Saturday, January 29, 2011

"သူသိသားနဲ့"


ကျွန်တော် ပြည်သူ့ဝန်ထမ်းဘ၀ဖြင့် အရာရှိဖြစ်နေစဉ်က ရုံးအုပ်ကြီးတစ်ယောက် ရှိသည်။ ကျွန်တော့်ထက် အသက် နည်းနည်းကြီး၏။ နယ်ကဖြစ်သည်။ ခင်ဖို့လည်း ကောင်းသည်။ ၀န်ထမ်းဘ၀ဖြစ်၍ သူသည် ကျရာနေရာ တာဝန် ထမ်းဆောင်ရသည်။ ကျွန်တော်တို့ ရုံးချုပ်က ရန်ကုန်ခြောက်ထပ်ရုံးမှာမို့ သူက ရုံးအိပ်၊ ရုံးစား။ မိသားစုက နယ်မှာ။

ကျွန်တော်က အရာရှိဖြစ်သော်ငြား သူတို့ကို ခင်ခင်မင်မင် ပေါင်း၍ သူငယ်ချင်း ညီအစ်ကိုများ သဖွယ် ဖြစ်နေ၏။ ရုံးမှာ ဂျူတီကျသည့်နေ့ဆို ရုံးမှာ အိပ်သည့် သူတို့နှင့် စကားစုဖွဲ့ ပြောရင်း ပျော်ရသည်။

သူ့မှာ အကျင့်တစ်ခု ရှိ၏။ ကျွန်တော်က စာရွက်စာတမ်း လို၍ 'ရမှာလား' ဟုသွားမေးလိုက်လျှင် 'သူသိသားနဲ့' ဟု ဖြေ၏။ ကြာမည်ဆိုသည့် သဘော။ ရှာဦးမည်ပေါ့။

ကျွန်တော် ညဘက်ဂျူတီကျလျှင် သူခဏလေး ပျောက်သွားတတ်၏။ သူပြန်လာ၍ 'ဘယ်တွေ သွားနေတာလဲ' ဟုမေးလျှင် 'သူသိသားနဲ့' ဟု နောက်တတ်၏။ သူများ ကိုယ်ရေးကိုယ်တာမို့ ကျွန်တော်သိပ် မစပ်စုတတ်။ တစ်နေကုန် ရုံးမှာပဲအလုပ်လုပ်၊ ရုံးမှာပဲ အိပ်၍ ဟိုဟို သည်သည် လျှောက်ကြည့် တာဟု နောက်မှ သိရ၏။

သူ ထမင်းဟင်း တည်ပြီဆို ကျွန်တော်က 'ဘာချက်လဲ' ဟုမေးလျှင် 'သူသိသားနဲ့' ဟု ရယ်ကျဲကျဲနှင့် ဖြေ၏။ အသား၊ ငါးတော့ မဟုတ်။ ကြုံသလို စားသည်ဆိုသည့် သဘော။

နောက်တော့ သူနှင့် တွဲလုပ်တာ ကြာလာသည့်အခါ သူပြောနေကျ 'သူသိသားနဲ့' ဆိုသည့် စကားက ကျွန်တော်တို့ ရုံးက လူတွေကြားမှာ ပြောစရာ ဖြစ်လာသည်။ သည်လိုနှင့် တစ်နေ့မှာ ရုံးအုပ်ကြီးနှင့် အေးအေး ဆေးဆေး စကားလက်ဆုံကျတုန်း ထုတ်မေးရတော့၏။

'ခင်ဗျားလည်း သူသိသားနဲ့ ချည်းပဲ ပြောနေတာ၊ ဘာလို့ အဲဒီလို ပြောတာလဲ ဆိုတာ ရှင်းပြပါဦး၊ အကြောင်းတော့ ရှိမယ် ထင်တယ်'

'ဟား - သိပ်ရှိတာပေါ့၊ ကျွန်တော် ပြောပြမယ်'

သည်သို့ဖြင့် သူရှင်းပြခဲ့သော အဖြစ်အပျက်လေးကို ကျွန်တော်တို့ သိခွင့်ရခဲ့တော့၏။ ဖြစ်ပုံက သည်လိုပါ။

ရုံးအုပ်ကြီး နယ်မှာ တာဝန်ကျစဉ်က တရားရုံးတစ်ရုံးမှာ ပြည့်တန်ဆာမ တစ်ယောက်ကို ဖမ်းပြီး အမှုစစ်တာ ကြုံရ၏။ တရားသူကြီးက တရားခံ ပြည့်တန်ဆာမကို မေးသည်တဲ့။

'နာမည်ဘယ်လိုခေါ်လဲ'

ထုံးစံအတိုင်း ပြည့်တန်ဆာမဖြစ်၍ မျက်နှာပေးက ပြီတီတီ။ ပြီးတော့ ဖြေပါသည်။

'သူသိသားနဲ့'

တရားသူကြီး မျက်လုံးပြူးသွား၏။

'မနောက်နဲ့၊ ကောင်းကောင်းဖြေ၊ ဘာအလုပ် လုပ်လဲ'

ပြည့်တန်ဆာမက ထပ်ဖြေပါသည်။

'သူသိသားနဲ့'

တရားသူကြီး မျက်နှာ ပျက်နေလေပြီ။ ကျန်သူတွေက ပြုံးစိစိ ဖြစ်ကုန်၏။ ထပ်မေး၏။

'အသက် ဘယ်လောက်လဲ'

'သူသိသားနဲ့'

တရားသူကြီး စိတ်တော်တော် အိုက်လာ၏။ သည်သို့ဖြင့် နောက်ဆုံးမေးခွန်းကို ဆက်မေး၏။

'ဘယ်မှာနေလဲ'

ပြည့်တန်ဆာမကလည်း ဖြေပါသည်။

'သူရောက်ဖူးသားနဲ့'

အားလုံး ရယ်ကြပါသည်။ အမှုပြီးတော့ ပြည့်တန်ဆာမ ထောင်ကို ကျရောတဲ့။

ရုံးအုပ်ကြီး စကား ကြားပြီး သူပြောပြောနေသော 'သူသိသားနဲ့' ဆိုတာကြီး ကြားတိုင်း ကျွန်တော်တို့ လွတ်လပ်စွာ ရယ်မောဖြစ်သည်။

ရံဖန်ရံခါ၌ ညွှန်မှူး၊ ဒု-ညွှန်မှူးများက ရုံးအုပ်ကြီးကို ကျွန်တော်တို့က တစ်ဆင့် ခေါ်ခိုင်းလျှင် ရုံးအုပ်ကြီးက ထိတ်လန့်ပြီး 'ဘာကိစ္စရှိလို့လဲဗျာ' ဟုမေးလျှင် ကျွန်တော်က 'သူသိသားနဲ့' ဟု ပြန်နောက်တတ်၏။ ထိုအခါ သူ့မျက်နှာက ရယ်ကျဲကျဲ။ ကျွန်တော့်ဆရာ ဒု-ညွှန်မှူးက ရံဖန်ရံခါ သူ့အခန်းအပြင်က စားပွဲမှာ ထိုင်တတ်သလို တခြားဌာန စားပွဲမှာ သွားထိုင်တတ်၍ ရုံးအုပ်ကြီးကို ဒု-ညွှန်မှူး ခေါ်ခိုင်းလျှင် သူက 'ဆရာ ဘယ်မှာရှိလဲ' ဟု မေးပါက ကျွန်တော်လည်း 'သူရောက်ဖူးသားနဲ့' ဟု နောက်လွှတ်လိုက်လေသည်။ ထိုအခါ ရုံးအုပ်ကြီးမှာ သူ့စကားနှင့်သူ ပိတ်မိကာ ရယ်နေလေတော့၏။

ဤသို့ဖြင့် ကျွန်တော်တို့ ရုံးအသိုင်းအ၀ိုင်းလေးမှာ ထိုစဉ်က 'သူသိသားနဲ့' ဟူသော စကားလေး တစ်ခွန်းကြောင့် ရယ်မော ပျော်ရွှင်ခဲ့ရ ဖူးပါသည်ခင်ဗျား။ ။


ဆူးသစ်
၂၀း၃၄ နာရီ
၂၉.၀၁.၂၀၁၁



Friday, January 28, 2011

"သူငယ်ချင်းကိုချစ်မိတဲ့အခါ"


ကျွန်တော်က သီချင်းများကို ခံစားသည့်အခါ မည်သူမည်ဝါ ဆိုသည့် သီချင်းဟု သတ်မှတ်၍ ခံစားတာမျိုး မရှိ။ နားထောင်ဖြစ်သည်။ နားထဲ ရောက်သည်။ ခံစားလို့ ရသည်။ ဒါဆို အားလုံး အဆင်ပြေသည်။ ထို့ကြောင့် ကျွန်တော် ခံစားမိသော သီချင်းများကို ရေးသည့်အခါ Rock လည်းပါမည်။ Country လည်း ပါမည်။ Jazz, Slow Go Go များလည်း ပါမည်။ Rap တွေ၊ Hip Hop တွေလည်း ပါမည်။ ထိုမျှမက ဂန္ထ၀င်သီချင်းတွေလည်း ပါဦးမည်။

ထိုအခါ အဆိုတော်တွေကလည်း ပေါင်းစုံ ပါလာပါလိမ့်မည်။ တေးရေးလည်း အစုံ ဖြစ်ပါလိမ့်မည်။ ယခု စာစုတွင် ကျွန်တော် ပြောချင်သော Hip Hop သီချင်းကို မပြောခင် ရေးသူ၊ ဆိုသူများ အကြောင်း ပြောချင်သည်။ ရေးသူများက သန့်ဇော်၊ အေးချမ်းဖြိုး၊ ရဲဖြိုး ဟု ဆိုသည်။ ဆိုသူများကျတော့ သန့်ဇော်၊ ရဲဖြိုး၊ ဘချော၊ ညီညီသွင် တဲ့။ တကယ်တော့ အလွတ်စကား ပြောရလျှင် သူတို့အဖွဲ့ကို 9mm ဟု ကျွန်တော် သိရဖူးသည်။ နောက်တော့ သူတို့ အဖွဲ့ထဲက သီချင်းရေး အင်မတန်ကောင်းသော 'ကြက်ဖ' ဆိုသော တေးရေး၊ တေးဆို တစ်ယောက် ပေါ်ပေါက် လာခဲ့တော့သည်။

တကယ်တော့ ယခု ကျွန်တော်ပြောမည့် သီချင်းမှာ ယခင် CD နားထောင်ရစဉ်က နည်းနည်း ကြမ်းသော စာသားများ ပါသည်။ နောက်တော့ VCD မှာ စာသားများ ပြင်ထား၏။

သီချင်းက သူငယ်ချင်းတစ်ယောက်ကို ချစ်သူလို ချစ်သည်။ သို့သော် အဖြူရောင် စည်းတစ်ကြောင်းပေါ်မှာ ဖွင့်မပြောသာခဲ့။ ထိုသူငယ်ချင်းလေးကို ချစ်သည်ဆိုသူများကိုလည်း တစ်နည်းနည်းဖြင့် ဒုက္ခပေးဖြစ်ခဲ့သည်။ ငယ်ငယ်ကတည်းက ရင်းနှီးခဲ့သော်လည်း သူ့ရင်ထဲက မေတ္တာကို သူငယ်ချင်းလေး မသိနိုင်ခဲ့။ သည်လိုဖြင့် ဝေးခဲ့ရသည်။

