Friday, December 21, 2012

" သူတို့ပြောတဲ့ သမုဒယကျောင်း "


တစ်ချိန်ကပေါ့.........။

၁၉၉၃ ခုနှစ်ဆိုတာ ပြန်တွေးရင် မနေ့တစ်နေ့ကလိုပဲ။ လာမယ့် ၂၀၁၃ ခုနှစ်ဆို နှစ် ၂၀ တောင် ပြည့် ပါရောလား။ အဲဒီလွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ရန်ကုန်စက်မှုတက္ကသိုလ်ဆိုတဲ့ ကျောင်းဝင်းကြီးထဲကို ကျွန်တော်ရောက်ခဲ့ဖူးတယ်။

တကယ်တော့ သေသေချာချာ ပြန်တွက်ကြည့်ရင် အခုအချိန်ဟာ ၁၉ နှစ်ကြာ ကာလပါ။ ကျွန်တော်ကျောင်းစတက်တာ ၁၉၉၃ ခုနှစ် နိုဝင်ဘာလကိုး။ ဒီလိုပဲ အေးမြတဲ့ကာလလေး တစ်ခုမှာ ကျောင်းစတက်ခဲ့ရတာ။ နှင်းတွေ၊ မြူတွေ၊ သစ်ရိပ်တွေ၊ စာသင်ခုံတွေ၊ တိုင်လုံးကြီးကြီးတွေ။

ပထမနှစ်မှာ L-2၊ ဒုတိယနှစ်မှာ L-6။ ဒီလိုနဲ့ မက်ခ်လို့ခေါ်တဲ့ စက်မှုမေဂျာရောက်ခဲ့တယ်။ Mechanical Major ဆိုရင် ဆိုးလွန်းလို့လား မသိပါဘူး။ ကျွန်တော်တို့စက်မှု စာသင်ဆောင်တွေဟာ မြေနိမ့်ထဲမှာ။ တစ်မေဂျာလုံးမှာ ယောကျာ်းလေးတွေက များပြီး မိန်းကလေးတွေက လက်ချိုးရေလို့ရတယ်။ စက်မှု တက္ကသိုလ်က စက်မှုမေဂျာလေ။

ပထမနှစ်မှာ စက္ကူမြားတွေပစ်၊ ဒုတိယနှစ်ကျတော့ စာတွေပိ(မေဂျာကို အမှတ်နဲ့ခွဲမှာကိုး) ၊ မေဂျာရောက်တော့ စာလုပ်တဲ့လူက စာပဲ။ ကျွန်တော်တို့ကတော့ စာလုပ်သင့်သလောက်လုပ်၊ ကဲသင့်သလောက်ကဲ။ စာသင်ရတာကိုက ပျော်စရာ။ စာမသင်ချင်ရင် ကင်တင်းန်ကို အချိန်မရွေး သွားလို့ရတာကိုး။ အဲဒီတုန်းက ၀ါဝါဦးလက်ဖက်ရည်ဆိုင် ဆိုတာ ကျွန်တော်တို့ရဲ့ နားနေရာ။ ပြောချင် ရာပြောမယ်။ ငေးချင်ရာငေးမယ်။ နားထောင်ချင်ရာ နားထောင်မယ်။

ဒါပေမဲ့ ဘ၀ဆိုတာ ကိုယ်လိုချင်သလို ဖြစ်မှမဖြစ်တာ။ ကျွန်တော်တို့ ပျော်တဲ့ ကြို့ကုန်းကျောင်းကြီးကို ပဉ္စမနှစ်ကုန်ခါနီးမှာ ပိတ်ပစ်လိုက်တယ်။ အဲဒီအချိန်က ၁၉၉၆ ခုနှစ်။ နောက်နှစ်နှစ်လောက်နေတော့ ဆယ်ရက်လောက် ပြန်တက်ပြီး စာမေးပွဲ ဖြေရတယ်။ ပြီးသွားပြန်ရော။ နောက်နှစ်နှစ်လောက်နေတော့ လှိုင်သာယာမှာ ရန်ကုန်နည်းပညာတက္ကသိုလ်ဆိုပြီး ပေါ်လာတယ်။

