Tuesday, December 9, 2014

" နှလုံးသားဖြင့် ခံစားသည် "



ကျွန်တော်ရန်ကုန်စက်မှုတက္ကသိုလ်ပဉ္စမနှစ်တက်နေစဉ်မှာသီချင်းတချို့ရေးဖြစ်ခဲ့ပါသည်။ ကိုယ့်ဘာသာရေးကိုယ့်ဘာသာသိမ်းထားနှင့်။ ထိုအထဲကမှကျောင်းနှင့် ပတ်သက်၍တစ်ပုဒ်ရေးဖြစ်သည်။ ကျွန်တော်တို့ကျောင်းကခြောက်နှစ်တက်ရ၍ ပဉ္စမနှစ်ပြီးလျှင်နောက်တစ်နှစ်သာ ကျန်တော့သည်။ ထိုနောက်ဆုံးနှစ်ပြီးလျှင် အားလုံးခွဲရတော့မည်။ ထိုအတွေးက ကျွန်တော့်ကိုလာစိုးမိုးသောအခါ " နှုတ်ဆက်ခြင်းရဲ့ မျက်ရည် " ဆိုသော သီချင်းတစ်ပုဒ်ကို ကျွန်တော့်ရင်မှာ မွေးဖွားမိပါတော့သည်။

နောက်ပိုင်းFacebookသုံးတာကြာသောအခါကျောင်းနှင့် ပတ်သက်သည်များကို ပြန်လည်မျှဝေရင်း ထိုသီချင်းတစ်ပုဒ်ကို ကျွန်တော့်ဂစ်တာနှင့် တီးပြီးဟန်းဖုန်းနှင့်အသံဖမ်းကာ တင်ခဲ့ပါသည်။ အသံအရည်အသွေးကညံ့လှ၍ စိတ်တိုင်းမကျသော်လည်း ကျွန်တော်နှင့် စက်မှုအင်ဂျင်နီယာတက်ဖက် သူငယ်ချင်း နေဇော်က ခံစားမိပြီး သူကိုယ်တိုင်တီးလုံးတီးကာ ကျွန်တော့်ကို MP3 ဖိုင်နှင့် သူဆိုထားသောသီချင်းဖိုင်များကိုပြန်ပို့ပေးခဲ့ပါသည်။ ထိုသီချင်းကို နေဇော် ခံစား၍ တီးထားသည်ကို ကျွန်တော်ယုံသည်။ သူကရန်ကုန်မှာကတည်းက အတီးသမား။ ကျောင်းမှာကတည်းက ဂစ်တာတော်တော် တီးတာ သိသည်။

ဖြစ်ချင်တော့ ယခုဒီဇင်ဘာထဲမှာ ကျွန်တော်တို့ရန်ကုန်စက်မှုတက္ကသိုလ် ( ၁၉၉၃-၂၀၀၀ ) ခုနှစ်ကျောင်းသူ၊ ကျောင်းသားများ၏ဆရာ ကန်တော့ပွဲရှိသည်။ ထို့ကြောင့် ကျွန်တော် တို့နှစ်ကျောင်းသူ၊ ကျောင်းသားများသည် အလှူငွေထည့်သူထည့်၊ အငြိမ့်ကဖို့စီစဉ်သူကစီစဉ်ဖြင့် သွက်လက်လှုပ်ရှားနေကြသည်။ ထိုအထဲမှာ အငြိမ့်ပြီးလျှင် တီးဝိုင်းထည့်မည်ဆိုကာ စီစဉ်နေကြရာ ကျွန်တော်ရေးထားသော သီချင်းကို သူငယ်ချင်းတချို့ကသတိရကြလေသည်။

ထိုအချိန်မှာ နေဇော့်တီးလုံးကို ကျွန်တော်ပြန်ဆိုလျှင်ဆို၊ မဆိုလျှင်လည်း လင်းနိုင်ဝင်း ဆိုသော သူငယ်ချင်းကို ပြန်ဆိုစေချင်ကြသည်။ သူကလည်း ကျောင်းတုန်းကတည်းက သီချင်းဆိုသူ။ သို့သော်ဖြစ်ချင်တော့ အသံသွင်းဖို့ အခက်အခဲရှိသည်။ ထိုအခါ နေဇော်လိုပင် ဂစ်တာကောင်းကောင်း တီးနိုင်သော မင်းမင်းထွန်းဆိုသော သူငယ်ချင်းကို ဆက်သွယ်ပြီး သီချင်းကိစ္စ ညှိကြသည်။

ထို့နောက်မှာတော့ ကျွန်တော်တို့အားလုံး WhatsApp မှာ Groupဖွဲ့ပြီး သီချင်းကိစ္စကိုစတင် လုံးပမ်းကြပါတော့သည်။ အံ့ဩဖို့ကောင်းသည်က ကျွန်တော်မသိသေးသူများ ပါဝင်လာပြီး နောက်မှ သိရသည်က ထိုအထဲက တချို့က ကျွန်တော်တို့နောက်နှစ် များမှ ကျောင်းကိုရောက်လာ သူများဖြစ်နေကြခြင်းပင်။ ထို့အပြင် ကျွန်တော်တို့ ကျောင်းကမဟုတ်သည့် ညီငယ်များလည်း ပါနေပြန်သည်။

တစ်ရက်မှာတော့ စိုးမင်းဆက်၊ ကျော်နိုင်စိုး နှင့် ကျွန်တော်တို့ သီချင်းအဆိုပိုင်း အသံထည့်မည့်နေ့မှာ အသံသွင်းမည့် အိမ်သို့ ညပိုင်းရောက်အောင် သွားခဲ့သည်။ သူတို့က Group Message ထဲမှာ Schedule နှင့် တိတိကျကျကိုသွားနေသည်။ ပိုလေးစားဖို့ကောင်းသည်က သူတို့ချိန်းထားသည့် အချိန်များမှာ အားလုံး သတ်မှတ်နေရာကို ရောက်အောင်သွားနေကြတာဖြစ်သည်။ ထိုသူများထဲမှာ အထက်မှာ ကျွန်တော်ဆိုခဲ့သလို ကျောင်းကသူငယ်ချင်းများပါသလို၊ ကျောင်းကမဟုတ်သည့်သူများလည်း ပါသည်။

သူတို့အစီအစဉ်က ဘယ်နေ့မှာ ဘာတီးမည်၊ ဘယ်နေ့မှာ ဘာအသံထည့်မည်၊ ဘယ်နေ့မှာ ဘာလုပ်မည်။ ထိုသို့ဖော်ပြထားပြီး ထိုသို့ဖော်ပြချက်ကို တစ်ဦးတည်းက ဆက်တိုက်ပို့နေသည်။ ကျန်သူများက သူတို့ လာမည့်အချိန်၊ လုပ်မည့်အပိုင်းကိုပြောသည်။ အသံဖမ်းပေးမည့် ညီငယ် ( ဒိုးဒို ဟုနောက်မှသိရသည်။ သူကလည်း ခေသူမဟုတ်။ ဂီတကျောင်းကိုစင်ကာပူမှာတက်ကာ သူ့ဝါသနာနှင့်သူ ရပ်တည်နေပြီး ကျွန်တော်တို့ဖန်တီးချင်သော သီချင်းတစ်ပုဒ်ကို တတ်နိုင်သည့်ဘက်မှ ၀င်ကူညီနေတာဖြစ်သည်။ ) က သူမည့်သည့်အချိန်မှာ အဆင်ပြေမည် ဆိုသည်ကို အကြောင်းပြန်သည်။ သည်လိုပုံစံနှင့် ရွေ့လျားနေတာဖြစ်သည်။

သည်လိုမလုပ်လျှင်လည်း မရ။ အားလုံးက စင်ကာပူမှာ ကိုယ့်အလုပ်နှင့်ကိုယ် ရှုပ်နေသူများ။ မင်းမင်းထွန်းညီ ဆိုလျှင် ထိုင်းကနေလှမ်းတီးပေးပြီး တီးလုံးကို သူတီးရမည့်အပိုင်းပြီးသောအခါ ပြန်ပို့ပေးခဲ့တာဖြစ်သည်။ သည်လို အချိန်လုလုပ်ရချိန်မှာ အားလုံးက အစီအစဉ်အတိုင်း တိတိကျကျနှင့် အချိန်ကိုပါလေးစား လိုက်နာကြသည်။

အဆိုအသံထည့်ဖို့နေမှာ ကျွန်တော်တို့ရောက်တော့ လူမစုံသေး။ သို့သော် သတ်မှတ်ချိန်မှာတော့ သူ့ဘာသာ ရောက်လာကြသည်။ ငါငူး ဟုကျွန်တော်တို့ခေါ်သော သူငယ်ချင်း ( Kenosis မှာ ရတနာဦးတို့နှင့် တစ်ဖွဲ့တည်း ဟာမိုနီ သမား ) ပါရောက်လာပြီး အသံထည့်ဖို့ ပြင်သည်။ လင်းနိုင်ဝင်းက သီချင်းကို ကျကျနန ဆိုသည်။ စိတ်တိုင်းမကျမချင်း ရေသောက်လိုက် ပြန်ဆို လိုက်နှင့်။ နောက်တော့ ရေနွေးပါကူရသေးသည်။ ဒိုးဒိုကလည်း ပြုံး ပြုံး ပြုံးပြုံး နှင့်။ သူက ကောင်းပါသည်ဟု ဆိုသည့်တိုင် လင်းနိုင်ဝင်း စိတ်တိုင်းမကျမချင်း ဒိုးဒိုက အသံကိုဖမ်းပေး၊ ပြန်ဖွင့်ပေးသည်။ 

လင်းနိုင်ဝင်းပြီးတော့ ငါငူးက ဟာမိုနီကို စိတ်တိုင်းကျသည် အထိ လိုက်သည်။ လင်းနိုင်ဝင်းက ဟာမိုနီသံကိုပါ အားဝင်ဖြည့်သည်။ သီချင်းက ပိုရုပ်လုံးကြွလာသည်။ တချို့နေရာများမှာ သူတို့ဆိုချင်သည့်ပုံစံများကို ပြောပြသည်။ ကျွန်တော်က ဆိုပါဟု နားလည်ပေးသည်။ အဓိကဖြစ်သော သီချင်း၏ အကြောင်းအရာနှင့် စာသားမပျက်လျှင် ပြီးရောဟု ကျွန်တော်သဘောထားပါသည်။ ကျောင်းနှင့် ပတ်သက်သောသီချင်းဖြစ်၍ အားလုံးစိတ်ထဲက ဖန်တီးချင်စိတ်ဖြင့်လုပ်သောအရာကို ကျွန်တော်ကန့်ကွက် စရာမရှိ။

အဆိုအားလုံး ပြီးချိန်မှာ စကားခဏထိုင်ပြောပြီး ပြန်ခဲ့သည်။ အိမ်ရောက်တော့ ညတစ်နာရီ။ မနက်ဆို ကျွန်တော်က စောစောထသွားရသူ။ သူတို့တစ်တွေလည်း အလုပ်ကိုယ်စီနှင့်။

ထိုကြားထဲမှာမှ သူတို့ချထားသော အစီအစဉ်အတိုင်း တရွေ့ရွေ့နှင့် သွားနေရာမှ တကယ်မှန်းထားသော ၁၀.၁၂.၂၀၁၄ မတိုင်ခင် ၈.၁၂.၂၀၁၄ နေ့မှာ အတီးပိုင်း၊ အဆိုပိုင်းအားလုံးပြီးသွားတော့သည်။ စိုးမင်းဆက်က နဂိုကတည်းက အမ်တီဗွီလုပ်ချင်၍ Facebookမှရသောဓာတ်ပုံများကိုစုကာ သီချင်းကို YouTube မှာတင်သလို Soundcloud မှာပါတင်ခဲ့သည်။ 

တကယ်တော့ ထိုသီချင်းကို ဆရာကန်တော့ပွဲမှာ ဆိုဖို့ စိုးမင်းဆက် အာရုံစကျခဲ့တာဖြစ်သည်။ ကျွန်တော်ကတော့ ဖန်တီးပြီးသား အနုပညာပစ္စည်းတစ်ခုအတွက် ဘယ်သူလုပ်ပါ၊ ဘယ်ဝါလုပ်ပါ မပြောလို။ အနုပညာကို နှလုံးသားဖြင့် ခံစားတတ်သူချင်း စုမိ၍ ဖန်တီးဖြစ်သွားတာဖြစ်သည်ဟု ကျွန်တော်နားလည်သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့ကြားမှာ ထိုသီချင်းအတွက် မည်သည့်အကျိုးအမြတ်၊ ငွေကြေးတစ်ပြားမျှမပါ။ ရင်ခုန်သံချင်း နီးစပ်မှုသာပါသည်။