ထိုအကြောင်းအရာများပေါ်မှာ လှပသော ကာရန် စာသားများ လိုက်ချိတ်ထားပုံက တော်တော် ငြိချင်စရာ။ ပြီးတော့ Chorus အပိုဒ်၊ ထိုအပိုဒ်သည် လှလွန်း၏။ ထို့ကြောင့်ပင် သီချင်း တစ်ပုဒ်လုံးက ပိုကြွနေသည်။ နားထောင်ကြည့်ပါဦးဗျာ။ သီချင်းခေါင်းစဉ်က 'အချစ်ဆုံးသူငယ်ချင်း' တဲ့။ ။


ဆူးသစ်
၂၀း၄၇ နာရီ
၂၈.၁.၂၀၁၁



Tuesday, January 25, 2011

"ဖန်တီးမှု၊ ဖြစ်တည်ချက်၊ သိနိုင်စွမ်းနှင့် ဗင်းဆင့်ဗန်ဂိုး"


ဖန်တီးမှုတွေဟာ
ဖြစ်တည်ချက်မရှိခင်မှာ
ကဲ့ရဲ့ခံရတတ်တာ သဘာဝပဲ ဗန်ဂိုး။

သိပ်ပြီးအေးစက်လွန်းပါတယ်ဗျာ
ဒါတွေဟာဗဟိဒ္ဓကိုမထိခိုက်နိုင်ဘူးဆိုရင်
အဇ္ဈတ္တကိုရော ထူးကဲလာနိုင်ပါ့မလား။

နေကြာပင်၊ ဆိုက်ပရပ်ပင်၊ အိုင်းရစ်ပင်တွေရဲ့ကြားက
ခင်ဗျားရဲ့အနုပညာဖန်တီးမှုဝိညာဉ်
ခင်ဗျားနဲ့ဖြစ်တည်ချင်လျက်အရှုံးပေးခဲ့ရသလား။

ပြောင်းခင်းထဲမှာမျက်လုံးကြီးလန်
ဦးခေါင်းကြီးပွင့်၊ ခြေကားယား လက်ကားယားဖြစ်လို့
အိပ်မက်သစ်တွေမဝေချင်တဲ့ခင်ဗျားအတွက်
အနာဂတ်တွေက ၀မ်းနည်းလျက်ပေါ့။

အားကောင်းတဲ့မီးမောင်းတစ်ခုဟာ
ဘယ်နေရာကျကျ လင်းလင်း
ထင်းခနဲမြင်နိုင်စွမ်းရှိတယ်ဗန်ဂိုး။

ကြည့်စမ်း
ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ပန်းချီကား
ခင်ဗျားရဲ့ဖန်တီးမှုကဖြစ်တည်ချက်
လူတွေရဲ့သိနိုင်စွမ်း
ကျွန်တော်ဝမ်းနည်းသွားတယ်ဗျာ။ ။

သားလတ်
၅.၈.၁၉၉၄

Sunday, January 23, 2011

" ကျွန်တော်တို့သည် " (၁၀)


ကျွန်တော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်တွင် Board ပေါ်မှာ ခုံနံပါတ်များ ကပ်လျှင် ခုံနံပါတ်နောက်က နာမည် နောက်မှာ နာမည်ပြောင်များ ရေးသည့် အကျင့်တစ်ခုလည်း ရှိသည်။ မသိလည်း ရေးသလို သိလည်း ရေးကြ၏။

ဥပမာ - သန့်စင်အောင် ဆိုသည့် နာမည်နောက်မှာ 'တစ်နေ့တစ်ခါ ရေမှန်မှန်ချိုးပါ'၊ ဖြူဖြူစံ ဆိုသည့် နာမည် နောက်မှာ 'ပေါ်ဆန်းမွှေး' စသည်ဖြင့် ရေးကြ၏။ စိန်မျောက်မျောက်လို နာမည်ပြောင် ရှိပြီးသားဆိုလျှင် 'စိန်မျောက်မျောက်' ဟု တန်းရေး၏။ ဒါဝတ်ကိုလည်း 'ဒါဝတ်' ဟုလည်းကောင်း ရေးကြ၏။ ထို့ကြောင့် ပထမနှစ် အပြီး ဒုတိယနှစ်အတွက် ခုံနံပါတ်များ ထွက်လာသောအခါ ထိုခုံနံပါတ် စာရွက်များပေါ်မှာ နာမည်ပြောင် များဖြင့် ပြည့်နှက်နေတော့၏။

ထိုသို့ အစအနောက် အပြောင်များ ကြားမှာပင် ဒုတိယနှစ်သို့ ရောက်ခဲ့၏။ တကယ်တော့ ဒုတိယနှစ်သို့ ရောက်ခဲ့ခြင်းသည် ကျွန်တော်တို့ အတွက် ဆယ်တန်းကို ဒုတိယအကြိမ် ရောက်ခဲ့သလိုပင်။ အဘယ်ကြောင့် ဆိုသော် စက်မှုတက္ကသိုလ် ဒုတိယနှစ်သည် အောင်မှတ်ဖြင့် မေဂျာခွဲမှာ ဖြစ်၍ပင်။ ဆယ်တန်းမှာ ရမှတ်ဖြင့် ဆေးတို့၊ စက်မှုတို့ ခွဲပြီးသောအခါ ကျွန်တော်တို့အဖို့ ဒုတိယအကြိမ် ထပ်မံပြီး အမှတ်ဖြင့် ကိုယ့်ကို မေဂျာခွဲမှာ ထပ်ကြုံရခြင်းပင်။ မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့ အတွက် Pressure နှင့် Stress ဆိုတာကြီးက မသိမသာရော၊ သိသိသာသာပါ ၀င်ချလာသည်။

ပထမနှစ်မှာ အင်္ဂလိပ်စာ(Eng 101) ၊ မြန်မာစာ (Bur 101) ၊ သင်္ချာ (Introductory Mathematics) (Math 101) ၊ သင်္ချာ (Calculus and Plane Analytic Geometry) (Math 102) ၊ ဓာတုဗေဒ (Chem 101) နှင့် ရူပဗေဒ (Phy 101) ဆိုပြီး ခြောက်ဘာသာ သင်ရ၏။

ဒုတိယနှစ်မှာတော့ အင်္ဂလိပ်စာ(Eng 201) ၊ မြန်မာစာ (Bur 201) ၊သင်္ချာ (Calculus and Three Dimensional Analytic Geometry) (Math 201) ၊ ဓာတုဗေဒ (Chem 201) ၊ ရူပဗေဒ (Phy 201) နှင့် Engineering Mechanics (ME 204) ဆိုပြီး ခြောက်ဘာသာ သင်ရ၏။ သင်္ချာ တစ်ဘာသာ အစား ME ၀င်လာခြင်း ဖြစ်၏။

ကျွန်တော်တို့ ကျောင်းမှာ B.E နှင့် B.Arch ဆိုပြီး ဘွဲ့နှစ်ဘွဲ့ ရှိ၏။ အင်ဂျင်နီယာနှင့် ဗိသုကာဘွဲ့။ B.Arch ဆိုသည့် Architecture ယူမည့်သူသည် ပထမနှစ် အပြီးမှာပင် ခွဲထွက်သွားလေသည်။ သို့သော် သူတို့သည် ကျွန်တော်တို့လို အင်ဂျင်နီယာ အတန်းများနှင့် ဒုတိယနှစ်မှာ လိုက်တက်ရ၏။ လူနည်းစုသာ ယူကြသည်။ အင်ဂျင်နီယာဘွဲ့ကတော့ ဆယ်မျိုးရှိ၏။ မေဂျာဆယ်ခု ဆိုပါစို့။ Mechanical , Electronics, Electrical Power, Civil, Textile, Mining, Chemical, Metallurgy, Petrol နှင့် Aeronautical ဆိုပြီး ရှိသည်။

ကျွန်တော်တို့ တက်နေချိန်က EC ဟုခေါ်သော Electronics သည် အဟော့ဆုံး။ ကျွန်တော်တို့ ရှေ့နှစ်တွေ ကတည်းက နံပါတ်တစ် မေဂျာ။ ပြီးလျှင်Mech 'မက်ခ်' ဟု ကျွန်တော်တို့ခေါ်သော Mechanical နှင့် Civil သည် နှစ်တိုင်း မတိမ်းမယိမ်း။ ကျွန်တော်တို့ အမြင်အရ ပြောရလျှင် ဆယ်တန်းမှာ ဆေးအမှတ်၊ စက်မှုတက္ကသိုလ် အမှတ် စသဖြင့် ခွဲစဉ်က အမှတ်အမြင့်ဆုံး၊ အနိမ့်ဆုံး ဆိုတာတွေသည် လျှောက်သည့် လူပေါ်သာ မူတည်သည် ထင်ပါသည်။ တစ်ပြည်လုံး ပထမဆိုသူက ဆရာဝန်လိုင်း မယူဘဲ၊ စက်မှုတို့ ၊ကွန်ပျူတာတို့ ယူလျှင် ထိုလိုင်းများမှာ သူ့အမှတ်က အမြင့်ဆုံးပေကိုး။ သူ့နောက်မှာမှ လူ ဘယ်နှစ်ယောက် ခေါ်မည်ဆိုပြီး ဦးစားပေးလျှောက်ထားသူ အရေအတွက်ကို ခွဲထုတ်လိုက်သောအခါ သတ်မှတ်ဦးရေ ပြည့်ချိန်တွင် ရှိမည့် နောက်ဆုံးလူ၏ အမှတ်သည် အနိမ့်ဆုံး ဖြစ်၍၊ ထိုနှစ်က ဆေးအမှတ်မြင့်သည်၊ နိမ့်သည်၊ စက်မှုတက္ကသိုလ် အမှတ်မြင့်သည်၊ နိမ့်သည် ဆိုပြီး ဖြစ်လာရခြင်း ဖြစ်သည်။ သို့သော် ဆေးကိုတော့ လူတိုင်းက ပိုလျှောက်ချင်၍ ဆေးအမှတ်သည် နှစ် တိုင်း မြင့်နေလေ၏။

ကျွန်တော်တို့ ကျောင်းမှာလည်း ထိုသဘောအတိုင်းပင်။ EC သည် ထိုအချိန်က ခေတ်အစားဆုံး ဖြစ်၍ နှစ် တိုင်း ထိပ်ဆုံးကပင်။ ဒုတိယနှစ် အောင်မှတ်အမြင့်ဆုံးများသည် EC ယူကြသည်။ ထို့နောက်မှာ Mech နှင့် Civil။

ထိုကဲ့သို့ လိုင်းခွဲမည်ဆိုသောအခါ နှစ်စကတည်းက မပေါ့ရဲကြ။ ပိုဆိုးသည်က မသင်ရခင်ကတည်းက အကြားနှင့် လန့်ခဲ့ရသော ME ဆိုသော ဘာသာရပ်။ Engineering Subject စစ်စစ် တစ်ခုဝင်လာ၍ လန့်သည့်သဘော။ ထိုဘာသာကို ဆရာဦးသန်းဌေးဆိုသည့် ဆရာက သင်သည်။ ဆရာသည် အသင်အပြ ကောင်း၏။ စကားပြောရိုး၏။ စက်မှုတက္ကသိုလ်တွင် (၆)နှစ် တက်ခဲ့ရသည့် ကာလအတွင်း Board ကို ကိုင်တွယ်သည့် နေရာ၌ အကျွမ်းကျင်ဆုံး ဆရာဟု ကျွန်တော်ဆိုချင်သည်။ သူလာလျှင် Board ပေါ်က ရှိသမျှစာ အကုန်ဖျက်လိုက်သည်။ ပြီးမှ Board ကို နှစ်ပိုင်း ပိုင်းရန် အလယ်မှာ မျဉ်းတစ်ကြောင်းဆွဲသည်။ ပြီးလျှင် သူ သင်မည့်စာကို တစ်ပိုင်းစီ ရေးတော့သည်။ ဆရာ၏ မြေဖြူကိုင်ပုံက စီးစီး ပိုင်ပိုင် ရှိလှသည်။ သူရေးသော စာများ ကြည့်ရသည်ကိုက အားလုံး သပ်ရပ်လှပပြီး ရှင်းရှင်းလင်းလင်း။ စာသင်လျှင် မရှင်းတာ မရှိ။

