ကားတစ်စီးရောက်လာ၍ ပြန်ခဲ့ရတော့သည်။

နောက်ရက်ကျတော့လည်း သိပ်မထူး။ နေ့လယ် ထမင်းစားချိန်မှာ ထမင်းဝယ်ပြီး လာကြိုမည့်ကား မရှိ၍ အိပ်ရမည့်နေရာကို မပြန်ရတော့။ မြန်မာ ကြီးကြပ်ရေးမှူးလေး တစ်ယောက်က လာခေါ်၍ ရုံးခန်းတစ်ခန်းကို ခဏလိုက်သွားခဲ့ရာ အဲကွန်းမိပြီး ချမ်းလာ၏။ ထမင်းစားချိန် ကျော်မှ အလုပ်လုပ် သည့်နေရာကို နေပူထဲက ဖြတ်ပြီး သွားခဲ့ရ၏။ ထိုသို့ အအေးမှ အပူကို ချက်ချင်းပြောင်းခဲ့၍လား မဆိုနိုင်။ ညရောက်တော့ ဖျားပါတော့သည်။

ပိတ်ရက်ခံတုန်း ဆေးတွေသောက်လည်း မပျောက်သောအခါ ဆေးခန်းပြေးခဲ့ရ၏။ ၂ ရက် ဆေးခွင့် ပေး လိုက်၏။ နားပါတဲ့။ ဆေးတွေကလည်း နည်းတာမဟုတ်။

လုပ်ကွက်အသစ်ကား ကျွန်တော့်အတွက် ကံမလိုက်။ ရန်ကုန်က ကျွန်တော့်ညီလေးရုံးက စကားနှင့်သာ ပြောရလျှင် ရင်ထဲမှာ ပန်းမပွင့်ရုံသာ မဟုတ်။ ဒူးရင်းသီးကလည်း အကြီးကြီးတွေ ဘယ်နှစ်လုံးမှန်း မသိအောင် သီးနေသည်ဟုသာ ဆိုရပေတော့မည်။ ။

ဆူးသစ်
၁၂:၄၉ နာရီ

၁၀.၈.၂၀၁၁

Sunday, August 7, 2011

"သည်တစ်ခေါက် ရန်ကုန်" (၄)


ဘောင်းဘီတိုနှင့် ကောင်မလေးတွေ ရန်ကုန်မှာ များလာသည့်ကိစ္စမှာ ရာသီဥတုထက် ခေတ်ကြောင့်ဟု ဆိုရပေမည်။ တကယ်တော့ ကလေးမကျတကျလေးတွေ ၀တ်တာကစ၍ ကလေးမဟုတ်တာတွေကပါ လိုက်ဝတ်လာသည်။ စကတ်တွေလည်း တို၏။ အောက်စလွတ်သည် ဆိုသော အသံများက ရန်ကုန်မှာ ကြားနေရသည်။ ထဘီဝတ်၍ လူကြီးသူမရှေ့မှာ ခြေမျက်စိပေါ်လျှင်ပင် ဆွဲဖုံးရသော ခေတ်မှသည်၊ လင်မယားချင်းသာ မြင်ရ၊ ကြည့်ရမည့် ပေါင်ကို လူရှေ့သူရှေ့ မကြည့်ချင်လည်း လိုက်ပြသော ခေတ်ကို ရောက်သွားလေပြီ။ အားကစား လုပ်တာလည်း မဟုတ်၊ ရေကူးကန်မှာလည်း မဟုတ်၊ လူလယ်ခေါင်ကြီးဖြစ်နေ၍ ထိုသို့သာ တွေးရပါတော့မည်။ စလုံးမှာတော့ မမြင်ချင်အဆုံး။ သူ့ထက်သူ ပြိုင်၍ ဖော်နေကြသည်။

