Tuesday, December 9, 2014

" နှလုံးသားဖြင့် ခံစားသည် "



ကျွန်တော်ရန်ကုန်စက်မှုတက္ကသိုလ်ပဉ္စမနှစ်တက်နေစဉ်မှာသီချင်းတချို့ရေးဖြစ်ခဲ့ပါသည်။ ကိုယ့်ဘာသာရေးကိုယ့်ဘာသာသိမ်းထားနှင့်။ ထိုအထဲကမှကျောင်းနှင့် ပတ်သက်၍တစ်ပုဒ်ရေးဖြစ်သည်။ ကျွန်တော်တို့ကျောင်းကခြောက်နှစ်တက်ရ၍ ပဉ္စမနှစ်ပြီးလျှင်နောက်တစ်နှစ်သာ ကျန်တော့သည်။ ထိုနောက်ဆုံးနှစ်ပြီးလျှင် အားလုံးခွဲရတော့မည်။ ထိုအတွေးက ကျွန်တော့်ကိုလာစိုးမိုးသောအခါ " နှုတ်ဆက်ခြင်းရဲ့ မျက်ရည် " ဆိုသော သီချင်းတစ်ပုဒ်ကို ကျွန်တော့်ရင်မှာ မွေးဖွားမိပါတော့သည်။

နောက်ပိုင်းFacebookသုံးတာကြာသောအခါကျောင်းနှင့် ပတ်သက်သည်များကို ပြန်လည်မျှဝေရင်း ထိုသီချင်းတစ်ပုဒ်ကို ကျွန်တော့်ဂစ်တာနှင့် တီးပြီးဟန်းဖုန်းနှင့်အသံဖမ်းကာ တင်ခဲ့ပါသည်။ အသံအရည်အသွေးကညံ့လှ၍ စိတ်တိုင်းမကျသော်လည်း ကျွန်တော်နှင့် စက်မှုအင်ဂျင်နီယာတက်ဖက် သူငယ်ချင်း နေဇော်က ခံစားမိပြီး သူကိုယ်တိုင်တီးလုံးတီးကာ ကျွန်တော့်ကို MP3 ဖိုင်နှင့် သူဆိုထားသောသီချင်းဖိုင်များကိုပြန်ပို့ပေးခဲ့ပါသည်။ ထိုသီချင်းကို နေဇော် ခံစား၍ တီးထားသည်ကို ကျွန်တော်ယုံသည်။ သူကရန်ကုန်မှာကတည်းက အတီးသမား။ ကျောင်းမှာကတည်းက ဂစ်တာတော်တော် တီးတာ သိသည်။

ဖြစ်ချင်တော့ ယခုဒီဇင်ဘာထဲမှာ ကျွန်တော်တို့ရန်ကုန်စက်မှုတက္ကသိုလ် ( ၁၉၉၃-၂၀၀၀ ) ခုနှစ်ကျောင်းသူ၊ ကျောင်းသားများ၏ဆရာ ကန်တော့ပွဲရှိသည်။ ထို့ကြောင့် ကျွန်တော် တို့နှစ်ကျောင်းသူ၊ ကျောင်းသားများသည် အလှူငွေထည့်သူထည့်၊ အငြိမ့်ကဖို့စီစဉ်သူကစီစဉ်ဖြင့် သွက်လက်လှုပ်ရှားနေကြသည်။ ထိုအထဲမှာ အငြိမ့်ပြီးလျှင် တီးဝိုင်းထည့်မည်ဆိုကာ စီစဉ်နေကြရာ ကျွန်တော်ရေးထားသော သီချင်းကို သူငယ်ချင်းတချို့ကသတိရကြလေသည်။

ထိုအချိန်မှာ နေဇော့်တီးလုံးကို ကျွန်တော်ပြန်ဆိုလျှင်ဆို၊ မဆိုလျှင်လည်း လင်းနိုင်ဝင်း ဆိုသော သူငယ်ချင်းကို ပြန်ဆိုစေချင်ကြသည်။ သူကလည်း ကျောင်းတုန်းကတည်းက သီချင်းဆိုသူ။ သို့သော်ဖြစ်ချင်တော့ အသံသွင်းဖို့ အခက်အခဲရှိသည်။ ထိုအခါ နေဇော်လိုပင် ဂစ်တာကောင်းကောင်း တီးနိုင်သော မင်းမင်းထွန်းဆိုသော သူငယ်ချင်းကို ဆက်သွယ်ပြီး သီချင်းကိစ္စ ညှိကြသည်။

