Monday, February 20, 2012

" ကျွန်တော်အကြိုက်ဆုံး စာရေးဆရာ "


တစ်ပင်တည်း
ရင်ထဲကနွယ်။
ခက်ညွန့်သန် နုသစ်လို့
ရစ်ပတ်နှောင်တွယ်။
သံယောဇဉ် ဆိုတာရယ်
နွယ်ကလေး တစ်မျှင်ပေါ့။
ရာသီတွေ ဘယ်လိုပြောင်းပေမယ့်
ခေါင်းထောင်လို့ကြော့။ ။

ဒီကဗျာလေးကို တော်တော်များများတော့ ကြားဖူးကြမယ်ထင်ပါတယ်။ ဆရာနွမ်ဂျာသိုင်း ရဲ့' တစ်ပင်တည်း ရင်ထဲကနွယ်' ဆိုတဲ့ လုံးချင်း ၀တ္ထုမှာ ပါခဲ့တာပါ။ ရေးသူကတော့ မောင်စိန်ဝင်း( ပုတီးကုန်း) ပါ။ ' နွယ်' လို့ သူ့ကဗျာကို နာမည်ပေးထားပါတယ်။

တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲ ၀ါဝါ
ညှာတံပဲ ပြုတ်ပြုတ်
ဖြုတ်ခနဲပဲ ကြွေကြွေ
မြေမှာပဲ ရောက်ရောက်
ဖွဖွလေးကောက်လို့
ပန်းခြောက်ကလေးပဲ မြတ်နိုးမယ်။

ဒါကလည်း မောင်စိန်ဝင်း(ပုတီးကုန်း) ဆိုတဲ့ ကဗျာဆရာ တစ်ယောက်ရဲ့ 'အချစ်ဦး' ဆိုတဲ့ ကဗျာလေးပါ။ လူတော်တော်များများ ကြားဖူးနေမယ်လို့ ထင်ပါတယ်။

ကျွန်တော်လူပျိုပေါက် အရွယ်တုန်းက အချစ်လုံးချင်း ၀တ္ထုတွေ စဖတ်ခဲ့ပါတယ်။ ပထမဆုံး ဖတ်ဖြစ်တာ မောင်သာပြည့် ပါ။ ဒီဘက်ခေတ် လူငယ်တွေ ကြားတောင် ကြားဖူးပါတော့မလား မသိပါဘူး။ ကျွန်တော်တို့ ငယ်ငယ်က နေခဲ့တဲ့ စမ်းချောင်းမြို့နယ်မှာ သူနေပါတယ်။ ကျွန်တော်တို့နဲ့ တစ်မြို့နယ်ထဲမှာ ဆိုတော့ စာရေးဆရာတစ်ပိုင်း၊ စာပေစာနယ်ဇင်း အဖွဲ့ဝင်တစ်ပိုင်း ဖြစ်တဲ့အဖေနဲ့ ဆရာ မောင်သာပြည့် တို့ ရင်းနှီးခဲ့တော့ စာအုပ်တွေ အကုန်ရခဲ့ပါတယ်။ ဒီတော့ အိမ်မှာရှိတဲ့ ကျွန်တော်တို့က အချစ်ဝတ္ထုတွေ တော်တော် ဖတ်ဖြစ်ပါတယ်။

အဲဒီအချိန်က ဆရာမောင်သာပြည့်ရဲ့ အောင်မြင်မှုဟာလည်း ကြောက်ခမန်းလိလိပါ။ သူ့ရဲ့ ဇာတ်ကောင်တွေမှာ အမြဲပါနေကျ နာမည်တွေဖြစ်တဲ့ ရဲတို့၊ အောင်တို့ကနေ သူ့ဇာတ်ကောင်နာမည်ကို သဘောကျလို့ ပေးထားတယ် ဆိုတဲ့ မင်းသားတစ်လက်တောင် မြန်မာ့ရုပ်ရှင်လောကမှာ ပေါ်ထွက်လာခဲ့ ပါတယ်။ သူကတော့' ကျော်ရဲအောင် 'ပါ။

နောက်တော့ ကျွန်တော်တို့အိမ်ကို မောင်စိန်ဝင်း(ပုတီးကုန်း) နာမည်နဲ့ အချစ်လုံးချင်း ၀တ္ထုတွေ စရောက်လာပါတယ်။ အဲဒီတုန်းက ကျွန်တော့်အဖေက ကြို့ပင်ကောက်မှာ အထက်တန်းကျောင်း အတူတက်ခဲ့တဲ့ သူ့သူငယ်ချင်း ရေးတာလို့ပြောတယ်။ ဒီလိုနဲ့ မောင်စိန်ဝင်း(ပုတီးကုန်း) ဆိုတဲ့ စာရေးဆရာတစ်ယောက် ဆီက စာအုပ်တွေ လက်ဆောင် ရလာတယ်။ ရန်ကုန်မှာ သူတို့နှစ်ယောက် အဆက်အသွယ်ရှိတယ်တဲ့။ အခု စာပေလောကမှာ အောင်မြင် လာပြီတဲ့။ ဒါနဲ့ မောင်စိန်ဝင်း(ပုတီးကုန်း) ဆိုတဲ့ စာရေးဆရာ တစ်ယောက်ကို ကျွန်တော်လူပျိုပေါက် အရွယ်မှာ စသိခွင့်ရပါတယ်။ အမှန်အတိုင်းပြောရရင် အဲဒီအချိန်တုန်းက သူ့ကလောင်နာမည်ကို ကြည့်ပြီး သိပ်စိတ်ဝင်တစား မဖြစ်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကလောင်နာမည်က တည့်တည့်ပြောရရင် လူငယ်တွေအတွက် နည်းနည်းရိုးလွန်းနေလို့ပါ။