ကျွန်တော်ရေးခဲ့သော " နှုတ်ဆက်ခြင်းရဲ့ မျက်ရည် " သီချင်းမှာ မူလအတီးပညာရှင် နေဇော်၊ သီချင်းကိုပိုအသက်ဝင်စေဖို့နှင့် ဆရာကန်တော့ပွဲတွင်သုံးရန်စပြီး အကြံပြုခဲ့ပြီး နောက်ကွယ်ကနေ ပံ့ပိုးပေးခဲ့သူ စိုးမင်းဆက်၊ အဆိုပိုင်းကိုစတာဝန်ယူရင်း တီးဝိုင်းဖြစ်လာစေရန် မင်းမင်းထွန်းနှင့် ချိတ်ဆက်လုပ်ဆောင်ခဲ့သော လင်းနိုင်ဝင်း၊ အတီးပိုင်းမှာ ဂစ်တာပိုင်းကို( အထူးသဖြင့် လိဒ် ) တာဝန်ယူ၍ သီချင်းချောချောမောမော ဖြစ်စေရန် တောက်လျှောက် ဖန်တီးပေးခဲ့သော မင်းမင်းထွန်း ( Black Rose တီးဝိုင်းခေါင်းဆောင် )၊ ဟာမိုနီကို ခံစားချက်အပြည့်နှင့်လိုက်ပေးသော ငါငူး ( Kenosis )၊ ထိုသူများအပြင် သီချင်းတစ်ပုဒ်လုံး သူ့နေရာနှင့်သူ ဟာကွက်မရှိအောင် တစ်ပိုင်းစီ အလှပြင်ပေးခဲ့ကြသော ညီငယ်များဖြစ်သည့် ဗစ်တာ ( Classical )၊ ဇာနည် ( ဒရမ် နှင့် ဘေ့စ်)၊ ဗစ်တာစည်သူဟိန်း ( ကီးဘုတ် )၊ သူ့အိမ်မှာရှိသမျှ တူရိယာပစ္စည်း အကုန် စိတ်တိုင်းကျစေခဲ့သော မျိုးပြည်စိုး၊ သီချင်းသွင်းဖို့ကို Schedule နှင့် တိတိကျကျထားပြီး တကယ့်ပရောဂျက်တစ်ခုလို လုပ်ခဲ့သည့်အပြင် အမြဲနောက်ကနေ သီချင်းအချိန်မီပြီးဖို့ တွန်းနေခဲ့သည့်ညီငယ်၊ သီချင်းအသံသွင်းဖို့သူကမန်နေဂျာတာဝန်ကိုယူထားသည့် ထင်ကြီး ( ထင်ကြီးနှင့် မျိုးပြည်စိုးက ကျွန်တော်တို့နောက်မှ စက်မှုတက္ကသိုလ်ကိုရောက်သူများ ဖြစ်သော်လည်း ကျောင်းဆိုသော သံယောဇဉ်နှင့် ကူခဲ့တာဖြစ်သည်။ )၊ သူတို့အားလုံးနှင့် အပေါ်မှာဆိုခဲ့သလို အနုပညာ ၀ါသနာပါ၍ တတ်နိုင်သည့် ဘက်မှ ၀င်ကူညီကာ အသံဖမ်းတာဝန်ကိုယူထားပြီး သူ့ကွန်ပျူတာ၊ သူ့ဆောင်းဘောက်စ် များဖြင့် ကျွန်တော်တို့ ရစ်သမျှပြုံးလျက် ခဏခဏ ပြန်ဖန်တီးပေးခဲ့သော ဒိုးဒိုတို့အားလုံးကို မမေ့မလျော့ ကျေးဇူးတင်ရင်း မှတ်တမ်းလည်းတင်ရပါသည်။ 

ရန်ကုန်စက်မှုတက္ကသိုလ်ဟု ဆိုလိုက်လျှင် RIT, YIT လည်း ပါသလို YTU , PTU တို့လည်း ပါပါသည်။ " နှုတ်ဆက်ခြင်းရဲ့ မျက်ရည် " သည် ထိုကျောင်းများမှာတက်ခဲ့ဖူးသော နောင်တော်၊ အစ်မတော်၊ ညီတော်၊ ညီမတော်များနှင့် သူငယ်ချင်းများအတွက် အလွမ်းဖြေစရာ၊ သို့မဟုတ် စိတ်ခံစားမှု တစ်ခုခုပေးစရာ ဖြစ်ပါလိမ့်မည်။ သည်သို့ကျွန်တော်ယုံကြည်ပါသည်။ 

မည်သို့ဖြစ်စေ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများအပါအ၀င် အနုပညာဝါသနာပါသူများ ဖန်တီးထားသော " နှုတ်ဆက်ခြင်းရဲ့ မျက်ရည် " သီချင်းအတွက် ပါဝင်ပတ်သက်သူ အားလုံးကို ကျေးဇူး တင်ရင်း ကျွန်တော်တို့ခေတ်၏ အနုပညာလက်ရာတစ်ခုကို ချန်ထားခွင့် ရသည့်အတွက် သီချင်းရေးသူတစ်ဦးအနေဖြင့်လည်းကောင်း၊ ထိုသီချင်းကို ၀ိုင်းဝန်းဖန်တီး၍ နှလုံးသားဖြင့်ခံစားသူများ ကိုယ်စားလည်းကောင်း လှိုက်လှဲစွာ ဂုဏ်ယူနေမည် ဖြစ်သလို သူငယ်ချင်းများ၊ ဆရာဆရာမများ အနေဖြင့်လည်း နှလုံးသားဖြင့် ခံစားနားဆင်နိုင်ပါစေကြောင်း မျှော်လင့်မိပါတော့သည်။             ။

သားလတ်
၂၃း၁၄ နာရီ ( စင်ကာပူစံတော်ချိန် )
၉.၁၂.၂၀၁၄


Wednesday, December 3, 2014

" Facebook ပေါ်က ကျွန်တော့် Status များ " ( ၁၈ )



+စင်ကာပူအခြေစိုက်ဆိုသောဂျပန်ကုမ္ပဏီကြီး၏အုပ်ချုပ်ရေးပိုင်းက ချမှတ်သောစည်းမျဉ်းများကလေး 
စားလောက်သည်။သူတို့ ပရောဂျက်တစ်ခုမှာအရှုံးပေါ်နေ၍အောက်ကသူတို့ငှားထားသော Sub Contractorကုမ္ပဏီငယ်များကိုဖိလေသလားမပြောတတ်။ကျွန်တော် အခုလက်ရှိ လုပ်နေသော ပရောဂျက်မှာအလုပ်သမားလေးများ နားချိန်ဖြစ်သည့် Coffee Break ကိုဖြုတ်ရမည်တဲ့။ MOM( Ministry of Manpower)သာသိလျှင်ဘယ်လိုနေမည်လဲစောင့်ကြည့်ချင်သေးသည်။အမှန်ကကျွန်တော်တို့ ကုမ္ပဏီငယ်များမှာမိမိသတ်မှတ်ချိန်အတိုင်းသွားနေ ကြတာဖြစ်သည်။အလုပ်မပြီးလျှင်တော့တစ်မျိုးပေါ့။ ခုဟာကနေပူထဲမှာအလုပ်လုပ်နေရသောအလုပ်သမားလေးများကိုမှမစာမနာ။တစ်နာရီကနေ ညနေခြောက်နာရီ၊ခုနစ်နာရီအထိတစ်ဆက်တည်းလုပ်ရမည်တဲ့။ ကျွန်တော်တို့ကလည်းလုံးဝမလိုက်နာ။ သူတို့နားနေဆောင်မှာပေး မတည်းတောင်ကျွန်တော်တို့ဘာသာအဆင်ပြေသည့်နေရာမှာ တည်းကြသည်။ နားကြသည်။
ထိုထက်ပိုဆိုးသည်ကအင်မတန်မှရယ်စရာကောင်းပြီးတစ်ဖက်သတ် ဆန်သောစည်းမျဉ်းတစ်ခုဖြစ်သည်။သူတို့ကုမ္ပဏီက၀န်ထမ်းတချို့ရုံးချိန် အတွင်းအပြင်ထွက်လျှင်လုပ်ကွက်ထဲကတခြားကုမ္ပဏီကားကို တား၍လိုက်ပါကထိုဝန်ထမ်းကိုတင်ပြီးအပြင်ကိုပို့သောကား၏ယာဉ်မောင်းကိုလုပ်ကွက်ထဲကထုတ် မည်ဖြစ်သလိုသူ့ဝန်ထမ်းကိုသတိပေးစာပေးမည်တဲ့။တော်တော်ကိုတရားမျှတသည့်စည်းမျဉ်းပါလားဟုကြား ရကတည်းကကျွန်တော်တို့ ရယ်ပွဲဖွဲ့ဖြစ်သည်။မိမိဝန်ထမ်းကိုမိမိမနိုင်ဘဲနှင့်သူများကိုကျတော့အပြစ်ပေး မှာကထုတ်မှာ၊သူ့ဝန်ထမ်းသူ့ဘာသာခိုးထွက်တာကျတော့သတိပေးစာတဲ့။ ကျွန်တော်လည်းတွေးပါသည်။လက်အောက်ခံကုမ္ပဏီဆိုသည်မှာစင်ကာပူလိုနေရာမျိုးမှာငွေရဖို့ တစ်ခုနှင့်ပင် Main Contractor ကပြောသမျှဟုတ်ကဲ့လိုက်ရသည့်ဘ၀ကိုရောက်နေသောကုမ္ပဏီလေးများ သာဖြစ်သည်ဟု။ ( မေလ ၁၈ ရက်၊ ၂၀၁၃ ခုနှစ် )


+အခုတလောသူငယ်ချင်းများနှင့်ဆုံဖြစ်သည်။သူငယ်ချင်းတစ်ယောက်ယောက်၏အိမ်မှာစု၍ စကားပြောဖြစ်ကြ၊မိသားစုချင်းတွေ့ကြနှင့်စိတ် အပန်းဖြေကြသည်။ကျွန်တော်တို့ပြောသော အကြောင်း အရာများထဲ မှာနိုင်ငံရေး၊စီးပွားရေး၊ပညာရေး၊လူမှုရေးအကုန်ပါသည်။ကျောင်းသား ဘ၀နှင့်အလုပ်ထဲက အကြောင်းများပါသည်။ထိုသို့ပြောနေ၊ဆွေးနွေးနေသည်ကို ကြည့်ရင်းကျွန်တော့်စိတ်ထဲတွေးမိတာလေး တစ်ခုရှိလာသည်။ ကျွန်တော်မြန်မာပြည်မှာပြည်သူ့ဝန်ထမ်းလုပ်နေစဉ်ကကျွန်တော်တို့ ဋ္ဌာနအကြီးအကဲကကျွန်တော်တို့အင်ဂျင်နီယာများကိုစကား တစ်ခွန်းပြောသည်။သူခိုင်းသည့်ကိစ္စတစ်ခု အဆင်မပြေပါက"မင်းတို့BE တွေက ရှိသည်၊ မဖြစ်ပါ "တဲ့။  
သူဆိုလိုချင်သည်ကအင်္ဂလိပ်လိုBEဘီသည်ရှိသည်၊ဖြစ်သည်ဟု အဓိပ္ပါယ်ထွက်သော်ငြားကျွန်တော်တို့ အင်ဂျင်နီယာကျောင်းဆင်း (ရန်ကုန်စက်မှုတက္ကသိုလ်ဆင်း)များမှာတော့ရှိသာရှိသည်။သုံး၍မဖြစ်ပါဟု ဆိုလိုခြင်းပင်။ကျွန်တော့်စီနီယာဓာတုအင်ဂျင်နီယာတစ်ယောက် အန်တန်နာဆင်ပြီးလိုင်းမမိသောအခါထိုအကြီးအကဲကထိုစကားပြောသည်။ဘီအီး-ဘီ၊ရှိသည်၊မဖြစ်ပါဟု ထပ်ခါဆိုသည်။အလုပ်ကိစ္စတစ်ခုအဆင်မပြေဖြစ်သည်။ဘီအီး-ဘီ၊ရှိသည်၊မဖြစ်ပါဟုဆိုသည်။ကျွန်တော်တို့အားလုံးနည်းနည်းတော့အောင့် သက်သက်ခံစားရသည်။
ယခုကျွန်တော်အလုပ်ကထွက်ခဲ့ပြီးစင်ကာပူမှာသူငယ်ချင်းအင်ဂျင်နီယာများ(ကျွန်တော်တို့အားလုံးရန်ကုန် စက်မှုတက္ကသိုလ်ဟုခေါ်သောကာလမှာတက်ခဲ့သူများဖြစ်သည်)လုပ်ငန်းခွင်ကိုယ်စီဝင်၍အလုပ်ကိုယ်စီနှင့် အဆင်ပြေနေကြသည်။ကျွန်တော်တို့နောင်တော်ကြီးများလည်းကျွန်တော်တို့နှင့်အတူတွေ့ဆုံဝိုင်းဖွဲ့
တတ်ကြသည့်အခါကျွန်တော်အမြဲဂုဏ်ယူနေသည်က"BEဘီ၊ရှိသည် ၊ဖြစ်သည်။ပြည်ပမှာ"ဟု။ပြည်တွင်းမှာရှိနေ၊ဖြစ်နေသောသူများလည်းများစွာရှိနေဦးမည်ဖြစ်သော်ငြားထိုသို့မကောင်းထင်တတ်သော သူများနှင့်တွေ့လျှင်ရှိသည်၊မဖြစ်ပါဟုသာအပြောခံနေရပေဦးမည်ကိုကျွန်တော်သိသည်။ ကျွန်တော်တို့ဆုံနေကျစကားဝိုင်းများကိုရောက်လျှင်ထိုအကြီးအကဲကို ဖျတ်ခနဲသတိရသည်။ တခြားတော့မဟုတ်။သူပြောခဲ့သော"ဘီအီး-ဘီ၊ရှိသည်၊မဖြစ်ပါ"ဆိုသောကျွန်တော်တို့ဘီအီးများ သည်၊ပြည်ပ မှာတော့တော်တော်အလုပ်ဖြစ်ပါသည်ဟုသူ့ကိုပြန်ပြောချင် မိသောကြောင့်ပင်။ တချို့ကလည်းပြောသည်။ဦးနှောက်ယိုစီးမှုများများနေသည်တဲ့။မယိုစီးစေချင်လျှင်မယိုစီးအောင်ထိန်းသိမ်းရ မည့်နည်းလမ်းများရှာသင့်သည်။ စကားလုံးနှင့်ပြောနေ၍မပြီးနိုင်။သည်နေ့ပင်အခင်ဆုံးသူငယ်ချင်း တစ်ယောက်နှင့်ထိုအကြောင်းဆွေးနွေးမိသေးသည်။
ကျွန်တော်တို့လည်းအပြင်သို့မယိုစီးချင်ပါ။သို့သော်ကျွန်တော်တို့ကိုပြည်ပသို့ယိုစီးအောင်လုပ်နေသူများရှိနေသမျှတော့ယခင်ကတင်မဟုတ်။ယခုရော၊နောင်ရောဦးနှောက်များဆက်လက်ယိုစီးနေမည်မှာ အမှန်ပင်။ ( ဇွန်လ ၁ ရက်၊ ၂၀၁၃ ခုနှစ် )


