Thursday, January 1, 2015

" ကျွန်တော်နှင့် အင်တာနက်အလန်းများ " ( ၅ )



" အစ်ကို စင်ကာပူကိုလူကြုံ ရှိတုန်း ကျွန်တော်တို့ရွာမှာ ဘုရားထီးတင်ပွဲရှိလို့ ပြဇာတ်ကတာ ဗွီဒီယိုရိုက်ထားတာထည့်ပေး လိုက်တယ်။ အစ်ကိုအလုပ်အားရင် အပျင်းပြေကြည့်ဖို့ပေါ့ "

ကျွန်တော့်အိမ်က လူကြုံလာ၍ ပစ္စည်းသွားယူပြီး အိမ်ရောက်မှဖောက်ကြည့်စဉ် ဗွီစီဒီတစ်ချပ်နှင့် စာတစ်စောင်ကိုတွေ့သည်။ ကျွန်တော့်ကိုခင်သော၊ ကျွန်တော်ကခင်သော သာဂိ။

သည်သို့နှင့် အချိန်အားရသည့်အချိန်မှာ သူပေးသော ဗွီစီဒီကို ကျွန်တော်ဖွင့်ကြည့်မိသည်။ ရွာပြဇာတ်ဆိုသည့်အတိုင်း ဇာတ်စင်ကတော့ ၀ါးတိုင်နှင့် ထရံကာကိုမြင်ရသည်။ လိုက်ကာစများကတော့ ဘယ်ကငှားထားသည်မသိ။ တော်တော်ပြောင်ပြောင်လက်လက်နှင့်။ နေ့ဘက်သာဆိုမျက်လုံးပါကျိန်းမည်။

သည်လိုနှင့် ပြဇာတ်ကသည်။ သာဂိကအဓိကဇာတ်လိုက် နေရာ။ ပြဇာတ်က အိမ်ထောင်ရေးဖောက်ပြန်၍ သာဂိကို နယ်ကနှင်ထုတ်ခန်း။ သာဂိက ရွာမှာငယ်ရည်းစားရှိသည်။ ငယ်ရည်းစားကိုထားခဲ့ပြီးမြို့မှာ သွားအလုပ်လုပ်သည်။ သာဂိကမြို့မှာရည်းစား အသစ်ရသည်။ ငယ်ရည်းစားကိုမေ့သည်။ သို့သော်ရွာကိုခဏ ပြန်စဉ်မှာ ငယ်ရည်းစားကိုပြန်မြင်ပြီး မြို့က ရည်းစားကိုမေ့ပြန်သည်။ ငယ်ရည်းစားနှင့် လက်ထပ်သည်။ သို့သော် မြို့ကိုအလုပ်ပြန်လုပ်တော့ မြို့က ရည်းစားကို အိမ်ထောင်ကျပြီးပြီဟု မပြောဘဲ တွဲသည်။ သာဂိသူငယ်ချင်းက ဆုံးမသည်။ သို့သော် သာဂိကို တားမရ။ သည်သို့နှင့် ရွာက အမျိုးတစ်ယောက်က ပြန်မြင်ပြီး သူ့မိန်းမကို ပြန်သတင်းပို့သည်။ သာဂိ ဟက်တက်ကွဲကာ နယ်ကိုပြန်လာ တောင်းပန်စဉ် ရွာကလက်မခံဘဲ နှင်ထုတ်ခံရသည်။ ပညာပေး ပါသည်။ ဇာတ်လမ်းက မဆိုး။ ရွာပြဇာတ်ကို ရွာသူရွာသားများနှင့် က၍ သူ့အရပ်နှင့် သူ့ဇာတ်ကတော့ အံကျနေသည်။

ကျွန်တော်က ပြဇာတ်ပြီးလျှင် သရုပ်ဆောင်သူများ နာမည်ကိုထိုးမှာ ဖြစ်၍ စီဒီဆုံးအောင် စောင့်ကြည့် စဉ်မှာ ပြဇာတ်ကသူများကို ဆုပေးပွဲပါ ပါလာသည်။ စိတ်ဝင်စားသွား၏။ သာဂိ ရထိုက်သည်ဟု ကျွန်တော်မြင်သည်။

သည်လိုနှင့် သူတို့ဆုပေးပွဲ ကြေညာသည်။ ဆုပေးပွဲမှာ ကြေညာသူက နှစ်ယောက်။ တစ်ယောက်က အမျိုးသား၊ နောက်တစ်ယောက်က အမျိုးသမီး။ ၀တ်ထားတာတော့ ကျကျနန။ မိတ်ကပ်များကိုလည်း အထင်းသား မြင်ရသည်။

" ဟုတ်ကဲ့ပါရှင်။ ကျွန်မတို့ နှစ်စဉ်ကျင်းပနေကျ ........"

" ဟဲ့ ခင်မှုန်။ ထီးတင်တာ နှစ်တိုင်းမတင်ဘူးဟ။ ဘာတွေပြောနေတာလဲ "

ဘုရားလူကြီးဖြစ်ဟန်တူသော အဘိုးကြီးတစ်ယောက်က စင်ရှေ့ကနေထပြောတော့ အားလုံးဝါးခနဲ ရယ်သည်။ အသံကြီးက ကင်မရာနားကပ်နေ၍ ဗွီစီဒီထဲပါလာသည်။ ကျွန်တော်လည်း ပြုံးမိ၏။

" ဪ-ဟုတ်ပါတယ်နော်။ ဒါပေမဲ့ ကျွန်မက နှစ်တိုင်းဒီလိုပွဲမျိုး ပုံမှန်လုပ်စေချင်တာရှင့် "

ခင်မှုန်သည် ပါးနပ်ပုံရသည်။ ချော်လဲရောထိုင် လုပ်လိုက်သည်။

" ဟုတ်ပါတယ် ခင်ဗျာ။ ကျွန်တော်တို့ ဒီနှစ် ဘုရားထီးတင်ပွဲမှာ......."

