Friday, September 30, 2011

" နန်းတော်ရှေ့က တံခါးမှူး "


တော်တော်တော့ကြာခဲ့ပြီ ဖြစ်၏။ သီချင်းတစ်ပုဒ်ကို ကျွန်တော်နားထောင်ခဲ့ဖူးသည်။ နားထဲမှာ စွဲတော့စွဲလာသည်။

သည်လိုနှင့် အဓိပ္ပါယ်ကို သေသေချာချာလိုက်ဖမ်းကြည့်သည်။ မရ။ နောက်တော့ စိတ်ထဲမှာ အဓိပ္ပါယ်တစ်ခုက အလိုလို ပေါ်လာသည်။ သည်သီချင်းသည် အဆောင်ရှေ့မှာ ဂစ်တာတီးလျှင် ဆိုသည့်သီချင်း ဖြစ်မည်ဟု ထင်၏။

ရေးထားသည်က အနုစိတ်သည်။ အဆောင်ဝန်းကျင်ကို လမ်းကလေးများက အစ အသေးစိတ် ဖော်ထားသည်။ နေရာသည် မန္တလေးမှာ။ ထို့ကြောင့် ယင်းအဆောင်များကို နန်းတော်နှင့်ပင် တင်စား၍ ရေးထားသည်ဟု ထင်သည်။ ထိုနန်းတော်ရှေ့မှာ အဆောင်က ကောင်မလေးများကို ဖျော်ဖြေခွင့် ရဖို့ အဆောင် တံခါးဝမှာ တံခါးမှူးဖြစ်ခွင့်တောင်းသည်။ သူက ချစ်လွန်း၍ စောင့်ရှောက်ချင်သည်။ ပြန်ပင် မပြန်ချင်တော့။ အဆောင်က သူချစ်သောကောင်မလေးသည် ဟင်္သာနှင့် တင်စားလောက်အောင် ကြည့်ရသည်မှာ ကျက်သရေရှိသည်။ သည်လိုဖြင့် 'ဟင်္သာတို့ရဲ့ နန်းတော်ရှေ့' ဆိုသည့် သီချင်းတစ်ပုဒ် ဖြစ်လာခဲ့သည်။

တေးရေးဆရာ 'ဆူး' ရေး၍ အဆိုတော် 'လွှမ်းမိုး' ဆိုခဲ့ဖူးသည့် 'ဟင်္သာတို့ရဲ့နန်းတော်ရှေ့' သီချင်းကို နားထောင်ပြီး ယခု အထက်မှာ ကျွန်တော်ပြောခဲ့သည့်အတိုင်း မြင်ယောင်ကြည့်လိုက်ပါ။ တကယ်ကို ထိုကဲ့သို့ခံစား၍ ထိုသီချင်းကို ရေးထားသည်ဟု ထင်မိပေလိမ့်မည်။ သို့မဟုတ် တခြားအဓိပ္ပါယ် တစ်မျိုးရချင် ရပါလိမ့်မည်။ သေချာသည်ကတော့ မူရင်း တေးရေးဆရာသီဖွဲ့ချင်သည့်၊ သူပြောချင်သော ခံစားမှုများနှင့်တော့ ဝေးကွာနေလိမ့်မည်မှာ အမှန်ပင်။

သည်လိုနှစ်ပေါင်းများစွာ မှန်သည်ထင်သောအတွေးတစ်ခုက တလောကမှ ကျွန်တော့်လုပ်ကွက်ထဲက မန္တလေးသားလူငယ်လေး တစ်ဦးနှင့် ဆုံမိသောအခါ တက်တက်စင်အောင် လွဲမှားနေကြောင်း သိခဲ့ရတော့သည်။

" ဒီလိုအစ်ကိုရ။ မန္တလေးမှာ နန်းတော်ရှေ့ ဆိုတဲ့ရပ်ကွက် တစ်ရပ်ကွက်ရှိတယ်။ အဲဒီမှာ မဟင်္သာ ဆိုတဲ့ အမျိုးသမီးတစ်ဦးရှိတယ်။ တော်တော်လှပြီး တော်တော်ကျက်သရေ ရှိတယ်။ အဲဒီ မဟင်္သာတို့ နန်းတော်ရှေ့ ရပ်ကွက်က မန္တလေးနန်းတော်နဲ့ဆို မျက်နှာချင်းဆိုင်။ အဲဒီရပ်ကွက်က လှမ်းကြည့်ရင် နန်းတော်ကို မြင်ရတယ်။ အဲဒီမှာ မဟင်္သာကို ကြိုက်မိတဲ့ တေးရေးဆရာရဲ့ ခံစားမှုက ပွင့်ထွက်လာပြီး သီချင်းဖြစ်သွားတာ။ မဟင်္သာတို့ ရှေ့က နန်းတော်ကြီးမှာပဲ တံခါးမှူးအဖြစ် နေခွင့်ပေးပါတဲ့။ သူအမြဲမြင်နေနိုင်အောင်လို့လေ "

သူပြောပြသည်ကို ကျွန်တော်နားထောင်ပြီး ကြည်နူးရသည်။ အချစ်သည် နူးညံ့၏။ သိမ်မွေ့၏။ ရံဖန်ရံခါ၌ ပိုင်ဆိုင်ချင်၏။ ရံဖန်ရံခါ၌ စွန့်လွှတ်ချင်၏။ တစ်ခါတစ်ရံတွင် သိမ်ငယ်တတ်၏။ တစ်ခါတစ်ရံတွင် ရဲရင့်တတ်၏။

ကျွန်တော့်မျက်စိထဲတွင် မန္တလေးနန်းတော်ကို မြင်လာသည်။ ပြီးတော့ မြမြက်ခင်းများ။ ၀ါးရွက်များ။ လမ်းသွယ်များ။ ရွှေရောင် နန်းဆောင်များ။ မော့ကြည့်ရသည့် တံခါးကြီးများ။ ထိုတံခါးကြီးများ ရှေ့မှာ ချစ်ခြင်းဖြင့် နန်းတော်ရှေ့ကို မျှော်ကြည့်နေမည့် လူသားတစ်ဦး။ သူနှင့်ရှိနေမည့် နူးညံ့သည့်ချစ်ခြင်းတရား။

"ခုတော့ တေးရေးဆရာ ဆူးက မရှိတော့ဘူးလေ။ သူသေသွားပြီ။ ဒါပေမဲ့ ဒေါ်ဟင်္သာကတော့ ခုထက်ထိ ရှိသေးတယ်။ နာမည်နဲ့ လူနဲ့လိုက်တယ် အစ်ကို။ ကြည့်ရတာ တော်တော်ကို ကျက်သရေရှိတယ် "

ကျွန်တော် မန္တလေးကို နောက်တစ်ခေါက် သွားချင်စိတ်ပေါက်မိသည်။ အခွင့်ရှိလျှင် ဒေါ်ဟင်္သာကို သွားကြည့်ချင်၏။ ပြီးတော့ ကျွန်တော်တို့မြန်မာများ၏ ရွှေနန်းတော်နှင့် တံခါးကြီးများ။ ထိုတံခါးကြီးများတွင် ရှိနေနိုင်သော ငြိမ်းချမ်းသည့် ချစ်ခြင်းတရားများ။ ပြီးတော့ နူးညံ့သည့် မေတ္တာများအတွက် ခံစားတတ်သော လူသားတစ်ဦး ( သို့မဟုတ် ) နန်းတော်ရှေ့က တံခါးမှူးတစ်ယောက်၏ လွမ်းဆွတ်ဖွယ်ပုံရိပ်များ။

ယခင်က ထိုသီချင်းကို လွှမ်းမိုး ဆိုထားသည်။ မူရင်းအဆိုရှင်ကို ဂုဏ်ပြုချင်၍ YouTube မှာ လိုက်ရှာသည်။ မတွေ့။ နောက်ဆုံးမှာတော့ သီချင်းကို ပေးချင်သော စိတ်ခံစားချက်က အဓိကဖြစ်နေ၍ မာရဇ္ဇ ပြန်ဆိုထားသည်ကို ကျွန်တော် တင်လိုက်ရပါသည်။ သူဆိုထားသည်ကိုလည်း ကျွန်တော်က ကြိုက်ပါသည်။

တစ်ဆက်တည်းမှာပင် အနူးအညွတ် တောင်းပန်ချင်တာလေးလည်း ရှိပါသည်။ ကျွန်တော့်ကို မန္တလေးသား ညီငယ်လေးက ရှင်းပြခဲ့၍ သည်သီချင်း၏ နောက်ကြောင်းကို သေသေချာချာ သိခွင့်ရခဲ့ခြင်းပါ။ ထိုအတွက် ထိုညီငယ်လေးအား ကျေးဇူးတင်မိပါသည်။ ကျွန်တော်က ဒေါ်ဟင်္သာရှိသည်ဟုပင် မသိသူပါ။ သို့သော် တစ်ဖက်မှာ ကျွန်တော့်အရေးအသားကြောင့် နစ်နာစရာ ကိစ္စများ ရှိလာနိုင်ပါက ကျွန်တော် တောင်းပန်ပါသည်။ ကျွန်တော့်အနေဖြင့် အနုပညာတစ်ရပ်ကို ဖန်တီးရာတွင် တချို့လူများမှာ ရင်နှင့်ရင်း၍ ဖန်တီးရခြင်းကို သိစေလိုခြင်း၊ တစ်ဖက်မှာလည်း ကျွန်တော်သိလိုက်ရသော သီချင်းနှင့် ပတ်သက်သည့် ခံစားမှုကို တခြားလူများ သိစေချင်မိခြင်း စသည့် ဆန္ဒများ ပါပါသည်။

မည်သို့ဖြစ်စေ တစ်ခေတ်တစ်ခါက မန္တလေးနန်းတော်ရှေ့တွင် အလွန်လှပသော အမျိုးသမီးတစ်ဦး ရှိခဲ့ဖူးပါသည်။ ထိုအမျိုးသမီးကို ချစ်ခဲ့ဖူးသော လူတစ်ဦးလည်း ရှိခဲ့ဖူးပါသည်။ ထိုအကြောင်းကို ရေးဖွဲ့ထားသော သီချင်းတစ်ပုဒ်လည်း ရှိခဲ့ဖူးပါသည်။ ကျွန်တော်တို့ ရင်ဘတ်နှင့် နားထောင်ခံစားကြည့်နိုင်ပါသည်။ ။

ဆူးသစ်
၁၅:၁၃နာရီ
၃၀.၉.၂၀၁၁



Sunday, September 25, 2011

" ချစ်သော အဖြူရောင်လမ်းကလေး "


အတိတ်ကိုပြန်သွားရပေဦးမည်။

၂၀၀၈ခုနှစ်တုန်းက ဩဂုတ်လမှာ ကျွန်တော်ဘလော့ကို စတည်ကြည့်သည်။ ဇနီးသည်က ကူညီ၏။ သူ့သူငယ်ချင်း၏ ကောင်လေးက ထိုစဉ်ကတည်းက ဘလော့ကိုစနေလေပြီ။ ထို့ကြောင့် စာရေးမှန်း သိသော ကျွန်တော့်ကို လုပ်ဖို့အကြံပေး၏။ ' ရင်ထဲက အမှတ်တရ ' ဆိုသော ကဗျာတစ်ပုဒ်သာ တင် ခဲ့နိုင်သည်။ သည်ကတည်းက ကျွန်တော်ပေးချင်သော Message များပေးရန် ဘလော့၏ ခေါင်းစဉ်ကို ' အဖြူရောင် လမ်းကလေး ' ဟု ပေးခဲ့သည်။

ဘလော့၏ ခေါင်းစဉ်အောက်မှာရှိသော စာများကို ကျွန်တော့်ဘလော့၏ အကြောင်းအရာများနှင့် ကိုက်စေရန် တည်၍ ပေးခဲ့တာဖြစ်သည်။ ကျွန်တော်ရေးသည့်စာကို ဖတ်၍ လူတချို့ အသိဥာဏ်ပွင့်လင်းရန်၊ ဖတ်၍ ပျော်ရန်၊ အားဖြစ်ရန် စသည်ဖြင့် ကျွန်တော်လုပ်ပေးနိုင်သမျှ လုပ်ပေးရန် ဆုံးဖြတ်၍ " အဖြူရောင်လမ်းကလေး " ဟုပေးခဲ့တာ ဖြစ်သည်။ ထိုကတည်းက ကျွန်တော် ဆိုခဲ့ပါသည်။ အဖြူရောင်လမ်းကလေးကို ကျွန်တော့်နှလုံးသားဖြင့် တည်ဆောက်ပါသည်ဟု။

၂၀၁၀မှာတော့ ကျွန်တော် စင်ကာပူမှာ ရောက်နေလေပြီ။ ကျွန်တော့်ဘလော့ကို အသက်သွင်းဖို့ စက်မှုတက္ကသိုလ်က သူငယ်ချင်း သွင်ကြီးက သတိပေးသည်။ သည်သို့ဖြင့် အဖြူရောင်လမ်းကလေး ကို ပြန်လည် အသက်သွင်းခဲ့၏။ ကံကကောင်းချင်တော့ မြန်မာလက်ကွက်ကို ထိုအချိန်က လုံးဝမရသော ကျွန်တော့်ကို ဇနီးသည်ကပင် ကူညီရ၏။ သည်တော့ ကဗျာတွေ စ၍ တင်သည်။ ဒါတောင် ကြားထဲမှာ ၂၀၀၈ခုနှစ်တုန်းက တင်ထားသော ကဗျာကို တစ်ယောက်ကယူ၍ ခပ်တည်တည်နှင့် သူ့ကဗျာလိုလုပ်ထားခြင်းကို အီးမေးလ်ရှာပြီး လိုက်ရှင်းမှ ပြီးသွားတော့သည်။ ဒါကိုပင် "ဘလော့တစ်ခု၏ နိဒါန်း" ဆိုပြီး ကျွန်တော်တင်ခဲ့ဖူးသည်။