+ကျွန်တော်နေသောအိမ်ကိုရောက်ရန်စီးရသောဓာတ်လှေကားတစ်စင်းရှိသည်။တစ်ခါကတရုတ်အဘိုးကြီး တစ်ယောက်နှင့်ကျွန်တော်ဓာတ်လှေကားထဲမှာဆုံသည်။မိမိသွားလိုသောအထပ်၏နံပါတ်ကိုနှိပ်ပြီးတံခါးပိတ် ရန်စောင့်နေစဉ် ကျွန်တော်ကစိတ်မရှည်။တံခါးပိတ်သည့်ခလုတ်ကမီးရောင်ကလေးကမှိတ် တုတ် မှိတ်တုတ်ဖြစ်နေစဉ်မှာပင်ကျွန်တော်ကတံခါးမြန်မြန်ပိတ်ရန်ခလုတ် ကိုနှိပ်ချလိုက်သည်။ဒါကိုထိုတရုတ် အဘိုးကြီးကကျွန်တော့်ကိုလှည့်ကြည့်ပြီးထိုသို့နှိပ်စရာမလိုကြောင်း၊မီးရောင်ကလေးမှိတ်တုတ်မှိတ်တုတ် ဆိုသည်မှာတံခါးပိတ်ရန်ဆင်ဆာကအလုပ်လုပ်နေကြောင်း၊ထိုသို့အလုပ်လုပ်နေစဉ် ခလုတ်ကို ထပ်နှိပ်လိုက်လျှင်ကြာသောအခါခလုတ်ပျက်နိုင်ကြောင်းသေသေချာချာရှင်းပြပါသည်။ကျွန်တော်လက်ခံ ပါသည်။ကျွန်တော်ကသာဆန္ဒစော၍နှိပ်မိခြင်းပါ။တကယ်ဆိုမနှိပ်လည်းတံခါးကပိတ်မှာအမှန်ပင်။ရှေးလူကြီး များကားပစ္စည်းကိုတော်တော်တန်ဖိုးထားတတ်ပါလားဟုကျွန်တော်တွေးမိသေးသည်။
သည်နေ့မနက်ကျတော့တိုက်တိုက်ဆိုင်ဆိုင်ထိုတရုတ်အဘိုးကြီးနှင့် ကျွန်တော်ဓာတ်လှေကားထဲမှာပြန် ဆုံရပြန်သည်။ထုံးစံအတိုင်းသွားလိုသောအထပ်နံပါတ်များကိုနှိပ်ပြီးတံခါးပိတ်သည့်ခလုတ်ကမီးရောင်ကလေး မှိတ်ချည်လင်းချည်ဖြစ်နေသည်ကိုကျွန်တော်ကစိတ်မရှည်။သို့သော်ထိုအဘိုးကြီးကကျွန်တော့်ကိုခလုတ် မနှိပ်ရန်လက်ရိပ်နှင့်ပြနေသည့်အခါကျွန်တော်ကသူ့အကြောင်းသိသူပီပီပြုံးရင်းသာကြည့်နေမိတော့သည်။ စိတ်ထဲ ကတော့တွေးပါသည်။ရှေးလူကြီးများစည်းစနစ်ကျသည်မှာနောက်လူငယ်များလိုက်မမီနိုင်ပါဟု။
ဟုတ်သည်လေ။ထိုဓာတ်လှေကားမှာလူငယ်များစွာသည်တံခါးခလုတ်ကိုတံခါးမပိတ်မချင်းအကြိမ်ပေါင်းများ စွာနှိပ်နေသည်မှာကျွန်တော်ဓာတ်လှေကားစီးတိုင်းကြုံနေကျ။ကျွန်တော်လည်းပါသည်။ရံဖန်ရံခါမိသားစုများ၊ ကလေးများပါလာလျှင်အရေးပေါ်ခေါင်းလောင်းခလုတ်ကိုကလေးများဆော့နေသည်ကိုမိဘများကရယ်မော ကာကြည့်နေခဲ့သည်ကိုပင်ကျွန်တော်ကြုံခဲ့ရဖူးသည်ပဲ။ ကျွန်တော်တို့နောက်လူငယ်များသည်အရေးကြီးသည်ကိုလည်းမကြီးဟုထင်တတ်သလိုအရေးမကြီးသည်ကို လည်းအရေးကြီးသည်ဟုလွဲမှားစွာ လုပ်ဆောင်နေတတ်ကြပြီလားမသိ။ခေတ်၏ပြောင်းလဲမှုပင်ထင်ပါသည်။ သို့သော်တိုးတက်ခြင်းလား၊ဆုတ်ယုတ်ခြင်းလားဆိုသည်ကိုတော့သမိုင်းကစကားပြောပေလိမ့်မည်။ ( ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၁၃ ခုနှစ် )


ဆူးသစ်
၂၁း၂၄ နာရီ ( စင်ကာပူစံတော်ချိန် )
၃.၁၂.၂၀၁၄
 Photo Ref: en.wikipedia.org

Sunday, November 30, 2014

" Facebook ပေါ်က ကျွန်တော့် Status များ " ( ၁၇ )



+ကံသာတာလား..........ကံနာတာလား
နိုင်ငံခြားဆိုတဲ့ ကျွန်းကလေးမှာဆက်သောင်တင်နေဖို့
ငါ့ထီဂဏန်းတွေက တေ့တေ့ဆိုင်ဆိုင်လွဲတယ်။ ( ဧပြီလ ၈ ရက်၊ ၂၀၁၃ ခုနှစ် )


+"အတာကူးသောလ၊ထန်းခူးသောလ၊တန်ခူးလရယ်လို့သတ်မှတ်ဆိုမှုပြုကြရတဲ့နွေလမှာ မဟာသင်္ကြန်မင်္ဂလာပွဲသဘင်ကိုဆင်ယင်ကျင်းပခဲ့ကြတာဟာဖြင့် ပုဂံခေတ်ကစတင်ခဲ့တယ်လို့ယူဆလို့ရပါတယ်ရှင်။အင်းဝခေတ်ကိုကူးပြောင်းလာတဲ့အခါမှာလည်းသင်္ကြန်ရေပွဲသဘင်ကိုစဉ်လာမပျက်ဆက်လက်ကျင်းပခဲ့ကြပါတယ်။မဟာသင်္ကြန်ပွဲတော်ဟာဖြင့်မြန်မာတို့ရဲ့၁၂လ ရာသီပွဲတော်တွေထဲမှာပျော်ရွှင်စရာအကောင်းဆုံးပွဲတော် လို့လည်းပြောလို့ရနိုင်ပါတယ်ရှင်။
ကုန်းဘောင်ခေတ်မှာလည်းသင်္ကြန်မင်္ဂာရေသဘင်ပွဲကိုဆက်လက် ကျင်းပခဲ့ကြပါတယ်။အများပြည်သူ 

တို့တစ်ခဲနက်ဆင်နွှဲလေ့ရှိကြတဲ့ရေပွဲ သဘင်မှာဂီတသုခုမအနုပညာရှင်များဟာအနုပညာ ၀န်တာကျေပွန်စွာနဲ့ ပါဝင်ဆင်နွှဲကြတယ်လို့အဆိုရှိခဲ့ပါတယ်။
အဲဒီလိုနဲ့ရတနာပုံခေတ်ရောက်တဲ့တိုင်ရေပွဲသဘင်ကိုခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့ကြရာမှာ 

ကျွန်မတို့ရဲ့အောင်ကျော်ချမ်းအေးမန္တလေးနေပြည်တော်မှာတော့သင်္ကြန်ချိန်ရောက်လေတိုင်းသင်္ကြန် ပွဲတော်ရေပွဲတော်ကိုပြည်သူချစ်တဲ့အနုပညာသည်များရဲ့သင်္ကြန်တေးသံများနဲ့ဝေလွင်နေအောင် ဆင်ယင်ကျင်းပခဲ့ကြတာဟာဖြင့်ယနေ့ထက်တိုင်ပါပဲရှင်။"
(တင်တင်မြ-သင်္ကြန်မိုးဇာတ်ကားအဖွင့်စကားပြော)
နှာဘူးသောလ၊အရမ်းမူးသောလ၊လှန်မြူးသောလရယ်လို့သတ်မှတ် ဆိုမှုပြုကြရတဲ့နွေလမှာ"အဖော်အချွတ် မတော်တရော်ဝတ်ချင်တာဝတ် မူးယစ်ရမ်းကားသောပွဲသဘင်"ကိုဆင်ယင်ကျင်းပခဲ့ကြတာဟာဖြင့် 

ဂျပန်ခေတ်ကစတင်ခဲ့တယ်လို့ယူဆလို့ရပါတယ်ခင်ဗျာ။
ဗျင်းကြတဲ့ခေတ်ကိုကူးပြောင်းလာတဲ့အခါမှာလည်း"အဖော်အချွတ် မတော်တရော်ဝတ်ချင်တာဝတ်မူးယစ် ရမ်းကားသောပွဲသဘင်"ကို စဉ်လာမပျက်ဆက်လက်ကျင်းပခဲ့ကြပါတယ်။အဖော်အချွတ် မတော်တရော်ဝတ်ချင်တာဝတ်မူးယစ်ရမ်းကားသောပွဲတော်ဟာဖြင့်မြန်မာတို့ရဲ့၁၂လရာသီပွဲတော်တွေ ထဲမှာဖော်ချင်စရာအကောင်းဆုံး ပွဲတော်လို့လည်းပြောလို့ရနိုင်ပါတယ်ခင်ဗျာ။
ကုန်းပြောင်ခေတ်မှာလည်း"အဖော်အချွတ်မတော်တရော်ဝတ်ချင်တာဝတ်မူးယစ်ရမ်းကားသော ပွဲသဘင်"ကိုဆက်လက်ကျင်းပခဲ့ကြပါတယ်။အများပြည်သူတို့တစ်ခဲနက်ဆင်နွှဲလေ့ရှိကြတဲ့"အဖော်အချွတ် မတော်တရော်ဝတ်ချင်တာဝတ်မူးယစ်ရမ်းကားသောပွဲသဘင်"မှာဂီတသုခုမရုပ်ရှင်အနုပညာရှင်များဟာ

ည်းအနုပညာတာဝန်ကျေပွန်စွာနဲ့ပါဝင်ဖော်ချွတ်ကြတယ်လို့ အဆိုရှိခဲ့ပါတယ်။
အဲဒီလိုနဲ့ရတနာအကုန်ဖော်တဲ့ခေတ်ကိုရောက်တဲ့တိုင်"အဖော်အချွတ်မတော်တရော်ဝတ်ချင်တာဝတ် မူးယစ်ရမ်းကားသောပွဲသဘင်"ကိုခြိမ့်ခြိမ့်သဲသဲကျင်းပခဲ့ကြရာမှာကျွန်တော်တို့ရဲ့ပေါင်ကျော်လှန်အစုံမြို့ 

ရန်ကုန်မှာတော့"အဖော် အချွတ်မတော်တရော်ဝတ်ချင်တာဝတ်မူးယစ်ရမ်းကားသောပွဲသဘင်" ကိုရောက်လေတိုင်းအနုပညာသည်များရဲ့သင်္ကြန်တေးသံ များနဲ့ဝေလွင်နေအောင်ဆင်ယင်ကျင်းပခဲ့ကြ တာဟာဖြင့် ယနေ့ထက်တိုင်ပါပဲခင်ဗျာ။
( သားလတ်-မဟာသင်္ကြန်အကျနေ့အဖွင့်စကားပြော)

( ဧပြီလ ၁၄ ရက်၊ ၂၀၁၃ ခုနှစ် )

