Saturday, February 28, 2015

" Facebook နှင့် စည်းကျော်လာသောအသုံးပြုမှုများ "

 
ကျွန်တော် Facebook ကိုအကန့်အသတ်မထား သုံးခဲ့ဖူးသည်။ ရုံးသွားရင်း ဖုန်းကနေကြည့်လိုက်၊ အိမ်ရောက်တော့ ကွန်ပျူ တာနှင့် Facebookဖွင့်ကာ သည်အတိုင်းထားရင်း ကိုယ်တင်စရာရှိလျှင်တင်၊ ကိုယ့်ကို တစ်ယောက်ယောက် ကTagပြီ ဆိုလျှင်၊ သို့မဟုတ် Notification တစ်ခုလောက် တက်လာလျှင် ဖွင့်ကြည့် လိုက်နှင့် တောက်လျှောက်ကို သုံးခဲ့တာဖြစ်သည်။

Facebook ၏သဘောတရားအရ Like လုပ်ကြသည်။ Comment ပေးကြသည်။ စကြ၊ နောက်ကြသည်။ သို့သော် အတိုင်းအတာရှိသင့်သည်။ အဘယ့်ကြောင့်ဆိုသော် Facebook မှာစခြင်း၊ နောက်ခြင်း၌ ထိုအထဲတွင်ဝင်ရေးသူ အားလုံး၏ Friend List ထဲတွင်ရှိသူများပါ မြင်နေရသည်။ ဆိုလိုသည်မှာ သူ့အသိုင်းအ၀ိုင်းပါလာသည်။

ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်မှာ စခြင်း၊ နောက်ခြင်း၊ စာသင်ကျောင်းမှာစခြင်း၊ နောက်ခြင်းတို့အတွက် ထိုအနားဝန်းကျင်ကသူများသာ သိသည်။ တစ်စားပွဲတည်းကလူများသာ သိသည်ဟုဆိုနိုင်သည်။ သို့သော် Facebook မှာက ထိုသို့မဟုတ်။ ကိုယ်နှင့် အကျွမ်းတ၀င်မသိသူများပင် သူတို့မသိသေးသော အကြောင်းအရာအားလုံးကိုသော်လည်းကောင်း၊ တစ်ပိုင်းတစ်စကိုသော်လည်းကောင်း သိသွားနိုင်သည်။ သည်အတွက် အစစ၊ အရာရာ ဆင်ခြင်နိုင်မှ သင့်တော်မည်ဖြစ်သည်။

သို့သော် ကျွန်တော်လေ့လာမိသလောက် Facebook သုံးသူ တော်တော်များများက သိပ်စဉ်းစားလေ့ မရှိဘဲ ရေးချင်ရာရေးတာများသည်။ ထို့အပြင်တစ်ယောက်နှင့် တစ်ယောက် Tag ကြသည့်အခါ မှာလည်း ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်ကို မကြည့်။

ကျွန်တော့်မှာဥပမာတွေရှိသည်။ အမျိုးသမီးနှစ်ဦးဓာတ်ပုံအတူ ရိုက်သည်။ တစ်ဦးကပိန်သည်။ တစ်ဦးက ပိန်သူထက် အနည်းငယ်ဝသည်။ ပိန်သူ၏သူငယ်ချင်းတစ်ယောက်က လာရေးသည်။ ထိုပိန်သူသည် သူဝသည်ကို ပေါ်မှာစိုး၍ သူ့ထက်ဝသူနှင့်တွဲ၍ ရိုက်ပါသည်တဲ့။ ထိုအခါ အနည်းငယ်ဝသူ အတွက် ဒေါသ ထွက်ချင်စရာ ဖြစ်ရသည်။ တကယ်တော့ သူမကလည်း ကိုယ်အလေးချိန်လျှော့ချနေသူ ဖြစ်သည်။ Comment ရေးသူနှင့် အနည်းငယ် ၀သူတို့သည် လုံးဝမသိ။ ပိန်သူကြောင့်သာ Facebook ပေါ်မှာ ထိုသို့ အရေးခံရတာဖြစ်လေသည်။ ဘယ်သူမျှ မကောင်းတော့။

နောက်ဥပမာတစ်ခုက ယောကျာ်းလေးတစ်ယောက်က အင်္ကျီမပါ၊ ဘောင်းဘီတိုဝတ်၍သူ့ကိုယ်လုံးကို ဓာတ်ပုံရိုက်ကာ Facebook မှာတင်သည်။ သူ့ဘာသာတင်သည်က ပြဿ   နာမရှိသော်လည်း သူက Tag လိုက်သေးသည်။ ထိုအထဲမှာ သူ့သူငယ်ချင်း မိန်းကလေးများပါ ပါသည်။ သူ မတွေးလိုက်သည်က သူ့သူငယ်ချင်းမိန်းကလေးများအတွက် ထိုပုံကိုတက်ဂ်ရန်လိုမလိုဖြစ်သည်။ ဘာအတွက်ပါနည်း။

နောက်ဆုံးအကျိုးဆက်ကတော့ သူငယ်ချင်းမိန်းကလေးက ဒေါကန်တော့သည်။ သူမမှာသူမ မိဘ၊ ဆွေမျိုး၊ အသိုင်းအ၀ိုင်းရှိသည်။ ယောကျာ်းလေးတစ်ယောက်က ဘောင်းဘီတိုဝတ်ကာ အင်္ကျီဗလာနှင့် ရိုက် ထားသောပုံကို မိန်းကလေးတစ်ယောက်ကို တက်ဂ်ခြင်းမှာ အဓိပ္ပါယ်အများကြီးရှိသည်။ သည်အတွက် လည်း ဘယ်သူ့ဘယ်သူမျှ မကောင်းတော့။

နောက်ထပ် ဥပမာတွေ အများကြီး ရှိသေးသည်။ ချရေးလျှင် ကုန်မှာမဟုတ်။ လူတိုင်းလူ့အသိုင်းအ၀ိုင်း ရှိကြသည်။ တချို့က သူတို့မှသာ အသိုင်းအ၀ိုင်းရှိသည်ဟုများ ထင်သလား မပြောတတ်။ တစ်ဖက်သား အတွက် ကိုယ်ရေးလိုက်သော စကားလုံး၊ ကိုယ်တင်လိုက်သောဓာတ်ပုံတို့သည် သူ့ဘ၀အတွက် များစွာထိခိုက်နိုင်သည်ကို မတွေး။ တည့်တည့်ပြောရလျှင် Facebook မှာ သူ့စည်းကိုယ့်စည်း ထားတတ်မှု အားနည်းကြခြင်းဖြစ်သည်။

ဆိုလိုသည်မှာ ကိုယ်ပိုင်ဆိုင်သော ကိုယ်ပိုင်အကောင့်မှာပင် ထိန်းထိန်းသိမ်းသိမ်း ရေးရ၊ ထိန်းထိန်း သိမ်းသိမ်း ဓာတ်ပုံတင်ရသေးလျှင် သူများအကောင့်ဆိုလျှင်တော့ ပြောဖွယ်ရာ မရှိတော့။ ထိုအချက်ကို Facebook သုံးသူများ နားလည်စေချင်သည်။ ထိုသို့ သူ့စည်း၊ ကိုယ့်စည်း နားမလည်လျှင်တော့ အပြင်မှာ ခင်သူချင်းပင် Facebook သုံးမှ အခင်အမင်ပျက်ရသေးသည်ဟု ကျွန်တော်ရေးခဲ့ဖူးသလို ဖြစ်လာနိုင်မည်မှာ မလွဲမုချပင်ဖြစ်ပါတော့သည်။           ။

ဆူးသစ်
၁၆း ၁၆ နာရီ ( စင်ကာပူစံတော်ချိန် )
၂၈.၂.၂၀၁၅

Thursday, February 19, 2015

" လွတ်မြောက်ခြင်း "


စိတ်က လွတ်လပ်သွားတယ်
ချုပ်ထိန်းမှုတွေက ပွင့်ထွက်တယ်
ပြူ တင်းပေါက်အပြင်တောင်လွင့်ထွက်လို့
လွတ်လပ်ရေးနဲ့ ဒီမိုကရေစီကိုတွဲရသလိုမျိုး။