တချို့ကလည်း ဒီဇိုင်းနားမလည်ဘဲ တိုရပြီးရော ၀တ်ကြသည်။ အပေါ်ကတိုလျှင် အောက်က အသားကပ်ခံရသည့် အ၀တ်မျိုးကို သည်တိုင်း အလွတ်ကြီးသာ ၀တ်ချလာသည်။ ရထားပေါ်၊ ကားပေါ်ရောက်တော့ သူ့ဒုက္ခ သူသိသည်။ ထိုင်ပင် မထိုင်ရဲ။ စလုံးမတွေက နေတတ်၊ ထိုင်တတ်သည်။ ကျွန်တော်တို့ မြန်မာမလေးတချို့ကတော့ လျှောက်သာလုပ်နေသည်။ ဘာမျှသိပုံမရ။

ရန်ကုန်မှာ ကိုးရီးယားဇာတ်လမ်းတွေကလည်း မည်မျှ နှိပ်စက်သည်မသိ။ ဘောင်းဘီတို ၀တ်သည့် ကောင်မလေးတွေထက် ဆိုးသည့် ကောင်မလေးတွေ ရှိနေတာလည်း သိလိုက်ရသေးသည်။ တစ်ရက်မနက်မှာ ကျွန်တော်နှင့်ပါ ခင်သည့် ဇနီးသည်၏ သူငယ်ချင်းများနှင့် ဆိုင်သွားထိုင်ကြရင်း ထိုအကြောင်းကို စကြားရသည်။ တချို့ကောင်မလေးများ ကိုးရီးယားကားတွေထဲကလို ဆိုဂျူးတွေ သောက်နေကြသည်တဲ့။ ကောင်းရော။ ဇနီးသည်၏ သူငယ်ချင်းတစ်ယောက်က မသောက်ဖို့ပြောတော့ ရုပ်ရှင်ထဲမှာ ဘာမှမဖြစ်ဘူးတဲ့လေ။ ထိုအခါ ဇနီးသည်၏ သူငယ်ချင်းက အေး-ရုပ်ရှင်ထဲမှာသာ ဘာမှမဖြစ်တာ။ အပြင်မှာတော့ ဖြစ်တယ်ဟေ့ ဟု သိအောင် တမင်ပြောဖြစ် ခဲ့သည်တဲ့။

သည့်ထက်ဆိုးသည်က တက္ကသိုလ်တစ်ခုထဲမှာ ကောင်လေးတစ်ယောက်ကို ကောင်မလေးတစ်ယောက်က ရည်းစားစကား ပြောသည်တဲ့။ လူကြားမှာ ဖြစ်သည်။ ထိုကျောင်းမှာ တက်နေသော ကျောင်းသားလေးက ပြောပြ သည်ကို သိရခြင်းပင်။ သည့်ထက် ဆိုးတာတွေလည်း ရှိနေ ပါလိမ့်မည်။ ဘာတွေ မှန်းကို မသိ။

သည်လိုကိစ္စတွေ လူငယ်တွေကြား ဖြစ်နေချိန်မှာ အနုပညာလောကမှာ တချို့သောသူတို့၏ သစ္စာမဲ့မှုကို ဂျာနယ်များပေါ်မှာ ဖတ်ရပြန်သည်။ ယခုတလော တော်တော်အောင်မြင်နေသည့် နာမည်နှစ်လုံးနှင့် အဆိုတော်ကောင်မလေး(သူ့နာမည် ကြားလျှင် ဆောင်းတွင်းကို သတိရစေသည်)က ချစ်သူဟောင်းကို ပစ်၍ ချစ်သူသစ်တွေ့သွားသည့်သတင်းက ဂျာနယ်တွေ စာမျက်နှာထက်မှာ။ တကယ်ဆို ဘာမျှမထူးဆန်းဟု ထင်စရာ။ သို့သော် ထိုအဆိုတော်ကောင်မလေး ရလိုက်သည့် ချစ်သူ ဆိုတာက နိုင်ငံခြားမှာ ခဏသွားဖျော်ဖြေရင်း တွေ့တာဟု ဆိုသည့်အခါ ဪ-ဒါကြောင့် ဂျာနယ်တွေ ဖွနေတာကိုး ဟုသာ တွေးမိလေတော့သည်။ ချစ်သူဟောင်း ကောင်လေးကတော့ သူ့အင်တာဗျူးမှာ သစ္စာတရားတို့၊ ယုံကြည်မှုတို့ ဆိုတာတွေကို ထပ်ခါတလဲလဲ ပြောသွားလေတော့သည်။