+မနေ့ကသူငယ်ချင်းတစ်ယောက်၏အိမ်တက်ရှိ၍သွားခဲ့သည်။ဟိုရောက်တော့သူငယ်ချင်းများ၏ မဟေသီများ၊မျိုးဆက်သစ်များပါတစ်စုတဝေးတွေ့ရ၏။ ကျွန်တော်ကတော့တစ်ယောက်တည်းဖြစ်နေရင်းသူတို့နှင့်စကားစမြည်ပြောကာနောက်တော့သူငယ်ချင်းယောကျာ်းလေးများချည်းတစ်ဝိုင်းဖြစ် သွားတော့သည်။အပြန်ကျတော့ကိုယ့်ဘာသာပြန်စဉ်းစားနေမိသည်။စိတ်ကနည်းနည်းလန်းနေသလိုရှိ၏။
အကြောင်းကရှိသည်။ကျွန်တော်ဇနီးသည်နှင့်ရော၊မိသားစုနှင့်ရော အဝေးမှာနေလာခဲ့သည်မှာ မသိမသာနှင့်အချိန်ကာလတစ်ခုကိုရောက် ခဲ့လေပြီ။အလုပ်နှင့်အိမ်၊အိမ်နှင့်အလုပ်သည်လိုသာ လည်ပတ်ရင်းအားလျှင် ကွန်ပျူတာရှေ့မှာသာအချိန်ကုန်ခဲ့သောဘ၀ကမိသားစုဆိုသောအ၀န်း အ၀ိုင်းလေးကိုခဏမျှပြန်ထိတွေ့ရစဉ်မှာအပြောင်းအလဲဖြစ်ကာ လန်းသွားခြင်းပင်။
ဪ-မိသားစုဆိုသည်ကားအင်အားကြီးမားသောအရာတစ်ခုပါလားဟု ကျွန်တော်သိခွင့်၊ခံစားခွင့် 

ရခဲ့ပြန်လေသည်။ ( မေလ ၅ ရက်၊ ၂၀၁၃ ခုနှစ် )

+သည်နေ့အမေနေ့ဟုFacebookကိုဖတ်ရင်းသိရသည်။သူငယ်ချင်းအသိ မိတ်ဆွေများ၏ အမေ့ကို တမ်းချင်းများ၊အမေ့မေတ္တာချီးမွမ်းခန်းများ စသည်ဖြင့်မြင်ရသဖြင့်ကျွန်တော့်စိတ်ထဲကြည်နူးစိတ်ဖြစ် မိသည်။အမှန် အတိုင်းဝန်ခံရလျှင်ကျွန်တော်လည်းသားတစ်ယောက်ဖြစ်၍အမေကိုပို ခင်တွယ်ပါသည်။ ယခုတစ်ခေါက်စင်ကာပူပြန်လာခါနီးအမေတစ်ယောက် ကျွန်တော်ပြန်မှာသိ၍ကျိတ်ငိုခဲ့သည်ဟု အဖေကပြောခဲ့ဖူးသည်။အမေ့ ကိုပြန်ပေးမသိစေချင်၍အဖေကတိုးတိုးတိတ်တိတ်ကလေး ကျွန်တော့်ကိုအသိပေးခဲ့ခြင်းပါ။ကျွန်တော်ကဟန်လုပ်ပြီးအမေ့ကိုနှစ်သိမ့်ခဲ့ပါသည်။လေဆိပ်လိုက်ပို့ဖို့ ကိုတော့အဖေကအမေ့အကြောင်းသိ၍သည်တစ်ခေါက်မှာလိုက် မပို့စေတော့ပါ။ကျွန်တော်ကလည်း အမေစိတ်မကောင်းဖြစ်နေမှာစိုး၍လိုက်မပို့ခိုင်းတော့ပါ။အမေကထိုသို့ခံစားနေရသောအခါအဖေ ဘာမျှမဖြစ်ဘူးဟုများထင်ပါ သလား။ကျွန်တော့်အတွက်လိုအပ်သောစာအုပ်အဖေနှင့်အမေ့အိမ်မှာ ကျန်ခဲ့သောကြောင့်ကျွန်တော်ကလူကြုံရှိမှယူပါမည်ဆိုသည်ကိုအမေကကျန်ခဲ့လျှင်စိတ် မကောင်းဖြစ်နေသောကြောင့်ယူသွားစေရန်အဖေကသူ့အလုပ်ကအပြန်ကားငှား၍ကျွန်တော့်အိမ်သို့ လာပို့ခဲ့ပါသည်။တကယ်တော့လေဆိပ်သွားမည့်နေ့မှာအဖေသည်နယ်သို့ခရီးထွက်ရမှာဖြစ်၍ကျွန်တော့်ကို လိုက်မပို့နိုင်တော့ပါ။အဖေမပါသောလေဆိပ်သို့အမေ့ကိုမလိုက်စေချင်သည်မှာအဖေကအမေ့ကို ပိုနားလည်၍ပါ။ကျွန်တော့်အပြန်ခရီးကိုကြည့်ကာ အမေစိတ်မကောင်းဖြစ်ပြီးဝမ်းနည်းကာငိုမှာစိုး၍ပါ။ သို့သော်ကျွန်တော်ကျန်ခဲ့သောစာအုပ်လာပေးသောညကအဖေကကျွန်တော့်ကိုကားပေါ်ကမဆင်းဘဲ စာအုပ်လှမ်းပေးရင်းကျွန်တော့်လက်ကိုဖမ်းကိုင်ကာနမ်းရှုပ်၍အားရပါးရငိုပါသည်။အဖေ့စိတ်ထဲမှာလည်း ကျွန်တော်အဝေးတစ်နေရာကိုပြန်ရခြင်းကိုစိတ်မကောင်းကြောင်းထိုအခါမှာကျွန်တော်ကောင်းကောင်း သိခဲ့ရပါတော့သည်။ အဖေနှင့်အမေအသက်ကြီးပြီဆိုသည်ကိုကျွန်တော့်ရော၊သူတို့ပါသိနေသည်ပဲ။ အဖေမည်မျှခံစားရကြောင်းကျွန်တော့်ကိုထုတ်ပြောပါသည်။ကျွန်တော်စိတ်မကောင်းနိုင်တော့ပါ။ သို့သော်ကျွန်တော်မငိုခဲ့ပါ။ကျွန်တော့်ကြောင့်မိဘများထပ်မံစိတ်မကောင်းမဖြစ်စေချင်တော့၍ပါ။သို့သော် ကျွန်တော်သူတို့ကွယ်ရာမှာတစ်ယောက်တည်းကျိတ်ငိုပါသည်။ယခုစာရိုက်နေစဉ်မှာကျွန်တော့်ပါးမှာ မျက်ရည်စများစီးကျနေပါသည်။အဖေနှင့်အမေ၏မေတ္တာများကိုတွေးမိ၍ပါ။
သည်နေ့အမေနေ့ဖြစ်ပါလိမ့်မည်။သို့သော်ကျွန်တော်သည်အမေ့ကိုရော၊အဖေ့ကိုပါသတိရနေပါသည်။ အဖေရော၊အမေပါတူညီသောမေတ္တာများဖြင့် ကျွန်တော့်ကိုချစ်သည်ဟုကျွန်တော်ခံစားနေမိပါသည်။

( ဇန်န၀ါရီ ၂၆ ရက်၊ ၂၀၁၃ ခုနှစ် )

ဆူးသစ်
၁၆း၁၇ နာရီ ( စင်ကာပူစံတော်ချိန် )
၃၀.၁၁.၂၀၁၄ 

Friday, November 28, 2014

" ချို မြိန်သော ပန်းသီးများ "



ကျွန်တော်မိုဘိုင်းဖုန်းများကိုအမျိုးအစားကောင်းကောင်းစတင်ရွေးချယ်ခွင့်ရခဲ့သည့်အချိန်မှာ iPhoneကိုရွေးချယ်ခဲ့သည်။ဖုန်းကောင်းကောင်းမကိုင်နိုင်ခင်ကNokiaသေးသေးလေးကိုသာကိုင်ခဲ့ပြီး iPhoneပေါ်စဉ်မှာလည်း ထွက်ထွက်ချင်းမကိုင်နိုင်ခဲ့။ iPhone4ကျမှစကိုင်ခဲ့ပြီးကျွန်တော်နှင့်ကျွန်တော့်ဇနီးပါအတူသုံးခဲ့ကြသည်။Touch Screen ကောင်းခြင်း၊ ဖုန်းဘက်ထရီဘာမျှမဖြစ်ခြင်း၊ ဖုန်းသုံးသူများစကားနှင့်ပြောရလျှင်ယောင်၍ပင် မဟမ်းခြင်းနှင့်အခြားသုံးစွဲရလွယ်ကူအဆင်ပြေသည့်အချက်များကြောင့်iPhoneကကျွန်တော့်အသည်းစွဲဖြစ်လာ သည်။

ထို့ကြောင့်စာချုပ်သက်တမ်းပြည့်စဉ်မှာတော့iPhone5ပြောင်းခဲ့ပြီးထိုiPhone5မှာတော့ကျွန်တော့်ဖုန်း ဘက်ထရီမှာပြဿဿဿ      နာရှိလာခဲ့သည်။ဘက်ထရီက အားသွင်းပြီး ၁၀၀ပြည့်နေလည်း သုံးလိုက်လျှင် ချက်ချင်းကိုကုန်သလိုဖြစ်နေသည်။ပြီးတော့၁၂ရာခိုင်နှုန်းသာ ကျန်တော့လျှင် ဘက်ထရီလုံးဝကုန်သွားသလို ရုတ်တရက်ပြုတ်ထွက်သွားသည်။စက်ပိတ်သွားသည်။ ညဘက်အားအပြည့်နှင့်မသုံးဘဲထားလျှင်လည်း အားပြည့်နေသည့်တိုင်မနက်မိုးလင်းလျှင် ဘက်ထရီကတစ်ဝက်ကျော်မျှလျော့နေတတ်သည်။ ထိုအတိုင်းနှစ်နှစ်ပြည့်သည်အထိသည်းခံသုံးကြည့်သည်။ လုံးဝထူးခြားမသွား။

နောက်ဆုံးiPhone6 နှင့် 6 Plus မပေါ်လာခင်လေးမှာတင်Appleကသူတို့၏အစီအစဉ်တစ်ခုကိုကြေငြာသည်။ လွန်ခဲ့သောနှစ်နှစ်ခန့်လောက်ကစ၍၀ယ်ခဲ့သောiPhone5များမှဘက်ထရီမကောင်းသည့်အလုံးများကို ဘက်ထရီအခမဲ့လဲလှယ်ပေးသောအစီအစဉ်ဖြစ်သည်။တကယ်ကိုမထင်ပါ။သို့သော်သူတို့သည်သုံးစွဲသူ အတွက် အမြဲနားစွင့်နေပုံရသည်။ယခုနောက်ဖုန်းအမျိုးအစားတစ်လုံးမထွက်ခင် ယခင်ရှိပြီးသား သုံးစွဲသူများကိုဈေးကွက် သဘောအရပြန်ပြီးမြှူ ဆွယ်တာလည်းဖြစ်နိုင်သည်။ 

သို့သော်ဒါကိုကပင်ထူးခြားနေသည်။မည်သူလုပ်ပေးဖူးပါသလဲ။ ရောင်းပြီးမေ့ထားလိုက်၍ရသည့် ကိစ္စများဖြစ်သည်။ စားပြီးနားမလည်လုပ်ထား၍ရသည်ဟုဆိုရမည်။ သည်လိုနှင့်ကျွန်တော်နှင့်ကျွန်တော့် ဇနီးစင်ကာပူရှိAppleအသိအမှတ်ပြုဆိုင်မှာသွားလဲသည်။ ဆိုင်ဝန်ထမ်းစလုံးကောင်လေးက ဘက်ထရီကို အရင်စစ်ကြည့်သည်။ ဘက်ထရီကကောင်းသည်တဲ့။ ကောင်းလျှင်လဲမပေးပါတဲ့။ ကျွန်တော်တို့က တကယ်မကောင်းတာဖြစ်ကြောင်းရှင်းပြလည်းသူတို့စစ်ကြည့်သည့် အခါကောင်းသည်ဟုပြနေသည်တဲ့။ သည်လိုနှင့်တစ်ကြိမ်လှည့်ပြန်ခဲ့ရသည်။ သေသေချာချာပြန်ဆန်းစစ်တော့ကျွန်တော်တို့ကဖုန်းကိုသူတို့ဆိုင်
မသွားခင်Back up လုပ်ရုံမက Reset ပါချသွားသည်။ဒါကြောင့်ဖြစ်နိုင်သည်ဟုတွေးကာနောက်တစ် လလောက်နေပြီးထပ်သွားသည်။ Back upပဲလုပ်သည်။ Resetလုံးဝမလုပ်။ ဆိုင်က၀န်ထမ်းကောင်မလေး ကပြောသည်။ ဘက်ထရီကသူ့ကိုအားသွင်းတာ၊ သုံးတာသက်တမ်းကုန်သွား၍ထိုအတွက် ဘက်ထရီအသစ်လဲပေးပါမည်တဲ့။ နောက်ထပ်ဘာတစ်ပြားမျှပေး စရာမလိုပါဘူးဟုဆိုသည်။ ကျွန်တော့်Sim Card ကိုထုတ်ပေးသည်။ Pass code ကိုဖြုတ်ချပေးရသည်။ပြီးတော့သူတို့ဘက်ကစည်းကမ်းချက် ကိုပြောပြသည်။ ဖုန်းအတွင်းပိုင်းကိုတစ်ခုခုပြန်လည်ပြု ပြင်ထားလျှင်တော့၄၅ဒေါ်လာပေးရမည်တဲ့။ ကျွန်တော်ကတစ်ခါမျှပြင်မထားဖူးကြောင်းရှင်းပြသည်။ လုံးဝပြု ပြင်ထားခြင်းမရှိလျှင်လုံးဝမပေးရပါတဲ့။ ပြီးတော့ကျွန်တော့်ဖုန်းကိုအစင်း၊ အပေါက်၊ အနာအဆာစစ်ပြီးလက်မှတ်ထိုးပေးပြီးထားခဲ့ရသည်။