ထို့နောက်မှာတော့ ကျွန်တော်တို့အားလုံး WhatsApp မှာ Groupဖွဲ့ပြီး သီချင်းကိစ္စကိုစတင် လုံးပမ်းကြပါတော့သည်။ အံ့ဩဖို့ကောင်းသည်က ကျွန်တော်မသိသေးသူများ ပါဝင်လာပြီး နောက်မှ သိရသည်က ထိုအထဲက တချို့က ကျွန်တော်တို့နောက်နှစ် များမှ ကျောင်းကိုရောက်လာ သူများဖြစ်နေကြခြင်းပင်။ ထို့အပြင် ကျွန်တော်တို့ ကျောင်းကမဟုတ်သည့် ညီငယ်များလည်း ပါနေပြန်သည်။

တစ်ရက်မှာတော့ စိုးမင်းဆက်၊ ကျော်နိုင်စိုး နှင့် ကျွန်တော်တို့ သီချင်းအဆိုပိုင်း အသံထည့်မည့်နေ့မှာ အသံသွင်းမည့် အိမ်သို့ ညပိုင်းရောက်အောင် သွားခဲ့သည်။ သူတို့က Group Message ထဲမှာ Schedule နှင့် တိတိကျကျကိုသွားနေသည်။ ပိုလေးစားဖို့ကောင်းသည်က သူတို့ချိန်းထားသည့် အချိန်များမှာ အားလုံး သတ်မှတ်နေရာကို ရောက်အောင်သွားနေကြတာဖြစ်သည်။ ထိုသူများထဲမှာ အထက်မှာ ကျွန်တော်ဆိုခဲ့သလို ကျောင်းကသူငယ်ချင်းများပါသလို၊ ကျောင်းကမဟုတ်သည့်သူများလည်း ပါသည်။

သူတို့အစီအစဉ်က ဘယ်နေ့မှာ ဘာတီးမည်၊ ဘယ်နေ့မှာ ဘာအသံထည့်မည်၊ ဘယ်နေ့မှာ ဘာလုပ်မည်။ ထိုသို့ဖော်ပြထားပြီး ထိုသို့ဖော်ပြချက်ကို တစ်ဦးတည်းက ဆက်တိုက်ပို့နေသည်။ ကျန်သူများက သူတို့ လာမည့်အချိန်၊ လုပ်မည့်အပိုင်းကိုပြောသည်။ အသံဖမ်းပေးမည့် ညီငယ် ( ဒိုးဒို ဟုနောက်မှသိရသည်။ သူကလည်း ခေသူမဟုတ်။ ဂီတကျောင်းကိုစင်ကာပူမှာတက်ကာ သူ့ဝါသနာနှင့်သူ ရပ်တည်နေပြီး ကျွန်တော်တို့ဖန်တီးချင်သော သီချင်းတစ်ပုဒ်ကို တတ်နိုင်သည့်ဘက်မှ ၀င်ကူညီနေတာဖြစ်သည်။ ) က သူမည့်သည့်အချိန်မှာ အဆင်ပြေမည် ဆိုသည်ကို အကြောင်းပြန်သည်။ သည်လိုပုံစံနှင့် ရွေ့လျားနေတာဖြစ်သည်။

သည်လိုမလုပ်လျှင်လည်း မရ။ အားလုံးက စင်ကာပူမှာ ကိုယ့်အလုပ်နှင့်ကိုယ် ရှုပ်နေသူများ။ မင်းမင်းထွန်းညီ ဆိုလျှင် ထိုင်းကနေလှမ်းတီးပေးပြီး တီးလုံးကို သူတီးရမည့်အပိုင်းပြီးသောအခါ ပြန်ပို့ပေးခဲ့တာဖြစ်သည်။ သည်လို အချိန်လုလုပ်ရချိန်မှာ အားလုံးက အစီအစဉ်အတိုင်း တိတိကျကျနှင့် အချိန်ကိုပါလေးစား လိုက်နာကြသည်။