ဝေးလိုက်တာမှ လယ်ကွင်းတွေထဲမှာ။ ဟိုးအဝေးမှာ မီးခိုးခေါင်းတိုင်ကိုလည်း မြင်ရတယ်။ စာသင်ရင်း ဘေးကလယ်ထဲမှာ ခွေးနှစ်ကောင် ကိုက်တာဆူနေလို့ ဆရာက စာသင်တာ ရပ်စောင့်ခဲ့ဖူးတယ်။ ကျွန်တော်အပါအ၀င် သူငယ်ချင်းတွေ အတန်းအားရင် နောက်မှာ ၀ိုင်းခြင်းခတ်ခဲ့ကြတယ်။ တချို့ကလည်း Random တွေ နှိပ်လို့။ ကျွန်တော်လည်း မနေနိုင်ရင် ၀င်နှိပ်တယ်။ အဲဒီတုန်းက အိမ်ပြန်လို့ ကားပေါ်မှာတောင် ကားခပေးကြေး နှိပ်ခဲ့ကြတာ။

ကားတွေက အဲဒီအချိန်တုန်းက ကျွန်တော်တို့ နည်းပညာတက္ကသိုလ်က ဂိတ်စ။ ဒီတော့ နေရာအမြဲရတယ်။ အဲဒီတုန်းက တာမွေက နာမည်ကြီးတဲ့ မော်ဒန်လက်ဖက်ရည်ဆိုင်တောင် အဲဒီကျောင်းထဲ လာဖွင့်တယ်။ စာတွေက နောက်ဆုံးနှစ်မှာ အခက်ဆုံးတွေချည်းပဲ။ စာပိတာက တစ်ပိုင်း၊ ကျွန်တော်တို့ ဘာသာ ပျော်စရာရှာရတာက တစ်ပိုင်း။

တကယ်တော့  ကျွန်တော်တို့အားလုံး ကြို့ကုန်းကျောင်းကို ပိုပျော်တာပေါ့။ အဲဒါ ရန်ကုန်စက်မှုတက္ကသိုလ်။ အဲဒါ ကျွန်တော်တို့ ကျောင်း။ အဲဒါ ကျွန်တော်တို့ သူငယ်ချင်းတွေ စဆုံခဲ့တဲ့ နေရာ။ အဲဒီမှာ ပစ္စည်းမဲ့ဂိတ် ရှိတယ်။ အဲဒီမှာ ဦးလူပေါ ပေါင်းမိုးရှိတယ်။ အဲဒီမှာ ရောမတိုင်လုံးကြီးတွေ ရှိတယ်။ အဲဒီမှာ ၀ါဝါဦးရှိတယ်။ အဲဒီမှာ နွေးအေးရှိတယ်။ အဲဒီမှာ ကျွန်တော်တို့ ခုန်ခုန်တက်ခဲ့တဲ့ စာသင်ခန်း မလွယ်ပေါက်လေးတွေ ရှိတယ်။ အဲဒီမှာ ဂျီဟောလ်ရှိတယ်။ အဲဒီမှာ ဩဘာလမ်း ရှိတယ်။ အဲဒီမှာ ချစ်သူတို့လမ်းကလေး ရှိတယ်။ အဲဒီမှာ ကာတွန်းဘောက်စ်ရှိတယ်။ အဲဒီမှာ LCR တို့၊ MCR တို့ ရှိတယ်။