ဘလော့၏အစကို ကျွန်တော်က ၂၀၁၀ခုနှစ်၊ စက်တင်ဘာလဟုသာ ယူဆချင်မိသည်။ အဘယ့်ကြောင့် ဆိုသော် ၂၀၀၈မှာ ကျွန်တော် ကဗျာတစ်ပုဒ်သာ တင်ခဲ့သည်မဟုတ်လား။ ထိုစဉ်က ဘလော့ဟု မည်မည်ရရပြောစရာ မရှိဟု ထင်သည်။ ၂၀၁၀မှာတော့ သေသေချာချာစလုပ်ဖြစ်ခဲ့၍ စက်တင်ဘာလ ၂၅ ရက်မှာ ကဗျာများဖြင့် ဘလော့ကို စဖွင့်ခဲ့သည်။ သည်တော့ ယခု စက်တင်ဘာ ၂၅ ဆို အဖြူရောင်လမ်းကလေး သည် တစ်နှစ်သားဖြစ်ခဲ့ချေပြီ။

ကျွန်တော်သည် နဂိုကတည်းက ကဗျာရေးတာသန်သလို ကဗျာနှင့်ပင် စာပေလောကထဲ ၀င်ခဲ့သူဖြစ်၍ ကျွန်တော့် ဘလော့ကိုလည်း ကဗျာနှင့်ပဲ စဖွင့်ခဲ့သည်။ ပြီးတော့ ကဗျာတွေ ဆက်တိုက် တင်သည်။ နောက်တစ်ပိုင်းက ထိုအချိန်မှာ ဘလော့အတွက် ပို့စ်ကို ဘာတွေရေးတင်မလဲ ဆိုသည်ကို သေသေချာချာ ဝေခွဲ မရခဲ့သေးတာလည်း ပါသည်။ ကျွန်တော် ကျောင်းသားဘ၀က ထုတ်ခဲ့ဖူးသော ကဗျာများကလည်း လက်ထဲမှာ အဆင်သင့်ရှိနေတာလည်း ပါသည်။

နောက်တော့ ကျွန်တော့်ဘ၀မှာ တွေ့ကြုံရသည်များကို တင်သင့်သည်ဟု တွေးကာ ' တွေ့ရကြုံရ ကျွန်တော့်ဘ၀ ' ခေါင်းစဉ်ဖြင့် စရေးဖြစ်ပြီး စတင်ခဲ့တော့သည်။ ပြီးတော့ ကျွန်တော်ခံစားမိသော သီချင်းများကိုတင်ဖို့ အတွေးရသည်။ ကျွန်တော်က ဂစ်တာကို ရံဖန်ရံခါတီးသည်။ ကျွန်တော်ခံစားမိသော သီချင်းများကို ဘာကြောင့်ကြိုက်သည် ဆိုသည်ကို ပြောပြချင်သည်။ ပြီးတော့ ကျွန်တော့်အမြင်ပြောရလျှင် ကျွန်တော်တို့ ယခုလုပ်နေသော ဘလော့ဆိုသည်က ကျွန်တော့်အတွက်တော့ မဂ္ဂဇင်းတစ်အုပ် လုပ်နေရသလို ခံစားရသည်။ မဂ္ဂဇင်းထက်ပိုသည်က ကျွန်တော်တို့သည် သီချင်းများ၊ ဓာတ်ပုံများကို စိတ်ကြိုက်တင်ခွင့် ရှိနေသည်။ သည်တော့ ကျွန်တော့်အတွက် ဘလော့လာဖတ်သူများကို စာများဖြင့် မငြီးငွေ့စေရန် ကျွန်တော်ကြိုက်သော သီချင်းများဖြင့် တစ်လှည့်ဖျော်ဖြေမှု ပေးသည့်သဘောဖြင့် 'ကျွန်တော်ခံစားမိသော သီချင်းများ'ကို တင်မိပြန်သည်။

သည်နောက်မှာတော့ ကျွန်တော်တက်ခဲ့သော ရန်ကုန်စက်မှုတက္ကသိုလ်က အကြောင်းများကို ကျွန်တော့် သူငယ်ချင်းများ အတွက်ရော၊ ကျွန်တော်ကိုယ်တိုင် ပြန်ခံစားချင်၍ရော 'ကျွန်တော်တို့သည်' ဆိုသည့် ခေါင်းစဉ်ဖြင့် စရေးခဲ့သည်။ တစ်ပြိုင်တည်းမှာပင် ကျွန်တော်ရေးခဲ့ပြီး မဂ္ဂဇင်း များတွင် ဖော်ပြခံခဲ့ ရသော အက်ဆေးများကို ' ရသအက်ဆေး ' အဖြစ် စ၍ ပို့စ်အဖြစ်တင်ခဲ့လေသည်။

ထို့နောက် မဂ္ဂဇင်းများတွင် ဖော်ပြခံခဲ့ပြီးသော ကျွန်တော့် ၀တ္ထုတိုများကိုလည်း ' ၀တ္ထုတို ' ဟူသည့် ခေါင်းစဉ်အောက်တွင် ဖော်ပြခဲ့သည်။ ဒါက အောက်တိုဘာလမှာ တိုးတက်လာသော ကျွန်တော့်ဘလော့ အခြေအနေ။

ဒီဇင်ဘာ အရောက်တွင်တော့ ပေါ်ပြူလာဂျာနယ်တွင် ဖော်ပြပြီးဖြစ်သည့် ကိုငှက်(ထူးအိမ်သင်) အကြောင်း ရေးထားသည့် ဆောင်းပါးကို ' ဆောင်းပါး ( အထွေထွေ ) ' အောက်တွင် စ၍ ဖော်ပြခဲ့သည်။ သည်သို့ဖြင့် ၂၀၁၁ခုနှစ်ကို ရောက်ခဲ့၏။

ဇန်န၀ါရီလမှာ ' ညီလေးဖတ်ဖို့ ရေးတဲ့စာ ' ဆောင်းပါးများကို ကျွန်တော်စတင်နိုင်ခဲ့သည်။ ထိုဆောင်းပါးများကို တင်ရန် ရန်ကုန်မှ ကျွန်တော့်စာမူကော်ပီများကို ပြန်တောင်းခဲ့ရသော်လည်း ယခုအခါ အကြောင်း တစ်ခုကြောင့် ခေတ္တပြန်ပို့ထားခဲ့ရသည်။

ဖေဖော်ဝါရီလမှာတော့ ' အတိုဆုံးဝတ္ထု ' ဆိုသည့် ခေါင်းစဉ်အောက်တွင် ကျွန်တော့် အတိုဆုံးဝတ္ထုများကို စတင်ခဲ့လေသည်။ မေလတွင်တော့ ဆောင်းပါးအများစုကို ယခင်က စကားပြေပုံစံဖြင့် ရေးခဲ့သည့်အတိုင်း တချို့ဆောင်းပါးများကို ' ဆောင်းပါး(လူငယ်) ' ဆိုသည့် ခေါင်းစဉ်အောက်တွင် စဖော်ပြရန် ကျွန်တော်ကြိုးစား ခဲ့လေသည်။ သို့ရာတွင် အထက်က ဆိုခဲ့သလို တစ်ပုဒ်သာဖော်ပြခဲ့ပြီး အချိန်တွင် ကျွန်တော့်မှာ လုပ်စရာ အကြောင်းတစ်ခု ပေါ်လာပြန်၍ ရန်ကုန်သို့ စကားပြေ ဆောင်းပါး များကို ပြန်ပို့ခဲ့ရလေသည်။ သို့ရာတွင် ထိုမေလမှာပင် ကျွန်တော် စာရူးပေရူးစဖြစ်စက ဖတ်ခဲ့သော စာအုပ်များထဲမှ ထုတ်ယူမှတ်ထားသော မှတ်စုများကို ဘလော့ဖတ်သူများကို ပေးချင်စိတ်ဖြင့် ' ကျွန်တော့်မှတ်စု ' ဆိုသော ခေါင်းစဉ်အောက်တွင် စ၍ တင်ခဲ့ပါတော့သည်။

ကျွန်တော်ဘလော့စလုပ်ဖြစ်စဉ်က ၀င်လာဖတ်မည့်သူမရှိ။ ဘယ်လိုလုပ် ရှိပါမည်နည်း။ ကိုယ်က သူများဘလော့ကို သွားမှမလည်တာကိုး။ ကိုယ်ရေးနေသည်ကို သူများတွေမသိ။ ကိုယ့်ဘာသာ ရေးနေ သည့်နှယ်။ သည်နောက်မှာ ကျွန်တော်က သူများဘလော့များဆီ လျှောက်လည်ကြည့်သည်။ နောက်တော့ ခင်မာလာအောင်၊ မေပယ်လ်၊ မိုးယံ၊ တီတီဆွိ၊ မိုးငွေ့၊ ဖြိုးဖြိုး စသည့်သူများက ကျွန်တော့်ဆီ လာလည်၊ လာဖတ်ကြ၊ မှတ်ချက်များရေးကြနှင့်။ ကျွန်တော့်ဘလော့လေး အသက်ဝင်လာခဲ့သည်။ သို့သော် သူတို့တွေထဲမှာ ခင်မာလာအောင်နှင့် မေပယ်လ်ကား ဘယ်ရောက်သွားသည် မသိ။

နောက်တော့ အစ်မကြီး SC( Sonata-Cantata)၊ သက်ဝေ၊ ခင်ဦးမေ၊ Sunny၊ အင်္ဂါဟူး၊ ဂျစ်တူး(မုံရွာ)၊ အဖြူရောင်နတ်သမီး၊ချော( အစိမ်းရောင်လွင်ပြင်)၊ rose၊ ညီမလေး Angelhlaing၊ ဆောင်းနှင်းရွက်၊ သက်ဝေ၊ မေသိမ့်သိမ့်ကျော်၊ ညယံ၊ Jasmine (တောင်ကြီး)၊ သိင်္ဂါကျော်၊ ကိုဇော်၊ လင်းခေတ်ဒီနို၊ success၊ စော( အ၀ါရောင်မြေ )၊ မင်းဧရာ၊ Shwe Zin U၊ ဟန်ကြည်၊ အန်တီတင့် နှင့် လင်းဦး(စိတ်ပညာ) တို့သည် ကျွန်တော့်ဆီမှာ မှတ်ချက်များကို အဆင်ပြေသလို လာပေးကြလေသည်။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကို ကျွန်တော်ကျေးဇူးတင်မိသည်။ ကျွန်တော်သည် သူတို့ဆီကို ခဏခဏ အလည်မရောက်နိုင်သူ တစ်ဦးဖြစ်သည်။ သို့သော် သူတို့ကား ကျွန်တော့်ကို အဆင်ပြေသလို မှတ်ချက်လေးများ လာပေးတတ်သည်။

ထိုသို့မှတ်ချက်လာပေးသူများကြား ကျွန်တော့်မှာ မှတ်မှတ်ရရ ပြောစရာမှတ်ချက်တချို့တော့ ရှိလေသည်။ ပထမတစ်ခုက ' နိုင်ငံခြားသား....နိုင်ငံခြားသား ' ဆိုသော ပို့စ်တင်စဉ်က ဖြစ်သည်။ မြန်မာ တစ်ယောက်က ရေးသော အင်္ဂလိပ်စာများဖြင့် f နှင့် စသော စကားလုံးများပါထည့်သွင်းကာ ကျွန်တော့်ကို အသားလွတ် လာဆဲရေးသွားသည်။ အံ့ဩဖို့တောင်ကောင်းလွန်း၏။ ကျွန်တော်က မြန်မာ လိုရေးသည်။ မြန်မာသာ နားလည်မည့် စာကို စလုံးနိုင်ငံသား ခံထားသော မြန်မာတစ်ယောက်က လာဖတ်သွားသည်ဟု ကျွန်တော် ကောက်ချက်ချမိသည်။