အဆိုအသံထည့်ဖို့နေမှာ ကျွန်တော်တို့ရောက်တော့ လူမစုံသေး။ သို့သော် သတ်မှတ်ချိန်မှာတော့ သူ့ဘာသာ ရောက်လာကြသည်။ ငါငူး ဟုကျွန်တော်တို့ခေါ်သော သူငယ်ချင်း ( Kenosis မှာ ရတနာဦးတို့နှင့် တစ်ဖွဲ့တည်း ဟာမိုနီ သမား ) ပါရောက်လာပြီး အသံထည့်ဖို့ ပြင်သည်။ လင်းနိုင်ဝင်းက သီချင်းကို ကျကျနန ဆိုသည်။ စိတ်တိုင်းမကျမချင်း ရေသောက်လိုက် ပြန်ဆို လိုက်နှင့်။ နောက်တော့ ရေနွေးပါကူရသေးသည်။ ဒိုးဒိုကလည်း ပြုံး ပြုံး ပြုံးပြုံး နှင့်။ သူက ကောင်းပါသည်ဟု ဆိုသည့်တိုင် လင်းနိုင်ဝင်း စိတ်တိုင်းမကျမချင်း ဒိုးဒိုက အသံကိုဖမ်းပေး၊ ပြန်ဖွင့်ပေးသည်။ 

လင်းနိုင်ဝင်းပြီးတော့ ငါငူးက ဟာမိုနီကို စိတ်တိုင်းကျသည် အထိ လိုက်သည်။ လင်းနိုင်ဝင်းက ဟာမိုနီသံကိုပါ အားဝင်ဖြည့်သည်။ သီချင်းက ပိုရုပ်လုံးကြွလာသည်။ တချို့နေရာများမှာ သူတို့ဆိုချင်သည့်ပုံစံများကို ပြောပြသည်။ ကျွန်တော်က ဆိုပါဟု နားလည်ပေးသည်။ အဓိကဖြစ်သော သီချင်း၏ အကြောင်းအရာနှင့် စာသားမပျက်လျှင် ပြီးရောဟု ကျွန်တော်သဘောထားပါသည်။ ကျောင်းနှင့် ပတ်သက်သောသီချင်းဖြစ်၍ အားလုံးစိတ်ထဲက ဖန်တီးချင်စိတ်ဖြင့်လုပ်သောအရာကို ကျွန်တော်ကန့်ကွက် စရာမရှိ။

အဆိုအားလုံး ပြီးချိန်မှာ စကားခဏထိုင်ပြောပြီး ပြန်ခဲ့သည်။ အိမ်ရောက်တော့ ညတစ်နာရီ။ မနက်ဆို ကျွန်တော်က စောစောထသွားရသူ။ သူတို့တစ်တွေလည်း အလုပ်ကိုယ်စီနှင့်။

ထိုကြားထဲမှာမှ သူတို့ချထားသော အစီအစဉ်အတိုင်း တရွေ့ရွေ့နှင့် သွားနေရာမှ တကယ်မှန်းထားသော ၁၀.၁၂.၂၀၁၄ မတိုင်ခင် ၈.၁၂.၂၀၁၄ နေ့မှာ အတီးပိုင်း၊ အဆိုပိုင်းအားလုံးပြီးသွားတော့သည်။ စိုးမင်းဆက်က နဂိုကတည်းက အမ်တီဗွီလုပ်ချင်၍ Facebookမှရသောဓာတ်ပုံများကိုစုကာ သီချင်းကို YouTube မှာတင်သလို Soundcloud မှာပါတင်ခဲ့သည်။ 

တကယ်တော့ ထိုသီချင်းကို ဆရာကန်တော့ပွဲမှာ ဆိုဖို့ စိုးမင်းဆက် အာရုံစကျခဲ့တာဖြစ်သည်။ ကျွန်တော်ကတော့ ဖန်တီးပြီးသား အနုပညာပစ္စည်းတစ်ခုအတွက် ဘယ်သူလုပ်ပါ၊ ဘယ်ဝါလုပ်ပါ မပြောလို။ အနုပညာကို နှလုံးသားဖြင့် ခံစားတတ်သူချင်း စုမိ၍ ဖန်တီးဖြစ်သွားတာဖြစ်သည်ဟု ကျွန်တော်နားလည်သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့ကြားမှာ ထိုသီချင်းအတွက် မည်သည့်အကျိုးအမြတ်၊ ငွေကြေးတစ်ပြားမျှမပါ။ ရင်ခုန်သံချင်း နီးစပ်မှုသာပါသည်။