ထိုဆရာနှင့် သင်ရသည့်ကြား လိုင်းခွဲမည်ဆိုသော Pressure ၊ Stress တွေကြောင့် ကျွန်တော်တို့မှာ အပြင်၌ ME ကို ကျူရှင်ယူခဲ့ရသေးသည်။ ထိုမျှ မကသေး။ ဒဂုံမှာ နေသော ကျွန်တော့်အတွက် စာကြည့်ချိန်ပိုရရန် ကျောင်းအဆောင်တောင်းဖို့ပင် ကြိုးစားကြည့်ခဲ့ဖူးသေး၏။ ထိုစဉ်က မော်ကွန်းထိန်း ဆရာဦးသန်းစိန်က ဒဂုံမြို့သစ်သည် ရန်ကုန်စည်ပင်နယ်နိမိတ် အတွင်းပါ၍ ကျောင်းဆောင်မရနိုင်ကြောင်း ကျွန်တော့်ကို ရှင်းပြခဲ့၏။ အဆောင်မရခဲ့။ သည်မှာပဲ မိဘတွေကို ကျွန်တော့်အတွက် အပြင်ဆောင် ငှားပေးရန် ပူဆာမိတော့၏။

ကျွန်တော်တို့သည် ကျောင်းတက်ရင်း ပျော်ချင်သူများဖြစ်၏။ သို့သော် ကျောင်းတက်ရင်းမှပင် စိတ်ရှုပ်စရာ၊ ပူပင်စရာ များစွာကို ရရှိခဲ့သူများ ဖြစ်ခဲ့၏။ ကျွန်တော်တို့ လိုချင်သော ဘွဲ့တစ်ဘွဲ့အတွက် ချွေးစက် များစွာကို ရင်းနှီးခဲ့ရသူများလည်း ဖြစ်ခဲ့ကြ၏။ ။


ဆူးသစ်
၂၀း၃၀နာရီ ၂၃.၁.၂၀၁၁


Friday, January 21, 2011

"ဘာသာပြန်"

ကျွန်တော့် အလုပ်ထဲမှာ လုပ်နေသာ အလုပ်သမားများစွာ ထဲမှာ ပညာအရည်အချင်း မျိုးစုံ ပါသည်။ ဘွဲ့ရ၊ ဆယ်တန်းအောင်၊ အထက်တန်း စသည်ဖြင့်။ သည်တော့ အင်္ဂလိပ်စကားကလည်း အဆင့်မျိုးစုံ။ သူများပြောလျှင် နားလည်သည်။ ပြန်မပြောတတ်။ ဒါက တစ်မျိုး။ နားလည်း လည်သည်၊ ပြန်လည်း ပြော တတ်၏။ ဒါက တစ်ပုံစံ။ နားလည်း မလည်၊ ပြန်လည်း မပြောနိုင်၊ ဒါက တစ်ဘာသာ၊ စသဖြင့် စုံနေ၏။

သည်တော့ တစ်ခါတစ်ခါ သူတို့ထဲက ဘာသာပြန်ချက်များသည် ကျွန်တော့်အတွက် မှတ်မှတ်ရရ ဖြစ်ရ သည်။ မြန်မာ အလုပ်သမား တစ်ယောက်က သူ့ကိုယ်သူ အင်္ဂလိပ်စာ တတ်သယောင်နှင့် လုပ်ချ လိုက်တာလေး ကြည့်ပါဦး။

တစ်ရက်မှာ ကျွန်တော်တို့ဆီက ကောင်လေးတစ်ယောက် သူကြိုက်နေသော ကောင်မလေးဆီက ဖုန်း မက်ဆေ့တွေ ၀င်နေ၍ အလုပ်လုပ်ရင်း ခိုးဖတ်နေသည်။ ဖြစ်ချင်တော့ အင်္ဂလိပ်စာတတ်သည်ဟု ခံယူထားသော အလုပ်သမားက ထိုကောင်လေးနှင့်တွဲ၍ အလုပ်လုပ်နေ၏။ သည်မှာပဲ ကောင်လေး နားမလည်သော အင်္ဂလိပ်စာလုံး တစ်လုံးက ပါလာသည်။ ဒါကို ဘေးက အင်္ဂလိပ်စာ ပညာရှင်ကြီးကို ပြရင်း ဘာသာပြန်ခိုင်း၏။ အံကျပင် ဘာသာပြန်ပေးလိုက်သည်။ "မင်းကောင်မလေးက အခု သူ အရမ်း ပျော်နေတယ်တဲ့"။ ဟား - ကောင်လေး ၀မ်းသာသွားသည်။ ကောင်မလေးဘက်ကို သူလည်း အရမ်းပျော်ကြောင်း၊ တနင်္ဂနွေအားလျှင် City Hall မှာ ဆုံကြမည့် အကြောင်း ပြောတော့ ကောင်မလေး က ဒေါကန်ပြီး ဖုန်းချသွားသည်။ ခေါ်လို့ပင် မရတော့။

ဒါနှင့် တစ်ခုခုတော့ လွဲပြီဟု ထင်ကာ အင်္ဂလိပ်စာ နားလည်သော တခြားတစ်ယောက်ကို ပြတော့ ခုနက ဘာသာပြန်က အမှားကြီး ပြန်ပေးထားတာ ဖြစ်၏။ တကယ်တော့ ကောင်မလေးပို့လိုက်သည့် မက်ဆေ့မှာ ပါသော Unhappy ဆိုသည့် စကားလုံးကို ကျေးဇူးရှင်က အရမ်းပျော်နေသည်ဟု ထင်ကာ "မင်းကောင်မလေး အရမ်းပျော်နေတယ်လို့ ပြောတာ"ဟု လုပ်ချလိုက်သောအခါ ကောင်လေးမှာ ဒုက္ခရောက်ရတော့သည်။

ဒါက တစ်ခု။ နောက်တစ်ခု ကျတော့လည်း ထိုဘာသာပြန်နှင့်ပင် ပတ်သက်၏။ ထိုနေ့က သူနှင့်အတူ လုပ်နေသော အလုပ်သမားနှစ်ယောက်က ကွမ်းစားချင်သည်။ ကျွန်တော်တို့ လုပ်ကွက်ထဲမှာ ကွမ်းဝယ်လာသူ၊ ကွမ်းပြန်ရောင်းသူ အစုံရှိ၏။ City Hall ကနေ ကွမ်းရွက်နှင့် အဆာပလာများ ၀ယ်လာပြီး အဆောင်မှာ ပြန်ထုပ်၊ လုပ်ကွက်ထဲမှာ ရောင်းနှင့်၊ ၀ယ်သူရောင်းသူ အဆင်ပြေကြသည်။ ထို့ကြောင့် Main Contractor က Site ထဲလာပြီး ချထားသော အမှိုက်ပုံးကို အဖုံးဖွင့်လိုက်လျှင် ကွမ်းတံတွေးနံ့၊ ဆေးနံ့ စုံနေ၏။

ဖြစ်ပုံက ထိုနေ့က ဘာသာပြန်ဆရာပါသောအဖွဲ့သည် ငြမ်းပေါ်မှာ လုပ်နေ၏။ ထိုငြမ်းသည် သိပ်မမြင့် လှသော်လည်း အ၀င်အထွက် မလွယ်။ ပိုက်လုံးများ၊ Cable Ladder များ ကြားမှ ခက်ခက်ခဲခဲ တိုးဝင်ပြီး သွားမှ သူတို့ အလုပ်လုပ်သည့် နေရာသို့ ရောက်၏။ ထို့ကြောင့် ငြမ်းပေါ်ကို တော်တော်နှင့် မတက်ကြ သလို၊ တော်တော်နှင့်လည်း မဆင်းကြ။ အိမ်သာတက်ချင်သည့် အခါမျိုး၊ အရေးကြီးမှသာ ဆင်းကြ၏။

ထိုနေ့က သူတို့အဖွဲ့ ကွမ်းပြတ်သွား၍ အောက်က သူငယ်ချင်းကို ကွမ်းလှမ်းမှာပြီး အလုပ်ဆက်လုပ်နေစဉ် ဘာသာပြန်ဆရာဆီ မက်ဆေ့ ၀င်လာ၏။ ဘာသာပြန်ဆရာက ဘယ်သူ့မျှ မပြဘဲ "ကွမ်းရပြီတဲ့" ဟု ပြောသောအခါ ကျန်နှစ်ယောက်က အားရ၀မ်းသာဖြင့် ပိုက်များ၊ Cable Ladder များကြားမှ အလုအယက် တိုးကာ ငြမ်းပေါ်မှ ဆင်းပြေးကြလေ၏။ သည်သို့ဖြင့် ကွမ်းရပြီ ဆိုသူဆီ ရောက်သောအခါ "ဘယ်မှာလဲကွမ်း" ဟု မေးတော့ "ဟင်-ငါပြောလိုက်တယ်လေ၊ Finish လို့၊ ကုန်ပြီလို့" ဟု ဆိုမှ ကျေးဇူးရှင် ဘာသာပြန်ကို တစ်ယောက် တစ်ခွန်း တုပ်ကြလေတော့သည်။ သူက Finish ကို ကွမ်းယာပြီးပြီလို့ ထင်ပြီး ပြောလိုက်သည် ထင်ပါသည်။ ငြမ်းပေါ်က ဆင်းလာသော အလုပ်သမား နှစ်ယောက်မှာ ကွမ်းမစားရသည့် အပြင် ငြမ်းပေါ် ပြန်တက်ရမည့် ဒုက္ခ တွေးကာ ရှုံ့မဲ့နေသည်ကို ကြည့်ရင်း ကျွန်တော်တို့အားလုံး ရယ်မိကာ ဘာသာပြန်ဆရာကို သဘောကျနေမိတော့၏။ သည်လို ဘာသာပြန်ဆရာမျိုး တွေ့ရခဲသည် မဟုတ်လား။

နောက်တစ်ခုကတော့ သည်နေ့ (21.1.2011) မှာ ကြုံရတာပါ။ ဘာသာပြန် မှားလို့တော့ မဟုတ်။ သို့သော် ဘာသာပြန် ကိစ္စနှင့် ဆိုင်နေ၍ပါ။

ကျွန်တော်တို့ Main Contractor Company က နံနက်တိုင်း Mass TBM (Contractor အားလုံး တက်ရသည့် Safety Meeting) ကို ဆက်တိုက် လုပ်လာသည်မှာ တစ်လခန့်ရှိပြီဖြစ်၏။ လူမျိုးပေါင်းစုံပါ၍ ဘာသာပြန်ပေး ကြရသည်။ မြန်မာများအတွက် ကျွန်တော်က ဘာသာပြန်ပေးသည်။