"ကွယ်-ကျော်သောင်း။ မင်းနှယ် ။ ခက်ပြန်ပြီ။ ဘုရားမှန်းမသိ။ စေတီမှန်းမသိ။ စေတီထီးတင်တာကွာ။ ဟုတ်ပြီလား "

" ဪ-ကိုကျော်သောင်းက အခုမှ စင်ပေါ်တက်တာဆိုတော့ အမှားမကင်းဘူးပေါ့ အဘရယ်။ အဲဒါ ဘုရားပဲဖြစ်ဖြစ်၊ စေတီပဲဖြစ်ဖြစ် ထီးတင်တာကိုပဲ သူကသိတာကိုး။ ဒါကခွင့်လွှတ်လို့ရတဲ့အမှားလေးပါ အဘရယ်။ တစ်နည်းအားဖြင့် ချစ်ဖို့ကောင်းပါတယ် "

လူပျို ကြီးကိုကျော်သောင်းကို အပျိုကလေး ခင်မှုန်က စောင်းပါးရိပ်ခြည် ပြောသောအခါ ကိုကျော်သောင်းက ပြုံး၏။ ခင်မှုန်ကလှသည်။ အစီအစဉ်တင်ဆက်သူနေရာ ရွေးထားကတည်းက ကျွန်တော့်အထင် ရွာမှာကွမ်းတောင်၊ ပန်းတောင်ကိုင်လောက်ဖြစ်မည်။ ပရိသတ်ကတော့ လက်ခုပ်တွေတီးနေ၏။ ရွာမှာက အသားကျနေသလား မဆိုနိုင်။ ဘာပြောပြော၊ ဘာလုပ်လုပ် လက်ခုပ်တီးကြ၏။ ကောင်းလေစွ။

" အခု ပထမဆုံး ဆုချမှာကတော့ တေးဂီတဆုပါ ခင်ဗျာ "

" ဟုတ်ပါတယ်ရှင်။ ဒီဆုဟာ ဒီပြဇာတ်ရဲ့ အဓိက ကျောရိုးမှာပါနေတဲ့ နောက်ခံတီးလုံးတွေကိုဖန်တီး ပေးသူ အတွက်ပါ။ "

တကယ်တော့ ကိုကျော်သောင်း ပြောရမှာကို ခင်မှုန်က လုပြောနေတာဖြစ်သည်။ ခင်မှုန်သည် သူအာသွက်လျှာသွက် ဖြစ်ကြောင်းကို ကိုကျော်သောင်းရှေ့မှာ ပြနေလေသည်။

" အဲဒီဆုအတွက် ကြေညာပါမယ်။ ဟုတ်ကဲ့။ 'ကိုယ့်မိန်းမကို သေအောင်မေ့၊ တစ်နေ့တွေ့မယ်' ဆိုတဲ့ ပြဇာတ်ကြီးမှာ နောက်ခံတီးလုံးများကို အားတက်သရော တီးပေးသွားတဲ့ ရွှေပန်းတော အုန်းမောင် ကြွပါရှင် "

" ဖြောင်း.......ဖြောင်း.......ဖြောင်း.......ရွှီ......ရွှီ.......ရွှီ "

ပရိသတ်ကား သောသောညံလှသည်။ ကိုအုန်းမောင်သည် ချွေးများရွှဲကာ ဆိုင်းဝိုင်းထဲက ထလာသည်။ ပြီးတော့ ရွာလူကြီးပေးသော ဆုကိုယူသည်။ ပြန်ဆင်းမည်ကြံကာမှ ခင်မှုန်က တားသည်။

" ကိုအုန်းမောင်ကြီး။ ကျေးဇူးတင်စကားလေး ဘာလေးပြောဦးလေ "

" ငါမပြောတတ်ဘူးဟ "

" နည်းနည်းတော့ ပြောရှင် "

ကိုအုန်းမောင် တွေဝေသွားသည်။ ပြီးတော့ မိုက်ကိုလှမ်းယူသည်။

" ကျွန်တော် တိုတိုနဲ့ ထိအောင်ပြောပါမယ်။ ကျွန်တော် ဆိုင်းတီးလာတာ ကြာပါပြီ။ ဒီရွှေပန်းတောရွာမှာသာ ကျွန်တော့်ကို မသိတာ။ ဟိုဘက် အလယ်ကုန်း၊ လယ်ဦးစု၊ ကျောင်းကုန်း၊ ဗွက်ရိုး တစ်ကြောမှာတော့ အားလုံး အုန်းမောင် ဆိုရင် သိနေကြပါပြီ။ ရွာကလူတွေ မျက်စိလျှမ်းနေတာပေါ့ခင်ဗျာ "

ထိုသို့ပြောတော့ ရွာလူကြီးများက မျက်စောင်းထိုးသည်။ ကင်မရာမင်းကလည်း လျင်လှ၏။ လူကြီးများ၏ မျက်စောင်းကို မိအောင် ရိုက်ထားသေးသည်။

" အဲဒါ အခုကြုံတုန်း လက်စွမ်းပြတာပါ။ ဒါဘာမှမဟုတ်သေးပါဘူး။ ကျွန်တော် စင်ကာပူ ရောက်တုန်းကဆို..."