ကျွန်တော်ရေးခဲ့သော " နှုတ်ဆက်ခြင်းရဲ့ မျက်ရည် " သီချင်းမှာ မူလအတီးပညာရှင် နေဇော်၊ သီချင်းကိုပိုအသက်ဝင်စေဖို့နှင့် ဆရာကန်တော့ပွဲတွင်သုံးရန်စပြီး အကြံပြုခဲ့ပြီး နောက်ကွယ်ကနေ ပံ့ပိုးပေးခဲ့သူ စိုးမင်းဆက်၊ အဆိုပိုင်းကိုစတာဝန်ယူရင်း တီးဝိုင်းဖြစ်လာစေရန် မင်းမင်းထွန်းနှင့် ချိတ်ဆက်လုပ်ဆောင်ခဲ့သော လင်းနိုင်ဝင်း၊ အတီးပိုင်းမှာ ဂစ်တာပိုင်းကို( အထူးသဖြင့် လိဒ် ) တာဝန်ယူ၍ သီချင်းချောချောမောမော ဖြစ်စေရန် တောက်လျှောက် ဖန်တီးပေးခဲ့သော မင်းမင်းထွန်း ( Black Rose တီးဝိုင်းခေါင်းဆောင် )၊ ဟာမိုနီကို ခံစားချက်အပြည့်နှင့်လိုက်ပေးသော ငါငူး ( Kenosis )၊ ထိုသူများအပြင် သီချင်းတစ်ပုဒ်လုံး သူ့နေရာနှင့်သူ ဟာကွက်မရှိအောင် တစ်ပိုင်းစီ အလှပြင်ပေးခဲ့ကြသော ညီငယ်များဖြစ်သည့် ဗစ်တာ ( Classical )၊ ဇာနည် ( ဒရမ် နှင့် ဘေ့စ်)၊ ဗစ်တာစည်သူဟိန်း ( ကီးဘုတ် )၊ သူ့အိမ်မှာရှိသမျှ တူရိယာပစ္စည်း အကုန် စိတ်တိုင်းကျစေခဲ့သော မျိုးပြည်စိုး၊ သီချင်းသွင်းဖို့ကို Schedule နှင့် တိတိကျကျထားပြီး တကယ့်ပရောဂျက်တစ်ခုလို လုပ်ခဲ့သည့်အပြင် အမြဲနောက်ကနေ သီချင်းအချိန်မီပြီးဖို့ တွန်းနေခဲ့သည့်ညီငယ်၊ သီချင်းအသံသွင်းဖို့သူကမန်နေဂျာတာဝန်ကိုယူထားသည့် ထင်ကြီး ( ထင်ကြီးနှင့် မျိုးပြည်စိုးက ကျွန်တော်တို့နောက်မှ စက်မှုတက္ကသိုလ်ကိုရောက်သူများ ဖြစ်သော်လည်း ကျောင်းဆိုသော သံယောဇဉ်နှင့် ကူခဲ့တာဖြစ်သည်။ )၊ သူတို့အားလုံးနှင့် အပေါ်မှာဆိုခဲ့သလို အနုပညာ ၀ါသနာပါ၍ တတ်နိုင်သည့် ဘက်မှ ၀င်ကူညီကာ အသံဖမ်းတာဝန်ကိုယူထားပြီး သူ့ကွန်ပျူတာ၊ သူ့ဆောင်းဘောက်စ် များဖြင့် ကျွန်တော်တို့ ရစ်သမျှပြုံးလျက် ခဏခဏ ပြန်ဖန်တီးပေးခဲ့သော ဒိုးဒိုတို့အားလုံးကို မမေ့မလျော့ ကျေးဇူးတင်ရင်း မှတ်တမ်းလည်းတင်ရပါသည်။ 

