Sunday, July 29, 2012

" Facebook ကြီးက ဟောသောတရားများ "

ကျွန်တော် Facebook စသုံးတာ မကြာသေးပါဘူး။ ၂၀၁၀ ခုနှစ်မှာ စပြီး ၀င်ဖြစ်ခဲ့ပေမယ့် တကယ်သုံးဖြစ်တာက ၂၀၁၁ ရောက်မှပါ။ စသုံးတော့ ဘာတွေခံစားရလဲဆိုတော့ ကျွန်တော့်ရဲ့ မတွေ့တာကြာနေတဲ့ သူငယ်ချင်းတွေကို ပြန်တွေ့ရတာ ပျော်ပါတယ်။ တစ်ယောက်ချင်းစီ လိုက်ရှာပြီး ကျွန်တော့်စာမျက်နှာမှာ ပြန်ပြီး စလိုက်နောက်လိုက်နဲ့ နေခဲ့ကြပါတယ်။

နောက်တော့ Facebook ထဲမှာ သူတို့ရှယ်တဲ့ သတင်းအစအနတွေ လိုက်ဖတ်ရင်း အဲဒါလေးတွေလည်း ကြိုက်မိပါတယ်။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲ သိပ်သဘောမတွေ့တာတွေလည်း Facebook မှာ ရှိလာပါတယ်။ ခက်တာက ကိုယ်က ခင်လို့ ဖိတ်ထားပြီးမှ ကိုယ်ခင်တဲ့သူကြောင့် ကိုယ့်စာမျက်နှာမှာ ပေါက် ကရတွေ တွေ့ရတဲ့ အခါ ကိုယ့်ကိုယ်ကိုသာ အပြစ်ဖို့နေရတော့တာပါပဲ။

တချို့လူတွေကို ကျွန်တော်သိပ်နားမလည်ပါဘူး။ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို တစ်ရာ ရာခိုင်နှုန်း ပြည့်ဝသူ မဟုတ်ဘူးဆိုတာတော့ သိပြီးသားပါ။ ဒါပေမဲ့ သူတို့တင်ထားတာတွေ ကြည့်ပြီး ကျွန်တော့် စိတ်နဲ့မတည့်လို့ ထင်ပါရဲ့။ ကြိတ်မှိတ် သည်းခံပြီးသာ နေရပါတော့တယ်။ Facebook က ကျွန်တော့်ကို သည်းခံခြင်းတရားတွေ ပိုမို ရင့်ကျက်လာဖို့ သင်ပေးခဲ့သလိုပါ။

ဒါပေမဲ့ တစ်ခါတလေမှာ ကျွန်တော်တွေးမိပါတယ်။ ကျွန်တော်တစ်ယောက်တည်းများ အဲဒီလို ခံစားနေရ တာလား။ တခြားသူတွေရဲ့ သဘောထားကရော ဘယ်လိုရှိနေမလဲလို့ ကျွန်တော်သိချင်ပါတယ်။ ကျွန်တော် သိပ်သိချင်တဲ့ အဖြေပါ။ တစ်ပြိုင်တည်းမှာပဲ ကျွန်တော့်မှာ ရှိတဲ့ အနုပညာ ဓာတ်အခံက ကျွန်တော့်ကို တွန်းလွှတ်ပါတယ်။ ဒါကတော့ ဒီလို ပြောသင့်ပြီဆိုပြီး တွန်းအားပေးလာပါတယ်။ အဲဒီမှာပဲ Facebook နဲ့ ပတ်သက်လို့ ကျွန်တော့်ရင်ထဲက ပြောချင်တာတွေကို ဇာတ်ကောင် တစ်ကောင် ဖန်တီးပြီး ပြောခဲ့ ပါတော့တယ်။ အဲဒီ ဇာတ်ကောင်ရဲ့ နာမည်က ' သာဂိ ' ပါ။ သူနဲ့ပတ်သက်ပြီး Facebook မှာ ဖြစ်နေတာတွေကို ကျွန်တော်ပြောခဲ့တာတွေက " ကျွန်တော်နှင့် အင်တာနက်အလန်းများ " ဆိုပြီး စခဲ့ပါတယ်။

နောက်တော့ အဲဒီလို ပြောနေရင်းကနေ ထပ်ပြောစရာတွေ ရလာပြန်ပါတယ်။ အဲဒါကို "ကျွန်တော်နှင့် အင်တာနက်အလန်းများ" (၂) ဆိုပြီး ထပ်တင်ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ကျွန်တော့်မှာ အရင်တုန်းက (၁) တွေ၊ (၂) တွေ ရေးဖို့ အစီအစဉ်မရှိလို့စရေးကတည်းက (၁) တောင် မတပ်ခဲ့ပါဘူး။ ဒါပေမဲ့ တစ်နေ့တခြား ပြောစရာတွေ များလာတဲ့အခါ မနေနိုင်တော့ပါဘူး။

ဘာတွေများ ပြောနေကြလို့လဲ။ ဒီ Facebook ကြီးထဲမှာ လူတွေက သူတို့အကြောင်းကို မမေးဘဲ ပြောတယ်။ ဘယ်နေရာမှာ ဘာလုပ်နေတယ်။ ဘယ်နေရာမှာ ဘယ်သူနဲ့ ရှိနေတယ်။ ဘယ်နေရာမှာ ဘာစားနေတယ်။ ဘယ်နေ့မှာ ဘာလုပ်ကြမယ်။ စုံနေတာပဲ။ တကယ်တော့ Facebook ရဲ့ ဖန်တီးသူက သူနဲ့သူ့သူငယ်ချင်းတွေ ဒီစာမျက်နှာပေါ်မှာ အတူရှိနေဖို့ အတွက် စဖန်တီးခဲ့တာလို့ ကျွန်တော်မှတ်သားဖူးပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ သုံးတဲ့ ကျွန်တော်တို့က ကြိုက်လွန်းလို့ သူ့လိုမဟုတ်ဘဲ သူ့ထက်ကျယ်ပြန့်စွာ သုံးလို့ရပါတယ်။ သုံးသူရဲ့ လွတ်လပ်ခွင့်ကိုး။ ဒါပေမဲ့ အကျိုးသင့် အကြောင်းသင့် ဖြစ်ဖို့ကျတော့ ကိုယ့်ကိုယ်ကို ဘယ်လောက်များ ထိန်းချုပ်နိုင်သလဲ ဆိုတာမျိုးမှာ မူတည်နေမယ် ထင်ပါတယ်။

သုံးတဲ့သူက သတင်းရှာဖတ်နေတာလား။ သူငယ်ချင်းတွေ အတွက် ဗဟုသုတ မျှဝေနေတာလား။ ကျွန်တော့်စိတ်အထင် အမှန်အတိုင်း သုံးသပ်ရရင် Facebook သုံးသူတော်တော်များများဟာ ကိုယ့်ကိုယ်ကို နာမည်ကြီးချင်၊ ထင်ပေါ်ကျော်ကြားအောင် လုပ်ချင်သူများတယ်လို့ ထင်ပါတယ်။ အရင်ဦးဆုံးက ကိုယ့်နာမည်ကို လူတော်တော်များများ သိစေချင်ပါတယ်။ အဲဒီမှာ ကိုယ်တိုင်သတိမထားမိတဲ့ အကြောင်းအရာ၊ အမှားအယွင်းတွေ တော်တော်များများ တက်လာတာကို ဒီဘက်ခေတ်မှာ သေသေ ချာချာ မြင်နိုင်ပါတယ်။

တချို့က လာသမျှလူ အကုန်လက်ခံပါတယ်။ မြင်ဖူးတာ၊ မမြင်ဖူးတာ၊ သိတာ၊ မသိတာ မစဉ်းစားဘူး။ ကိုယ့်ကို လာပြီး Add တာနဲ့ကို အားပါးတရ လက်ခံပါတယ်။ သူ့ကို လူသိစေချင်တာကိုး။ ပြီးတော့ ကိုယ့်မှာ လက်ခံမိတ်ဖွဲ့ထားတဲ့ သူငယ်ချင်း ဘယ်နှစ်ယောက် ရှိပြီဆိုပြီး ဂုဏ်ယူတတ်ပါတယ်။ ကျွန်တော့်အမြင်အရ သူငယ်ချင်း ဘယ်နှစ်ယောက်ရှိလဲက အရေးမကြီးပါဘူး။ သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်း ဘယ်နှစ်ယောက်ရှိလဲ ဆိုတာကသာ အရေးအကြီးဆုံးပါ။

ဒါနဲ့ပတ်သက်လို့ အခုတလော တချို့အွန်လိုင်းမှာ၊ Facebookမှာ ဓာတ်ပုံတွေ တင်ချင်တိုင်းတင်ပြီး လူတကာကို မြင်အောင်ပြနေသူတွေထဲက တချို့ရဲ့ပုံတွေကို လူမဆန်တဲ့လူတချို့က အဲဒီ Facebook ကပုံတွေယူပြီး နှမသားချင်းမစာမနာ ပေါက်ကရ ခေါင်းစဉ်တွေ တပ်ပြီး လုပ်ချင်တိုင်း လုပ်နေတာကို တွေ့လာရပါတယ်။ လုပ်တဲ့သူက အပြစ်ဆိုရင် ကိုယ့်အကြောင်းတွေ အားလုံး သူများသိအောင် တင်နေသူတွေမှာလည်း အားနည်းချက်ရှိပါတယ်လို့ ကျွန်တော်မြင်ပါတယ်။

ကိုယ်နဲ့ခင်သူတွေ သိရင်တော်ပြီပေါ့ဗျာ။ ဘာလို့ လောဘတွေ ကြီးနေတာလဲဆိုတာ ကျွန်တော် စဉ်းစားလို့ကို မရပါဘူး။ နာမည်ကြီးချင်တာလား။ ထင်ပေါ်ချင်တာလား။ နောက်ဆုံးတော့ ကိုယ်ပဲထိတာပါပဲ။ သေသေချာချာ စဉ်းစားကြည့်ရင် Facebook မှာ ဓာတ်ပုံတွေ တင်နေတာ ကိုယ့်ပုံတွေကို ကိုယ့်မိသားစုဝင်တွေတောင် အားလုံး သေသေချာချာ ကြည့်ပြီးပါရဲ့လား ဆိုတာ ပြန် စဉ်းစားကြည့်ပါဦး။ သွေးရင်းသားရင်းတွေတောင် အဲဒီလို မကြည့်ရ၊ မမြင်ရသေးဘဲ တစ်ကမ္ဘာ လုံးက မြင်အောင်တင်နေတာ ကိုယ့်အတွက် ကောင်းကျိုးထက် ဆိုးကျိုးတွေသာ ဖြစ်လာဖို့ပဲ ရှိမှာပါပဲ။ ဒါကြောင့် ဓာတ်ပုံတွေကို ကိုယ့်သူငယ်ချင်းတွေသာ မြင်ရုံ မျှဝေ သင့်တယ်လို့ ကျွန်တော်တော့ ထင်ပါတယ်။