သို့သော် သည်နေ့တော့ Main Con က အလုပ်သမားများကို အင်္ဂလိပ်လိုပြောလျှင် နားလည်၊ မလည် စမ်းချင်၍ အင်္ဂလိပ်လို Safety အကြောင်းအရာများ ရှင်းပြပြီး လူမျိုးအလိုက် အလုပ်သမား တစ်ယောက်ချင်း စီကို ဘာသာပြန်ခိုင်း၏။ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ စသည်ဖြင့်။

ရှေ့ကလူများက ချောချောမောမော ပြီးသွားသည်။ ကျွန်တော်တို့ မြန်မာ အလုပ်သမား အလှည့် ရောက်တော့ Main Con Safety Manager က ကျွန်တော့် နာမည် လှမ်းခေါ်ပြီး မြန်မာ အလုပ်သမားလေး၏ ဘာသာပြန် မှန်၊ မမှန် နားထောင်ပေးဖို့ ပြောသည်။ မြန်မာ အလုပ်သမားလေး တစ်ယောက်ကိုလည်း လူရှေ့လှမ်းခေါ်၏။ ကျွန်တော်က နောက်နားမှာ ရပ်နေသည်မို့ စကားပြော စင်မြင့် ဘေးသို့ ပြောင်းပြီး ရပ်လိုက်၏။ ထိုစဉ်မှာပင် ကျေးဇူးရှင် ဘာသာပြန်၏အသံ ထွက်လာ၏။

"ဟို နှုတ်ခမ်းမွှေးနဲ့ ကုလားကြီးက ပြောသွားပါတယ်"

"၀ါး - ဟား ဟား ဟား"

သေပြီပေါ့ဗျာ၊ Main Con Safety Supervisor တစ်ယောက်က နှုတ်ခမ်းမွှေးနှင့်ကုလား။ သည်မနက်သူက ရှေ့က စပြောသည်။ ပြီးမှ နှုတ်ခမ်းမွှေး မပါသော Safety Manager ကုလားက ပြောသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် အဓိက က ထိုအကြောင်းမဟုတ်။ သူတို့ ပြောသွားသော အကြောင်းများသာ အဓိက ဖြစ်သည်။ သို့သော် စစချင်း ကျေးဇူးရှင် လုပ်ချလိုက်ပုံက ကျွန်တော်ပင် Safety များရှေ့ မည်သို့ နေရမည်မသိ။ မြန်မာအလုပ်သမားများက ရယ်ကြ၏။ Main Con က ကုလား Safety Supervisor နှင့် Safety Manager တို့က မသိဘဲ ပြုံးပြုံး ပြုံးပြုံးနှင့် သဘောတွေ ကျနေ၏။ အဲ- ဘာသာပြန်ကတော့ မှန်နေ၍ Main Con က Safety များ ကျွန်တော့်ကို လှမ်းကြည့် သောအခါ ကျွန်တော် လက်မထောင်ပြလိုက်တော့ အားလုံး သဘောကျသွားသည်။ ကောင်းပါ၏။ ဒါတင် မကသေး။ ဘာသာပြန်နိုင်သည်ဟု ဆိုကာ Fair Price က S$10 ဘောင်ချာပင် သူ့ကို ပေးလိုက်သေးသည်။ ပြီးရော။

Meeting ပြီးတော့ လုပ်ကွက်ထဲ ရှိသမျှ မြန်မာများက ကျေးဇူးရှင် ဘာသာပြန်အကြောင်း ပြောပြီး ရယ်ကြသည်။ ကျွန်တော်က လူအုပ်ကြားမှာ သကောင့်သားကို လိုက်ရှာ၏။ မိတော့မှ "ဟေ့ကောင်၊ နှုတ်ခမ်းမွှေးနဲ့ တရုတ်ကြီး ရှိလို့လား" ဟု မေးတော့ မြန်မာတွေ ရယ်ကြသည်။ "ကျွန်တော် မပြောရဲလို့ ငြိမ်နေတုန်း ဘေးက ကောင်က ကျွန်တော့်ကို လက်ညိုးထိုးပြတယ်၊ ဒါနဲ့ မရတော့ဘူးဆိုပြီး ထသွားတာ၊ လူရှေ့ရောက်တော့ တုန်နေတာ အစ်ကိုရ၊ ဘာပြောရမှန်း မသိတာနဲ့၊ အဲဒါနဲ့ စလိုက်တာ" ဟု ဆိုသည်။ "ဟ- Safety ကပြောပါတယ်ဆို ရပြီပေါ့၊ မင်းဟာက နှုတ်ခမ်းမွှေးနဲ့ ကုလားကြီး ဆိုတော့ သူတို့က ကုလားဆို သိတယ်၊ နားလည်လား၊ ပြီးတော့ မင်းစဉ်းစားကြည့်၊ နှုတ်ခမ်းမွှေးနဲ့ ကုလားကြီးလည်း အခေါ်ခံရသေး၊ Fair Price ဘောင်ချာ S$10 တန်လည်း ပေးရသေး" ဟု ပြောတော့ မြန်မာများ အားလုံး ရယ်ကြသည်။ "ငါက မင်းဘာသာပြန်တာ မှန်လို့ လက်မ ထောင်ပြတာ၊ ငါပါ ရောပြီး နာမည်ပျက်အောင် မလုပ်နဲ့"ဟု ပြောမှ ရယ်ကျဲကျဲနှင့် ထွက်သွားကြတော့၏။

ကဲ - ကျွန်တော့် လုပ်ကွက်ထဲမှာ အဲဒီလို ဘာသာပြန်တွေ ရှိနေပါသည် ခင်ဗျာ၊ ငှားချင်ရင် ပြောကြပါ။ ။

ဆူးသစ်
၂၁း၅၃ နာရီ
၂၁.၁.၂၀၁၁

Tuesday, January 18, 2011

"ဤအပြစ်မှလွဲ၍"


မခင်ငြိမ်းက ဈေးထဲမှာ ကုန်စိမ်းရောင်းသည်။ သူ့ယောက်ျား ကိုဘသောင်းက ဆိုက်ကားနင်းသည်။ ကိုယ်ပိုင် မဟုတ်။ အုံနာ ရှိ၏။ ကလေးက လေးယောက်ရှိသည်။ အကြီးဆုံးသမီးက ကိုးတန်းကျောင်းသူ၊ ဒုတိယ သမီးက ရှစ်တန်းကျောင်းသူ၊ တတိယသားက လေးတန်း၊ အငယ်ဆုံးက နှစ်တန်း ဖြစ်၏။ သည်သမီးတွေ သားတွေ ကျောင်းထားနိုင်ဖို့ မခင်ငြိမ်းတို့ လင်မယားနှစ်ယောက် အပြင်းအထန် ရုန်းကန်ရသည်။ ဒါတောင် အ၀တ်အစားက အစ ကျောင်းစာအုပ်များ အဆုံး အကြီးမှ အငယ် ရိုရိုသေသေ ပြောင်းသုံး ခဲ့၍သာ တော်တော့သည်။ သည်ပုံစံ နှင့်ပင် သူတို့ မိသားစုလေး လည်ပတ်နေ၏။

တစ်နေ့မှာတော့ သူ့သားသမီးများ သူ့နားကပ်လာ၏။ ပြီးတော့ သူတို့မှာ ပါလာသော ပညာရည် တိုးတက်မှု မှတ်တမ်းများကို ထုတ်ပြ၏။ လပတ်စာမေးပွဲအတွက်ဟု မခင်ငြိမ်း နားလည်၏။ တစ်ယောက်ချင်းစီ ယူကြည့် လိုက်သည်။ တစ်ယောက်ကို နှစ်ဘာသာ၊ သုံးဘာသာ စီလောက် ကျနေ၏။ သူ စိတ်မကောင်း၊ ထိုစဉ်မှာပင် သမီးကြီးက စပြော၏။

" အမေ - သမီးတို့ ဆရာမတွေက တစ်ဘာသာ ကျရင် နှစ်ဆယ် ပေးရမယ်တဲ့"

မခင်ငြိမ်း မျက်လုံးပြူးသွားသည်။ ကျန်သားသမီးတွေကပါ သားတို့သမီးတို့လည်း အတူတူပဲဟု ၀ိုင်းပြော၏။ သူ အံ့သြသွားသည်။

"နေပါဦး၊ သားတို့သမီးတို့ ဆရာမတွေက အဲဒီငွေတွေရရင် ဘာလုပ်မှာလဲ"

"နှစ်ဆုံးရင် အတန်းထဲမှာ လိုတာဝယ်မယ်၊ ဒါမှမဟုတ် တစ်ခုခု လုပ်မယ်တဲ့"

မခင်ငြိမ်း သက်ပြင်းချလိုက်သည်။ သူ့ကလေးများ ကျသည့် ဘာသာတိုင်းအတွက် ပေးရမည့် စရိတ်က သူတို့ လင်မယား တစ်နေ့ဝင်ငွေလောက် ရှိသည်။ ကလေးများ စာမေးပွဲကျသည်ဟု သိစဉ်က စိတ်မကောင်းသည် ထက် ကလေးတွေကို စာမေးပွဲကျ၍ ပြစ်ဒဏ်ချလိုက်သော ဆရာ၊ ဆရာမများ၏ ပြစ်ဒဏ်ကို ကြားရသော အခါ ဖြစ်ရသော စိတ်မကောင်းခြင်းက ပိုဆိုး၏။ စိတ်ထဲကတော့ ကလေးတွေ မကြားအောင် ပြောနေ မိသည်။

"ကလေးတွေကို စာမေးပွဲကျရင် ဒီအပြစ်ကလွဲလို့ ကြိုက်တဲ့အပြစ် ပေးပါလား ဆရာ၊ ဆရာမတို့ရယ်" ဟု။ ။

သားလတ်

(ထူးခြားဂျာနယ်၊ အတွဲ ၁ - အမှတ် ၁၂၊ ၁၉၉၉ ခုနှစ်၊ ဇွန်လ ၂၄ ရက်)

Monday, January 17, 2011

"အချိုရည်ဘူးလေးတစ်ဘူး"


ကျွန်တော့်ဦးလေး အပြင်က ပြန်လာစဉ်မှာ လမ်းမှာတွေ့သည့် အမေ့ မိတ်ဆွေ တစ်ယောက်က အမေသောက်ဖို့ မန်ကျည်းနှင့် လုပ်ထားသော ဖျော်ရည် ဘူးသေးလေး တစ်ဘူး လက်ဆောင် ပေးလိုက် သည်ဟု ဆိုကာ ကျွန်တော်တို့ ထမင်းစားပွဲပေါ်မှာ တင်ထား၏။ ထိုဘူးလေးကို အမေသောက်မှာပဲ ဆိုသည့် အတွေးနှင့် ကျွန်တော်တို့ မသောက်ခဲ့။ နောက်လေးငါးရက် အကြာ ထိုဘူးလေးက သည်အတိုင်း။ တကယ်ဆို အိမ်မှာ အဖေ၊ အမေ၊ ကျွန်တော့် အစ်ကိုနှင့် သူ့မိန်းမ၊ ကျွန်တော့်ညီနှင့် အဖေ့ညီ ကျွန်တော်တို့ ဦးလေး စသည်ဖြင့် အားလုံးက သည်ဘူးလေးကို နေ့တိုင်း မိုးလင်း၊ မိုးချုပ် တွေ့နေရ၏။ ထူးခြားတာက ဘယ်သူမျှ သောက်ပါမည်ဟု စကား မဟကြခြင်းပင်။ အားလုံးက အမေ့အတွက်ဟု ရည်ရွယ်ထား၍ မသောက်ကြခြင်းပါ။ သို့သော် အမေကလည်း ဘာကြောင့် မသောက်သေးလဲ ကျွန်တော်တို့ မသိ။