သို့သော် သူက စလုံးတွေဘက်က ခံပြင်းပြီး ကျွန်တော့်ကို ဆဲချင်သည့်သဘော။ သို့သော် မြန်မာတစ်ယောက်၏ ထိုသို့ ပြောင်းလဲသွားသော စိတ်ဓာတ်ကို ကျွန်တော်နှင့် ကျွန်တော့်သူငယ်ချင်းတို့ အံ့ဩမိတော့သည်။ ကျွန်တော့်သူငယ်ချင်းက အနှီမြန်မာစလုံး၏ မှတ်ချက်ကို စတွေ့သူ။ ကျွန်တော်က ရုပ်ရှင်ကြည့်နေ၍ မသိ။ သူငယ်ချင်းက Message လှမ်းပို့ပြီး ကျွန်တော့်ကို ပြောမှ သိတော့သည်။ အမှန်အတိုင်းပြောရလျှင် သိသိချင်းမှာ သူ့စာကို မတင်သင့်မှန်း သိပြီး ပြန်ဖြုတ်ချခဲ့မိသည်။ နောက်တော့ သူကဆဲရဲသည့်သူ၊ ကိုယ်က အမှန်အတိုင်း ရေးသူ။ သည်လိုမြင်ကာ ပြန်တင်ဖို့ ဆုံးဖြတ်ခဲ့သည်။ သူငယ်ချင်းကလည်း ကျွန်တော်တို့ သဘောထားကြီးကြောင်း ပြသင့်သည်ဟုဆိုကာ ပြန်တင်ခိုင်းသည်။ ကျွန်တော် ပြန်တင်ရန် ကြိုးစားစဉ်မှာ ထိုမှတ်ချက်က ပြန်တက်မလာတော့။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို လာဆဲသွားသော ထိုပုဂ္ဂိုလ်ကို တစ်ခုတော့ ပြောချင်သည်။ ကျွန်တော်က ကျွန်တော့်အကြောင်းကို ပေါ်ပေါ်ထင်ထင်တင်၍ ဘလော့ရေးနေသူ ဖြစ်သည်။ နောက်ကွယ်က မဆဲပါနှင့်။ သတ္တိရှိလျှင် သူကိုယ်တိုင် ကျွန်တော့်ကို တည့်တည့်တွေ့မှ ဆဲသင့်သည်ဟုသာ။

နောက်မှတ်ချက်တစ်ခုကလည်း ကျွန်တော်အပါအ၀င် သူငယ်ချင်းများ အားလုံးကို အံ့အားသင့်စေသည့် မှတ်ချက်ပင်။ ' ပူပြီးရင်းပူ ' ဆိုသည့် ပို့စ်မှာ ကျွန်တော်က မြန်မာမလေးများ ဘကုံးနှင့်တွဲသည်ကို ရေးခဲ့သည်။ ကိုယ့်မြန်မာအတွက်ပါ။ ဒါကို Unknown ဆိုပြီး ကျွန်တော့်ကိုရော၊ ကျွန်တော့်စာထဲက မြန်မာ အလုပ်သမားလေးများကိုပါ None of your damn business ပါဆိုပြီး လုပ်သွားပါသည်။ မြန်မာယောက်ျားလေးများက တခြားနိုင်ငံခြားသူနှင့်တွဲပြီး မြန်မာမိန်းကလေးများကလည်း တခြားနိုင်ငံခြားသားနှင့် ဘာလုပ်လုပ် လုပ်ခွင့်ရှိသည် ဆိုသည့်သဘောမျိုး ရေးသွားပါသည်။

ထိုမျှမက အဲဒီလို ပူတတ်ရင် နိုင်ငံတကာက ပြည့်တန်ဆာ ဖြစ်နေတဲ့မြန်မာတွေကို သွားကယ်ပါလားဟု ဆိုထားသည်။ လူမျိုးရေးခွဲခြားသူတွေကို ဒေါဖောင်းလို့ပါတဲ့။ ကျွန်တော်ကတော့ ထိုမှတ်ချက်ကို ဖတ်ပြီး ရေးသူ၏ ပုံရိပ်ဘာလဲဆိုသည်ကို ဖမ်း၍ ရသွားပါသည်။ တစ်ဖက်မှာ Facebook ကနေ ၀င်ကြည့်သော ကျွန်တော့်အသိမိတ်ဆွေ၊ သူငယ်ချင်းများလည်း အံ့ဩကုန်ကြ၏။ ထို Unknown ဆိုသူ မည်သူဆိုသည်ကို ကျွန်တော်နည်းနည်း ပုံဖမ်း၍ ရနေသလိုပင်။ တစ်ဆက်တည်းမှာပင် ထိုကဲ့သို့ အတွေးများကြောင့် ဘာတွေဖြစ်ခဲ့လဲ ဆိုသည်ကို ဆက်ပြီး မီးမောင်းထိုးပြ နေရဦးမည်ဟု ကျွန်တော် တွေးမိပါသည်။

ကျွန်တော်လူမျိုးရေးခွဲခြားလား၊ မခွဲခြားဘူးလား ဆိုသည်ကိုတော့ လုပ်ကွက်ထဲက ဘကုန်းတွေဆီက အချိုရည်ဘူး သောက်ဖူးသော Safety ဘယ်နှစ်ယောက်ရှိလဲဟု မေးကြည့်စေချင်ပါသည်။ ကျွန်တော်သည် မြန်မာတစ်ယောက်ဖြစ်သော်ငြား မြန်မာများ ဘေးကင်းရေးကိုသာ ဂရုစိုက်၍ မရပါ။ အားလုံးသော အလုပ်သမားများ ဘေးကင်းရေးကို ကြည့်ရသူဖြစ်ပါသည်။ နေပူထဲအမြဲသွားနေသော ကျွန်တော့်ကို ဘကုန်းလေးများက အအေးဘူးများ ပို၍ ခေါ်တိုက်ဖူးပါသည်။ ကျွန်တော်တစ်ယောက်သာ အမြဲတမ်း နေပူထဲတွင် လိုက်ကြည့်ပေး၍ဟု သူတို့ဆိုပါသည်။ ကျွန်တော်လည်း သူတို့ကို ခင်ပါသည်။ သို့သော် မြန်မာလူမျိုးနှင့် ပတ်သက်၍ ဂုဏ်သိက္ခာကျမည့် ကိစ္စမျိုးတွင်တော့ ကျွန်တော် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ရပါမည်။ ထိုအရာသည် လူမျိုးရေးခွဲခြားခြင်း မဟုတ်ဆိုသည်ကိုတော့ Unknown အမည်ခံ နိုင်ငံခြားသားနှင့် ပတ်သက်နေသူ အမျိုးသမီးသိစေချင်ပါသည်။ သည်အတွက် ကျွန်တော့်ကို ကြိုက်သလိုထင်မြင်နိုင်ပါသည်။ ပြီးတော့ သူ့စကားနှင့် ဆိုရလျှင် နိုင်ငံ တကာမှာ ပြည့်တန်ဆာဖြစ်နေသည်ဆိုသော မြန်မာမိန်းကလေးများကိုတော့ မကယ်နိုင်သေးပါ။ သို့သော် ထိုကဲ့သို့ နိုင်ငံတကာ၌ ပြည့်တန်ဆာဖြစ်လာနိုင်သော မြန်မာမလေးတချို့ကိုတော့ ကျွန်တော် တတ်နိုင်သလောက် အသိဥာဏ်များ ထည့်ပေးရင်း ပြည့်တန်ဆာ ဖြစ်မလာအောင် ကြိုးစားပေးရဦးမည်။

နောက်မှတ်ချက်တစ်ခုကတော့ ကျွန်တော့်လို ဘလော့ဂါရေးဖော်တစ်ယောက် စိတ်အချဉ်ပေါက်နေချိန် လာရေးသွားသည်ဟု ကျွန်တော်လက်ခံ နားလည်ပေးလိုက်ပါသည်။ သူက နာမည် အတိအကျနှင့် ရေးသွားသူဖြစ်၍ လေးစားပါသည်။ သို့သော် လူတစ်ယောက်သည် မှတ်ချက်တစ်ခါပေးတိုင်းမှာ ထိုမှတ်ချက်ပေါ်မှနေ၍ ထိုလူ၏ စိတ်ဓာတ်နှင့် ခံယူချက်ကို ပုံဖမ်း၍ ရပါသည်ဆိုသော အချက်ကို မမေ့သင့်ဟုသာ ကျွန်တော် အသိပေးလိုပါသည်။ ဒါတွေက ကျွန်တော်ဖြတ်သန်းခဲ့ရသော ကာလမှာ မှတ်မှတ်ရရ ဖြစ်နေသော မှတ်ချက်များကို ထည့်သွင်းပြောပြရခြင်း ဖြစ်ပါသည်။

နောက်တစ်ခုက သီချင်းများ။ ကျွန်တော်ခံစားမိသော သီချင်းများမှာ YouTube မှချည်း ရှာထားရာ များသောအားဖြင့် ရှာ၍ရသော သီချင်းကိုသာ ရေးတင်နေရခြင်းပင်။ အမှန်မှာ ကျွန်တော့်အနေဖြင့် အရုပ်ပြသည့် သီချင်းများကို သိပ်သဘောမတွေ့လှပါ။ ဥပမာ-မယ်တင်သီချင်း၏ တစ်နေရာ၌ ခွေးပိန်ဟု ဆိုထားသော်လည်း ရိုက်ပြသည့်ခွေးမှာ ဆူဆူဖြိုးဖြိုးကြီးဖြစ်နေ၍ သီချင်း၏ အရသာ ပျက်လှပါသည်။ ကျွန်တော်သည် ထိုကဲ့သို့ ခံစားတတ်သူ မဟုတ်။ သီချင်းမှာ ရုပ်မပါလည်း သီချင်းကောင်းလျှင် ခံစား၍ ရသူဖြစ်သည်။ သို့သော် သီချင်းချည်းသာ တင်လျှင် ကျွန်တော့်အတွက် အခက်အခဲ ရှိပါသည်။ ထို့ကြောင့် ဆယ်ပြားဖိုး မပေးနိုင်ခင် စပ်ကြား ငါးပြားဖိုးလောက် ပေးရလျှင်လည်း မဆိုးဟု ဆိုကာ ကျေနပ်စွာ မျှဝေနေခြင်း ဖြစ်ပါသည်။

နောက်တစ်ခုက ကျွန်တော့်မှတ်စု။ ထိုအရာကို ကျွန်တော်စာရေးဖို့ စုထားသည့်အရာများကို မျှဝေလို၍ ပေးနေတာဖြစ်ပါသည်။ ယူချင်သူ ယူနိုင်ပါသည်။ နှစ်ပေါင်းများစွာ ဖတ်ခဲ့သော စာများထဲက တကယ်ရစေလို၍ ပေးခြင်းပါ။ အမေရိကားမှာ ရှိနေသော စာရေးဆရာမကြီးတစ်ယောက်ပင် သူ့ Facebook ကို အမှတ်မထင် ရောက်သွားမှ ကျွန်တော့်မှတ်စုထဲက သူ့စာသားလေး ယူတင်ထားတာ တွေ့လိုက်ရသည်။ သူ့စာသားဖြစ်၍ သူ့ဘာသာယူတင်တာ ဘာဖြစ်လဲဟု ဆိုနိုင်ပါသည်။ ဘာမျှမဖြစ်ပါ။ ကျွန်တော် ဂုဏ်ယူပါသည်။ အဘယ်ကြောင့် ကျွန်တော့်ဆီက ယူတင်သည်ဟု ဆိုနိုင်ပါသနည်း။

ရှင်းပါသည်။ လွန်ခဲ့သော နှစ်များစွာက မဂ္ဂဇင်းတစ်အုပ်ထဲက စာသားသည် ဆရာမကြီးဆီမှာ ရှိမနေနိုင်ပါ။ ရှိခြင်းရှိလျှင် စာမူအဟောင်းသာ ရှိနိုင်ပါမည်။ သို့သော် စာမူအဟောင်းထဲမှ ကျွန်တော်နှင့် တိုက်တိုက်ဆိုင်ဆိုင် တူနေလောက်အောင် အကြိုက်ချင်းတူသည့် စာသားလည်း ရှိမနေနိုင်ပါ။ ဥပမာဆိုရလျှင် ကျွန်တော်ရေးပြီးသား စာထဲမှ ကျွန်တော်ကြိုက်တာနှင့် ကျွန်တော့်မိသားစု ကြိုက်တာခြင်းပင် တူခဲပါသည်။ ပိုဆိုးသည်က ကျွန်တော်ရိုက်ထားသည့် စာသားများအတိုင်း Space ကအစ တူနေသည်မှာ ကျွန်တော့်ဆီက Copy ယူ၍ Paste လုပ်လိုက်ခြင်း ဆိုသည်ကို သက်သေခံနေပါသည်။ မည်သို့ပင်ဖြစ်စေ အဖြူရောင်လမ်းကလေးက ကျေနပ် ဂုဏ်ယူပါသည်။

ကျွန်တော့် အဖြူရောင်လမ်းကလေးကို စတည်ပြီး ကာလအနည်းငယ်ကြာသည့်အခါ သွင်ကြီးကပင် ထပ်ပြောပါသည်။ Facebook မှာပါတင်ပါတဲ့။ ကျွန်တော့်လင့်များ ချိတ်ပေးခဲ့သောအခါ သူငယ်ချင်းများ များစွာဝင်ကြည့်ပြီး မှတ်ချက်များကို Facebook မှာပင် ၀င်ရေးသွားကြလေသည်။ ဒါကလည်း အဖြူရောင်လမ်းကလေး၏ မှတ်တမ်းတစ်ခုပင်။

