Tuesday, June 25, 2013

" အဝေးရောက် ထွန်းတောက်မြန်မာ "



ညီလေးရေ........

အစ်ကို အလုပ်လုပ်နေတဲ့ စင်ကာပူက Site ထဲကို အစ်ကို့သူငယ်ချင်းတစ်ယောက် တလောက ရောက်လာပါတယ်။ အလုပ်လုပ်နေတဲ့ တစ်နေ့မှာ အစ်ကိုက ဘင်္ဂလားဘေးကင်းရေး ကြီးကြပ်ရေးမှူး Safety Supervisor တစ်ယောက်နဲ့ စကားလက်ဆုံကျနေတုန်း အစ်ကိုတို့ရဲ့ Main Contractor ကုမ္ပဏီက ကြီးကြပ်ရေးမှူးတစ်ယောက်က လှမ်းခေါ်လို့ လှည့်ကြည့်တော့ သူ့ဘေးမှာ တရုတ်တစ်ယောက်က အစ်ကို့ကို ပြုံးပြုံးကြီးကြည့်ပြီး လှမ်းခေါ်နေပြန်ရော။ အဲဒါနဲ့ ဘာများပါလိမ့်ဆိုပြီး သူတို့နှစ်ယောက်ဆီ ရောက်သွားတော့မှ အမယ်-အစ်ကို့ကို ပြုံးပြုံးကြီး ကြည့်နေတဲ့ တရုတ်ကြီးက အစ်ကို့သူငယ်ချင်း ဖြစ်နေပါရောလား။

သူက အပြာရောင် ယူနီဖောင်းကြီးနဲ့။ တွေ့တွေ့ချင်းပဲ " နင့်ကို ငါမြင်တာကြာပြီ။ နင့်ကို စကားပြောမလို့ လှမ်းခေါ်တာ မကြားတာနဲ့။ ဘေးက ဖား(ဖိလစ်ပိုင်) ကိုလှမ်းခေါ်ခိုင်းရတာ " တဲ့။ သူက ကရင်လူမျိုးပါ။ အရင်ကတည်းက ယောကျာ်းလေးချင်း ' နင် ' ' ငါ ' ပြောနေကျ။ အစ်ကိုလည်း အားရ၀မ်းသာ နှုတ်ဆက်မိ တာပေါ့။ စကားသေသေချာချာ မပြောရခင်မှာပဲ သူတို့ကို လာကြိုတဲ့ ကား ရောက်လာလို့ နေ့ခင်း မှ တွေ့မယ်ဆိုပြီး လမ်းခွဲခဲ့ကြတယ်။

သူက ရန်ကုန်စက်မှုတက္ကသိုလ်မှာ အစ်ကိုနဲ့အတူတူ။ စက်မှုအင်ဂျင်နီယာ ဘာသာရပ်မှာလည်း အတူတူပဲ။ ရန်ကုန်နည်းပညာတက္ကသိုလ် ဖြစ်တော့ သူက ' ပြည် ' ရောက်၊ အစ်ကိုက ' လှိုင်သာယာ ' ရောက်ပေါ့။ အတူတူ မတွဲဖြစ်ပေမယ့် အစ်ကိုတို့တက်ခဲ့ရတဲ့ ခြောက်နှစ်မှာ ငါးနှစ်ကမေဂျာ အတူတူ ဆိုတော့ ကျောင်းရဲ့ထုံးစံ မတွဲလည်း ခင်ခဲ့ကြတာပါပဲ။

ကျောင်းပြီးခါစ ကိုးရီးယားကုမ္ပဏီတစ်ခုမှာ ၀င်လုပ်တော့ သူလည်း ပါတယ်။ ဒါနဲ့ သူနဲ့ပိုရင်းနှီးသွားတယ်။ တစ်ကျောင်းတည်းဆင်းတွေ ဆိုတော့ လာသမျှ ပြဿနာ အတူတူရင်ဆိုင်ပြီး ရှင်းကြတာပေါ့။ ခံစားချက်ချင်းတူတော့ အလုပ်ကထွက်ပြီး လမ်းခွဲ၊ မတွေ့တာ လေးငါးနှစ်ကြာမှ အစ်ကို့အမေရတဲ့ အလုပ်က တိုက်ခန်းတွေမှာ သူနဲ့ပြန်ဆုံခဲ့ရတယ်။

