Thursday, March 21, 2013

" ရန်ကုန်ကို ပြန်ဆုံရတဲ့အခါ " ( ၅ )


 ရန်ကုန်ပြန်ရောက်ပြီး နောက်တစ်နေ့ညနေမှာ ကျွန်တော်ဖျားခဲ့သေးသည်။ ခဏဖျားခြင်းပါ။ ပန်းဖျားလား၊ ဘာလား မသိ။ မအူပင်က ပြန်ရောက်သည့်ညမှာ မဖျားသေး။ စင်ကာပူက သူငယ်ချင်း မိသားစု ကို နောက်နေ့ညနေ အိမ်မှာ ထမင်းခေါ်ကျွေးတော့ သူတို့ထမင်းစားပြီး ဧည့်ခန်းမှာ စကားပြောနေ ကတည်းက ပန်ကာလေမိပြီး ချမ်းနေသည်။ သူငယ်ချင်းမိသားစု ပြန်သွားတော့ ကျွန်တော်ဖျားနေသည်ကို ဇနီးက သိသည်။ ချမ်းသည်ဟု ပြောလိုက်တော့ သူစမ်းကြည့်စဉ် ကိုယ်ကပူနေလေပြီ။

သူလည်း ကျွန်တော် ရန်ကုန်ပြန်ရောက်ကတည်းက ကျွန်တော်စားချင်တာ မှန်သမျှ ချက်ကျွေးရှာသည်။ အမေလည်း ထို့အတူ။ ကျွန်တော်စားချင်သမျှ မေးပြီး ချက်ကျွေးသည်။ ကျွန်တော်ကလည်း စင်ကာပူမှာ ကိုယ့်ဘာသာ စားရေး၊ သောက်ရေး အဆင်မပြေခဲ့သမျှ ရန်ကုန်မှာ အမေနှင့် ဇနီးလက်ရာကို အတိုးချ၍ စားလေတော့သည်။

ဖျားသည့်ညကတော့ ဆေးသောက်အိပ်လိုက်သည့်အခါ တစ်ရေးနိုးတော့ ချွေးထွက်ပြီး တော်တော်ပေါ့ သွားသည်။ မနက်ကျတော့ သက်သာသွားသည်။ အမှန်က မအူပင်မှာ ညလုံးပေါက်နီးပါး အပြင်မှာ အအေးခံခဲ့သည့်ဒဏ်နှင့် ပန်ကာလေ ထပ်မိသည့်ဒဏ် ဖြစ်မည်ထင်ပါသည်။ ပြီးတော့ ဇနီးမယားနှင့် မိသားစု အနား ရောက်နေ၍များလား မသိ။ ဂရုစိုက်တာ ခံချင်သည့် အဖျားမျိုးလည်း ဖြစ်နိုင်သည်။ ဆေးသောက် တာနှင့်ပင် ချွေးထွက်၍ ပျောက်လေသည်။ 

နောက်ရက်များမှာ ကျွန်တော့်ဇနီးသည် ရုံးကို လိုက်လည်စဉ်မှာ ကျွန်တော်စီးနေကျ All Star ဖိနပ်တစ်ရံ ပျောက်သွားခဲ့သည်။ ထိုအကြောင်းကို ကျွန်တော်နှင့် All Star က ဟောကြားသော တရားတော် ဆိုပြီး ပို့စ်တင်ခဲ့ပါသည်။ စူပါမတ်ကက် အကြီးကြီး တစ်ခု၏ ၀င်ပေါက်က ၀င်ပြီးမှ ဓာတ်လှေကားဖြင့် တက်ရသော၊ ရုံးခန်းများစွာ ရှိသော၊ လုံခြုံရေးနှင့် သန့်ရှင်းရေးဝန်ထမ်း များစွာရှိသော ထိုအဆောက် အအုံမှာ ကျွန်တော့်ဖိနပ် တစ်ရံ ပျောက်သွားခြင်းကို နှမြောမိသလို လူနေမှုစနစ်၏ မပြောင်းလဲသေးသော အကျင့်စရိုက်များကိုလည်း သုံးသပ်မိပါသည်။

ဒါကတော့ ရန်ကုန်မှာမှ မဟုတ်။ စင်ကာပူမှာ နေနေတုန်းကတည်းက အိမ်ရှေ့က ဖိနပ်ကို မသွားစဉ် ကတည်းက လူတချို့မှာ ငွေရှိသည်၊ မရှိသည်မဟုတ်။ အကျင့်က အကျင့်ဖြစ်လို့ နေတတ်တာ ကျွန်တော်သိသည်။ သို့သော် ရန်ကုန်မှာ ဖိနပ်ပျောက်သည့်ကိစ္စကတော့ ၀တ်ဖို့ထက် ရောင်းဖို့ဖြစ်မည်။ အနော်ရထာလမ်းမှာ ဖိနပ်အဟောင်း ဈေးကွက်က တော်တော်ကောင်းသည်ဟု ဆို၏။ ကျွန်တော့် All Star အတွက် နေရာတစ်နေရာတော့ ရကောင်းရနိုင်ပေလိမ့်မည်။ အရင်ဘ၀က ၀ဋ်ကြွေးများဟု တွေးကာ ကျွန်တော့်ဘာသာ ဖြေသိမ့်ခဲ့ရတော့သည်။