ဤနေရာ၌ ဘလော့ဘာလဲ၊ ဘလော့ဂါဘာလဲ ဆိုသည်ကို ကျွန်တော်တွေးမိပါသည်။ ကျွန်တော်က စာရေးချင်သူဖြစ်သည်။ သို့သော် ရေးသမျှစာ မဂ္ဂဇင်းထဲပါဖို့ဆိုသည်က မဖြစ်နိုင်။ ထိုအခါ ကျွန်တော်ရေးချင်သော အကြောင်းအရာ၊ ကျွန်တော် ရေး၍ချပြမရသော အကြောင်းအရာတို့ ရှိလာပါက တော်တော်ဒုက္ခရောက်လှသည်။ ထိုအတွက် ဘလော့သည် ကျွန်တော့်အတွက် အကောင်းဆုံး နေရာတစ်နေရာ။ တစ်နည်းအားဖြင့် ပြောရလျှင် စာရေးဆရာ ဖြစ်သွားနိုင်သော ပေါင်းကူး တံတား။

ကျွန်တော်တို့ နေ့ချင်းညချင်း စာရေးဆရာ မဖြစ်နိုင်သော်ငြား ကျွန်တော်တို့ တင်ပြချင်သည်ကို ချက်ချင်းတင်ပြနိုင်သည့်အတွက် ဘလော့ဂါသည် စာရေးဆရာထက် ထိုနေရာ၌ သာ၏။ ထို့ပြင် ကျွန်တော်တို့မှာ နိုင်ငံတကာက စာဖတ်သူများ ရှိသည်။ ကျွန်တော်တို့စာကို သည်နေ့ဘယ်နှစ်ယောက် ၀င်ဖတ်သည်။ စသည်ဖြင့် သိခွင့်ရသည်။ ထိုအရာကလည်း စိတ်ကျေနပ်စရာ။

ခြုံပြောရလျှင် ကျွန်တော်တို့သည် ဘာမျှမရဘဲ ရှိတာ အကုန်ပေးနေသူများ ဖြစ်သည်ဟုသာ ဆိုချင်တော့သည်။ သို့သော် လုပ်ချင်တိုင်းတော့ လုပ်ခွင့်ရနေသူများမဟုတ်။ ကျွန်တော်တို့မှာ ကုန်ကြမ်းလိုသည်။ ဖတ်သူလိုသည်။ ဆဲသည့်ဒဏ် ခံနိုင်ဖို့လည်း လိုသည်။ စာရေးဆရာ ဖြစ်ချင်သူများ ရှိပါက ဘလော့သည် သူတို့အတွက် လေ့ကျင့်ရေးကွင်း ဖြစ်သည်ဟု ဆိုချင်သည်။ ဘလော့ဂါဆိုသည်ကို စာရေးဆရာပေါက်စများ ဟုလည်း ကျွန်တော်မြင်သည်။ ကြိုက်သလောက်ရေး၊ ကြိုက်သလိုတင်။

သို့သော် ကွန်ပျူတာကိုင်ပြီး နည်းပညာကို ခုတုံးလုပ်ကာ သူများဘလော့ထဲဝင်၍ မိဘမဆုံးမသည့် သားသမီးများသဖွယ် ညစ်ညစ်ပတ်ပတ်များ ရေးသူမျိုး၏ လုပ်နည်းကတော့ အော့နှလုံးနာချင်စရာ။ ထိုကဲ့သို့ အကျင့်တန်သူများကြောင့် ကျွန်တော်ရော၊ ကျွန်တော့်ဇနီး ပါရမီဖြည့်ဖက်လေးပါ Cbox ကို ဖြုတ်ခဲ့ ရတော့သည်။

မည်သို့သော အခက်အခဲများ ရှိရှိ၊ ကျွန်တော်ဖန်တီးထားသော အဖြူရောင်လမ်းကလေးကို ကျွန်တော် အပျက်စီး ခံမှာမဟုတ်။ ကျွန်တော်က နှလုံးသားဖြင့် တည်ဆောက်ထားတာ ဖြစ်သည်။ တချို့က ကျွန်တော့်လမ်းကလေးကို တံထွေးဖြင့် လာထွေးသည်။ တချို့က အညစ်အကြေး လာစွန့်ကြသည်။ တချို့က အပေါ့လာသွားသည်။

ထိုလူများ မည်မျှရှိရှိ အဖြူရောင်လမ်းကလေးကို လာနားခိုသူ၊ အဖြူရောင်လမ်းကလေး၏ အေးမြမှုကို သိသူ၊ အဖြူရောင် လမ်းကလေးမှနေ၍ နောက်ထပ် ခရီးတစ်ခုကို မြင်သွားသူ၊ အဖြူရောင် လမ်းကလေးမှာ ပျော်ရွှင်တတ်သူ စသော သူများအတွက် အဖြူရောင်လမ်းကလေးသည် တစ်နှစ် မှသည် နောက်ထပ် နှစ်များစွာတိုင် သူ၏ ဘလော့နေ့များကို ဆက်လက် ဖြတ်သန်းနိုင်အောင် ကြိုးစားနေမည်ဟု သံန္နိဋ္ဌာန် ချထားမိပါတော့သည်။ ။

ဆူးသစ်
၂၁:၁၆ နာရီ

၂၅.၉.၂၀၁၁

[ ကျွန်တော့်ကို တက်ဂ်ထားသော ညီမ အဖြူရောင်နတ်သမီး ၏ ဘလော့ဒေး ပို့စ်အတွက်လည်းကောင်း၊ ညီငယ် မင်းဧရာ တက်ဂ်ထားသော ဘလော့ဂါဆိုတာဘာလဲ ပို့စ်အတွက်လည်းကောင်း ယခုပို့စ်ဖြင့် တစ်ပြိုင်တည်း အကြွေးဆပ်ပါကြောင်းနှင့် နောက်ကျသွားသည့်အတွက် တောင်းပန်ပါကြောင်း။ ]

Wednesday, September 21, 2011

" သူဋ္ဌေး "


ကျွန်တော်တို့လုပ်ကွက်ထဲက လူငယ်လေးတစ်ယောက်အကြောင်းပြောပါရစေဦး။

သူသည်အသက် ၂၅ နှစ်ကျော်လူငယ်တစ်ဦး။ အိမ်ထောင်ကျထားသည်မှာ ဘာမျှမကြာသေး။ သူ့ကောင်မလေးကို စင်ကာပူမှာ တွေ့သော်ငြား လက်ထပ်ပြီးသောအခါ ရန်ကုန်မှာ ပြန်နေစေသည်။ သူကရိုးရိုးသာမန် အလုပ်သမားတစ်ယောက်သာ။ သူ့အိမ်နှင့် သူ့မိန်းမဆီသို့ ပုံမှန်ငွေပို့ရလေ့ရှိ၏။

တစ်ခါသော် သူသည် City Hall သွားရင်း ဘီယာလေးဘာလေးချလိုက်ရာ အနည်းငယ်ထွေနေလေ၏။ ထိုအခိုက်မှာပင် ဘယ်ကမှန်းမသိသော သားသားနားနား စလုံးတစ်ယောက်က သူ့အနားလာ၍ အဖွဲ့အစည်းတစ်ခုအတွက် လှူပါရန် ပြောလာသောအခါ မူးမူးနှင့် သူက လက်ခံလိုက်လေသည်။ ထိုစလုံးကလည်း သေသေချာချာဖြင့် စာရွက်( ဘောက်ချာ )တွေဘာတွေ ပေးသွားသေးသည်တဲ့။

ဖြစ်ချင်တော့ ကျွန်တော်တို့လုပ်ကွက်ထဲသို့ ထိုစာရွက်ယူလာသောအခါမှ ပြဿနာက စပါလေသည်။ ကြီးကြပ်ရေးမှူးလေးတစ်ယောက်နှင့် စကားစပ်မိပြီး သူ့အလှူစာရွက်ကို ထုတ်ပြသောအခါ တစ်လကို သုံးဆယ်ကျော်နှင့် လစဉ် ( Monthly ) ဆိုသော အကွက်မှာ အမှန်ခြစ်ပြထားလေသည်။ ထိုအခါ ကျွန်တော်က မေးရပါတော့သည်။

" မင်းကို စပြောတုန်းက မသိဘူးလား "

သူက ရယ်သည်။ ရယ်သာ ရယ်သည်။ လစဉ်ပေးရမည်ဆို၍ သူလည်း နည်းနည်းတော့ လန့်နေသည်။

" ကျွန်တော်က လှူမယ်လို့ ဆုံးဖြတ်ထားတာ။ မူးကလည်းမူးနေတော့ လစဉ်ဆိုတာကို ဘယ်သိပါ့မလဲ "

" အဲဒီတော့ မင်းအခု ဘယ်လိုလုပ်မလဲ "

ကျွန်တော်တို့မှာ အလှူကိစ္စဖြစ်နေ၍ ပြောရသည်မှာ တော်တော်ခွကျလှသည်။ သို့သော် သကောင့်သားက ပြုံးပြုံးသာ။

" ကျွန်တော်ထင်တာတော့ သူတို့လစဉ် မဖြတ်လောက်ပါဘူး။ ကျွန်တော်က တစ်လလှူမယ်ပြောထားတာပဲ "

" တစ်လဆိုရင်တော့ တော်သေးတာပေါ့။ ဒါနဲ့ မင်းဆီက ဘယ်လိုယူလဲ။ "

" လကုန်တာနဲ့ ဘဏ်ထဲက တန်းဖြတ်လိုက်တာလေ "

သည်ကောင်တော့ သည်တိုင်းဆိုမလွယ်ဟုသာ တွေးလိုက်မိသည်။ တစ်လကိုမှ စလုံး လေးရာ့ငါးဆယ်သာ ရသည့် အလုပ်သမားတစ်ယောက်အတွက် ပုံမှန်လစဉ် ၃၀ ကျော် အလှူထည့်ရမည်ဆိုသည်မှာ စေတနာ မခေါင်းပါးသော်ငြား သူတို့အတွက် တော်တော်ခက်ခဲမည်ကို ကျွန်တော်မှန်းလို့ရ၏။ သို့သော်လည်း ကိုယ့်လူက လှူချင်လို့ပါဟု ဆိုလာသောအခါ အလှူကိုလည်း မတားရဲ။ သူ့ကိုလည်း မူးမူးနှင့် သူများပြောသမျှ ဘုမသိဘမသိ ခေါင်းညိတ်ခဲ့၍ စေတနာဒေါသဖြစ်မိ၏။ သူ့အိမ်ကို ငွေပို့ဖို့ ခက်မည်ဟု တွေးကြည့် မိသေးသည်။

သည်လိုနှင့် တစ်လပြီး၍ တစ်ခါဖြတ်ပြီး နောက်တစ်ကြိမ်ထပ်မဖြတ်တော့ဟု ဆို၍ သူလည်းငွေ သက်သာသွားရာ အိမ်ကို ငွေပို့ရန် အဆင်ပြေသည်ဟု တွေးမိရုံရှိသေး သူက ဘာပြောသည် ထင်ပါသနည်း။

" ကျွန်တော့်မိန်းမကို ဒီလ ငါးသောင်းပို့တယ် အစ်ကို "

ရသလောက်ပို့သည်က မပို့သည်ထက်စာလျှင် တော်သေးသည်ဟု ကျွန်တော်စဉ်းစားမိသေး၏။ သို့သော် ထိုအတွေးက ကြာကြာမခံ။ နောက်တစ်ယောက်က ကြားဖြတ်ပြောသည်။

" အစ်ကိုက ဒီကောင်ငွေပို့တယ်ဆိုလို့ အထင်ကြီးမနေနဲ့။ မိန်းမက တင်းနေပြီ "

" ငွေပို့တာ သူ့မိန်းမက ဘာလို့တင်းတာလဲ "

" မတင်းရှိမလား။ ငွေပို့တာ ငါးသောင်း။ ပြီးတော့ မိန်းမကို သွားပြောတယ်လေ။ အချစ်ကလေး ကိုယ်ငွေငါးသိန်းပို့လိုက်တယ်။ လောက်မလားတဲ့ "

ဘေးက နားထောင်နေသူတွေ ရယ်ကြသည်။ ကျွန်တော်လည်း ရယ်မိသည်။ ကျေးဇူးရှင်က စပ်ဖြဲဖြဲမျက်နှာနှင့်။ ပြီးတော့သူက ပြောသည်။

" ကျွန်တော်ဒီလ သုံးတာများသွားလို့ အစ်ကိုရ။ ဒါနဲ့ မပို့ရင်လည်း မလွယ်တော့ ရှိတာလေး ပို့လိုက်တာ။ နောက်တော့ ငွေကရောက်သွားတော့ မိန်းမက ငါးသောင်းဆိုတာလည်း သိရော သွားတောင်မထုတ်တော့ဘူးတဲ့။ တစ်ခါတည်းကို စိတ်ဆိုးသွားတာ"

ကျွန်တော်တို့ ရယ်ကြပါသည်။ အချစ်ကလေးဟု ခေါ်ပြီး ငါးသိန်းပို့မည်ဆိုကာ ငါးသောင်းပို့လိုက်ခြင်းကို ဘယ်မိန်းမက စိတ်မဆိုးဘဲ ရှိပါမည်နည်း။

" ဒါနဲ့ ငွေပို့တဲ့နေရာ ဖုန်းဆက်တိုင်း လာမထုတ်ဘူးဆိုတာနဲ့ ကျွန်တော့်မိဘတွေကို သွားထုတ်ခိုင်းပြီး အိမ်ပဲယူခိုင်းထားရတယ်။ ဟဲ...ဟဲ......ဟဲ "