တစ်ပတ်လောက်ကြာပြီး တစ်ညနေမှာ အမေက "ဒီလောက်ကြာနေတာ သောက်လိုက်ကြတော့လေ" ဟု ဆိုတော့ ကျွန်တော်တို့က "အမေသောက်ဖို့ ထား ထားတာလေ" ဟု ပြန်ပြောကြသည်။ ထိုအခါ အမေက   "အမေတစ်ယောက်တည်း မကုန်ပါဘူး၊ လာ - တစ်ယောက် တစ်ငုံ သောက်မယ်" ဟု ဆိုမှ အမေက သူ တစ်ယောက်တည်း မသောက်ချင်ဘဲ အားလုံးကို မျှတ၍ သောက်စေချင်တာ ကျွန်တော်တို့ နားလည် လိုက်သည်။ ကျန်သူတွေက မသောက်ကြသော်လည်း အမေကျေနပ်အောင် ကျွန်တော်နှင့် ကျွန်တော့် ညီက ရောပြီး သောက်ပေးလိုက်ပါသည်။

တကယ်တော့ ကျွန်တော်တို့ အခြေအနေက သည်လို ဖျော်ရည်ဘူးလေး တစ်ဘူးကို မျှတပြီး သောက် ရလောက်သည့် အခြေအနေ မဟုတ်။ ကျွန်တော်တို့ မိသားစု၏ တစ်ယောက် အပေါ် တစ်ယောက်က နားလည်စွာ ထားသော သို့မဟုတ် လျှို့ဝှက်စွာ ရှိနေသော မေတ္တာ၊ စေတနာကြောင့်သာ ဖျော်ရည်ဘူးလေး တစ်ဘူးကို သူသောက်၊ ငါသောက် လုပ်နေကြခြင်းပင်။ သည်လို သောက်လိုက်တော့မှ တီဗွီထဲမှာ ခဏ ခဏ လာနေသော ကြော်ငြာတွေ ထဲက အချိုရည်ပုလင်း ကြော်ငြာတစ်ခုမှာ ထမင်းစားပွဲပေါ် တင်ထားသော အချိုရည်ပုလင်း တစ်လုံးကို မိသားစုထဲက တွေ့သမျှလူ သောက်ချသွားတာ သတိရသည်။ ကြော်ငြာ ကတော့ အချိုရည် ပုလင်း၏ ဆွဲဆောင်မှုကို ပြခြင်းပါ။

ကျွန်တော်တွေးမိသည်က ကျွန်တော်တို့ မိသားစု ပုံစံသာ ဆိုလျှင် သည်လို ကြော်ငြာပုံစံမျိုး ရိုက်လို့ရမှာ မဟုတ်။ ဟုတ်သည်လေ။ ထမင်းစားပွဲပေါ်က အချိုရည်ဘူးလေး တစ်ဘူးကိုပင် ကျွန်တော်တို့မှာ မတို့ရက်၊ မထိရက် ဖြစ်နေရသည် မဟုတ်လား။

ဘာပဲဖြစ်ဖြစ် ထိုညနေက ဖျော်ရည်ဘူးထဲမှာ ပါသော မန်ကျည်းဖျော်ရည်၏ အရသာသည် ကျွန်တော်တို့ လျှာဖျားမှာ အလွန် အရသာရှိခဲ့သည်က အမှန်ပင်။ ပြီးတော့ သည်ဖျော်ရည်ဘူးလေးမှာ ထူးခြားမှုတွေ ရှိနေသည်ကို ကျွန်တော် သိလိုက်ရ၏။ မန်ကျည်းဖျော်ရည် ဖြစ်လျက် မချဉ်ဘဲနှင့် ရင်ထဲကို ချိုဆင်းသွားတာက ထူးခြားမှု တစ်ခု၊ မသောက်ရသူတွေ၏ ရင်ထဲမှာလည်း သောက်ရသလို ပြည့်ဝ သွားတာက ထူးခြားမှု တစ်ခု။ ။


သားလတ်
၂၁.၁၂.၁၉၉၉

(ထူးခြားဂျာနယ်၊ အတွဲ ၁ - အမှတ် ၄၂၊ ၂၀၀၀ပြည့်နှစ်၊ ဇန်န၀ါရီလ ၂၀ ရက်)

Friday, January 14, 2011

"ကဒေါင်က"


ကျွန်တော်တို့ အလုပ်ထဲမှာ မြန်မာပြည်က လာလုပ်နေသူတွေရှိပြီး နေရာပေါင်းစုံက ပါသည်။ ရံဖန်ရံခါ အလုပ်အားသည့် အချိန်မျိုးမှာ ကျွန်တော်တို့ စကားစုဖွဲ့ကြရင်း တစ်ယောက်အကြောင်း တစ်ယောက် မေးကြ၊ ပြောကြ သည်။

ကျွန်တော် ရုံးချုပ်၊ Workshop မှာ တာဝန် ထမ်းဆောင်စဉ်က Ular ကျွန်း Project အတွက် ပစ္စည်းများ ထားသော Lay Down Area ကိုပါ တာဝန်ယူရသည်။ တစ်ရက်ကို အနည်းဆုံး တစ်ခေါက်လောက် သွားကြည့်ဖြစ်၏။ ထို Area က မြန်မာ များသည်။ မြန်မာ ကြီးကြပ်ရေးမှူးနှင့်မို့ အဆင်ပြေကြ၏။

တစ်ခါတော့ အလုပ်သိမ်းချိန် ပြန်ခါနီး ကျွန်တော်တို့ စကားစုဖွဲ့ ကြစဉ် မြန်မာ ကြီးကြပ်ရေးမှူးလေးက သူ့အနားမှာ ရှိသော မြန်မာတွေ အကြောင်း ပြောပြ၏။ သူပြောပြ သူများထဲမှာ တစ်ယောက်ကိုတော့ ထူးထူး ခြားခြား မှတ်မိသွား၏။ ပြောပုံကလည်း ကြည့်လေ။

"ဒီကောင်တွေ စရောက်ပြီး သိပ်မကြာဘူး၊ ဘယ်ကလာလဲ၊ ဘာညာဆိုပြီး ကျွန်တော်တို့ မေးတာပေါ့ အစ်ကိုရာ၊ အဲဒါ ဒီကောင်ပေါ့၊ ဘယ်လိုဖြေတယ် မှတ်လဲ"

"အင်း - ပြောပါဦး"

"ကျွန်တော်က သူ့ကို မေးတယ်၊ မင်းကဘယ်ကလဲ ဆိုတော့၊ မန္တလေးကတဲ့၊ ကျွန်တော်ကလည်း သြော် မန္တလေးက လား ဆိုပြီး ကျန်တဲ့သူမေးမလို့ ခဏရပ်နေတုန်းရှိသေး ဒီကောင်က စကားဆက်တယ်၊ မန္တလေးက ဆိုပေမယ့် ကျွန်တော်က မြင်းခြံ ခရိုင်က အစ်ကိုရတဲ့"

ကြီးကြပ်ရေးမှူးလေး ပြောနေသော တစ်ယောက်ကို ကြည့်တော့၊ ပြုံးပြုံး ပြုံးပြုံးနှင့်။ ကျွန်တော် ဆက်နားထောင် သည်။

"ဒါနဲ့ ကျွန်တော်လည်း သြော် - မြင်းခြံ ဘက်ကကိုးလို့ ပြောပြီး ကျွန်တော့်ဘာသာ ဟိုငေး သည်ငေး လုပ်တုန်း ရှိသေး၊ သကောင့်သားက မြင်းခြံဘက်ကတော့ ဟုတ်တယ် အစ်ကို၊ ဒါပေမဲ့ ကျွန်တော်က မြင်းခြံခရိုင် နွားထိုးကြီး မြို့နယ် ကပါတဲ့၊ ကျွန်တော် နည်းနည်းတော့ တင်းလာတယ် အစ်ကို။ ဆက်နားမထောင်ချင်တာနဲ့ သြော်-အေးအေး၊ နွားထိုးကြီး ဘက်ကပဲ ဆိုပြီး ရပ်လိုက်တယ်။ ကျွန်တော် ရပ်ပေမယ့် ဒီကောင်က မရပ်ပါဘူး။"

"ဘာကျန်သေးလို့လဲ"

ကျွန်တော် စိတ်ဝင်တစားနှင့် မေးလိုက်ချိန်တွင် အားလုံး ပြုံးကြ၏။

"နွားထိုးကြီးတော့ နွားထိုးကြီးပဲ၊ ဒါပေမဲ့ ကျွန်တော်က ကဒေါင်က တဲ့။ ဘေးက နားထောင်တဲ့ ကောင်တွေက ရယ် ရော။ ကျွန်တော်က တော့ ပျစ်ပျစ်နှစ်နှစ် တုပ်ထည့်လိုက်တယ်။"

ကြီးကြပ်ရေးမှူးလေးက ရယ်ကျဲကျဲနှင့် ပြော၏။ အလုပ်သမားများက ပြုံးသည်။ ကျွန်တော် သဘောကျစွာ ရယ်မိ ၏။

"ဟုတ်တယ်လေ အစ်ကိုရာ၊ အစကတည်းက ကျွန်တော်က ကဒေါင်ရွာကပါ၊ မန္တလေးတိုင်း၊ မြင်းခြံ ခရိုင်၊ နွားထိုးကြီး မြို့နယ်ကပါလို့ ပြောလိုက်ရင် ပြီးတာပဲ၊ ဟာ - ဗာရာဏသီ ချီနေလိုက်တာ မပြီးတော့ဘူး"

"ကျွန်တော်က အစ်ကိုတို့ မသိမှာ စိုးလို့ပါ" ဟု ကဒေါင်က လူငယ်လေး ၀င်ပြောသည်။ အားလုံး ပြုံးမိပြန်၏။ သူ့ကို ကြည့်တော့ အလုပ်ဆင်းခါနီးမို့ Short Pant၊ ကျောပိုးအိတ်၊ Walking Shoe နှင့်။

တကယ်တော့ ကဒေါင် ဘယ်နားမှာမှန်း ကျွန်တော်မသိပါ။ သို့သော် ကဒေါင်က လူငယ် တစ်ယောက် ကိုတော့ သူ့ အကြောင်းကြားရင်း မှတ်မှတ်ရရ သိခဲ့ရဖူးပါသည်။ ။

ဆူးသစ်
၂၂း၂၂ နာရီ
၁၄.၁.၂၀၁၁



Monday, January 10, 2011

"အနာဂတ်ဆီ"

အချစ်ရေ....
နေရတဲ့ဘ၀မှာ
ခံစားမှုဆိုတာ များစွာရှိမှာပေါ့။

ပြက္ခဒိန်တစ်ခု ပြီးသွားချိန်
ခရီးသွားရင်း ကြုံရတဲ့အိမ်ကလေးမှာ
ဒုက္ခဆိုတာဘာလဲ
ပျော်စရာဆိုတာ ဒါပဲလို့
တစ်ခါတည်း ခွဲခြားလို့မရ
အဲဒါကပဲ ဘ၀ဖြစ်နေတာနော်။