ထိုထက်ဆိုးသည်က တော်တော်ချမ်းသာပြီး အိမ်ထောင်ရှိသည့် ရက်ပ်အဆိုတော်၊ နာမည်နှစ်လုံးနှင့် ကောင်လေး က နာမည်လေးလုံးရှိသည့် မော်ဒယ်မလေးကို လူရှေ့ထုတ်လာပြီး သတင်းသမားများက မေးသည့်အခါ သူ့ချစ်သူဟု ဖြေသွားသည်။ လက်ရှိအိမ်ထောင်က ကွဲလေပြီလားမသိ။ ကျန်ခဲ့သည့် မယား ကောင်မလေးမှာ ကလေးက နှစ်ယောက်နှင့်။ ပေါ်တင် ဖောက်ပြန် ကြသော ခေတ်ကို ရောက်သွားပြီထင်သည်။ အိမ်ထောင်ကွဲပြီးသော ရုပ်ရှင်မင်းသမီးအချို့ကတော့ သူတို့၏ အသစ်အသစ်များဖြင့် အသီးသီး၊ အသက အသက စတည်းချနေသည်ကိုလည်း ကြားရ၏။ ဟောလိဝုဒ်ပင် လိုက်မမီနိုင်သော ကျွန်တော်တို့ ရန်ကုန် အနုပညာလောကဟု ဆိုရတော့မည်လား။

အနုပညာလောကကို ခေတ္တထား၍ ဘတ်စ်ကားတွေဘက်လှည့်ကြည့်သည့်အခါ အထူးကားတွေက မတ်တတ်တွေပါ အများကြီးတင်၍ ငွေရှာကောင်းနေသည်။ ကားခသာ ပိုပေးလိုက်ရသည်။ အဲကွန်းတွေက မအေးတော့။ ကက်ဆက်သံက နားကွဲအောင် ခံရသည်။ တီဗွီက ပြသည့်ကား ပြသည်။ မပြသည့်ကား မပြ။ မြို့ထဲမှာ ဘတ်စ်ကား အထူးနှင့် နှစ်ခေါက်၊ သုံးခေါက်များ ပတ်လိုက်လျှင် တက္ကစီခလို ပြန်ကျနေသည်က ရန်ကုန်၏ ထူးခြားမှုပင် ဖြစ်မည်။

ကျွန်တော်လည်း မိသားစုအိမ်တွေမှာ လှည့်ပတ်နေရင်း အားလျှင် နိုင်ငံခြားရုပ်ရှင်တွေသာ ထိုင်ကြည့်နေမိသည်။ စလုံးမှာ အင်တာနက်က ကြည့်ရသည်ထက် ရန်ကုန်မှာ စီဒီတစ်ချပ်မှာ ဘယ်နှစ်ကားဆိုသည်က ပိုပြီး ကြည့်ချင်စရာတွေ များသည်။ ရောက်တုန်းမို့ မိသားစုအိမ်တွေမှာ လက်လှမ်းမီရာတွေ ကြည့်ဖြစ်သည်။