သူကပြောရင်းနှင့် နောက်ဆုံးက ရယ်သံက ပါလာလိုက်သေးသည်။ သည်တော့ ကျွန်တော်က သူ့ကို သတိပေးစကား ပြောရ၏။

" မင်း ရယ်ဟရယ်ဟ လုပ်မနေနဲ့။ ငါရဖူးတဲ့ မေးလ်ထဲက ယောက်ျား အနမ်းတစ်ရာ ပို့လိုက် သလိုဖြစ်နေဦးမယ် "

သူတို့စိတ်ဝင်စားသွားသည်။

" ဘာလဲ အစ်ကို။ ဘယ်လိုအနမ်းတစ်ရာလဲ "

" ဒီလိုကွာ။ ယောကျာ်းက ဒီလအသုံးများသွားလို့ ငွေမပို့နိုင်ဘဲ အနမ်းတစ်ရာ ပို့လိုက်တယ်တဲ့။ စာပို့လိုက်တာ။ မိန်းမဆီက စာပြန်လာတယ်လေ။ ကျေးဇူးတင်တယ်တဲ့။ ဒီလ အိမ်အသုံး စရိတ်က နွားနို့ပို့သမားကို တစ်လစာ နွားနို့ဖိုး အနမ်း ၂ ပွင့်။ လျှပ်စစ်ဋ္ဌာနက လူကို တစ်လစာ အနမ်း ၇ ပွင့်။ အိမ်ပိုင်ရှင်ကတော့ အိမ်ငှားခမယူဘဲ တစ်နေ့ကို အနမ်း ၂ ပွင့် ဒါမှမဟုတ် ၃ ပွင့် လာလာယူတယ်တဲ့။ စူပါမားကတ်ကတော့ အနမ်းနဲ့ပါ မရလို့ တခြားဟာတွေပါ ပေါင်းထည့်ပေးရတယ်တဲ့။ တခြား အထွေထွေကတော့ အနမ်းအပွင့် ၄၀ တဲ့။ ဒါပေမဲ့ မပူပါနဲ့တဲ့။ သူ့ဆီမှာ အနမ်း ၃၅ ပွင့်လောက်ကျန်ပါတယ်တဲ့။ ကောင်းကောင်းလောက်ပါတယ် တဲ့။ နောက်လလည်း ဒါမျိုးပဲ လုပ်ရမှာလားတဲ့။ ခု မင်းလည်း အဲဒီလို ဖြစ်နေပါဦးမယ်ကွာ "

ကျွန်တော့်စကားအဆုံး အားလုံးပြုံးကြ ရယ်ကြသည်။

တစ်ခါတစ်ခါတော့လည်း ကျွန်တော်တွေးကြည့်သည်။ စင်ကာပူလာ ငွေရှာ၊ အိမ်တွေပို့။ သုံးသည့်သူ ကလည်း မတရားသုံး။ ပို့နိုင်သည့်အခါ ရှိသလို၊ မပို့နိုင်သည့်အခါလည်း ရှိမည်။ ခု ကျွန်တော်ကြုံရသော ထိုအလုပ်သမားကောင်လေးလို ငွေကို သုံးချင်သည့်အခါ သုံးပြီး ပို့ချင်သည့်အခါ ပို့နိုင်သလောက် ပို့ခြင်းက သူ့အနေနှင့် ဆိုလျှင် တော်တော်စိတ်ချမ်းသာမည့်ကိစ္စ။

ချမ်းသာသည့်သူလို လှူချင်သည့်အခါ လှူလိုက်။ ငွေရှိလျှင် ရှိသည့်အခါ ပို့ချင်သလောက်ပို့။ မိန်းမစိတ်ဆိုးတာ ဘာညာမသိ။ တကယ်ကို စိတ်ချမ်းသာသည်ဟု ဆိုရမည်။ တစ်ဖက်မှာ မကောင်းတာတွေရှိသော်ငြား တစ်ဖက်မှာတော့ သူ့ဘာသာ ကောင်းနေသည်။ ချမ်းသာသော သူဋ္ဌေးများလို သူ့ဘ၀က ချမ်းသာနေသလို။ ရုပ်ပိုင်းမချမ်းသာပါဟု ဆိုနိုင်သည့်တိုင် သေချာသည်က သူသည် စိတ်တော့ချမ်းသာနေသည်က အမှန်။ ။

သားလတ်
၂၃:၀၀ နာရီ
၂၁.၉.၂၀၁၁




Friday, September 16, 2011

" စက်ပါဖို့လိုသည် "


ရထားတွဲတစ်တွဲမှာ
ဆွဲအားကခေါင်းတွဲမှာရှိတယ်။
ခေါင်းတွဲမရှိတဲ့ရထား
ဘယ်လိုသွားမလဲ။

ခေါင်းတွဲထဲမှာ
လိုအပ်တဲ့စက်အပေါင်းနဲ့
တဂျောင်းဂျောင်းပြေးလို့
နှေးမလား၊မြန်မလားပေါ့။

သွားရမယ့်ဘူတာတစ်ခု
ခေါင်းတွဲကိုအားပြုလို့
အများစုလိုက်ကြတယ်နော်။

ဒီလိုပါပဲ
အိမ်ထောင်စုဆိုတဲ့တွဲတစ်တွဲမှာ
ဆွဲအားကမိဘဆိုတဲ့ခေါင်းတွဲမှာရှိတယ်။

မျှော်မှန်းတဲ့အနာဂတ်ဘူတာတစ်ခုကိုသွားဖို့
သားသမီးဆိုတဲ့တွဲတွေ
မိဘခေါင်းတွဲကိုခိုလိုက်လို့
လိုအပ်တဲ့ဘူတာတစ်ခုချင်းဆိုက်ခဲ့မှာပါ။

မိဘဆိုတဲ့ခေါင်းတွဲထဲမှာလည်း
ရုန်းကန်ခြင်းဆိုတဲ့စက်အပေါင်းနဲ့
တဂျောင်းဂျောင်းပြေးလို့
ရှေ့ရေးအတွက်အေးအေးသာလိုက်ခဲ့ကြတယ်မဟုတ်လား။

ဒါပေမယ့်မထင်မှတ်ပဲ
ခေါင်းတွဲကြီးရုတ်တရက်ပြုတ်ခဲ့ရင်
လမ်းခုလပ် ငုတ်တုတ်ကျန်တဲ့တွဲတွေ
ကဲ....ဘယ်လိုရှေ့ဆက်မလဲ။

ဆွေမျိုးဆိုတဲ့လူတစ်စုတွန်းအားနဲ့
ရထားတွဲတွေသွားပါ့မလား။

ဒီလိုဆို...ရထားတွဲရဲ့
တွဲတိုင်းတွဲတိုင်းမှာ
စက်ပါဖို့တော့လိုမယ်ထင်တယ်။ ။

သားလတ်

(၁၉၉၄ခုနှစ်-ဇန်န၀ါရီလ၊ ရတနာသစ်မဂ္ဂဇင်း)
[ ပြန်လည်ခံစားခြင်းဖြစ်ပါသည် ]

Tuesday, September 13, 2011

" ကျွန်တော်တို့သည် " ( ၁၇ )


ကျွန်တော်တို့ ဒုတိယနှစ်၊ ရန်ကုန်စက်မှုတက္ကသိုလ် တက်နေစဉ်မှာ ကျောင်းမှာ ဘောလုံးပွဲတွေရှိသည်။ တခြားမဟုတ်။ မေဂျာများကန်သည့် ဘောလုံးပွဲ။ သို့သော် တချို့မေဂျာများက လူနည်း၍ ကျွန်တော်တို့ ဒုတိယနှစ်နှင့် ပေါင်းရသည်။

ကန်ပြီဆိုတော့လည်း မည်သူမဆိုနိုင်စေချင်ကြသည်။ ကျွန်တော်တို့က ဒုတိယနှစ်များပါသော အသင်းကို လိုက်အားပေးသည်။ သို့သော် ဆီမီးပင်မရောက်လိုက်။ ပြုတ်သွား၏။ သည်သို့ဖြင့် ဗိုလ်လုပွဲမှာ Mechanical နှင့် Civil တွေ့ကြသည်။ သည်တုန်းက ကျွန်တော်တို့ ဒုတိယနှစ်ကို မက်ခ်က ဖြုတ်သွား၍ ကျွန်တော်တို့က ဗိုလ်လုပွဲမှာ မြို့ပြကိုလိုက်အားပေးသည်။ ထိုအချိန်က ကျွန်တော်တို့မှာ ဘယ်မေဂျာယူရမှန်းမသိ။ ထို့ကြောင့် ကိုယ်ရောက်နေသော ဒုတိယနှစ် ( ကျောင်းအခေါ် နှစ်တန်း ) တွင် ကိုယ်ရောက်နေသော အတန်းကိုသာ အားပေးကြ၏။ ထို့ပြင် စက်မှုမှာ ကျွန်တော်တို့မတိုင်ခင် နှစ်များ ကတည်းက အမြဲဗိုလ်စွဲသည်ဟု ကြားရရာ ထိုနှစ်က မြို့ပြကိုသာ ဗိုလ်စွဲစေချင်မိ၏။

သည်သို့ဖြင့် ကျွန်တော်နှင့်သူငယ်ချင်းများမှာ Mechanical ကန်သည့်ပွဲများတွင် တစ်ဖက်အသင်းကို လိုက်အားပေး၏။ ဘောပွဲတို့၏ထုံးစံအတိုင်း ဆဲသူများကလည်း ဆဲကြရာ မက်ခ်မှ နောင်တော်ကြီးများမှာ ကျွန်တော်တို့ နှစ်တန်းများကို တော်တော်တင်းကြလေသည်။ ထိုအခါ သူတို့က ပြန်ပြောသည်ကို ကြည့်ပါဦး။

" အေး-မင်းတို့တစ်တွေ Mechanical မယူကြနဲ့။ ယူမှသိမယ်။ "

ကျွန်တော်တို့က သူတို့စကားကြားပြီး ကျိတ်ရယ်ကြသည်။ ဟုတ်တော့ဟုတ်သည်။ ထိုအချိန်မှာ ကျွန်တော်တို့သည် စက်မှုဘာသာရပ်ကိုလည်း ကြိုက်သလို မြို့ပြကိုလည်း ကြိုက်၏။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် နောက်ကိစ္စသည် နောက်မှ။ ခုကိစ္စသည် ခု။ ထို့ကြောင့် ဗိုလ်လုပွဲမှာ မြို့ပြကိုသာ လိုက်အားပေး၏။

ဖြစ်ချင်တော့ ပွဲက သရေကျသည်။ ပင်နယ်တီကန်၏။ နှစ်ဖက်ဂိုးသမားများက ကောင်းလွန်းသည်။ ၀င်သည့်ဂိုးများ ၀င်သော်ငြား နောက်ဆုံးအလုံးများမှာ အသေအလဲ ပုတ်ထုတ်သည်။ နောက်ဆုံး ဒိုင်ကပွဲကြာလာ၍ သရေပေးကာ အဆုံးသတ် လိုက်သည်။ နှစ်ဖက်မေဂျာမှ ကျောင်းသားများလည်း ကျေနပ် သွားလေသည်။ မှတ်မှတ်ရရ သည်တုန်းက ကျောင်းက ဘောလုံးကွင်းမှာ။ ကျွန်တော်တို့ သည်လိုဖြတ်သန်းခဲ့ဖူးသည်။

ထိုအချိန်များမှာ ကျောင်းစာကိုလည်း လိုက်ရသေး၏။ ကျွန်တော်နှင့် အပြင်ဆောင်အတူနေသူများထဲမှာ ခင်မောင်ရွှေ က လက်ဖက်ရည်ဆိုင်ပိုင်ရှင်။ သူက ဆိုင်မှာ စာဘယ်လိုမှ ကြည့်မရ၍ အဆောင် လာငှားနေသူ ဖြစ်သည်။ ကိုအောင်ကျော်သက်ကလည်း စာကြည့်ချင်ရုံသက်သက်သာ။ သူတို့က မြောက် ဥက္ကလာပမှာနေ၍ သူတို့အိမ်များမှ ကျောင်းကိုလာလျှင် အဆင်ပြေသော်ငြား စာကြည့်သည့်အခါ အနှောင့်အယှက်များ၍ အိမ်မှာမနေကြဘဲ အဆောင်ငှားနေကြခြင်းဖြစ်သည်။

သို့သော် ရှေ့မှာ ဆိုခဲ့သလို ခင်မောင်ရွှေက သူ့ဆိုင်စိတ်မချ၍ ဟုဆိုကာ စာမေးပွဲနီးမှ ပြန်သွားပြီး ကိုအောင်ကျော်သက်ကပါ အိမ်မှာ ပြန်နေဖို့ ဖြစ်လာသည့်အခါ အဆောင်မှာ ကျွန်တော် တစ်ယောက် တည်းသာ ကျန်ခဲ့တော့သည်။ တစ်ယောက်တည်းကျန်ခဲ့သည့်အခါ စိတ်က နည်းနည်းလေ ချင်၏။ ညဘက်ဆို စာကြည့်၍ ငိုက်လာသည်နှင့် လက်ဖက်ရည်ဆိုင် သွားထိုင်ခဲ့သည်။ သည်တုန်းက အဆောင်လမ်းထိပ်က ကုလားလက်ဖက်ရည်ဆိုင်မှာ ကျွန်တော်ပုံမှန်လို ထိုင်ဖြစ်ခဲ့သည်။ မှတ်မှတ်ရရ ထိုဆိုင်ကလေးက အဖွင့်ဆုံး သီချင်းခွေမှာ ' စိုးလွင်လွင် ' ၏ " အိပ်မက်အခါးတွေ စားတဲ့ည " ဖြစ်သည်။ သီချင်းတွေက ကိုယ်ပိုင်သံစဉ်များ ဖြစ်၍ နားထောင်ပါများလာသည့်အခါ ကြိုက်သွားတော့၏။