နောက်နှစ်ရက်မြောက်မနက်မှာပြန်ရသည်။ တကယ်လည်းဘာမျှမပေးရ။ ဘက်ထရီကိုသိပ်စိတ်မချ၍တစ်ရက်၊ နှစ်ရက်စောင့်ကြည့်သည်။ ဘာမျှမဖြစ်တော့။ တကယ့်အသစ်အတိုင်း။
ညဘက်အားသွင်းထားပြီးမနက်စောင့်ကြည့်လည်း၁၀၀အပြည့်ဆို၁၀၀အတိုင်း။ စိတ်တိုင်းကျသွားလေပြီ။
ယခုတော့iPhone 6 plus ကိုကျွန်တော့်ဇနီးကိုင်ခွင့်ရသည့်တိုင်ကျွန်တော့်လက်မှာ iPhone5သာကျန်ခဲ့သည်။ ကျွန်တော့်အတွက်အဆင်ပြေနေပါသည်။အကယ်၍များiPhone5ဘက်ထရီအရင် အတိုင်းသာဖြစ်နေလျှင်တော့တစ်မျိုးစဉ်းစားရပါမည်။

ယခုဘက်ထရီအသစ်နှင့်ဆက်ကိုင်ခွင့်ရနေသောအခါ Apple ကိုကိုယ့်ပိုက်ဆံနှင့်ကိုယ်သုံးသော်ငြားကျေးဇူး တင်ပါသည်။ iPhone4မှသည် 5 နှင့် 6plus များတိုင်၊ Toshiba ကွန်ပျူ တာအစုတ်ကလေးမှသည် Mac Book Pro ကိုပြောင်းဝယ်ခဲ့သည့်တိုင်၊ The New  iPad မှသည် iPad Air2 အထိတိုင်Appleကိုအားပေးလာသူ တစ်ဦးအနေနှင့် ထိုမျှသောဝန်ဆောင်မှုကိုပေးသည်ကိုပင်ကျွန်တော်ကျေနပ်ပါသည်။ Apple ကိုသုံး၍ငွေကုန်ကျိုးနပ်သည်ဟုယခင်ကတည်းကထင်ခဲ့သည့်အတိုင်းယခုလိုဝန်ဆောင်မှုမျိုးသည် ကျွန်တော့်လိုApple ထုတ်ကုန်များကိုသာမန်သုံးစွဲသူတစ်ဦးအတွက်ယခင်ကငွေကုန်ခဲ့သမျှ ကုန်ရကျိုးနပ်သည်ဟုပင် ထင်မြင်မိပါသည်။ တစ်နည်းအားဖြင့်ဆိုရလျှင်ပန်းသီးများစားခဲ့သည်မှာကြာပြီဖြစ်သော်လည်း ချိုမြိန်ခြင်း၏ရသကိုယခင်ကခံစားခဲ့သလိုယခုလည်းထပ်မံခံစားမိသလိုပင်။               ။

ဆူးသစ်
၂၂း၂၄ နာရီ ( စင်ကာပူစံတော်ချိန် )
၂၈.၁၁.၂၀၁၄
[ ပုံမူရင်း-အဖြူ ရောင်လမ်းကလေးဘလော့]

Thursday, November 27, 2014

" Facebook ပေါ်က ကျွန်တော့် Status များ " (၁၆)


+မနက်ဖြန်သည်ကျွန်တော်တို့မြန်မာနိုင်ငံကြီး၏လွတ်လပ်ရေးနေ့ဖြစ်သည်။အချိန်ကာလအားဖြင့်(၆၅)နှစ်အတွင်း လူပေါင်းများစွာ၏အသက်၊သွေး၊ချွေးတို့ဖြင့်ရင်းနှီးထားခဲ့ရသလိုထိုအရာများဖြင့်ပင်ထိုလွတ်လပ်ရေးကြီးရေရှည် တည်တံ့စေရန်ကြိုးစားခဲ့ရသည်။ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ကြိုးပမ်း ခဲ့သောလွတ်လပ်ရေး၏ အသီးအပွင့်ကိုယနေ့ကျွန်တော်တို့ခံစားခွင့်ရရှိခဲ့သည်။ထိုသို့ရရှိခဲ့သော်ငြားလည်းယနေ့တိုင်မလွတ် လပ်နိုင်သေးသူများလည်းရှိနေကြသေးသည်။ကျွန်တော်သည်ပင် ကိုယ့်ကိုယ်ကိုလွတ်လပ်သည်ဟု ထင်နေမိသော်ငြားလည်းတကယ်တော့ပြင်ပဗဟိဒ္ဓကလွတ်လပ် သလောက် အတွင်းစိတ်အဇ္ဈတ္တကမူ ထင်သလောက်လွတ်လပ်ခြင်းမရှိ။ကိုယ့်စိတ်နှင့်ကိုယ့်ကိုယ် တွဲနေခွင့်အမြဲရှိနေဖို့ကမလွယ်။ တစ်ခါတစ်ခါတော့စိတ်သွားတိုင်းကိုယ်ပါနိုင်သောဘ၀ဆိုသည် ကိုတွေးရင်းအားကျမိသည်။ မည်သို့ဆိုစေကျွန်တော်ရပ်တည်နေရသောနေရာတစ်နေရာမှာ ကျွန်တော့်စိတ်သည်လွတ်လပ်စွာ ရှိမနေစေကာမူကျွန်တော်ရပ်တည်ရခြင်း၏အကျိုးဆက်မှာလူများစွာချမ်းသာမှုရရှိမည်ဆိုလျှင် ကျွန်တော့်စိတ်ကိုနောင်နှစ်ပေါင်းများစွာအထိသည်အတိုင်းသာဆက်ထားမိမှာအမှန်ပင်ဖြစ်သည်ကို မနက်ဖြန်ကျရောက်မည့်လွတ်လပ်ရေးနေ့ကိုတိုင်တည်၍ပြောပြချင်မိပါသည်။လွတ်လပ်ရေးဆိုသည့်သဘောကို ကကိုယ်တိုင်ကြိုးစားနေသူများအတွက်ပါချင်မှပါလိမ့်မည်။သေချာသည်ကတခြားသူများကသာလွတ်လပ်သည် ဆိုသည့်အရသာကိုပိုင်ဆိုင်နိုင်ခွင့်ရှိသည်ကို ကျွန်တော်တို့၏ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားများကသက်သေပြု ခဲ့ကြသည် မဟုတ်လား။ ( ဇန်န၀ါရီလ ၃ ရက်၊ ၂၀၁၃ ခုနှစ် )

+မနေ့ကကျွန်တော်နှင့်ရန်ကုန်စက်မှုတက္ကသိုလ်မှာတစ်မေဂျာတည်းအတူ တက်ခဲ့ပြီးသေပေါင်း ရှင်ပေါင်းပေါင်းခဲ့သောသူငယ်ချင်းများနှင့်ပြန်တွေ့ ရသည်။ အမှန်ကအင်္ဂလန်မှာအလုပ်လုပ်နေသော 
ူငယ်ချင်းကစင်ကာပူကိုဆွေးနွေးပွဲလာရင်းစင်ကာပူကသူငယ်ချင်းတစ်ယောက်ကထမင်းလိုက်ကျွေး၍ တစ်ညနေခင်းမှာဆုံကြရတာဖြစ်သည်။မည်သို့ပဲဖြစ်ဖြစ်စက်မှုအဓိကဘာသာရပ်ဖြင့် စက်မှုတက္ကသိုလ်ကကျောင်းပြီးခဲ့သောကျွန်တော်တို့ကို စင်ကာပူကဆက်လက် ရှင်သန်ခွင့်ပေးခဲ့သည့်အတွက်စင်ကာပူကိုကျေးဇူးတင်မိသည်။ အင်္ဂလန်ကသူငယ်ချင်းသည်လည်း 
စင်ကာပူမှာဘွဲ့လွန်ပြီးသွားခဲ့တာဖြစ်သည်။ကျွန်တော်အပါအ၀င်ကျန်သူများကလည်းစင်ကာပူမှာအလုပ်လုပ်နေတာဖြစ်သည်။ သည်တော့စင်ကာပူကိုကျေးဇူးတင်ပါသည်။
သည်နေ့ကျတော့ယခင်ပရောဂျက်ကမန်နေဂျာကညနေစာခေါ်ကျွေးသည်။ မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ မလေး၊ စလုံး စသည်ဖြင့်လူမျိုးစုံပါသည်။ ကျွန်တော်တို့အားလုံးလည်း စင်ကာပူမှာအလုပ်လုပ်နေတာဖြစ်သည်။ သည်တော့စင်ကာပူကိုကျေးဇူးတင်ရပြန်သည်။ လူပေါင်းစုံရပ်တည်ခွင့်ရနေသည့်အတွက်ပါ။
တစ်ခုပဲရှိသည်။သူငယ်ချင်းများနှင့်ဆုံသောအခါရယ်စရာ၊မောစရာများကပြောမကုန်။  ပြန်ခါနီးသည်အထိ အားလုံးသည်နွေးနွေးထွေးထွေး။ ယခင်ကကျောင်းသားဘ၀ကာလများလိုနုပျိုသည်။ အိမ်ပြန်ချိန်မှာတောင်အတူတူ။ အိမ်အထိအရောက်ပြန်ဖို့ကားဆိုသည်ကိုပူစရာမလို။ အလုပ်ကလူများနှင့်စကားပြောတော့အားလုံးကဟန်လုပ်နေတာသိသာသည်။တချို့ကမိမိဂုဏ်ပုဒ်များကို သူဋ္ဌေးရှေ့မှာပုံမပေါ်ပေါ်အောင်မရမကဖော်နေကြသည်။ အပြန်ကျတော့လမ်းကြုံလိုက်မိသောမိမိအမှား ကိုတွေးရင်းနောင်တရ ချင်သည်။ အတူပါရုံးဝန်ထမ်းအမျိုးသမီးများကိုနှာဘူးကျ၍အရင်လိုက်ပို့သော 

တခြားနိုင်ငံသားတစ်ယောက်ကြောင့်အနီးဆုံးကျွန်တော်ကနောက်ဆုံးမှ အိမ်သို့ရောက်တော့သည်။ ဒါကတော့ အရင်းနှီးဆုံးသူငယ်ချင်းများနှင့်တွေ့ခဲ့ရသောညနေစာနှင့် နိုင်ငံတကာကလာသော လုပ်ဖော်ကိုင်ဖက်များနှင့်စားခဲ့ရသောညနေစာ၏အဓိက ကွာခြားချက် ပင်ဖြစ်ပေမည်။ မည်သို့ဖြစ်စေစင်ကာပူကိုတော့ကျေးဇူးတင်နေပါဦးမည်။ သူစိမ်းများအကြောင်းကိုပိုသိခွင့်ရသည့်အတွက်ပါ။ (ဇန်န၀ါရီလ ၁၉ ရက်၊ ၂၀၁၃ ခုနှစ် )
 
