Sunday, April 19, 2015

" Facebook ပေါ်က ကျွန်တော့် Status များ " ( ၁၉ )


+ကျွန်တော်ယခုလုပ်နေသည့်ပရောဂျက်မှာနေ့လယ်ထမင်းကိုဒရိုင်ဘာလေးတစ်ယောက်က သွားဝယ်ပေးသည်။သူကစောလျှင်ထမင်းဘူးများကိုရုံးထဲမှာထားခဲ့သည်။အချိန်ကျလျှင်ကျွန်တော်တို့က တရုတ်စာ၊အိန္ဒိယစာ စသည်ဖြင့်ကိုယ်မှာသည်ကိုရွေးယူရုံသာ။
ပြီးခဲ့သည့်အပတ်ထဲကတစ်ရက်မှာကျွန်တော့်ထမင်းဘူးကိုလှမ်းယူစဉ်ဘူးကကွဲနေသည်ကိုမသိ၍ပက်လက် လန်ကာအောက်ပြုတ်ကျသွားသည်။ဘူးထဲမှာတစ်ဝက်သာကျန်ခဲ့သည်။ ကျသွားသောထမင်းဟင်းများကိုရှင်းထုတ်ပြီးကျွန်တော်စားမည့်ထမင်းကိုကြည့်မှ တရုတ်ထမင်းဖြစ်နေသည်။ကျွန်တော်ကအိန္ဒိယစာမှာထားသော်ငြားဘူးကမှောက်သွားပြီဖြစ်၍ ထိုဘူးကိုသာယူလိုက်ပြီးတရုတ်စာစားမည့်မြန်မာများကိုကျွန်တော့်အိန္ဒိယစာ ဘူးကိုစားခိုင်းလိုက်သည်။
ထမင်းစားသည့်နားနေဆောင်ရောက်တော့မြန်မာလေးများကိုထိုအကြောင်းပြောပြစဉ် တချို့ကကျွန်တော့်ကို သူတို့အထဲကထမင်း ထပ်ထည့်ပေးသည်။တချို့ကသူတို့ချက်လာသော ဟင်းကိုလာပေးသည်။
ထိုနေ့ကကျွန်တော်ထမင်းဘူးပြုတ်ကျခဲ့သော်ငြားယခင်နေ့များထက်ထမင်းရော၊ဟင်းပါပိုများခဲ့သလို စား၍၀ခဲ့သည်။မြန်မာဖြစ်ရခြင်းအတွက်ကျွန်တော်တို့မှာမြန်မာပြည်အဝေးရောက်နေသည့်တိုင် ထမင်းတစ်လုပ်ကတော့မရှားသည်ကိုကျွန်တော်ဝမ်းမြောက်စွာသတိထားမိခဲ့ပါသည်။ကျွန်တော့် လုပ်ဖော်ကိုင်ဖက်ညီငယ်များကိုထိုနေ့က အတွက်ကျေးဇူးတင်မိသည်ကတော့အမှန်ပင်။ ( ဇွန်လ ၃ ရက်၊ ၂၀၁၃ ခုနှစ် )

+လေပြည်ကဖြည်းဖြည်းညင်ညင်တိုက်လိုက်တာပါ
နှလုံးသားနုတဲ့ငါကသာ
အဲဒီလေပြည်ကိုမုန်တိုင်းလို့ထင်ခဲ့မိတာ။ ။ ( ဇွန်လ ၁၆ ရက်၊ ၂၀၁၃ ခုနှစ် ) 

+အဲဒီလိုမီးခိုးတွေဝေနေကျမြို့ကလေးထဲမှာ
အလွမ်းတွေဝေနေတဲ့ကိုယ်က
မျက်ရည်တွေလည်းဝေလို့..............။ ။ ( ဇွန်လ ၁၇ ရက်၊ ၂၀၁၃ ခုနှစ် ) 