ကျွန်တော် ဗွီဒီယိုဖိုင်လ် အတိုလေး တစ်ကားကြည့်ဖူးပါတယ်။ ကောင်မလေးတစ်ယောက် သူသွားတဲ့နေရာ တိုင်းမှာ သူ့ကိုလူတွေက နာမည်ပါသိပြီး နှုတ်ဆက်ကြပါတယ်။ သူတော်တော်လေး အံ့ဩပြီး နောက်ဆုံး စိတ်ဓာတ်ကျ ခံစားသွားရတာကိုပြထားတာပါ။ သူက Facebook သုံးတာကိုး။ သုံးတာက သုံးပါ။ တစ်ကမ္ဘာလုံး သိစရာမှမလိုတာဗျာ။ လူဆိုတာ နာမည်ကြီးလာရင် နာမည်ကြီးလာတာနဲ့အမျှ ဘယ်လောက်ဒုက္ခခံရလဲ ဆိုတာ သိမှမသိကြဘဲကိုး။ Celebrity တွေ သွားအထင်ကြီးပြီး သူတို့လို သွားလုပ်လို့ကတော့ ဟိုမရောက် ဒီမရောက် မျောက်သစ်ကိုင်းလွတ်တာထက်တောင် ဆိုးလိမ့်ဦးမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါက Facebook ကနေ ကိုယ်နာမည်ကြီးအောင် လုပ်ရင်း ပြန်ထိတတ်တယ်လို့ ကျွန်တော့်ကို သင်ပေးတာပါ။

နောက်တစ်ခုက Facebook မှာ တင်တဲ့ Status တွေပါ။ ကိုယ့်စိတ်ထဲခံစားလို့ ရတဲ့အတိုင်း တင်လို့ရတော့ ကောင်းပါတယ်။ စိတ်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကို မျှဝေလို့ ရတာပေါ့။ ဒါပေမဲ့ အားလုံးသိကြတဲ့ အတိုင်း လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတော့ အားလုံးဟာ ထိန်းချုပ်မှု အလျဉ်း ကင်းမဲ့လို့ ရေးချင်တာ ရေးကြပါတော့တယ်။

လူမျိုးမရွေး၊ ဘာသာမရွေး သုံးနေကြတဲ့အခါ အားလုံးဟာ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာကို နည်းနည်းမှကို ထိခိုက်မခံနိုင်အောင်ဘဲ ရေးကြ၊ လက်တုန့်ပြန်ကြနဲ့ Facebook ဟာ အသုံးပြုသူအားလုံးရဲ့ အသုံးချခံ လက်နက်တစ်မျိုး ဖြစ်သွားခဲ့ပါတော့တယ်။

ဒီနေရာမှာ ကျွန်တော့်သဘောထားကတော့ ရှင်းပါတယ်။ ကျွန်တော်က ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ။ ကျွန်တော် သူများဘာသာကို မစော်ကားပါဘူး။ ဒါကြောင့် ကျွန်တော့်စာမျက်နှာမှာ ကျွန်တော့်ကို တိုက်ရိုက်ပြောသလိုနဲ့ ဘာသာကို စော်ကားလာရင်တော့ ကျွန်တော်ခံမှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ ကျွန်တော့်လို Facebook သုံးနေသူတွေလည်း တခြားဘာသာကို မစော်ကားသင့်ဘူးလို့ ကျွန်တော်မြင်ပါတယ်။ လူတိုင်းကတော့ ကိုယ့်သာသာ၊ ကိုယ့်လူမျိုး ကောင်းတယ်ထင်တဲ့ သူချည်းပါပဲ။ အပြန်အလှန်လေးစားမှု ဆိုတာ လူတိုင်းမှာ ရှိရင် အကောင်းဆုံးပေါ့ဗျာ။

တစ်ခါတစ်ခါ ပြင်ပက ကိစ္စတွေပေါ် မူတည်ပြီး Facebook ရဲ့ စာမျက်နှာထက်မှာ ထချကြပါတယ်။ မှတ်ချက်တွေထဲမှာ အယုတ္တ၊ အနတ္တတွေ စီနေအောင် ရေးပါတယ်။ တော်တော်လေး အကျည်းတန်ပါတယ်။ အဲဒီအခါ Facebook ကြီးကို ကျွန်တော်စိတ်ပျက်မိပြန်ပါရော။ အပြင်မှာတောင် မဆဲရဲတာတွေကို ပညာတတ်တွေရော၊ မတတ်တာတွေရော ဆဲနေကြတာ အားရပါးရမို့ ကျွန်တော်လည်း " ကျွန်တော်နှင့် အင်တာနက် အလန်းများ " (၃) [သို့မဟုတ်] "သာဂိပြောသော Fuck You" ဆိုတဲ့ စာကို ကျွန်တော့်ရဲ့ ဇာတ်ကောင် သာဂိနဲ့ တင်လွှတ်လိုက်ပါတော့တယ်။

မယုံမရှိပါနဲ့။ တချို့မိန်းကလေးတွေက ကျွန်တော်တို့ ယောကျာ်းလေးများ သုံးတဲ့စကား ထက် တော်တော်လေး ကြမ်းတာမျိုးကို မှတ်ချက်ထဲမှာ အားပါးတရ ရေးနေကြတာ ကျွန်တော်တွေ့ ဖူးပါတယ်။ မသိခင်ကတော့ ကောင်းတိကောင်းရဲ့နဲ့။ အကြောင်းတကယ်သိလာတော့ ကျွန်တော်တို့က ရှက်ပေမယ့် သူတို့က မရှက်သူတွေလည်း ရှိပါသေးတယ်။ ဒါကိုလည်း ကျွန်တော်ကတော့ မသိမသာ ခွာထုတ်ပါတယ်။ ကျွန်တော့်ဇနီးကိုလည်း အဲဒီလိုလူတွေ ရှိလာရင် ဘာမျှ စဉ်းစားမနေနဲ့၊ Unfriend သာ လုပ်ပစ်ပါလို့ မှာထားပါတယ်။ သူတို့ကြောင့် Mutual Friend ဆိုပြီး တစ်ဖက်မှာ သွားပေါ်နိုင်တဲ့ ကျွန်တော်တို့ပါ သိက္ခာကျတော့မှာကိုး။ တကယ်ကို ပြောသင့်၊ မပြောသင့်၊ ရေးသင့်၊ မရေးသင့်တာတွေကို ရေးတာပါဗျာ။ လင်မယား သုံးတဲ့အသုံးတို့၊ သမီးရည်းစား သုံးတာတို့ကို Facebook မှာ ပေါ်တင်ကြီးတွေ ချပြနေတာ။ ချစ်စရာကောင်းတဲ့ စကားလုံးတွေဆိုတော်သေးတာပေါ့။ သူတို့သုံးတာ ကျွန်တော်တို့ ယောကျာ်းလေး အချင်းချင်းတောင် လူရှေ့သူရှေ့ မပြောရဲတာမျိုးကို တည့်တွေချည်း Facebook မှာ လွှတ်နေတော့တာ။ နောက်ဆုံး ကိုယ်က အစဖြတ်မှပဲ အေးသွားပါလေရော။ အဲဒါမျိုးတွေလည်း Facebook ကြီးက ပြောပြတတ်ပါသေးတယ်။

ကျွန်တော်ရှေ့မှာ ပြောခဲ့ပါတယ်။ ကျွန်တော့်လို Facebook သုံးနေသူတွေကရော ဘယ်လိုခံစားနေရလဲ ဆိုတာကို သိချင်ပါတယ်လို့။ ကျွန်တော်တစ်ယောက်တည်း ဖြစ်တည်နေတဲ့ ခံစားမှုမျိုး မဟုတ်ဘူးဆိုတာကိုတော့ သာဂိရဲ့ ဇာတ်လမ်းတွဲတွေက ကျွန်တော့်ရဲ့ ပေါ်ပြူလာအဖြစ်ဆုံး ပို့စ်တွေထဲမှာ ပါလာခဲ့တာက သက်သေဖြစ်လို့လာပါတော့တယ်။ ဆိုလိုတာက ကျန်တဲ့သူတွေမှာလည်း တူညီတဲ့ အမြင်တွေ ရှိနေတယ်ဆိုတာကို ဒီပို့စ်ကို လာဖတ်တဲ့သူတွေရဲ့ အမြင်ကို ကြည့်ပြီး ကျွန်တော်သိနိုင်ခဲ့ပါတယ်။ ဒါလည်း Facebook ကြီးကနေ ကျွန်တော့်ကို အမှန်တရား အတွက် ဟောခဲ့တဲ့တရားတွေလို့တောင် ဆိုနိုင်ပါသေးတယ်။

နောက်တစ်ခုက Facebook မှာ ကိုယ်သာ တော်တယ်၊ တတ်တယ် လို့ အထင်ရောက်ပြီး သူများအတွေး၊ သူများကဗျာ၊ သူများစာတွေကို ခိုးကူးပြီး ခပ်တည်တည်နဲ့ ကိုယ့်စာ၊ ကိုယ့်အတွေးလုပ် သူတွေကို တွေ့ရတာပါပဲ။ သူများစာယူသုံးတယ်။ ခပ်တည်တည်နဲ့ ဘာအညွှန်းမှ မပါဘူး။ ကိုယ့်စာလိုလို လုပ်ထားတယ်။ ကျွန်တော့်ကဗျာ တစ်ပုဒ်ကို Facebook သုံးတဲ့ လူတစ်ယောက်က သူ့ရဲ့ Status မှာ တင်ထားတယ်။ သူက သူ့အတွေးလို လုပ်တင်ထားတာ။ Like ထားတာ တစ်ပုံကြီးပဲ။ ပြီးတော့ ကျွန်တော့်ကဗျာတစ်ပုဒ်ကို တခြား တစ်ယောက်က ရေးသူ မသိလို့ပါ ဆိုပြီး ခပ်တည်တည်နဲ့ Facebook မှာ တင်ထားပြန်တယ်။ တော်တော် များများ Like ထားပြန်ပါတယ်။ ဒါနဲ့ ကျွန်တော့်ဇနီးက တွေ့ပြီး ကျွန်တော်က မှတ်ချက်မှာ ၀င်ရေး ရပါတော့တယ်။ ကျွန်တော့်ဇနီးက ပြန်ပြီး ရှယ်ရပါတော့တယ်။ အဓိကက ကျွန်တော်က ဘလော့မှာသာ စာတင်ပြီး Facebook ရဲ့ Notes မှာ ပြန်မတင်ဖြစ်တာပါ။