" အမယ်-ကိုအုန်းမောင်ကြီးက ဘယ်တုန်းက စင်ကာပူရောက်တာလဲ "

" ပြီးခဲ့တဲ့ နှစ်ကလေ။ ရန်ကုန်က ပုဇွန်တောင်မှာ စင်ကာပူ ဘုန်းကြီးကျောင်းရောက်တုန်းက..."

" အာ.........."

ပရိသတ်၏ အာ........ဆိုသည့် အသံကြီးက ထွက်လာသည်။ ကျွန်တော်ပြုံးမိ၏။

" အဲဒီမှာ ကျွန်တော်စာတွေဖတ်တာပေါ့။ အများကြီးပဲဗျာ။ ကျွန်တော်က ငွေလည်းသုံးနိုင်တော့ အိုင်စီ ကိုပါသွားတွေ့တာ "

" ဟင်-အိုင်စီဆိုတာ Iron Cross မဟုတ်လား။ ကိုအုန်းမောင်က ဆိုင်းတီးတာလေ။ ဘာဆိုင်လို့လဲ "

" သိပ်ဆိုင်တယ် ခင်မှုန်။ ချစ်စမ်းမောင်ဆိုတဲ့ကောင်လေးက ခြောက်ကြိုးကဝေဆိုလို့ ငါ့ခြောက်လုံးပတ်နဲ့ တီးလုံးချင်း၊ အသံချင်းကိုက်အောင် ဘယ်လိုလုပ်မလဲ သွားညှိတာ "

" ဪ-ဟုတ်လား။ အဲဒီတော့....."

" သူကပြောပါတယ်။ လောလောဆယ် မအားသေးလို့တဲ့။ ခြောက်ရက်နေ့ ညနေခြောက်နာရီ လာမယ် ပြောတာပဲ။ အစ်ကို့ခြောက်လုံးပတ်ကိုစမ်းနေပါတဲ့။ "

" အစ်ကို ကိုအုန်းမောင်။ ကျေးဇူးတင်စကားလေးပြန်ဆက်ဦးလေ "

ကိုကျော်သောင်းက စကားပြန်ထောက်ပေးသည်။ ထိုသို့မှမဟုတ်လျှင် ကိုအုန်းမောင်၏ ကျေးဇူးတင် စကားသည် စီဒီနောက်တစ်ချပ် ကူးတော့မည်။

" အဲဒါပဲ ပြောမလို့လေဗျာ။ ဟိုဘက်ရွာက သိန်းဦးတို့၊ လှငွေတို့ကို သူတို့ရွာကလူတွေက တီးခိုင်းတာ ကျွန်တော်သွားမတီးခင်က။ အခုကျွန်တော်သွားတီးပြီးနောက်ပိုင်း သူတို့လူတောင် သူတို့မသုံးတော့ဘူး။ ကျွန်တော့်ခေါ် တီးတာ။ အဲဒါ သုဝဏ္ဏသာမဇာတ်ကိုသိတယ်မဟုတ်လား "

ကိုကျော်သောင်းနှင့် ခင်မှုန်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်သည်။ သူဆုရတာ ဘယ်က ဘုရားအလောင်း ဇာတ်ထုပ်က ပါလာသည်မသိ။ ပြဇာတ်ကတော့ သာဂိ၏ မိန်းမပွေဇာတ်ထုပ်။ 

" သားရွှေအိုးထမ်းလာတဲ့ကိန်းဗျာ။ ရွာတွေမှာတီးရသလို ကိုယ့်ရွာမှာတီးရရင်း အခုလိုဆုလည်းရ။ ဒါကိုပြောချင်တာပါ။ ကျွန်တော့်ကို မတတ်ဘူးမထင်နဲ့။ အားရင် တစ်ခုခုတီးနေရမှ ကျေနပ်တာ။ အဲဒီတော့..."

ကိုအုန်းမောင် ပြောနေတုန်း ဗြုန်းဆို လူတစ်ယောက်စင်ပေါ်တက်လာပြီး သောက်ရေထည့်ထားသည့် သဲအိုး၊ ရေအိုးတစ်အိုးထိုးပေးသည်။ ကိုအုန်းမောင် ပြူးကြောင်ကြောင်ကြည့်ကာ သောက်ရေတစ်ခွက် ခပ်သောက်၏။ အားလုံးက ရယ်သည်။ ကိုကျော်သောင်းနှင့် ခင်မှုန်ကား မျက်နှာပျက်နေလေ၏။

" အဲဒါ ရွာလူကြီး မကောင်းလို့ ကျွန်တော်ဆုမရတာ။ ကြာပြီ။ ဒီလိုဘုရားပွဲလုပ်ရင် နှစ်တိုင်းကျွန်တော်ချည်း ရမှာပေါ့။ တခြားရွာကကောင် ခေါ်တီးခိုင်းလေ။ လက်တောင် ယှဉ်လို့ရတယ် "

" ဟုတ်ကဲ့။ အခုလို ကျေးဇူးတင်စကား ပြောကြားပေးတဲ့ ဆိုင်းဆရာ ရွှေပန်းတော ကိုအုန်းမောင်ကို ကျေးဇူးအထူးတင်ရှိပါတယ် "