ညဘက်စာကြည့်ရင်း ထိုဆိုင်ကလေးကို မသွားရလျှင်ပင် စိတ်က တစ်ခုခုလိုနေသလို။ အမှန်ကတော့ ကျွန်တော် စိတ်နည်းနည်း လေနေလေသည်။ စာတွေ တိုင်ပင်ဖို့ကလည်း အတန်းဖော်မရှိ။ ကျန်အခန်းများကလည်း ညဘက်မှ ပြန်ရောက်သူများ။ မီးကလည်း မီးသီးမှိန်မှိန် ဖြစ်နေသောအခါ ကျွန်တော်နေရသည်က စိတ်ဓာတ် ညှိုးငယ်သလိုလို၊ တစ်ခုခုလိုနေသလို ခံစားလာရသည်။

ထို့ကြောင့် အားသည့်အခါ အဆောင်ကနေ အလုပ်ဆင်းနေသည့် ကျွန်တော်တို့၏ စီနီယာ နောင်တော်ကြီးများနှင့် စကားစမြည် ပြောဖြစ်၏။ အတိတ်တစ်ခုကို သေသေချာချာ သိသည့် အစ်ကိုကြီး တစ်ယောက်ကတော့ သူ့အတွေ့အကြုံများကို ရေချိုးကန်ဘေးမှာ ပြန်ပြောပြဖူးသည်။ ဟိုစဉ်က သည်လို အတိတ်တွေ ရှိခဲ့ပါလားဟု ကျွန်တော်သိခွင့်ရခဲ့သည်။

အဆောင်နေသူများထဲမှာ ကျွန်တော်တို့ စက်မှုတက္ကသိုလ် ကျောင်းဆင်း နောက်အစ်ကိုကြီး တစ်ယောက်ကတော့ ညဆိုမူးမူးလာ၍ အဆောင်ပေါ်ကို တွဲခေါ်ခဲ့ရတာ မှတ်မိသည်။ သူသည် ၀န်ထမ်းလည်း လုပ်နေရာ အင်ဂျင်နီယာဖြစ်၍ ၀င်ငွေကောင်းသလား မဆိုနိုင်။ ညတိုင်းနီးပါးကို မူးလေသည်။ နောက်ဆုံး အဆောင်ပိုင်ရှင် အဘွားကြီးနှင့် သူမ၏ ကလေးများမှာ ညတိုင်းနီးပါး ထို ပုဆိုးမနိုင်၊ ပုဝါမနိုင် နောင်တော်ကြီးကို အမြဲလို တွဲခေါ် ချီတင်ခဲ့ရလေတော့သည်။

ကျွန်တော့်မှာ စာကြည့်နေရင်း ထိုသို့ ဆူဆူညံညံအသံများ ကြားပါက ထိုနောင်တော်ကြီး ပြန်လာပြီကို သိရလေသည်။ ထို့ပြင် ရန်ကုန်စက်မှုတက္ကသိုလ်ဆင်း တစ်ယောက်၏ ကျောင်းအပြီး ဘ၀ကိုလည်း ဆင်ခြင်သုံးသပ်မိလေသည်။ သည်လို ကျောင်းဆင်းတွေ မည်မျှရှိလေမည်နည်း။

ကျွန်တော်တို့သည် ကျောင်းသားဘ၀က ကျောင်းဘောလုံးပွဲများတွင် အားရတက်ကြွစွာ အော်ဟစ် အားပေးခဲ့ကြ၏။ သို့သော်ကျွန်တော်တို့ အားမပေးဘဲ ကြိမ်းဝါးခဲ့ကြသော မေဂျာများမှ ကျွန်တော်တို့၏ နောင်တော်ကြီးများကား ကျွန်တော်တို့ကို အတန်းငယ်များ အဖြစ်နှင့် နားလည်ပေးခဲ့ကြ၏။ ကျွန်တော်တို့သည် ကျွန်တော်တို့ ရောက်သွားနိုင်သော မေဂျာများကို အော်ဟစ်ဆဲဆိုရင်းမှ ဒုတိယနှစ်ကို ခပ်တည်တည်နှင့် ဖြတ်ခဲ့ကြ၏။ ကျွန်တော်တို့သည် နောင်တော်ကြီးများ ကျောင်းပြီး၍ မည်သို့ပြောင်းလဲသွားသည်ကို မသိနိုင်သေးသော သူများလည်း ဖြစ်ခဲ့ကြသေး၏။ ကျွန်တော် တို့၏ နောင်တော်များထံမှ ကျွန်တော်တို့ မသိနိုင်သေးသော ကျွန်တော်တို့ ကျောင်း၏ အတိတ်များကို ရင်မောစွာ သိခွင့်ရခဲ့သူများလည်း ဖြစ်ခဲ့ကြသေး၏။ ။

ဆူးသစ်
၂၂:၁၄ နာရီ
၁၃.၉.၂၀၁၁


Wednesday, September 7, 2011

"ကျွန်တော့်မှတ်စု" ( ၆ )


+ ပညာကို ဘယ်လူဆိုးတို့
ယူခိုးလို့ ပါပါ့မယ်။
အတတ်ကယ် လိမ္မာနှင့်
ဥစ္စာ ဘယ်တူကြလိမ့်
လောကလူဝယ်။
သိကြားမြင် လုံလောက်က
မျက်မှောက်ကယ် သည်ကိုယ်ဝယ်
ရလွယ်၏ ခင်ပွန်း။
တမလွန် နောင်ခါကောင်း
မြိုက်ချမ်းသာ ပိုမိုမြင့်
ကဲဆင့်တောက်ထွန်း။ ။

[ စဥ့်ပါ ဆရာတော် ]

+ ' အင်ဂျင်နီယာ ' ဆိုတာ အပျက်ပြင်တဲ့လူ မဟုတ်ပါဘူး။ ပုံစံကို တီထွင်ထုတ်လုပ်သူပါ။ ဒါပေမဲ့ အပျက်မပြင်တတ်ရဘူးလား ဆိုတော့ ပြင်တတ်ရမှာပါ။ ပြင်တတ်ဖို့တော့ လိုပါတယ်။ ဒါပေမဲ့ သူလေ့လာခဲ့ရတာ၊ သင်ကြားခဲ့ရတာ၊ ကျက်မှတ်ခဲ့ရတာတွေဟာ အပျက်ပြင်တဲ့ဘာသာရပ် မဟုတ်လေတော့ ရုတ်တရက် ချက်ချင်းတော့ အမြဲတမ်း အပျက်ပြင်နေတဲ့ လုပ်လေ့လုပ်ထ ရှိနေတဲ့ အလုပ်သမားကို မီချင်မှမီမှာပါ။

ရေရှည်မှာတော့ အင်ဂျင်နီယာဟာ အဲဒီအလုပ်သမားထက်တော့ သာကိုသာရမှာပါ။ ဒီ အင်ဂျင်နီယာ ဘာသာရပ်ကိုလည်း အားတိုင်းယားတိုင်း၊ ပိုက်ဆံရှိတိုင်း သင်ခဲ့ရတာ မဟုတ်ပါဘူး။ သင်ချင်လျက်နဲ့ ၀င်ခွင့်မရတဲ့သူတွေကို ပြည့်လို့။ ဥာဏ်ရည်ရှိတယ်၊ အရည်အချင်းရှိတယ်၊ မင်းတို့ တစ်တွေက အင်ဂျင်နီယာဖြစ်နိုင်တယ်၊ သင်ကြ။ မင်းတို့ကတော့ မဖြစ်နိုင်ဘူး၊ ဒီပြင် တက္ကသိုလ်သွားကြဆိုပြီး လူတွေ အများကြီး၊ ကျောင်းသားတွေ အများကြီးထဲက ဆန်ခါတင် ရွေးပြီး သင်ခဲ့ကြရတာ။ ခြောက်နှစ်လုံးလုံး ကြိုးစား၊ ပမ်းစား သင်ခဲ့ကြပြီး အလုပ်ခွင်ထဲရောက်တော့မှ အင်ဂျင်နီယာဟာ လျှပ်စစ်အလုပ်သမား တစ်ယောက် လောက်တောင် အသုံးမကျဘူးဆိုတော့ ဘာပြောရဦးမှာလဲ။

[ 'မစပ်သောငရုတ်' လုံးချင်း ၀တ္ထု (ဒုတိယအကြိမ်မှ) - မစန္ဒာ]

+ စိတ်အားထက်သန်ခြင်းသည် ကိုယ်ကျင့်တရားကောင်းခြင်းနှင့် တွဲလျက်ရှိလေသည်။ ကိုယ်ကျင့်ကောင်းသူ များမှာ လျှို့ဝှက်စရာမရှိ။ ရဲရင့်၏။ သို့ဖြစ်၍ တစ်ပါးသူ၏စိတ်ကို ပိုမိုအစိုးရနိုင်လေသည်။

[ ' ကြီးပွားရေးလမ်းညွှန် ' စာအုပ်မှ - ပီမိုးနင်း ]

+ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်အောင် တိုင်းသူပြည်သား၊ လူကြီးလူငယ်များ၏ ဦးနှောက်တွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်သကဲ့သို့ လူတစ်ဦးချင်းတို့ အနေနှင့်လည်း မိမိလက်ရှိ အခြေအနေထက် မြင့်တက် လိုလျှင် (သို့မဟုတ်) မိမိပတ်ဝန်းကျင်ရှိ လူများထက် ခေါင်းတစ်လုံး သာလိုလျှင် မိမိဦးနှောက်ကို သူတစ်ပါးထက် ဖွံ့ထွား သန်မာအောင် အင်အားဖြည့်တင်းခြင်း၊ ပျိုးထောင်လေ့ကျင့်ခြင်းများ၊ ပြုလုပ်ဖို့ လိုပေသည်။

ဦးနှောက်ဖွံ့ထွားအောင်(သို့မဟုတ်) လူတစ်ဦးချင်းတို့၌ အစွမ်းအစ တက်လာအောင် ထောက်ကူနိုင်သော အရာကား 'ပညာ' ဖြစ်သည်။

[ ဘာကြောင့်ဦးနှောက်တွင်ရင်းနှီးမြှုပ်နှံရမည်လဲ - ဖေမြင့် ]

+ လူတစ်ယောက်က မိမိအရေးအသားကို ဝေဖန်သည်။ အပြုသဘော စေတနာမှန်ကန်စွာ ဝေဖန်ခြင်း မဟုတ်ဘဲ၊ သက်သက်မဲ့ စော်ကားသော အာဃာတရှေ့ထား၍ ဝေဖန်ခြင်းဖြစ်သည် ဆိုပါစို့။ သူ့ဝေဖန်ချက်များမှာ မိမိအဖို့ အကျိုးဖြစ်စရာ အကြောင်းအချက်များ မဟုတ်သဖြင့် အရေးယူစရာ မလိုပေ။ စေတနာ မှန်မှန်ဖြင့် ဝေဖန်ခြင်းကိုတော့ ကျေးဇူးတင်ရပေမည်။ သူထောက်ပြသော ကိုယ့်အမှားများကို ပြုပြင်သင့်က ပြုပြင်ရပေမည်။ ဒေါသဖြစ်စရာ အကြောင်းရှာ၍ မရနိုင်ပေ။ ဒေါသမထွက်သမျှ မိမိမှာ အမြတ်ထွက်သည်။

[ 'ခက်တော့ခက်သည် မဖြစ်နိုင်သည် မဟုတ်ပေ' ဆောင်းပါးမှ - တက်တိုး (၁၉၉၅ခုနှစ်၊ ဖေဖော်ဝါရီလ၊ စတိုင်သစ် မဂ္ဂဇင်း ]



Monday, September 5, 2011

" တစ်နေ့နေ့.......တစ်ချိန်ချိန်......တစ်နေရာရာ "


ကျွန်တော့်ဘ၀မှာ ပထမဦးဆုံးတက်ဖူးသော တက္ကသိုလ်သည် ရန်ကုန်စက်မှုတက္ကသိုလ်ဖြစ်သည်။ ထိုသို့ တက်နေရင်း ရန်ကုန်နိုင်ငံခြား ဘာသာသင် တက္ကသိုလ်မှာလည်း ညနေပိုင်း သင်တန်းတစ်တန်းကို သုံးလခွဲလောက် တက်လိုက်သေးသည်။ သို့သော် ခြောက်နှစ်တာ ( တကယ်တော့ ခုနစ်နှစ်နီးပါး ) ကာလမှာ ဆုံခဲ့သော သူငယ်ချင်းတွေလို ခင်စရာကောင်းသော၊ အနစ်နာခံသော သူငယ်ချင်းတွေ မရခဲ့။ အချိန်က ခဏတာကိုး။