အဲဒီကနေ စာရေးဆရာတွေ ဖြစ်တဲ့ မစန္ဒာတို့၊ နွမ်ဂျာသိုင်းတို့၊ မောင်စိန်ဝင်း(ပုတီးကုန်း)တို့၊ ဆုမိလဲ့တို့၊ အဆိုတော် ခင်မောင်တိုးတို့၊ တေးရေး ကိုရဲလွင်တို့၊ သရုပ်ဆောင်ဆို ကိုသားကြီးလို့ ချစ်စနိုးခေါ်တဲ့ ဒွေးတို့၊ မင်းဦးတို့၊ ဒါရိုက်တာဆို ကိုချိုတူးဇော်တို့။ မော်ဒယ်တို့ရဲ့ မိခင်လို့ အပြင် လူတွေ ပြောတဲ့ မတင်မိုးလွင်တို့၊ အားကစားမှာဆို မြန်မာ့လက်ရွေးစင် ဘောလုံးသမား ကိုသန်းတိုးအောင်တို့၊ ကာတွန်းဆရာ အော်ပီကျယ်တို့ ထွက်ခဲ့ဖူးတယ်။ အဲဒီကျောင်းထဲမှာ အားလုံး မမေ့နိုင်တဲ့ အမှတ်တရတွေက အများကြီးရယ်။

အခုလည်း Mechanical 72 Batch က စီစဉ်တဲ့ 'သမုဒယကျောင်း' ဆိုတဲ့ ဗွီဒီယိုဖိုင်လေးတစ်ဖိုင် ထွက်လာခဲ့တယ်။ တကယ်တော့ ကျွန်တော်စကြည့်ရတာ နမူနာအပိုင်း နည်းနည်းလေး ရယ်ပါ။ နောက်တော့မှ အဆိုတော် ခင်မောင်တိုးဆုံးသွားလို့ အားလုံးကြည့်ရအောင် သူ့ရဲ့နောက်ဆုံး မှတ်တမ်း အနေနဲ့ တင်ပေးခဲ့ကြလို့ ကျွန်တော်အစအဆုံး ကြည့်ရပါတော့တယ်။

အဲဒီဖိုင်ထဲမှာ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)  ပြောတာတွေက စိတ်ဝင်စားစရာ ကောင်းသလို ကိုတိုးကြီးရဲ့ ရိုးရိုးနဲ့ တည့်တည့်ပြောတာတွေ ကြည့်ရတာလည်း သဘောမွေ့စရာပါ။ ဦးဝင်းထိန်ဦးပြောတာတွေ ကလည်း သူတို့ခေတ် စက်မှုတက္ကသိုလ် ကျောင်းသားတွေရဲ့ လွတ်လပ်မှုကို ရင်ခုန်ချင်စရာ။ ကြည့်ဦးလေ။ နောက်ဆုံးနှစ်ပြီးတော့ အင်္ကျီချွတ်ပြီး ကိုယ်လုံးတီးနဲ့ တစ်ကျောင်းလုံးကို ပတ်ပြေးတာတဲ့။ ကျွန်တော်တို့တော့ အဲဒီလို မလုပ်ခဲ့ဖူးဘူး။ မလုပ်ခဲ့ရတာကို နောင်တတောင် ရချင်တယ်။ နောင်တော် ကြီးတွေနဲ့ ဝေးသွားတာကိုး။ ကိုသန်းတိုးအောင်တို့တုန်းကလည်း ဩဘာလမ်းကို လောင်းကြေးနဲ့ ဖြတ်ခဲ့ ကြတယ်လို့ သိခဲ့ရတာ။

အဲဒီ ဗွီဒီယိုဖိုင်ထဲမှာ ကျောင်းသားတွေရဲ့ ဘ၀ကိုလည်း ဖျတ်ခနဲ၊ ဖျတ်ခနဲ ပြသွားတာလေးက သဘောကျစရာ။ အထူးသဖြင့် ဖဲရိုက်လို့ ငွေပြတ်သွားတာကို အဆောင်ကချစ်သူဆီမှာ သွားပြောတော့ ကောင်မလေးက ၀တ်ထားတဲ့ လက်ကောက်ကို ချွတ်ပေးလိုက်တာလေးက ကျွန်တော် တို့ကို ပြန်ပြီးနုပျို သွားစေ သလိုပါပဲ။ တကယ်လည်း သူငယ်ချင်းတွေထဲမှာ အဲဒီလို အဖြစ်မျိုးလေးတွေ ကြားဖူးခဲ့ရတာကိုး။