ထိုသို့ ဇနီးသည်ရုံးကို လိုက်လည်လိုက်၊ အိမ်မှာနေလိုက် လုပ်နေရင်းမှာပင် ဘတ်စ်ကားများ၊ လူများနှင့် ပတ်သက်၍ ကျွန်တော်လေ့လာမိပါသည်။ တချို့က စီးလာသော ဘတ်စ်ကားပေါ်မှ အမှိုက်များ၊ လိမ္မော်ခွံများကို ပစ်ချသွားသည်။ အမှန်အတိုင်း ၀န်ခံရလျှင် ကျွန်တော် ဘ၀င်မြင့်၍ ပြောနေခြင်း မဟုတ်သည်ကို ရိုးသားစွာ ပြောချင်ပါသည်။ သေချာသည်ကတော့ အမှိုက်မှန်သမျှ အမှိုက်ပုံးထဲသို့သာ ပစ်တတ်သော ဓလေ့တစ်ခုကို မြင်ခဲ့ရတာ ကြာ၍ဖြစ်နိုင်ပါသည်။ ထိုသို့ အမှိုက်ကို ကြုံသလို ပစ်ချသည်ကို မြင်လိုက် ရသောအခါ နည်းနည်းတော့ အံ့ဩမိပါသည်။ ရန်ကုန်မှာ ထိုသို့သော သူများ မည်မျှကျန်ပါသေးသနည်း။ အမှိုက်ဆိုတာ ကြုံသလို ပစ်ချလို့ရတာပဲ ဆိုသည့်အသိ လွှမ်းမိုးနေသူများ ရန်ကုန်မှာ များစွာရှိပါလိမ့်မည်။

ကျွန်တော် ဖျတ်ခနဲစဉ်းစားမိသည်။ ကျွန်တော်တို့ ငယ်ငယ်က စာသင်ကျောင်းတွေမှာ ဆရာ၊ ဆရာမ တစ်ခွန်းပြောလျှင် တစ်ခါတည်းနှင့် ပြီးသည်။ ဆရာ၊ ဆရာမသာ အမှန်။ ယခုလည်း စည်းကမ်းဆိုသည်ကို ဆရာ၊ ဆရာမအားကိုးနှင့် သေသေချာချာ လုပ်ဆောင်ကြည့်သင့်သည်ဟု ထင်သည်။ ငယ်ငယ်ကတည်းက စ၍ ပျိုးထောင်ခဲ့မှ ကြီးသည်အထိ သေချာမည်ဟု ကျွန်တော်ယုံကြည်မိသည်။

ဘတ်စ်ကားများကို ကြည့်တော့ သိပ်ထူးထူးခြားခြား မရှိ။ အထူးတွေကလည်း ကျပ်မြဲ။ အဲကွန်းလည်း မပါ။ သည်ကြားထဲ သုံးယောက်ထိုင် ထိုင်ခုံများကို နှစ်ယောက်ထိုင် မလုပ်ဘဲ အလယ်မှာ လူတစ်ကိုယ်စာသာ မတ်တတ်ရပ်နိုင်အောင် လုပ်ထားသည့် ဘတ်စ်ကားများလည်း ရှိသေးသည်။ ဘယ်လိုမျှ လှုပ်လို့မရ။ လူလည်းတင်ချင်သေးသည်။ အလယ်လမ်းက တစ်ယောက်နှင့် တစ်ယောက် မရှောင်သာ။ ကျွန်တော်ဆို ထိုကဲ့သို့ ဘတ်စ်ကားတစ်စီးကို မသိဘဲ တက်စီးမိ၍ ဒုက္ခရောက်လိုက်သည်မှာ မပြောပါနှင့်တော့။ ကန်တော့ပါရဲ့။ လေလည်ချင်လျှင်တောင် ချုပ်ထားရမည့် ဘ၀။ တစ်ဖက်လူ၏ မျက်နှာနားမှာ အလယ်ကရပ်နေသူ၏ တင်ပါးက တ၀ဲလည်လည်ကိုး။

သွားရင်းလာရင်း ထပ်မြင်မိတာ တစ်ခုက ဆန္ဒပြခြင်း။ ယုဇနပလာဇာနားမှာ ကြုံခဲ့ရတာလေးပါ။ Banner များကို ကိုင်ထားသော လူတစ်စုက မျက်နှာမှာ Mask များကာပြီး လမ်းလျှောက်နေသည်။ ထိုအရာကို ဆန္ဒပြသည်ဟု သတ်မှတ်မည်ဆိုလျှင်လည်း ဆန္ဒပြသည်ပေါ့။ အဘယ့်ကြောင့်ဆိုသော် ထို လမ်းလျှောက်နေသော လူတစ်စု၏ ရှေ့မှာ ဆိုက်ကားနောက်မြီးက ထိုင်လျှက် ကင်မရာကိုင်ထားသော ဂျာနယ်သတင်းထောက်များက  တဖျတ်ဖျတ် ရိုက်၍  တောက်လျှောက်လိုက်နေသည်။ ထိုလူ အုပ်ကို ကျော်သောအခါ ရဲကားတစ်စီးက ခပ်လှမ်းလှမ်းက ပါလာသည်။ ဒါကိုကြည့်ပြီး ဪ-ဒါဆန္ဒပြတာ ပါလားဟု ကျွန်တော်နားလည်ရသည်။