အခန်းငယ်တွေကနေ ထွက်ထားတယ်
ဝင်ချင်တဲ့အချိန်မှဝင်တဲ့အခါ
မေ့ရမှာတွေကိုမေ့လို့ရသွားတယ်
ကိုယ်ရှာတဲ့ဒုက္ခဆိုတာ ကိုယ်သာသိခဲ့တာပေါ့
ကြီးကြီးမားမားတွေ ဆုံးရှုံးရတယ်ဆိုတာ
တစ်ခါတစ်ခါတော့ ငြိမ်းချမ်းခြင်းရဲ့အနှစ်သာရတွေကိုရဖို့များလား။

ခပ်တုံးတုံးတွေကိုပဲ ဖက်တွယ်ထားသလိုမျိုး
ကိုယ့်မြှုံးနဲ့ကိုယ် ပိတ်မိနေတာ
မာနတွေမျို ချတာများတော့ ကိုယ်ကပဲမျိုးတုန်းတော့မယောင်
နဂါးတွေအမောက်ထောင်တတ်တယ်ဆိုတာ
ကျားတွေဟိန်းဟောက်နေတာနဲ့အတူတူပဲလေ။

ရွေးချယ်ခွင့်တွေကြားမှာ
ကိုယ့်ကိုယ်ကိုအသုံးချ ခံနေတာ ကြာသွားလားမသိ
စာမျက်နှာတွေလည်း ပြဲဆုတ်လို့
စကားလုံးတွေကလည်း မလှပလို့
လိုင်းတွေအတားခံရတာခဏခဏဆိုတော့လည်း
အမှောင်ထဲကနေပဲ ပြေးထွက်လိုက်တော့တယ်
သေချာတယ်...
ငါ့စိတ်တွေ လွတ်မြောက်ခြင်းနယ်မှာ နားတော့မယ်။          ။

သားလတ်
၂၃း၃၆ နာရီ ( စင်ကာပူစံတော်ချိန် )
၁၈.၂.၂၀၁၅
Photo Ref: http://www.pageresource.com

Sunday, February 15, 2015

" မေ့မရနိုင်ခဲ့သော မာလာဆောင်ညတစ်ည "


 ၁၉၉၅ ခုနှစ်၊ မေလ၊ ၂၇ ရက်နေ့။

လက်ရှိကာလက ပြန်ကြည့်လျှင်  နှစ် ၂၀ ခန့်ပင် ကြာခဲ့ပြီဖြစ်သည်။ သို့သော် ကျွန်တော့်အတွက် မမေ့နိုင်ခဲ့သော ညတစ်ည ရှိခဲ့သည်။ ယခင်က ရန်ကုန်စက်မှုတက္ကသိုလ်က သူငယ်ချင်းများနှင့် ညဘက်ကြီးလမ်းလျှောက်၍ လျှောက်သွားခဲ့သောညသည် မမေ့နိုင်ခဲ့သော ပထမည။ ကျွန်တော်တို့သည် (၂၀) မှာ ကျွန်တော် ထိုညအကြောင်း ရေးခဲ့ပါသည်။ ယခု ၁၉၉၅ ခုနှစ်၊ မေလ၊ ၂၇ ရက်နေ့သည်ကား ရန်ကုန်စက်မှုတက္ကသိုလ်မှာ ကြုံရသည့်ညမဟုတ်။ ရန်ကုန်တက္ကသိုလ်ရှိ မာလာဆောင်မှာ ကြုံခဲ့ရတာဖြစ်သည်။ ထိုညကလည်း မမေ့နိုင်ခဲ့သော ညတစ်ညပင်။

ထိုအချိန်က ကျွန်တော့်မှာ ဂစ်တာတီးဖော်သူငယ်ချင်းများ ရှိသည်။ သူတို့က ကျွန်တော်ယခင်နေခဲ့ရာ အရပ်မှ ဖြစ်သည်။ ကျွန်တော်သည် အိမ်ပြောင်းသွားခဲ့သည့်တိုင် သူတို့ရှိရာကို ရံဖန်ရံခါ သွားလည်တတ်ပြီး သူတို့အထဲမှာ ဂစ်တာအတီးကောင်းသူ တစ်ဦးရှိ၍ အခါအခွင့်သင့်လျှင် သင့်သလို သီချင်းစုဆိုတတ်သည်။

ထိုညက မထင်မှတ်ဘဲ ကျွန်တော်တို့အားလုံး ၁၀ ယောက်ခန့်စုမိသည်။ ညီအစ်ကိုလိုနေသော သူငယ်ချင်းတစ်ယောက် အိမ်မှာ လေးဘီးကားလေးရှိ၍ ထိုကားနှင့် အဆောင်မှာ သီချင်းသွားဆိုရန် ညှိသည်။ နှစ်ခါမညှိရ။ သည်လိုနှင့် လှည်းတန်းက မာလာဆောင်ကိုရောက်သည်။

အဆောင်မှာ သီချင်းဆိုလျှင် သီချင်းဆိုသူချင်းသာ သိသည့် စည်းကမ်းဟု ဆိုရမည့် အချက်တစ်ချက်ရှိသည်။ တစ်ဖွဲ့ဆိုနေချိန်မှာ နောက်တစ်ဖွဲ့က ပြိုင်မဆိုရ။ ဒါက နားလည်မှုဖြစ်သည်။ မည်သူမျှ စည်းကမ်း ထုတ်ထားတာ မဟုတ်။ ထိုအတွက် ဆိုရသူတွေလည်း ကောင်းသလို။ နားထောင်ရသူများလည်း အဆင်ပြေသည်။ ပြိုင်ဆိုနေလျှင် ဆူညံကာ ဆိုသူလည်း မကောင်း။ နားထောင်သူလည်း မကောင်း။

ကျွန်တော်တို့အဖွဲ့ ရောက်သွားချိန်မှာ မာလာဆောင်ရှေ့မှာ အဖွဲ့တစ်ဖွဲ့ တီးလက်စ။ သူတို့က သုံးလေးယောက်လောက်သာ ရှိသည်။ ကျွန်တော်တို့အဖွဲ့က သူတို့တီးလက်စ အပုဒ် ပြီးအောင်စောင့်သည်။ သူတို့ပြီးတော့ ကျွန်တော်တို့ ၀င်သည်။ သူတို့က ခဏရပ်သည်။ နောက်တစ်ကြိမ် သူတို့ပြန်ဆိုစဉ်မှာ မိုးကဖွဲဖွဲ စရွာသည်။ ကျွန်တော်တို့က ဂစ်တာမိုးစိုမှာ စိုး၍ ကားပေါ်ကို ခဏတင်ကာ မူလအဖွဲ့ အပြီးကို စောင့်သည်။

ထိုအချိန်မှာ မာလာဆောင်ပေါ်က လူရိပ်များကို မီးရောင်အောက်မှာ ကျွန်တော်တို့ မြင်ရသည်။ သူတို့သည် သူတို့ဝရန်တာမှ သီချင်းကို နားစွင့်နေပုံရသည်။ မူလဆိုနေသော အဖွဲ့ကား မိုးဆက်ရွာလာ၍ ရပ်ကာ ပြန်သွားလေသည်။ ကျွန်တော်တို့ အဖွဲ့က မိုးကိုခဏစောင့်ပြီး မိုးနည်းနည်းပါးချိန်မှာ အဆောင်တံခါးရှေ့ကို ပြန်ဝင်သည်။ သစ်ပင်ကြီးများကြောင့် မိုးသည် ကျွန်တော်တို့ကိုယ်ပေါ်ကို စိုရွှဲသည်အထိ မကျနိုင်တော့။

ထိုအတွက် ကျွန်တော်တို့အဖွဲ့က ကျွန်တော်တို့ ကြိုက်သော သီချင်းများကို စဆိုသည်။ ဖြစ်ချင်တော့ ကျွန်တော်တို့မှာပါလာသော သောက်ရေဘူးများ ကုန်သွားသည်။ ပါလာသော သူအချို့က အဆောင်ပေါ်ကို ကုန်းအော်သည်။ သောက်ရေကုန်သွားပြီဟု။ သီချင်းက ကုန်းအော်ဆိုရ၍ မောလာသည့်အခါ ရေက ဆာလာသည်။ ထိုအခါ သီချင်း ဆက်ဆိုဖို့ အားလျော့လာ၏။