သည်လိုနှင့် ပြန်ဖို့ရက် နီးလာခဲ့၏။ နှစ်ပတ်ဆိုသည်က ဘာမျှမဟုတ်။ ဖြုတ်ခနဲသာ။ သည်တော့ မိသားစုတွေက အပြန်သယ်ဖို့တွေ ၀ိုင်းထည့်ကြ၏။ ကီလိုချိန်ကြည့်တော့ အဆင်ပြေသည်။ သို့သော် လူကြုံပစ္စည်းတွေ မပါသေး။ လေဆိပ်ရောက်မှ ကြည့်လုပ်မည်ဟု ဆိုကာ လူကြုံတွေ လက်ခံထားလိုက်သည်။ သို့သော် သည်ကတည်းက ကျွန်တော်တို့ နှစ်ယောက်စလုံး ရိပ်စားမိသည်။ တော်တော်များနေပြီဟု။ လူကြုံများကလည်း ကိုယ့်အလှည့်၊ သူ့အလှည့် ထည့်ပေးနေကျသူတွေ။ သို့သော် ကြည့်လိုက်တော့ အထုပ်တွေက အလေးချိန်များနေသည်သာ။ တချို့ဆို အိတ်ကိုချလိုက်လျှင် ခွပ် ဟု ဆိုကာ ပုလင်းသံပင် ကြားရလေသည်။ တချို့ကျတော့ ပြောတုန်းက စီဒီဆိုပြီး တကယ်ပေးသည့်အခါ ၅ ကီလိုလောက် ရှိသည်။ တချို့ကျပြန်တော့ အမျိုးဟု ဆိုကာ ပိုပိုသာသာ အားပေးလိုက်သည်။

သည်လိုနှင့် လေဆိပ်ရောက်တော့ လေဆိပ်မှာ လေဆိပ်ခွန်ဆိုတာ စကောက်နေ၍ ပေးဖို့ပြင်ရသည်။ ယခင်အခေါက်တွေက မရှိ။ သည်တစ်ခေါက်တော့ အသစ်ချည်းသာ။ ဆယ်ဒေါ်လာ သို့မဟုတ် မြန်မာငွေ တစ်သောင်းတဲ့။ အိုကေ ပေါ့။ ထိုအချိန်က ဒေါ်လာဈေးက တစ်ဒေါ်လာ ရှစ်ရာပေါက်၍ ကျွန်တော်တို့က မြန်မာငွေမပေး။ ရှစ်ထောင်ပေး၍ ဒေါ်လာဝယ်လိုက်သည်။ ထိုဒေါ်လာကို ပေးလိုက်၏။ ပြီးရောပေါ့။ ဒေါ်လာက မြန်မာငွေထက် သက်သာနေသည်ကိုး။ နိုင်ငံခြားကို ပြန်ထွက်မည့်သူများ သတိပြုချင်စရာပါ။

သည်လိုနှင့် ကီလိုချိန်သည်ပဲ ဆိုပါတော့။ စတွေ့ပါပြီ။ ကျွန်တော်ဝယ်ထားသော လေကြောင်းလိုင်းသည် Silk Air မဟုတ်။ ဘာလေကြောင်းလိုင်းနှင့် ဘာလေကြောင်းလိုင်း အကျိုးတူ ပူးပေါင်းပါသည် ဆိုသော လိုင်းနှစ်ခုမှာ နိုင်ငံခြားလိုင်းဘက်က ၀ယ်ထားတာဖြစ်သည်။ ဒါလည်း ကြုံတုန်းပြောရလျှင် ကျွန်တော့်ဘာသာဆို ဘယ်တော့မျှ မ၀ယ်။ မလွှဲသာ၍ လေကြောင်းလိုင်းနှင့် ပြန်မှရမည်မို့ မဖြစ်မနေ၀ယ်ရမည် ဆိုမှသာ ၀ယ်မည့်လိုင်း ဖြစ်သည်။ ယခင်တုန်းကလည်း Silk Air နှင့်သာ ပြန်သည်။ သည်တစ်ခေါက်က ဇနီးသည်၏ ရုံးက သူ့အတွက် ၀ယ်ပေးရင်း ကိုယ်ပါရောမှာမှ ဒုက္ခကို ရောက်တော့သည်။