ကိုကျော်သောင်းသည် ကိုအုန်းမောင်လက်က မိုက်ကို ဆွဲလုပြီး ထိုစကားကိုပြောလိုက်ရာ ကိုအုန်းမောင်ခမျာ ဆန့် ငင်ဆန့်ငင်နှင့် စင်ပေါ်မှ ဆင်းသွားရလေသည်။

" အခုဆက်လက်ပြီး ပြဇာတ်အတွက် အရေးကြီး ဆုတစ်ဆုကို ကြေညာပါဦးမယ်။ 'ကိုယ့်မိန်းမကို သေအောင်မေ့၊ တစ်နေ့တွေ့မယ်' ပြဇာတ်မှာ အမျိုးသမီးဇာတ်ပို့နေရာက တကယ်ကို အရေးပါပါတယ်။ ကျွန်တော်တို့ ပြဇာတ်တွေကြည့်လာတာ ကြာပါပြီ။ "

" ဟေ့ကောင် ကျော်သောင်း။ မရွှီးနဲ့။ ပြဇာတ်က ဒီနှစ်မှ စကတာ။ ခွီးတဲ့မှ။ မင်းကြည့်ဖူးတဲ့ ပြဇာတ်က အရင်ဘ၀က ပြဇာတ်လား "

လူကြီးတစ်ယောက်က ကိုကျော်သောင်းကို စင်ရှေ့ကနေ ထဟောက်ပြန်သည်။ အားလုံး ၀ါးခနဲရယ်၏။ ကိုကျော်သောင်း ခေါင်းကုတ်နေသည်။

" သူက အနုပညာဝါသနာ တအားပါသူပါ။ စိုးမိုးမေတ္တာတို့၊ ထွေးညို တို့ကိုသေသေချာချာ နားထောင်ခဲ့ဖူးသလို ဘီးအီးဒီအောင်သိုက်ရဲ့ ပြဇာတ်တွေကိုလည်း ကျေညက်နေပါပြီ။ စိတ်လှုပ်ရှားလွန်းလို့ စကားတွေ မှားရင်တောင်းပန်ပါတယ်။ ဒါမျိုးလေးတွေက ဖြစ်တတ်ပါတယ် "

ခင်မှုန်သည် ကိုကျော်သောင်းအစား ရှေ့နေလိုက်နေ၏။ ပရိသတ်ကားကြေညာပါ ဟု သာ အော်နေသည်။

" ဟုတ်ကဲ့ပါရှင်။ ဒီနှစ်အတွက် 'ကိုယ့်မိန်းမကို သေအောင်မေ့၊ တစ်နေ့တွေ့မယ်' ပြဇာတ်မှာ အကောင်းဆုံးဇာတ်ပို့ ဆုကို ပြိုင်ဘက်မရှိတစ်ယောက်တည်း ယူသွားနိုင်သူကတော့...."

" ထွေးထွေးရီ.........ထွေးထွေးရီ....ထွေးထွေးရီ "

ပရိသတ်ကား အော်ဟစ်အားပေးနေလေသည်။

" ဟုတ်ပါတယ်ရှင်။ ထွေးထွေးရီပါ။ မထွေးထွေးရီ။ ဆုလက်ခံယူပေးဖို့ စင်ပေါ်ကို ကြွပါရှင် "

ခင်မှုန်၏စကားအဆုံး ထွေးထွေးရီသည် တက်ကြွသော ခြေလှမ်းများဖြင့် စင်ပေါ်ကိုရောက်လာလေသည်။ ရွာလူကြီးသည် ထွေးထွေးရီလက်ကိုကိုင်ကာ စကားအနည်းငယ်ပြောသည်။ ထို့နောက် ကိုကျော်သောင်းသည် မိုက်ကို ထွေးထွေးရီကို ထိုးပေးသည်။

" ကျွန်မ အခုလို ဆုရတာမှာ တကယ်ကျေးဇူးတင်ရမှာက ရွာထဲကလူတွေပါ "

" ဟေး "

ရွာသူ၊ ရွာသားများ ထအော်သည်။ ထွေးထွေးရီသည် ရည်းစားအပြိုင်အခန်းက ပါရသော်လည်း ရွာသူရွာသားတို့၏ မေတ္တာကို ရထားပုံရသည်။ သူကလည်း ပြောတတ်သည်။

" ကျွန်မတို့ ရွာသူရွာသားတွေက ကျွန်မကို လမ်းမှာတွေ့ရင်တစ်မျိုး၊ လယ်ထဲမှာတွေ့ရင်တစ်ဖုံ၊ အမျိုးမျိုး ကျွန်မကို မေးကြပါတယ်။ ဇာတ်ကရင် ပါဖို့။ ကျွန်မကလည်း ငယ်ငယ်ကတည်းက ပိုးထိုးနေတာ။ "

" ဟေး "