ထိုအတောအတွင်းမှာ အဆောင်ထဲက ဦးလေးကြီးတစ်ဦးထွက်လာသည်။ သောက်ရေနှင့် စားစရာ မုန့်တချို့ပါလာ၏။ ပြီးတော့ စာတစ်စောင်ကို ဦးလေးကြီးက ပေးသည်။ ကျွန်တော်တို့ ဖတ်ကြည့်သည်။

" အဆောင်ရှေ့က သီချင်းလာဆိုကြသော အစ်ကိုကြီးများရှင့်.......
ကျေးဇူးပြု ပြီး အဆောင်ပေါ်ကို လှမ်းမအော်ပါနဲ့နော်။ အဆောင်မှူးဆူမှာစိုးလို့ပါ။ လိုတာရှိရင် အဲဒီဦးလေးကြီးကို လှမ်းမှာလိုက်ပါ။ အခု သောက်ရေနဲ့ မုန့်တွေထည့်ပေးလိုက်ပါတယ်။ ကျွန်မတို့ကို အောက်ကစာရင်းထဲက အဆိုတော်တွေရဲ့ သီချင်းတွေ ဆိုပေးဖို့ တောင်းဆိုပါရစေ။ " ဆိုပြီး အဆိုတော်နာမည်များကို ကြည့်သည့်အခါ ထူးအိမ်သင်၊ ဆောင်းဦးလှိုင်၊ လေးဖြူ ၊ စိုးလွင်လွင် စသဖြင့် ပါသည်။

ဘာပြောကောင်းမည်နည်း။ ထူးအိမ်သင်ကို ကျွန်တော်တို့ဆက်တိုက်ဆိုသည်။ ဂျပ်ဆင်ထိပ်က လရိပ်ပြာ၊ ဆွေးတယ်၊ အမေ့အိမ် စသဖြင့် စုံနေအောင်ဆိုသည်။ အံ့ဩဖို့ကောင်းသည်။ သူတို့သည် အဆောင်၏ ညဥ့်နက်လာမှုကို အံတုကာ အဆောင်မှူး၏ စည်းကမ်းကိုလည်း မလွန်ဆန်ကာ ၀ရန်တာမှာ နားထောင်နေရာမှ အခန်းထဲကို ၀င်သည်။ တံခါးကိုဖွင့်ထားသည်။ ပြီးတော့ အခန်းထဲမှာ ကျွန်တော်တို့ သီချင်းကို တေးသရုပ်ဖော် လိုက်လုပ်သည်။ ထိုသို့လုပ်သည်က အခန်းတစ်ခန်းတည်း မဟုတ်။ လေး၊ ငါး၊ခြောက်ခန်း။ သူတို့ အဆင်ပြေသလို လုပ်နေတာ ဖြစ်သည်။

ကျွန်တော်တို့ကား ရေနှင့်စားစရာ ရပြီဖြစ်၍ အားနည်းနည်းရှိလာသလို မာလာဆောင်သူတို့၏ တေး သရုပ်ဖော်တို့ကြောင့် သီချင်းဆိုရသည်ကို ပိုပြီး အရသာတွေ့လာ၏။ ဆောင်းဦးလှိုင်၏ မင်းရဲ့ ကို ဆိုသည်။ ဒါလည်း သူတို့က တေးသရုပ်ဖော်လို လိုက်လုပ်သည်။ လေးဖြူ ၏ မျှော်လင့်ခြင်းလေး မှာတော့ သူတို့ အားလုံးငြိမ်၍ နားစွင့်သည်။ ပြီးတော့ ကျွန်တော်တို့က ဆလိုင်းသွှအောင် ရေး၍ သူကိုယ်တိုင် ဆိုခဲ့ပြီး ဖိုးချို ပြန်ဆိုခဲ့သော အဆောင်သူရဲ သီချင်းကို ဆိုရန် မာလာဆောင်နဲ့ပတ်သက်လို့....ဟု အစချီ သည်။ ထပ်ပြီး အံ့ဩရပြန်သည်။ အခန်းတိုင်းလိုလို ထွက်၍ မဆိုရန် လက်ရိပ်ပြသည်။ ကျွန်တော်တို့ အားလုံး ဆိုရန်ပြင်ရင်း ရပ်တန့်ခဲ့ရသည်။ သူတို့ မာလာဆောင်၏ ရာဇ၀င်ထဲက အချစ်ကြီးသူ တစ်ယောက်၏ အကြောင်းရေးဖွဲ့ထားသော သီချင်းကို သူတို့ နားထောင်ရန် စိုးရွံ့နေပုံရသည်။

ပြီးတော့ သူတို့ထဲက လေးငါးယောက်သည် ရေချိုးသည့်ခွက်များ ကိုကိုင်ကာ တစ်ယောက်နှင့် တစ်ယောက် ရေလောင်း ဟန်ပြသည်။ ကျွန်တော်တို့ သိလိုက်သည်။ အတီးသမားက မြနန္ဒာကို စတီးသည်။ အားလုံးက သံပြိုင်လိုက်တော့သည်။ ပြောလျှင် ယုံမှာမဟုတ်။ သူတို့သည် သူတို့၏ ခုတင်ပေါ်ကို တက်ကာ ကကြတော့သည်။ တစ်ခန်းနှင့်တစ်ခန်း မမြင်ရ၍ အကများက မတူညီကြ။ သို့သော် သင်္ကြန်အကတို့၏ သဘောကို သူတို့သိသည်။ တချို့သည် ဆံပင်ရှည်များကို ဖြန့်ချပြီးကသည်။ ကိုယ်ကိုလှည့်စဉ်မှာပင် ဆံစတို့သည် လေမှာဝဲ၏။ တကယ်ကို သင်္ကြန်လို ကနေတာဖြစ်သည်။ ကျွန်တော်တို့အဖွဲ့မှာ ဆိုရင်းဆိုရင်း အားတက်လေပြီ။

မိုးသည် ကျွန်တော်တို့ကို မရပ်နိုင်တော့။ ဆက်မရွာတော့ဘဲ လုံးဝ ရပ်တန့်သွားတော့သည်။ မြနန္ဒာ ဆုံးသည့်အခါ သူတို့အထဲက တစ်ယောက်၊ နှစ်ယောက်က လက်ကိုင်ပုဝါကလေးများကို ဝှေ့ပြသည်။ ကျွန်တော်တို့ သိလိုက်ပြန်ပြီ။ ဂစ်တာအတီးသမားသည် ယခင်ကတည်းက လိဒ်ဂစ်တာသမားဖြစ်၏။ စိုးလွင်လွင်၏ ဒုံးယိမ်းညကို ကရင်ဒုံးယိမ်းတီးလုံးဖြင့် ဂစ်တာနှင့် စလိုက်သည်။ ထို့နောက် တစ်ဖွဲ့လုံးသံပြိုင် လိုက်တော့၏။

မာလာဆောင်သူတို့သည် လက်ကိုင်ပုဝါများထုတ်ကာ ဒုံးယိမ်းညကို ကကြပြန်တော့သည်။ နောက်တော့ သီချင်းတစ်ပုဒ်ပြီးတစ်ပုဒ် ဆုံးတိုင်း သူတို့သည် တဖြည်းဖြည်း ငြိမ်သက်လာတော့သည်။ ညသည် တရွေ့ရွေ့ ကုန်လွန်သွားတော့သည်။ ကျွန်တော်တို့ အဖွဲ့မှာ အရုဏ်ကျင်းလာသည်နှင့်အမျှ ပင်ပန်းမှုများက ၀င်ရောက်လာတော့သည်။ သူတို့အဆောင်မီးများ မပိတ်ခင် အားလုံးကို နှုတ်ဆက်၍ ပြန် ခဲ့တော့သည်။

ထို့နောက် လှည်းတန်းက မိုးအလင်းရောင်းသည့် လက်ဖက်ရည်ဆိုင်မှာ ဗိုက်ဝင်ဖြည့်ပြီးမှ အိမ်သို့ ပြန်ခဲ့ ကြတော့သည်။