ကျွန်တော်တစ်ယောက်တည်း သဘောထားနှင့် ပြောရလျှင် နည်းနည်းတော့ ပြဇာတ်ဆန်နေသည်။ ယခင်က မြင်ခဲ့ဖူးသော အခြား ဆန္ဒပြပုံများနှင့် နည်းနည်းတော့ ကွဲလွဲနေ၏။ ဆန္ဒပြအဖွဲ့၏ ရှေ့ဆုံးက လမ်းလျှောက်နေသော ကောင်မလေးများက ဘာခံစားချက်မျှ မပါသော မျက်လုံးများနှင့် မျက်နှာကို သူများမြင်မှာစိုး၍ ကာထားသော Mask ကိုလည်း ပါးစပ်နှင့် နှာခေါင်းများ ပေါ်မှာ ကျကျနနတပ်ထားပြီး Banner ကိုင်ကာ လျှောက်နေသည့်ပုံမှာ ၀တ္တရားအရ လုပ်နေသလို ဖြစ်နေသည်။ သတင်းထောက်များ ကလည်း ခွင်တစ်ခွင် တွေ့သည့်အလား ဆိုက်ကားငှား၍ နောက်ဘက်က ကျကျနန ထိုင်ကာ ဓာတ်ပုံ မှတ်တမ်းတင်နေသည်မှာ အံ့အားသင့်စရာ ကောင်းလှ၏။ ခပ်လှမ်းလှမ်းက ရဲကား တစ်စီးကတော့ လုံခြုံရေး တာဝန်အရ လိုက်လာသည်ပဲ ထင်ပါသည်။ သို့သော် ထိုသို့ ဆန္ဒပြ စီတန်းလှည့်လည်နေသူများကြောင့် ကားလမ်းသည်လည်း ပို၍ ကျပ်နေလေတော့သည်။

သည်တစ်ခါ ရန်ကုန်ကို ပြန်ဆုံရခြင်းမှာ ကျွန်တော့်အတွက် မမြင်တာကြာသည့် မြင်ကွင်းဆန်း များကို ပြန်မြင်ရသလို ရှိနေလေတော့သည်။

ဆူးသစ်
၂၁း၂၇ နာရီ
၂၁.၃.၂၀၁၃

( ဆက်ပါဦးမည် )

4 comments:

Aunty Tint said...

ရန်ကုန်ကို အလည်ပြန်ရောက်တုန်း ဆူးသစ်ရဲ့ ကိုယ်တွေ့ အတွေ့အကြုံလေးတွေ ဖတ်သွားတယ်။ တစ်ချို့က စည်းကမ်းပိုင်းမှာ အတော်လေး အားနည်းတယ်။ Generation တစ်ခုလုံးကို ပြင်မှရမယ်ထင်တယ် :)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အမ်တီအန် said...

ဆန္ဒတွေက ဘယ်လောက်များ ပြည့်လျှံနေကြသလဲမသိ။
ပြနေလိုက်ကြတာများ နေရာအနှံ့။ အင်း.. အမှိုက်တွေကလည်းစည်းမရှိကမ်းမရှိ နေရာအနှံ့ကိုး...

Cameron said...

ကိုဆူးသစ်ရဲ့ ရန်ကုန်အတွေ့အကြုံကို အရှေ့ပိုင်းလေးတွေပြန်သွားဖတ်လိုက်ဦးမယ် ရန်ကုန်မှာ နေတဲ့သူတောင် တခါတလေ မသိနိုင်တဲ့ ဟာမျိုးတွေလည်း ပါနိုင်တယ်လေ...

Han Kyi said...

အေးဗျာ ကိုဆူးသစ်ရဲ့ ရန်ကုန်ကိုဖတ်ပြီး နောက်သုံးရက်နေရင် အိမ်ပြန်ရင်းနဲ့ ရန်ကုန်မှာ ကားပြောင်းစီးရမယ့်အရေးတောင် တွေးရင်း ရင်လေးလာတယ်...သည်ကြားထဲမှာ ကျွန်တော့်အသားက ခပ်မည်းမည်းနဲ့ ဟိုမဟုတ်သည်မဟုတ်ဖြစ်နေလို့ နှစ်ဘက်ကြားမှာ အသက်ကားသွားမှာလည်း ကြောက်ရသေးသဗျ...အင်း ပြောပြန်ရင်လည်း အဆိုးမြင်ဝါဒီလို့ သမုတ်ခံရမှာက သေချာပါ့ဗျာ...

Related Posts Plugin for WordPress, Blogger...