ဒါပေမဲ့ သူ့စာအုပ်တွေ စဖတ်တော့မှ သူ့အရေးအသားတွေကို စိတ်ဝင်စားလာမိပါတယ်။ ပထမဆုံး သတိထားမိတာ သူ့ရဲ့ကဗျာပါ။ သူက ကဗျာအရေးကောင်းတယ်လို့ ကျွန်တော်ထင်မိတယ်။ နောက်တော့ သူ့စကားပြေ အရေးအသားတွေကို ကျွန်တော်ကြိုက်လာတယ်။ အရေးအသားပြေပြစ်တယ်။ ဆွဲဆောင်မှု ရှိတယ်။ ဖြစ်ချင်တော့ ကျွန်တော်က အဲဒီအချိန်မှာ ကဗျာရူး၊ စာရူး ဘ၀ကို စနေပါပြီ။ ဒီအချိန်မှာ သူ့ကဗျာတွေကို ဖတ်ခွင့်ရတာ ကျွန်တော့်အတွက်တော့ ရေငတ်တုန်း ရေတွင်း ထဲကျတာပါပဲ။ ကျွန်တော်က ကဗျာရေးနည်းတွေကို စပြီးလေ့လာနေတဲ့အချိန်မို့လို့ပါ။

နောက်တော့ 'သောကခြေရာ ရတနာ' ဆိုတဲ့ သူ့ကဗျာစာအုပ်ကို ဖတ်ရပါတယ်။ တော်ရုံပါရမီရှင် မဟုတ်ဘူးဆိုတာ ကျွန်တော်သိလိုက်ပါတယ်။ သူ့ကဗျာနဲ့ပတ်သက်ပြီး ဆောင်းပါးရေးထားတဲ့ ဆရာ အောင်သင်းက ' တပေါင်းနေ ချောင်းရေကို ငုံ့အသောက် ' ဆိုတဲ့စာသားကို ဖတ်ပြီး ဒီလိုစာသားမျိုးတွေက ပါရမီရှိတဲ့ မောင်စိန်ဝင်း(ပုတီးကုန်း) လိုလူမျိုး ဆီကိုပဲ လာတတ်ကြောင်း မှတ်ချက်ပေးထားပါတယ်။ ကျွန်တော့်ဆီကို အဲဒီလို စာသားတွေ လာမလား လို့တောင် ကျွန်တော်တွေးခဲ့မိပါသေးတယ်။ ကျွန်တော်က စာပေနဲ့ပတ်သက်ပြီး တော်တော်ရူးသွပ်နေတာကိုး။

နောက်တော့ သူ့ ၀တ္ထုစာအုပ်တွေဖတ်ရင်း ကျွန်တော် သူ့ကဗျာတွေထဲက တချို့ကို အလွတ်ရလာပါတယ်။

မြင်ကတည်းက
ရင်ထဲက စွဲခဲ့တယ် မဏိစန္ဒာ။
ဘုရင့်ဘဏ္ဍာ မတော်မတရားနဲ့
အရှင့်အာဏာ စော်ကားခဲ့မိသူမို့
ဪ-ဓားထိကာ အသေသတ်ရင်လည်း
ကျေနပ်မှာပါ။
မလျော်တာ အခက်ကြံဆခဲ့မိသူမို့
အနော်ရထာ မျက်မာန်ရှမှာလည်း
ခံရမယ် အသေအချာသိပေမယ့်
ဝေဒနာရှိသူ ရင်မှာ မအေးလေတော့
သေဘေးကိုတဲ့ မမြင်သာ
အကြင်နာက နှစ်ဆင့်ပိုကဲ။
မသင့်လျော်တာ ချစ်လာခဲ့မိသူမို့
အရှင့်အပေါ်မှာ သစ္စာမဲ့သူလို့
ကဲ့ရဲ့ကာ ဆိုချင်ဆို
ငြိုငြင်လိုက ငြိုငြင်လိုက်
ကိုယ့်ထိုက်နဲ့ ကိုယ့်ကြမ္မာပေါ့
လက်လွှဲကာ ရှေ့တော်ဆက်ရပေမယ့်
မွေ့ပျော်ရက်တယ် သခင်ထင်သလား
ရင်ခွင်မှာ ဆယ်နေကဲသလို
အမြဲ ပူလောင်လှချည်ရဲ့
ကြိုးနှောင်ကာ အရှင်တည်းပါလို့
ရင်ထဲကို လှံမထိခင်က
ချစ်မိသူ အသည်းကြွေပြုန်းကာ
(မဏိစန္ဒာရယ်.........)ကိုယ်ကတော့
အမြဲသေဆုံးခဲ့ပြီပဲ။ ။

' အရိန္ဒမာ သိပါသည် ' ဆိုတဲ့ လုံးချင်းဝတ္ထုထဲကပါ။ ကျွန်တော်တို့ကြားဖူးတဲ့ အနော်ရထာ၊ ကျန်စစ်သား နဲ့မဏိစန္ဒာတို့ရဲ့ နောက်ခံဇာတ်ကြောင်းကို ဖွဲ့ထားတဲ့ကဗျာပါ။ ကျွန်တော့်အစ်ကိုကြီးလည်း တော်တော် ကြိုက်ခဲ့တဲ့ ကဗျာပါ။

သူ့ဝတ္ထုတွေထဲမှာ ကျွန်တော်တော်တော်ကြိုက်ခဲ့တဲ့ လုံးချင်းတွေက တော်တော်များပါတယ်။ မှတ်မှတ် ရရ ပြောရမယ်ဆိုရင် "ပြန်ပြောချင်တဲ့ သံယောဇဉ်ဖွဲ့ စကားလေးတွေ" ဆိုတဲ့လုံးချင်းပါ။ ယောကျာ်းတွေကို အထင်မကြီးတဲ့ အမျိုးသမီးတစ်ယောက်က လုပ်ငန်းခွင်ထဲက အင်ဂျင်နီယာတစ်ယောက်ရဲ့ လေးစားအပ်တဲ့ စိတ်ဓာတ်ကို တွေ့ပြီး သူတို့နှစ်ယောက် ချစ်သူတွေဖြစ်သွားတဲ့ ဇာတ်လမ်းပါ။ ဇာတ်ရဲ့ အလှည့်အပြောင်းတွေ ကတော့ အများကြီးပါ။ ဖတ်ရင်းနဲ့ကို တော်တော်သဘောကျမိတဲ့ ၀တ္ထုပါ။