သူ့ယောက္ခမကြီးက အစ်ကိုတို့အမေရဲ့ ဆေးရုံမှာ ၀န်ထမ်းပဲ။ အဲဒီတုန်းက သူ မလေးရှားက ပြန်လာ တာလို့ သိရတယ်။ အစ်ကိုကတော့ ပြည်သူ့ဝန်ထမ်း ဦးစီးအရာရှိ လုပ်နေဆဲကာလ၊ နောက်တော့ စင်ကာပူထွက်သွားတယ်လို့ ကြားလိုက်ရတယ်။ သူ့အမျိုးသမီးက ' ကရင်နှစ်သစ်ကူး ' ဆို မုန့်တွေ လာဝေနေကျ။ ဒီတော့ သူ့အကြောင်းလည်း သိနေရသေးတယ်။

ဒါပေမဲ့ နောက်တော့ သူ့မိန်းမပါ လိုက်သွားတယ်လို့ သိရတယ်။ စင်ကာပူမှာ တော်တော် အဆင်ပြေနေလောက်ပြီလို့တော့ တွေးမိတယ်။ နောက်တော့ အစ်ကို စင်ကာပူရောက်တော့ သူနဲ့ တစ်နှစ်လောက်နေမှ ဘူတာရုံမှာ တစ်ခါဆုံတယ်။ အခုနှစ်နှစ်ပြည့်ခါနီးမှာ တစ်ခါပြန်တွေ့ရတာ။ ဒီတစ်ခါတော့ အလုပ်ခွင်မှာ။

ညီလေးရေ........

နေ့ခင်းဘက်ကျတော့ အစ်ကိုနဲ့ သူငယ်ချင်း လုပ်ငန်းခွင်ထဲမှာ ပြန်တွေ့ကြပါတယ်။ အစ်ကိုလည်း အလုပ်နည်းနည်းရှိ၊ သူလည်း အလုပ်ရှုပ်နေတာနဲ့ အလုပ်ပါးချိန်မှာ ခဏ စကားထိုင်ပြောဖြစ်ကြပါတယ်။ ဒီမှာပဲ သူဖြတ်သန်းခဲ့ရတဲ့ ဘ၀တစ်စိတ်တစ်ပိုင်းကို မြင်ရသိရတော့တာပါပဲ။

သူက မလေးရှားမှာ Designer ဒီဇိုင်နာ လုပ်နေတဲ့အချိန်မှာ Quality Control ( QC ) အရည်အသွေး ထိန်းချုပ်ရေးက အဓိကလူနှစ်ယောက် အလုပ်ထွက်သွားတယ်။ ဒီတော့ သူဋ္ဌေးက သူ့ကို ခဏတွဲကိုင်ခိုင်းတယ်။ ဒါပေမဲ့ သူက အဲဒီအလုပ်ကို အာရုံစိုက်လုပ်လိုက်တာ သူဋ္ဌေးက အင်ဂျင်နီယာနဲ့ ပိုဆိုင်တဲ့ ဒီဇိုင်နာဘက်ကို သူပြန်ပြောင်းချင်ပါတယ် ဆိုတာတောင် ပြောင်းမပေးတော့ဘူး။

နောက်တော့ လေးနှစ်အကြာမှာ မြန်မာပြည်ပြန်လာ၊ QC အလုပ်နဲ့ စင်ကာပူပြန်ရောက်ပြီး တစ်နှစ်ကျော်မှာ သူ့ကုမ္ပဏီက သူ့ကို လုပ်ငန်းခွင်တစ်ခုလုံးရဲ့ QC အရာရှိအနေနဲ့ ခန့်လိုက်တာ တာဝန်တွေ ပိုလာခဲ့တော့တယ်။ ဒါပေမဲ့ လစာတိုးမပေးလို့ အမြဲတမ်းနေထိုင်ခွင့် PR ရပြီးချိန်မှာ အလုပ်ထွက်ခဲ့ပါတယ်။