တကယ်တော့ ကျောင်းသားဘ၀ ဖြတ်သန်းမှုဆိုသည်မှာ အင်မတန် ပျော်ရွှင်ကြည်နူးစရာ ကောင်းလှသည်။ ထိုအထဲကမှ အဆောင်ကျောင်းသားဘ၀ ဆိုတာကလည်း တကယ်ကို ပျော်ရွှင်စရာဖြစ်သည်ဟု အဆောင် မနေခဲ့ရသည့်တိုင် ကျွန်တော်ယုံကြည်သည်။ ထို့အပြင် မိန်းကလေး အဆောင်များရှေ့မှာ သီချင်းသွားဆို ရသည့်အခါလည်း တကယ်ကို ကြည်နူးရသည်။ ထိုခံစားမှုကို အဆောင်မှာ သီချင်းသွားဆိုဖူးသူများသာ သိသည်။

ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားစစ်စစ် ဖြစ်သော ကျွန်တော့်အဖို့ ရန်ကုန်စက်မှုတက္ကသိုလ်က သဇင်ဆောင်ရှေ့မှာလည်း သီချင်းဆိုဖူးသည်။ ပြီးတော့ ရန်ကုန်တက္ကသိုလ်က အင်းလျားဆောင်ရှေ့ မှာလည်း ဆိုဖူးသည်။ ရန်ကုန်ဆေးတက္ကသိုလ်၏ ယုဝတီဆောင်နားမှာလည်း ဆိုဖူးသည်။ သို့သော် ထိုမာလာဆောင်မှာ ဆိုခဲ့သည့် ညကိုဖြင့် မေ့မရနိုင်သည်မှာ အသေအချာ။

အကြောင်းကရှိသည်။ ကျွန်တော်တို့မှာ ထိုအချိန်က ဂီတဆိုသည့် အနုပညာအပေါ် စီးဆင်းနစ်ဝင်မှု တစ်ခုသာရှိသည်။ မာလာဆောင်သူများသည်လည်းကောင်း၊ ကျွန်တော်တို့ အတီးသမား၊ အဆိုသမားများ သည်လည်းကောင်း ကျောင်းသူ၊ ကျောင်းသားများဖြစ်၍ အရွယ်၏ တောင်းဆိုမှုနှင့် ခေတ်၏ ပေးလာသည့် အခွင့်အရေးပေါ်မှာ အပြည့်အ၀ အသုံးချခွင့်ရခဲ့ကြသည်။ ထိုအတွက် တကယ်ကို ကြည်နူး စရာကောင်းသည်။ ကျွန်တော်တို့မှာ ထိုအချိန်က ဘာစိတ်၊ ညာစိတ်များ မရှိကြ။ ကျွန်တော်တို့ ဆိုသော သီချင်းကို သူတို့က လိုက်က၊ တေးသရုပ်ဖော်လုပ်ပြကြမို့ မနက်လင်းလျှင် သူတို့ကို စောင့်ပြီး လိုက်ရော၊ အကျွမ်းတ၀င်ဖြစ်အောင်လုပ်၊ ဇာတ်လမ်းရှာ စသဖြင့် လုပ်ချင်သောစိတ်များ မရှိ။

မိန်းကလေး အဆောင်ရှေ့ သီချင်းဆိုစဉ်ရသည့် စိတ်ခံစားမှုမျိုးကို ရချင်၍၊ တစ်နည်းအားဖြင့် ကျောင်းသား ဘ၀ ပျော်ရ၍၊ မာလာဆောင်သူများကလည်း အဆောင်ရှေ့မှာ သီချင်းလာဆိုသော ကျောင်းသားဖြစ်ဖြစ်၊ အရပ်သားဖြစ်ဖြစ် အဆောင်သူတို့၏ သဘာဝအရ သီချင်းလာဆိုလျှင် နားထောင်ရင်း ကျောင်းသူဘ၀ အားလပ်ချိန် စိတ်အပန်းဖြေစရာ အဖြစ် ကြည်နူးရ၍ စသောခံစားမှုမျိုးဖြင့်သာ တစ်ချိန်က ကျောင်း သူ၊ ကျောင်းသားဘ၀ကို ဖြတ်သန်းခဲ့ကြတာဖြစ်သည်။

မည်သို့ဆိုစေ ကျွန်တော်ဖြတ်သန်းခဲ့ရသော တက္ကသိုလ်ကျောင်းသားဘ၀မှာ ယခုလို ညမျိုးကို ပိုင်ဆိုင်ခွင့်ရ ခဲ့သည့်အတွက်တော့ ကျွန်တော့်ဘာသာ ကျေနပ်မိပါသည်။ တချို့သောအတိတ်တို့သည် ပြန်မရနိုင်တော့။ တချို့သော ဘ၀တို့သည် ပြန်မရနိုင်တော့။ သို့သော် တချို့ အစိတ်အပိုင်းများကိုကား ဘ၀၏ အမှတ်တရများအဖြစ် ပြန်တွေးတိုင်း ကြည်နူးနေနိုင်သေးသည် ဆိုလျှင် ကျွန်တော်တို့ ခေတ် ၏ ကျောင်းသားဘ၀ အတွက် ကျွန်တော်ကျေနပ်နေပါသည်။

ကြာတော့ကြာခဲ့ပါပြီ။ ၁၉၉၅ ခုနှစ်ကပါ။ လွန်ခဲ့သော နှစ် ၂၀ ခန့်က ဖြစ်ပါသည်။          ။

သားလတ်
၁၂း၃၂ နာရီ ( စင်ကာပူစံတော်ချိန် )
၁၅.၂.၂၀၁၅
Photo Ref: freewallsource.com

Saturday, February 14, 2015

" ဟောင်းနွမ်းမသွားတဲ့ အရာ "



ချစ်ခြင်းကတော့ လတ်ဆတ်နေတုန်းပဲ
ခုနှစ်လေးတွေပဲ ပြောင်းသွားတာ။

အရုပ်ဆိုင်ကလေးတွေရောက်တယ်
ပန်းစည်းကလေးတွေကိုလည်းမြင်တယ်
ချစ်သူလက်ကိုဆွဲပြီး အနာဂတ်ကိုလည်းကြည့်တယ်
ချောကလက်ကျွေးခဲ့တဲ့ကာလတွေကနေ ဒီနေ့အထိ
အရုပ်တွေပြောင်းချင်ပြောင်းမယ်
ပန်းစည်းတွေဟောင်းချင်ဟောင်းမယ်
ချောကလက်လေးတွေ မေ့ချင်မေ့မယ်
သေချာတာက
ချစ်ခြင်းတွေကတော့ မနက်မိုးလင်းတိုင်း
အလင်းနဲ့ပွင့်နေတုန်းပဲ။   ။

သားလတ်
၁၆း ၂၀ နာရီ ( စင်ကာပူစံတော်ချိန် )
၁၄.၂.၂၀၁၅
Photo Ref: ewallpaperhub.com
 

" ချစ်သည်၊ မုန်းသည်၊ ကြိုက်သည်၊ မကြိုက်သည်၊ ကောင်းသည်၊ ဆိုးသည် အပထား "


 Facebook သုံးသည့်ကာလ နည်းနည်းကြာလာသည့်အခါ ကျွန်တော့်အတွက် သင်ယူစရာများ များစွာ ရလာခဲ့သည်။ တစ်ခါတစ်ရံ ကျွန်တော့်စိတ်နှင့် အခန့်မသင့်သည့်အခါ တော်တော်စိတ်ညစ်ရသည်။ မိမိဘာမျှ မလုပ်ဘဲကို စိတ်ညစ်ညူးစရာများက တစ်လှေကြီး ၀င်လာသည်။ ရံဖန်ရံခါ ကျွန်တော့်ဇနီးသည်ကိုပင် ထိခိုက်လာသည့် သဘောမျိုးတွေရှိလာသည်။ သည်အတွက် အချိန်ကာလ တစ်ခုမှာ Facebook ကို စွန့်ခွာရန် ကျွန်တော့်စိတ်ထဲ ပြင်းပြလာခဲ့တော့သည်။

သည်လိုနှင့် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းမှာ ကျွန်တော့် Facebook Account ကို Deactivate လုပ်ခဲ့သည်။ ရက်ကိုမေးတော့ ၇ ရက်ဟု ယာယီပေးကြည့်သည်။ ထို ၇ ရက်အတွင်း ဘာတွေဖြစ်ပါသနည်း။