နောက်တစ်အုပ်ကတော့ " ပန်းရိပ်မှာ လွမ်းလိပ်ပြာဝဲ " ဆိုတဲ့ လုံးချင်းပါ။ အလုပ်ထဲမှာ လူ့အသက်ကယ် အနစ်နာခံ ကူညီရင်း မျက်လုံးကန်းသွားလို့ ချစ်သူကို အထင်လွဲအောင် လုပ်ပြီး တမင်လမ်းခွဲခဲ့တဲ့ လူတစ်ယောက်အကြောင်းပါ။ ဖတ်ပြီးတဲ့ အချိန်မှာ ရင်ထဲမှာ နင့်နေအောင်ကျန်ခဲ့တဲ့ ၀တ္ထုပါ။ အဲဒီ လုံးချင်းရဲ့ အဓိက ကဗျာကိုတော့ ကျွန်တော် မှတ်မိနေပါသေးတယ်။

ပန်းရိပ်မှာ
လွမ်းလိပ်ပြာဝဲ။
အနုသယလမ်းမှာ
သမုဒယပန်း မခြွေသာတော့
ဝေဒနာ ၀တ်ရည်ဖြစ်ပါလို့
သံယောဇဉ် အမျှင်သစ်တွေနဲ့
ယစ်မူးတွယ်တာ နမ်းရှိုက်နေဆဲမှာပဲ
( အချစ်ရယ်....ရင်ထဲမှာတော့)
ကျွမ်းမြိုက်ကြေကွဲ။ ။

မောင်စိန်ဝင်း(ပုတီးကုန်း) လို့ သေသေချာချာ သိလာခဲ့ရပြီး နောက်မှာတော့ သူ့ရဲ့စကားလုံး တချို့ကို ကျွန်တော် သတိထားမိလာပါတယ်။ သူသုံးလေ့ရှိတဲ့ စကားလုံးတချို့ပါ။ အနုသယ၊ သမုဒယ၊ သစ်တန်း၊ ဘာသာ၊ ....လေ စတဲ့ စကားလုံးတွေဟာ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) သုံးလေ့ရှိတဲ့ စကားလုံးတွေပါ။ သူ့ရဲ့ ဇာတ်ကောင်တချို့က ကိုယ့်ဘာသာ ပြောရင် ဘာသာ လို့ သုံးပါတယ်။ မှတ်မိမယ်ဆိုရင် "ခပ်စိမ်းစိမ်းပဲ နေပါ့မယ်" ဆိုတဲ့ ၀တ္ထုထဲက ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မို့မို့မြင့်အောင်ဟာ ဘာသာ ဆိုတဲ့ စကားကို အဲဒီရုပ်ရှင်မှာ တွင်တွင် သုံးခဲ့ပါတယ်။

သစ်တန်းဆိုတာကတော့ ဆရာ့ရဲ့ သစ်ပင်၊ သစ်ရိပ်တွေကို သုံးတဲ့အသုံးပါ။ အနုသယတို့၊ သမုဒယတို့ ဆိုတာကတော့ ငယ်ငယ်ကတည်းက တရားနဲ့မစိမ်းတဲ့ ဆရာက ပိုပြီး အသုံးများခဲ့တဲ့စကားတွေပါ။ ကဗျာဆရာ ဖြစ်တဲ့ သူ့အတွက် အဲဒီစကားလုံးတွေက တော်တော်လည်း လှပခဲ့ပါတယ်။ ကာရန်က ညီနေတာကိုး။ .......လေ ဆိုတာကတော့ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ကိုယ်ပိုင်စတိုင် ဘာသာ ဆိုတဲ့စကားလို စာကြောင်းအချမှာ သုံးတဲ့ စကားလုံးပါ။ ဥပမာ-တွယ်ငြိတတ်လျှင် ရင်မောရ ပါသည်လေ......ဆိုတာမျိုးပါ။

ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ၀တ္ထုတွေထဲမှာ ကျွန်တော့်အတွက် နောက်ထပ်မှတ်မှတ်ရရ ဖြစ်စေတဲ့ ၀တ္ထုတွေ ရှိပါသေးတယ်။

လျှောက်ရဲသလား
နှစ်ယောက်တည်း သွားမယ်မေ။
လမ်းမပြေ ကြမ်းနေခဲ့ရင်လည်း
အနမ်းဝေ အပန်းဖြေလှည့်ပါကွယ့်
(လျှောက်ရမှာကတော့... )
ပန်းခြွေတဲ့နွေ။
ဘ၀ရာသီအလှည့်မှာ
အလှယာယီ ဖွဲ့လေသလား
ပြာရီလဲ့ ဆင်းပြေပြေ
ဪ-နှင်းဝေလို့ မှုန်ရီလောင်း။
သောကနှင်းတွေလား
မောဟနှင်းတွေလား
လောကတွင်းမှာ မှုန်ရီဝဲလေမှ
(သူ့ကိုလေ) ယုံကြည်ရဲစွာ နားလည်သမျှ အမှားဖြစ်အောင်
ထားရစ်ကာ ကျွမ်းစေခဲ့သူရဲ့
အနမ်းတွေနဲ့ အလွမ်းတွေဖွဲ့ ဖြေမပြေ မင်းစေတဲ့ အကြောင်းပါပဲ
(အချစ်ရယ်...ရင်ထဲမှာတော့)
ပန်းခြွေတဲ့နွေ နှင်းဝေတဲ့ဆောင်း။ ။