ဒီတော့ ကျွန်တော်လည်း စဉ်းစားပါတယ်။ လူတွေရဲ့ အကျင့်တွေက တော်တော်လေး နိမ့်ကျလာပါလားလို့။ Facebook ထဲမှာ လူမမြင်ရဘူးဆိုပြီး စာခိုးပါတယ်။ အတွေးအခေါ်တွေ ခိုးပါတယ်။ မူလပိုင်ရှင်ဆိုသူတွေကို အလေးမထားပါဘူး။ Like ဆိုတာတွေကို ဘယ်လောက်လိုချင်သလဲတော့ မသိဘူး။ ကိုယ်နာမည်ကြီးဖို့ တစ်ခုတည်းနဲ့ သူများရဲ့ အနုပညာပစ္စည်းကို ခိုးယူကြပါတော့တယ်။ သူတို့မျက်နှာတွေတော့ သူတို့ရဲ့ စာမျက်နှာတွေမှာ ရှိမနေပါဘူး။ ကိုယ့်အကြောင်း ကိုယ်သိလို့နေပါလိမ့်မယ်။

ကျွန်တော်ကတော့ ဓာတ်ပုံမပါဘဲ လာ Add ရင် ဘယ်တော့မှ လက်မခံပါဘူး။ သူ့ဘာသာ ဘာကြီးဖြစ်နေနေပါ။ ဓာတ်ပုံပါခဲ့ရင်ရောလို့ ဆိုခဲ့ရင်လည်း လက်ခံချင်မှ လက်ခံပါမယ်။ ကျွန်တော့်ဘက်က လက်ခံနိုင်လောက်တဲ့ ယုံကြည်မှုမျိုး ရှိမနေရင် ဘယ်သူမျှ လက်မခံပါဘူး။ ဒါက ကျွန်တော့်ရဲ့ လွတ်လပ်ခွင့် ဖြစ်ပြီး ကျွန်တော့်ဘာသာ ချထားတဲ့ စည်းပါ။ ကျွန်တော်က သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းပဲ လိုတာပါ။ မလိုအပ်ဘဲ ကျွန်တော့်ရဲ့ Facebook ထဲမှာ လူများနေပြီး အဲဒီလူတွေ မကောင်းတာမျိုး ကျွန်တော်မလိုလားလို့ပါဘဲ။

ပြီးတော့ ရှယ်( Share )တဲ့ကိစ္စပါ။ ကောင်းပါတယ်။ ရှယ်ပါ။ မရှယ်နဲ့လို့ မဆိုလိုပါဘူး။ ကိုယ့်လွတ်လပ်ခွင့်နဲ့ ကိုယ်ကိုး။ ဒါပေမဲ့ပေါ့ဗျာ။ လည်ပင်းကို ကြိုးစွပ်ပြီး သူ့ဘာသာ ဆွဲကြိုးချသေတာတို့၊ မြင်မကောင်း ရှုမကောင်းသေနေတာတို့ ဆိုတာတွေဟာ ရှယ်သင့်တဲ့ အရာတွေလား ဆိုတာ ကျွန်တော် စဉ်းစားကြည့်မိ ပါတယ်။ အဲဒါတွေက ဘာပညာမှ မပေးပါဘူး။ ဘာအမျိုးသားရေးမှလည်း မဟုတ်ပါဘူး။ အများအကျိုးဆောင်ရင်း သေသွားတာကို ရှယ်တာနဲ့ သူ့ဘာသာ ဆွဲကြိုးချသေတာကို ရှယ်တာက တော်တော်လေး အဓိပ္ပါယ်ကွာပါတယ်။ နေရင်းထိုင်ရင်း အဲဒီပုံတွေတင်မိခါမှ နှလုံးရောဂါ ရှိသူတွေ ကြည့်မိရင် ဒုက္ခဖြစ်နိုင်ပါတယ်။ ဒီတော့ Facebook ကြီးကို ကြည့်ကြည့်ပြီး ကျွန်တော်လည်း ရှယ်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို သေသေချာချာ ဆင်ခြင်နေမိပါတယ်။

နောက်တစ်ခုကတော့ နိုင်ငံရေးတွေ ဆွေးနွေးကြ၊ ပြောကြ၊ ဆိုကြနဲ့။ ကောင်းပါတယ်။ မကောင်းတာက သူ့ဘက် ကိုယ့်ဘက် ကြိုက်တာ၊ မကြိုက်တာ ပြောကြရင်း ထဆဲကြတာပါ။ နောက်တော့လည်း သူကသာတယ်၊ ငါကသာတယ်နဲ့။ နောက်ဆုံး ပုံတွေကအစ လုပ်ကြံဖန်တီးထားတာတွေတင်၊ အထင်တွေနဲ့ ရမ်းတုတ်ကြနဲ့။ အားလုံးဟာ နိုင်ငံရေးအတွက် ငြင်းခုံနေလိုက်ကြတာ။ နောက်ဆုံး Facebook ကြီးကို ကြည့်ပြီး ကျွန်တော်တရားတွေ ရနေပါတယ်။

တစ်ဖက်မှာ အဆိုးတွေပြနေသလို တစ်ဖက်မှာ Facebook ကြီးက အကောင်းတွေကိုလည်း တစ်ပြိုင်တည်း ပြနေပါတယ်။ သူငယ်ချင်းတွေရဲ့ မိသားစုတွေ ပျော်မြူးနေတာ၊ ဘယ်နေရာမှာဖြင့် ဘယ်အလှူ၊ ဘယ်နေရာမှာဖြင့် ဘယ်တရားပွဲ၊ ဘယ်စာပေဟောပြောပွဲ၊ ဒါတွေ တွေ့ရတာကလည်း Facebook ကြီးကနေ ကောင်းတာတွေ ရလိုက်တာပါပဲ။ ကျွန်တော်နဲ့ ငယ်သူငယ်ချင်းတွေဆို မဆုံတာတော်တော် ကြာခဲ့ပြီးမှ Facebook ကြီးထဲမှာ စာမျက်နှာ တစ်ခုဖွင့်ပြီး အချိန်တော်တော်များများ ဆုံခဲ့ကြပါတယ်။ အလုပ်၊ ဘ၀ ဆုံနေအောင် ဆွေးနွေးကြနဲ့။ Facebook ကြီးမှာ အဲဒီလို လွတ်လပ်စွာ ပျော်ပါးရတာတွေလည်း ရှိပါတယ်။

ကျွန်တော်တို့က လူမှုကွန်ယက်တစ်ခုကို သုံးတာ မကောင်းတာတွေချည်း ရှာဖွေ ဖော်ထုတ်ပြီးမှ သုံးမလား၊ ကောင်းတာလေးတွေ မျှဝေခံစားရင်း သုံးမလားဆိုတာကတော့ တစ်ဦးချင်းစီရဲ့ ခံယူချက်ပေါ်မှာ မူတည်ပါတယ်။ ဒီ Facebook ဆိုတာ လောလောဆယ်မှာ လူတွေရဲ့ ဖျော်ဖြေရေး အဆင့် တစ်ခုကို ရောက်နေသလို မီဒီယာတစ်ခုလို အားကောင်းနေပါတယ်။

ဒါပေမဲ့ တလွဲသုံးကြသူတွေလို့ ကျွန်တော်ထင်မြင်မိတဲ့သူတွေကြောင့် တစ်ခါတစ်ခါများဆို Facebook ကြီးကို ကျွန်တော် Refresh လုပ်ပစ်ချင်စိတ်တောင် ပေါက်မိပါတယ်။ မတတ်နိုင်ဘူးပေါ့ဗျာ။ လူအများသုံးတဲ့ ကွန်ယက်ဆိုကတည်းက ကောင်းတာရော၊ ဆိုးတာရော ပါလာမှာ မလွဲဘူးလို့ ကျွန်တော်နားလည်ထားပါတယ်။ နည်းပညာတွေ မြင့်လာတဲ့ ခေတ်ကြီးထဲမှာ အတွေးအခေါ် အဆင့်အတန်းတွေ နိမ့်ကျလာတဲ့ လူတချို့ကြောင့် ဒီ Facebook ကြီးလည်း တစ်ခါတစ်ခါ ဆို တော်တော်လေးကို ကျက်သရေ မရှိသလောက်ကို တန်ဖိုးမဲ့နေပါပြီ။

အဲဒီကြားထဲကပဲ သတင်းအသစ်လေးတွေ၊ ရယ်စရာလေးတွေ၊ ကောင်းတဲ့မျှဝေတာတွေ ရဖို့နဲ့ သူငယ်ချင်းကောင်းလေးတွေနဲ့ အမြဲထိတွေ့နေချင်တဲ့ လူတွေကတော့ Facebook ကြီးကိုပဲ ဆက်ပြီး တွယ်ဖက်နေရတာပါပဲ။

ကျွန်တော့်အတွက်ကတော့ အပြင်က ဘုန်းကြီးတွေ ဟောတဲ့ တရားတွေ သွားမနာနိုင်ပေမယ့် Facebook ကြီးကို ကြည့်ကြည့်ပြီး Facebook ကြီးက ဟောတဲ့တရားတွေတော့ တော်တော်လေး နာယူမှတ်သားမိနေတယ်လို့သာ ဆိုပါရစေတော့ ခင်ဗျား။ ။

ဆူးသစ်
၂၀း၃၉ နာရီ
၂၉.၇.၂၀၁၂



Sunday, July 22, 2012

" ပျော်ပျော်ပါးပါး အသက်ကယ်မယ် "