နောက်ကုမ္ပဏီမှာတော့ သူ့ကို QC ခန့်ပြီး သိပ်မကြာခင်မှာ စင်ကာပူက MOM ( Ministry of Manpower ) ( အစ်ကိုတို့ဆီက အလုပ်သမားဝန်ကြီးဋ္ဌာနနဲ့တူ ) မှာ အဲဒီဝန်ကြီးဋ္ဌာနကနေ သဘောတူ ခန့်အပ်တဲ့ စစ်ဆေးရေး အရာရှိ ( Approved Inspector ) ဖြစ်အောင် ကုမ္ပဏီက လျှောက်ပေးခဲ့တယ်။ နှစ်ရက်ပဲ ကြာတယ်။ သူဟာ အရာရှိလုပ်ခွင့် ရခဲ့တယ်။

ဒီနေရာမှာ MOM ရဲ့ အရှိန်အ၀ါကို အစ်ကိုပြောပြချင်ပါတယ်။ ဘေးအန္တရာယ်ကင်းရှင်းရေးလို့ပြောရင် စက်ရုံ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင် အားလုံးဟာ MOM နဲ့ ရှောင်လွှဲလို့ မရပါဘူး။ MOM ကထုတ်တဲ့ ဥပဒေ၊ နည်းဥပဒေတွေကို ဆန့်ကျင်လို့မိရင် ဒဏ်ငွေနဲ့ ထောင်ပါပဲ။ အဲဒီအတွက် MOM ကို စင်ကာပူမှာလုပ်တဲ့ ကုမ္ပဏီတိုင်း ကြောက်ပါတယ်။ MOM က လာစစ်မယ်သာပြောလိုက်၊ အားလုံး ဖိန့်ဖိန့် တုန်နေတာပါပဲ။

အဲဒီလို MOM က တရားဝင် သဘောတူ ခန့်အပ်တဲ့ စစ်ဆေးရေး အရာရှိဆိုတာ ဘယ်လောက် အရှိန်အ၀ါ ကြီးလိုက်မလဲ။ စဉ်းစားသာ ကြည့်ပါတော့ ညီလေးရေ။ အစ်ကိုတို့ လုပ်ငန်းခွင်ကို MOM လာမယ် ဆိုတုန်းကလည်း ကြိုပြီး ပြင်ရဆင်ရတာ မလာခင်နေ့တွေ ကတည်းကပေါ့။

သူငယ်ချင်းကို MOM က သဘောတူ ခန့်အပ်တဲ့ လက်မှတ်သက်တမ်းက (  ၆၅ ) နှစ်တဲ့ ညီလေးရေ။ လုပ်သာ စားပေတော့ပေါ့။ ဒါပေမဲ့ ပေးထားတဲ့ ရာထူးနဲ့ညီအောင် ယူရတဲ့ တာဝန်ကလည်း ကြီးပါတယ်။ အဲဒီအရာရှိက Pass ဆို အလုပ်ဆက်လုပ်ခွင့်ရပေမယ့် အဲဒီလိုလုပ်နေရင်း တစ်ခုခုပြဿနာ တက်ပြီဆိုရင် Pass ပေးတဲ့ အရာရှိက အရင်ရှင်း၊ အခန့်မသင့်ရင် ထောင်ပါ ကျနိုင်သေးတယ်။

သူငယ်ချင်းဟာ သူ့ကိုခန့်ထားတဲ့ ကုမ္ပဏီက လစာကို စားပေမယ့် သူဟာ MOM ရဲ့ အသိအမှတ်ပြု စစ်ဆေးရေး အရာရှိပါ။ QC အရာရှိပါ။ သူတို့ကုမ္ပဏီကို အပြင်က ကုမ္ပဏီကငှားရင် သူက MOM ကိုယ်စား၊ သူ့ကုမ္ပဏီကိုယ်စား သွားစစ်ရတယ်။ သူစစ်လို့ Pass ဖြစ်ရင် အလုပ်ဆက်လုပ်လို့ ရပြီပေါ့။