စလုံးကထွက်တော့ ကီလို နှစ်ဆယ်ကို နှစ်ယောက်ပေါင်းချိန်သည်။ တစ်ယောက်ကို ကီလို နှစ်ဆယ်ပဲ ပေးပါ သည်တဲ့။ အိုကေ ပေါ့။ ကျွန်တော်တို့နှစ်ယောက်ပေါင်း လေးဆယ်မကျော်။ Hand carry တွေပါ စက်ပေါ်တင်၍ ချိန်တော့ ကျွန်တော် နည်းနည်း လေသွားသည်။ သို့သော် ဒါလည်း အိုကေ။ Hand carry တွေကို တံဆိပ်ပင် ကပ်လွှတ်လိုက်သေးသည်။ ၀န်ထမ်းအမျိုးသမီးက ပြောလို့ ဆိုလို့လည်း ကောင်း၏။ ဒါက စလုံးဘက်မှာ။

ကျွန်တော်တို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးမှာရော။ စချိန်ဖို့ အိတ်တွေ တင်သည့်အခါ ကျွန်တော်က အိတ်တွေကို ပေါင်းပြီး တင်သည်။ ကောင်တာက ကောင်မလေး (ကျွန်တော့်ထက်ငယ်၍ ကောင်မလေးဟု ဆိုရပါမည်) က အဆိုပါ လေကြောင်းလိုင်းက ပေါင်းချိန်၍ မရတဲ့။ အံ့အားစ၍ သင့်ပါသည်။ စလုံးမှာ သည်လေကြောင်းလိုင်းသာ စီးလာသည်။ စလုံးမ၊ မလေးမတွေပင် ပေါင်းချိန်ပေးလိုက်သော အိတ်များက ကိုယ့်မြန်မာပြည်က ပြန်ခါနီးကျမှပင် မျက်နှာငယ်ရတော့သည်။ လင်မယားခရီးသွားသည်ကို အိတ်ကို ပေါင်းချိန်ခွင့် မရှိဟု ဆိုသည့်အခါ နည်းနည်းတော့ အစာမကြေ ဖြစ်ရသည်။ ကီလိုပိုမှာ စိုး၍ဟု ဖြေတွေးလိုက်ပါသည်။

သို့သော် ထိုအတွေးက ကြာရှည်မခံ။ ကီလိုက ၄၆.၆၈ ဟု ပြနေလေသည်။ ရမှာက လေးဆယ်သာ။ အိတ်ချိန်သည်ကို ကူနေသည့် ၀န်ထမ်းကောင်လေးက ထိုကောင်မလေးကို လှမ်းပြောသည်။ ကောင်မလေးက -- လေကြောင်းလိုင်းက ကီလိုနှစ်ဆယ်သာ ခွင့်ပြုသည်တဲ့။ တစ်ယောက်ချင်း ချိန်ရမည်တဲ့။ နှစ်ယောက် ဆိုလျှင် လေးဆယ်ပဲ ရမည်တဲ့လေ။ မှန်သည်။ ကျွန်တော်က Hand carry တစ်လုံးပါ ထပ်တင်ကြည့်လိုက်သည်။ ၅၇ ကီလို ဖြစ်သွား၏။ ပိုဆိုးသွားသည်။ Hand carry တွေပါ လျှော့ပါတဲ့။

သည်သို့ဖြင့် ဇနီးသည်နှင့် တိုင်ပင်ရသည်။ ကီလိုကြေးဆောင်လျှင် ဘယ်လောက်လဲဟု မေးသောအခါ တစ်ကီလို ဆယ့်ငါးဒေါ်လာ တဲ့။ မတတ်နိုင်တော့။ ဆယ့်ခုနစ်ကီလိုဖိုး ဘယ်လိုပေးမည်နည်း။ ပေးရမည့် အထဲမှာ လူကြုံသယ်လာသည့် ပစ္စည်းက နည်းတာမဟုတ်။ သည်လိုနှင့် လူကြုံပစ္စည်းများကို ထားခဲ့ရမည်လား၊ ကျွန်တော်တို့ သယ်လာသည့် ပစ္စည်းတချို့ကိုပဲ ထားခဲ့ရမည်လား၊ ဝေခွဲမရနိုင်ခင်မှာပင် ကျွန်တော်တို့ကို အလေးချိန်ပေးနေသော ကောင်လေးက ကပ်လိုက်လာပြီး အစ်ကို၊ ကျွန်တော်တို့ ကြည့်လုပ်ပေးမယ်၊ ပြန်ထည့်လိုက် ဟု ဆိုလာ၏။