ကျွန်တော်တို့အလုပ်ထဲမှာ ပြီးခဲ့တဲ့တစ်ပတ်၊ နှစ်ပတ်လောက်က First Aider Course(ရှေးဦးသူနာပြုသင်တန်း) လုပ်တော့ ကျွန်တော့်ကို သွားတက်ဖို့ ကုမ္ပဏီက လွှတ်ပါတယ်။ တကယ်တော့ ကျွန်တော်က ပထမတစ်ကြိမ် လုပ်တုန်းက သွားတက်ဖို့ မအားတာနဲ့ မတက်ဖြစ်တာပါ။ ဒီတစ်ခါတော့ မရ ရအောင်တက်မယ်လို့ စိတ်ပိုင်းဖြတ်ပြီး အခု ဒုတိယ အကြိမ်လည်း ကျရော အကြောင်းကလည်း စုံနေတာနဲ့ သွားတက်ဖြစ်ပါတယ်။

ရှေးဦးသူနာပြုဆိုတော့ မတော်တဆ ထိခိုက်မှုတွေ ဖြစ်ပြီး ဆေးရုံ၊ ဆေးခန်း မရောက်ခင်စပ်ကြားမှာ လူနာရဲ့ အခြေအနေ တိုးတက်ကောင်းမွန်ဖို့ ကျွန်တော်တို့က အဓိကထားရတာပါ။ အသက်လည်း ကယ်ရပါတယ်။ သင်တန်းမှာ အဲဒီအသက်ကယ်တာကို စသင်ပါတယ်။

အပြင်ကလူတွေ နှုတ်ခမ်းချင်း တေ့ပြီး အသက်ကယ်တယ်လို့ သိထားတဲ့ CPR( Cardio-Pulmonary Resuscitation ) က စတာပါ။ နှလုံး နဲ့ အဆုပ် အလုပ်ပြန်လုပ်ဖို့ ကယ်ရတာပါ။ နှလုံးအကြောင်းကို ရှင်းပြပြီး ဆရာက ကျွန်တော်တို့ကို လက်တွေ့လုပ်ခိုင်းပါတယ်။ သူကိုယ်တိုင် လက်တွေ့လုပ်ပြပါတယ်။ ကျွန်တော်တို့က မှတ်ထားပြီး သူ့ရှေ့မှာ လက်တွေ့ပြန်လုပ်ပြရပါတယ်။ အဲဒီလို လုပ်တဲ့အခါ အရုပ်တွေနဲ့ လုပ်ရပါတယ်။

CPR ရဲ့ ပထမ အဆင့်မှာ လူနာရဲ့အနားမှာ အန္တရာယ်ရှိမရှိ အရင်စစ်ရပါတယ်။ ပြီးမှ အဲဒီလူနာကို ပုခုံးကို လှုပ်ပြီး မေးရပါတယ်။ " ဟယ်လို၊ ဟယ်လို၊ မင်းအဆင်ပြေရဲ့လား " ပေါ့။ ဒါကတော့ အင်္ဂလိပ်လိုပြောကြတာပါ။ ကျွန်တော်တို့က မြန်မာဆိုလည်း မြန်မာလို အဆင်ပြေသလို မေးလို့ရပါတယ်။ တကယ်လို့ အဲဒီလူက ဘာမျှ မတုန့်ပြန်တော့ဘူး ဆိုရင်တော့ လူနာတင်ယာဉ်နဲ့ AED ( Automated External Defibrillation) လို့ခေါ်တဲ့ Shock ရိုက်ပြီး အသက်ရှူအောင် လုပ်တဲ့ကိရိယာနဲ့ လုပ်ဖို့၊ စက်သွားယူဖို့ အော်ပြီး အကူအညီ တောင်းရ ပါတယ်။ အဲဒီလို လုပ်ဖို့ အဲဒီ AED စက်တွေ ကျွန်တော်တို့ လုပ်ကွက်တွေ ထဲမှာ ရှိပါတယ်။

အဲဒီနောက်မှာ လူနာရဲ့ ဦးခေါင်းကို လက်ချောင်းနှစ်ချောင်းသုံးပြီး မေးစေ့ကနေ ဆွဲမော့ရပါတယ်။ အသက်ရှူလမ်းကြောင်း ပွင့်ဖို့ပါ။ ပြီးမှ သူ့ပါးစပ်နားကို နားကပ်ပြီး သူအသက်ရှူမရှူ အသံနားထောင်ပြီး မျက်စိကလည်း သူ့ရင်ဘတ်ကို ကြည့်ရပါတယ်။ သက်ပြင်းချတာကို အသက်ရှူတယ်လို့ မစဉ်းစားပါဘူးလို့ ဆိုပါတယ်။ အဲဒီလို စောင့်ကြည့်တာက ဆယ်စက္ကန့်ပါ။ ကောင်းပါပြီ။ ဆယ်စက္ကန့်ကို ဘယ်လို ရေတွက်မှာလဲ။

သင်တန်းတက်ဖူးပြီးသား လူတွေက သိကြမှာပါ။ ကျွန်တော်တောင် ဒီသင်တန်း တက်တော့မှ စက္ကန့်ကို ရေတွက်တာ ဒီလိုပါလားလို့ သိပါတယ်။ တစ်စက္ကန့်ကို One and( one &) ဆိုတာနဲ့ ရေတွက်ပါတယ်။ ဒီတော့ ဆယ်စက္ကန့်ဆို 1&2&3&4&5&6&7&8&9&10 ဆိုပြီး ရေတွက်ရပါတယ်။ ဆယ်စက္ကန့်အောက်လို့ ပြောလို့ 10 မှာတော့ and မပါတော့ပါဘူး။

အဲဒီရေတွက်ပုံဟာ တော်တော်အရေးပါတယ်ဆိုတာကို နောက်မှာ သင်ခန်းစာ ထပ်ပါလာမှ ကျွန်တော်တို့လည်း သိပါတော့တယ်။ အဲဒီလို ဆယ်စက္ကန့်ရေတွက်ပြီး ဘာမျှမထူးသေးရင်တော့ အဲဒီအချိန်မှာ 30 Chest Compressions လို့ခေါ်တဲ့ အချက် ၃၀ ရင်ဘတ်ကို ဖိတဲ့နည်း စရပါတော့မယ်။

ကျွန်တော်တို့ရဲ့ သင်တန်းဆရာက မလေး ဆရာပါ။ အသက်လည်း နည်းနည်းကြီးနေပါပြီ။ ဒါပေမဲ့ စကားပြောကျတော့ အင်မတန်ရိုးပါတယ်။ ဟန်ဆောင်မှုမရှိပါဘူး။

သူက ရင်ဘတ်ဖိဖို့ နည်းလမ်းကို စပြပါတယ်။ ရင်ဘတ်ပေါ်ကို ဖိချင်တဲ့နေရာ သွားဖိလို့မရပါဘူး။ ကိုယ်ထိုင်နေတဲ့ဘက်ကနေ ကြည့်ပြီး လက်ခလယ်နဲ့ အဲဒီလူနာရဲ့ နံရိုးတောက်လျှောက်ကို စမ်းပြီးမှ အဲဒီနံရိုး ဆုံးသွားတဲ့နေရာမှာ လက်ချောင်းနှစ်ချောင်းစာ တိုင်းပြီးမှ ကျန်လက်တစ်ဖက်ရဲ့ လက်ဖနောင့်ကိုတင်ရပါတယ်။ ဥပမာ-ကျွန်တော်က လူနာရဲ့ ညာဘက်မှာ ထိုင်မိတယ်ဆိုရင် ညာလက်ခလယ်နဲ့ လူနာရဲ့ ညာဘက် ၀မ်းဗိုက်နံရိုး အောက်ခြေကို စထောက်ပြီးမှ အရိုး တောက်လျှောက် ဆွဲတင်လာပြီး ဆုံးသွားတဲ့အခါ လက်ခလယ်ရဲ့ဘေးမှာ လက်ညိုးလေးကို ချ၊ ပြီးမှ အဲဒီလက်ညှိုးဘေးကနေ ဘယ်ဘက်လက်ဖ၀ါးကိုချပြီး ဘယ်ဘက်လက်ဖ၀ါးရဲ့ လက်ချောင်းလေးတွေ ကြားကို ညာလက်ရဲ့ လက်ချောင်းလေးတွေ ထိုးသွင်းပြီး ဆွဲဆုပ်သလို အုပ်ပြီးကိုင်ရပါတယ်။ တကယ်လို့ ကိုယ်က ဘယ်ဘက်က ထိုင်မိရင် ဒီပုံစံအတိုင်း ဆန့်ကျင်ဘက်ပါ။ ဘယ်လက်ခလယ်နဲ့ စစမ်းရမှာပါ။

အဲဒီလို လက်နဲ့ဖိထောက်ပြီးမှ အချက်သုံးဆယ်ဖိရပါမယ်။ ဖိတဲ့အခါ စက္ကန့်သုံးဆယ်ကို ခုန အပေါ်မှာ ပြောခဲ့သလို ရေတွက်တဲ့နည်းလမ်းနဲ့ ရေရပါတယ်။ ဒါပေမဲ့ ဒီမှာ ကွာခြားတာက အချက်သုံးဆယ်ဖြစ်လို့ နည်းနည်းတော့ ကွဲလာပါပြီ။

1&2&3&4&5&
1&2&3&4&10&
1&2&3&4&15
1&2&3&4&20
1&2&3&4&25
1&2&3&4&30

ဆိုပြီး ရေတွက်ရပါတယ်။ အကြောင်းက စက္ကန့်ကို ရေတွက်ရင် number နဲ့ and ပါမှ စက္ကန့်ပြည့်ပါတယ်။ ဒါပေမဲ့ ဂဏန်းက တစ်သံပဲ ထွက်ရတဲ့ဟာမျိုးမှာပဲ မှန်ပါတယ်။ ဥပမာ- 5 နဲ့ 10 မှာ တစ်သံစီပါ။ ဒါပေမဲ့ Fifteen ဆို နှစ်သံလောက်ထွက်နေလို့ အဲဒီလိုဂဏန်းမျိုးမှာ and ကိုမထည့်ရပါဘူး။