အစ်ကိုနဲ့ ပြန်တွေ့တဲ့နေ့က သူဟာ အစ်ကိုတို့နဲ့ တွဲလုပ်နေတဲ့ ကုမ္ပဏီကြီးက ရေနွေးငွေ့ပိုက်လိုင်းကို လာစစ်တာပါ။ အဲဒီကုမ္ပဏီဟာ အစ်ကိုတို့ Site မှာ Sub Contractor ( Sub Con ) ပါ။ အစ်ကိုတို့ ကုမ္ပဏီလို လက်အောက်ခံ ကုမ္ပဏီပါ။ အစ်ကိုတို့ ကုမ္ပဏီတွေအထက်က Main Contractor ဆိုတဲ့ အဓိက ကုမ္ပဏီတစ်ခုရှိတယ်။ Main Con လို့ခေါ်တယ်။ Sub Con  တွေရဲ့ အလုပ်မှန်သမျှ Main Con က ရှင်းရ၊ တာဝန်ယူရ၊ ညွှန်ကြားရတယ်။ Main Con  က ငှားထားတဲ့ Sub Con ကိုး။

ဒီတော့ Sub Con က ပိုက်လိုင်းကို အစစ်ခံဖို့ Main Con က စစ်ဆေးရေး အရာရှိကို စီစဉ်ပေးရတယ်။ စစ်ဆေးပေးသူက MOM က သဘောတူခန့်အပ်တဲ့ အစ်ကို့သူငယ်ချင်း။

ညီလေးရေ.......

အစ်ကို့သူငယ်ချင်းကို Main Con က သူလာမယ့်နေရာအထိ ကားလွှတ်ကြိုပါတယ်။ ပြန်ပို့ပေးပါတယ်။ သူစစ်ဆေးမယ့်နေရာမှာ Main Con က ၀န်ထမ်းတွေ၊ Sub Con က အင်ဂျင်နီယာတွေ၊ ကြီးကြပ်ရေးမှူးတွေ ၀ိုင်းဝိုင်းလည်လို့။

သူငယ်ချင်းက အဲဒီရေနွေးငွေ့ပိုက်လိုင်းရဲ့ ဖိအား အတက်အကျကို ဂရပ်ဖ်နဲ့ စစ်တယ်။ လိုသလို မရသေးရင် သူ့ခုံမှာ ပြန်ထိုင်ပြီး Main Con, Sub Con က ဖိအားကို ညှိနေတာကို အေးအေးဆေးဆေး ထိုင်စောင့်တယ်။ အဲဒါကို သူငယ်ချင်းနဲ့ စကားပြောရင်း သိခဲ့ရပြီး အစ်ကိုတို့ ကုမ္ပဏီက မြန်မာ အလုပ်သမားလေးတွေကို ပြောပြတော့ သူတို့ သဘောကျလိုက်ကြတာ ညီလေးရေ။

သဘောမကျ ခံနိုင်ရိုးလား။ မြန်မာတစ်ယောက်ရဲ့ စစ်ဆေးမှုကိုခံပြီး သူ့လက်မှတ်ရဖို့ အဆင်မပြေပြေအောင် ခေါင်းချင်းဆိုင် တီးတိုးတိုင်ပင်၊ အလုပ်ရှုပ်နေကြတာ အိန္ဒိယ၊ တရုတ်၊ ဖိလစ်ပိုင်၊ ဂျပန်၊ ဘင်္ဂလား စတဲ့ နိုင်ငံခြားသားတွေလေ။ အဲဒီအချိန်မှာ အစ်ကို့သူငယ်ချင်း မြန်မာကတော့ သူ့ထိုင်ခုံမှာ သူထိုင်၊ စစ်ဆေးမှုကျတဲ့ ဂရပ်ဖ်စာရွက်လိပ်ကို ကိုင်ပြီး ထိုင်စောင့်နေတာ။ ဒါကိုမြင်ရတဲ့ သူများ နိုင်ငံမှာ အောက်ကျို့ လုပ်နေရတဲ့ မြန်မာအလုပ်သမားလေးတွေ အားရပါးရ ရှိလိုက်တာကွာ။ သူတို့ကို ပြောပြရတဲ့ အစ်ကိုလည်း သူငယ်ချင်းအတွက် ဂုဏ်ယူမဆုံးပေါ့ကွာ။

အလုပ်သမား ကောင်လေးတစ်ယောက်ကတောင် ပြောတယ်။ " ကျွန်တော်တို့ မြန်မာတွေထဲမှာ အဲဒီလို ရှိတာ သိပ်ကောင်းတာပဲဗျာ " တဲ့။ တချို့ဆို သူငယ်ချင်း အဲဒီလိုဘ၀ ဘယ်လိုရောက်သွားလဲတောင်မေးလို့ အစ်ကို ရှင်းပြခဲ့ပါတယ်။