+တကယ်တော့သူဋ္ဌေးဆိုတဲ့လူတန်းစားဟာသူတို့ကိုလိမ်တဲ့လူတွေကို အထင်ကြီးပြီး သူတို့အကျိုး၊ကုမ္ပဏီ အကျိုးကိုတကယ်လိုလိုလားလား လုပ်ပေးတတ်သူတွေအပေါ်မှာတော့ တလွဲထင်တတ်ကြတဲ့ လူတန်းစားတစ်မျိုးလို့ထင်မိတယ်။
သူတို့ကိုနောက်ကွယ်မှာပါးပါးလှီး၊ကုမ္ပဏီပိုင်ငွေကိုနည်းမျိုးစုံနဲ့လိမ်ယူနေသူတွေကိုအကောင်းမြင်ပြီး တကယ်အလုပ်လုပ်ပေးနေသူတွေကျတော့တခြားလူတွေစကားတစ်ခွန်းဂုံးတိုက်တာနဲ့သူ့ကုမ္ပဏီ ပျက်မတတ်ယုံတတ်တာ ဒီဘက်ခေတ်သူဋ္ဌေးတွေလို့ကောက်ချက်ချရမလိုပါပဲ။
ကျွန်တော်လက်ရှိကြုံနေရတဲ့အပေါ်သုံးသပ်မိတာပါ။လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါတယ်။( ဇွန်လ ၁၈ ရက်၊ ၂၀၁၃ ခုနှစ် )

+"ရတာမလို.."
ငါဆေးလိပ်မသောက်ဘူး
ဒါပေမဲ့....အငွေ့တွေရှူနေရတယ်။
ငါဆေးဝါးမသုံးဘူး
ဒါပေမဲ့.....ဓာတုပစ္စည်းတွေနဲ့ထိတွေ့နေရတယ်။
ငါမေတ္တာလိုချင်တယ်
ဒါပေမဲ့....ငါ့ရဲ့အဝေးမှာမေတ္တာတွေရှိနေတယ်။ ။
( ဇွန်လ ၁၉ ရက်၊ ၂၀၁၃ ခုနှစ် )

+စင်ကာပူရောက်နေတုန်းဘယ်ဟာမှအလကားမရသမျှ
သည်တစ်ခါတော့မီးခိုးတွေတစ်ပြုံတစ်ခေါင်းတစ်နင့်တစ်ပိုးအလကားကိုရနေတော့သည်။ ( ဇွန်လ ၂၀ ရက်၊ ၂၀၁၃ ခုနှစ် )

ဆူးသစ်
၂၃း၃၇ နာရီ ( စင်ကာပူစံတော်ချိန်)
၁၉.၄.၂၀၁၅
( ဓာတ်ပုံမူရင်း-ကျွန်တော်ကိုယ်တိုင်ရိုက်ကူးထားသောဓာတ်ပုံဖြစ်ပါသည်။ )

Sunday, April 12, 2015

" ရင်ထဲက မိုး "


၁၉၅၇/ မန္တလေးသင်္ကြန်
အောင်ကျော်ချမ်းအေး မန္တလေးတဲ့
အလွမ်းတေးတွေ ဆိုဖို့အစလား
ကိုငြိမ်းမောင်နဲ့ထားက တူးပို့.......တူးပို့ သီချင်းသံတွေကြားမှာ စတွေ့တယ်။

အလွှာမတူပေမယ့် မေတ္တာတူတဲ့အခါ
ချစ်လာခဲ့သူတွေဖြစ်
အလိုမယူဘဲ အပြစ်မချသူတွေရဲ့သတင်း
' နှစ်ကိုယ်တူ ချစ်သမျှ ' သီချင်းက သက်သေ
ဒါပေမဲ့...
မျက်ရည်နဲ့ခွဲခဲ့ရဖူးတယ်။

အင်တာနက်နဲ့မိုဘိုင်းမရှိတဲ့ခေတ်မှာ
ရင်နာလျက်ပဲ အငိုမဆိုင်းခဲ့ရတာက
ထာဝရခရီးအတွက် ခိုးပြေးဖို့အပျက်
ကိုငြိမ်းမောင် လူရိုးကြီးသစ္စာဖျက်လေသလား
ထား........ထား...........ထား.......လေ
' အတုမရှိကျောင်း ' မှာ အတုမရှိမေတ္တာထားလို့စောင့်ပေမယ့်
လူရိုးကြီးစန္ဒယားဆရာ ခမျာလည်း
မြခက်အမေ အသက်ကိုတစ်ခါလုဖို့
' အတုမရှိကျောင်း ' ကိုလည်း မလာနိုင်
ရောက်ပြန်တော့ ထား ထိုင်ခဲ့တဲ့ နေရာကိုငေး
' နှစ်ကိုယ်တူ ချစ်သမျှ ' တေး အပိုင်းအစ  စာရွက်တွေနဲ့
ကံကြမ္မာရက်စက်ချက်ကို ခါးစည်းခံခဲ့ရတယ်။