အဲဒီလို အချက် ၃၀ ဖိတဲ့အခါ တစ်ခါဖိရင် ၅ စင်တီမီတာလောက်ကို ဖိရပါတယ်။ တစ်မိနစ်ကို အချက်တစ်ရာ ဖိပေးရပါမယ်။ အချက် ၃၀ တစ်ခါပြည့်တိုင်း ခေါင်းကိုမော့စေဖို့ နဖူးကို လက်တစ်ဖက်နဲ့ အုပ်ပြီး ခေါင်းကို မော့စေရပါမယ်။ မေးစေ့ကို တွန်းတင်ပေးရပါမယ်။ အဲဒီလို အချိန်မှာ ပါးစပ်ဟနေပြီဆိုမှ ကျွန်တော်တို့လို ရှေးဦးသူနာပြုစုမယ့်လူတွေက လေမှုတ်သွင်းပေးရပါမယ်။ နှစ်ခါပါ။ လူနာရဲ့ နှာခေါင်းကို ပိတ်ပြီး ပါးစပ်ဟထားတဲ့ အချိန်မှာ သူ့ရင်ဘတ်ကြီး မြင့်တက်လာတဲ့အထိ မှုတ်ပေးရမှာပါ။ တစ်ခါမှုတ်ရင် တစ်စက္ကန့်ပါ။ နှစ်ခါပြီးရင် အချက် ၃၀ ထပ်ဖိရပါမယ်။ အဲဒါ လူနာသတိရလာတဲ့အထိ၊ AED ရောက်လာပြီး နှလုံးခုန်နှုန်း စမ်းတာမှန်သွားတဲ့အထိ၊ လူနာတင်ယာဉ် လာတဲ့အထိလုပ်ပေးရမှာပါ။ အသင့်တော်ဆုံးလေက ၄၀၀ ကနေ ၆၀၀ မီလီလီတာပါ။ နှုတ်ခမ်းချင်း တေ့မှုတ်တာ မလုပ်ချင်ရင် တစ်မိနစ်ကို အခါတစ်ရာနှုန်းနဲ့ ရင်ဘတ်ကို ဖိပေးလည်း ရပါတယ်။

ကျွန်တော်တို့ ရုပ်ရှင်တွေထဲမှာတော့ ဘာမပြော၊ ညာမပြော နှုတ်ခမ်းချင်း တန်းကို တေ့မှုတ်ကြတော့တာပါပဲ။ ကျွန်တော်တို့လည်း မသိခင်ကတော့ အဟုတ်မှတ်နေတာ။ အခု တကယ်လည်း သိရော၊ ဒါကြီးက လိုအပ်မှလုပ်ပေးရမှာလို့ တွေးရင်း ကောင်မလေးချောချောတွေကို သိပ်ကူညီချင်သူတွေ အတွက် အခွင့်အရေး ယူစရာ မဟုတ်ဘူးဆိုတာ အသိပေးချင် မိပါတယ်။ အခု နောက်ပိုင်းမှာ နှုတ်ခမ်းချင်း တေ့မှုတ်တာရဲ့ ဘေးထွက် ဆိုးကျိုး တွေကို ရှောင်နိုင်အောင်လို့ ဖြစ်မှာပါ။ လေမမှုတ်ဘဲ ရင်ဘတ်ကိုချည်း ဖိလို့ရတယ်လို့ ဆိုထားတာပါ။

တကယ်လို့ မှုတ်သွင်းမယ်ဆိုရင်တော့ နှုတ်ခမ်းချင်း တိုက်ရိုက်မဟုတ်ဘဲ ကြားထဲကနေ တစ်ဆင့်ခံရတဲ့ အကူကိရိယာတွေလည်း ရှိနေပါပြီ။ ကိုကိုကာလသားများကတော့ ကောင်မလေးချောချောလေးများဆို အသက်ကယ်ချင်တော့ တန်းမှုတ်ချင်တာ ဒါတွေက အတားအဆီးဖြစ်သွားမယ် ထင်ပါရဲ့။ တစ်ဖက်မှာ ကျွန်တော်တို့ ကူညီရမယ့်သူဟာ လူနာပါဆိုတာတော့ မမေ့သင့်ပါဘူး။ ရုပ်ရှင်တွေထဲမှာတော့ အဲဒီလို CPR နဲ့ကူတာကိုပဲ ဟာသလို ရိုက်ပြထားတာတွေ ရှိတော့ ဒါတွေအပြင်မှာ မရှိနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ ဒါကြောင့် အသိပေးရတာပါ။

ဒီလိုနဲ့ ကျွန်တော်တို့ သင်တန်းဆရာက ရှင်းပြအပြီးမှာတော့ ကျွန်တော်တို့ သင်တန်းသားတွေရဲ့ အလှည့်ရောက်ပါပြီ။ သင်တန်းမှာ ကုမ္ပဏီပေါင်းစုံက ဆိုတော့ လူမျိုးကလည်း ပေါင်းစုံပါတယ်။ စင်ကာပူတရုတ်၊ စင်ကာပူ အိန္ဒိယ၊ မလေး၊ အိန္ဒိယ၊ ဘင်္ဂလား၊ ဖိလစ်ပိုင်၊ မြန်မာ စတဲ့လူမျိုးစုံပါ။

ဆရာပြတဲ့အတိုင်း လူရုပ်တွေကို ကြမ်းပြင်မှာချထားပြီး လိုက်လုပ်ကြတာ ပထမအဆင့်တွေမှာ အားလုံး အဆင်ပြေကြပါတယ်။ မပြေတာက နံရိုးကိုထောက်တာမှာပါ။ အားလုံး အဆင်ပြေကြပေမယ့် ရာဗီးဆိုတဲ့ အိန္ဒိယနိုင်ငံသား လုပ်တော့ ကျွန်တော်တို့ အားလုံး ရယ်ရတာ ပတ်တုတ်လို့ မရတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက နံရိုးကို လက်ခလယ်နဲ့စထောက်ရမှာကို လက်ညှိုးရယ်၊ လက်ခလယ်ရယ် နှစ်ချောင်းနဲ့ထောက်တော့ မှားပါလေရော။ အဲဒီမှားတာကို ဆရာက လက်နှစ်ချောင်း မဟုတ်ဘူး။ လက်ခလယ် တစ်ချောင်းတည်းနဲ့ ထောက်ရမယ် ဆိုပြီး ပြတာမှာ ရယ်ရတော့တာ။ ဘာဖြစ်လို့လဲ ဆိုတော့ ဆရာက ရာဗီးကို အနဲ လို့ခေါ်တယ်။ အနဲ ဆိုတာ အစ်ကိုဆိုတဲ့ သဘောမျိုး။ အနဲဆိုပြီး လက်ခလယ် တစ်ချောင်းတည်း ထောင်ပြတော့ နံရိုးကိုထောက်ဖို့ပြတာနဲ့ မတူဘဲ ရာဗီးကို ဒါပဲဆိုပြီး ဆဲနေတာနဲ့ တူနေတာကိုး။

ဒါတင်ဘယ်ဟုတ်မလဲ။ ရာဗီးက လေမှုတ်သွင်းတော့ အရုပ်ရင်ဘတ်က တက်မလာပြန်ဘူး။ လေမ၀င်ဘူးဆိုတဲ့ သဘောမျိုးဖြစ်နေတာ။ ဒါနဲ့ ဆရာက ရာဗီးကို ပါးစပ်ကြီးကို ဟနိုင်သမျှ ဟဖို့ပြောတယ်။ ပြီးရင် အဲဒီလူနာအရုပ်ရဲ့ ပါးစပ်ကို ငုံမိတဲ့အထိ အုပ်ငုံပြီးမှ နှာခေါင်းကို ပိတ်၊ လေကိုမှုတ်သွင်းဖို့ ပြောတယ်။ အရုပ်ပေမယ့် လေပိုက်က တစ်ဆက်တည်းမို့ ကျွန်တော်တို့ မှုတ်သွင်းတော့ အရုပ်ရင်ဘတ်က တက်လာတယ်။ ရာဗီးကျမှ ဘာဖြစ်တယ် မသိဘူး။ အရုပ်ရင်ဘတ်က တက်မလာဘူး။ ဆရာလည်း သူ့အရုပ်သူ ပြန်စစ်လိုက်၊ ရာဗီးကို အနဲဆိုပြီး ပါးစပ်ကြီးနဲ့ငုံဖို့ ပါးစပ်ကြီးဟပြလိုက်လုပ်နေတာနဲ့ ရယ်ရပြန်ရော။ ရာဗီး ခမျာလည်း ငြမ်းစင်တဲ့ကုမ္ပဏီမှာ လုပ်နေတဲ့ ကြီးကြပ်ရေးမှူးမို့ ငြမ်းအကြောင်းသာ သိသူမို့လား မသိ။ တော်တော်ကြာမှ သူ့ခမျာ အရုပ်ရင်ဘတ်က တက်လာတာတွေ့ပြီး ရပ်လိုက်ရတော့တယ်။ ကျွန်တော်တို့လည်း တွေးပါတယ်။ သူ့အရုပ်သာ ရင်ဘတ်မြင့်တက်မလာရင် သူ့ကို CPR နဲ့ ကျွန်တော်တို့ ပြန်ကယ်ရတော့မယ်လို့။ သူ့ကြည့်ရတာ တော်တော်မောနေတာကိုး။

ကျွန်တော်တို့ကို ပေးထားတဲ့ အရုပ်တွေကို မှုတ်ဖို့တော့ ပါးစပ်ကာ ပလတ်စတစ်စလေးတွေ ပေးထားလို့ အဆင်ပြေပါတယ်။ လေပေါက်တည့်တည့်မှာ ပိတ်စလေး ချန်ထားပေးတော့ လေမှုတ်ရတာ အဆင်ပြေ ပါတယ်။ နှုတ်ခမ်းချင်းလည်း မထိတော့ဘူးပေါ့။ ပြီးတော့ အရုပ်ရဲ့ပါးစပ်ကိုလည်း ဆေးနဲ့ ပြန်ဆေးပေး ရပါတယ်။

နောက်တစ်ခုက အကြိမ်ရေ ရေတွက်တာပါ။ ဆယ်စက္ကန့်တုန်းက ပြဿနာမရှိပေမယ့် အခါ သုံးဆယ်ကို ရေတွက်တဲ့ အခါကျတော့ မှားလာပါပြီ။ 5 & နဲ့ 10 & တွေက မှန်ပေမယ့် 15 မှာ & ထည့်သူက ထည့်လိုထည့်၊ စရေတွက်ကတည်းက one two three four ဆိုပြီး and တစ်လုံးမျှ မပါဘဲ ခပ်တည်တည်နဲ့ ကျော်ချသူကချနဲ့ ဆရာလည်း ကျွန်တော်တို့ကို ကြည့်ပြီး စိတ်တွေညစ်နေပါတယ်။ ကျွန်တော်တို့ တစ်ဖွဲ့လုံးကလည်း ပျော်ပျော်ပါပဲ။