သဘောပေါက်ကာ ဈေးညှိတော့ သုံးသောင်းဟု ဆိုသည်။ Hand carry တွေကရော ဆိုတော့ အဲဒါတွေကို နောက်မှာပဲ ထားခဲ့ပါတဲ့။ တက်ခါနီးမှ သယ်သွား ဟုဆိုသည်။ အိုကေ ပေါ့။ သည်လိုနှင့် ကီလိုပြန်ချိန်သည်။ ခုနအိတ်များကိုပင် မည်သည့်ပစ္စည်းမျှ မထုတ်ဘဲ သည်အတိုင်းပြန်တင်ခိုင်းသည်။ ဗုဒ္ဓေါ။ စောစောက ချိန်စဉ်က ၄၆.၆၈ ဟု ပြနေသည့် ကီလိုသည် ၄၁.၀၂ ကီလိုသို့ ပြောင်းသွားလေတော့သည်။ ဒေးဗစ်ကော့ပါးဖီးလ် ပင်ထိုင်ငိုသွားနိုင်သော မျက်လှည့်မျိုး။ အမှန်က လက်လှည့်ဖြစ်နိုင်သည်။

ကျွန်တော်တို့ ထုတ်ထားသော အိတ်ထဲက အထုပ်များကို အိတ်ထဲသို့ ပြန်ထည့်နေစဉ်မှာပင် ၀န်ထမ်း ကောင်လေးက ကောင်တာနား ပြန်သွားသည်။ ကောင်လေးနှင့် ကောင်တာက ကောင်မလေးတို့ မည်သို့ ညှိလိုက်သည် မသိ။ ဘာမျှပြောင်းလဲခြင်း မရှိသော အိတ်များ၏ အလေးချိန်မှာ လုံးဝလျော့ကျသွားလေသည်။ ထိုကောင်မလေးကား Hand carry များ မည်သည့်နေရာ ကျန်ခဲ့သနည်း ဆိုသည်ကိုပင် မမေးတော့။

သို့သော် ကျွန်တော်တို့ကို လေယာဉ်ချိန်နောက်ကျနေ၍ နှစ်ယောက်တွဲ ထိုင်ခုံ မရှိတော့ဟု ဆိုသေး၏။ ရသည့်ခုံ ပေးပါဆိုသည့်အခါ ပေးလိုက်ပါသည်။ တစ်နေရာစီ။ ထို့နောက် နောက်နား ခပ်လှမ်းလှမ်းမှာ ထားထားသော Hand carry များကို ယူကာ လေယာဉ်ပေါ်သို့ တက်ခဲ့ရာ လင်မယားနှစ်ယောက် တစ်ယောက်တစ်နေရာ။ သည်လိုနှင့် လာထိုင်မည့်သူ စောင့်ခဲ့ရာ အဘိုးကြီးတစ်ဦး ကျ၍ မေးကြည့်ရာ ပြောင်းပေးပါမည်ဆို၍ လင်မယားနှစ်ယောက် အတူတူ ပြန်ကျခဲ့တော့သည်။ အံ့ဩဖို့ကောင်းသည်က ကျွန်တော်လဲခဲ့သော အဘိုးကြီး၏ ဘေးနေရာမှာ လေယာဉ်ထွက်သည်အထိ မည်သူမျှမလာ။ ကျွန်တော်တို့ လင်မယားနှစ်ယောက်ကို ဘယ်လို အငြိုးနှင့် လုပ်လိုက်သည်မသိ။ တမင်ညစ်ပတ်ခြင်း သက်သက်ဟု ကျွန်တော်နားလည်နေမိသည်။ သူဘာများ ရသွားပါလိမ့်။ ကျွန်တော်ကတော့ ထိုကောင်မလေး မျက်နှာကို တော်တော်နှင့်တော့ မေ့မှာမဟုတ်။ ၀န်ထမ်းဖြစ်လျက်နှင့် ကိုယ့်ကိုယ်ကျိုးအတွက် ကုမ္ပဏီကို အသုံးချသူ မဟုတ်လား။ သူလို ၀န်ထမ်းမျိုးနှင့် Digital system ကို လိုသလို ပြောင်းကစားနိုင်သည့် ပညာခန်းများ ရှိနေသရွေ့ ထိုလေကြောင်းလိုင်းသည်လည်း ဘယ်သောအခါမျှ Top Ten လေကြောင်းလိုင်း များထဲ မပါနိုင်။