"ပန်းခြွေတဲ့နွေ နှင်းဝေတဲ့ဆောင်း" ဆိုတဲ့ ၀တ္ထုထဲကပါ။

ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ၀တ္ထုတွေကို ကျွန်တော်ဘာလို့ ပြန်မှတ်မိလဲ ဆိုရင် သူ့ကဗျာတွေ ကြောင့်ပါ။ သူ့ကဗျာတွေကို ဘာလို့မှတ်မိလဲ ဆိုရင် အသံ သာတာရယ်၊ သူ့ဝတ္ထုတွေရယ် ကြောင့်ပါ။ ဒီတော့ ပြန်စဉ်းစားကြည့်ရင် အပြန်အလှန် ဆက်စပ်နေတာ သွားတွေ့ရပါတယ်။ ဆရာအောင်သင်း ပြောတဲ့ စကားကို ဖောက်သည် ချရရင် သူ့ကဗျာတွေဟာ သူ့ဝတ္ထုတွေအတွက် ဇာတ်ဝင်သီချင်းတွေပါပဲ။ အဲဒါကြောင့် ကျွန်တော်လည်း အလွတ်ရတဲ့အထိ မှတ်မိနေတာ ဖြစ်ပါလိမ့်မယ်။

ရိုးရိုးသားသား ၀န်ခံရရင် ကျွန်တော့်လက်ထဲမှာ ရေးပြီးသား ကဗျာအပုဒ်ရေ တစ်ထောင်ကျော်ရှိပါတယ်။ ဘယ်နှစ်ပုဒ်များ အလွတ်ရလဲမေးရင် လက်ဆယ်ချောင်းတောင် ပြည့်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ဘာသာ တစ်ခါတစ်ရံ စိတ်ကူးပေါက်လို့ ကဗျာတွေ တီးတိုးရွတ်ဖြစ်ရင် ကျွန်တော့်ကဗျာကိုတောင် ကျွန်တော် မရွတ်ဖြစ်ပါဘူး။ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ကဗျာတွေကိုသာ ရွတ်ဖြစ်ခဲ့ပါတယ်။ အဲဒါကိုက ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ထူးခြားချက်လား၊ ပါရမီလား ဆိုတာ ကျွန်တော်မသိပါဘူး။

ခုန လုံးချင်းကိစ္စ ပြန်ဆက်ရရင် အဲဒီ "ပန်းခြွေတဲ့နွေ နှင်းဝေတဲ့ဆောင်း" ဆိုတဲ့ ၀တ္ထုဟာ ရုပ်ရှင်မင်းသမီး ဖြစ်သွားတဲ့ ချစ်သူ အမျိုးသမီးကိုတော့ စွပ်စွဲချင်ရာစွပ်စွဲ၊ ထင်ချင်ရာထင်ခဲ့ပြီးမှ ကိုယ်တိုင်အောင်မြင်တဲ့ စာရေးဆရာ ဖြစ်လာတဲ့အခါကျတော့ အောင်မြင်မှုကို ယစ်မူးသွားတဲ့ လူတစ်ယောက် အကြောင်းကို ရေးဖွဲ့ထားတာပါ။ နှစ်အုပ်တွဲ ၀တ္ထုပါ။ တကယ်တော့ ၀တ္ထုရှည်ကို နှစ်အုပ်တွဲ ရေးရတာ ခက်တယ်ဆိုတာ အဲဒီအချိန်တွေ ကတည်းက လုံးချင်းတွေ စမ်းပြီး ရေးနေတဲ့ ကျွန်တော် သိခဲ့ပါတယ်။ ဒါပေမဲ့ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ရေးထားတဲ့ နှစ်အုပ်တွဲတွေကျတော့ တော်တော် ဖတ်လို့ကောင်းပါတယ်။ "ပန်းခြွေတဲ့နွေ နှင်းဝေတဲ့ဆောင်း" ဆိုရင် ပထမအုပ်မှာကိုက ဇာတ်လမ်းဆုံးခါနီးမှာ နောက်တစ်အုပ်ကို ဆက်ဖတ်ချင်လောက်အောင် ဆွဲခေါ်သွားခဲ့ပါတယ်။ ကျွန်တော်ဆို နောက်တစ်အုပ်ဖတ်ချင်လွန်းလို့ မနည်းအောင့်အည်း သည်းခံခဲ့ရဖူးတယ်။

နောက်ထပ် ကျွန်တော်ကြိုက်တဲ့ နှစ်အုပ်တွဲဝတ္ထုကတော့ " နှလုံးသားတောင်ထိပ်က အလွမ်းမိုးရိပ်တွေပါညို" နဲ့" မျက်ဝန်းထဲမှာ မိုးရွာပြီညို " ဆိုတဲ့ ခေါင်းစဉ်ပါ နှစ်မျိုးပေးထားတဲ့ ၀တ္ထုပါ။ ရုပ်ရှင်ရိုက်ခဲ့ပါတယ်။ မောင်၊ ညို နဲ့ တိုက်ဒ်ဆိုတဲ့ ဇာတ်ကောင်သုံးယောက်ကို လှလှပပဖွဲ့ပေးထားတာပါ။

စာရေးဆရာတွေမှာ ရာသီနဲ့ပတ်သက်ပြီး အစွဲရှိတယ်ဆိုရင် ကျွန်တော့်အမြင် ပြောရရင် ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ဟာ မိုးကို တော်တော်စွဲလမ်းပုံရတယ်လို့ ကျွန်တော်ထင်မိပါတယ်။ သူတပ်ထားတဲ့ အဲဒီဝတ္ထုခေါင်းစဉ်သာမက နောက်ထပ် ၀တ္ထုတစ်အုပ်ရဲ့ ခေါင်းစဉ်တစ်ခုမှာလည်း မိုးကိုတွေ့ရပါသေးတယ်။ အဲဒါကတော့ " ပြိုမယောင် ဟိုတောင်ကမိုး" ပါ။