ကျွန်တော်တို့ အချင်းချင်းတောင် ပြောဖြစ်ပါသေးတယ်။ နောက်နေ့ CPR Practical ဖြေကြ ရင်တော့ အောင်ကြမှာ မဟုတ်ဘူးလို့။ တစ်ဆက်တည်း ကျွန်တော့်ဘာသာလည်း တွေးပါတယ်။ အပြင်က တကယ့် လူနာတွေကို ငါတို့လုပ်ပေးရင်တော့ ချောင်မှာ မဟုတ်ဘူးလို့။ တလွဲချည်းကိုး။ နောက်တော့လည်း ဆရာက ပြောပါတယ်။ စစချင်းမို့ပါတဲ့။ ကြိုးစားလုပ်ပါတဲ့။ ပြောသာပြောတယ်။ အခါသုံးဆယ် ရင်ဘတ်ကို အပေါ်တည့်တည့်က ဖိပေးရတာနဲ့၊ လေမှုတ်သွင်းရတာ ကြာတော့ မောသားဗျ။ ဒါပေမဲ့ ကျွန်တော်တို့ ကျေနပ်ပါတယ်။ လူ့အသက်ကယ်ရမယ့် ကိစ္စပဲ မဟုတ်လား။

ဒီလိုနဲ့ AED ကို ဆက်သင်ရပါတယ်။ သူက CPR လောက်မရှုပ်ပေမယ့် လွယ်တော့မလွယ်ပါဘူး။ သူလည်း အဆင့်တွေ အများကြီးပါပဲ။ CPR သမားက လုပ်နေတဲ့အချိန် သူက၀င်ကူရတဲ့ သဘောမျိုးပါ။ ဒါပေမဲ့ သူက အဆင်မပြေမချင်း CPR က ဆက်လုပ်နေရမှာဆိုတော့ သင်တန်းဆရာက ပြောပါတယ်။ CPR သမားကို မကျေနပ်ရင် AED သမားက ညစ်လို့ရတယ်တဲ့။ အချိန်ဆွဲပြီး လုပ်ဖို့ပေါ့။ အပြင်မှာ မဟုတ်ပါဘူး။ သင်တန်းမှာ တမင် နောက်ချင်ရင် ပြောတာပါ။ အပြင်မှာတော့ တကယ့်လူနာကို အသက်ကယ်ရတာကိုး။

တိုတိုပဲ ဆိုကြပါစို့။ အားလုံးလက်တွေ့ စာမေးပွဲကို အောင်သွားပါတယ်။ အဲဒါပြီးမှ Bandage လို့ပြောပြောနေတဲ့ ပတ်တီးနဲ့ ပတ်သက်ပြီး ဆက်သင်ရပါတယ်။ အဲဒီမှာ နည်းပေါင်းစုံအောင် သင်ပေးတဲ့အခါ ကျွန်တော်တို့အဖွဲ့တွေ အတွက် နောက်စရာ တစ်ခုကြုံရပြန်ပါတယ်။

ပတ်တီးစည်းနည်းမှာ လက်၊ လက်ချောင်း၊ ပုခုံး၊ ခေါင်း၊ စတဲ့ အစိတ်အပိုင်း တစ်ခုချင်းစီကို သင်ပေးတော့ လက်ချောင်းပြတ်တဲ့ လူနာတွေကို ဘယ်လို ပတ်တီးစည်းရမလဲ လို့ ဆရာကပြပါတယ်။ ဆရာက လက်ချောင်းငါးချောင်းမှာ အစွန်ဘက်က လက်ချောင်းတွေ ပြတ်ရင် စည်းတာနဲ့ လက်ခလယ်တစ်ချောင်းတည်း ကျန်ရင် ပတ်တီးစည်းတာနဲ့ တော်တော်ကွာတယ်ဆိုပြီး သေသေချာချာ ရှင်းပြပါတယ်။

အဲဒီလို ရှင်းပြတဲ့အခါ ဆရာက သူ့ရဲ့ဘယ်ဘက်လက်ခလယ်ကို ထောင်ပြီး ပတ်တီးကို ညာလက်နဲ့စည်းပြတော့ ကျွန်တော်တို့ ရယ်ရပြန်ပါသေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျန်တဲ့လက်ချောင်းလေးတွေ အားလုံးကို ကွေးထားပြီး အဲဒီလက်ခလယ် တစ်ချောင်းတည်း ထောင်ထားတာ စောစောက ကျွန်တော်ပြောခဲ့သလို CPR မှာတုန်းက ရာဗီးကို ဆရာက အနဲလို့ခေါ်ပြီး ဒါပဲလို့ ပြနေတဲ့ ပုံစံပေါက်နေလို့ပါ။ အဲဒီတော့ ကျွန်တော့်တို့ အဖွဲ့တွေ ဆရာ့ကို ကြည့်ပြီး ရယ်ပါတယ်။

အဲဒီအချိန်မှာ သင်တန်းသားတစ်ယောက်က မှတ်ရတာ ရှုပ်လို့ ထင်ပါတယ်။ သူက တစ်ခွန်းထပြောပါတယ်။ သူပြောတာလည်း သဘာဝကျတာကြောင့် ကျွန်တော်တို့နဲ့ အတူတက်နေတဲ့ Management က လူကြီးတွေပါ ရယ်ပါတော့တယ်။ သူပြောတာက ဆရာ၊ လက်ခလယ် တစ်ချောင်းတည်းကျန်နေတာက တခြားလက်ချောင်းတွေ ပတ်တီးစည်းရတာနဲ့ ကွာတယ်။ စည်းရတာ နည်းနည်းလည်း ခက်တယ်။ ဒီတော့ အားလုံး အဆင်ပြေသွားအောင် အဲဒီလက်ခလယ်ကို ဖြတ်လိုက်ရင် မကောင်းဘူးလား ဆရာတဲ့။ ဆရာ မျက်လုံးကြီး ပြူးသွားတော့ အားလုံးက ရယ်ပါတော့တယ်။

သူပြောတာက ဟုတ်လည်းဟုတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမတိုင်ခင်ရှေ့က သင်ထားတဲ့ နည်းတွေထဲမှာ လက်ဖျံကပြတ်ရင် ပတ်တီးစည်းတဲ့နည်းက ထိပ်ကနေပိတ်အုပ်ပြီး စည်းရတာဆိုတော့ လွယ်တာကို ကျွန်တော်တို့ သိပြီးသားကိုး။ လက်ချောင်းအားလုံး မရှိတော့ရင် လက်က ငုတ်စိပဲ ကျန်မှာဆိုတော့ လက်ဖျံကပြတ်သလို ပတ်တီးစည်းလို့ ရသွားပြီကိုး။ ဒီသဘောကို သူကထောက်ပြတာ။

ဒါပေမဲ့ လက်တွေ့မှာ အဲဒီလို သွားလုပ်ရင် ထောင်ကျသွားမှာပေါ့ဗျာ။ ဒီတော့ ဘယ်လိုစည်းလဲဆိုတာကို ကြိုးစားမှတ်ရတော့တာပါပဲ။

နောက်တစ်ခုကျတော့ အသက်ရှူရခက်နေတဲ့လူတွေ၊ အသိစိတ်ရှိပြီး စကားမပြောနိုင်တဲ့သူတွေကို ကယ်တဲ့နည်းကို သင်ရပြန်ပါတယ်။ အဲဒါလည်း Management က လူကြီးတစ်ယောက်က မှားတာ ကျွန်တော်တို့ ရယ်မိကြပါတယ်။ စကားမပြောနိုင်၊ အသက်မရှူနိုင်၊ ချောင်းမဆိုးနိုင်တဲ့ လူကို မေးခွန်းမေးပြီး သူအဲဒီအတိုင်း ခံစားနေရတယ်ဆို ကယ်ဖို့ပါ။ အဲဒီလို ဖြစ်နေတာကိုတော့ Choking ဖြစ်တယ်လို့ ပြောပါတယ်။ CPR နဲ့ကွာတာက CPR သမားက အသိစိတ်မရှိ၊ အသက်ရှူရပ်၊ နှလုံးရပ်နေတဲ့လူမျိုးပါ။ Choking သမားက အသိစိတ်ရှိပါတယ်။ ပြန်ပြီး တုန့်ပြန်နိုင်ပါတယ်။ ပါးစပ်က မပြောပေမယ့် ခေါင်းညိတ်နိုင်ပါတယ်။

Choking သမားကို ကုရင် သူ့ကို Choking ဖြစ်နေလား မေးပြီးမှ ဖြစ်နေလား သေချာမှ သူ့နောက်ကနေ ၀င်ရပ်၊ သူ့ခြေထောက်နှစ်ဖက်ကြားကို ကိုယ့်ခြေတစ်ဖက်ထည့်ပြီး သူ့ခါးရိုးကနေ ရှေ့ကို ဘယ်ညာ လက်ချောင်းနှစ်ချောင်းနဲ့ စမ်း၊ ၀မ်းဗိုက်အလယ်ရောက်မှ အဲဒီနေရာကနေ အပေါ်ကို နောက်လက်ချောင်း တစ်ချောင်းစာ အမြင့်မှာ လက်သီးဆုပ်ကို လက်မဖွက်ဆုပ်ထားတဲ့ပုံစံမျိုးနဲ့ ဗိုက်ကိုဖိ၊ ပြီးမှနောက် လက်တစ်ချောင်းကို အပေါ်က ဖိအုပ်ပြီး ငါးချက်တိတိ ဆောင့်ပေးရပါတယ်။ အဲဒီအချိန်မှာ အဲဒီလူနာက သူ့လည်ပင်းကို လက်နှစ်ဖက်နဲ့ ဖွဖွကိုင်ထားရပါတယ်။ လက်သီးဆုပ်နဲ့ ဖိရင် တော်တော် နာပါတယ်။ ကျွန်တော်နဲ့ တွဲပြီး လေ့ကျင့်တဲ့ တစ်ယောက်ဆို သူတကယ်ဖိလို့ ကျွန်တော်တောင် ထအော်ရပါတယ်။ ဒါပေမဲ့ တကယ့်လူနာဆို သူ့ရဲ့ခန္ဓာကိုယ်ထဲက အသက်ရှူလမ်းကြောင်းတွေ ပြန်ပွင့်သွားနိုင်ပါတယ်။