ရွာသူ၊ ရွာသားများ အော်ကြပြန်သည်။ အထူးသဖြင့် ကာလသားများ။ ဘာပိုးလဲဟု အော်ကြသေး၏။

" ဟုတ်ပါတယ်။ အနုပညာကိုဝါသနာပါလို့ အခွင့်အရေးကို စောင့်နေတာ။ ကိုယ့်ရွာသူ၊ ရွာသားများကလည်း အားပေးကြတာရှင်။ ကျွန်မ သူတို့ကြောင့် ကပြဖြစ်တာပါ။ နောက်မို့ဆို ကျွန်မဘာသာ ကျွန်မကောက်စိုက်၊ ပျိုးနုတ်ပဲနေမှာ။ အဲဒီအတွက် သူတို့ကို ကျေးဇူးတင်ပါတယ်။ သူတို့အတွက် နောက်နှစ်တွေ ထပ်ကပါမယ်။ အိုရှင်-အမြဲကပါမယ် "

" အေး.အေး။ နင်တို့ကလို့ရအောင် ရွာမှာ တစ်နှစ်တစ်ခါ ထီးတင်မယ်ဟေ့။ သိပြီလား "

ရွာလူကြီးကား ထွေးထွေးရီကို ရွဲ့လေပြီ။ ကျွန်တော်ပြုံးမိပြန်၏။ ထွေးထွေးရီက သူ့သဘောနှင့်မဟုတ်ဘဲ ပရိသတ်ကြောင့် ကရသည်ဟု အပြောက များနေလေသည်။ ဒါကြောင့်ပင်ဖြစ်မည်ဟု ကောက်ချက် ချ၏။ ထွေးထွေးရီကား ရှက်ရှက်နှင့် ဆင်းပြေးလေသည်။

" ဟုတ်ကဲ့ပါ ခင်ဗျာ။ 'ကိုယ့်မိန်းမကို သေအောင်မေ့၊ တစ်နေ့တွေ့မယ်' ပြဇာတ်ကြီးရဲ့အဓိက ဇာတ်ပို့ အမျိုးသားဆုကို ကြေညာပါမယ်။ ဒီပြဇာတ်မှာ တကယ့် အရုပ်မှန်........အဲ......သရုပ်မှန်ပေါ်အောင် လုပ်ပြသွားနိုင်တဲ့ ဇာတ်လိုက်မင်းသားရဲ့ သူငယ်ချင်းအဖြစ် ကပြသွားတဲ့ ကိုအောင်ထွေး ကိုဖိတ်ခေါ်ပါတယ်ခင်ဗျား "

ကိုအောင်ထွေးကား ပြုံးပြုံး ပြုံးပြုံးနှင့်။ ဆုယူအပြီး ကျေးဇူးတင်စကား ပြောသည်။

" ကျွန်တော်..........ဒီဆုကိုရတာ............အားလုံးကို ကျေးဇူးတင်ပါတယ်.................ကျွန်တော့်ရဲ့ မိဘနှစ်ပါးလည်း ကြည့်ရင်း ကြည်နူးနေမှာပါ...............ကျွန်တော်ဆက်လက် ကြိုးစားပါမယ် "

ကိုအောင်ထွေးသည် စကားကို တိုတိုပဲ ပြောသည်။ ကိုအုန်းမောင်လို တိုတိုပဲ ပြောမည်ဆိုပြီး ရှည်မနေ။ သို့သော် ကိုအောင်ထွေးမှာပြောစရာ တစ်ခုပဲ ရှိသည်။ ဘာဖြစ်လို့မှန်းမသိ။ သူ့အသံက တော်တော်မောနေသည်။ စိတ်လှုပ်ရှားသည်ထင်၏။ ဒါကို ခင်မှုန်တို့ မရိပ်မိ။ ရိပ်မိလည်း ပြောမှာမဟုတ်။ သို့သော် ရွာလူကြီးတစ်ဦးက ရိပ်မိသည်။

" ဟေ့ကောင် ကျော်သောင်းနဲ့ အောင်ထွေး။ မင်းတို့ဒီပွဲပြီးရင် ငါ့ဆီလာခဲ့။ ထန်းရည်လက်ကျန်လေးဆွဲရအောင်။ ခွီးတဲ့မှ ကျားတွေဖြစ်ပြီး စင်ပေါ်ရောက်တော့ စကားထစ်တဲ့ကောင်နဲ့။ အမောဖောက်နေတဲ့ကောင်နဲ့ "

ထိုသို့ပြောလိုက်မှ ပရိသတ်ကား တ၀ါးဝါးနှင့် ရယ်တော့သည်။ ကိုအောင်ထွေးသည် စင်ပေါ်ကိုလှည့်မကြည့်ဘဲ လစ်လေတော့သည်။

" အခုဆက်လက်ပြီး 'ကိုယ့်မိန်းမကို သေအောင်မေ့၊ တစ်နေ့တွေ့မယ်' ပြဇာတ်အတွက် အဓိကဇာတ်ဆောင် အမျိုးသမီးဆုကို ကြေညာပါမယ်။ "

ပရိသတ်ကား ဟေး ဟုအော်ကြလေသည်။ တကယ်တော့တစ်ဇာတ်တည်းသောပြဇာတ်မှာ ပါဝင်သရုပ်ဆောင်သူအားလုံး ရမှာကကျိန်းသေနေသည်မဟုတ်လား။

" ဟုတ်ကဲ့ပါရှင်။ 'ကိုယ့်မိန်းမကို သေအောင်မေ့၊ တစ်နေ့တွေ့မယ်'  ပြဇာတ်ရဲ့ အဓိက အမျိုးသမီးဇာတ်ဆောင်ဆုကို ခင်ခင်အေး ကရသွားပါတယ်ရှင် "