ညို..ညို..ညို့၍
ဟို့မှာမှောင်ရီ၊ ရွာတော့မည်လား
ထင်မှတ်မှားအောင်
ပြိုမယောင်နှင့်၊ ဟိုတောင်ကမိုး...။

ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ဖွဲ့ထားတာက တော်တော်လှပါတယ်။ နောက်ထပ် "ကလောမိုး" ဆိုတဲ့ ကဗျာမျိုးလည်း သူရေးခဲ့ပါသေးတယ်။ အဲဒီကဗျာကိုတော့ ကျွန်တော်အလွတ်မရပါဘူး။

ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) နဲ့ပတ်သက်လို့ နောက်တစ်ခု ပြောစရာရှိတာက ကဗျာဆရာမို့လို့လား မသိပါဘူး။ စကားပြေမှာ ကဗျာဆန်တဲ့၊ လှတဲ့ အဖွဲ့လေးတွေ သူ့ဝတ္ထုတွေထဲမှာ တွေ့ရပါတယ်။ ကျွန်တော်မကျက်ဘဲ မှတ်မိနေတဲ့ စာသားလေးတစ်ဖွဲ့က ဒီလိုဆိုပါတယ်။

ဘယ်သူမသိသိ၊ သူသိရင် ကျေနပ်တယ်။
ဘယ်သူမရှိရှိ၊ သူရှိရင် ပြည့်စုံတယ်။
ဘယ်သူတွေ ဘယ်လောက်ပဲ မေ့ထား၊ မေ့ထား၊ သူမေ့သွားမှာပဲ တွေးပူတယ်။
အဲဒီလို သမုဒယစကား၊ အခုဘ၀မှာ သူကြားမှကြားနိုင်ပါတော့မလားလေ.....။

အဲဒီလို စာသားလေးတွေဟာ သူ့ဝတ္ထုရဲ့ အစမှာ ပါတတ်ပါတယ်။ သီးခြားဖော်ပြထားတာပါ။ တကယ်တော့ အဲဒီစာသားဟာ ဇာတ်ရဲ့ အလယ်မှာ၊ ဒါမှမဟုတ် ဇာတ်ရဲ့အဆုံးမှာ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီစာသားတွေကို စာအုပ်အစမှာ ဖတ်မိတဲ့ ကျွန်တော်တို့ကတော့ စာအုပ်ကို မဖတ်ဘဲ မနေနိုင်အောင် ဖြစ်ခဲ့ မိတာကတော့ အသေအချာပါပဲ။

ဒီလိုစာသား၊ ဒီလိုကာရန်တွေနဲ့ကြောင့်ပဲ ထင်ပါရဲ့။ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ကဗျာတချို့ဟာ သီချင်းတွေ ဖြစ်လာခဲ့ပါတယ်။ အဲဒီ သီချင်းတွေကိုလည်း ကျွန်တော် ကြိုက်ခဲ့ပါတယ်။ နဂိုကတည်းက ကဗျာက နားမှာ စွဲပြီးသားကိုး။ မျက်သွယ်၊ ရတနာသူ၊ ချစ်သူသိလေ၊ အချစ်ဦး စတဲ့ သီချင်းတွေဟာ ကဗျာမှာ ကတည်းက လူတိုင်းနီးပါး သိခဲ့ကြတာပါ။ ကျွန်တော်တို့က ကိုတိုးကြီးလို့ ချစ်စနိုးနဲ့ ခေါ်တဲ့ ခင်မောင်တိုးကပဲ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ကဗျာတွေကို သံစဉ်ဖွဲ့ပြီးရင် အမြဲ ဆိုခဲ့တာပါ။ တစ်ကျောင်းတည်းက သူငယ်ချင်းတွေ မို့လို့လားတော့ မသိပါဘူး။ ဒါပေမဲ့ အဲဒီသီချင်းတွေကလည်း ကိုတိုးကြီး ဆိုတာက ကျွန်တော်တို့ အတွက် ပိုနားဝင်ကောင်းနေပါတယ်။ ကဗျာတွေကို ခံစားပြီးသား ဖြစ်နေလို့ပဲ ထင်ပါရဲ့။

နောက်ထပ်မှတ်မိနေတာက ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ လုံးချင်းတွေ ရုပ်ရှင်ရိုက်ရတာကိုပါ။

သံယောဇဉ် အမျှင်တန်းကို
ရှင်ခန်း ဘယ်သူဖြတ်နိုင်ပါ့
ပူတတ်သူ တစ်သက်နွမ်းရော့လို့
လက်ကမ်းကာ ဝေဒနာမမျှချင်လည်း
ဘ၀နွေ အနုသယတောမှာ
သမုဒယအမောတွေ တစ်ဇာတ်သိမ်းအောင်
( အချစ်ရယ်....)
ခပ်စိမ်းစိမ်းပဲ နေပါ့မယ်။ ။

အပေါ်တုန်းက ကျွန်တော်ပြောခဲ့တဲ့ မို့မို့မြင့်အောင် သူ့ကိုယ်သူ ဘာသာ၊ ဘာသာ လို့တွင်တွင်သုံးခဲ့တဲ့ "ခပ်စိမ်းစိမ်းပဲ နေပါ့မယ် " ဆိုတဲ့ ၀တ္ထု ထဲက ကဗျာပါ။ မဝေကလေ လို့ ပြောရင် လေသံကအစနွဲ့တဲ့ အပျိုကြီး အဖြစ် သရုပ်ဆောင်ရတဲ့ မို့မို့မြင့်အောင် အဲဒီကားမှာ အကယ်ဒမီရခဲ့ပါတယ်။ ဇာတ်ကားနာမည်နဲ့ ၀တ္ထုနာမည် အတူတူပါပဲ။ ရုပ်ရှင်ကို ကြိုက်ပါတယ်။ ၀တ္ထုနဲ့ အနီးဆုံးတူအောင် ရိုက်နိုင်လို့ပါ။ ရဲအောင်လည်း လူလားမြောက်သွားခဲ့တဲ့ ဇာတ်လမ်းလို့ ပြောလို့ရပါတယ်။