+သည်နေ့မိုးတဖွဲဖွဲမှာအိမ်ကိုပြန်စဉ်ကားမှတ်တိုင်ရောက်ခိုက်ဘတ်စ်ကားတန်းရသည်။ ကားကလူနည်းနည်းနှင့်ရှင်းနေသည်မို့ချောင်သားပဲဟုတွေးကာ အပေါ်ထပ်ကိုတက်ခဲ့သည်။ဖြစ်ချင်တော့ အပေါ်ထပ်တက်တက်ချင်း လူကရှင်းနေ၍မျက်လုံးကစားပြီးကြည့်လိုက်စဉ်နောက်နားခပ်လှမ်းလှမ်း မှာကောင်မလေးတစ်ယောက်ထိုင်နေသည်ကိုတွေ့ရသည်။ဦးထုပ် ကလေးဆောင်းထား၍စလုံးမပဲနေမှာ ဟုတွေးကာနိုင်ငံခြားသားကြည့်သည်ကိုသိပ်ကြိုက်လေ့မရှိသောစလုံးမများအကြောင်း ကြားဖူးနေ၍သေသေချာချာမကြည့်တော့ဘဲရှေ့နားမှာသာထိုင်ဖြစ်ခဲ့သည်။သို့သော်လူ၏သဘာဝ၊ ကားစီးတာကြာလာသည့်အခါကိုယ့်ဘာသာနောက်ကျောမလုံသလိုဖြစ်လာသည်။ တခြားလူအများကြီးပါလာလျှင်သည်လိုဖြစ်မှာမဟုတ်။သည်ကြားထဲမောင်မျိုးမင်း(ရင်တွင်းဖြစ်)၏'ကားပေါ်မှာ ပါလာတယ်'ဆိုသောသရဲကားကိုလည်းစိတ် ကပြန်မှတ်မိလာသည်။ပိုပြီးမလုံမလဲဖြစ်လာ၏။ယာဉ်မောင်း၏ ကင်မရာရှိနေတာပဲလေဆိုပြီးငြိမ်နေလိုက်သည်။သို့သော်ကင်မရာထဲမှာဟိုဟာတွေကပေါ်တာမပေါ်တာ မကျိန်းသေ။အတွေးတွေကလည်းမြန်သည်။ရန်ကုန်မှာကားတစ်စီးသူ့ဘာသာမောင်းထွက်သွားပြီးနောက် တစ်စီးကိုဝင်တိုက်သည်ဆိုသောသတင်းကိုလည်းဖတ်ထားတာပူပူနွေးနွေးရှိသေးသည်ကိုမှတ်မိနေသည်။ အပြင်မှာမိုးအေးနေ၍ချွေးတော့မပြန်မိ။ ကိုယ့်ဘာသာဖုန်းသုံးနေရင်းထိုကောင်မလေး၏ငြိမ်သက်မှုကို အံ့အားသင့်နေ မိသည်။ဖုန်းလည်းမပြော။သီချင်းသံလည်းသဲ့သဲ့ကိုမကြားရ။ကျွန်တော့်ဇနီးကဖုန်းခေါ်တော့ ဖုန်းပြောရင်းအာရုံကတစ်ဖက်မှာရောက်နေ၍သာ သက်သာတော့သည်။နောက်တော့ကားမှတ်တိုင် တစ်တိုင်အရောက်မှာနောက်ကနေဖျတ်ဖျတ် ဖျတ်ဖျတ်အသံကြားတော့ကျွန်တော်နေလို့မရတော့။ လှည့်ကြည့်မည်ကြံစဉ်မှာပင်သူ့နှုတ်ကအသံထွက်လာသည်။ I arrive ..............စသည်ဖြင့် စလုံးမအင်္ဂလိပ်သံ။ တော်သေးသည်။ လူစစ်စစ်ပဲဟုတွေး၍ရသွားသည်။ကျေးဇူးရှင်မဟုစိတ်ထဲက တိုးတိုးရေရွတ်မိသည်။ (ဇန်န၀ါရီလ ၁၉ ရက်၊ ၂၀၁၃ ခုနှစ် )

+မနေ့ကပင်နီဆူလာပလာဇာရောက်သည်။မြန်မာပြည်ခေါ်ရန် ဖုန်းကတ်နှစ်ကတ်ဝယ်သည်။ကျွန်တော်က Pagodaဆိုသောရွှေတိဂုံပုံပါသည့်ဖုန်းကတ်ကိုဝယ်သည်။ဆိုင်ကအန်တီကြီးကဖုန်းကတ်နှစ်ကတ်ကိုထိုးပေးရင်းHello Panda ဆိုသည့်မုန့်ဘူးလေးတစ်ဘူးကို ဖုန်းကတ်ချပေးသည့် မှန်ဗီရိုပေါ်တင်လိုက်သည်။ 
ကျွန်တော့်ကိုပေးသည်ဟုမထင်။ ဖုန်းဖိုးငွေချေပေးပြီးလှည့်ထွက်မည်အပြု' ယူသွားပါ ' ဆိုမှ ကျွန်တော့် ကိုပေးမှန်းသိသည်။မုန့်တစ်ဘူးအပိုရလာခဲ့၏။
သည်နေ့မနက်ကျတော့Sheng Siong မှာအအေးဝယ်စဉ် ကျွန်တော်သောက်နေကျအအေးဘူးနှစ်ဘူး ၀ယ်ဖြစ်၏။ ထိုစဉ်မှာပင်အရောင်းမြှင့်တင်ရေးဝန်ထမ်းကောင်မလေးက အချိုရည်ဘူးလေးနှစ်ဘူးကိုသီးခြား အပိုအဖြစ်လက်ဆောင်ပေးလေ၏။ သည်လိုနှင့်အချိုရည်ဘူးလေးနှစ်ဘူးအပိုရလာခဲ့ပြန်၏။
ဈေးဝယ်ပြီးငွေရှင်းရန်ကောင်တာကိုသွားတော့လူတစ်ဦးကဈေးဝယ် တွန်းလှည်းလေးပေါ်မှာ ကလေးနှစ်ယောက်ကိုတင်ကာ တွန်းလာသည်ကိုတွေ့သည်။နောက်တော့ထိုကလေးနှစ်ယောက်၊ တစ်ယောက်ကိုတစ်ယောက်စကြနောက်ကြရင်း ထငိုမှသေသေချာချာကြည့်စဉ်အမြွှာဖြစ်နေ သည်ကိုတွေ့ရသည်။
ကျွန်တော်တွေးမိသည်။ကုန်ပစ္စည်းတင်အပိုရတာမဟုတ်။လူလည်းကံကောင်းလျှင်အပိုလေး ရတတ်ပါလားဟု။
( မတ်လ ၂ ရက်၊ ၂၀၁၃ ခုနှစ် )

ဆူးသစ်
၂၁း၃၉ နာရီ ( စင်ကာပူစံတော်ချိန် )
၂၇.၁၁.၂၀၁၄ 

Tuesday, November 25, 2014

" Facebook ပေါ်က ကျွန်တော့် Status များ " ( ၁၅ )



+ ၁၂.၁၂.၁၂
ဂဏန်းလေးတွေလှတော့လူတွေကအစွဲတွေအများကြီးနဲ့ပြောကြတယ်။ အမှန်ကတော့ဘာမျှမဟုတ်ပါဘူး။မနက်ဖြန်မှာလည်း၁၂ရက်၁၂လရှိနေမှာပဲ။၁၂နာရီ၁၂မိနစ်၁၂စက္ကန့် ဆိုတာလည်းရှိဦးမှာပဲ။အကောင်းဆုံးကဘယ်အချိန်၊ဘယ်နေရာရောက်ရောက်ကိုယ်လုပ်သမျှကောင်းနေဖို့ပဲ လိုအပ်တာပါ။ဂဏန်းလှတာကြိုက်တော့ဒီလိုဆုံနေတာလေးတွေကစိတ်ဝင်စားဖို့တော့ကောင်းပါတယ်။ လိုတာထက်မပိုဖို့ပဲအရေးကြီးတာ။ ( ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၁၂ ခုနှစ် )

+လူတချို့ကကမ္ဘာပျက်မည်ဆိုပြီးအော်နေကြသည်။ဘာတွေသိ၍ဘယ်လိုယုံကြည်ချက် များနှင့်အော်နေ၊ပြောနေသည်မသိ။သေတာကတော့အားလုံးသေမျိုးချည်းသာ။ကမ္ဘာမပျက်လည်း တစ်နေ့သေကြမှာပင်။ပြီးတော့ထိုကမ္ဘာပျက်ခြင်းကိစ္စကလွန်ခဲ့သောကာလများမှာလည်းပွက်လော ရိုက်ခဲ့ဖူးသည်။နောက်တော့ဘာမျှလည်းမဟုတ်။ဟုတ်ခဲ့သည်ထားဦး။ဘယ်သူမျှလည်းတား၍မရ။ ကျွန်တော်ကတော့ရှင်သန်နေချိန်လေးမှာအကောင်းဆုံးများသာပေးဆပ်သွားချင်သည်။သေခြင်း၊ ရှင်ခြင်းကိုကျွန်တော်စီရင်ခွင့်မရှိ။သို့သော်ကျွန်တော်ကိုယ်တိုင်၏ကောင်းခြင်း၊ဆိုးခြင်းကိုတော့ ကျွန်တော်ဖန်တီး၍ရနေသည်မဟုတ်လား။သည်လိုသာယုံကြည်မိသည်။ ( ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၁၂ ခုနှစ် )

+ကမ္ဘာကြီးရေ-
မင်းကဘာမျှမဖြစ်ဘူး။လူတွေကဖြစ်နေတယ်။
မင်းကဘာမျှမပျက်ဘူး။လူတွေကမင်းပျက်မယ်ပြောနေတယ်။
ကဲ-မင်းရဲ့ရပ်တည်မှုကိုမင်းသိတယ်။
မင်းရဲ့ဖြစ်ပျက်မှုကိုလည်းမင်းရိပ်မိမယ်။
သေချာတာကတော့-
သူတို့ပြောတဲ့မင်းပျက်မယ်ဆိုတဲ့မနက်ဖြန်မှာ
ငါဟာမိဘတွေနဲ့အတူရှိနေမယ်။
ငါဟာငါ့ချစ်သူလက်ကိုတွဲထားမယ်။
ငါဟာငါ့ညီအစ်ကိုတွေနဲ့ဘောပွဲအကြောင်းပြောနေမယ်။
ငါဟာငါ့သူငယ်ချင်းတွေနဲ့ဖေ့စ်ဘွတ်ခ်ပေါ်မှာသတင်းတွေဝေမျှနေမယ်။
ပြီးတော့ငါဟာ......ငါရေးချင်တဲ့စာတွေအကြောင်းတွေးနေ၊ရေးနေမယ်။
ကဲ-ဒီတော့မင်းပျက်ချင်တဲ့အချိန်ပျက်တော့။
ငါစောင့်နေမယ်။ 
( ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၁၂ ခုနှစ် )

+မင်္ဂလာပါသူငယ်ချင်းတို့။လူတချို့ရဲ့ကောလဟလအောက်မှာကမ္ဘာကခဏခဏပျက်နေရတာအခုတော့
ဘာမျှမဟုတ်ဘူးဆိုတာကိုငါတို့ရဲ့မင်္ဂလာရှိတဲ့နံနက်ခင်းတစ်ခုမှာမင်္ဂလာပါလို့နှုတ်ဆက်ရင်း သက်သေပြုနိုင်ခဲ့ပါပြီ။တိုးတက်နေတဲ့ခေတ်ကြီးထဲမှာကျက်သရေမရှိ၊မင်္ဂလာမရှိ၊ဘယ်သူမျှအတည်မပြုနိုင်တဲ့
သတင်းမှားတွေကိုမမျှဝေမိစေဖို့သတိပြုသင့်တယ်ဆိုတဲ့အကြောင်းအခုလိုဖြစ်ရပ်မျိုးတွေကသက်သေပြနေ
တယ်ဆိုတာကိုဒီနေရာကနေအသိပေးပါရစေ။ ( ဒီဇင်ဘာလ ၂၂ ရက်၊ ၂၀၁၂ ခုနှစ် )

+မြန်မာပြည်မှာအင်တာနက်သုံးရသည်ကအရူးမလင်လုပ်ရသည်ထက်ဆိုးသည်ဟုကျွန်တော်ထင် သည်။အခုတစ်မျိုး၊တော်ကြာတစ်မျိုးမဟုတ်လား။သည်လောက်တောက်လျှောက်သုံးလာသောFacebookကို ဖွင့်သောအခါဖွင့်နေရင်းမှာပင်ကျွန်တော့်ကိုပြန်မေးသည်။ကိုယ်လိုချင်သောစာမျက်နှာက တက်မလာ။စာလုံးပေါင်းမှန်မမှန်ပြန်စစ်ပါတဲ့။စာလုံးပေါင်းမှားနေလားတဲ့။အင်တာနက်မို့လို့သာပေါ့။ လူဆိုလျှင်ကျွန်တော်နားရင်းပါးရင်းထရိုက်ပစ်လိုက်သည်။သူ့ဘာသာကြောင်နေသည်ကိုထည့် မပြော။ ကိုယ်ကပဲFacebookကိုစာလုံးပေါင်းမှားနေသလိုလိုလာလုပ်နေသည်။သူငယ်ချင်းများ ကိုတော့ပြောပြဖြစ်သည်။စင်ကာပူတုန်းကအင်္ဂလိပ်စာသိပ်မတတ်လို့မြန်မာပြည်ပြန်လာပြီး Facebookကိုဘယ်လိုစာလုံးပေါင်းသလဲပြန်လာသင်နေသည်ဟု။ ( ဒီဇင်ဘာလ ၂၄ ရက်၊ ၂၀၁၂ ခုနှစ် )

ဆူးသစ်
၂၂း၅၃ နာရီ ( စင်ကာပူစံတော်ချိန် )
၂၅.၁၁.၂၀၁၄

Sunday, November 23, 2014

" Facebook ပေါ်က ကျွန်တော့် Status များ " ( ၁၄ )



