Wednesday, March 30, 2011

"လူနာများ" အပိုင်း (၁)


"အား ........ကျွတ်....ကျွတ်"

ညည်းသံတစ်ချက်ကြောင့် ကျွန်တော် လန့်နိုးသွားသည်။ အပြင်ဘက်မှနေ၍ အခန်းထဲသို့ ဖြာကျနေသော မှိန်လဲ့လဲ့ မီးအလင်းရောင်အောက်မှာ အိပ်မောကျနေသည့် နောင်နောင့်ကိုတွေ့မှ ကျွန်တော် သက်ပြင်း ချမိသည်။ နောင်နောင် ညည်းတာမဟုတ်။ ဒါဆို တခြားခုတင်က ဖြစ်နိုင်သည်။

နောင်နောင်ဆိုတာ ကျွန်တော်နှင့် ညီအစ်ကိုလို ခင်သော ချာတိတ်တစ်ယောက်။ သူတို့မိသားစုက ကျွန်တော်တို့နှင့် ဆွေမျိုးလိုရင်းနှီးသည်။ အိမ်ချင်းကပ်လျက် နေဖူးသူ။ ကျွန်တော်တို့ အိမ်ပြောင်း ပြီးတော့လည်း သူတို့ဆီပဲ ခဏခဏ သွားလည်ဖြစ်သည်။ နောင်နောင့်အဖေက တွင်ခုံတစ်ခုံရှိသည်။ ကားပြင်အလုပ်ရုံ ရှိသည်။ နောင်နောင်တို့ ညီအစ်ကိုတစ်တွေက သူ့အဖေကို ကျောင်းအားချိန်တိုင်း လိုက်ကူရသည်။ သည်လိုနှင့် တစ်ရက်မှာ နောင်နောင့်လက်ကို တူထုမိ၏။ ဘယ်လက်ညှိုး အလယ်သား ပဲ့သွား၏။ မြို့ထဲက ဆေးခန်းတစ်ခုကို သွားပြသည်။ ဆရာဝန်က ပဲ့သွားသောအသားကို ပြန်ကပ်ပြီး ချုပ်ပေးလိုက်သည်တဲ့။

ရက်အနည်းငယ်ကြာသောအခါ အနာက ကိုက်ပြီး ပြည်ထွက်လာသည်။ တခြားဆရာဝန်ကို ပြပြီး ချုပ်ရိုးဖြေမှ အထဲက အနာက လှောင်ပြီး ပြည်တွေလှိုက်စားနေတာတွေ့သည်။ အရိုးအကြော အထူးကုဆရာဝန်နှင့်ပြဖို့ ပြောသည်။ သည့်နောက်မှာ အထူးကုဆရာဝန်ကြီး တစ်ယောက်နှင့် ပြကြည့်တော့ မှ လက်ညှိုးက အကြော တစ်ချောင်းကိုပါ ပြည်က စားသွားသည်တဲ့။ ဆေးရုံတင်ပြီး ခွဲစိတ်ရမည်ဆိုသည့်အခါ ကြည့်မြင်တိုင်က အရိုးဆေးရုံမှာ တင်ခဲ့ရ၏။

ကျွန်တော်က ကျောင်းတစ်ဖက်နှင့် သူတို့ဆီမရောက်သည့်အခါ သူတို့ဖုန်းဆက်မှသိရသည်။ ဤသို့နှင့် စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်မှာ နောင်နောင့်ကို ညအိပ်စောင့်ဖို့ အရိုးဆေးရုံကို ရောက်ခဲ့ရခြင်းဖြစ်၏။

"ဟီး.......ဟီး............ဟီး....ဟီး"

ဒုတိယအကြိမ် ညည်းသံတစ်ချက် ကြားလိုက်ရ၍ သည်တစ်ခါ မနေနိုင်တော့။ သည်အသံ ဘယ်ကလာသလဲဆိုတာ လိုက်ရှာနေမိသည်။

"ကိုကြီးဇော်......ဘာလုပ်မလို့လဲ"

နောင်နောင်က တစ်ရေးနိုးပြီး ကျွန်တော့်ကို မေးသည်။

"လူနာညည်းသံ ကြားသလားလို့။ ငါသွားကြည့်မလို့"

"မကြည့်နဲ့ ကိုကြီးဇော်၊ ရတယ်။ ဒါတွေက ဒီလိုပဲ။ ခွဲခန်းဝင်ထားတော့ နည်းနည်းတော့ နာမှာပေါ့။ အေး ကလည်း အေးတာကိုး "