ဟေး ဟု ပရိသတ်ကြီးအော်လိုက်စဉ်မှာပင် ခင်ခင်အေးဆိုသောအမျိုးသမီးသရုပ်ဆောင်ကိုရှာသည်။ စင်ပေါ်တက်ရန် စောင့်နေကြ၏။ မတွေ့။

" ဪ-ဟိုမှာ ဟိုမှာ။ ဟဲ့-ခင်ခင်အေး။ ဘယ်သွားနေတာလဲ။ စင်ပေါ်လာလေ။ ဪ-ငါသိပြီ။ ချုံတိုးနေတာမဟုတ်လား "

ကိုကျော်သောင်းကား လူပါးမလည်။ စင်ပေါ်ကနေအော်ချင်တိုင်း အော်နေ၏။ သူ့မိုက်သံကား ကျယ်လောင်လှကာ တစ်ရွာလုံး ကြားရမည်ထင်သည်။ သည်မှာပဲ ကာလသားများ စချင်စိတ်ကပေါ်လာလေရာ ပြဇာတ်သရုပ်ဆောင် ခင်ခင်အေးမှာ ချက်ချင်း နာမည်သစ်ရလာလေသည်။

" ချုံတိုးခင်.....ချုံတိုးခင်.......ချုံတိုးခင် "

ကျွန်တော့်မှာ သူတို့ဆုပေးပွဲကို စိတ်ဝင်စားနေရင်းမှပင် ရယ်လည်းရယ်နေရ၏။ ခင်ခင်အေးသည် စင်ပေါ်ကိုရှက်ရှက်နှင့်တက်ပြီး ဆုတက်ယူသည်။ ပြီးတော့ ကျေးဇူးတင်စကားကို ပြော၏။

" သမီး အရမ်းဝမ်းသာပါတယ်။ အရမ်းဝမ်းသာလို့ ဘာပြောရမှန်းမသိတော့ပါဘူး။ အဟင့်.....အဟင့် "

ခင်ခင်အေးနှင့် ကိုအောင်ထွေး သည် အမျိုးတော်သည်ဟု ယူဆရမလားမသိ။ ယခုခင်ခင်အေးပြောစဉ်မှာ အမောဖောက်သံက ပါနေပြန်သည်။ ငိုလည်းငိုနေသေး၏။ ၀မ်းသာ၍ ငိုလေသလား၊ ချုံတိုးခင်ဟူသော နာမည်အသစ်ကြောင့် ငိုလေသလားတော့ မပြောတတ်။ ခင်ခင်အေးကား ချုံတိုးခင်ဟူသော ဘွဲ့ကို ကိုကျော်သောင်းကြောင့် ရပြီး သကာလ စင်ပေါ်မှာ သိပ်အကြာကြီးမနေတော့။ မြန်မြန်ပြန်ဆင်းလေသည်။

" ဟုတ်ကဲ့။ အခုတစ်ခါ ပြဇာတ်အတွက် အရေးကြီးဆုတစ်ဆုကို ဆက်ကြေညာပါမယ် "

ပရိသတ်ကား စိတ်ဝင်စားစွာ စောင့်နေ၏။ တစ်ခုတည်းသောပြဇာတ်မှ ဘာတွေများ ဆက်ပေးဦး မည်နည်းဟု သိချင်နေပုံပင်။ သူတို့မပြောနှင့်။ ကျွန်တော်ပင် သည်တစ်ခါကဘာဆုလဲဟု တွေးနေမိ၏။

" ပြဇာတ် ဒါရိုက်တာဆုပါခင်ဗျား။ 'ကိုယ့်မိန်းမကို သေအောင်မေ့၊ တစ်နေ့တွေ့မယ်' ပြဇာတ်ကြီးရဲ့ ပြဇာတ် ဒါရိုက်တာ လူငယ်ဒါရိုက်တာ ကိုပြည့်ဝင်း .....................ဆုယူရန်ကြွပါခင်ဗျား "

ဟေး ဟုအသံကြီးကြားပြီး ကိုပြည့်ဝင်းသည် အားမာန်အပြည့်နှင့် စင်ပေါ်ကိုတက်လာလေသည်။ ဆုယူပြီး မိုက်ကို ကိုကျော်သောင်းဆီက လှမ်းယူသည်။

" ဟုတ်ကဲ့။ ကျွန်တော်အနှစ်နှစ်အလလက ကြိုးစားခဲ့သမျှ အခုလိုရတာ ၀မ်းသာပါတယ်။ ရွာဦးကျောင်းက ဆရာတော်ပြောသလို ပြောရရင် ကိုယ်ကောင်းရင် ခေါင်းဘယ်တော့မှ မရွေ့ပါဘူး။ 'ကိုယ့်မိန်းမကို သေအောင်မေ့၊ တစ်နေ့တွေ့မယ်' ပြဇာတ်ဟာ အိမ်ထောင်ရေး ပညာပေးပါ။ ကျွန်တော့်ရဲ့ မူလတန်းပြ ဆရာပြောသလို ကကြီးကနေအအထိသေသေချာချာလေ့လာရပါမယ်။ အိမ်ထောင်ရေးဟာ အဲဒီလိုပါ။ ကျွန်တော့်ရဲ့ အထက်တန်းပြဆရာပြောသလိုပြောရရင် သက်ရောက်မှုတိုင်းမှာ တန်ပြန် သက်ရောက်မှုရှိပါတယ်။ အခုကျွန်တော့် ကြိုးစားမှု အရာထင်ပါပြီ။ အားလုံးကို ကျေးဇူးပါ "

ကိုပြည့်ဝင်းကား သူ့စကားဟုတ်တိပတ်တိမပါ။ ရှိသမျှဆရာအားလုံး၏ စကားများကိုပြောကာ ကျေးဇူးတင် သွားသည်။

" ဒီတစ်ခါ အလှည့်ကျသူကတော့ 'ကိုယ့်မိန်းမကို သေအောင်မေ့၊ တစ်နေ့တွေ့မယ်' ပြဇာတ်တစ်ခုလုံးရဲ့ အဓိက အမျိုးသားဇာတ်ဆောင်ပါ။ အဲဒီဆုကိုတော့.........."