+ဗွီအိုင်ပီဆိုသောပုဂ္ဂိုလ်များကိုကျွန်တော်ခဏခဏကြုံခဲ့ဖူးသည်။ဝန်ထမ်းလုပ်စဉ်ကာလကတည်းက အကြိမ်ပေါင်းမရေမတွက်နိုင်။သူတို့လာရခြင်း၏အကြောင်းကိုသေသေချာချာမသိခဲ့သော်ငြားသူတို့လာသည့် အတွက်တော့ဆက်စပ်ပတ်သက်နေသူများတစ်ယောက်မျှအငြိမ်မနေရ။ထိုသို့သောသူများနှင့်ပတ်သက်၍ လည်းနိုင်ငံတိုင်းကအတူတူပင်ဖြစ်မည်။ယခုကျွန်တော်လုပ်နေသောအလုပ်မှာအနှီဗွီအိုင်ပီဆိုသောပုဂ္ဂိုလ်များ အင်မတန်လာ၏။သူတို့လာသည်ကဘာမျှမဖြစ်သော်လည်းမလာခင်မှာကြိုပြီးသန့်ရှင်းရေးလုပ်၊စည်းရိုးကာ၊ လမ်းရှင်းနှင့်ကျွန်တော်တို့အလုပ်တစ်ခုလုံးဘယ်သူမျှမနားရတော့။သူတို့ကလည်းလာသည်။ပြန်သွားသည်။ ပြီးတော့မှတ်ချက်ပေးသွားသည်။ဒါကပဲဗွီအိုင်ပီတို့၏အလုပ်ဖြစ်မည်။ကျွန်တော်တို့လုပ်ကွက်၏ဘေးကင်းရေး ၀န်ထမ်းအကြီးဆုံးကတော့ ကျွန်တော်တို့ကိုပြောဖူးသည်။သူတို့လည်းသည်လိုလေးအကြောင်းပြလာမှ စင်ကာပူခဏခဏလာလို့ရမှာလေတဲ့။ဟုတ်လည်းဟုတ်သည်။လုပ်ကွက်လာကြည့်သည်ကတစ်မနက်ဆိုလျှင် အကုန်ပြီးသည်။သည်တော့တခြားနိုင်ငံကတောင်တကူးတကလာကြည့်သည်ဆိုသောရည်ရွယ်ချက် ကိုသေသေချာချာပြန်စစ်လျှင်စင်ကာပူကိုခဏခဏလာ၍ရသည်ကအမြတ်ဖြစ်မည်ထင်သည်။ သို့သော်ကျွန်တော်ဝန်ထမ်းဘ၀ကအရာရှိကြီးပြောခဲ့ဖူးသောစကားလေးကိုလည်းမှတ်မိနေသေး သည်။'တပ်ရင်းမှူးဆယ်နာရီ၊တပ်သားငါးနာရီ'ဟုဆို၏။ဘယ်အချိန်လာမည်မှန်းမသိသောပုဂ္ဂိုလ်အတွက် ကျွန်တော်တို့စပြင်ရသည်ကဘယ်နှစ်ရက်မှန်းပင်သိမှမသိနိုင်တာ။လာခဲ့ကြပါဦး၊ဗွီအိုင်ပီတို့ရေဟုသာအော် လိုက်ချင်တော့သည်။ ( အောက်တိုဘာလ ၃၀ ရက်၊ ၂၀၁၂ ခုနှစ် )


+ဂျပန်ကုမ္ပဏီကြီးနှစ်ကုမ္ပဏီနှင့်ကျွန်တော်အလုပ်တွဲလုပ်ဖူးသည်။တစ်ကုမ္ပဏီက 
အီလက်ထရွန်းနစ်၊စက်မှုစသည်ဖြင့်စုံနေအောင်လုပ်သည်။ပထမကုမ္ပဏီဟုဆိုပါစို့။ ဒုတိယကုမ္ပဏီကတော့ဆောက်လုပ်ရေးတစ်ခုကိုပဲတွင်ကျယ်အောင်လုပ်သည်။ပထမကုမ္ပဏီ လည်းဆောက်လုပ်ရေးလုပ်သော်ငြားသူတို့ကနာမည်ကိုကအီလက်ထရောနစ်၊စက်မှုကိုစောင်းပေးတာ များသည်။ထိုကုမ္ပဏီနှစ်ခုယှဉ်လိုက်သောအခါပထမကုမ္ပဏီ၏Managementကတော်တော်သာသည်ကို သွားတွေ့ရသည်။Drawing၊Planစသည်ဖြင့်သူတို့လုပ်ပုံကတော်တော်သွက်သည်။ အမှားနည်းသည်။ဒုတိယကုမ္ပဏီကတော့တလွဲချည်းသာ။မည်မျှတလွဲသနည်းဆိုလျှင်လုပ်ပြီးသား များပြန်ဖြုတ်ရသည်ကခဏခဏ။လုပ်ကွက်တစ်ခုလုံးလည်းပြန်ဖြုတ်ရ၍တန်းလန်းဖြစ်နေသောပစ္စည်းများက မနည်း။လုပ်ပြီးသားပြန်ဖြုတ်ရသည်ဆိုတော့မလုပ်ခင်ကဆိုပိုဆိုးသည်။Drawingမရှိ။ရှိသည်၊အမှား။ သည်တော့ထိုကုမ္ပဏီနှစ်ခုကိုနှိုင်းယှဉ်ရင်းManagement၏အားသာချက်၊အားနည်းချက်သည်အလုပ် မှာတော်တော်တာသွားသည်ကိုသဘောပေါက်မိတော့၏။ထို့ပြင်ဂျပန်ကုမ္ပဏီဆိုတိုင်းလည်း
Managementကောင်းသည်ဟုမဆိုသာဆိုသည်ကိုနည်းနည်းတော့ရိပ်မိသွား၏။
( နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၁၂ ခုနှစ် )

+မနက်မိုးလင်းလင်းချင်းဘတ်စ်ကားစီးသွားတော့ကားပေါ်မှာငိုက်သည်။ကားပေါ်ကဆင်း၍ သင်္ဘောပေါ်ရောက်တော့သင်္ဘောပေါ်မှာထပ်ငိုက်သည်။သင်္ဘောပေါ်ကနေတစ်ဖက်ကမ်းရောက်၊ယူနီဖောင်း လဲပြီးလုပ်ကွက်ထဲကိုဘတ်စ်ကားနှင့်သွားတော့ကားပေါ်မှာငိုက်လို့ရသမျှထပ်ငိုက်ပြန်သည်။သည်လိုနှင့် ဘ၀ကငိုက်လို့မဆုံးသောဘ၀ဖြစ်နေသည်။သည်လိုနေ့စဉ်နီးပါးငိုက်နေသော်ငြားထိုသို့ငိုက်မျဉ်းခြင်းကြား မှာရွေ့လျားနေသောမိမိဘ၀ကိုတော့ကျေနပ်နေမိသည်။အိပ်ရေးပျက်၍ငိုက်ခြင်း သာဖြစ်ပြီးတကယ့်ဘ၀ထဲမှာငိုက်နေခြင်းမဟုတ်။ဘ၀အတွက်သွားနေသောအလုပ်သွားရာလမ်းမှာ ငိုက်ခြင်းဟုတွေးရင်းငပျင်းစိတ်ဖြေဖြေမိသေး၏။ ( နိုဝင်ဘာလ ၂၅ ရက်၊ ၂၀၁၂ ခုနှစ် )

+တချို့ Decision Maker တွေကိုတော်တော်လေးလေးစားနေတယ်။ ဘယ်လိုမှသုံးမရဘဲ ထိခိုက်ဆုံးရှုံးမှု များမယ်ဆိုတဲ့ဆုံးဖြတ်ချက်တွေကိုပဲချချပေးနေလို့။ ရွေးချယ်စရာမရှိလို့လည်းမဟုတ်၊ မသိလို့လည်းမဟုတ်၊ အမှန်ကငါတစ်ဘို့တည်းကောင်းစားဖို့အတွက်သာချတဲ့ဆုံးဖြတ်ချက်တွေပဲ။ဘယ်လိုအတွေးအခေါ် ပညာတွေနဲ့ချပစ်လိုက်မှန်းကိုမသိဘူး။ဘယ်သူမှလိုက်လို့ကိုမမီဘူး။ပေါက်ကရနဲ့တလွဲချည်းပဲ။ ( နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၁၂ ခုနှစ် )

+စီးပွားရေးဘာသာရပ်များသင်စဉ်ကစီးပွားရေးလုပ်သည့်ကုမ္ပဏီများသည်သူတို့ကုမ္ပဏီများ၏ပုံရိပ် တက်စေရန်လူမှုရေးလုပ်ငန်းများကိုပါတွဲဖက်လုပ်ကိုင်လေ့ရှိကြသည်ဟုမှတ်သားဖူးသည်။သူတို့ ကုမ္ပဏီပုံရိပ်တက်စေရန်နာမည်ဆိုးဖြင့်ကျော်ကြားသည့်အလုပ်များကိုလုပ်လေ့မရှိကြ။တစ်ခါမျှ မကြားဖူး။သို့သော်ယခုတော့စီးပွားရေးဘာသာရပ်များထဲမှာထပ်မံဖြည့်သွင်းရမည့်အချက်များရှိလာသည်ကို သတိထားမိသည်။ကုမ္ပဏီနာမည်ပျက်အောင်လုပ်သည့်လုပ်ရပ်မျိုး၊ပြည်သူနှင့်သုံးစွဲသူ ဒုက္ခရောက်အောင်လုပ်သည့်ကိစ္စမျိုးကတော့သူ့ဘာသာသေတွင်းတူးသည်ဟုကျွန်တော်တို့ နားလည်ရသည်။ထိုကဲ့သို့ကုမ္ပဏီမျိုးကိုမည်သူကအားပေးပါမည်နည်း။စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသည် ကားအမှန်။ ( ဒီဇင်ဘာလ ၂ ရက်၊ ၂၀၁၂ ခုနှစ် )

ဆူးသစ်
၂၀း၁၅ နာရီ ( စင်ကာပူစံတော်ချိန် )
၂၃.၁၁.၂၀၁၄
Photo Ref: www.freepik.com

" Facebook ပေါ်က ကျွန်တော့် Status များ " ( ၁၃ )



+ကျွန်တော်အခုတလောသတိထားမိတာလေးတစ်ခုရှိသည်။ကိုယ်ကဘာရယ်မဟုတ်ပြောလိုက်မိတာလေးကို
ထပေါက်ကွဲပြသူများနှင့်ကြုံနေရခြင်းမှာကိုယ်မှားသလားဆိုသည်ကိုပြန်သုံးသပ်နေမိသည့်အခါကိုယ့် ဘာသာတော့လိပ်ပြာသန့်နေမိသည်။တစ်ဖက်လူကကိုယ့်စကားကိုသေသေချာချာခံစား၍သေသေချာချာ တုန့်ပြန်သည်ကိုကြုံရသောအခါမည်မျှလိပ်ပြာသန့်သည့်တိုင်ကိုယ်မှားသွားသလိုခံစားရ၍နောက်တစ်ခါ ထိုသို့မဖြစ်အောင်ကြိုးစားထိန်းမည်ဟုသံန္နိဋ္ဌာန်ချလိုက်မိသည်။သို့သော်တစ်ဖက်မှာလည်း သူတို့၏တုန့်ပြန်မှုများကနေသူတို့ဘာလဲဆိုသည်ကိုကျွန်တော်ဖမ်းမိသွား၍သူတို့ကိုပိုပြီးသိမိ သွားသည်။တစ်နည်းပြောရလျှင်အတန်းပညာကမသင်ပေးသောပညာတချို့ကိုသူတို့ဆီက ရလိုက်သလိုရှိသည်။ကျွန်တော်မှားသလိုဖြစ်နေသည့်တိုင်လူတချို့ဆီကရလိုက်သော ပညာများအတွက်တော့သူတို့မှန်သည်၊မှားသည်ထား။ကျေးဇူးတော့တင်နေမိပြန်သည်။ ( စက်တင်ဘာလ ၂၉ ရက်၊ ၂၀၁၂ ခုနှစ် )

+မိုးခြိမ်းသံများကိုစကြားရသည်။လေတိုက်သံများကိုအခန်းအပြင်မှာတရစပ်ကြားရ၏။ပြူ တင်းပေါက်ကလေကြောင့်လှုပ်ခတ်သံသည်အခန်းတွင်းမှကျွန်တော့်ကိုအာရုံအသစ်တစ်ခုဖြစ်စေ၏။ ခဏနေတော့မိုးစက်တို့၏ပုတ်ခတ်ကျရောက်သံကိုကြားသည်။အပြင်ထွက်ရင်းပြူတင်းပေါက် ကငေးသည့်အခါပတ်ဝန်းကျင်မှာမိုးရေစက်တို့တဖွဲဖွဲကျနေသည်ကိုတွေ့သည်။အိမ်အောက်က မီးတိုင်များသည်မိုးရေစက်တို့အောက်မှာငိုက်မျဉ်းနေကြ၏။စိမ်းသောသစ်ပင်တို့သည်မိုးရေကြောင့် ချမ်းသက်ကုန်သည်ထင်၏။အရာရာသည်အေးချမ်းနေသည့်အသွင်။သို့သော်ထိုမိုးကြောင့် လွမ်းရသောလူတစ်ယောက်အတွက်တော့မိုးကိုခံစားရင်းနာကျင်နေသလိုလို။ ( အောက်တိုဘာလ ၄ ရက်၊ ၂၀၁၂ ခုနှစ် )