ကျွန်တော်တို့ အနေဖြင့်လည်း ရွေးစရာမရှိသည့် အခါမျိုးမှသာ ၀ယ်စီးချင်စီးမည်။ ပုံမှန်ဆိုလျှင် ဘယ်တော့မျှ စီးမည်မဟုတ်။ လူတစ်ယောက် ဖြတ်လမ်းငွေရဖို့ လုပ်ငန်းကို လိုသလို အသုံးချနေသရွေ့ ထိုအလုပ်မျိုး မည်သည့်အခါမျှ တိုးတက်လာမည်ဟု ကျွန်တော်မထင်။

သည်လိုနှင့် စင်ကာပူပြန်ရောက်ခဲ့ပြီး လုပ်ငန်းခွင်ပြန်ဝင်ခဲ့ရသည်ဟုသာ ဆိုရပါမည်။ သည်တစ်ခေါက် ရန်ကုန်သည်ကား မိသားစု၊ သူငယ်ချင်း မိတ်ဆွေများနှင့် မြင်ရ၊ တွေ့ရသည်သာ စိတ်ချမ်းမြေ့စရာ။ ကျန်သည့်အရာများကတော့ စိတ်ရှုပ်စရာ။ ရန်ကုန်ကို အတွင်းလှိုက်စားနေသော နေရာဟု ကျွန်တော်ပြောတော့ ဇနီးသည်၏ သူငယ်ချင်းက ထောက်ခံသည်။

မည်သို့ဖြစ်ဖြစ်ပါ။ မကောင်းတာတွေ ပြင်ပြီးလျှင် ရန်ကုန်မှာ ကောင်းတာတွေ ဖြစ်လာမည်ဟု ကျွန်တော်ယုံကြည်ချင်သည်။ ကိုယ့်တိုင်းပြည်မို့ ကိုယ်ချစ်ပါသည်။ ကိုယ့်မွေးရပ်မြေမို့ ကိုယ်တွယ်တာ ပါသည်။ လောလောဆယ်တော့ ဘ၀ရှင်သန်ရပ်တည်နိုင်ရန် အတွက် စင်ကာပူမှာ ခေတ္တလှုပ်ရှားရဦးမည်။

စိုင်းထီးဆိုင် သီချင်းနှင့် ပြောရလျှင်တော့ "ရန်ကုန်တော့ ဖြည်းဖြည်းပေါ့" ဟု ဆိုရမည်။ လူရွှင်တော် ဦးမိုးဒီ၏ ပြက်လုံးနှင့် ပြောရလျှင်တော့ "ရန်ကုန်မှာ ပြန်ဆုံခဲ့ကြတယ်လေ" ဟုသာ ဆိုချင်ပါသည်။ ကျွန်တော့်အတွက် သည်တစ်ခေါက် ရန်ကုန် ပြီးလျှင် နောက်တစ်ခေါက် ရန်ကုန် ကို ကြည်လင် ရှင်းသန့်စွာ တွေ့ချင်နေမိပါတော့သည်။ ။

ဆူးသစ်
၀၂:၂၃ နာရီ

၇.၈.၂၀၁၁





Related Posts Plugin for WordPress, Blogger...