နောင်နောင့် စကားကြောင့် နေရာမှာပြန်ထိုင်ရင်း စောင်ခြုံ၍ အိပ်ဖို့ကြိုးစားသည်။ သည်အဆောင်က လက်မှာ ဒဏ်ရာရသူတွေချည်းသာ ထားသောအဆောင်ဖြစ်ပြီး ကျွန်တော်သိသလောက် သူတို့မှာ လူနာစောင့် သိပ်မရှိကြ။ အမျိုးမရှိကြလို့လား။ အသိမိတ်ဆွေ မရှိကြလို့လား။ ဘာလို့ လူနာစောင့် မငှားတာလဲ။ ခွဲခန်းက ထွက်တဲ့နေ့မှာ အဖော်အစောင့်အရှောက် တစ်ယောက်လောက်တော့ ရှိသင့်တာပေါ့လို့ တွေးရင်း ကျွန်တော် မကျေနပ်ပြန်။

ညည်းသံတွေ ထပ်ပြီးကြားရချိန်မှာတော့ ကျွန်တော်အိပ်မပျော်နိုင်တော့။


*******************

"ဒီလိုပါပဲ ညီလေးရာ။ ညီလေးက ဒီကိုရောက်တာ ဘာမှမကြာသေးလို့။ နောင်နောင်ဆို သိသွားပြီ"

မနက်မိုးလင်းတော့ ကျွန်တော်က ဘေးခုတင်က အစ်ကိုကြီးကို ညကညည်းသံတွေ ပြောပြလိုက်သည်။ သူတို့ကတော့ ဘာမျှမထူးဆန်းသလို။ အေးလေ၊ ငါသာ ဆေးရုံတွေကို ဟုတ်တိပတ်တိ မရောက်ဖူးသေးလို့ နေမှာပေါ့ ဟု ကျွန်တော့ဘာသာဖော့ပြီးတွေးသည်။

သည်လိုနှင့် နောင်နောင့်ကိုစောင့်ပေးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ကျွန်တော်နှင့် 'လက်' အဆောင်က လူတွေ ရင်းနှီးကုန်ကြပြီ။

နောင်နောင့်ခုတင်က ထောင့်စွန်း။ နောင်နောင့် ခုတင်ဘေးက ကိုစိုးဝင်း။

သူက မီးရထားက ၀န်ထမ်း။ ရထားလမ်းအောက်မှာရှိသည့် မြောင်းထဲမှာဝင်ပြီး လက်တစ်ဖက်က ရထား သံလမ်းပေါ်မှာတင်လျက် ရထားအောက်မှာပြင်နေစဉ် သူပြင်နေသောတွဲကို တခြားတွဲတစ်တွဲက အရှိန် မထိန်းနိုင်ဘဲ ၀င်ဆောင့်သည်တဲ့။ လက်ဖျံရိုးတစ်လျှောက်က အသားတွေပဲ့ပြီးပါသွားသည်။ အရိုးလည်း ကျိုးသွား၏။ သည်လိုနှင့် ဆေးရုံရောက်ခဲ့သည်တဲ့။

"အစ်ကို ဆေးရုံရောက်တာ လေးငါးခါရှိပြီ"

"ဟာ...ဘာဖြစ်လို့လဲ"

"အစ်ကို့ဟာက တစ်ခါတည်းမှ မပြီးတာ။ ပေါင်ကအသားကိုလှီးပြီး လက်မှာပြန်ပြန် ကပ်ရတယ်။ အသား ပြည့်အောင်လေ။ တစ်ခါ ပေါင်ကအသားလည်း အသားတက်အောင် စောင့်ရသေးတာကိုး။ အရိုးလည်း ပြန်ဆက်ရသေးတယ်။"

ကိုစိုးဝင်း၏ လက် အနည်းငယ်တိုနေတာ ကျွန်တော် သတိထားမိလိုက်၏။

"လက်ထဲမှာ ငွေကမရှိတော့ ခွဲစိတ်ပြီး အနာကျက်ပြီဆို ပြန်ဆင်း၊ ခွဲဖို့လိုရင် ပြန်တက်နဲ့၊ ဆေးရုံနဲ့ ခွဲခန်း ဆိုတာကွာ ငါ့အိမ်လိုတောင်ဖြစ်နေပြီ"