ဘယ်တော့မှ နောက်မဆုတ်ကြေး
နှစ်ယောက်တည်းလုပ်ထားတဲ့တေးတွေ ဆိုရအောင်
ကိုယ့်ပုခုံးဘေးမှာ နှောင်ဖွဲ့မှီတွယ်
အောင်မြင်တဲ့ အနာဂတ်ဆီ ကိုယ်ချီသယ်သွားမယ်
ချစ်ခြင်းသီဖွဲ့ နှလုံးသားရယ်
ယုံကြည်အားကိုးတဲ့ စိတ်ဓါတ်ရယ်
အရိပ်လို ထက်ကြပ်မကွာထည့်ရင်း
ကိုယ်တို့ရဲ့ ခရီးပြင်းကို ဆက်ရအောင်ကွယ် ။ ။

သားလတ်
၂၀း၅၀ နာရီ
၂၆.၁၂.၂၀၁၀



ကျွန်တော့်ဇနီးကို နှစ်သစ်ကူး လက်ဆောင်အဖြစ် ရေးပေးခဲ့သော ကဗျာ ဖြစ်ပါသည်။ ကျွန်တော်တို့ နှစ်ယောက် စလုံး၏ Gtalk တွင်တင်ထားပါသည်။

Friday, January 7, 2011

“ကျွန်တော်နှင့် ၀က်သားမှတ်တမ်း”


နှစ်သစ်ကူးရက် (၁.၁.၁၁) မှာ ကျွန်တော်နှင့် ဇနီးသည် Sentosa သို့ သွားခဲ့သည်။ ဇနီးသည်က ကြာဇံကြော်နှင့် ၀က်သားတုတ်ထိုး ထည့်လာ၏။ ထမင်းစားချိန်မှာ ဇရပ်လို အဆောင်တစ်ခု၌ ၀င်စားသည်။ ထုံးစံအတိုင်း ကုလား၊ တရုတ်များက နားသူနား၊ စားသူစားဖြင့် ထိုနေရာဝန်းကျင်မှာ ရှိ၏။

ကျွန်တော်တို့ စားနေစဉ် ကုလားတစ်အုပ် ထပ်ဝင်လာ၏။ ကုလားတစ်ယောက်သည် ကျွန်တော်တို့၏ ၀က်သား တုတ်ထိုး ပွဲကို စူးစူးစိုက်စိုက် ကြည့်သွားလေသည်။ ဘာကြောင့်မှန်းမသိ။

ကျွန်တော့ ဇနီး 'ပါရမီဖြည့်ဖက်လေး' ၏ 'ရသာချို' ဘလော့မှာ ၀က်သား ချက်သည့်အကြောင်း တင်လျှင် ၀က်သား မစားသူများက ၀က်သားမစားသည့် အကြောင်း မှတ်ချက်လေးများ ရေးသွားသည်။ ကျွန်တော့် အထင် တချို့က ဘာသာရေးကြောင့်၊ တချို့က သူ့အကြောင်းနှင့် သူ။

သို့သော် ထို အဖြစ်အပျက်များ တွေ့ပြီးနောက်ပိုင်း ကျွန်တော့်ခေါင်းတွင် ၀က်သားနှင့် ပတ်သက်ပြီး ဖြစ်စဉ် တချို့ ပြန်ဝင်လာတာလေး ရှိသည်။ တစ်ခုက Shell (Seraya) မှာ Project Shut Down လုပ်စဉ်က ဖြစ်သည်။ ကျွန်တော်တို့ နေ့လယ် ထမင်းဝယ်လျှင် ကင်တင်းန်မှာ တန်းစီရသည်။ ထိုနေ့က ကျွန်တော့်ရှေ့မှာ ကုလား တစ်ယောက် တန်းစီနေသည်။ သူ့ရှေ့က လူများ အလှည့်မှာကတည်းက သူက ဟင်းတွေကို လိုက်ကြည့်နေတာ ကျွန်တော် သတိထားမိသည်။ ကျွန်တော်တို့လည်း သည်လိုပါပဲ။ သည်နေ့ ဘာဟင်းတွေ ရှိလဲပေါ့။

သည်လိုနှင့် ကျွန်တော့်ရှေ့က ကုလားအလှည့် ရောက်လာသည်။ ထမင်းရောင်းသည့် တရုတ်မက ထမင်းထည့် ပြီး ကုလားကို 'ဘာဟင်းနဲ့ စားမလဲ' ဟု မေးသည်။ ကုလားက ၀က်သားကို လက်ညှိုးထိုးပြီး 'ဒါဘာလဲ' ဟု မေး၏။ တရုတ်မက '၀က်သား' တဲ့။ ကုလား တွေဝေသွားသည်။ ကျွန်တော်က ကုလားကို ၀က်သားဟု ပြန်ဖြေသည့် တရုတ်မကို ကြည့်ရင်း သူမို့လို့ ၀က်သားကို ကုလားသွားပြတယ်ဟု စဉ်းစားသည်။ တခြားဟင်းတွေ ပြောသင့် တာပေါ့ဟု တွေး၏။ ထိုအချိန်မှာပင် ကုလားသည် ပြတ်သားစွာဖြင့် တရုတ်မကို ပြောလိုက်၏။ '၀က်သားထည့်' တဲ့။ ပြီးရော။ ကျွန်တော် တွေးမိပါသည်။ သူ့အကြောင်းနှင့် သူ ရှိမည်ပေါ့။

နောက်တစ်ခုက ကျွန်တော်ဖတ်ဖူးသော ၀က်သားနှင့် ပတ်သက်သည့် စာတစ်ပုဒ်။ မည်သူ ရေးသလဲဟု ကျွန်တော် မမှတ်မိတော့။

Tuesday, January 4, 2011

“မဟာဒီလှိုင်း”


ဟိုးအဝေးပင်လယ်ပြင်ရဲ့ ရိုက်ခတ်ခြင်း
ဂီတမြားတစ်စင်းထိုးခွင်းနေသလို
နားစည်ရဲ့ဗဟိုထဲငြိမ်လျက်
ပင့်သက်တွေအိပ်မောကျချိန်မှာ
ခပ်မှိန်မှိန်လေးရောက်ခဲ့တယ်။

လှပတဲ့ ရှုမျှော်ခင်း
မီးပြတိုက်ထင်းထင်းကြီးနဲ့
သီးနှံတွေရဲ့ယာခင်း
ကမ်းစပ်လေးမှာ မေးဆင်းလို့ပေါ့။

အဲဒီကမ်းစပ်သောင်ပြင်ပေါ်
သမုဒ္ဒရာကို သမုဒယနဲ့ တွယ်ငင်ချင်သူတွေရဲ့နေအိမ်
ပင်လယ်ပြင်ကို မကြည့်ရဲတဲ့ မျက်နှာတွေနဲ့
ဘယ်ခါမှ မရှိလေတဲ့ ပင်လယ်ဘက်က ပြူတင်းပေါက်
မိုးကုတ်စက်ဝိုင်းအောက်က အနားသတ်မျဉ်းကို
မျက်လွှာချ ဥပေက္ခာပြုထားတယ်။

ကံကြမ္မာရဲ့ နေ့ရက်ဒီဇိုင်းသစ်
ရက်စက်စွာဖွင့်လှစ်ခဲ့တဲ့နေ့
မေ့မရခဲ့တဲ့မဟာဒီလှိုင်းတွေ
သဲသောင်ပြင်ပေါ်ကအိမ်တွေကို မျိုချ
အဲဒီကစလို့ ပြောင်သလင်းခါသွားတဲ့ သောင်ပြင်
နှစ်ပေါင်းများစွာ ဘယာကင်းစင်ခဲ့ပြီ။

တစ်ခါကမျိုးဆက်သစ်တစ်ဦး
ကာလနှစ်တွေထဲ လက်ပစ်ကူးပြီးမှ
သောင်ပြင်ကသဲကို ဆွကာတူးရင်း
မီးပြတိုက်နဲ့ ယာတော မေးခင်းတဲ့ နေရာဟောင်း
ခြေရာကြောင်းတွေ ပြန်ထပ်ခဲ့ပြီ။

ရာသီသစ်ဆီ တပ်လှန့်နှိုးဆွ
ပင်လယ်ကလာမယ့် မဟာဒီလှိုင်း
ခပ်ရိုင်းရိုင်းရင်ဆိုင်ဖို့ ပင်လယ်ဘက်က ပြူတင်းတံခါး
ဟင်းလင်းများတောင် ဖွင့်ထားသေးရဲ့။

'အသက်ရှင်ခြင်းဟာ သေခြင်းထက် စွမ်းအားကြီးတယ်' တဲ့
အဲဒီ ယုံကြည်မှုနဲ့ ရင်ဆိုင်
မဟာဒီလှိုင်းကို ပြိုင်မယ့်သူတွေ
ရဲရင့်တဲ့ အနာဂတ်နေရောင်သမ်းနေဆဲ
ကမ်းခြေမှာ အမြဲစောင့်နေလေရဲ့။ ။


သားလတ်
၃၁.၁၂.၁၉၉၅

(The big wave by Pearl S.buck ကို ဘာသာပြန်ထားသော မောင်ပေါ်ထွန်း၏ 'မဟာဒီလှိုင်း' ၀တ္ထုကို ခံစား ရေးဖွဲ့ပါသည်)

Sunday, January 2, 2011

"စာကလေးပြတဲ့ မိဘမေတ္တာ"


ညီလေးရေ...

တစ်ခါတုန်းက ခြံတစ်ခြံထဲက ခုံတန်းလျားရှည် တစ်ခုပေါ်မှာ အသက်(၆၀)ကျော် အဘိုးကြီး တစ်ယောက်နဲ့ အသက် (၂၅) နှစ်ဝန်းကျင် လူငယ်တစ်ဦးတို့ ထိုင်နေကြတယ်။ အဘိုးကြီးကတော့ အဝေးကို ငေးလို့ပေါ့။ လူငယ်ကတော့ သတင်းစာ ဖတ်နေလေရဲ့။ သူတို့နေတဲ့နေရာက ခြံတစ်ခြံမို့ ပန်းပင်၊ သစ်ပင်တွေလည်း ရှိတာပေါ့။

အဲဒီအချိန် ငှက်တစ်ကောင် သူတို့ခပ်လှမ်းလှမ်းက ပန်းချုံပေါ်မှာ လာနားတယ်။ အဘိုးကြီးက ငှက်ကို တွေ့သွားပြီး "အဲဒါ ဘာလဲ" လို့ မေးတယ်။ လူငယ်က သတင်းစာဖတ်ရင်း လှမ်းကြည့်ပြီး "စာကလေး" တဲ့။ အဘိုးကြီးက ခဏနေတော့ ထပ်မေးတယ်။ "အဲဒါ ဘာလဲ"တဲ့။ လူငယ်က သတင်းစာကို ခဏဖယ်ရင်း "ကျွန်တော် ခုပဲ ပြောပြီးပြီအဖေ၊ အဲဒါ စာကလေးပါ" တဲ့။ စိတ်မရှည်တဲ့ ပုံစံနဲ့ပေါ့။

အဲဒီမှာပဲ ငှက်ကလေးက နေရာရွှေ့သွားတယ်။ သစ်ပင်ကြီးပေါ်ပျံပြီး မြေပြင်သူတို့နဲ့ ခပ်လှမ်းလှမ်းမှာ လာနား တယ်။ အဘိုးကြီးထပ်မေးတယ်။ "အဲဒါ ဘာလဲ" တဲ့။