ရန်ကုန်စက်မှုတက္ကသိုလ်ဟု ဆိုလိုက်လျှင် RIT, YIT လည်း ပါသလို YTU , PTU တို့လည်း ပါပါသည်။ " နှုတ်ဆက်ခြင်းရဲ့ မျက်ရည် " သည် ထိုကျောင်းများမှာတက်ခဲ့ဖူးသော နောင်တော်၊ အစ်မတော်၊ ညီတော်၊ ညီမတော်များနှင့် သူငယ်ချင်းများအတွက် အလွမ်းဖြေစရာ၊ သို့မဟုတ် စိတ်ခံစားမှု တစ်ခုခုပေးစရာ ဖြစ်ပါလိမ့်မည်။ သည်သို့ကျွန်တော်ယုံကြည်ပါသည်။ 

မည်သို့ဖြစ်စေ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများအပါအ၀င် အနုပညာဝါသနာပါသူများ ဖန်တီးထားသော " နှုတ်ဆက်ခြင်းရဲ့ မျက်ရည် " သီချင်းအတွက် ပါဝင်ပတ်သက်သူ အားလုံးကို ကျေးဇူး တင်ရင်း ကျွန်တော်တို့ခေတ်၏ အနုပညာလက်ရာတစ်ခုကို ချန်ထားခွင့် ရသည့်အတွက် သီချင်းရေးသူတစ်ဦးအနေဖြင့်လည်းကောင်း၊ ထိုသီချင်းကို ၀ိုင်းဝန်းဖန်တီး၍ နှလုံးသားဖြင့်ခံစားသူများ ကိုယ်စားလည်းကောင်း လှိုက်လှဲစွာ ဂုဏ်ယူနေမည် ဖြစ်သလို သူငယ်ချင်းများ၊ ဆရာဆရာမများ အနေဖြင့်လည်း နှလုံးသားဖြင့် ခံစားနားဆင်နိုင်ပါစေကြောင်း မျှော်လင့်မိပါတော့သည်။             ။

သားလတ်
၂၃း၁၄ နာရီ ( စင်ကာပူစံတော်ချိန် )
၉.၁၂.၂၀၁၄


Wednesday, December 3, 2014

" Facebook ပေါ်က ကျွန်တော့် Status များ " ( ၁၈ )



+စင်ကာပူအခြေစိုက်ဆိုသောဂျပန်ကုမ္ပဏီကြီး၏အုပ်ချုပ်ရေးပိုင်းက ချမှတ်သောစည်းမျဉ်းများကလေး 