အဲဒီမှာ Management က လူကြီးတစ်ယောက်ကို သူနဲ့တွဲလုပ်နေတဲ့ နောက်လူကြီးက မင်း Choking ဖြစ်နေလားလို့ မေးတာကို Yes လို့ဖြေလို့ ကျွန်တော်တို့ အားလုံး ရယ်ရပါတော့တယ်။ Choking သမားက ချောင်းလည်း ဆိုးမရ၊ စကားလည်း ပြောမရတဲ့သူကိုး။ သူက Yes လို့တောင် ဖြေမှတော့ သူ့ကို ဘာမှ လုပ်ပေးစရာကို မလိုတော့တာ။

ဒီလိုနဲ့ ကျွန်တော်တို့တစ်တွေ ပျော်ပျော်ပါးပါး သင်ကြရင်း သင်တန်းလည်း ပြီးဆုံးခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် နောင်တစ်ချိန်မှာ တစ်နေရာရာမှာ လူတစ်ယောက်ယောက် တစ်ခုခုများဖြစ်ခဲ့ရင်၊ ကျွန်တော်သိထားတဲ့ ရှေးဦးသူနာပြုစုနည်းတွေထဲက တတ်နိုင်သလောက် ကူညီကယ်ဆယ်ခွင့်ရမယ်ဆိုရင် ကျွန်တော်ကျေနပ်နေမိမှာပါ။ ပြီးတော့ တစ်ချိန်တည်းမှာပဲ ကျွန်တော်နဲ့အတူ သင်တန်းမှာ ကြိုးစားပမ်းစားနဲ့ တက်ခဲ့သူတွေရဲ့ ပျော်စရာလေးတွေကို မျက်စိထဲ မြင်ယောင်နေမိမှာမို့ ကျွန်တော့်အဖို့တော့ သူတို့ရဲ့ အပျော်တွေနဲ့အတူ အသက်တွေ ကယ်လို့ ရနေမယ်လို့ မျှော်လင့် မိတာကြောင့် ပျော်ပျော်ပါးပါး အသက် ကယ်ဖို့သာ စိတ်ပိုင်းဖြတ်နေ မိပါတော့တယ်။ ။

သားလတ်
၁၅း၂၈ နာရီ
၂၂.၇.၂၀၁၂



Sunday, July 15, 2012

" အနေဝေးလည်း....... "


ခဏလေးတော့ ဝေးမယ်
အချိန်တွေလည်း နည်းနည်းပေးရမယ်
ဒါပေမဲ့........မငိုကြေးနော်။

ရင်ခုန်သံက လှိုင်းတွေဖြစ်ရင်
ပင်လယ်ဘက်ကို တိုးဝင်မယ်
ပြီးမှ....ချစ်သူ့ရင်ခွင်ဆီကိုနော်။

ထိတွေ့လို့မရဘူး
အသိအငွေ့တွေတော့ အမြဲကျန်မယ်
ရင်ထဲမှာခံစားချက်တွေ ရှိနေသရွေ့နော်။

ဒဏ်ရာနဲ့မဟုတ်ဘူး
ပြန်လာမှ တိုးချစ်မယ်
အခိုးအငွေ့အဖြစ်နဲ့ နမ်းပါရစေဦးနော်။

ဘယ်တော့မှ ယဉ်ပါးမသွားဘူး
အမြဲတမ်း ရိုင်းရိုင်းလေးရွေ့လျားနေမယ်
ကိုယ်တို့ရင်ထဲက မေတ္တာလှိုင်းတွေ အသက်ရှည်သရွေ့ပေါ့နော်။ ။

သားလတ်
၂၂း၅၈ နာရီ
၁၅.၇.၂၀၁၂

(ကျွန်တော်နှင့် ကျွန်တော့်ဇနီး ပါရမီဖြည့်ဖက်လေးအတွက်ပါ)

Wednesday, July 11, 2012

" Facebook ပေါ်က ကျွန်တော့် Status များ " ( ၂ )


+ တလောက အလုပ်ကအပြန် အလုပ်သမားလေးတွေ အ၀တ်လဲခန်းနားကအဖြတ် ထိုနေ့က ရာသီဥတုပူလွန်းတာကို ပြန်မှတ်မိနေသည်။ သည်လိုနှင့် သင်္ဘောဆိပ်ကို ဆင်းဖို့ ဖြတ်လမ်းလေးက ထွက်လိုက်စဉ်မှာ အလုပ်သမားလေးတွေ အ၀တ်လဲခန်းဘက်က သီချင်းသံသဲ့သဲ့ကို အမှတ်မထင်ကြားရသည်။ သင်္ကြန်နှစ်ဦး တူးပို့.....တူးပို့ တူးသံမြူးသာယာ.....တဲ့။ ဪ-စင်ကာပူက ဘူကုန်းကျွန်းပေါ်မှာ သင်္ကြန်ကြိုကျနေပါရောလား။ သင်္ဘောဆိပ်အဆင်းမှာ ထိုနေ့က ရာသီဥတုပူသည် ဆိုခြင်းကို ခေတ္တမေ့သလို ဖြစ်သွားသည်။ ပင်လယ်က လေပြေ သုတ်သွားသည်လား။ သင်္ကြန်သီချင်းသံကပဲ အပူတွေ သယ်သွားသည်လား မပြောတတ်။ ရင်ထဲမှာတော့ ထိထိရှရှလေး ခံစားလိုက်ရသည်။( မတ်လ ၂၄ ရက်၊ ၂၀၁၂ ခုနှစ်)

+ မနက်ငါးနာရီဆယ့်ငါးမိနစ်မှာ အိပ်ရာကနိုးတော့ မိုးကရွာနေလေပြီ။ မိုးထဲမှာ အလုပ်သွားရသည့်အခါ ကိုယ်ပေါ်မှာ မိုးစက်တို့စိုကုန်၏။ သင်္ဘောဆိပ်ကို လမ်းလျှောက်သည့်အခါ ဖားများ၏အသံကို ကြားရသည်။ ဆိုက်ထဲရောက်သည်အထိမိုးသည် လုံးဝမတိတ်။ ညိုသည်။ ညို့သည်။ ပြိုသည်။ ရွာသည်။ တစ်မနက်လုံး ထိုအတိုင်းသာ။ စိတ်က စင်ကာပူမှာ ရှိနေသည်နှင့်မတူ။ မြန်မာပြည်မှာ မိုးတွေရွာနေသလို ခံစားရသည်။ (မတ်လ ၁၄ ရက်၊ ၂၀၁၂ ခုနှစ်)

+ သူတို့ကပြောတယ် တရုတ်နှစ်ကူးတဲ့။ ငါတို့ကတွေးတယ်။ ငါတို့ရဲ့ ရုံးပိတ်ရက်ပေါ့။ တကယ်တော့ သူတို့နှစ်ကူးက နှစ်ရက်တည်း။ ဒါပေမဲ့ ကုမ္ပဏီသူဋ္ဌေးက တရုတ်၊ PM ကတရုတ်၊ APM ကတရုတ်၊ အင်ဂျင်နီယာတွေက တရုတ်။ အဲဒီတော့ နိဂုံးချုပ်တော့ ပိတ်ရက်က ငါးရက်။ ကောင်းပါတယ်..........ကောင်းပါ တယ်....ပေါ့။( ဇန်န၀ါရီလ ၂၁ ရက်၊ ၂၀၁၂ ခုနှစ်)

+ တစ်ခါတစ်ခါတော့လည်း လူတွေကို နားလည်ရခက်ပါတယ်။ ကိုယ်နာမည်ရဖို့တစ်ခု အတွက်နဲ့ သူများရေးထားတဲ့ စာတွေကို ပုံတူနီးပါးခိုးချလိုချ၊ အတွေးကိုယူလိုယူ။ အဲဒီလိုလုပ်လိုက်ရင်ပဲ သူ့နာမည်ကျော်ရောလား။ ရယ်တော့ရယ်ရသားပဲ။ ထားသင့်ထားထိုက်တဲ့ မာနထားတတ်တဲ့ အနုပညာသမား တစ်ယောက်အနေနဲ့ပြောရရင် ကြိုက်သလောက် ခိုးစမ်း။ မင်းတို့မရနိုင်တဲ့ ငါ့အနုပညာဗီဇတွေ ငါ့သွေးထဲမှာ၊ ငါ့အသားထဲမှာ၊ ပြီးတော့ ငါနှလုံးသားမှာ အပြည့်ရှိတယ်။(ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၁၂ ခုနှစ်)

+ တစ်ခါတစ်ခါတော့ အားကစားဂျာနယ်မှာ ဘောလုံးဆောင်းပါးရေးတဲ့သူတွေကို သဘောကျမိတယ်။ ရယ်ရလို့ပါ။ အာဆင်နယ်က ဗီလာကိုနိုင်တော့ ပင်နယ်တီနှစ်လုံးပါတာကို ကံကောင်းလို့နိုင်တာတဲ့။ မန်ယူက ဒီတစ်ပတ် ပင်နယ်တီနှစ်လုံးနဲ့နိုင်လည်းနိုင်ရော ပင်နယ်တီနှစ်လုံးနဲ့အလွယ်တကူအနိုင်ရတဲ့ မန်ယူတဲ့။ အသင်းစွဲတွေကို လှမ်းမြင်လိုက်ရတယ်။ အဲဒီလို အသင်းစွဲတွေနဲ့ရေးချင်ရင် ဂျာနယ်မှာမရေးသင့်ဘူး။ ငါ့လို Facebook ထဲတက်ပြီး စိတ်ရှိတိုင်းရေးသင့်တယ်။ ပြီးတော့ အဲဒီဂျာနယ်က ပြောသေးတယ်။ ကျင့်ဝတ်တို့၊ သိက္ခာတို့။ ဟာသပဲ။ ကိုယ်ကလည်း အားကစားဂျာနယ်ကြိုက်သူဆိုတော့ အဲဒါမျိုးတွေ မြင်နေရင်းကို ဆက်ဖတ်နေမိပြန်ရော။( ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၁၂ ခုနှစ်)

+ မနေ့ကဘာနေ့လဲ။ ဒီနေ့ကဘာနေ့လဲ။ မနက်ဖြန်ဘာနေ့လဲ လို့မေးရင် မနက်ဖြန်ခါ ချစ်သူများနေ့ လို့ သိပြီးဖြေတဲ့သူတွေများတဲ့ ခေတ်ကို ရောက်နေမလားပဲ။ ( ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၁၂ ခုနှစ်)