" သာဂိ.........သာဂိ........သာဂိ "

ပရိသတ်ကား ကြိုသိနှင့်နေ၍ သာဂိနာမည်ကို ကုန်းအော်နေလေပြီ။ သာဂိကား စင်ကာပူကပေးလိုက်သော နာမည်နှင့် အောင်မြင်နေလေရာ သူ့သူငယ်ချင်းများကလည်း သာဂိ၊ သူ့ရွာသားများကလည်း သာဂိနှင့်။ အောင်မြင်နေတော့၏။

" ဟုတ်ပါတယ်ခင်ဗျာ။ သာဂိပါ။ ကိုသာဂိ ဆုယူပေးပါခင်ဗျာ "

" ဟေ့ကောင် ကျော်သောင်း။ သာဂိက ဆုလက်ခံယူရမှာ။ ဆုက မင်းတို့ကယူပြီး လူကြီးလက်ထဲထည့် ပေးရမှာ။ ငတုံးရဲ့ "

လူကြီးတစ်ဦးကား ကိုကျော်သောင်းကို ဖုနေလေရာ ဘုသာတောနေတော့၏။ ကိုကျော်သောင်းမှာ မျက်နှာငယ်လေးနှင့် ပြန်ကြည့်၏။

သာဂိကား တိုက်ပုံကို သားသားနားနား ၀တ်ကာ စင်ပေါ်တက်လာ၏။ သူ့သီချင်းခွေတုန်းက ပြဿ      နာတက်ခဲ့ဖူးသော သာဂိသည် ယခုတော့ တော်တော်လေး ငြိမ်သားကျနေ၏။ ဆုယူပြီး သာဂိကျေးဇူးတင်စကား ပြောသည်။

" ကျွန်တော် အခုလို 'ကိုယ့်မိန်းမကို သေအောင်မေ့၊ တစ်နေ့တွေ့မယ်' ပြဇာတ်မှာ အဓိကဇာတ်ဆောင်နေရာက ပါဝင်ခွင့် ရတဲ့အတွက် ပွင့်တော်မူပြီး ဖြစ်တဲ့ဘုရားအဆူဆူနဲ့တကွ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာအပေါင်းနဲ့ သံဃာအပေါင်း၊ ကျွန်တော့်ကိုမွေးဖွားပေးတဲ့ မိဘနှစ်ပါး၊ ကျွန်တော့်အမေကို ကျွန်တော်ကိုယ်ဝန်ရှိစဉ်ကတည်းက စပြီး စမ်းပေးတဲ့ ကျွန်တော်တို့ ရွှေပန်းတောရွာက လက်သည် ဒေါ်စိန်ကြည် "

" ဟေ့ကောင် သာဂိ။ ငါ့အမေ ဒေါ်စိန်ကြည်ဆုံးတာကြာပဟ။ ငါပဲ ရှိတော့တယ် "

" ဪ-အေး........အေး။ ဒေါ်စိန်ကြည်ရဲ့ သား။ ငပွ။ ပြီးတော့ ကျွန်တော့်အနှီးကို ကူလျှော်ပေးခဲ့ကြတဲ့ ရွာက အမျိုးအားလုံး၊ ငယ်ငယ်ကတည်းက ထိန်းကျောင်းပေးလာတဲ့ အဒေါ်များ၊ ရွာဦးကျောင်းက ဆရာတော်ဘုရား၊ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းက ဆရာများ "

" ဟေ့ကောင် သာဂိ။ အပိုတွေ မလုပ်နဲ့။ မင်းပြဇာတ်ကတာဆုရတာ မင်းကျောင်းက ဆရာတွေနဲ့ ဆိုင်လို့လား။ မင်းလည်း အပြန် ထန်းရည်လာသောက် "

" ဟား.......ဟား "

ကိုကျော်သောင်း နှင့် ကိုအောင်ထွေးကို ထန်းရည်ခေါ်တိုက်နေသော လူကြီးပင် ထအော်လေရာ ရွာကကာလသားတို့မှာ ပွဲကျလေ၏။ သာဂိကား အပြုံး မပျက်။ အရင်က အထိုးအကြိတ်ပင် ခံထားရလေရာ ထိုမျှကတော့ အပျော့ဟု ဆိုလေမည်လား မသိ။

" ကျွန်တော်ညှော်မိပြီး အနာရင်းတုန်းက အိမ်ကရှိသမျှဆေးနဲ့ ဆေးရွက်တွေရှာပြီး လာကုပေးတဲ့ အဘွားလေး ဒေါ်တင်ကြည်။ ကျွန်တော်ဖေ့စ်ဘွတ်မှာ ဓာတ်ပုံတင်ဖို့ အရိုက်ခံနေတုန်း ခွေးလိုက်ဆွဲတုန်းက ၀င်ကယ်ပေးတဲ့ ကျွန်တော့်ညီဝမ်းကွဲ ကောက်ရိုး၊ ကျွန်တော်နဲ့ ဆိုးဖော်ဆိုးဖက်၊ တေဖော်တေဖက် ရွာကကာလသားများ "

" ဟေး "

" ကျွန်တော့်ရဲ့ အနွံအတာကို ခံခဲ့တဲ့........."