အရိုးသားဆုံး ၀န်ခံရလျှင် တော်တော်လေးစိတ်အေးချမ်းပါသည်။ ယခင်က မိမိဘာမျှ မလုပ်ဘဲ အလိုလိုဝင်လာသော စိတ်ရှုပ်ထွေးစရာများ အလိုလို ရပ်တန့်သွားပါသည်။ ထိုအတွက် တစ်ဖက်က ပြန်ကြည့်လျှင်တော့ မကောင်းတာတစ်ချက်ကိုလည်း သတိထားလိုက်မိပါသည်။ ကျွန်တော့် Friend List တွင် စိတ်ရှုပ်ထွေးစရာများကို တင်နေသူများ ရှိနေသည်ဆိုခြင်းပင်။ သို့သော် လူမှုလောက သဘာဝအရ သူတို့ကလည်း သူတို့အခွင့်အရေးအရ တင်ချင်တာတင်ပေလိမ့်မည်။ ကျွန်တော်မဖတ် ချင်လျှင် ကျွန်တော့်ဘာသာ ရှောင်ကွင်းသွားရပေလိမ့်မည်။ 

ကျွန်တော့် Page မှာ Status တစ်ခု တင်ခဲ့ဖူးပါသည်။ " Facebook ဆိုတာက အမြဲတမ်း တသမတ်တည်း စိတ်မျိုးနဲ့ စည်းကမ်းတကျနေထိုင်သူတွေ တက်တဲ့ကျောင်း မဟုတ်တာတော့သေချာတယ်။ " ဆိုသည့် သဘောတရားဖြစ်ပါသည်။ ကျွန်တော်ထိုသို့ လက်ခံပါသည်။ 

ထိုအတွက် ကျွန်တော့်ဘာသာ ဆင်ခြင်ရန် သတိပြု မိသည့်အခါ သေချာသည်က ကျွန်တော်ယခင်က သုံးနေကျ Facebook သုံးပုံမျိုး နောင်ကို သုံးစွဲမည် မဟုတ်တော့ပါ။ သို့သော် ကျွန်တော်ဖန်တီးထားသော Facebook Page များကို စွန့်ခွာရန် မဖြစ်နိုင်၍ ထို စာမျက်နှာများမှာတော့ ကျင်လည်ရပါလိမ့်မည်။ Sue Thit/ Thar Latt Page အပြင် ကျွန်တော့်မှာ နောက်ထပ် Page များရှိပါသေးသည်။ ထိုအထဲကမှာ Page တစ်မျက်နှာမှာ ကျွန်တော့်အလုပ်နှင့် ဆက်စပ်၍ လူထုကို တတ်နိုင်သလောက် အသိပညာပေးရန်ဖြစ်၍ ရပ်ထားရန် မဖြစ်နိုင်ပါ။

ယခု သည်တစ်ပတ်ထဲမှာပင် အလုပ်ထဲက မြန်မာအင်ဂျင်နီယာလေးနှစ်ယောက်က ဘေးအန္တရာယ် ကင်းရှင်းရေးပိုင်းများ ကျွန်တော့်ကို လာမေးပါသည်။ သူတို့ကို မြန်မာပြည်ကနေ စင်ကာပူ Training ပို့လိုက်တာဖြစ်သည်။ ယခုလကုန်မှာ မြန်မာပြည်ပြန်ပြီး Safety Engineer များအဖြစ် မြန်မာပြည်က ပရောဂျက်မှာ ပြန်လုပ်ရမှာ ဖြစ်သည်။ သည်တော့ သူတို့ကလည်း ကျွန်တော့်ကို မြန်မာပြည်ပြန်ရောက် ပြီးလျှင် မည်သို့ ဆက်သွယ်ရမလဲ မေးသည်။ သူတို့မှာ မေးစရာများ များစွာရှိနေတာ ကျွန်တော်သိသည်။ နောက်ဆုံး Facebook ကပင် ပြန်ဆက်သွယ်ဖို့နှင့် ကျွန်တော်ဖန်တီး ထားသော ဘေးအန္တရာယ်ကင်းရှင်းရေး Page ကိုဝင်ဖတ်ရန် အကြံပြု ရသည်။

ပြီးတော့ Account Deactivate မလုပ်ခင်က ကျွန်တော်နှင့် ရင်းနှီးသော မိတ်ဆွေတစ်ယောက်က သူသည် ကျွန်တော့်စာဖတ်ပရိသတ် ဖြစ်ကြောင်းနှင့် သူဖတ်ချင်သော မည်ကဲ့သို့သော စာမျိုးကိုလည်း ရေးစေချင် လိုကြောင်း Facebook ကပင်လှမ်းပြောသည်။ ထိုသို့စာမျိုး ရပါကလည်း သူ့ကို မျှစေလိုကြောင်း ဆိုလာသည်။ ထိုသူမျိုးအတွက်လည်း ကျွန်တော့် Page မှာ ကျွန်တော်ကျင်လည်ရပါဦးမည်။ 

သည်လိုပြောနေ၍ Facebook ဆက်သုံးချင်သောကြောင့်သာ အကြောင်းပြချက်များ ပေးနေခြင်းမဟုတ်ပါ။ ကျွန်တော့် စာမျက်နှာများကို ကျွန်တော်ပစ်ထား၍ မရနိုင်ကြောင်း ထင်ရှားစေချင်၍ပါ။ တစ်နည်းအားဖြင့် Facebook မှာ အဆိုးရှိသလို အကောင်း ရှိနေသည်ကို သိစေချင်၍ပါ။ အမှန်အတိုင်း ၀န်ခံရလျှင် ကျွန်တော်ယခု ရေးသားနေသော ဘလော့ကို ဆက်သုံးလည်း ရပါသည်။ သို့သော် Facebook မှ Facebook ဖြစ်နေသော ခေတ်မှာ ဘလော့တစ်ခုတည်းနှင့် ကျွန်တော့်စာများကို ချပြ၍ မရနိုင်ကြောင်း ကျွန်တော်သိခဲ့ပြီး ဖြစ်ပါသည်။ ထိုအတွက် ကျွန်တော့်Facebook စာမျက်နှာများသည်လည်း ကျွန်တော်နှင့် စာဖတ်သူများကြား ပေါင်းကူးတစ်ခုသဖွယ် လိုအပ်နေသည်မှာ ထင်ရှားပါသည်။

Facebook ကိုခဏ ရပ်ထားချိန်မှာ ကျွန်တော် အင်မတန်စိတ်ချမ်းသာကြောင်း အထက်မှာ ဆိုခဲ့ပါသည်။ တကယ်ကို စိတ်ချမ်းသာပါသည်။ နေရင်းထိုင်ရင်း ကြွားနေသူများ၊ သူများကို အပုပ်ချမှ နေနိုင်သူများ၊ ထေ့ စကား၊ ရိစကား ဆိုချင်သူများ၊ လူနှင့်လူ့အသိုင်းအ၀ိုင်းကို နားမလည်သူများ၊ ကိုယ်ပျော်ဖို့အတွက် ဘယ်သူဘာဖြစ်ဖြစ် ဂရုမစိုက်သူများ အစရှိသဖြင့် အားလုံးကို ဝေးဝေးမှာ ထားခဲ့နိုင်ပါသည်။ ထို့အပြင် ဒုတိယအကြိမ် ကျွန်တော် ဖတ်ဆဲဖြစ်သော ဆရာမကြီး ဒဂုန်ခင်ခင်လေး ၏ " စာဆိုတော် " ၀တ္ထု ကြီးကိုလည်း အလုပ်မအားသည့်ကြားမှ Facebook သုံးမည့်အစား စာမျက်နှာများစွာကို ဖြတ်သန်းနိုင် ခဲ့ပါသည်။ ဆိုလိုသည်မှာ စာဖတ်ချိန်ပိုရလာပါသည်။ ထို့အပြင် ဟိုတစ်စ၊ သည်တစ်စ လုပ်စရာရှိသည် များကိုလည်း လုပ်နိုင်လာခဲ့ပါသည်။