စားလောက်သည်။သူတို့ ပရောဂျက်တစ်ခုမှာအရှုံးပေါ်နေ၍အောက်ကသူတို့ငှားထားသော Sub Contractorကုမ္ပဏီငယ်များကိုဖိလေသလားမပြောတတ်။ကျွန်တော် အခုလက်ရှိ လုပ်နေသော ပရောဂျက်မှာအလုပ်သမားလေးများ နားချိန်ဖြစ်သည့် Coffee Break ကိုဖြုတ်ရမည်တဲ့။ MOM( Ministry of Manpower)သာသိလျှင်ဘယ်လိုနေမည်လဲစောင့်ကြည့်ချင်သေးသည်။အမှန်ကကျွန်တော်တို့ ကုမ္ပဏီငယ်များမှာမိမိသတ်မှတ်ချိန်အတိုင်းသွားနေ ကြတာဖြစ်သည်။အလုပ်မပြီးလျှင်တော့တစ်မျိုးပေါ့။ ခုဟာကနေပူထဲမှာအလုပ်လုပ်နေရသောအလုပ်သမားလေးများကိုမှမစာမနာ။တစ်နာရီကနေ ညနေခြောက်နာရီ၊ခုနစ်နာရီအထိတစ်ဆက်တည်းလုပ်ရမည်တဲ့။ ကျွန်တော်တို့ကလည်းလုံးဝမလိုက်နာ။ သူတို့နားနေဆောင်မှာပေး မတည်းတောင်ကျွန်တော်တို့ဘာသာအဆင်ပြေသည့်နေရာမှာ တည်းကြသည်။ နားကြသည်။
ထိုထက်ပိုဆိုးသည်ကအင်မတန်မှရယ်စရာကောင်းပြီးတစ်ဖက်သတ် ဆန်သောစည်းမျဉ်းတစ်ခုဖြစ်သည်။သူတို့ကုမ္ပဏီက၀န်ထမ်းတချို့ရုံးချိန် အတွင်းအပြင်ထွက်လျှင်လုပ်ကွက်ထဲကတခြားကုမ္ပဏီကားကို တား၍လိုက်ပါကထိုဝန်ထမ်းကိုတင်ပြီးအပြင်ကိုပို့သောကား၏ယာဉ်မောင်းကိုလုပ်ကွက်ထဲကထုတ် မည်ဖြစ်သလိုသူ့ဝန်ထမ်းကိုသတိပေးစာပေးမည်တဲ့။တော်တော်ကိုတရားမျှတသည့်စည်းမျဉ်းပါလားဟုကြား ရကတည်းကကျွန်တော်တို့ ရယ်ပွဲဖွဲ့ဖြစ်သည်။မိမိဝန်ထမ်းကိုမိမိမနိုင်ဘဲနှင့်သူများကိုကျတော့အပြစ်ပေး မှာကထုတ်မှာ၊သူ့ဝန်ထမ်းသူ့ဘာသာခိုးထွက်တာကျတော့သတိပေးစာတဲ့။ ကျွန်တော်လည်းတွေးပါသည်။လက်အောက်ခံကုမ္ပဏီဆိုသည်မှာစင်ကာပူလိုနေရာမျိုးမှာငွေရဖို့ တစ်ခုနှင့်ပင် Main Contractor ကပြောသမျှဟုတ်ကဲ့လိုက်ရသည့်ဘ၀ကိုရောက်နေသောကုမ္ပဏီလေးများ သာဖြစ်သည်ဟု။ ( မေလ ၁၈ ရက်၊ ၂၀၁၃ ခုနှစ် )