လူငယ်ရဲ့ မျက်နှာမှာ စိတ်ရှုပ်ထွေးပုံပေါက်လာတယ်။ "စာကလေး အဖေ၊ စာကလေး တစ်ကောင်၊ စာ-က-လေး-တစ်-ကောင်" လို့ တစ်လုံးချင်း အသံထွက်ပြတယ်။ ဒေါသသံနဲ့ တစ်လုံးချင်းပြောတာပါ။ အဘိုးကြီးက ထပ်ပြီးမေးတယ်။ မကြားတဲ့ပုံစံမျိုးနဲ့ပေါ့။ "အဲဒါ ဘာလဲ" တဲ့။ လူငယ်ကပြောတယ်။ "ဘာကြောင့် ဒီလိုလုပ်နေတာလဲ၊ ကျွန်တော် အကြိမ်ပေါင်းများစွာ ပြောပြနေတယ်၊ အဲဒါ စာကလေးပါလို့၊ အဲဒါကို မကြားဘူး လား" တဲ့။

အဘိုးကြီး စိတ်မကောင်းတဲ့ မျက်နှာနဲ့ ထသွားပါတယ်။ လူငယ်က "ဘယ်သွားမလို့လဲ" လို့ မေးတယ်။ အဘိုးကြီးက လက်ကာပြပြီး ထွက်သွားတယ်။ အိမ်ရှေ့မှာ ထိုင်နေကြတာဖြစ်လို့ အဘိုးကြီးက ခုံတန်းလျားကနေ အိမ်ထဲဝင်သွားတယ်။ လူငယ်က စိတ်ပျက်လက်ပျက်နဲ့ ထိုင်ခုံမှာ သတင်းစာမဖတ်နိုင်ဘဲ ကျန်ခဲ့တယ်။ အသံတွေက ကျယ်လောင်လွန်းလို့ ထင်ပါရဲ့။ စာကလေးလည်း ပျံသွားတယ်။

ခဏနေတော့ အဘိုးကြီး ပြန်ထွက်လာတယ်။ သူ့လက်ထဲမှာ စာအုပ်တစ်အုပ် ပါလာတယ်။ ပြီးတော့ ခုန လူငယ်ရဲ့ ဘေးမှာဝင်ထိုင်တယ်။ လူငယ်က လုံးဝမကြည့်ဘူး။ အဘိုးကြီးက စာအုပ်ကိုဖွင့်၊ စာမျက်နှာ တစ်မျက်နှာချင်း လှန်ပြီး တစ်နေရာရောက်တော့ လက်နဲ့ထောက်ပြီး လူငယ်ကိုပြတယ်။ စာအုပ်ကို လူငယ်ရဲ့ လက်ထဲထည့်ပေးပြီး စာမျက်နှာကို လက်နဲ့ခေါက်ပြီးပြတယ်။ ဖတ်ကြည့် ဆိုတဲ့ သဘောပေါ့။

လူငယ်က စာအုပ်ကိုယူကြည့်တဲ့အခါ အဘိုးကြီးက "ကျယ်ကျယ်ဖတ်" လို့ ပြောတယ်။ မျက်လုံးတွေ ကတော့ ရှေ့တည့်တည့် ဟိုးဝေးဝေးကို ငေးလို့ပေါ့။ အဲဒီမှာပဲ လူငယ်ရဲ့ တိုးတိုးညင်ညင် အသံက စထွက်လာတယ်။

"စာကလေးတစ်ကောင် ငါတို့ရှေ့မှာ နားနေတဲ့အချိန် ငါရယ်၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သုံးနှစ်ပြည့်ခဲ့တဲ့ ငါ့သားအငယ်ဆုံးလေးရယ်၊ ဒီနေ့ ပန်းခြံထဲမှာ ထိုင်နေခဲ့တယ်။ ငါ့သားက ငါ့ကို "အဲဒါ ဘာလဲ" လို့ (၂၁) ကြိမ် မေးခဲ့တယ်။ အဲဒါ ဘာလဲဆိုတာ (၂၁)ကြိမ်စလုံး ငါဖြေခဲ့တယ်။ စာကလေးတစ်ကောင်လေ။ သူမေးတဲ့ အကြိမ်တိုင်း ငါသူ့ကို ပွေ့ဖက်ခဲ့တယ်။ သူကလည်း ငါ့ကို ဒီမေးခွန်းပဲ ထပ်မေးခဲ့တယ်။ တစ်ခွန်းပြီးတစ်ခွန်း...... ငါ့ရဲ့ အပြစ်ကင်းတဲ့ ကလေးလေးအတွက် အပြစ်တင်စရာ၊ စိတ်ပျက်ရူးသွပ်စရာ မရှိတဲ့ ခံစားမှုမျိုးနဲ့ ငါဖြေခဲ့တာ"

အဲဒီလို လူငယ်က အသံထွက်ဖတ်နေတုန်းမှာ အဘိုးကြီးမျက်နှာမှာ ကြည်နူးမှုအပြုံးလေး ပေါ်နေတယ်။ လူငယ် ဆက်မဖတ်နိုင်တော့ဘူး။ စာအုပ်ကိုင်ထားတဲ့ လက်က မြှောက်ထားရာကနေ ပေါင်ပေါ် ကျသွားတယ်။ သူ့ဘာသာ လည်း စိတ်ပျက်သွားတယ်။ ဘာမျှမပြောဘဲ အဘိုးကြီးကို လက်နဲ့ပွေ့ဖက် လိုက်တယ်။ ပြီးတော့ အဘိုးကြီးကို အနမ်းတစ်ချက်ပေး လိုက်တယ်။ သူ့လက်ထဲက သတင်း စာလည်း မြေကြီးပေါ်ပြုတ်ကျလို့။ အဲဒီအချိန် စာကလေး တစ်ကောင် သစ်ပင်ပေါ်မှာ ပျံဝဲနေပြီး ခဏအကြာ အဝေးကို ထွက်သွားလေရဲ့။

ညီလေးရေ......

သူငယ်ချင်းတစ်ယောက် အစ်ကို့ကိုပေးကြည့်ခဲ့တဲ့ နိုင်ငံခြားရုပ်ရှင် ဇာတ်လမ်းတိုလေးပါ။ မိဘမေတ္တာ ကို ပေါ်လွင်စေတဲ့ ရုပ်ရှင်ပါပဲ။ ဒီဇာတ်လမ်းလေးရဲ့ ထူးခြားချက်က သားသမီးတွေ မိဘအပေါ် ထားတဲ့ စိတ်ဓာတ်ကို ပိုပေါ်စေ ပါတယ်။ အဲဒီအတိုင်းလည်း ဒီနေ့ခေတ် သားသမီးတော်တော်များများရဲ့ မိဘအပေါ် တုံ့ပြန်မှုက ဖြစ်နေတာ အမှန်ပါပဲ။

အစ်ကိုတွေးကြည့်ဖူးတယ် ညီလေးရေ။ အစ်ကိုအပါအ၀င် ညီလေးတို့တစ်တွေ မိဘအပေါ်ဘယ်လောက် စိတ်ရှည် သည်းခံခဲ့သလဲဆိုတာ။ တကယ်တော့ အတိုင်းအတာတစ်ခုအထိပဲရှိတာပါ။ မိဘတွေကတော့ အကန့် အသတ်မဲ့ စိတ်ရှည်ခဲ့တာပါပဲ။

အစ်ကိုတို့ရဲ့ အဘိုး၊ အဘွားတွေက အဖေ၊ အမေတွေအပေါ်၊ အဖေ၊ အမေတွေက အစ်ကိုတို့ အပေါ် တောက်လျှောက် စီးဆင်းလာတဲ့ မိဘမေတ္တာဆိုတာ အကန့်အသတ်မဲ့ပါပဲကွာ။ ပြောင်းပြန် စဉ်းစားတော့ အစ်ကိုတို့ အဖေ၊ အမေတွေကို အစ်ကိုတို့ ပေးဆပ်တာ၊ အစ်ကိုတို့ရဲ့ အဖေ၊ အမေတွေက အဘိုး၊ အဘွားတွေကို ပေးဆပ်တာတွေဟာ အတိုင်းအတာတစ်ခုအထိပဲ ရှိပါလားကွာ။

ညီလေးရေ.....

စင်ကာပူနိုင်ငံမှာ မိဘတွေဟာ တော်တော်သနားစရာကောင်းပါတယ်။ အစ်ကိုကြားသိရသလောက် တချို့သားသမီးတွေက အလုပ်သွားရင် မိဘတွေကို ထမင်းချိုင့်နဲ့ အိမ်အောက်က ထိုင်ခုံမှာ ထားခဲ့တယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ အိမ်မှာ သူတို့လုပ်လို့ မီးတွေ ဘာတွေလောင်ရင် အိမ်ရှင်ဖြစ်တဲ့ သားသမီးက အဖမ်း ခံရတာတဲ့လေ။ ဒီတော့ မိဘတွေလည်း တစ်နေကုန် အိမ်အောက်မှာ နေတော့ပေါ့။

အသက်ကြီးလာတဲ့ လူကြီးမိဘတွေဆို နာမကျန်းဖြစ်မှာ သိပ်ကြောက်ကြတယ်။ သူတို့နိုင်ငံရဲ့ ဆေးကုသ စရိတ်က တော်တော်မြင့်တယ်။ မိသားစုဝင်ငွေနဲ့ ကုလို့ရရင်ရ၊ မရရင် ဆေးရုံမှာဒီအတိုင်းပဲ ထားလိုက်ကြတယ်။ ဒီတော့ ဘိုးဘွားရိပ်သာ ရောက်သူရောက်၊ ကိုယ့်ကိုယ်ကို အဆုံးစီရင်သူတွေစီရင်၊ အဲဒီလိုဖြစ်စဉ်တွေက အများကြီးပဲတဲ့။ အစ်ကိုတို့နိုင်ငံမှာတော့ အဲဒီ အခြေအနေလောက် မဆိုးသေးပါဘူး။ ရှိစုမဲ့စုနဲ့ မိဘတွေကို တင်ကျွေးသေးတာပါပဲ။ တချို့သာ ပြည့်စုံလျက် မိဘကို ဥပေက္ခာ ပြုကြတာပါ။ ဒါလည်း လူနည်းစုပါပဲ။

ညီလေးရေ....

အခု အစ်ကိုပြောခဲ့တဲ့ရုပ်ရှင်ဇာတ်ကားထဲမှာ အဖေဖြစ်သူက သူ့သားကို စာကလေးနဲ့ ပတ်သက်လို့ မေး ခဲ့တာ။ ဒါကို ဒေါသဖြစ်တဲ့သားက စိတ်မရှည်တဲ့လေသံနဲ့ ဖြေခဲ့တာလေးတွေ့မှာပေါ့။ အဖေဖြစ်သူက သူ့ရဲ့ ဒိုင်ယာရီထဲမှာ သူ့သား သုံးနှစ်သားတုန်းက စာကလေးနဲ့ ပတ်သက်ပြီး (၂၁) ခေါက်မေးခဲ့တာ စိတ်ရှည် လက်ရှည် ဖြေခဲ့တာ ပြန်ပြမှ သားဖြစ်သူက မှားမှန်းသိသွားခဲ့တယ်။

တကယ်တော့ အဖေတစ်ယောက် မှတ်ထားခဲ့တဲ့ ဒိုင်ယာရီထဲက စာတွေဟာ သူ့နှလုံးသားထဲက ပုံရိပ် တွေလောက်ထင်ရှားနိုင်မှာ မဟုတ်ပါဘူး။ ဒီဇာတ်လမ်းမှာ အဖေဆိုပေမယ့် အမေတွေလည်း ဒီအတိုင်းပါပဲ။ အဖေပဲဖြစ်ဖြစ်၊ အမေပဲဖြစ်ဖြစ် အားလုံးဟာ မိဘကို ကိုယ်စားပြုတာပါပဲ။ ဒီတော့ မိဘတွေရဲ့ စိတ်ရှည် သည်းခံမှုဟာ သားသမီးတွေထက် သာတယ်ဆိုတာကို ဒီဇာတ်လမ်းလေးက ပေးသွားခဲ့တာပါ။

ညီလေးရေ....