တစ်ဖက်မှာ ဆိုးကျိုးလည်း ရှိနေပါသည်။ အဓိကအချက်မှာ သတင်းများနှင့် ဝေးသွားပါသည်။ မှန်သည်၊ မမှန်သည် အပထား။ Facebook သုံးလျှင် သတင်းစာမျက်နှာများက ခေါင်းစဉ်လောက်တော့ မြင်နေ ရပါသည်။ ထိုအတွက် Facebook မသုံးသောအခါ မည်သည့်သတင်းမျှ တမင်လိုက်ဖတ် မနေဖြစ်တော့ပါ။ ကုန်ကုန်ပြောရလျှင် တိုက်ပွဲများဖြစ်နေသည်ကိုပင် မသိတော့ပါ။ ထို့ပြင် ကျွန်တော်အလွန်ကြိုက်နှစ် သက်သော ဘောလုံးပွဲများ၏ Highlight များကိုပင် မကြည့်ရတော့ပါ။

ချိန်ဆကြည့်လျှင်တော့ ကျွန်တော့်လို လူမျိုးအတွက် သတင်းမဖတ်၊ ဘောလုံးပွဲ မကြည့်ဘဲ နေနိုင်လျှင် Facebook မသုံးခြင်းက စိတ်တော်တော် ချမ်းသာမည့် သဘောရှိပါသည်။ သို့သော် ကျွန်တော့်လို စာဖတ်၊ စာရေး၍ မိမိစာ ဖတ်သူများရှိနေလျှင်တော့ သိပ်ပြီး အဆင်ပြေမည် မဟုတ်ပါ။ ပြီးတော့ ကျွန်တော့်မှာ လူအများကို စာထဲက ပေးချင်သော အရာများစွာ ကျန်နေပါသေးသည်။ ထိုအတွက် Facebook ကို စိတ်နာနာနှင့် ချစ်ရပေဦးတော့မည်။

ချစ်သည်၊ မုန်းသည်၊ ကြိုက်သည်၊ မကြိုက်သည်၊ ကောင်းသည်၊ ဆိုးသည် အပထား။ အကျိုးရှိနိုင်မည့် အရာများအတွက် Facebook ကိုသုံးရပေဦးတော့မည်မှာ အမှန်ပင်ဖြစ်ပါတော့သည်။          ။

ဆူးသစ်
၁၁း ၄၉ နာရီ ( စင်ကာပူစံတော်ချိန် )
၁၄.၂.၂၀၁၅

Thursday, February 12, 2015

" မသေလူ "



+ နှစ်တစ်ရာ ပြည့်ပေမယ့်
တစ်ခေတ်တစ်ခါမျှ မမေ့ပါလေ။

+ ပြည်သူဟာ သူ
သူဟာ ပြည်သူဆိုတဲ့
ကြည်ဖြူ ရာ ညီတူလမ်းတွေထဲ
ချွေးတွေနဲ့နေ။

+ တိုင်းပြည်အတွက်ဆိုတော့
နှိုင်းမမီတဲ့  စိတ်အဟုန်မြှင့်ကာ
အကုန်တင့်အောင် သူ့ခန္ဓာရင်းပါတော့
မှန်စွာသင်းပါတဲ့ ဂုဏ်သတင်းတွေ
စုန်ရင်းဝေတာ ယနေ့အထိ။

+ ဘယ်သူရှိလေမလဲ
တူရဲစရာ လူမရှိ
လွတ်လပ်ရေးအတွက် ပူဆဲမှာ သူမချိလေတော့
အင်္ဂလိပ်ကအစ ဂျပန်မကျန်
အတန်တန် သူတွန်းလှန်ပါလို့
မနက်ဖြန် မြန်မာပြည် အနာဂတ်လှစေဖို့အတွက်
သူ့ဘ၀ကို သူခြွေပေးလေသမျှ
နေမရပါ ပြည်သူအပေါင်းမှာဖြင့်
ကောင်းသတင်းတွေကို တသသဆို
ဆောင်းနှင်းတွေလို တစ်စတစ်စ ပြိုတဲ့အလွမ်းတွေနဲ့
အမှောင်ဆမ်းတဲ့ မြန်မာပြည်လမ်းပေါ်က
အရောင်ဖြန်းကာ အလင်းနဲ့ ထိစေတဲ့
အောင်ဆန်းလို့ သိ။      ။

သားလတ်
၂၁း၂၉  နာရီ ( စင်ကာပူစံတော်ချိန် )
၂.၂.၂၀၁၅
[ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲအထိမ်းအမှတ်အဖြစ်ခံစားရေးဖွဲ့ပါသည်။]

Sunday, February 8, 2015

" ခွန်အားရှိသော ခြေလှမ်း ခွန်အားရှိသော မှတ်တိုင်"



တကယ်တော့ လူတစ်ယောက်ရဲ့ဘ၀မှာ ကိုယ်တိုင်ဖန်တီးထားတဲ့အနုပညာတစ်ခုကိုလူအများရှေ့ချပြရတာ မလွယ်ကူပါဘူး။ ပြီးတော့ အဲဒီအနုပညာ တစ်ခုဖြစ်လာအောင် ရင်းနှီးခဲ့ရတဲ့ အရင်းအနှီးတွေကလည်း အများကြီးပါပဲ။ အဲဒီအရင်းအနှီးတွေထဲမှာငွေကြေးဆိုတာထက် အဲဒီအနုပညာကို ဖန်တီးဖို့လေ့လာရတာက ပိုအရေးပါတယ်လို့ ထင်ပါတယ်။ အဲဒီလိုဖန်တီးဖို့အတွက်နှစ်ပေါင်းများစွာမှာ အချိန်ပေါင်းများစွာ ယူပြီးလေ့လာခဲ့ကြရပါတယ်။ ဒီနေ့လေ့လာပြီး မနက်ဖြန်မှာ အနုပညာဖန်တီးလို့ မဖြစ်နိုင်ပါဘူး။

ကျွန်တော့်ဘ၀မှာစာပေကိုတကယ်စိတ်ဝင်စားလာပြီလို့သိသိချင်းမှာပဲစာရေးနည်းတွေကိုလေ့လာခဲ့ပါတယ်။ ပြီးတော့အကြမ်းပေါင်းများစွာရေးခဲ့ပါတယ်။ ပြီးတော့သိမ်းရုံသိမ်းပြီး နောက်တော့အဖေ့ကိုချပြခဲ့ပါတယ်။ အဖေက ပြင်တယ်။ ဒါပေမဲ့ ကျွန်တော်ဘယ်မျှ မပို့ပါဘူး။ ကိုယ့်လက်ကိုယ် မယုံသေးတာလည်းပါပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်တော်တကယ်ဝါသနာပါခဲ့တဲ့ ကဗျာကစလို့ မဂ္ဂဇင်းတွေကို စပို့ပါတယ်။ အဲဒီနောက် ကဗျာလေးတွေ မဂ္ဂဇင်းထဲပါလာပြီး ၀တ္ထုတို စရေးပါတယ်။ နောက်တော့လုံးချင်းဝတ္ထုတွေ ရေးပြီး သိမ်းထားပါတယ်။ တစ်ပြိုင်တည်းမှာပဲ ၀တ္ထုတိုပြိုင်ပွဲတွေမှာ ပြိုင်တာ ဆုတွေရပါတယ်။ နောက်တော့ မှတ်မှတ်ရရ ဘောလုံးဆောင်းပါး ပြိုင်ပွဲကို ရတနာသစ်မဂ္ဂဇင်းက ဆရာဦးခင်မောင်နိုင်(ကွယ်လွန်)တို့ ဦးစီး ကျင်းပတာမှာ ၀င်ပြိုင်တာ ဆုရပါတယ်။ ဆရာကတော့ ဖုန်းဆက်တော့ ကျွန်တော့်ကို ပြောပါတယ်။ " ခင်ဗျား ကလောင်နာမည် ဆူးသစ် ဆိုတာကို စတွေ့ကတည်းက ခင်ဗျားကို ကျွန်တော်တွေ့ချင်တာ " တဲ့။ ဒါလေးက ဆူးသစ် ဖြစ်တည်မှုရဲ့ အမှတ်တရပါ။ တကယ်တော့ အဲဒီကလောင်နာမည်ရဲ့ မူရင်း ဖြစ်တည်မှုက သီးခြားရှိတာမို့ နောက်မှပဲ ပြောပြပါတော့မယ်။