ပိုပြီး ကျေနပ်စရာ ကောင်းတာက သူငယ်ချင်း သွားစစ်ပြီးတဲ့ တချို့ကုမ္ပဏီတွေဆို သူ့ကြောင့် မြန်မာတွေကို ပိုပြီး ခန့်လာတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းလာရင် မြန်မာတွေရှိတဲ့ ကုမ္ပဏီမို့ မြန်မာချင်း ပြောရင် ပိုအဆင်ပြေမယ်လို့ ယူဆလို့လေ။

ညီလေးရေ.....

သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်း နားနိုင်တယ်တဲ့။ ကရင်လူမျိုး၊ မြန်မာတစ်ယောက် နိုင်ငံရပ်ခြားမှာ ထွန်းတောက်နေတာ အစ်ကိုတို့ မြန်မာတွေအတွက် အားတက်စရာပေါ့ကွာ။ ဟိုတုန်းက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရာထူးအထိ တက်ယူခဲ့တာလည်း ဦးသန့်ဆိုတဲ့ မြန်မာတစ်ယောက် ပါပဲ။ ပြောမယ်ဆိုရင်တော့ မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာ၊ စံနမူနာယူစရာ ပညာရှင်တွေ ထွန်းကားပွားများနေကြတာ မြောက်မြားစွာ ရှိပါတယ်။

နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ အစ်ကိုတို့လို မြန်မာတွေအတွက် မြန်မာတစ်ယောက် လူမျိုးခြားတွေကြားမှာ ထွန်းတောက်နေတာဟာ တကယ့်ကို ဂုဏ်ယူစရာပါပဲကွာ။

ကိုယ့်နိုင်ငံထဲမှာ နေရင်းနဲ့ တော်အောင်၊ ထွန်းတောက်အောင် လုပ်နိုင်တဲ့ မြန်မာတွေရှိသလို၊ ကိုယ့်နိုင်ငံရဲ့ အဝေးကို ရောက်တော့လည်း ထွန်းတောက်နေတဲ့ မြန်မာတွေ ဒုနဲ့ဒေး ရှိနေပါသေးတယ်ဆိုတာ မီးမောင်းထိုးပြချင်လို့ ဒီဆောင်းပါးကို ရေးလိုက်ရတာပါပဲကွာ။

ညီလေးလည်း ဘယ်မှာပဲနေနေ၊ ဘယ်ကိုပဲရောက်ရောက်၊ ဘယ်ရေပဲသောက်သောက် ထွန်းတောက်တဲ့ မြန်မာတစ်ယောက် အမြဲဖြစ်အောင် ကြိုးစားနိုင်ပါစေကွာ။           ။

ဆူးသစ်
၁၉.၉.၂၀၁၀

[ မှုခင်းရှုထောင့် ရသစုံ မဂ္ဂဇင်း၊ ဒီဇင်ဘာလ၊ ၂၀၁၀ ခုနှစ် ]

2 comments:

3rdthameetaw said...

ဂုဏ်ယူစရာကောင်းတဲ့ဆောင်းပါးလေးကို
ကြည်နူးစွာ ဖတ်သွားပါတယ် ကိုဆူးသစ်ရေ
ဒါနဲ့ စကားမစပ်..၀ါဝင်တော့မယ်ဗျ..နော်
သင်္ဃန်းလေးတစ်ဝါလောက် ၀တ်ပါလား
ကုသိုလ်ရစေချင်လို့ ပါ

Han Kyi said...

ဆောင်းပါးကောင်းလေးပဲ ကိုဆူးသစ်...ကျွန်တော်တောင် ဇာတိပုည ဂုဏ်မာန စိတ်တွေ ဖွားခနဲဖြစ်လာသေးတာ ကျန်တဲ့လူတွေလည်း ထို့နည်းနှင်နှင်ပဲ ဖြစ်ပါလိမ့်မယ်...ကြိုးစားကြတာပေါ့ဗျာ...တိုင်းပြည်အပေါ်မှာ တင်နေတဲ့ အကြွေးတွေ ကျေအောင်ပေါ့...ဟုတ်ဘူးလား...

Related Posts Plugin for WordPress, Blogger...