သာဂိက စကားကို ခဏနားသည်။ ကျွန်တော်ပင် သာဂိတောင် ရည်းစားတွေ၊ ဘာတွေရပြီပဲဟု တွေးနေခိုက် သာဂိပြောတာ ကြည့်ပါဦး။

" ရွာက နွားနှစ်ရှဉ်း။ သူတို့က ကျွန်တော်ဆဲဆဲ၊ ရိုက်ရိုက်ခံတယ်ဗျ။ "

" ဟေး "

" ပြီးတော့ ရွာက လူကြီးမင်းများ "

" သာဂိ။ မင်းက နွားတွေကို ကျေးဇူးတင်ပြီး ငါတို့ကို ကျေးဇူးတင်တယ်။ မင်းကတော့လေ။
လုပ်ချ လိုက်ပြန်ပြီ "

အားလုံးရယ်ကြပြန်သည်။ သာဂိကား ပြုံးနေပြန်၏။

" ပြီးတော့ စင်ကာပူက ကျွန်တော့်သူငယ်ချင်းများနဲ့ ကျွန်တော့်ကိုညီအရင်းလို ဆုံးမတတ်တဲ့ အစ်ကိုတစ်ယောက်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျန်ခဲ့ရင် ခွင့်လွှတ်ပါ "

" ဟေး "

သာဂိကား အပေါင်းအသင်းများရကား သူ့ကျေးဇူးတင်စကားမှာ တဟေးဟေးနှင့် ပွဲကျနေတော့သည်။ သာဂိကား ပြောပြီး စင်ပေါ်မှ ဆင်းပြေးလေသည်။

" ဟုတ်ကဲ့။ အခု ဆုပေးပွဲ အပြီးမှာ ဖျော်ဖြေရေး ရှိပါသေးတယ်။ မပြန်ပါနဲ့ဦး ခင်ဗျာ "

" ဟေ့ကောင် ကျော်သောင်း။ တော်တော် ဟိုဟာရှည်တဲ့ကောင်။ ငါတို့က ပြဇာတ်ကြည့်ဖို့လာတာ။ မင်းတို့ ဆုပေးပြီး ပြီးပြီ။ ကျေးဇူးတင်စကားတောင် မလွှဲသာလို့ နားထောင်နေတာ။ ငါဟိုအမောဖောက်နေတဲ့ ကောင်တွေကို ထန်းရည်တိုက် ဂုဏ်ပြု လိုက်ဦးမယ်။ မကြည့်တော့ဘူး "

" ကျွန်တော်တို့ ကောက်စိုက်အက၊ ဒန့်သလွန်သီး အကတို့၊ ပန်းဦးဆွတ်ခြွေ လမိုက်ကြွေ အကတို့ ကမှာ အဘ။ အားပေးပါဦး "

" မင်းနဲ့ ခင်မှုန်ပဲ ကြည့်ကျန်ခဲ့တော့ဟေ့။ သွားပြီ "

အားလုံးကား ရုတ်ရုတ်၊ ရုတ်ရုတ်နှင့် ထပြန်လေသောအခါ ကိုကျော်သောင်းနှင့် ခင်မှုန်မှာ ဘာလုပ်ရမှန်းမသိဘဲ ပွဲကို သိမ်းရလေတော့၏။ ထိုအချိန်မှာပဲ အသံတစ်သံက ပေါ်လာပြန်လေသည်။

" ဟေ့ကောင် သာဂိ။ ယီးတဲ့မှပဲ။ မင်းရတဲ့ဆုက ငါရရမှာကွ။ ဟဲ......ဟဲ "

သာဂိ သူငယ်ချင်း ဖြစ်ဟန်တူသော လူတစ်ယောက်က သာဂိကို လှမ်းဆဲပြီး ပုခုံးလှမ်းဖက်နေသည်။ ဗွီဒီယို ရိုက်နေသည်ကို မသိဘူးထင်၏။

နောက်ဆုံးပွဲသိမ်းမှာ ရွှေမန်းတင်မောင်၏ အောင်ပါစေ ကို ဟွန်းကြီးနှင့်ဖွင့်ကာ သိမ်း၏။ ကောင်းလေစွ။

ကျွန်တော်ကား သာဂိတို့ရွှေပန်းတောရွာက ကပြသော 'ကိုယ့်မိန်းမကို သေအောင်မေ့၊ တစ်နေ့တွေ့မယ်' ပြဇာတ်ကို ကြည့်ကာ ရယ်မောပြုံးရွှင်လျှက် စိတ်လက်ပေါ့ပါးသွားလေရာ ဗွီစီဒီကိုထုတ်ကာ တစိမ့်စိမ့်ပြန်တွေးနေမိသေးတော့သည်။              ။


သားလတ်
၂၁း၂၇ နာရီ ( စင်ကာပူစံတော်ချိန် )
၁.၁.၂၀၁၅
Photo Reference: art.phillipmartin.info

Related Posts Plugin for WordPress, Blogger...