၂၀၀၀ ခုနှစ်ရောက်တော့ အဖေက ကျွန်တော့်ကို ပြောပါတယ်။ အဲဒီအချိန်မှာ အဖေက မှုခင်းရှုထောင့် မဂ္ဂဇင်းရော၊ ဂျာနယ်ရော နှစ်ခုစလုံးမှာ တာဝန်ခံအယ်ဒီတာပါ။ အဖေက သူ့မဂ္ဂဇင်းက မှုခင်းတစ်ခုတည်း မဟုတ်တော့ဘဲ တခြားကဏ္ဍတွေပါ ထည့်မယ်။ ဒါပေမဲ့ လူငယ်ကဏ္ဍမှာ ဆောင်းပါးကို သူများတွေနဲ့ မထည့်တော့ဘူး။ မင်းရေး ဆိုပြီး ကျွန်တော့်ကို ပြောပါတယ်။ အမှန်အတိုင်းပြောရရင် နည်းနည်းတော့ တွေဝေပါတယ်။ အဲဒီအချိန်က ကျွန်တော့်အသက် ( ၃၀ ) တောင်မပြည့်သေးပါဘူး။ အဲဒီအတွက် လူငယ်မကျတကျ၊ လူလတ်မကျတကျပဲလို့ ကိုယ့်ကိုယ်ကို ခံယူထားတာပါ။ ဒါပေမဲ့ အဲဒီအချိန်မတိုင်ခင်ကတည်းက ကျွန်တော့်မှာ လူငယ်တွေကို ပြောစရာတွေ တော်တော်စုမိထားပါတယ်။ စာထဲကရယ်၊ အတွေ့အကြုံရယ်၊ နှစ်ခုစလုံးပေါင်းပြီးတော့ပါ။ တစ်ခါပြန်တွေးမိတာက ဆရာ လုပ်သလို ဖြစ်မလားဆိုတာပါ။ ဒါပေမဲ့ ကျွန်တော့်စိတ်က တချို့အချက်တွေ သူတို့မသိတာကို သူတို့ကိုထောက်ပြရင် သူတို့အတွက် အကျိုး ရှိမယ်။ ကိုယ့်ဘာသာသိမ်းထားလည်း ဘာမျှဖြစ်လာမှာ မဟုတ်ဘူးလို့တွေးမိတော့ စာထဲက ရေးပြချင်စိတ်ပေါ်မိတယ်။ ဒါနဲ့ လူငယ်တွေကို အကြံပြုချင်တဲ့ " ရေစီး " ဆိုတဲ့ ဆောင်းပါးကို စရေးဖြစ်သွားတယ်။ အဲဒီအချိန်က ခေတ်လူငယ်တွေရဲ့ ၀တ်စားဆင်ယင်မှုနဲ့ သူတို့ဘာသာသူတို့ မှန်တယ်လို့ထင်တဲ့အမြင်ကို နေရာ၊ အချိန်နဲ့ အ၀တ်အစားဆိုတာကို နှိုင်းယှဉ်ပြီး မီးမောင်းထိုးပြချင်လို့ပါ။

ဒါနဲ့ ဆောင်းပါးပြီးချိန်မှာ အဖေ့ကို ပြပါတယ်။ အဲဒီအချိန် ကျွန်တော်ရေးတာက စကားပြေ ရေးဟန်ပါ။ စကားပြော ( အခုဆောင်းပါးလို ) မဟုတ်ပါဘူး။ အမှန်အတိုင်းပြောရရင် ကျွန်တော်က စကားပြေ ရေးဟန်ကို ပိုကြိုက်ပါတယ်။ ပြီးတော့ အဲဒီဆောင်းပါးတွေစရေးကတည်းက ကျွန်တော့်ခေါင်းထဲမှာ ရှိတာက ကျွန်တော်ကိုယ်တိုင် တက္ကသိုလ်ကျောင်းသား ဘ၀ကိုဖြတ်ပြီးခါစမို့ လူငယ်တွေကို အတွေးအမြင်တွေ မျှတာပဲရှိမယ်၊ ဆရာလုပ်ဖို့မဟုတ်ဘူး၊ ပြီးတော့ကိုယ်တိုင် မချမ်းသာသေးတဲ့အတွက် ဟိုလိုလုပ်ရင် ချမ်းသာမယ်၊ ဒီလိုလုပ်ရင် ချမ်းသာမယ်လို့ ပါမှာမဟုတ်ဘူး ဆိုတာကို စိတ်ပိုင်းဖြတ်ထားပါတယ်။

ဆောင်းပါးကို အဖေက ဖတ်ပြီးတော့ ကျွန်တော့်ကို တစ်ခွန်းပြောပါတယ်။ ငါလိုချင်တာ အဲဒီလိုဆောင်းပါးမျိုးပဲကွ တဲ့။ ကျွန်တော်တော်တော်ပျော်သွားပါတယ်။ ရေးဖို့အားလည်းတက်သွားပါတယ်။ ဒီလိုနဲ့ စကားပြေဆောင်းပါးတွေကိုချည်း ဆက်တိုက်ရေးလိုက်တာ ၂၀၀၅ ခုနှစ်အထိပါပဲ။ အဲဒီဆောင်းပါးတွေ ရေးနေစဉ်မှာပဲ အဖေတို့မဂ္ဂဇင်းတိုက်ကို ဖုန်းတွေလာပါတယ်။ ကျွန်တော့်ဆောင်းပါးကို တစ်ခါတစ်ခါ Font Size သေးလိုက်တာကို လက်မခံနိုင်လို့ ပြန်ပြီးကြီးပေးဖို့၊ ကျွန်တော့်ကိုဘယ်လို ဆက်သွယ်လို့ရမလဲ ဆိုတာမျိုးတွေ ကြားလာရလို့ ရေးရတာအားတက်လာပါတယ်။ ဒီကြားထဲမှာ ကျွန်တော့်ဆီကို ဖုန်းနဲ့၊ စာနဲ့ဆက်သွယ်ပြီး သူတို့ရဲ့အခက်အခဲလေးတွေ မေးတဲ့သူတွေလည်း ရှိလာပါတယ်။ ကျွန်တော်တတ်နိုင်သလောက် ဖြေပေးပါတယ်။

ဒီလိုနဲ့ ၂၀၀၅ ခုနှစ်မှာတော့ ဆောင်းပါးတွေကို စကားပြောပုံစံ ပြောင်းရေးခဲ့ပါတယ်။ အကြောင်းက တချို့ အကြောင်းအရာတွေမှာ စကားပြေက ပြောရခက်နေတတ်ပြီး စကားပြောနဲ့ ရေးတာက ပိုသွက်လို့ လူငယ်တွေ နားထဲ အ၀င်မြန်တယ်လို့ ယူဆလို့ပါ။ ကျွန်တော့်မှာ ညီငယ်တစ်ယောက်ရှိလို့ သူ့ကိုရည်ရွယ်ပြီး " ညီလေး ဖတ်ဖို့ ရေးတဲ့စာ " ဆိုပြီး ရေးလိုက်တာ ၂၀၁၄ ခုနှစ်အထိ တစ်လ မပြတ်ခဲ့ပါဘူး။

နောက်ပိုင်းစင်ကာပူရောက်ခဲ့တော့ အဲဒီဆောင်းပါးတွေမှာ စင်ကာပူက ယူစရာတွေချပြခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၁၁ ခုနှစ်မှာ " အဝေးရောက်ထွန်းတောက် မြန်မာနှင့် ညီလေးဖတ်ဖို့ရေးတဲ့စာ " ဆိုတဲ့စာစုတွေကို လုံးချင်းအနေနဲ့ ပထမဆုံး ထုတ်နိုင်ခဲ့ပါတယ်။

၂၀၁၄မှာတော့ အဖေက ကျွန်တော့်ကိုလှမ်းပြောပါတယ်။ စကားပြောဆောင်းပါးတွေတော့ ထုတ်ပြီးပြီ။ မင်းမှာစကားပြေဆောင်းပါးတွေ ကျန်သေးတယ်။ ထုတ်မယ်တဲ့။ တကယ်တမ်းတော့ အဖေက ပထမစာအုပ်ထုတ်မယ် ဆိုကတည်းက ကျွန်တော်က အဲဒီစကားပြေဆောင်းပါးတွေကို အရင်ထုတ်ချင် ခဲ့တာပါ။ အဖေက စင်ကာပူအကြောင်းတွေက လောလောဆယ်မှာ ပိုစိတ်ဝင်စားနေကြတယ်။ အဲဒါ အရင်ထုတ် ဆိုတော့ အဲဒါကိုအရင်လုပ်လိုက်တာပါ။