နောက်ပြီး ကောင်မလေးတွေကို ကောင်လေးတွေက  စက္ကူမြားပစ်တာ။ ကျွန်တော်တို့တုန်းကလည်း အဲဒါတွေပါရှိတယ်။ တစ်ခါတစ်ခါ ဗလာစာအုပ်တစ်အုပ်လုံးပါ ကုန်ရော။ နောက်ပြီး အဆောင် သမားတွေက ကောင်မလေးတွေ အဆောင်နား ဖြတ်သွားရင် ကုန်းအော်တာတွေ။ အဲဒါလည်း တကယ်ပဲ။

တကယ်တော့ ကျွန်တော်တို့ နောင်တော်ကြီးတွေနဲ့ ကျွန်တော်တို့က သိပ်မကွာပါဘူး။ သူတို့က Rangoon Institute of Technology ။ ကျွန်တော်တို့က Yangon Institute of Technology ။ ဒါလေးပဲ ကွာတာ။ ပြီးတော့ ကျွန်တော်တို့ကို ပိုမြင့်တဲ့ကျောင်းကိုပို့တယ်လို့ တချို့က ဆိုကြတယ်။ နားလည်တဲ့သူတွေ ကလည်း ပြောပါတယ်။ University က Institute ထက်မြင့်တယ်တဲ့။ မြင့်လည်း မြင့် မြင့်ပါ။ အဲဒီတုန်းက ကျွန်တော်တို့ချစ်တာ၊ ကျွန်တော်တို့ ပျော်တာ YIT ပါ။ ကြို့ကုန်းကျောင်းပါ။ Institute ထဲမှာ ကျွန်တော်တို့ ပျော်ခဲ့ရတာပါ။

အဲဒီဗွီဒီယိုထဲမှာ ဦးဝင်းထိန်ဦးက ပြောထားပါတယ်။ ၁၉၆၆ ခုနှစ်က စပြီး ကျောင်းကိုတက်၊ ဘယ်နှစ်ခုနှစ်အထိသင်သင်၊ ဘယ်နှစ်ခုနှစ်ကစ ကျောင်းတက်တက်၊ ၁၉၇၂ ခုနှစ်မှာ ဘွဲ့ရ၊ သူတို့နဲ့အတူတူ ကျောင်းတက်ပြီး ဘယ်နှစ်ခုနှစ်မှာစ၀င်ဝင်၊ ဘယ်နှစ်ခုနှစ်မှာ ကျောင်းပြီးပြီး သူတို့က ၁၉၇၂ စက်မှု လို့ယူဆပါတယ်တဲ့။

သူတို့ရဲ့ စုစည်းမှုလေးက ဆရာကန်တော့ပွဲက စခဲ့တာတဲ့လေ။ ကျွန်တော် ကြည်နူးရပါတယ်။ ၁၉၉၉ ခုနှစ်မှာ သူတို့ပြန်ဆုံပြီး အဲဒီကတည်းက အစပျိုးခဲ့တာတဲ့။ ကျွန်တော်တို့ ကျောင်းမပြီးခင်မှာ သူတို့ဒီအစီအစဉ်ကို စ အကောင်အထည်ဖော်နေပြီပေါ့။ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) က 'သမုဒယကျောင်း' ဆိုတဲ့ ကဗျာကို ရေးတယ်။ ခင်မောင်တိုးက သံစဉ်ထည့်တယ်။ မဇ္ဈိမလှိုင်းက ကိုနိုင်မင်းက ကဗျာရဲ့ တချို့နေရာတွေမှာ စကားပြေပြောင်းပြီး အသံထည့်တာကို ကူညီတယ်။ ဦးဝင်းထိန်ဦးက စီစဉ်တယ်။

ဒီလိုနဲ့ သူတို့ရဲ့ ဆရာကန်တော့ပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပနေရာကနေ ဒီ ' သမုဒယကျောင်း ' ဆိုတဲ့ ဗွီဒီယိုဖိုင်လေး ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