' ဖိတ်တဲ့သူက ဖိတ်မှတော့ 
တီးတဲ့သူက တီးရတော့မှာပေါ့ကွာ ' တဲ့
စန္ဒယားဆရာ ကိုငြိမ်းမောင်ရဲ့ အနုပညာမာနစကား
ထားရဲ့မင်္ဂလာမှာ ထားရဲ့အကြင်နာ၊ ထားရဲ့စေတနာတွေ တုန့်ပြန်ဖို့
ရင်မှာမချိပေမယ့် အနုပညာသမား ဂုဏ်ပုဒ်ကိုဆင်
ထား နားထောင်ချင်တဲ့ ' နှစ်ကိုယ်တူ ချစ်သမျှ ' သီချင်း
မေတ္တာရင်းလို့ ဆိုပြရတဲ့အခါ
( ထားရယ်......)
ကိုငြိမ်းမောင် ရင်မှာ ဘယ်လိုရှိလေမလဲ
အနုပညာသမားမှာ မာနရှိပေမယ့်
အနုပညာသမားမှာ မျက်ရည်လည်း ရှိတာပေါ့ကွယ်။

ထား က ထားသွားတဲ့အခါ
ဘ၀က ဘာမျှမကျန်တော့
ဒါပေမဲ့.....သနားစရာ မြခက် ဘဝ
ကိုငြိမ်းမောင် ကရုဏာသက်တဲ့အခါ
' အနုပညာ ပန်းတိုင် ' ကို ချီတက်မှာပေါ့ အတွေး
စန္ဒယားခလုတ်လေးတွေမှာ ပြေးဆော့လို့ ရေးတဲ့အခါ
မေတ္တာ ကမ္ဘာက တစ်ခါ သစ်ပါလေရော။

ဘ၀က တစ်ဆစ်တင် မဟုတ်ဘူး
နှစ်ဆစ် သုံးဆစ်ချိုးတဲ့အခါ
ကိုငြိမ်းမောင်အတွက် သားတစ်ယောက်ကိုချန်ပြီး လက်ပြထွက်
မြခက်တစ်ယောက် လူ့လောကကြီးကို နှုတ်ဆက်တဲ့အခါ
' သူ့အမေက အသက်ပေးပြီး မွေးသွားတဲ့ ကလေးကို
ကျွန်တော့်ရင်မှာပဲ တစ်သက်လုံး ထွေးထားပါရစေ ' လို့ပြောပြီး
သက်ထွေး လို့နာမည်ပေးခဲ့တဲ့ ကလေးရဲ့ဘဝ
စန္ဒယားဆရာ တစ်ဖြစ်လဲ အရက်သမားကြီးရဲ့ လက်ထဲမှာ
ခက်ခဲစွာ ရှင်သန်ခဲ့ရပြန်ပါရော။

စန္ဒယားဆရာရဲ့သား စန္ဒယားတီးတတ်တဲ့အခါ
သံယောဇဉ်နွယ်တစ်စကလည်း ရင်မှာရောက်
( ဒါပေမဲ့......)
ကိုငြိမ်းမောင်ရဲ့ မေတ္တာဇာတ်လမ်းအောက်မှာ ဓားစာခံဖြစ်
နွယ့်ကိုချစ်တဲ့ သက်ထွေးရဲ့အချစ်
လှစ်ခနဲတောင် မပြဖြစ်ခဲ့
သင်္ကြန်ရဲ့အဝေး နွယ်ရဲ့အဝေးမှာ
သက်ထွေးခမျာ တိတ်တိတ်လေး ကြေကွဲရတာပေါ့။