ဒီလိုနဲ့ အရင်ကတည်းက စာအုပ်ထုတ်ဖို့ ဆိုပြီး မိတ္တူ ဆွဲထားတဲ့ ဆောင်းပါးတွေကို အဖေက ကျွန်တော့်ဆီ ပို့ပေးပါတယ်။ ကျွန်တော့်ဇနီးက သယ်လာပေးပါတယ်။ ကျွန်တော်ဖတ်ပြီး စာကျတွေပြင်ပါတယ်။ အရင်ရေးထားတာတွေကို လုံးဝမပြောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီတုန်းက အတွေးတွေက တော်တော်လေးလတ်ဆတ်တယ်လို့ ထင်လို့ပါ။ ဖတ်ပြီးတော့ ရန်ကုန် ပြန်ပို့ပါတယ်။ အဖေက စာအုပ်ထုတ်ဖို့ စီစဉ်ပြီး စရိုက်ပါတယ်။

အရင်စာအုပ်တုန်းက ဆရာချစ်စံဝင်းနဲ့ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) တို့ရဲ့ အမှာစာပါပေမယ့် ဒီတစ်ခေါက်တော့ အမှာစာမပါတော့ပါဘူး။ ဆောင်းပါးက ၃၁ ပုဒ်ဖြစ်နေတော့ စာကတော်တော်များနေပါပြီ။ ဒီလိုနဲ့ စာအုပ်ဈေးကို ၂၅၀၀ ကျပ်သတ်မှတ်ပြီး မျိုးဆက်သစ် စာပေ၊ အမှတ် (၃၄ )၊ ၄ -လွှာ၊ ကျီတော်လမ်း၊ ကျီတော်ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့ ကနေဖြန့်ချိဖို့ စီစဉ်ပါတယ်။ ထုတ်ဝေသူကတော့ ကျွန်တော့် ပထမစာအုပ်ကို ထုတ်ခဲ့တဲ့ နိုင်ငံ့ဂုဏ်ရည် စာအုပ်တိုက်ကပါ။

အဲဒီစာအုပ်ထဲမှာ ပါခဲ့တဲ့ဆောင်းပါးတွေ အားလုံးဟာ တကယ်ကို ကျွန်တော့်ဘ၀ ဖြတ်သန်းမှုတွေထဲက ရခဲ့တဲ့ ကိုယ်တွေ့နဲ့စာတွေ့တွေချည်းပါပဲ။ ဘာသာပြန်တောင်တစ်ခုမျှ မပါပါဘူး။ ကျွန်တော်ကိုယ်တိုင်က ဘာသာပြန်ရေးရမှာကို စိတ်မ၀င်စားတာပါ။ လိုအပ်မယ်၊ အခွင့်သင့်မယ်ဆိုရင်တော့ လုပ်ပါမယ်။ ဒါပေမဲ့ ကိုယ်သိထားတာကိုပဲ ချပြချင်တဲ့စိတ်က ပိုထက်သန်လို့ပါ။ စာအုပ်ရဲ့ ခေါင်းစဉ်ကိုတော့ " ခွန်အား ရှိသောစာ၊ ခွန်အားရှိသော လူငယ် " လို့ ပေးထားပါတယ်။

အခုဒုတိယစာအုပ်အတွက် ကျွန်တော့်မှာ ကျေးဇူးတင်ရမယ့်သူတွေ ရှိပါတယ်။

ပထမဆုံးကတော့ အဖေနဲ့အမေပါပဲ။ အဖေက ကျွန်တော်စာရေးဖို့ ပျိုးထောင်သူဖြစ်သလို ကျွန်တော့် စာအုပ်တွေမှန်သမျှ အဖေနဲ့မကင်းပါဘူး။ အမေကတော့ အရင်ကတည်းက ကျွန်တော်ရေးခဲ့ဖူးပါတယ်။ အပြင်စာတွေ အဖတ်ကောင်းပြီး ကျောင်းစာမလုပ်ချင်လို့ ရန်ကုန်စက်မှုတက္ကသိုလ်မှာ Roll နောက်ရောက် လည်း ဘာမျှ မပြောပါဘူး။ ဂစ်တာလေးတီး၊ သီချင်းလေးဆိုလည်း ဘာမျှမပြောပါဘူး။ မဟုတ်တာမလုပ်လို့ ဆိုတာထက် ကျွန်တော်က အနုပညာကို ၀ါသနာပါမှန်းသိလို့ပါ။ အဖေနဲ့အမေသာ မပံ့ပိုးခဲ့ရင် ဒီနေ့ ဆူးသစ်ဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး။

ပြီးတော့ ကျွန်တော့်ဇနီး။ သူနဲ့ချစ်သူ ဘ၀ရောက်တော့ သူကကျွန်တော့်ဝါသနာကိုသိပါတယ်။ ဒီတော့ ကျွန်တော်လိုအပ်တာကို သူကတတ်နိုင်သလောက် လိုက်ဖြည့်ဆည်းပေးပါတယ်။ ကျွန်တော် ဘလော့စလုပ်ဖို့ သူကပဲ စပြင်ဆင်ပေးတာပါ။ ပြီးတော့ ကျွန်တော့်စာအုပ်တွေ ထွက်ခဲ့ချိန်တိုင်း သူလည်း နောက်ကွယ်က တစ်စိတ်တစ်ပိုင်းပါပါတယ်။ ဒီနေ့အထိ ကျွန်တော့်အနုပညာအတွက် သူ့အချိန်တွေပါ ပေးထားခဲ့တာပါ။

နောက်ထပ် ကျေးဇူးတင်ရမှာက ကျွန်တော့်အစ်ကိုကြီးမိသားစုနဲ့ ညီလေးပါ။ သူတို့တစ်တွေက ကျွန်တော့်လို အနုပညာကို တအားကြီး ၀ါသနာ မပါပေမယ့် ကျွန်တော့် ဆောင်းပါးတွေ အပေါ်မှာတော့ သူတို့တော်တော်လေး တွန်းအားပေးခဲ့ပါတယ်။ ဘယ်ဟာက ကောင်းတယ်၊ ဘယ်ဟာကတော့ ဘာလိုတယ် ဆိုတာမျိုးလေးတွေကို ထောက်ပြတတ်ပါတယ်။

ပြီးတော့ အဖေ့ရဲ့စာပေမိတ်ဆွေ၊ သူငယ်ချင်းတွေပါ။ ဆရာ နန္ဒာမိုးကြယ်ဆို အဖေ့ဆီကနေ စာအုပ် နှစ်အုပ်ဝယ်သွားပြီး သူ့အိမ်က ကလေးကို ဖတ်ခိုင်းပြီး ဆောင်းပါးထဲက ပါတဲ့ တချို့ အချက်တွေကို ပြန်မေးပါတယ်တဲ့။

ပြီးတော့ ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်တွေပါ။ မြန်မာပြည်ကရော၊ ဘလော့ပေါ်မှာရော၊ Facebook Page မှာပါ အမြဲလို ကျွန်တော့်စာတွေကို ဖတ်နေကျ သူတွေ ရှိနေတာ ကျွန်တော်သိပါတယ်။ သူတို့တစ်တွေရဲ့ အားပေးမှုကလည်း ကျွန်တော့်ကို တအားဖြစ်စေပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီဒုတိယစာအုပ်ဟာ ကျွန်တော့်စာပေခရီးလမ်း အတွက် မှတ်တမ်းကောင်း အဖြစ် ရေးထိုးနိုင်တယ်လို့ ယုံကြည်ရင်း အားလုံးကို ကျေးဇူးတင်မိပါတယ်။            ။

ခင်မင်လေးစားစွာဖြင့် 
ဆူးသစ်
၁၂း ၁၃ နာရီ ( စင်ကာပူစံတော်ချိန် )
၈.၂.၂၀၁၅
Related Posts Plugin for WordPress, Blogger...