မျိုးစေ့
ရှင်သန်ကြီးထွားလာတဲ့ နေ့တစ်နေ့မှာ
ပျိုးထောင်သူတွေရင်ထဲ ၀မ်းသာရ
အဲဒီမှာ သစ်ပင်ရဲ့ဘ၀စတယ်။
အစို့အညှောင့်ကလေးပဲဆိုဆို
နုပျိုလို့ကောင်းဆဲအချိန်
အရောင်ကသစ်ထိန်စိမ်း
လေတိုက်ရာလိုက်ပါယိမ်းနွဲ့
(အဲဒီအချိန်) အမြစ်က လမ်းချဲ့တယ်။
ရေလောင်းချင်လောင်း
နေပေါင်းချင်ပေါင်း
မြေကောင်းချင်ကောင်း
ရသရွေ့တိုးထွက်
အပေါ်ဘက် အောက်ဘက်
စိမ်းလို့ရတဲ့ဘက် စိမ်း
ယိမ်းလို့ရတဲ့ဘက် ယိမ်း
တိမ်းမူးဖွယ်ရာသဘာဝ
သစ်ပင်ရဲ့အလှလို့ဆိုမလား။
နုထွားသန်မာ
ဝေဖြာခက်ပွင့်
ထုဆစ်ရင့်မှန်
ရာသီဒဏ်ကိုကျော်ဖြတ်
သစ်တစ်ပင်မားမားရပ်တဲ့အခါ..........။
' သစ်တစ်ပင်ကောင်း
ငှက်တစ်သောင်းနားရ' သတဲ့
ငှက်တွေ အတောင်ညောင်းရင်
သစ်ပင်ကရင်ဖွင့်ကြိုတယ်။
လူတွေ မောပန်းတဲ့အခါ
အရိပ်ဖြာလို့ကြိုတယ်။
ယုံကြည်မှုတွေလွန်ကဲလာရင်
နတ်စင်လည်း ပေးဆောက်တယ်။
သဒ္ဓါတရားတွေ ထက်သန်လာရင်
ရေအိုးစင်လည်း တည်နိုင်သေးတယ်။
နောက်ဆုံး.....
သုံးစရာထင်းမရှိရင်တောင်
သစ်ပင်က သူ့အသားကိုချိုင်ခွင့်ပေးတယ်။
တစ်ပင်လုံးခုတ်
အမြစ်ထုတ်ယူ
သစ်ပင်လိုလူသား
ကျွန်တော့်နှလုံးသားကရှင်သန်
မမြင်ရတဲ့မနက်ဖြန်မှာတောင်
အရိပ်ဖြာစိမ်းလန်းနေဦးမယ်
စိတ်မှာငြိမ်းချမ်းနေဦးမယ်။ ။
သားလတ်
၂၃း၂၈ နာရီ
၃.၄.၂၀၁၃
7 comments:
သိပ်ဖတ်လို့ ကောင်းတယ် အစ်ကိုကြီးရာ
သစ်တစ်ပင်ရဲ့ အကြောင်းနဲ့ လူသားပေါင်းမြောက်များစွာ
ကျင့်ကြံဖို့ လိုနေတာကို မြင်လိုက်တယ် ။
သိပ်ဖတ်လို့ ကောင်းတယ် အစ်ကိုကြီးရာ
သစ်တစ်ပင်ရဲ့ အကြောင်းနဲ့ လူသားပေါင်းမြောက်များစွာ
ကျင့်ကြံဖို့ လိုနေတာကို မြင်လိုက်တယ် ။
ကဗျာ အတွေးလေးက စိတ်ဝင်စားစရာ
အရမ်းကိုကောင်းပါတယ် ကိုဆူးသစ်
တစ်ကယ့်ကို လူသစ်ပင် ဖြစ်လိုက်ချင်တယ်..။
ရှယ်ပါရစေ
ပေးဆပ်ရခြင်း ပီတိလေးခံစားမိတယ် အစ်ကို
လူသစ်ပင်တွေ ဒီကမ္ဘာမြေကြီးမှာ အများကြီး ပေါက်စေချင်မိတယ်..
Post a Comment