+အခုတလောသူငယ်ချင်းများနှင့်ဆုံဖြစ်သည်။သူငယ်ချင်းတစ်ယောက်ယောက်၏အိမ်မှာစု၍ စကားပြောဖြစ်ကြ၊မိသားစုချင်းတွေ့ကြနှင့်စိတ် အပန်းဖြေကြသည်။ကျွန်တော်တို့ပြောသော အကြောင်း အရာများထဲ မှာနိုင်ငံရေး၊စီးပွားရေး၊ပညာရေး၊လူမှုရေးအကုန်ပါသည်။ကျောင်းသား ဘ၀နှင့်အလုပ်ထဲက အကြောင်းများပါသည်။ထိုသို့ပြောနေ၊ဆွေးနွေးနေသည်ကို ကြည့်ရင်းကျွန်တော့်စိတ်ထဲတွေးမိတာလေး တစ်ခုရှိလာသည်။ ကျွန်တော်မြန်မာပြည်မှာပြည်သူ့ဝန်ထမ်းလုပ်နေစဉ်ကကျွန်တော်တို့ ဋ္ဌာနအကြီးအကဲကကျွန်တော်တို့အင်ဂျင်နီယာများကိုစကား တစ်ခွန်းပြောသည်။သူခိုင်းသည့်ကိစ္စတစ်ခု အဆင်မပြေပါက"မင်းတို့BE တွေက ရှိသည်၊ မဖြစ်ပါ "တဲ့။  
သူဆိုလိုချင်သည်ကအင်္ဂလိပ်လိုBEဘီသည်ရှိသည်၊ဖြစ်သည်ဟု အဓိပ္ပါယ်ထွက်သော်ငြားကျွန်တော်တို့ အင်ဂျင်နီယာကျောင်းဆင်း (ရန်ကုန်စက်မှုတက္ကသိုလ်ဆင်း)များမှာတော့ရှိသာရှိသည်။သုံး၍မဖြစ်ပါဟု ဆိုလိုခြင်းပင်။ကျွန်တော့်စီနီယာဓာတုအင်ဂျင်နီယာတစ်ယောက် အန်တန်နာဆင်ပြီးလိုင်းမမိသောအခါထိုအကြီးအကဲကထိုစကားပြောသည်။ဘီအီး-ဘီ၊ရှိသည်၊မဖြစ်ပါဟု ထပ်ခါဆိုသည်။အလုပ်ကိစ္စတစ်ခုအဆင်မပြေဖြစ်သည်။ဘီအီး-ဘီ၊ရှိသည်၊မဖြစ်ပါဟုဆိုသည်။ကျွန်တော်တို့အားလုံးနည်းနည်းတော့အောင့် သက်သက်ခံစားရသည်။
ယခုကျွန်တော်အလုပ်ကထွက်ခဲ့ပြီးစင်ကာပူမှာသူငယ်ချင်းအင်ဂျင်နီယာများ(ကျွန်တော်တို့အားလုံးရန်ကုန် စက်မှုတက္ကသိုလ်ဟုခေါ်သောကာလမှာတက်ခဲ့သူများဖြစ်သည်)လုပ်ငန်းခွင်ကိုယ်စီဝင်၍အလုပ်ကိုယ်စီနှင့် အဆင်ပြေနေကြသည်။ကျွန်တော်တို့နောင်တော်ကြီးများလည်းကျွန်တော်တို့နှင့်အတူတွေ့ဆုံဝိုင်းဖွဲ့
တတ်ကြသည့်အခါကျွန်တော်အမြဲဂုဏ်ယူနေသည်က"BEဘီ၊ရှိသည် ၊ဖြစ်သည်။ပြည်ပမှာ"ဟု။ပြည်တွင်းမှာရှိနေ၊ဖြစ်နေသောသူများလည်းများစွာရှိနေဦးမည်ဖြစ်သော်ငြားထိုသို့မကောင်းထင်တတ်သော သူများနှင့်တွေ့လျှင်ရှိသည်၊မဖြစ်ပါဟုသာအပြောခံနေရပေဦးမည်ကိုကျွန်တော်သိသည်။ ကျွန်တော်တို့ဆုံနေကျစကားဝိုင်းများကိုရောက်လျှင်ထိုအကြီးအကဲကို ဖျတ်ခနဲသတိရသည်။ တခြားတော့မဟုတ်။သူပြောခဲ့သော"ဘီအီး-ဘီ၊ရှိသည်၊မဖြစ်ပါ"ဆိုသောကျွန်တော်တို့ဘီအီးများ သည်၊ပြည်ပ မှာတော့တော်တော်အလုပ်ဖြစ်ပါသည်ဟုသူ့ကိုပြန်ပြောချင် မိသောကြောင့်ပင်။ တချို့ကလည်းပြောသည်။ဦးနှောက်ယိုစီးမှုများများနေသည်တဲ့။မယိုစီးစေချင်လျှင်မယိုစီးအောင်ထိန်းသိမ်းရ မည့်နည်းလမ်းများရှာသင့်သည်။ စကားလုံးနှင့်ပြောနေ၍မပြီးနိုင်။သည်နေ့ပင်အခင်ဆုံးသူငယ်ချင်း တစ်ယောက်နှင့်ထိုအကြောင်းဆွေးနွေးမိသေးသည်။
ကျွန်တော်တို့လည်းအပြင်သို့မယိုစီးချင်ပါ။သို့သော်ကျွန်တော်တို့ကိုပြည်ပသို့ယိုစီးအောင်လုပ်နေသူများရှိနေသမျှတော့ယခင်ကတင်မဟုတ်။ယခုရော၊နောင်ရောဦးနှောက်များဆက်လက်ယိုစီးနေမည်မှာ အမှန်ပင်။ ( ဇွန်လ ၁ ရက်၊ ၂၀၁၃ ခုနှစ် )