မြန်မာပြည်နဲ့ ဝေးဝေးမှာ အလုပ်လုပ်နေရတဲ့ အစ်ကို့အတွက် ဒီဇာတ်လမ်းလေးဟာ နောင်တတွေ အတန်တန် ရစေသလို ခံစားကြေကွဲမိပါတယ်။ အစ်ကိုတို့ မြန်မာလူမျိုးတွေဟာ သူများ နိုင်ငံတွေလို မိဘကို ပစ်စလက်ခတ် မထားပေမယ့် မိဘကို ပြောဆိုဆက်ဆံ ရာမှာတော့ စိတ်မရှည်ရင် မရှည်သလို ချက်ချင်းတုံ့ပြန်တာတွေ ကျန်နေပါသေးတယ်။

အသက်ကြီးလို့၊ အမြင်မှုန်လာလို့၊ မသိလို့ ထပ်မေးတာလား၊ နားလေးလို့ မကြားတာလား၊ အားနည်းလို့ စကားတွေ နှေးလာတာလား ဆိုတာ မိဘတွေအတွက် ဘယ်သူတွေ စဉ်းစားခဲ့ကြ ဖူးပါသလဲ။

"ဟာ ..... အဖေက မမြင်ဘူးလား"၊ "ဟာ .... အမေက မကြားဘူးလား"၊ "အမေ မြန်မြန်ဖြေလေ"၊ "ဟာ ... အမေကလဲဗျာ" စတဲ့ စကားတွေဟာ အစ်ကိုတို့ သားသမီးတွေ တစ်ခွန်းမဟုတ်၊ တစ်ခွန်း ပြောခဲ့တဲ့ စကားတွေပါ။ အခု ဇာတ်လမ်းထဲကလို စိတ်မရှည်တဲ့ လေသံနဲ့ သားသမီးတွေ ပြောခဲ့ ကြမှာပါ။ အဲဒီအခါ အဝေးကို ငေးရီရီ ကြည့်ရင်း စိတ်မကောင်း ဖြစ်ခဲ့ကြတဲ့ မိဘတွေကို အစ်ကိုတို့ သတိထားမိခဲ့ရဲ့လား။

တစ်သက်လုံး ကိုယ့်ဘက်ကချည်း ယူခဲ့တဲ့ စိတ်ချမ်းသာမှု၊ မွေးကတည်းက စခဲ့တာ မိဘတွေ အိုမင်းရင့်ရော် တဲ့ အထိ ကိုယ့်ဘက်ကချည်း အသာစီးပါပဲလား။

ညီလေးရေ ...........

အစ်ကိုတို့ ငယ်ငယ်က ဖြစ်ခဲ့တဲ့ သဘာဝတွေလို မိဘတွေ အသက်ကြီးလာရင် တစ်ခါပြန်ဖြစ်တတ်ပါတယ်။ မိဘတွေ လူကြီးအရွယ် ရောက်နေတုန်း အစ်ကိုတို့ ကလေးဘ၀မှာ လုပ်ခဲ့တာတွေ နားလည်ခွင့်လွှတ် တတ်ပေမယ့် အစ်ကိုတို့ လူကြီးအရွယ်ရောက်ပြီး မိဘတွေက အစ်ကိုတို့ ငယ်ငယ်ကလို ဖြစ်ရင် အစ်ကိုတို့ နားလည်မပေးနိုင်တာ ဘာကြောင့်လဲ။

အဲဒီလို အဖြစ်မျိုးတွေ အတွက် အစ်ကိုတို့ သားသမီးတိုင်း ပြန်တွေးရင်း အမြဲ ကြေကွဲနေသင့်တယ်။ အဖြေ အမြဲ ရှာနေသင့်တယ်။ စဉ်းစား သုံးသပ်နေသင့်တယ်။ သိတဲ့ ခဏမှာ စိတ်ကို ထိန်းနိုင်ခဲ့ရင် စိတ်လွတ်သွားတဲ့ အချိန်တိုင်းမှာလည်း မိဘတွေ ကိုယ့်ကို ဘယ်လို ဆက်ဆံခဲ့တယ် ဆိုတာ မျိုးနဲ့ ပြန်နှိုင်းယှဉ် ကြည့်သင့်တယ်။ မေ့နေခဲ့ရင်တောင် အခုပြောခဲ့တဲ့ ရုပ်ရှင်လို ဇာတ်လမ်းမျိုးနဲ့ မိဘမေတ္တာ၊ ကျေးဇူးဆိုတာ ပြန်တူးဖော် ကြည့်သင့်တယ်။

အစ်ကိုပြောခဲ့တဲ့ ရုပ်ရှင် အတိုလေးမှာ စာကလေးတစ်ကောင်ကို အကြောင်းပြုပြီး မိဘမေတ္တာကို ဖျတ်ခနဲ ပြ သွားတယ်။ ညီလေးတို့ သိသင့်တယ် ထင်လို့ ဘာသာပြန်ပြီး အသိပေးလိုက်တာပါ။ ဒီဇာတ်လမ်း၊ ဒီဆောင်းပါး ကနေ မိဘတွေ မေတ္တာကို ဖျတ်ခနဲ နားလည်သွားရင်ပဲ ရိုက်တဲ့ ဒါရိုက်တာရော၊ ဒီဆောင်းပါး ရေးတဲ့ အစ်ကိုပါ ကျေနပ်နေမိမှာတော့ အမှန်ပဲကွာ။ ။

ဆူးသစ်
၉-၁၂-၂၀၀၉

( မှုခင်းရှုထောင့်)

Saturday, January 1, 2011

“ခရစ်နှစ်တစ်နှစ်အတွက်”


၂၀၁၀ခုနှစ်သည် မနေ့က ပြီးဆုံးသွား၏။ သည်နေ့သည် ၁.၁.၁၁ ဟု ရေးနိုင်သော ၂၀၁၁၏ ပထမဦးဆုံးနေ့ ဖြစ်သည်။ ထိုနှစ်များသည် ခရစ်နှစ်ဖြစ်၏။ ကျွန်တော်တို့ မြန်မာများ အတွက် နှစ်ကူးဖြစ်သော တန်ခူးလသည် ထိုခရစ်နှစ်၏ ဧပြီလမှာ ကျရောက်လေ့ ရှိသည်။ မြန်မာနှစ် ကျတော့ သက္ကရာဇ်ဟုခေါ်၏။ သို့သော် လူတချို့ အမှုမဲ့ အမှတ်မဲ့ ရောတတ်သည်။ သက္ကရာဇ် ၂၀၁၁ ရောက်ပြီဟု ဆိုကြ၏။ အမှန်မှာ ခရစ်နှစ် ၂၀၁၁ ရောက်ခြင်းပင်။

ကျွန်တော်လူမှန်း သိတတ်စ အရွယ်မှာ လုပ်တတ်သော အကျင့်တစ်ခု ရှိ၏။ ကျွန်တော့် မွေးနေ့ရောက်တိုင်း ပြီးခဲ့တာတွေ ပြန်သုံးသပ်ကြည့်ခြင်းပင်။ ဘာတွေ လုပ်ခဲ့လဲ၊ ဘာတွေ ဖြစ်သွားပြီလဲ၊ ဘာတွေ မဖြစ်သေးဘူးလဲ၊ ဘာတွေ ဆက်လုပ်ဖို့ လိုလဲ စသည်ဖြင့်။ နောက်တော့ မွေးနေ့သာမက ခရစ်နှစ်ကူး၊ သက္ကရာဇ် နှစ်ကူးများမှာပါ ထိုအကျင့်က စွဲသွားသည်။

နှစ်ကူးတစ်ခု ရောက်တိုင်း၊ မွေးနေ့ တစ်နေ့ ရောက်တိုင်း၊ ကိုယ့် ကိုယ်ကိုပဲ ပြန်သုံးသပ်မိသည်။ Happy New Year ဟု အော်ပြီး တကယ်ကို ပျော်ရွှင်စရာ ကောင်းသော နှစ်သစ်သို့ ကျွန်တော် ရောက်ချင်သည်။ သည် မနက်မှာပင် ကျွန်တော့် အသိမိတ်ဆွေ၊ အပေါင်းအသင်းများထံမှ နှစ်သစ်ကူး Message များ တရဟော ၀င်ချလာသည်။ ကျွန်တော့်မှာ ခင်မင်စရာကောင်းသော မိတ်ဆွေ၊ အပေါင်းအသင်းများ များစွာ ရှိနေပါလားဟု တွေးရင်း ထိုအတွေးကိုပင် သူတို့ဆီ Message ပြန်ပို့ဖြစ်၏။ ပြီးတော့ ဆုတောင်းပေးလိုက်ပါသည်။ ပျော်ရွှင်ဖို့၊ ကျန်းမာဖို့၊ ချမ်းသာဖို့နှင့် ဘေးကင်းဖို့။

ကဲ - ခရစ်နှစ်တစ်ခုထဲသို့ ကျွန်တော်တို့ ရောက်သွားပေပြီ။ ကျွန်တော်တို့မှာ မိသားစု အတွက်၊ လူမျိုးအတွက်၊ တိုင်းပြည်အတွက် လုပ်စရာများ များစွာ ရှိသေး၏။ ဘာတွေ ကျန်သေးသနည်း၊ ဒါကိုတော့ စာဖတ်သူများ၊ ဘလော့ဂါများသာ အသိဆုံး။ တစ်ခုပဲ သတိချပ်ရမည်။ လူတိုင်းက ကိုယ့်အတွက်သာ လုပ်ကြသည်ချည်းသာ။ ကျွန်တော်လည်း အပါအ၀င်ပေါ့။

သို့သော် 'အတ္တ' ဟု ဆိုသည့် မိမိအကျိုးအတွက် ကြည့်ရင်း၊ 'ပရ' ဆိုသည့် အများအကျိုး အတွက်ပါ ဖြည်းဖြည်းချင်း လုပ်ယူသွားလျှင်ဖြင့် ကျွန်တော်တို့ အတွက် များစွာ အဓိပ္ပါယ်ရှိလှပေမည်။

ခရစ်နှစ်များ များစွာ ကျန်ခဲ့ပေပြီ။ နောက်ထပ် ခရစ်နှစ်များစွာ ကျွန်တော်တို့ ဖြတ်ရ ဦးမည်။ လောလောဆယ် မှာတော့ ကျွန်တော်တို့ ရင်ဆိုင်ရမည့် ခရစ်နှစ် တစ်နှစ်အတွက် ဘယ်လို ဖြတ် သန်းမည် ဆိုသည်ကို ပေါ့ပေါ့ ပါးပါး တွေးကြည့်စေချင်သည်။

ပျော်ရွှင်သော နှစ်သစ်ကို ကျွန်တော်တို့ အားလုံး အမှန်တကယ် ရယူနိုင်သည်ဟု ထင်မြင်မိပါသည်။ ။


ဆူးသစ်
၁၉း၃၀နာရီ
၁.၁.၁၁
Related Posts Plugin for WordPress, Blogger...