သမီး စိတ်မကောင်းဖြစ်တဲ့အခါ
မနေသာတဲ့ ဒေါ်ခင်ခင်ထား
သွားမတွေ့သင့်ပေမယ့် ကိုငြိမ်းမောင်ဆီအလာ
' ဒီနေရာက စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်တဲ့ နေရာ
မဟုတ်ဘူး ဆိုတာတော့ သိပါတယ်နော် ' ဆိုတဲ့
ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းတဲ့ စကား
အသည်းကြား စူးနစ်ပေမယ့်
မိဘမေတ္တာအစစ်နဲ့ ကလေးတွေပျော်ဖို့ တွေးရင်း
' ကလေးတွေကို ပျော်ခွင့်ပေးလိုက်ပါ ' လို့ မချိဘဲ သုံးခဲ့ရ
ကိုငြိမ်းမောင် ဟီလာတိုက်တာ ခံရတာထက်
' အသုံးချဖို့ တစ်ခုခုတော့ လိုပြန်ပြီနဲ့တူတယ် '
' ခင်ဗျားအားမနာတတ်တာ ကျွန်တော်သိပါတယ် ' ဆိုတဲ့စကားတွေသာ ရင်နာလို့
မျက်ရည်ကို အပြုံးနဲ့ဖုံးရင်း
နှလုံးသားတွင်းကိစ္စတွေကို သိုဝှက်
အတိတ်တွေ ရောယှက်နေတဲ့ အိမ်ဘက်က ပြန်ခဲ့တယ်။

ရိုးသားတဲ့ ဖခင်ရဲ့သား
ဖခင်စကားကို တစ်သဝေမတိမ်း နားထောင်တဲ့လူ
ဖခင်သဘောမတူရင် ခြေဦးမလှည့်
နွယ်တို့ သင်္ကြန်ပွဲဘက်ကို မျက်နှာချင်းမဆိုင်
ငိုင်လိုငိုင် ဆွေးလိုဆွေး
သင်္ကြန်တေးတွေကြားက အလွမ်းသမားဘဝ
နွမ်းလျလို့ အိမ်ပြန်တဲ့အခါ
ဖခင်ရဲ့အရက်ပုလင်းက ရင်နာပြေလောက်မလား
တစ်ခွက်လောက်တော့ သောက်မော့ကြည့်မိတယ်။

ဖခင်ရဲ့ အကြင်နာ စေတနာ
အရက်သမား သား၊ အရက်သမား မဖြစ်ရဘူး ဆိုတဲ့ အကြည့်မျိုး
ကိုငြိမ်းမောင် ဒေါနဲ့ပျိုးလေတော့
မျက်ရည်မိုးတွေကြားက အနုပညာသည်ပေါက်စ သက်ထွေးရဲ့စကား
' အရက်သမားရဲ့သား အရက်သောက်တာ မဆန်းပါဘူး အဖေ 
အနုပညာသမားရဲ့ သား အနုပညာ ပြခွင့်မရတာသာ ဆန်းတာပါ 'ဆိုတဲ့ အပြော
ကြည့်ပါဦး.........ကိုငြိမ်းမောင် အူလှိုက်သည်းလှိုက် မောရပြီပေါ့။

နောက်ဆုံးတော့.........
မိဘမေတ္တာလေ
ချစ်ခြင်းရဲ့ ပြယုဂ်လေ
အတိတ်တွေကို ချေဖျက်
သက်ထွေးရေ-မင်းဘ၀ အပျော်နဲ့ဆက်ဖို့
ကိုငြိမ်းမောင် အမှန်တရားတွေမြင်
အနုပညာသမားရဲ့ အနုပညာဂုဏ်ကို ပြချင်ပြ
သင်္ကြန်ရဲ့ ညကို လှပပါစေ
သွားလေတော့ ခွင့်ပြု
' နွေဦးကဗျာ ' မဏ္ဍာပ်နားမှာ မေတ္တာတွေ စုထားတဲ့ အကြည့်
ထားကတော့ မြင်မိအောင် မြင်တယ် ကိုငြိမ်းမောင်။

ဟိုမှာ နွယ်က ပိတောက်ဖူးလေးနဲ့ ကတယ်
ဒီမှာ သက်ထွေးက ကြည်နူးပြုံးနဲ့ တီးတယ်
' တန်ခူးမည်မွတ် ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး ' ဆိုတဲ့ အလှပြကားပေါ်ကနေ
' သင်္ကြန်မိုး ' သီချင်းကို ကိုလတ်က ဆိုတယ်
ထားက ၀မ်းသာတဲ့ အပြုံးနဲ့ ခံစားတယ်
ကိုငြိမ်းမောင်က ပီတိနဲ့ ငေးတယ်
အဲဒီလိုနဲ့.........
အနုပညာ၊ ချစ်ခြင်း၊ မိဘမေတ္တာတွေ အမှန်တိုးတော့
' သင်္ကြန်မိုး ' တဲ့လေ
သင်္ကြန်ကျတိုင်း ကျွန်တော့်ရင်မှာ အငြိုးနဲ့ ခဏခဏ ရွာနေတော့တယ်။           ။