+သည်နေ့သံရုံးသွားစဉ်မနက်စောစောမှာသံရုံးကလုံခြုံရေးဝန်ထမ်းအိန္ဒိယအဘိုးကြီးကကျွန်တော့်ကိုမြင်ပြီး Friendဟုနှုတ်ဆက်သည်။ဪ-ငါ့ကိုသူကFriendဆိုတော့ငါလည်းတော်တော်အိုနေပြီလားမသိဘူးဟု အတွေးဖြစ်သည်။နေ့လယ်ပင်နီဆူလာပလာဇာရောက်တော့ဆံပင်ညှပ်စဉ်ထုံးစံအတိုင်းဆံပင်ဖြူ များဖွေးနေ ၍ဆေးဆိုးမလားဟုညှပ်ပေးသည့်ဝန်ထမ်းကောင်မလေးကမေးတာခံရပြန်သည်။ ဇရာပေါ့ဟုဖြေတွေး၏။တိုက်ဆိုင်တာများသည့်အခါအရင်ကအဖြစ်များပြန်သတိရမိသေးသည်။ စင်ကာပူရောက်စကအလုပ်ဆင်းစဉ်ဘူတာသွားရာလမ်းမှာအဘိုးကြီးတစ်ဦးကသူ့ငယ်ပေါင်းကြီးဖော် တစ်ယောက်ကိုတွေ့သလိုကျွန်တော့်ကိုလှမ်းပြုံးပြတာကြုံဖူးသည်။နောက်ကိုကြည့်တော့လည်းဘယ်သူမျှမရှိ။ တည့်တည့်ကိုပြုံးနေတာဖြစ်သည်။ဪ-ငါ့ရုပ်ကအဘိုးကြီးပုံများပေါက်နေလားဟုတွေးကာ အလုပ်ထဲရောက်မှပြန်စဉ်းစားခဲ့ဖူးသည်။တလောကတော့ကလေးနှစ်ယောက်ကျွန်တော့်ကိုပြုံးပြီးနှုတ် ဆက်ပြန်သည်။ဒါကျတော့ရုပ်ကငယ်လို့မဟုတ်။တစ်ခုခုမှားနေသည်ဟုကျွန်တော်တွေးသည်။ အခန့်မသင့်လျှင်သူတို့အဖေကပင်ကျွန်တော့်ကိုလာသတ်နိုင်သောကိစ္စမျိုး။ ဘာပဲဖြစ်ဖြစ်ထိုကလေးနှစ်ယောက်ပြုံးခြင်းသည်အဘိုးအိုတစ်ယောက်ကိုတွေ့သလိုမျိုးဆိုလျှင်လည်း လက်ခံရပေမည်။ကလေးကိုး။ဒါကဖြေတွေး။သိပ်မကြာခင်ကတော့စားနေကျမြန်မာထမင်းဆိုင်ကဈေးသည် အမျိုးသမီးကမောင်လေးဟုခေါ်တာခံရသည်။တကယ်တော့သူမသည်ကျွန်တော့်ထက်ငယ်မည့်ပုံ။ သည်လိုအခေါ်ခံရတော့လည်းအင်း-ငါမအိုသေးပါလားတွေးရင်းထိုတစ်ခါကတော့ ကိုယ့်ဘာသာကျိတ်ပြုံးလေးပြံးလိုက်ခဲ့မိသေးသည်။ ( အောက်တိုဘာလ ၁၈ ရက်၊ ၂၀၁၂ ခုနှစ် )

+လူဆိုသောသတ္တ၀ါကားနားလည်ရခက်လှချေ၏။မှန်တာကိုပြောလျှင်မကြိုက်။
မမှန်တာပြောကလိမ်သည်ဟုဆိုကာထိုအရာကိုလည်းမကြိုက်။ ( အောက်တိုဘာလ ၂၅ ရက်၊ ၂၀၁၂ ခုနှစ် )

+Facebookတွင်တင်လာသောStatusများ၊ပုံများကိုကြည့်ရှုခံစား၍ကြိုက်နှစ်သက်သောအခါLike လုပ်သောအခါရှိသလိုပြန်၍Shareသည့်အခါလည်းရှိပါသည်။မည်သူကမျှခိုင်း၍မဟုတ်။ကိုယ့်ခံစားချက်နှင့် ကိုယ်လုပ်ကြတာဖြစ်သည်။သို့သော်တချို့သောသူများ၏Statusများ၊ပုံများတွင်ကြိုက်လျှင် Likeပါ၊Shareပါဆိုသည့်စာများပါလာလျှင်တော့ကျွန်တော်ဘယ်တော့မျှLikeလည်းမလုပ်ပါ။ Shareလည်းမShareတတ်ပါ။ကျွန်တော့်ရင်ထဲကခံစားမှုကိုလာ၍အမိန့်ပေးသလိုခံစားရ၍ဖြစ်ပါသည်။ လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ကျွန်တော့်မှာရှိသည်လေ။ ( အောက်တိုဘာလ ၂၅ ရက်၊ ၂၀၁၂ ခုနှစ် )

ဆူးသစ်
၁၄း၄၇ နာရီ ( စင်ကာပူစံတော်ချိန် )
၂၃.၁၁.၂၀၁၄
Photo Ref: webneel.com


Thursday, November 20, 2014

" Facebook ပေါ်ကကျွန်တော့်Statusများ " ( ၁၂ )


+  မြန်မာပြည်မှာဆိုရင်လျှင်ညဆယ်နာရီသည်သူငယ်ချင်းများနှင့်လက်ဖက်ရည်ဆိုင်ထိုင်ပြီးပြန်ချိန်
(သို့မဟုတ်)လေကန်ဝေဖန်နေတုန်းအချိန်ဖြစ်နိုင်သည်။ယခုတော့စင်ကာပူမှာညဆယ်နာရီကား
ကျွန်တော့်အဖို့အလုပ်ကအပြန်ကားမှတ်တိုင်မှာကားစောင့်နေဆဲရှိသေးသည်။ထိုအရာကပင်မြန်မာပြည်နှင့်
စင်ကာပူ၏ကွာခြားချက်လား။ထိုအရာကပင်မြန်မာပြည်မှာစိတ်ချမ်းသာပြီးစင်ကာပူမှာဘ၀ပျောက်နေ
သည်လား။ထိုအရာကပင်မြန်မာပြည်မှာဝင်ငွေနည်းပြီးစင်ကာပူမှာငွေရှာ၍ကောင်းသည်လား။
မည်သည့်အရာကအမှန်လည်းဆိုသည်ကိုစဉ်းစားရခက်နေဆဲပင်။ ( စက်တင်ဘာ ၁၇၊ ၂၀၁၂ ခုနှစ် )

+ ကျွန်တော်သည်ဘေးအန္တရယ်ကင်းရှင်းရေး၊ကျန်းမာရေးနှင့်ပတ်ဝန်းကျင်ဆိုင်ရာကြီးကြပ်ရေးမှူးဖြစ်သည့်
အတွက်လုပ်ငန်းခွင်မှာကိစ္စတော်တော်များများကိုသတိထား၍လေ့လာလေ့ရှိသလိုကိုယ်ကိုယ်တိုင်လည်း
ဂရုစိုက်နေလေ့ရှိသည်။အထူးသဖြင့်ကျွန်တော့်သောက်ရေဘူးကိုမျှ၍သောက်လေ့မရှိ။သို့ သော်တစ်နေ့မှာ
ကျွန်တော့်ရေဘူးကိုတောင်းသောက်သည့်လူရှိလာခဲ့သည်။တကယ်တော့ကျွန် တော့်အတွက်တော်တော်
စိတ်ကျဉ်းကျပ်စေသည့်ကိစ္စဖြစ်သည်။သို့သော်သူဘယ်လိုသောက်မလဲဆိုသည်ကိုသိချင်၍ရော၊
တကယ်ရေဆာနေသူဖြစ်၍ရောသူ့ကိုကြည့်ပြီးသနားစိတ်နှင့်ပေးသောက် ခွင့်ပြုလိုက်သည်။သူကားနှုတ်ခမ်းနှင့်မထိဘဲရေဘူးကိုခွာ၍မော့ပြီးပါးစပ်ထဲသို့တန်း၍လောင်းချ သည့်သောက်နည်းမျိုးနှင့်သောက်သွားသည်။ကျေးဇူးတင်မိသည်။နို့မို့ဆိုကျွန်တော့်ရေဘူးကို ကျွန်တော်သွားဆေးရပေဦးမည်။သို့သော်သူသောက်ပုံသောက်နည်းကိုကြည့်ပြီးကျွန်တော်ကျေနပ်၍
မဆေးဖြစ်တော့။သူရေ၀သွားတာကြည့်ရင်းကြည်နူးမိသည်။လုပ်ကွက်ထဲမှာရေတစ်ခါသောက်ဖို့
မခက်သော်ငြားရေဘူးမပါလျှင်သောက်ရတာနည်းနည်းတော့ကသီသည်။နောက်တစ်ခုကိုယ့်ဘာသာ ကြည်နူးမိတာရှိသေးသည်။ထိုရေတောင်းသောက်သူသည်ကျွန်တော်အလုပ်လုပ်နေသောကုမ္ပဏီနှင့်
ပတ်သက်လျှင်စစ်ဆေးရေးဝင်တိုင်းဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်ပြီးမည်သည့်အခါမျှ
အကောင်းပြောသူမဟုတ်။ထိုလိုလူကိုဘေးအန္တရာယ်ကင်းရှင်းရေးတာဝန်ယူထားရသောကျွန်တော်က
ကျွန်တော့်ရေဘူးထဲကရေကိုတိုက်လိုက်ရသောအခါပို၍ကြည်နူးမိပါသည်ဆိုလျှင်ကျွန်တော်လွန်မည်လား။
( စက်တင်ဘာ ၁၉၊ ၂၀၁၂ ခုနှစ် )

+  အလုပ်ထဲမှာလက်ဆေးနေရင်းဆပ်ပြာအမြှုပ်များနှင့်အဆီများဝေ့ပြီးအဖြူရောင်နှင့်ဆီအနီရောင်ရောကာ
အရည်ပျော်နေသောရေခဲမုန့်မျိုးဖြစ်နေသည်ကိုကျွန်တော်သတိထားမိသည်။တကယ်တော့ရေခဲမုန့်နှင့်
လက်ဆေးရာကကျလာသောအရည်များသည်လားလားမျှမဆိုင်။ခွက်တစ်ခုထဲထည့်၍ လက်ဆေးရေကိုသွားပေးကြည့်ပါကမည်သူကစားမည်နည်း။ထိုအခါအပေါ်ယံကြည့်ပြီးသဘောကျမိလျှင် တချို့ကိစ္စများ၌ဒုက္ခရောက်သွားနိုင်သည်ဆိုသောအတွေးတစ်ခုကကျွန်တော့်ခေါင်းထဲသို့ တည့်တည့်ကြီးဝင်ချလာတော့သည်။ ( စက်တင်ဘာ ၂၁ ၊ ၂၀၁၂ ခုနှစ် )

+  တိုင်းပြည်ကဒီမိုကရေစီလမ်းကိုသွားနေရင်းမှာပင်စိတ်ပျက်စရာများကိုတစ်ပုံကြီးမြင်နေရသည်။ပြည်တွင်း စစ်ကမရပ်သေး။လူများစွာ၏ဒုက္ခကတစ်ပုံတစ်ပင်။နောက်ဆုံးမြင်ရသည်ကကျူးကျော်သည်ဆိုသော အိမ်များအဖျက်ခံရခြင်း။လူများစွာ၏ငိုယိုနေမှုကိုကြည့်ကာကျွန်တော့်စိတ်ကသိပ်မခိုင်။ လက်အုပ်ချီတောင်းပန်နေသောသူတို့မျက်နှာများကကျွန်တော့်နှလုံးသားကိုဆုပ်ချေနေသည့်နှယ်။ ကျွန်တော်မှန်သောစကားပြောပါမည်။မျက်ရည်ဝဲမိသည်အထိခံစားရပါသည်။အားလုံးငြိမ်းချမ်းကြပါစေဟု သာဆုတောင်းနေမိသည်။ကျွန်တော်လုပ်နိုင်သည်ကထိုတစ်ခုတည်းသာရှိသည်မဟုတ်လား။ ( စက်တင်ဘာ ၂၁ ၊ ၂၀၁၂ ခုနှစ် )

+ လူတိုင်းမှာနားလည်မှုလိုအပ်သည်ဟုကျွန်တော်ထင်ပါသည်။မိဘနှင့်သားသမီးကြား၊လင်နှင့် မယားကြား၊ချစ်သူသမီးရည်းစားကြား၊သူငယ်ချင်းအချင်းချင်းကြား၊ဆရာနှင့်တပည့်ကြား၊လုပ်ငန်းရှင်နှင့် ၀န်ထမ်းကြား၊အစိုးရနှင့်ပြည်သူကြား  စသည်ဖြင့်များပြားလှစွာသော လူမှုကွန်ယက် အတွင်းတွင်
နားလည်မှုသည်သေသေချာချာလိုအပ်လျှက်ရှိသည်ဟုကျွန်တော်ထင်သည်။
ထိုသို့မဟုတ်ပါကတစ်ဦးနှင့်တစ်ဦးကြားတွင်စကားလုံးတစ်လုံးကပင်ဒေါသကိုဖြစ်စေပြီးစကားလုံးတစ်လုံးက
ပင်နာကျင်ခြင်းကိုဖြစ်စေလိမ့်မည်ဖြစ်သည်။စကားလုံးတစ်လုံးကပင်တစ်သက်လုံးအတူလက်တွဲလာသမျှ လမ်းခွဲခြင်းကိုဖြစ်စေပြီးစကားလုံးတစ်လုံးကပင်စစ်ပွဲများအသွင်ဖြစ်သွားစေနိုင်သည်မဟုတ်လား။ 
( စက်တင်ဘာ ၂၃ ၊ ၂၀၁၂ ခုနှစ် )

ဆူးသစ်
၂၂း၂၁ နာရီ ( စင်ကာပူစံတော်ချိန် )
၂၀.၁၁.၂၀၁၄

Make Money at : http://bit.ly/copy_win
Related Posts Plugin for WordPress, Blogger...