ဘယ်အရွယ်ကလဲလို့ မေးရင် သေသေချာချာတော့ မမှတ်မိတော့ဘူး။ ဒါပေမဲ့ အမှတ်ရစရာတွေ ရှိလားလို့ မေးရင် သိပ်ရှိတာပေါ့လို့ ကျွန်တော်ဖြေပါမယ်။ ဒီလို အချိန်ရာသီဆို သီတင်းကျွတ် ရောက်ပြီကိုး။
တကယ်တော့ ငယ်ဘ၀တွေဆိုတာ ပြန်ရနိုင်ကောင်းတဲ့ အရာတွေမှ မဟုတ်တာ။ ပြန်ရနိုင်တာ ဆိုလို့ ကျွန်တော်တို့ရဲ့ သတိရမှု၊ တမ်းတမှုတွေပဲ ကျန်တော့တာ။
ငယ်ငယ်က သီတင်းကျွတ်ဆိုတာ ဘာကြီးလဲလို့ နားလည်တာမှ မဟုတ်တာ။ ကျွန်တော့်ကို ၀ယ်ပေးတဲ့ ယုန်ရုပ်မီးပုံးလေးကို ဖယောင်းတိုင်လေးထည့်ပြီး တွန်းရတာကိုက ဘာမှန်းမသိတဲ့ အရသာတစ်မျိုး။ အဲဒါကို ပျော်တယ်။ နောက်ပြီး အမေထွန်းတဲ့ ဖယောင်းတိုင်လေးတွေကို ကြည့်ပြီး ကျေနပ်ကြည်နူး ခဲ့မိသေးတာ။
အမေက ဖယောင်းတိုင်တွေကို နေရာအနှံ့ထွန်းတယ်။ လှေကား၊ အိမ်သာ၊ ပြူတင်းပေါက်၊ ရေဘုံပိုင်၊ ဆန်အိုး၊ မီးဖိုချောင် စုံနေတာပဲ။ အဖေကတော့ အလုပ်ရှုပ်နေတာ များတော့ အဲဒီတုန်းက အဖေ ဘာတွေလုပ်တယ်ဆိုတာထက် အဖေ အလုပ်ရှုပ်နေတာကိုတော့ မှတ်မိနေတယ်။
ဒါပေမဲ့ မှတ်မှတ်ရရ ဖြစ်စရာက ငယ်ငယ်ကတည်းက လူကြီးတွေကို လိုက်ကန်တော့ရတာ။ ကိုယ့်မိဘတွေကို ကန်တော့တာရယ်၊ ကိုယ့်မိဘရဲ့ ဦးကြီး၊ ဘကြီးတွေကို ကန်တော့ တာရယ်ကို ကောင်းကောင်း မှတ်မိတယ်။ အဖေတို့၊ အမေတို့ရဲ့ ဘကြီး၊ ဦးကြီးတွေကို ကန်တော့တာ ဘာလို့ မှတ်မိလဲ ဆိုတော့ သူတို့က မုန့်ဖိုးကောင်းကောင်း ပေးတယ်။ အဲဒီလို သွားကန်တော့မယ် ပြောရင် တော်တော်ပျော်ရတာ။ ကျွန်တော်တို့က ညီအစ်ကို သုံးယောက်။ အားလုံး မုန့်ဖိုးတွေ ရတာ။
ကျွန်တော်တို့ ငယ်ငယ်က စမ်းချောင်းမြို့နယ်မှာ နေတာ။ စမ်းချောင်းက ရှမ်းလမ်းဆို လူတိုင်းသိတယ်။ အခုတော့ ဗဟိုလမ်းဖြစ်သွားပြီပေါ့။ အဲဒီ ရှမ်းလမ်းတောက်လျှောက်က သိပ်စည်တာ။ ဆိုင်တွေက ပြည့်သိပ် ကျပ်ညပ်လို့။ လူတွေကလည်း တိုးမပေါက်ဘူး။ သီတင်းကျွတ်ဆို အဲဒီလိုကို စည်တာ။ အဲဒီမှာ ရုပ်ရှင်ကားအတိုလေးတွေ ပြတဲ့ တွန်းလှည်းလို ရုံအသေးလေးနဲ့ ရုပ်ရှင်ရုံ အသေးစားလေး ရှိတယ်။