သားလတ်
၁၉း၄၃ နာရီ
၁၄.၀၄.၂၀၁၃
သင်္ကြန်အကျနေ့

[ မည်သည့်အချိန်၊ မည်သည့်နေရာ ရောက်ရောက် သင်္ကြန်ကျတိုင်း ပြန်ခံစားမိသည့် ' သင်္ကြန်မိုး ' ရုပ်ရှင်ဇာတ်ကားကြီးကို ခံစားပြီး ရေးပါသည်။ " ပရိသတ် အပေါ် အနုပညာတာဝန် ကျေပွန်ခဲ့ကြသော ဂီတ သုခုမ ပညာသည်များအား လေးစား ဂုဏ်ပြုလျက် " ဟု ဆရာမောင်တင်ဦး ဆိုခဲ့သည့် အတိုင်း ကျွန်တော်ကြိုက်သည့် ' သင်္ကြန်မိုး ' ရုပ်ရှင် ဇာတ်ကားအတွက် ပါဝင်ခဲ့ကြသော ဂီတသုခုမ ပညာသည်များ၊ အနုပညာရှင်များ အားလုံးအတွက် မြန်မာတစ်ယောက် အနေနှင့် ခံစားမိသော သင်္ကြန်ပွဲတော်နှင့် ပတ်သက်သည့် အနုပညာ အားထုတ်မှုများအတွက် ကျေးဇူးတင်သည့်အနေဖြင့် ကျွန်တော်တတ်ကျွမ်းသော စာပေအနုပညာဖြင့် ဂုဏ်ပြုပါသည်။ ]

Thursday, April 9, 2015

" နှလုံးသားထဲက စင်ဒရဲလား "


အမှန်တရားတွေက
ခါးသက်တတ်သလား စင်ဒရဲလား။

ပြည့်စုံတဲ့ဘ၀ကလာသူကိုမှ
ကံကြမ္မာက ရွေးချယ်သတ်မှတ်ခဲ့တာထင်ပါရဲ့
အဖေ၊ အမေနဲ့အတူ
အပူအပင်မရှိကြီးပြင်းခဲ့တဲ့ အယ်လာ Ellaဆိုတဲ့ကလေးငယ်တစ်ယောက်ဟာ
မှော်ဆန်တဲ့အစွမ်းတွေနဲ့ လှပပျိုမြစ်
ပြီးမှ...
မိဘတွေရဲ့အချစ်ကိုသိမ်းပိုက်တယ်။

နာမကျန်းခြင်းဟာ
ဧည့်သည်တစ်ယောက်အဖြစ် သူ့မိခင်ဆီအရောက်
မျက်ရည်ပေါက်တွေကြီးငယ်ကျခဲ့ရ
တားမရသူတို့ရဲ့ခရီး
အပြီးထွက်ခွာသွားတဲ့အခါ
အယ်လာအတွက်မှာခဲ့တဲ့စကား
' ရဲရင့်ပါ။ ပြီးတော့  ကြင်နာပါ ' တဲ့လေ။

အမေမရှိပေမယ့် အဖေရှိသေးရဲ့
ဒီလိုနဲ့ ကလေးဘ၀လွန်မြောက်
အဲဒီအချိန် ....
မထင်မှတ်ဘဲနဲ့ မိန်းမတစ်ယောက် အိမ်ပေါ်ရောက်လာတယ်။

တကယ်တော့ မိထွေး
သမီးကလေးနှစ်ယောက်ပါ အဆစ်ပါသေး
ဒါပေမဲ့....
အယ်လာရဲ့အတွေးတွေထဲမှာ ညီမလေးတွေလိုဖြစ်
အမေအသစ်လိုတော့  မိထွေးကိုစိတ်မနှစ်နိုင်
အဲဒီမှာ အားတွေပြိုင်ပါရော။

ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုးမိထွေးနဲ့
အဲဒီမှာပဲ အဖြစ်ကဆိုးလေသလား
ခရီးသွားအဖေဟာ အပြင်းဖျားပြီးအမေ့ဆီလိုက်သွားတဲ့အခါ
ကမ္ဘာဟာ အထီးကျန်တယ်
ပြီးတော့ .....
လူတွေဟာ ယုတ်မာတတ်ကြတယ်လို့
အယ်လာကလေး မသိမသာနဲ့သိလာတယ်။

မိထွေးတို့ရဲ့မကောင်းတဲ့ အကျင့်ရာဇ၀င်
အဲဒီကတည်းကစာတင်ထားရမှာပေါ့
အိမ်စေတွေကိုအကုန်နှင်
အိမ်အလုပ်တွေကိုအယ်လာ့ ကိုခိုင်း
သူ့သမီးနှစ်ယောက်နဲ့တော့ လာမနှိုင်းလေနဲ့
ထမင်းဝိုင်းတောင်အတူမထိုင်ရ
ငယ်ငယ်ကတည်းကကြွယ်ဝခဲ့တဲ့ကလေး
တွေးကြည့်ရင် အသည်းနာစရာ
အဲဒါ......
အယ်လာဆိုတဲ့ သူမလေ။

အေးမြတဲ့ညနေခင်းတစ်ခုမှာ
မီးဖိုဘေးမှာ အိပ်ပျော်သွားတဲ့သူမ
မီးသွေးပြာ ( Cinder )စတွေမျက်နှာမှာပေ ကျံလို့
အိမ်ဖော်တစ်ယောက်လိုအလုပ်စလုပ်တဲ့အခါ
မိထွေးရဲ့သမီးနှစ်ပါးကပေးတဲ့အမည်
Cinder နဲ့ Ella ပေါင်း
Cinderella ဆိုတဲ့အမည်အကြောင်းသစ်
အမှန်က....
မီးသွေးပြာစတွေနဲ့အယ်လာလို့ ရာဇ၀င်ဖြစ်စေဖို့
မကောင်းသူတွေကမကောင်းတဲ့နာမည်ရေးတို့တာတောင်
စင်ဒရဲလားဆိုတာ ချွေးစို့နေတာတောင် လှနေဆဲပါပဲလေ။
စိတ်ထဲကနာကျင်တဲ့တစ်ရက်

စင်ဒရဲလားဟာ တောထဲကိုခဏအထွက်မှာ
ဘုရင့်သားမှန်းမသိတဲ့ အမဲလိုက်သူတစ်ပါး
မထင်မှတ်ဘဲဆုံစည်းသွားချိန်
အလို....
နှလုံးအိမ်အချင်းချင်းလည်း တွယ်လိမ်ယှက်ခဲ့သလိုပေါ့။

တောထဲကအလှမဖုရားကိုတွယ်ငြိ
ကြေညာသတင်းနဲ့ ပြည်သူကိုသိစေ
မင်းသမီးရှာပုံတော်ဖွင့်လေတဲ့အခါ
မိထွေးနဲ့သမီးနှစ်ပါးက ငါးရံ့ပြာလူး
စင်ဒရဲလားလေးလည်း မချင့်မရဲဖြစ်ခဲ့ဖူးတယ်။

မင်းသားလေးရဲ့ ကြင်ယာရှာပွဲ
မိထွေးမရဲ့ မကြင်နာ တမင်တကာ အသာအခွဲမှာ
စင်ဒရဲလားဟာ မျှော်လင့်ချက်မဲ့
ဒါပေမဲ့.....
စိတ်နှလုံးဖြူ သူတို့အတွက် မခက်ခဲပုံများ
မှော်ဆန်ဆန်နတ်သမီးတစ်ပါးကကူတဲ့အခါ
ရွှေဖရုံသီးဟာ ရထားလုံးဖြစ်
ကြွက်လေးကောင်ကတော့  ကမြင်းအသွင်
ပုတ်သင်ညို နှစ်ကောင်က ရထားစောင့်
ဘဲငန်းကြီးက ရထားလုံးမောင်း
ညဥ့်လယ်ယံ ဆယ့်နှစ်ထိုးရင် အကုန်ပြန်ပြောင်းမယ်ဆိုပြီး
စင်ဒရဲလားကို နတ်သမီးတစ်ပါးလို အလှတွေတင်
ဖန်နဲ့ဆင်တဲ့ ဖိနပ်အလှကိုပေး
အလိုလေး........
မင်းသားလေးဆီသွားတဲ့မင်းသမီးတစ်ပါးဟာ
စင်ဒရဲလားပါဆိုရင် ငြင်းစရာတောင်ရှိမှာမဟုတ်ပါဘူး။

