Sunday, March 6, 2011

"မျက်နာနှင့်သီချင်းတစ်ပုဒ်"


မြန်မာပြည်မှာရှိစဉ်က ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ဘက်ကို အလုပ်ကိစ္စဖြင့် ခဏခဏ သွားခဲ့ဖူးသည်။ ညနေဘက် အောင်မင်္ဂလာအဝေးပြေးမှ ကားစီးကာ ရန်ကုန်-ပြည်လမ်းမမှတစ်ဆင့် ရခိုင်ရိုးမကို ညဘက်ဖြတ်ရသည်။ တောင်များ၊ ကြယ်များနှင့် လတို့ ကြားမှာ ကျွန်တော့် အတွေးများနှင့် ကားပေါ်မှာ အိပ်ပျော်တစ်ချက်၊ မပျော် တစ်ချက်။ လ.၀.က ဂိတ်များကို ဖြတ်ရ၍လည်း အိပ်မည်ကြံလိုက်၊ နိုးလိုက်ပင်။

တစ်ခေါက်မှာတော့ ကားပေါ်မှာ ကျောင်းသား၊ ကျောင်းသူ အုပ်စုတစ်စုပါလာ၏။ လူငယ်များဖြစ်၍ ဆူကြ၊ အော်ကြ၊ ဟစ်ကြ။ ကျောင်းသားဘ၀ကို ဖြတ်သန်းပြီး အရာရှိဖြစ်နေချိန်မို့ သူတို့တစ်တွေကို နားလည်ပေး၍ ရသည်။ ကျွန်တော်တို့ ကျောင်းသားဘ၀တုန်းကလည်း သူတို့လိုပဲ မဟုတ်လား။ ညဘက် အိပ်မရတတ်သည့် ရခိုင်ခရီးစဉ် အတွက် သူတို့အသံတွေက ထူးပြီး ဆူညံမနေတော့။ သည်မှာပဲ သူတို့အုပ်စုတစ်တွေက သီချင်းတစ်ပုဒ်ကို စဆိုသည်။

နားထောင်ရင်း ကျွန်တော် သဘောကျသွားသည်။ အပြင်မှာ ကျွန်တော် နားမထောင်ဖူးသော သီချင်း။ ကြားကြားချင်း ဘယ်သူဆိုမှန်းပင် မသိ။ သို့သော် နားထဲကို တန်းဝင်သွားသည်။ ကျွန်တော် လိုက်ဆိုကြည့်ချင်သည်။ စာသားမျှ မရတာ။

နောက်တော့ ရန်ကုန်ရောက်ပြီး အိမ်ကညီအစ်ကိုများနှင့် ခင်ရာမင်ရာတွေ လိုက်မေးမှ စီးရီးမထွက်သေးဘဲ အပြင်က mp3 အခွေတွေ ထဲမှာ ထပေါက်နေသော သီချင်း။ မန္တလေးမှာတော့ အဆောင်တွေရှေ့မှာ ထိုသီချင်းက တော်တော်ရေပန်းစား၊ ဟစ်ထနေသည်ဟု ပါးစပ်စကားအရ သိရသည်။

CD ရလာတော့ ဂစ်တာတီးချင်လွန်း၍ ကိုယ့်ဘာသာ Chord ရှာပြီး တီးကြည့်သည်။ အဆင်ပြေသွားတော့ ကျွန်တော်တို့၏ ညဘက်ဂစ်တာဝိုင်းလေးများထဲမှာ ထိုသီချင်းက အမြဲလို နေရာယူလာခဲ့တော့၏။ အမှန်အတိုင်း ၀န်ခံရလျှင် ထိုအချိန်မှာတောင် မည်သူရေး၍၊ မည်သူဆိုသည်ကို မသိသေး။ နောက်တော့ အခွေထွက်လာမှ ပူစူးရေး၍ IMP ဆိုသော အဖွဲ့က သီဆိုသည်တဲ့။ သီချင်းနာမည်က "ချစ်သူမျက်နှာ"။

အကြောင်းအရာက ရိုးသည်။ သို့သော် တင်ပြပုံ ဆန်းသည်ဟု ကျွန်တော် ဆိုချင်သည်။ ချစ်သူက ခွဲခွာသွား၍ ကျန်ရစ်ခဲ့သော အကြောင်းအရာကိုပင် တခြားအကြောင်းအရာနှင့် မပြော။ မျက်နှာနှင့် ပြောသွားသည်။ စိတ်ကောက်၍ ချော့ခဲ့ရသည့်အခါ ပြုံးသွားသည့်မျက်နှာ။ အမုန်းများနှင့် ပြည့်နှက်သွားသည့်အခါ သူစိမ်း တစ်ယောက်လို ဖြစ်သွားသည့်မျက်နှာ။ ထိုအရာသည် ချစ်သူမျက်နှာ တဲ့လေ။

Melody လှသည်။ ကိုယ်ပိုင်သံစဉ်ချိုချိုတို့၏ အလှမျိုး။ ကျွန်တော်ကတော့ "လူကဲခတ်မတတ်တဲ့ ငတုံးလို"၊ "မင်းမုန်းသွားလည်း ချစ်လို့ငါ မပြီးသေးပါ"၊ "တကယ်လို့ အသဲကိုနောက်တစ်ခါ ကစားရင် နည်းနည်းလေးတော့ အချက်ပြခဲ့ဦး" ဆိုသော စာသားများကို သဘောကျနှစ်ခြိုက်မိသည်။ "ချစ်သူမျက်နှာ၊ ကဗျာလိုဖတ်၊ ရင်ခုန်တတ်စွာ၊ ကာလတာရှည်၊ လွန်လေပြီလား" ဆိုသော ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၏ ကဗျာတစ်ပိုင်း တစ်စကိုပင် သတိရမိ၏။

ထိုသီချင်းကို တော်တော်များများ နားထောင်ပြီးလောက်ပြီဟု ကျွန်တော် ယုံကြည်ပါသည်။ သို့သော် ကျွန်တော်ခံစားမိသော သီချင်းများထဲတွင် ထိုသီချင်းပါနေ၍ ယခု တင်ပြလိုက်ပါသည်။ ။


ဆူးသစ်
၂၀း၅၆ နာရီ
၆.၃.၂၀၁၁

1 comments:

Angelhlaing(May everybody be happy and healthy! said...

အကိုရေ..စာနဲ့သီချင်းနဲ့အရမ်းလိုက်ဖက်သလို
စိတ်ကူးကောင်းတဲ့အကိုကိုယ့်ကိုအားကျလိုက်တာ။
အားပေးသွားလျှက်...
ညီမလေး
ကောင်းသောနေ့လေးဖြစ်ပါစေအကို။

Related Posts Plugin for WordPress, Blogger...