နောက်တက်ဖူးသော တက္ကသိုလ်က ဗဟိုဝန်ထမ်းတက္ကသိုလ်( ဖောင်ကြီး ) ဖြစ်သည်။ သည်မှာလည်း ကာလက သုံးလခွဲဆိုသော်ငြား ၀င်းတစ်ဝင်းထဲမှာ အတူတူစား၊ အတူတူသွား၊ အတူတူနေ၊ အတူတူလေ့လာ သင်ကြား နှင့် ဖြတ်သန်းခဲ့ရ၍ အခင်အမင်က ပိုခဲ့ကြပြန်သည်။ ပိုဆိုးသွားသည်က ၀ိုင်အိုင်တီက သူငယ်ချင်းများလည်း အတူတူတွေမို့ ကျွန်တော်တို့ ပိုခင်ခဲ့ကြသည်။ နောက်တော့ သက်ဆိုင်ရာ ဌာနများမှာ တာဝန်တွေကိုယ်စီယူ၊ ၀င်ရောက်လုပ်ကိုင်ခဲ့ကြ၏။ အရာရှိများ အဖြစ်။

စင်ကာပူကို မလာခင် နောက်ဆုံး တက်ခဲ့သော တက္ကသိုလ်က ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) ဖြစ်သည်။ စီမံအုပ်ချုပ်မှု ဒီပလိုမာ အချိန်ပိုင်း၊ ဘွဲ့လွန် နှစ်နှစ်သင်တန်းကို ကျွန်တော် ထိုတက္ကသိုလ်မှာ တက်ဖြစ်ခဲ့သည်။ ကျောင်းစာ၏ သဘောတရားအရ အားလုံးစုစုဝေးဝေး တိုင်တိုင်ပင်ပင်လုပ်မှ ဖြစ်မှာဖြစ်၍ တနင်္ဂနွေတိုင်းလည်း စာစုလုပ်ခဲ့ကြ၊ လက်ဖက်ရည်ဆိုင် အတူထိုင်ခဲ့ကြ၏။ သူတို့ကျတော့ ကျွန်တော်နှင့် ဗိုလ်ကြီး တစ်ယောက်ကလွဲလျှင် အားလုံးသည် ကုမ္ပဏီဝန်ထမ်းများ ဖြစ်၍ မန်နေဂျာ အဆင့်များဖြစ်ကြသည်။ နဂိုကတည်းက သက်ဆိုင်ရာ ကုမ္ပဏီတွေမှာ ရာထူးတွေနှင့်။

တကယ်တော့ ကျွန်တော့်မှာ တစ်ဘ၀လုံးတောက်လျှောက် ခင်စရာ အကောင်းဆုံး သူငယ်ချင်းများနှင့် တွေ့ခဲ့ ရသည်။ ခြောက်တန်းနှစ်ကစပြီး ကျွန်တော်နှင့် သည်နေ့အထိ လက်တွဲမဖြုတ်၊ ခင်မင်ခဲ့သော ငယ်သူငယ်ချင်းများလည်း ရှိ၏။ တချို့က ဆရာဝန်များ၊ တချို့က စင်ကာပူမှာ၊ တချို့ကတော့ သင်္ဘောလိုင်းမှာ။

ဘယ်လိုပဲဖြစ်ဖြစ် သူငယ်ချင်းများသည် ကျွန်တော့်ဘ၀၏ အရေးပါသော ကဏ္ဍများမှာ ရှိခဲ့သည်။ ငယ်သူငယ်ချင်းများနှင့် စက်မှုတက္ကသိုလ်က သူငယ်ချင်းများကတော့ ကျွန်တော့်ဘ၀၏ အရေးပါသော နေရာ တစ်ဆစ်ချိုးတိုင်းတွင် အမြဲရှိခဲ့ဖူးသည်။

ပြန်စဉ်းစားသည့်အခါ ကျွန်တော်တို့ဖြတ်သန်းခဲ့သော အခြေခံပညာ အဆင့်ကျောင်းများမှသည် တက္ကသိုလ်တန်း၊ ဘွဲ့လွန်အတန်းများအထိ ကျွန်တော်တို့၏ စာသင်ချိန်များမှသည် ဘ၀ကျောင်းထဲတွင် စာသင်ရသည်အထိ သူငယ်ချင်းတွေက ရှိနေတုန်း။ တချို့က မြန်မာပြည်မှာ၊ တချို့က နိုင်ငံခြားတိုင်းပြည်များမှာ။ တချို့က ပြည်သူ့ဝန်ထမ်း၊ တချို့က ကုမ္ပဏီဝန်ထမ်း။

ကျွန်တော်တို့ ပြန်မဆုံနိုင်တော့။ နေရာတစ်နေရာစီမှာ ကျွန်တော်တို့သည် ကိုယ်လုပ်နိုင်သော အလုပ်တစ်လုပ်စီကို လုပ်နေကြရပေပြီ။ ကျွန်တော်လည်း မြန်မာပြည် ပြန်ရောက်စဉ်က ဒီပလိုမာသင်တန်းက သူငယ်ချင်းတွေကို မေးကြည့်သည်။ ရန်ကုန်တစ်မြို့တည်းက သူတို့တစ်တွေလည်း လွယ်လွယ်နှင့် မဆုံကြတော့ဟု သိရသည်။ သူတို့ကို မဆိုထားနှင့်။ စင်ကာပူမှာ ရောက်နေသော ကျွန်တော့် ငယ်သူငယ်ချင်းများပင် ကျွန်တော်နှင့် လူချင်းမဆုံဖြစ်ကြ။ မြန်မာပြည်ပြန်စဉ်က ဟိုမှာရှိသော ငယ်သူငယ်ချင်းများနှင့်သာ တွေ့ခဲ့ရသည်။

စက်မှုတက္ကသိုလ်က သူငယ်ချင်းများကတော့ အွန်လိုင်းမှာ၊ Facebook မှာ စလိုက်နောက်လိုက်နှင့် အားမှ တွေ့ရသည်။ ဒါတောင် ၀န်ထမ်းလုပ်နေသူများ ကျတော့ ကျွန်တော်နှင့် အိမ်ချင်း နီးနေသူသာ မြန်မာပြည် ရောက်မှ တွေ့ရတော့သည်။ တော်တော်များများက နယ်တွေမှာ။

တစ်ခါတစ်ခါတော့ ဘ၀ထဲမှာ မွန်းကျပ်လာခဲ့လျှင် သူငယ်ချင်းများနှင့် စာသင်ခဲ့ရသည့် ကျောင်းက အချိန်များကို သတိရသည်။ အထက်တန်းကျောင်းမှာ၊ စက်မှုတက္ကသိုလ်မှာ၊ ဗ၀တမှာ၊ စီးပွားရေးတက္ကသိုလ်မှာ။ ဪ-ကျွန်တော်တို့၏ ပျော်စရာ အကောင်းဆုံးအချိန်များ။ ဟိုးဝေးဝေးမှာ ကျန်ခဲ့လေပြီ။ သူငယ်ချင်းတွေကရော သည်အချိန်မှာ အရင်လို ဖြူစင်သောစိတ်များ ကျန်နေဦးမည်လား။ ဘ၀၏ နေထိုင်မှုစနစ်များကြား သူတို့တစ်တွေ အရောင်ပြောင်းလဲသွားပြီလား။ ကျွန်တော်ကရော။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့် သူငယ်ချင်းများသည် လောကကြီး၏ တစ်ထောင့် တစ်နေရာမှာ လောက၏ အကျိုးကို နိုင်သလောက်သယ်ပိုးရင်း ခရီးဆက်နေကြလေပြီ။ သူတို့အကျိုးအတွက် လုပ်ရင်းကိုင်ရင်း လူအများအကျိုးကိုပါ နိုင်သလောက် ထမ်းနေကြလိမ့်မည်ဟု ကျွန်တော်ယုံကြည်ပါသည်။

ကျွန်တော့်အတွေးထဲမှာ သူတို့နှင့်ကျွန်တော် တစ်နေ့မှာ၊ တစ်ချိန်မှာ၊ တစ်နေရာမှာ ပြန်တွေ့ဦးမည်ဟုသာ ယုံကြည်နေမိသည်။ အကုန်လုံးနှင့် မတွေ့ဆုံနိုင်လျှင်တောင်မှ တစ်ယောက်မဟုတ်၊ တစ်ယောက်နှင့်တော့ တစ်နေရာမှာ ဆုံကြဦးမည် မဟုတ်လား။ လောလောဆယ်တော့ လောက၏ ဇာတ်ခုံပေါ်မှာ ကျရာနေရာက ပါဝင်ကပြ နေရဦးမည်ဖြစ်သည်။

ကျွန်တော့်ကို စင်ကာပူရောက်ပြီး သိပ်မကြာခင်မှာ ဘွဲ့လွန် သင်တန်းက သူငယ်ချင်း တစ်ယောက် (ညီမတစ်ယောက် ) က သီချင်းတစ်ပုဒ် လှမ်းပို့ပေးသည်။ ဆောင်းဦးလှိုင် ဆိုထားသည်။ ကျွန်တော် လုံးဝ မကြားဖူးခဲ့သော သီချင်းတစ်ပုဒ်။ ခေါင်းစဉ်ကိုပင် မသိ။ သို့သော် နားထောင်ကြည့်တော့ ထိုအချိန်က စင်ကာပူမှာ တစ်ယောက်တည်းနေရသော ကျွန်တော် ရင်နင့်အောင် ခံစားခဲ့ရသည်။ အားလုံး၏ အဝေးမှာ ရောက်နေသည်ကိုး။ ပြီးတော့ သီချင်းက ကောင်းလွန်းသည်။

ယခု ပြန်ရှာတော့ ထိုသီချင်းကို ဆောင်းဦးလှိုင် ရေး၍ ဆောင်းဦးလှိုင်နှင့် ချမ်းပြည့် ဆိုထားသည်တဲ့။ ခေါင်းစဉ်က ' သူငယ်ချင်းတွေ ' ဟု ဆိုသည်။ ကျွန်တော့်ဘ၀မှာ ကျွန်တော်နှင့် ခင်ခဲ့၊ ပတ်သက်ခဲ့သော သူငယ်ချင်းများကို ထိုသီချင်းနားထောင်တိုင်း မျက်ရည်ဝဲရင်း သတိရမိသည်။ သူတို့ရော ကျွန်တော့်လိုပဲ ရှိနေလေမလား။ ဒါကိုတော့ ကျွန်တော်မသိ။ တစ်နေ့တော့ ပြန်ဆုံကြမည်ဟုသာ စိတ်ထဲတွေးနေမိလေသည်။ ။

သားလတ်
၂၀:၂၀ နာရီ
၎.၉.၂၀၁၁

[ ခင်တဲ့၊ ချစ်တဲ့ သူငယ်ချင်းအားလုံးအတွက်ပါ ]


Sunday, September 4, 2011

" မပြည့်အိုး "


ကျွန်တော့်ဇနီးသည်၏ အလုပ်မှာ တစ်ခါတစ်ရံ၌ မြန်မာပြည်နှင့် ဆက်သွယ်ရသည့်ကိစ္စများ ရှိပါသည်။ သူတို့အလုပ်တွင် မြန်မာကလည်း သူတစ်ယောက်ပင်ရှိရာ ထိုသို့မြန်မာပြည်နှင့် ဆက်သွယ်ရသည့် ကိစ္စမှန်သမျှ ကျွန်တော့်ဇနီးကသာ လုပ်ရပါသည်။

ထိုသို့လုပ်ရာ၌ မြန်မာပြည်ဘက်မှ ကုမ္ပဏီမှဝန်ထမ်းတစ်ဦးနှင့် အီးမေးလ်များအပြန်အလှန် ဆက်သွယ် ရသလို ဖုန်းဖြင့်ပြောရသည့်အခါလည်း ရှိပါသည်။ ထိုဝန်ထမ်းမှာ မိန်းကလေးတစ်ဦးဖြစ်၍ သူဌေး၏ အတွင်းရေးမှူးမ ဖြစ်ပါသည်။

ကျွန်တော့်ဇနီးသည် ရုံးရှိသူ့ကွန်ပျူတာတွင် မြန်မာစာလုံးတင်မထားပါ။ ဒါလည်း သူ့သူဌေးက တခြားဆော့ဖ်ဝဲလ်များ တင်လျှင် ကွန်ပျူတာပျက်မှာစိုး၍ ကြိုပြောထားသောကြောင့်ပါ။ သို့သော် မြန်မာပြည်နှင့် အလုပ်လုပ်သောအခါ မြန်မာစာလုံးလိုမည်ထင်၍ ကျွန်တော့်ဇနီးကို မြန်မာစာ သုံးခိုင်းပါသည်။ ကျွန်တော့် ဇနီးကလည်း အီးမေးလ်ပို့ရုံမျှမက ကိုယ့်မြန်မာချင်းမို့ ပို၍အဆင်ပြေရန် ဂျီတော့အကောင့်တစ်ခုကို အလုပ်ကိစ္စအတွက် မြန်မာပြည်ကုမ္ပဏီနှင့် ဆက်သွယ်ရန်၊ အထူးသဖြင့် ထိုအတွင်းရေးမှူးမလေးနှင့် ဆက်သွယ်ရာ၌သုံးရန် ဖွင့်လိုက်ပါသည်။