တစ်ခါကြည့် ငါးမူးလား၊ တစ်ကျပ်လား မသိပါဘူး။ ရွှေဘနဲ့ လူကြမ်းတွေချတာ ကြည့်ရတယ်။ ဗုံလေးနဲ့ နောက်ခံကို တီးပေးသေးတယ်။ ရုံလေးကသေး၊ လူကပြည့်ဆိုတော့ ရုပ်ရှင် ပြီးရင် ချွေးကိုပြန်ရောပဲ။ ဒါပေမဲ့လည်း ကလေးဘ၀ဆိုတော့ အဲဒီလိုကြည့်ရတာကိုက အထူး အဆန်းလို ဖြစ်နေတာလေ။
နောက်တစ်ခုက ကျွန်တော်တို့လမ်းနဲ့ ကပ်လျက်က သံတံတားလမ်းမှာ ဇာဇာရတနာ ဆိုတဲ့ မိန်းမလျာဦးဆောင်တဲ့ မိုးကြိုးငှက်ငယ်ကလေးများ အဖွဲ့ကတဲ့ ပွဲလည်းရှိတော့ အဲဒီပွဲလည်း အလွတ်မခံဘူး။ ဘာတွေ ဘယ်လိုလုပ်လုပ်၊ ဘယ်လောက်ပဲ ကဲကဲ ကန်တော့ရမယ်ဟေ့ဆို အဖေနဲ့ အမေကို ကန်တော့ဖို့တော့ ဘယ်တော့မှ မပျက်ကွက်ခဲ့ဘူး။
တကယ်တော့ မုန့်ဖိုးလိုချင်လို့ ကန်တော့တယ်ဆိုတာ အဲဒီအချိန်တုန်းက ဟုတ်ချင်ဟုတ်နိုင်ပေမယ့် အခုတော့ အဲဒီလို ဘယ်ဟုတ်တော့မလဲ။ ငယ်ငယ်ကတည်းက သားတစ်ယောက် အနေနဲ့ မှားခဲ့တာတွေ အများကြီးပဲလို့ ကျွန်တော်ခံစားရတယ်။ ဒါကြောင့် ခရီးသွားရင်ပဲ ဖြစ်ဖြစ်၊ သီတင်းကျွတ်ရင်ပဲ ဖြစ်ဖြစ် အဖေနဲ့ အမေ့ကို နှုတ်က တိုင်တည်ပြီး ကန်တော့လေ့ရှိပါတယ်။
" အဖေနဲ့အမေ့ကို ကာယကံ၊ ၀စီကံ၊ မနောကံ နဲ့ ပြစ်မှားမိတာရှိရင် ခွင့်လွှတ်ပါ " ဆိုပြီး ထိခြင်းငါးပါးနဲ့ သေသေချာချာကို ကန်တော့ခဲ့တာ။ ကျွန်တော့်စိတ်ထဲမှာ အဲဒီလို မပြောဘဲ ကန်တော့ရရင် စိတ်မသန့်သလို ခံစားရတယ်။ ဒီအတိုင်း နှုတ်ပိတ် ကန်တော့တယ်ဆိုတာ ကလေးလည်း လုပ်လို့ရတာပဲ မဟုတ်လား။
ရန်ကုန်မှာ နေတုန်းကတော့ ညီအစ်ကိုတစ်တွေ ဆုံရင် အားလုံး ကန်တော့ကြတယ်။ အဖေနဲ့အမေက သူတို့မောင်နှမထဲမှာ အကြီးဆုံးတွေဆိုတော့ သူတို့ကို ရန်ကုန်မှာရှိတဲ့ သူတို့ရဲ့ ညီ၊ ညီမတွေက လာကန်တော့တဲ့အခါ ကျွန်တော်တို့လည်း ပျော်ရတယ်။ အဖေနဲ့ အမေ့ကို ကန်တော့တဲ့ မုန့်ကို ကျွန်တော်တို့ပါ စားရတာကိုး။