တောထဲက သူငယ်ချင်းနှစ်ဦး
ကြည်နူးစွာဆုံတွေ့
အဲဒီနောက်.....အကုန်မေ့တဲ့အခါ
နာရီသံ ဆယ့်နှစ်ကိုကြားခါနီး
ကသုတ်ကရက်ခရီးကိုအမြန်ခွာ
ဟော....ဟိုမှာ
ဖန်ဖိနပ်လှလှလေးတစ်ဖက်တော့  အဝေးမှာ ကျန်ခဲ့ပြီ။

ဖိနပ်တစ်ဖက်ကြောင့် မင်းသားခမျာရူးမတတ်ခံစားရတဲ့အခါ
တိုင်းပြည်မှာကြေညာ
ဖိနပ်တော်သူသာ မင်းသမီး
ဒီလိုနဲ့......
ရှိသမျှ အပျိုအအိုတွေ ကြိုးစားစီးကြ
မိထွေးမ သမီးနှစ်ယောက်လည်းအပါ
အဲဒီမှာ.....
လှောင်ပိတ်ခံထားရတဲ့ အိမ်အပေါ်ထပ်ဆီက
လွမ်းတသသ တေးသံပိုင်ရှင်
အလို..
သူမမှာလည်း ပြိုင်ဆိုင်ခွင့်ရှိတာပေါ့
မင်းသားရဲ့ဖိတ်ခေါ်မှု
စင်ဒရဲလားရဲ့ ရဲရင့်မှုတွေနဲ့
ဖန်ဖိနပ်လှလှလေးထဲ ခြေအလျှို
အမှန်တရားတွေက ကြို ဆိုလိုက်တာလေ
မင်းသားလေးအတွက် မင်းသမီးလေးဟာ စင်ဒရဲလား
တိုင်းပြည်အတွက် ပေးဆပ်မယ့် စင်ဒရဲလား
ဖိနပ်တစ်ဖက်အတွက် အခန်းကျဉ်းလေးထဲ မိထွေးကတံခါးပိတ်ခံထားရတဲ့ စင်ဒရဲလား
သူမသာ ဖိနပ်ပိုင်ရှင်
သူမသာ မိဖုရား
သူမသာ အကြင်နာပိုင်ရှင် ဖြစ်ခဲ့တော့ တယ်။

စင်ဒရဲလားရေ....
အမှန်တရားတွေက
တစ်ခါတစ်ရံမှာ ခါးသက်တတ်ပါတယ်။
ဖိနှိပ်မှုတွေက
တစ်ခါတစ်ရံမှာ သည်းခံရတတ်ပါတယ်။
နာကျင်မှုတွေကျတော့
အောင်မြင်ဖို့အတွက် ခင်းပေးထားတဲ့လမ်းလိုပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ်ပါ
ဖိနှိပ်မှုတွေကြားက အမှန်တရားဆိုတာ
သူတံခါးခေါက်ချိန်ကျလာတဲ့အခါ
ယုတ်မာသူတွေလက်ကတောင် လွတ်ထွက်ပြေးလာနိုင်ပါရဲ့။

စင်ဒရဲလားရေ.....
ရဲရင့်ပါ....ပြီးတော့  ကြင်နာပါ။
ကမ္ဘာမြေပေါ်က ကလေးတွေပါးစပ်ဖျားမှာမင်း
လူကြီးတွေရင်တွင်းအထိထိုးဖောက်
ခမ်းနားသောနေ့သစ်တို့ရောက်ပါစေ
ရာဇ၀င်အသစ်တစ်ခုနဲ့လှပခမ်းနားနိုင်ပါစေလေ။ ။

                                                                                                        သားလတ်
                                                                                    ၂၂း၅၆ နာရီ ( စင်ကာပူစံတော်ချိန် )
                                                                                                        ၈.၄.၂၀၁၅

                              [ Cinderella ရုပ်ရှင်ကိုကြည့်ပြီး ရင်နှင့်ခံစားရေးဖွဲ့ပါသည်။]
Related Posts Plugin for WordPress, Blogger...