နောက်တစ်ကားက " အရိန္ဒမာ သိပါသည်" ကို ပြန်ရိုက်ထားတဲ့ "မပြောလည်း သိပါတယ်" ဆိုတဲ့ ဇာတ်ကားပါ။ မကြိုက်ပါဘူး။ မေဆွိက ဇာတ်ကောင် မင်းသမီးနေရာက သရုပ်ဆောင်ထားပါတယ်။ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ ဇာတ်ကောင် မင်းသမီးတွေဟာ များသောအားဖြင့် တည်ငြိမ်တဲ့ဇာတ်ရုပ် ရှိသူများပါတယ်။ မေဆွိနဲ့ လုံးဝမလိုက်ပါဘူး။ ၀တ္ထုကို လုံးဝမမီပါဘူး။

"အကြွေပန်းပေမယ့် ရွှေနန်းတော့ ထိုက်ချင်တယ်" ဆိုတဲ့ ဇာတ်ကားနဲ့ ၀တ္ထုနာမည်တူတဲ့ ရုပ်ရှင်ကတော့ ကျော်သူနဲ့ မို့မို့မြင့်အောင် အတွဲမို့ ကျွန်တော်ကြည့်ရတာ အားရခဲ့ပါတယ်။ နှစ်အုပ်တွဲကို ရိုက်ထားတဲ့ "မျက်ဝန်းထဲမှာ မိုးရွာပြီညို" ကတော့ စိုးသူ၊ ရဲအောင်၊ မေသန်းနု အတွဲပါ။ စိုးသူဟာ မောင် ဇာတ်ကောင်နေရာမှာ မဖြစ်ခဲ့ပါဘူး။ ကျန်တဲ့နှစ်ယောက်ကတော့ ဇာတ်ကောင်စရိုက်ကို နိုင်သွားတယ်လို့ ထင်ပါတယ်။

ကျန်တဲ့ရုပ်ရှင်၊ ဗွီဒီယို ဖြစ်သွားတဲ့ကားတွေ ရှိပါသေးတယ်။ နှင်းဆွတ်တောင်ပြန်လေ၊ မေ့မှာစိုးတယ် စတဲ့ကားတွေပါ။ ကျွန်တော်အားလုံးတော့ မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ များသောအားဖြင့် ၀တ္ထုကို မမီတာများပါတယ်။ ကျွန်တော့်အထင် စကားပြေရေးတာသန်တဲ့ လုံးချင်းဝတ္ထုတွေကို ရုပ်ရှင်ရိုက်ရင် အပြအားနည်းတတ်တဲ့ သဘောပဲ ထင်ပါရဲ့။ ကျွန်တော်ကတော့ ၀တ္ထုတွေကိုပဲ ပိုကြိုက်မိပါတယ်။

ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ၀တ္ထုတွေမှာ ကျွန်တော်သတိထားမိတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ သူပြောချင်တဲ့ ပြင်ပက အကြောင်းအရာ၊ သူဖတ်ထားတဲ့ စာတွေထဲက အကြောင်းအရာတွေကို ၀တ္ထုထဲမှာ ညှပ်ပြီးထည့်တတ်တာပါ။ ဇာတ်ကောင်တွေ စကားပြောခန်းမှာ ထည့်တာပါ။ ဥပမာ ဆရာဇော်ဂျီနဲ့ ဆရာမင်းသုဝဏ်တို့ ကဗျာအကြောင်း ဆွေးနွေးတာမျိုးပါ။ အဲဒီအတွက် ကျွန်တော်တို့ဟာ အချစ်ဝတ္ထုဖတ်ရင်း မှတ်သားစရာတွေလည်း တိုးပါတယ်။ တည့်တည့်ပြောရရင် သူများတွေ ရေးတဲ့ အချစ်ဝတ္ထုတွေ လို ဖေတော့မောင်တော့ မဟုတ်ခဲ့ဘူး ဆိုတာပါပဲ။ အဲဒီလို ဖြစ်အောင်လုပ်နိုင်တာကိုက စာရေးဆရာရဲ့ အတတ်ပညာလို့ ကျွန်တော်ယုံပါတယ်။ စာဖတ်သူကို ကိုယ်ပေးချင်တဲ့ Message တစ်ခုကို စာဖတ်သူ ဖတ်ရင်းပျော်ဝင်နေချိန်မှာ ပေးလိုက်နိုင်တာကိုက ပညာပါပဲ။

နောက်ထပ် ကျွန်တော်နှစ်ခြိုက်မိတာက ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ စာအုပ်အဖုံးက ပန်းချီပါ။ အဲဒီ အချိန်တွေတုန်းက ပန်းချီမျိုးမြင့် ဆွဲပါတယ်။ တော်တော်လေးကို ကြည့်လို့ကောင်းသလို ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ ဇာတ်ကောင်တွေနဲ့ သိပ်လိုက်ပါတယ်။ သစ်ရွက်လေးတွေရဲ့ အကြောလေးတွေက အစ တော်တော် ပီပြင်လွန်းပါတယ်။ နောက်ပိုင်း ပန်းချီမျိုးမြင့် နိုင်ငံခြားထွက်သွားတယ်လို့ ကြားရပါတယ်။ အဲဒီတော့ ပန်းချီမောင်မောင်သိုက် ဆက်ဆွဲပါတယ်။ ကျွန်တော်ကတော့ ပန်းချီမျိုးမြင့် ကို ပိုကြိုက်ပါတယ်။

ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ကဗျာစာအုပ်တွေမှာတော့ ပန်းချီစံတိုး ဆွဲသလို နောက်ပိုင်း တချို့ စာအုပ်တွေမှာတော့ မမွှေး လည်း ဆွဲပါတယ်။ အားလုံးရဲ့ လက်ရာတွေဟာ စာအုပ်အတွက် တော်တော်လေး ပံ့ပိုးပေးနိုင်လို့ ကျွန်တော် တော်တော်ကြိုက်ခဲ့ပါတယ်။ ကျွန်တော်သာ လုံးချင်းတွေ ထုတ်ဖြစ်ရင် အဲဒီပန်းချီဆရာ၊ ဆရာမတွေ သုံးမယ်လို့တောင် စိတ်ကူးယဉ်ခဲ့မိတာပါ။

ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ၀တ္ထုတွေ ကြိုက်ရခြင်းထဲက နောက်ထပ် အကြောင်းအရာတစ်ခုကတော့ သူဟာ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား ဖြစ်နေတာလည်း ပါပါတယ်။ သူ့ဝတ္ထုတွေထဲမှာ ကျွန်တော် တက်နေတဲ့ ရန်ကုန်စက်မှုတက္ကသိုလ်အကြောင်းတွေ ပါနေတာကိုး။

တစ်ချိန်က၊ ကျွန်တော်တို့ လူပျိုပေါက်အရွယ်က၊ ရန်ကုန်စက်မှုတက္ကသိုလ် တက်နေစဉ်ကာလက စွဲစွဲလမ်းလမ်း ဖတ်ခဲ့တဲ့ ၀တ္ထုတွေကို ပြောပါဆိုရင် ကျွန်တော်ကတော့ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ၀တ္ထုတွေလို့ပဲ ပြောရမှာပါ။

ဘာပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့ ဘ၀မှာ ကိုယ်နှစ်သက်မိတဲ့၊ ၀ါသနာပါတဲ့ အရာတစ်ခုကို လုပ်နေရရင် ကျေနပ်ဖို့ ကောင်းလှပါတယ်။ အဲဒီလိုကျေနပ်ဖို့ ကောင်းတဲ့ကြားက ကိုယ်နှစ်သက်လေးစားတဲ့ အနုပညာရှင်ရဲ့ လက်ရာတွေကို အမြဲထိတွေ့ခွင့် ရနေတာကလည်း ပိုပြီး နေပျော်စရာပါ။

စာပေ၀ါသနာပါတဲ့ ကျွန်တော့်အတွက်တော့ စာတွေဖတ်နေတဲ့အချိန်မှာပဲ ကိုယ်ကြိုက်တဲ့ စာရေးဆရာ တစ်ယောက်ရဲ့ အရသာရှိတဲ့စာတွေကို ဖတ်ပြီးနေခဲ့ရတာကို တော်တော်ကြီးကို ကျေနပ်မိသလို၊ ပြန်တွေးမိ တိုင်းလည်း ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) ကို လေးစားကျေးဇူးတင်နေတုန်းပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ ရှာဖွေမရရှိနိုင်တဲ့ အနုပညာရဲ့ အသီးအပွင့်တွေကို ခံစားခွင့်ပေးခဲ့လို့ပါ။ ။

ဆူးသစ်
၂၁:၁၃ နာရီ
၂၀.၂.၂၀၁၂

11 comments:

Candy said...

မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ကဗျာလေးတွေ ဖတ်ဖူးပေမယ့် ၀တ္တုတော့ တခါမှ မဖတ်ဖူးဘူး အစ်ကို။

ကဗျာလေးတွေတော့ အရမ်းကြိုက်တယ်.. နောက်ပြီး ချစ်သူသိစေဆိုတဲ့ သီချင်းလေး.. ဘယ်တော့ နားထောင်နားထောင် မရိုးဘူး :D

စံပယ်ချို said...

ဆရာမောင်စိန်ဝင်းကဗျာတွေအတွက်ကျေးဇူးတင်ပါတယ် အကိုဆူးသစ်ရေ
ကူးထားပါရစေနော်
သောကခြေရာစာအုပ်သူများခိုးသွားလို့ပါ
လေးစားလျှက်
jasmine

Han Kyi said...

ကျွန်တော်တို့လည်း မောင်စိန်ဝင်းရဲ့ ကဗျာတွေနဲ့ လူလားမြောက်ခဲ့ရတာပါပဲ ကိုဆူးသစ်ရေ...တပင်ထဲ ရင်ထဲကနွယ်လိုကဗျာမျိုးတွေကို တရှိုက်မက်မက် ဖတ်ခဲ့ကျက်ခဲ့ဖြစ်တာပေါ့...ကိုဆူးသစ်ပြောသလိုပဲ သမုဒယတို့ အနုသယတို့ဆိုတဲ့ စကားလုံးတွေကို သူအသုံးများတာကိုလည်း သတိထားမိပါတယ်...လေးချိုးရှေးရိုးကို ခေတ်စကားလုံးတွေနဲ့ နရီမှန်အောင် ရေးနိုင်လွန်းလို့လည်း လေးစားပါတယ်...ဒါပေမယ့် သူ့ဝထ္ထုတွေကိုတော့ သိပ်မဖတ်ဖြစ်ခဲ့ဘူးဗျာ...

ကျွန်တော်ကျတော့ ဆရာငြိမ်းကျော်ကိုမှ အသည်းစွဲ နှစ်ခြိုက်ခဲ့တာကိုး...ဆရာငြိမ်းကျော်ရဲ့ ဇာတ်ကောင်တွေကလည်း ဆရာမောင်စိန်ဝင်းရဲ့ ဇာတ်ကောင်တွေလို တည်ကြည့်ဖြောင့်မတ်တာက ကျွန်တော်တို့ စွဲလမ်းရခြင်းအကြောင်းရဲ့ အခြေခံအချက်ဖြစ်မယ်ထင်ပါရဲ့...