ထို့နောက် ထိုအတွင်းရေးမှူးမလေးနှင့် အွန်လိုင်းမှာတွေ့သောအခါ အလုပ်ကိစ္စကို သူ့ဘက်ကိုယ့်ဘက် ဖုန်းမသုံးရဘဲ လွယ်လွယ်ကူကူသုံးနိုင်ပါသည်။ သည်သို့ဖြင့် စသုံးသည်ပဲ ဆိုပါတော့။ သည်မှာပဲ ပြဿနာက တက်တော့သည်။

ကျွန်တော့်ဇနီးသည် မြန်မာပြည်ပြန်စဉ်က ထိုကုမ္ပဏီသို့ ရောက်ခဲ့သလို ထိုအတွင်းရေးမှူး မလေးနှင့်လည်း တွေ့ခဲ့ဖူးပါသည်။ အလုပ်ကိစ္စ ပြောကြဆိုကြစဉ်ကတည်းက ထိုအတွင်းရေးမှူးမလေး၏ မသွက်လက်ပုံနှင့် အနည်းငယ်ထိုင်းပုံကို အကဲခတ်မိပါသည်။

သည်သို့ဖြင့် အွန်လိုင်းမှာ အလုပ်ကိစ္စပြောကြသည့် အခါ တော်တော် များများက သင်္ဘောကိစ္စ၊ ပို့ကုန်ကိစ္စ စသည်ဖြင့် ပြောရသောကြောင့် မြန်မာနှစ်ယောက် ပြောသည့်ဂျီတော့မှာ ကျွန်တော့်ဇနီးက မြန်မာလိုသာ ရိုက်လေသည်။ ထိုအတွင်းရေးမှူးမလေး၏ အခြေအနေကို ရိပ်စားမိ၍ လူမှုရေးအရ နားလည်ကာ ထိုသို့ရိုက်ခြင်းပါ။ သို့သော်တစ်ဖက်က တုန့်ပြန်သောအခါတွင်တော့ အင်္ဂလိပ်လိုသာ ရိုက်နေတော့သည်။

ပထမတော့ ကျွန်တော့် ဇနီးသည်လည်း ထိုအတွင်းရေးမှူးမလေး မြန်မာလိုပြန်ရိုက်လေ မလားဟု စောင့်နေသော်လည်း အကြောင်းအရာတော်တော်များများ ပြောနေသည်အထိ ဘာမျှ ထူးခြားမလာ။ ကြာတော့ ကျွန်တော့်ဇနီးသည်က အင်္ဂလိပ်စာမကောင်း၍ သူ့ကို မြန်မာလို ရိုက်ရသည့်ပုံ ခံစားလာရသည်။

ထိုအကြောင်းကို ကျွန်တော့်ကို ပြန်ပြောပြတော့ ကျွန်တော်က ဇနီးသည်ကို ပြန်ရှင်းပြ ခဲ့သည်။ ကောင်းပြီ-နောက်တစ်ခါဆို သူနှင့် ဂျီတော့မှာ ပြောလျှင် အင်္ဂလိပ်လိုသာ ရိုက်ပါဟု။ ကိုယ်က သူ့ဘက်ကိုငဲ့၍ ညှာကာ မြန်မာလိုရိုက်သည့်တိုင် သူ့ဘက်က ကိုယ့်ကို လေးစားမှုမရှိ။ သူ့ကိုယ်သူ အင်္ဂလိပ်စာတတ်ပါတယ် ဆိုသည့်ပုံစံလုပ်လာ၍ ကိုယ့်ဘက်က အတတ်နိုင်ဆုံး တုန့်ပြန်ဖို့သာ ရှိတော့သည်။ ပြီးတော့ ကျွန်တော့်ဇနီးက စင်ကာပူက ကုမ္ပဏီမှာ လုပ်နေသူဖြစ်၍ မြန်မာတစ်ယောက်က အင်္ဂလိပ်လို တုန့်ပြန်လာခြင်းကို ဂရုစိုက်စရာမရှိဟု ကျွန်တော်ထင်သည်။ ကောင်းကောင်း တုန့်ပြန်နိုင်သည်ဟု ကျွန်တော့်ဇနီးကို ယုံကြည်သည်။

သည်လိုနှင့် နောက်တစ်ကြိမ်မှာ အွန်လိုင်းမှာ ထပ်ဆုံသည်။ ကျွန်တော့်ဇနီးက အင်္ဂလိပ်လိုသာ လွှတ်ပါတော့သည်။ ထိုအကြိမ်မှာ အမေရိကားမှ သင်္ဘောနောက်ကျသည့်ကိစ္စ၊ ပစ္စည်းလွှဲရန် စီစဉ်ထားစဉ်မှာပင် ယခင်မှာထားသူက ယူသွား၍ မူလကပို့မည့်ပစ္စည်းများ မပို့နိုင်ဘဲ နောက်ကျမည့် အကြောင်း စသည်ဖြင့် စုံနေ၏။ ရိုက်ရင်းရိုက်ရင်း ကြာလာသောအခါ သူ့ဘက်က တောင်းဆိုမှုတစ်ခု တက်လာသည်။ မြန်မာလို ရိုက်ပေး၍ ရမလားဟု မေးလာ၏။

ကျွန်တော့်ဇနီးက မရပါဟု ပြန်ဖြေလိုက်သည်။ တစ်ဖက်က ဆက်ပြော၏။ Myanglish ( Burglish ) နှင့် ရိုက်၍ ရမလားဟု ဆိုလာသည်။ ကျွန်တော့်ဇနီးကား အိုကေဟု ဆိုကာ သူပြောသမျှ နားလည်စွာ လွှတ်ထားပေးလိုက်၏။

ထိုကိစ္စအပေါ် ကျွန်တော်သုံးသပ်ကြည့်သည်။ ပထမတော့ သူ့အကြောင်းရိပ်စားမိ၍ ကျွန်တော့်ဇနီးက လူမှုရေးအရ ကိုယ့်မြန်မာချင်းလည်း ဖြစ်နေ၍ တစ်ဖက်နှင့်တစ်ဖက် ငဲ့ညှာကာ မြန်မာလိုရိုက်သည်ကို မလေးမခန့် သူ့ဘက်က အင်္ဂလိပ်လိုတွေရိုက်ကာ ဆရာမကြီး အထာနှင့် တုန့်ပြန်သည်။ တကယ်တော့ ကျွန်တော့်ဇနီး အင်္ဂလိပ်စာက ယခင်က သည်လောက်ကောင်းတာ မဟုတ်။ သို့သော် စလုံးမှာ အလုပ်လုပ်နေပြီး တစ်ရုံးလုံးမှာ သူတစ်ယောက်တည်း မြန်မာဖြစ်နေခြင်းနှင့် အမေရိကားနှင့် ဆက်သွယ် အလုပ်လုပ်နေသည့်အခါ ကြာတော့ သူ့အီးမေးလ် အရေးအသားတွေက တော်တော်ချောလာတာ ကျွန်တော် သတိထားမိသည်။

ထိုအချိန်မှာ တစ်ဖက်က တုန့်ပြန်သည်က ကိုးရိုးကားယားဖြစ်လာသောအခါ ကျွန်တော်က မှာလိုက်သည့်အတိုင်း ဇနီးသည်က တုန့်ပြန်လေမှ တစ်ဖက်က အတွင်းရေးမှူးမလည်း ကိုယ့်အခြေအနေ ကိုယ် သဘောပေါက်သွားလေတော့သည်။

ထိုကိစ္စကို ကျွန်တော်သုံးသပ်ကြည့်မိသည်။ တချို့က တစ်ဖက်သားကို လျှော့တွက်ကြသည်။ ကိုယ့်လောက် သူမသိနိုင်ဟု ထင်ကာ မလေးမခန့် လုပ်ကြသည်။ နောက်တော့ တကယ်ကွဲသူက ကိုယ်ပြန်ဖြစ်နေ သည်။ လျှော့တွက်ခြင်း၏ အကျိုးပင်။ ဒါဖြင့် ဘာလို့လျှော့တွက်ပါသနည်း။ ကိုယ်ကိုယ်တိုင်က မပြည့်၍သာ ဖြစ်သည်ဟု ကျွန်တော်နားလည်ရသည်။

တကယ်သာ ပြည့်နေသူဖြစ်က တစ်ဖက်က မြန်မာလိုပြောနေလျှင် ဪ-ငါ အခက်အခဲ ဖြစ်မှာစိုးလို့ သူက မြန်မာလိုရိုက်နေတာပါလားဟု စကတည်းက နားလည်နေလိမ့်မည်။ နိုင်ငံခြားမှာတောင် အလုပ်လုပ်နေမှတော့ သည်လိုအင်္ဂလိပ်စာ သုံးတာ ခက်ပါတော့မည်လား။ ထိုသို့လည်း နည်းနည်းမှ မစဉ်းစား။ သည်တော့ မပြည့်၍ ဟုသာ ကောက်ချက်ဆွဲရပေမည်။

ငါက အတွင်းရေးမှူးမပဲ။ ဘာအရေးလဲ ဆိုလျှင်တော့ ကျွန်တော့်ဇနီး တုန့်ပြန်သည့်အခါ ခံလိုက်ရပုံမျိုး ခံရဖို့ပဲရှိသည်။ သူတင်ကိုယ်တင် ပြိုင်ရိုက်သောအခါ ဘယ်လိုမှ မရတော့၍ မြန်မာလို ရိုက်ပေးပါလား ဟု ပြောရသည့်အဆင့်ကို ရောက်ရတော့သည်။ သည်တော့ ကောင်းပါဦးမလား။ ကိုယ့်ဘာသာ မာန်တက်တုန်းကတက်ပြီး ကိုယ့်မာန်နှင့်ကိုယ် ခံရတော့သည်။

တစ်ခါတစ်ခါတော့လည်း လူတချို့နှင့် ဆက်ဆံရတာ ပညာရသည်ဟု ကျွန်တော်ထင်သည်။ ကိုယ်ကသာ ဘာမှမဟုတ်တာ။ တချို့ဆို လေက နာဂစ်အလုံးတစ်ထောင်စာလောက် ရှိသည်။ ကျွန်တော်ကတော့ နားမထောင်ချင်လျှင် ဝေးဝေးသာ နေလိုက်တော့သည်။ သူတို့ကတော့ ဆက်၍ ဆိုနေသေး သည်။ လောကကြီးမှာ သူတို့လောက်တော်တာပင် မရှိတော့သယောင်။ အတွင်းရေးမှူးမလေး ကိုယ့်ဘာသာ ၀ါးလုံးခေါင်းထဲ လသာနေတာမျိုးပဲ ဖြစ်မည်ထင်၏။

ထိုသူများကို ကျွန်တော်က မပြည့်အိုး ဟုသာ ဆိုချင်နေမိတော့သည်။ ကျွန်တော် လွန်ပါမည်လား။ ။

ဆူးသစ်
၀၀:၅၆ နာရီ
၎.၉.၂၀၁၁



Thursday, September 1, 2011

" စက္ကူမြား "

စက္ကူတစ်ရွက်
ဆုတ်ဖျက်ဖန်ဆင်း၊ အပြစ်ကင်းမဲ့
ချစ်ခြင်းနဲ့အတူ၊ ချစ်သူထံပါး
တစ်စင်းမြားလို၊ သွား၍ထိုးစိုက်
ခင်မကြိုက်လျှင်၊ ယူငင်လွှင့်ပစ်
ခင်နှစ်သက်သလိုပြုနိုင်သည်။

ဒါပေမဲ့ခင်
ကြင်နာသနား၊ နားလည်ထားပါ
ထိုမြားတစ်စင်း၊မုန်းခြင်းကင်းမဲ့
ချစ်ခြင်းနှင့်တည်၊ မောင့်ရင်ဆီမှ
ပြယုဂ်တစ်ခု၊ သမုဒယအလှ
နှလုံးသားမှ ကဗျာတစ်စဖြစ်သည်။

သည်တော့လည်းခင်
မကြင်နာစွန့်၊ ခင်ခွာဝံ့မလား
ထိုမြားတစ်စင်း၊ ကျွမ်းမြိုက်ခြင်းမဲ့
မုန်းခြင်းမရှိ၊ ချစ်ခြင်းပြည့်စွာ
ထာဝရစကား
နှလုံးသားမှ လာသည့်အရာ
ကြာရှည်ကာလ၊ နက်ရှစူးနစ်
ထိုးဝင်ရစ်၍
ချစ်သူ့နှလုံးသားမှာ
(အစဉ်ထာဝရ.........)
အမုန်းများစွာ မေ့စေသတည်း။ ။

သားလတ်


(၁၉၉၄ခုနှစ်-မတ်လ၊ ရွှေသမင်မဂ္ဂဇင်း)
( ' သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )

( ဘလော့စရေးစဉ်က တင်ထားသော ကဗျာဖြစ်ပါသည်။ ယခင်က တင်ထားပြီးသော်ငြား စာဖတ်သူတချို့ မဖတ်ရသေးဟု ယူဆမိသလို ကျွန်တော့်ဘလော့ နှစ်ပတ်လည်တော့မည်ဖြစ်၍ ပြန်လည် ခံစားမိခြင်း ဖြစ်ပါသည် )


Related Posts Plugin for WordPress, Blogger...