ကျွန်တော် ဘယ်နှစ်ခေါက်မှန်း မသိအောင် ကြည့်နေမိတယ်။ ဘာဖြစ်လို့ ကြည့်မိပါလိမ့်။ စက်မှုတက္ကသိုလ် ကျောင်းသားဟောင်း တစ်ယောက်ဖြစ်ခဲ့လို့ ဆိုတာက အဓိကပါ။ ပြီးတော့ရော။ ကျွန်တော်တို့ရဲ့ နောင်တော်ကြီးတွေရဲ့ အနုပညာကို လေးစားလို့ပါ။ ကိုတိုးကြီးဆို အဲဒီဖိုင်ထဲမှာ မြင်ရတာ သိပ်မကျန်းမာဘူးလို့ ထင်မိတယ်။ နောက်တော့ သူဆုံးသွားလို့ သူ့ရဲ့ နောက်ဆုံး အနုပညာ မှတ်တမ်းတစ်ခုလိုတောင် ဖြစ်သွားခဲ့တယ်။

ပြီးတော့ အဲဒီအခွေထဲမှာ ကျွန်တော်တို့ချစ်တဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ကို မြင်ရတယ်။ ကျွန်တော်တို့ရဲ့ နောင်တော်တွေရဲ့ ကျောင်းသားဘ၀ပုံရိပ်တွေနဲ့ နယ်ပယ် အသီးသီးမှာ အောင်မြင်နေ တာကို သိရတယ်။ သူတို့ရိုက်ထားတဲ့ အဖြူအမည်းပုံ တစ်ပုံထဲမှာ ကျွန်တော်အလုပ်လုပ်ခဲ့တဲ့ ဋ္ဌာနက ညွှန်ကြားရေးမှူး၊ ကျွန်တော့်ရဲ့ ဆရာတစ်ယောက်တောင် ပါနေသေးတယ်။ ညွှန်ချုပ်ဖြစ်ပြီးမှ ပင်စင်ယူသွားခဲ့တာ။ ကျွန်တော်က ဦးဝင်းထိန်ဦးအလုပ်လုပ်ခဲ့တယ်ဆိုတဲ့ ဋ္ဌာနမှာ လုပ်ခဲ့တာလေ။ ဒီတော့ ကျွန်တော်တို့ရဲ့ နောင်တော်တွေကနေ ကျွန်တော်တို့အထိ လက်ဆင့်ကမ်းရင်း နိုင်ငံတာဝန်တွေ ထမ်းဆောင်ခဲ့ကြတယ်လို့ တွေးမိတယ်။ ကျွန်တော့်ဆရာ ညွှန်မှူးဆို ကျွန်တော့်ကို သူသိထားတာတွေ သင်ပြပေးခဲ့တာ။ အင်ဂျင်နီယာကြီးတစ်ယောက်က အင်ဂျင်နီယာပေါက်စလေးကို ပညာအမွေ ပေးခဲ့ တာပေါ့။ ကျွန်တော်တို့ မမွေးခင်မှာ သူတို့က ဘွဲ့တောင်ရနေခဲ့တဲ့ သူတွေလေ။ ကျွန်တော် အရမ်းလေးစားခဲ့ရတာ။ ခေါက်ဆွဲထဲမှာ အပူတွေများနေတာကို သတိပေးတာတောင် ' Latent Heat ' တွေ များနေတယ် လို့ ကျွန်တော့်ဆရာ ဒုညွှန်မှူး( သူကတော့ Textile မေဂျာပါ ) က ပညာနဲ့ သတိပေးတာ။ သူလည်း အဲဒီ Mechanical 72 တွေနဲ့ တစ်နှစ်တည်းတွေလေ။

ဒီ ' သမုဒယကျောင်း ' ကို ကြည့်ပြီး ကျွန်တော့်ရင်ထဲမှာ သူတို့လို အောင်မြင်တဲ့ အင်ဂျင်နီယာ တစ်ယောက် ဖြစ်ချင်တယ်။ ပြီးတော့ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) လို အင်ဂျင်နီယာ ကဗျာဆရာ၊ စာရေးဆရာ ပိုဖြစ်ချင်တယ်။ အဓိကကတော့ ကျွန်တော်အပါအ၀င် စက်မှုတက္ကသိုလ်က သူငယ်ချင်းတွေ တော်တော်ချစ်တဲ့ ကျောင်းကြီးကို လွမ်းမိတာပါပဲ။

ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) က အဲဒီအထဲမှာ ပြောပါတယ်။ ' ဆရာတွေက စာတင်သင်ပေးတာ မဟုတ်ဘူး၊ ဘ၀ကိုပါ သင်ပေးလိုက်တာ ' တဲ့လေ။ ဟုတ်ပါတယ်။ ကျွန်တော်တို့ အခုတကယ့် လက်တွေ့ဘ၀ထဲ ရောက်နေပါပြီ။ ဆရာတို့ ပေးခဲ့တဲ့ အသိဥာဏ်တွေနဲ့ ကျွန်တော်တို့ နိုင်သလောက် လမ်းကို လျှောက်လှမ်းနေပါပြီ။

ဒီလိုနဲ့ အဲဒီ ဗွီဒီယိုဖိုင်လေး အဆုံးမှာ ကျွန်တော့်ရင်ထဲကို ကဗျာတစ်ပုဒ် ရောက်ရှိလာပါတယ်။ သူငယ်ချင်းတွေ ပြန်ရှယ်ကြတဲ့ ဒီဗွီဒီယိုဖိုင်လေးကို ကျွန်တော့်ရဲ့ ကဗျာနဲ့အတူ ထပ်ပြီး ရှယ်မိခဲ့ပါသေးတယ်။ ကဗျာလေးက ဒီလိုပါ။

အချိန်တွေပြောင်း
ရာသီတွေပြောင်း
ဒါပေမဲ့........
ဘယ်တော့မှမဟောင်း
(သူငယ်ချင်းတို့ရေ..)
အဲဒါ...ငါတို့ရဲ့...... 
     ရင်ထဲက သမုဒယကျောင်း။ ။
သားလတ်
၂၀း၅၆ နာရီ
၂၉.၁၀.၂၀၁၂


( ရန်ကုန်စက်မှုတက္ကသိုလ်၊ Mechanical 72 Batch များ၏ ဗွီဒီယိုဖိုင် 'သမုဒယကျောင်း'ကိုခံစား၍ရေးပါသည်။)

လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်က ကျွန်တော်တို့တစ်တွေ  ရန်ကုန်နည်းပညာတက္ကသိုလ်ကနေ အင်ဂျင်နီယာ ဘွဲ့တွေ ရခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၉၉၃ ခုနှစ်တုန်းက ကျွန်တော်တို့တစ်တွေ ရန်ကုန်စက်မှုတက္ကသိုလ် ဆိုတဲ့ ကျောင်းတော်ကြီးကို စတက်ခဲ့ရပါတယ်။

အခုတော့ ကျွန်တော်တို့ရဲ့ နောင်တော်ကြီးတွေလိုပဲ ကျွန်တော်တို့တစ်တွေဟာ တစ်နေရာစီမှာ ကိုယ်တတ်နိုင်သလောက် တာဝန်တွေ ထမ်းနေရပါပြီ။ သူတို့သတိရ တမ်းတပြီး သူတို့ကျင်လည်ခဲ့တဲ့ သူတို့ရဲ့ သမုဒယကျောင်းကြီးဟာလည်း ကျွန်တော်တို့ရဲ့ သမုဒယကျောင်းကြီးပါပဲ။ အချိန်တွေ၊ ရာသီတွေပြောင်းပေမယ့် နောင်တော်ကြီးတွေ လွမ်းသလို ကျွန်တော်တို့လည်း ကျွန်တော်တို့ရဲ့ သမုဒယကျောင်းကြီးကို ဒီဗွီဒီယိုဖိုင်လေး ကြည့်ပြီး ပြန်လွမ်းမိပါတယ်လို့ ဆိုချင်ပါတော့တယ်။        ။


သားလတ်
၁၅း၁၁ နာရီ၊ မြန်မာစံတော်ချိန်
၂၁.၁၂.၂၀၁၂








0 comments:

Related Posts Plugin for WordPress, Blogger...