ပြီးတော့ အဲဒီ အဒေါ်တွေ၊ ဦးလေးတွေကို ကျွန်တော်တို့က ပြန်ကန်တော့နဲ့။ သီတင်းကျွတ်ဆိုတာ ချစ်စရာကောင်းတဲ့ ကျွန်တော်တို့ မြန်မာတွေရဲ့ ဓလေ့တစ်ခုလို့ ကျွန်တော်ယုံကြည်မိပါတယ်။
ဒါပေမဲ့ ကျွန်တော် မြန်မာပြည်က သီတင်းကျွတ်နဲ့ လွဲတာ လေးနှစ်ကျော်ခဲ့ပါပြီ။ သီတင်းကျွတ်ရောက်ပြီဆို အိမ်ကို ဖုန်းခေါ်ပြီး အဖေ့ကို ကာယကံ၊ ၀စီကံ၊ မနောကံနဲ့ ပြစ်မှားမိတာရှိရင် ခွင့်လွှတ်ပါ။ အမေ့ကိုလည်း အဲဒီလိုပဲ ပြောပြီး ဖုန်းနဲ့ပဲ လှမ်းကန်တော့တာ။ အဲဒီအခါ အဖေနဲ့အမေက ဖုန်းထဲကနေ ဆုပေးတယ်။ ကျွန်တော် မျက်ရည်ဝဲအောင် ခံစားမိပါတယ်။ အခုတောင် ဒီပို့စ်ကို ဆက်မရေးခင်ကလေးတင် ကျွန်တော့်အဖေနဲ့ အမေကို ဖုန်းနဲ့ပဲ လှမ်းကန်တော့မိတယ်။ အဖေနဲ့ အမေကလည်း ဖုန်းထဲက ဆုတွေပေးလို့ပေါ့။ အဖေနဲ့ အမေ သက်ရှိထင်ရှား ရှိနေပါလျက်နဲ့ ကိုယ်ထိလက်ရောက် မကန်တော့နိုင်တဲ့ ဘ၀ကို ကျွန်တော် နည်းနည်းမျှ မကျေနပ်တာတော့ အမှန်ပါပဲ။
တကယ်တော့ အစ်ကိုကြီးရယ်၊ ညီလေးရယ်၊ ကျွန်တော်ရယ် ဟိုးငယ်ငယ်ကတည်းက လူစုံပြီဆို အတူတူ ကန်တော့နေကျ။ အဲဒီလို မကန်တော့ရတာလည်း နှစ်တွေ ဘယ်လောက်ကြာသွားပြီလဲလို့ ကျွန်တော် မမှတ်မိတော့ပါဘူး။ အခုလို တစ်ယောက်တည်း ခွဲနေပြီးမှ မိဘတွေကို ဖုန်းနဲ့ကန်တော့ခဲ့ရ တာတော့ လေးနှစ်ဖြစ်သွားခဲ့ပါပြီ။
အဖေနဲ့အမေက နှုတ်ကနေ တဖွဖွ ရွတ်လို့ ပေးတဲ့ဆုတွေလည်း ကိုယ်ထိလက်ရောက် မယူနိုင်ခဲ့တော့တာ ကြာပြီပေါ့။ ညီအစ်ကိုတစ်တွေ စုံပြီး ကန်တော့ရမယ့် အခိုက်အတန့်လေးကိုတော့ ကျွန်တော် လိုချင် တပ်မက်နေမိသေးတယ်။ ကျွန်တော့်အတွက်ကတော့ နှစ်တိုင်း မိဝေးဘဝေး သီတင်းကျွတ် ပါပဲ။