+ကျွန်တော်နေသောအိမ်ကိုရောက်ရန်စီးရသောဓာတ်လှေကားတစ်စင်းရှိသည်။တစ်ခါကတရုတ်အဘိုးကြီး တစ်ယောက်နှင့်ကျွန်တော်ဓာတ်လှေကားထဲမှာဆုံသည်။မိမိသွားလိုသောအထပ်၏နံပါတ်ကိုနှိပ်ပြီးတံခါးပိတ် ရန်စောင့်နေစဉ် ကျွန်တော်ကစိတ်မရှည်။တံခါးပိတ်သည့်ခလုတ်ကမီးရောင်ကလေးကမှိတ် တုတ် မှိတ်တုတ်ဖြစ်နေစဉ်မှာပင်ကျွန်တော်ကတံခါးမြန်မြန်ပိတ်ရန်ခလုတ် ကိုနှိပ်ချလိုက်သည်။ဒါကိုထိုတရုတ် အဘိုးကြီးကကျွန်တော့်ကိုလှည့်ကြည့်ပြီးထိုသို့နှိပ်စရာမလိုကြောင်း၊မီးရောင်ကလေးမှိတ်တုတ်မှိတ်တုတ် ဆိုသည်မှာတံခါးပိတ်ရန်ဆင်ဆာကအလုပ်လုပ်နေကြောင်း၊ထိုသို့အလုပ်လုပ်နေစဉ် ခလုတ်ကို ထပ်နှိပ်လိုက်လျှင်ကြာသောအခါခလုတ်ပျက်နိုင်ကြောင်းသေသေချာချာရှင်းပြပါသည်။ကျွန်တော်လက်ခံ ပါသည်။ကျွန်တော်ကသာဆန္ဒစော၍နှိပ်မိခြင်းပါ။တကယ်ဆိုမနှိပ်လည်းတံခါးကပိတ်မှာအမှန်ပင်။ရှေးလူကြီး များကားပစ္စည်းကိုတော်တော်တန်ဖိုးထားတတ်ပါလားဟုကျွန်တော်တွေးမိသေးသည်။
သည်နေ့မနက်ကျတော့တိုက်တိုက်ဆိုင်ဆိုင်ထိုတရုတ်အဘိုးကြီးနှင့် ကျွန်တော်ဓာတ်လှေကားထဲမှာပြန် ဆုံရပြန်သည်။ထုံးစံအတိုင်းသွားလိုသောအထပ်နံပါတ်များကိုနှိပ်ပြီးတံခါးပိတ်သည့်ခလုတ်ကမီးရောင်ကလေး မှိတ်ချည်လင်းချည်ဖြစ်နေသည်ကိုကျွန်တော်ကစိတ်မရှည်။သို့သော်ထိုအဘိုးကြီးကကျွန်တော့်ကိုခလုတ် မနှိပ်ရန်လက်ရိပ်နှင့်ပြနေသည့်အခါကျွန်တော်ကသူ့အကြောင်းသိသူပီပီပြုံးရင်းသာကြည့်နေမိတော့သည်။ စိတ်ထဲ ကတော့တွေးပါသည်။ရှေးလူကြီးများစည်းစနစ်ကျသည်မှာနောက်လူငယ်များလိုက်မမီနိုင်ပါဟု။
ဟုတ်သည်လေ။ထိုဓာတ်လှေကားမှာလူငယ်များစွာသည်တံခါးခလုတ်ကိုတံခါးမပိတ်မချင်းအကြိမ်ပေါင်းများ စွာနှိပ်နေသည်မှာကျွန်တော်ဓာတ်လှေကားစီးတိုင်းကြုံနေကျ။ကျွန်တော်လည်းပါသည်။ရံဖန်ရံခါမိသားစုများ၊ ကလေးများပါလာလျှင်အရေးပေါ်ခေါင်းလောင်းခလုတ်ကိုကလေးများဆော့နေသည်ကိုမိဘများကရယ်မော ကာကြည့်နေခဲ့သည်ကိုပင်ကျွန်တော်ကြုံခဲ့ရဖူးသည်ပဲ။ ကျွန်တော်တို့နောက်လူငယ်များသည်အရေးကြီးသည်ကိုလည်းမကြီးဟုထင်တတ်သလိုအရေးမကြီးသည်ကို လည်းအရေးကြီးသည်ဟုလွဲမှားစွာ လုပ်ဆောင်နေတတ်ကြပြီလားမသိ။ခေတ်၏ပြောင်းလဲမှုပင်ထင်ပါသည်။ သို့သော်တိုးတက်ခြင်းလား၊ဆုတ်ယုတ်ခြင်းလားဆိုသည်ကိုတော့သမိုင်းကစကားပြောပေလိမ့်မည်။ ( ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၁၃ ခုနှစ် )


ဆူးသစ်
၂၁း၂၄ နာရီ ( စင်ကာပူစံတော်ချိန် )
၃.၁၂.၂၀၁၄
 Photo Ref: en.wikipedia.org
Related Posts Plugin for WordPress, Blogger...