စကားပြေအားသန်တဲ့ ၀ထ္ထုတွေကို ရုပ်ရှင်ရိုက်ရင် အပြအားနည်းသွားတယ်ဆိုတဲ့ အယူအဆကိုလည်း လက်ခံပါတယ်...စကားပြောကို အားသန်တဲ့ ဆရာနွမ်ဂျာသိုင်းရဲ့ ၀ထ္ထုတွေကို ရိုက်တဲ့ ရုပ်ရှင်တွေက ပိုပြီးအောင်မြင်လေ့ရှိတာကိုး...

သောကခြေရာ ရတနာ ကဗျာတွေကို ပြန်ရှာတာ မတွေ့တော့ဘူးဗျာ...မန်းလေးကို ပြန်မှာတာတောင်မှ မရတော့ဘူးဖြစ်နေတယ်...ကို ဆူးသစ်ဆီကပဲ တစ်ချို့ကဗျာလေးတွေကို ပြန်ကူးထားဖြစ်တယ်...

Unknown said...

ဆရာမောင်စိန်ဝင်းရဲ့ ၀တ္ထုလေးတွေနဲ့ ကဗျာလေးတွေအကြောင်းတင်ပြရေးသွားတာလေးတွေ ဖတ်ရတာာ ကျေးဇူးတင်ပါတယ်။
ကျွန်တော်လည်း ဆရာ့ရဲ့ စာအုပ်တွေ ဖတ်ဖူးပါတယ်။ ဒါပေမယ့် အသေးစိတ်ကို မမှတ်မိဘူး။

ခင်မင်လျက်
Junemoe

Sofar Away Fromu said...

ရင်ထဲကို လှံမထိခင်က
ချစ်မိသူ အသည်းကြွေပြုန်းကာ
(မဏိစန္ဒာရယ်.........)ကိုယ်ကတော့
အမြဲသေဆုံးခဲ့ပြီပဲ။ ။....။

လက်ဝဲ said...

မောင်စိန်ဝင်း ကဗျာလေးတွေ ဖတ်ရလို့ အတော်လေး အာသာပြေသွားတယ် ကျေးဇူးဗျို့...

နောက်လဲ လာပါဦးမယ်

Angelhlaing(May everybody be happy and healthy! said...

ညီမလေးလည်း ဆရာဝထ္ထုတွေကို ပိုကြိုက်တယ် အကို...ကဗျာလေးတစ်ချို့..ကော်ပီယူသွားတယ်အကို
.

Yin Sue said...

တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲ ၀ါဝါ
ညှာတံပဲ ပြုတ်ပြုတ်
ဖြုတ်ခနဲပဲ ကြွေကြွေ
မြေမှာပဲ ရောက်ရောက်
ဖွဖွလေးကောက်လို့
ပန်းခြောက်ကလေးပဲ မြတ်နိုးမယ်။
ဒီကဗျာလေး ပြန်ဖတ်လိုက်ရတာ အရမ်းကျေးဇူးတင်ပါတယ် အစ်ကိုရေ ....နောက်လည်းလာလည်ပါဦးမယ်.....အစ်ကို့ကိုအားပေးလျှက်.....

Yin Sue said...

တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲ ၀ါဝါ
ညှာတံပဲ ပြုတ်ပြုတ်
ဖြုတ်ခနဲပဲ ကြွေကြွေ
မြေမှာပဲ ရောက်ရောက်
ဖွဖွလေးကောက်လို့
ပန်းခြောက်ကလေးပဲ မြတ်နိုးမယ်။
ဒီကဗျာလေးပြန်ဖတ်လိုက်ရလို့ ကျေးဇူးအစ်ကိုရေ...ကဗျာတွေဖတ်ဘူးပေမဲ့....၀တ္တုတော့ သိပ်မဖတ်ဖြစ်ဘူးအစ်ကိုရေ.....

Gienah said...

ကိုဆူးသစ်ခင်ဗျား

ကျွန်တော်ငယ်စဉ်ကဖတ်ပြီး ကြိုက်နှစ်သက်ရသော ၀တ္ထုစာအုပ်တအုပ်ကို ရှာနေပါတယ်။ စာရေးဆရာနာမည်ကို မမှတ်မိတော့ ၀တ္ထုနာမည်ကိုလည်း မမှတ်မိတော့ပါ။ မြန်မာ့စကားပုံတွေ သုံးပြီး ဟဒယရွှင်အောင်ရေးထားတာပါ အချစ်ဝတ္ထုပါ။ မောင်သာပြည့်လို့ထင်တဲ့ အတွက် ကိုဆူးသစ် စိတ်မရှိရင် မောင်သာပြည့်ရဲ့ စာအုပ်နာမည်နဲ့ စာမြည်းလေးတွေ တင်ပေးပါလို့ ပြောပါရစေ။ ကိုဆူးသစ်ရှာရလွယ်စေဖို့ စာအုပ်က ၁၉၉၂ နဲ့ရှေ့ပိုင်းလောက်မှာထွက်တာပါ။ ကျွန်တော် စာအုပ်အမည်လောက်ပြန်ဖော်လို့ရအောင် ကူညီလျှင်ပဲ ကျေးဇူးအထူးတင်လှပါတယ်။

ဆူးသစ် said...

ကို Gienah ခင်ဗျား။ ကျွန်တော်ကစင်ကာပူမှာအလုပ်လုပ်နေပါတယ်။ စာအုပ်တွေကရန်ကုန်မှာပါ။ကျွန်တော်အဆင်ပြေတဲ့အချိန်ရှာပေးပါမယ်။အိမ်ကိုလည်းလှမ်းမေးကြည့်ပါဦးမယ်။ကျွန်တော်လည်းဆရာမောင်သာပြည့်စာအုပ်တွေတော်တော်ဖတ်ခဲ့ပါတယ်။အဲဒီစာအုပ်တွေထဲမှာတော့အဲဒီလိုမပါဘူးလို့ထင်တယ်။ကျွန်တော်မမှတ်မိတာလည်းဖြစ်နိုင်ပါတယ်။ကျွန်တော်ရှာကြည့်ပါဦးမယ်။

Related Posts Plugin for WordPress, Blogger...