မြတ်စွာဘုရားဟာ တာဝတိံသာနတ်ပြည်က သူ့မိခင်ဖြစ်ခဲ့ဖူးတဲ့ နတ်သားကို ၀ါတွင်းသုံးလကာလမှာ တရားတွေ ဟောပြီး ပြန်ကြွလာတဲ့အခါ လူ့ပြည်ကနေ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းတွေနဲ့ ကြိုကြတယ်တဲ့။ ဆီမီးတွေလည်း ပူဇော်လို့ပေါ့။ ဒါဟာ သီတင်းကျွတ်ရဲ့ အဓိပ္ပါယ်ပါ။ အဓိကက မြတ်စွာဘုရားက မိဘကို မွေးကျေးဇူးဆပ်တယ်ဆိုတဲ့ သဘောလို့ ကျွန်တော်တို့ နားလည်ရပါတယ်။ ဒါပေမဲ့ နို့တစ်လုံးဖိုး ကျေတယ်ဆိုတာတော့ မဟုတ်ပါဘူးလို့ စာတွေထဲမှာ ကျွန်တော်မှတ်သားဖူးပါတယ်။ မိဘမေတ္တာကို အဲဒီလို တိုင်းယူမရ စကောင်းပါဘူး။ ဘုရားလည်း မဟောပါဘူး။
ဒါပေမဲ့ သီတင်းကျွတ်ဆိုတာ ပျော်ရုံမဟုတ်ဘဲ မိဘကို ကန်တော့ရတယ်ဆိုတဲ့ အသိလေးတစ်ခု ကျွန်တော်တို့ မြန်မာလူမျိုး ဗုဒ္ဓဘာသာတွေ ကြားမှာရှိနေသေးတာကိုက ကျေနပ်စရာပါ။ သီတင်းကျွတ်ရောက်ရင် မိဘတွေကို ကန်တော့ဖို့ အလုပ်ထဲက မနက်ပိုင်းလုပ်တဲ့ အစည်း အဝေးမှာ မြန်မာတွေကို အမြဲပြောပြ ဖြစ်ပါတယ်။ ဒီမနက်တောင် ကျွန်တော်သူတို့ကို သတိပေးခဲ့ ပါသေးတယ်။ မြန်မာမှန်ရင်တော့ မြန်မာပြည်က သီတင်းကျွတ်ကို လွမ်းတတ်ကြတာပါပဲ။
အခုလို သီတင်းကျွတ်တော့ ကျွန်တော်ခံစားနေရတဲ့ အဝေးက သီတင်းကျွတ်၊ မိဝေးဘဝေး သီတင်းကျွတ် အတွက် စိတ်ဖြေသိမ့်စရာ တစ်ခုတော့ ရှိပါတယ်။ ညီအစ်ကိုတစ်တွေနဲ့ မိဘတွေကို စုံပြီး မကန်တော့နိုင်တဲ့ အချိန်၊ အဖေနဲ့အမေကို ကိုယ်ထိကာယ မကန်တော့နိုင်တဲ့ အချိန်မှာ ကျွန်တော် သီချင်းတစ်ပုဒ်ကို နားထောင်ပစ်လိုက်တာပါပဲ။
အဲဒီသီချင်းက ဟင်္သာတထွန်းရင် သူကိုယ်တိုင်ရေးပြီး သူကိုယ်တိုင်ဆိုထားတာပါ။ 'မိသားစုကန်တော့ပွဲ' လို့ ခေါင်းစဉ်ပေးထားပါတယ်။ ဒီလိုသီတင်းကျွတ်မှာ ဒီလို သီချင်းမျိုးကို နားထောင်မိရင် ရင်ထဲထိတဲ့ အထိ ခံစားရပါတယ်။ ခံစားကြည့်ပါဦး။
ကျေးဇူးတင်ပါတယ် ဟင်္သာတထွန်းရင် ခင်ဗျား။ ။
သားလတ်
၂၁း၅၆ နာရီ
၃၁.၁၀.၁၂