+ စကားလုံးတွေမလိုဘူး
စကားလုံးမှမရှိတာ
သူက စကားလုံးမရှိတဲ့ကောင်းကင်ထဲမှာ။
+ အခါလွန်တဲ့မိုး ဖြစ်လေမလား
ကြေကွဲခဲ့ရတာ နှစ်တွေကြာလည်း
မင်းမရှိတဲ့နောက် သီချင်းလို
အမေ့ရဲ့ဒုက္ခအိုးလေးကိုဆွေးတယ်။
+ ဂျပ်ဆင်ထိပ်ကလရိပ်ပြာကို ငေးနေတုန်း
ကြယ်တွေစုံတဲ့ညကို ပုန်းရှောင်သွားသူတစ်ယောက်
ရာဇ၀င်များရဲ့သတို့သမီးကိုဖျက်နေသူတွေကြား
ပြန်လာမလား၊ မေ့လိုက်တော့လို့ ပြောလေမလား။
+ မျက်ရည်ဝဲရုံလေး
မေ့ထားတယ်ဆိုတာ အမေ့အိမ် သီချင်းကိုဆိုမိမှာစိုးလို့
သက်ငြိမ် ပန်းချီကားလို နေမိတဲ့အခါ
ဗင်းဆင့်ဗန်ဂိုးတမ်းချင်းလိုပါပဲ
ဘယ်သူတွေ ဘာတွေဆိုဆို
သီချင်းများနဲ့လူကို မမီနိုင်ခဲ့တာလေ။
+ ခေါင်းလောင်းလေးတွေမြည်နေပြီ
အရင်အတိုင်းပဲ
နာရီပေါ်ကမျက်ရည်စက်များကိုစားသုံးလို့
သင်းကွဲငှက်က အစိမ်းရောင်တံခါးများအပြင်မှာ
မြို့ပြညလရောင်တမ်းချင်းကိုဆိုနေမလား
တုနှိုင်းမဲ့ရတနာတစ်ပါးဟာ အရိပ်မဲ့
အထီးကျန်အဖြစ် ဂီတချစ်သူတွေကို ချန်ထားခဲ့
စိမ်းရက်လေအားလို့ ပြောချင်ပေမယ့်
ငြိမ်းချမ်းပါစေလေ။ ။
သားလတ်
၁၂း၁၀ နာရီ ( စင်ကာပူစံတော်ချိန် )
၁၆.၈.၂၀၁၅
[ ၁၄.၈.၂၀၁၅ နေ့ကအဆိုတော်ထူးအိမ်သင် ကွယ်လွန်သွားတာ ( ၁၁ ) ပြည့်သွားတဲ့အတွက် အမှတ်တရ ခံစားရေးထားတာပါ။ ဒီနေ့မှအဆုံးသတ်နိုင်လို့။ ]
2 comments:
မင်္ဂလာပါဆရာ
ဘလော့ခေတ်ကိုပြန်လည်သွားကြဦးမှာလားဆရာ
မင်္ဂလာပါဆရာ
ဘလော့ခေတ်ကိုပြန်လည်သွားကြဦးမှာလားဆရာ
Post a Comment