+ စင်ကာပူဆိုတဲ့ နိုင်ငံငယ်လေးပေါ်လာတာ apple ဆိုတဲ့ကုမ္ပဏီအတွက်တော့ ပွဲတော်ကြီးပဲ။ ( မတ်လ ၁၆ ရက်၊ ၂၀၁၂ ခုနှစ် )

+ ဘူကုန်းမှာ သည်နေ့ထိတ်လန့်စရာကြုံရပြန်သည်။ ပါးစပ်သတင်းနှင့်ပင် လူသည် အခါခါသေလောက်၏။ တစ်နေကုန် အလုပ်ဆက်လုပ်ခွင့် မပေးတော့။ လုပ်ကွက်က အမြန်ခွာရသည်။ ဘုရားတရုံအပြင် ကိုယ်တတ်နိုင်တာ ဘာမျှမရှိ။ ဘေးပတ်လည်မှာ ပင်လယ်ကြီး။ တစ်ခုခုထပေါက်၍ ပြေးနိုင်သည် ထားတော့။ ရေကူးတတ်ရမည်။ ရေကူးတတ်သည်ထားတော့။ သက်လုံကောင်းရမည်။ သက်လုံကောင်းသည် ထားတော့။ ကယ်ဆယ်ရေးယာဉ် အချိန်မီ လာကယ်မှရမည်။ Safety ၀န်ထမ်းတစ်ယောက်မို့ အလုပ်သမားများ ထိတ်လန့်မှာကို မလိုလား။ ကိုယ်တွေအချင်းချင်းသာ သတင်းကို နှုတ်ပိတ်သိမ်းဆည်းကာ လွတ်လမ်းကို မျှော်သည်။ သေရမှာကြောက်သည့် ကိုယ့်စိတ်ကို ပြန်ဆန်းစစ်ရင်း စောစောသေရခြင်းကို ပိုကြောက်မိပါလားဟု တွေးမိသည်။ လုပ်စရာ များစွာကျန်နေသေးသည် မဟုတ်လား။ ( မတ်လ ၂၆ ရက်၊ ၂၀၁၂ ခုနှစ် )


ဆူးသစ်
၂၁း၄၃ နာရီ
၁၁.၇.၂၀၁၂


Sunday, July 1, 2012

" ကိုယ့်ကိုယ်ကို လက်ဆောင်ပေးတဲ့ ကဗျာ "


ခုနစ်လပိုင်း တစ်ရက်
လွန်ခဲ့တဲ့ နှစ်တစ်နှစ်ရဲ့ တစ်ရက်မှာ
အမေ့ရင်ထဲက ဆင်းသက်
( ကျွန်တော်ဟာ....)
ကမ္ဘာမြေကို မိတ်ဆက်တယ်။

အူဝဲ......အူဝဲနဲ့
လူထဲရောက်ပြီး ပညာသင်
အမေ့ရင်၊ အဖေ့ရင် နွေးနွေးမှာ
အေးဆေးသက်သာ ဖြတ်သန်း
လောကလမ်းဆိုတာကို လျှောက်တယ်။

ရိုးသားတဲ့မိဘနှစ်ပါးက မွေးတဲ့ကျွန်တော်
မောက်မာဖို့ မသိပေမယ့်
ထောက်ညှာဖို့တော့ ကြည့်တတ်ခဲ့
ပကတိ အဖြူရောင်နှလုံးသားနဲ့
အမုန်းများကို အဝေးမှာ ထားရင်း
ရိုင်းပင်းတဲ့ ပတ်ဝန်းကျင်၊ သူငယ်ချင်းတွေကြား
ခရီးသွားရင်း ကြီးပြင်းခဲ့ဖူးတယ်။

တစ်ချိန်ပေါ့.......
မေ့လျော့လို့တော့ မဖြစ်နိုင်ခဲ့တဲ့နှစ်
အလှည့်အပြောင်းတွေနဲ့ အသစ်ဖြစ်ခဲ့ရတဲ့အချိန်
ပြက္ခဒိန်ထဲမှာ ကြမ္မာမှိန်ခဲ့ရတဲ့အခါ
လောကထဲက လူတွေကို သိခဲ့ဖူးပါတယ်။

ဘာပဲဖြစ်ဖြစ်
ဒုက္ခဆိုတာ အတွေ့အကြုံအသစ်ပေါ့
စိတ်ဓာတ်တွေ ညစ်နွမ်းမသွားအောင်ပြင်ဆင်
လောကရင်ခွင်ထဲတိုး
လုပ်အားကို ဘယ်နှစ်ဆမှန်းမသိအောင် ပျိုးခဲ့
ဒီလိုနဲ့....
ဘ၀ရဲ့ တစ်ဆစ်ချိုး အ၀င်မှာ
တင့်တယ်တဲ့ ပညာရပ်တွေ သင်ခွင့်ရခဲ့တယ်။

နှလုံးသားက နိုးကြား
ဗီဇက ရိုးသား
ဝါသနာလည်း ထိုးကစားတဲ့အခါ
မောင်စိန်ဝင်း(ပုတီးကုန်း) ကဗျာတွေဖတ်
ထူးအိမ်သင်သီချင်းတွေ ငတ်မွတ်တောင့်တ
တက္ကသိုလ်ကျောင်းသားဘ၀ကို ဖြတ်သန်း
(ပြီးမှ....)
လောကလမ်းမှာ စမ်းတ၀ါးဝါး ဆက်လျှောက်တယ်။

ကဗျာရေး စာရေး
ခံစားချက်တွေ မွေးဖို့ဖြစ်လာရင်
ရံဖန်ရံခါ သီချင်းတွေလည်းရေး
(ဒါပေမဲ့.....)
အောင်မြင်တဲ့ ကဗျာဆရာ၊ စာရေးဆရာ
အဲဒီလိုလည်း ဖြစ်မလာခဲ့
ကိုငှက်နဲ့ မွေးနေ့သာတူပြီး
သူ့လိုလည်း တစ်ခါမျှမဖြစ်
သီချင်းတွေကလည်း သူ့ဘာသာနေ
ကဗျာတွေ စာတွေကလည်း သူ့ဘာသာနေ
( ဒီလိုနဲ့....)
အဲဒါတွေက သူ့ဘာသာနေပေမယ့်
ကိုယ့်ဘာသာနေမရတော့ ဆက်သာရေး
လောကထဲက လူတွေကို ပေးဆပ်မယ်လို့ ခပ်ကြီးကြီးတွေးခဲ့ရင်း
နှလုံးသားနဲ့ ရေးခဲ့တာတွေကလည်း တင်းကြမ်းပေါ့။

အလုပ်၊ ငွေ၊ မိဘ၊ ညီအစ်ကို
အပိုအလိုမရှိ ချိန်သားကိုက် ရထားတဲ့ဘ၀မှာ
လက်တွဲဖော်ကို ရှာတွေ့
မေတ္တာနဲ့မွေ့တဲ့အခါ
ကဗျာတွေ ရင်မှာသစ်
အချစ်တွေ ဖြန့်ကျဲ
လောကထဲ ရဲရဲလျှောက်
နှစ်ယောက်တစ်ဘ၀ကို ထူခဲ့တယ်။

နောက်တော့....
ရေခြား၊ မြေခြား၊ အားလုံးခြားမှာနေ
ဘ၀ဆိုတာ ဒီလိုပါလား သုံးသပ်
ဘယ်လိုမှ ရပ်တန့်လို့မရ
ဇရာနဲ့ သင်္ခါရကလည်း
ခဏခဏ ပညာပြလာပြီ။

' ငါသည်မုချ သေရမည် ' ဆိုတဲ့
မိုးကုတ်ဆရာတော် ဘုရားကြီး စကား
အသည်းကြား ဦးနှောက်ကြား ဘယ်တော့မှမမေ့
( ဒါပေမဲ့...)
' အသေမဦးခင် ဥာဏ်ဦးအောင် အားထုတ်ပါမည် ' ဆိုတဲ့
ဆရာတော် ဘုရားကြီးစကားကိုကျတော့
အရူးသိုင်းနင်း မေ့ချင်ယောင်ဆောင်ထား
လူတွေကြားမှာ ခပ်တည်တည်နဲ့
လူပီသစွာ လမ်းသလားတယ်။

ဆံပင် ဖြူလာပြီ
သွေးတိုးလာပြီ
ဇာတိစတော့ ဇရာပြပြီ
မရဏကိုလည်း ကြိုမသိနိုင်ပြီ
အဲဒီလို တွေးတာတောင် မဆင်ခြင်နိုင်ခဲ့
တစ်ရက် တစ်ရက်နဲ့ ပြင်ဆင်မှုမရှိ
အမှားတွေကလည်း ပြည့်နေသေး
ရင့်ကျက်ခြင်းတွေကလည်း ဝေ့-ဝေ-ဝေး နေတုန်း
( ဘာပဲဖြစ်ဖြစ် ) ဆင်ခြင်တုံတရား နည်းနည်းနဲ့ပဲ
ကိုယ့်ဘ၀ကိုယ် တွေ့-တွေ-တွေး နေတုန်းပါ။

ဇနီးသည်နဲ့ ခိုင်မာတဲ့ အိမ်ထောင်တစ်ခု တည်ဆောက်
အမိအဘကို တတ်နိုင်သလောက် ကျေးဇူးဆပ်
ညီအစ်ကိုတစ်တွေအတွက် မျှဝေရပ်ခဲ့
ပြီးရင်တော့ အနာဂတ်မှာ
အမျိုး ဘာသာ သာသနာအတွက် သိတတ်တဲ့ ယောကျာ်းမြတ် ဖြစ်ချင်ခဲ့
( ဒီလိုနဲ့....)
သေဖို့တစ်ရက်နီး
မွေးနေ့ဆိုတဲ့ သတိပေးခေါင်းလောင်းသံကြီးကြားမှာ
( ကျွန်တော်ဟာ......)
ကိုယ့်ကိုယ်ကို ပြန်ရှာဖွေနေခဲ့တာ....
ဪ- နှစ်ပေါင်းများစွာတောင် ကြာခဲ့ပါပေါ့လား။ ။

သားလတ်
၁၃း၂၇ နာရီ
၁.၇.၂၀၁၂

( မွေးနေ့ အမှတ်တရ )
Related Posts Plugin for WordPress, Blogger...