"ဟုတ်တယ် ကိုကြီးဇော်ရ။ ကိုစိုးဝင်းကို ကျွန်တော် စတက်ကတည်းက တွေ့တာ။ သူခွဲခန်းဝင်တာ ကျွန်တော့် ထက်တောင်များတယ်။ ကျွန်တော်က လက်ညှိုးကို လက်ခလယ်က အသားကူးတာ တစ်ခါ။ အဲဒီတုန်းက လက်နှစ်ချောင်းကို ပူးထားရတယ်။ အခု အဲဒါလုပ်ပြီးတော့ အဲဒါကိုပြန်ခွာပြီး လက်ခလယ်မှာ ပေါင်က အသား ဖြည့်ရမှာတစ်ခါ။ အဲဒါ မလုပ်ရသေးဘူး။ ဒီဆေးရုံတက်ပြီး လူတိုင်းနှစ်ခါလောက်တော့ ခွဲခန်းဝင်ရတာ။ ကိုစိုးဝင်းဆို လေးခါလောက်ရှိနေပြီ။ ကျွန်တော်ရှိနေတုန်းနော်။ အရင်အခေါက်တွေပါဆို စဉ်းစားသာ ကြည့်တော့။"

သူတို့စကားကြောင့် ကျွန်တော် အံ့သြရသည်။ သူတို့ကတော့ ခွဲခန်းဝင်ရတာ ဘာမျှမထူးဆန်းသလို။

"ဒါနဲ့ ကိုစိုးဝင်းကို အလုပ်က လျော်ကြေးမပေးဘူးလား"

"ပေးတာပေါ့ ညီလေးရာ။ ဒါပေမဲ့ ခွဲခန်းဝင်တဲ့စရိတ် ဘယ်လောက်ကြီးတယ်ဆိုတာ ညီလေးလည်း သိသားပဲ။ တစ်ခေါက်က နှစ်ခေါက်ဖြစ်လာတော့ အစ်ကို့ အိတ်စိုက်ပဲပေါ့။ လိုအပ်တဲ့ ဆေးတွေကလည်း အပြင်မှာပဲ ရတယ်။ ဈေးကလည်း ကြီးတယ်လေ။"

ကျွန်တော်သက်ပြင်းချမိသည်။ ကိုစိုးဝင်းကတော့ မော၍လားမသိ။ သူ့ခုတင်ဘေးက ပစ္စည်းတွေတင်သည့် ခုံလေးပေါ်က မတ်ခွက်ကို ယူ၍ ရေသောက်တာတွေ့သည်။

" အနာမကိုက်အောင်တော့ ဆေးကောင်းကောင်းလေးဘာလေး ခုလို မှီဝဲရတာပေါ့"

ကျွန်တော်နားမလည်။ ကိုစိုးဝင်း ရေသောက်တာပဲတွေ့၍ ဘာမှန်းမသိ။

"ကိုကြီးဇော်က နားမလည်ဘူး ကိုစိုးဝင်းရ။ နားလည်အောင် ရှင်းပြလိုက်ဦး။"

"သြော်-ငါ့ညီက သဘောမပေါက်ဘူးကိုး။ ဒါတွေက ရေတွေမဟုတ်ဘူး။ အရက်တွေ။"

သူ့အတွက် စိတ်ဖြေရာက ဒါလားလို့တွေးရင်း ကျွန်တော်သူ့ကို မဝေဖန်ခဲ့။ ဆေးရုံပေါ်က လူနာ တစ်ယောက် အဖြစ်တော့ စိတ်ဝင်စားခဲ့တာအမှန်။

************************

"ရှီး.......ရှီး.........ရှီး.........ဟီး........ဟီး.........ရှီး........ရှီး"

"ဟေ့ကောင် ဂျော်နီ။ ဒီမှာ တွေ့လား။ ဒါဘာလဲ ကြည့်စမ်း။"

"ရှီး.....ရှီး.......ရှီး....ရှီး၊ ကိုနိုင်ဝင်းကလည်းဗျာ၊ ကိုက်ရတဲ့အထဲ။"

"ဟေ့ကောင်-ငါတကယ် ထိုးထည့်လိုက်မှာနော်။ တွေ့လား။"

ညည်းသံနှင့် စကားသံအကြား ကျွန်တော်အိပ်မရ။ ဖျတ်ခနဲ လန့်နိုးသည်။ နောင်နောင့်ခုတင် ခြေရင်း တည့်တည့်က ကိုနိုင်ဝင်းက သူ့ခုတင် တစ်ခုကျော်က ကိုဂျော်နီ့ခုတင်မှာ ခြင်ထောင်ဟ၍ ဘာလုပ်နေသည်မသိ။ ကျွန်တော်သွားကြည့်သည်။

"ကိုနိုင်ဝင်း-ဘာဖြစ်တာလဲဗျ"

"ဒီကောင် ခွဲခန်းဝင်ထားလို့ညည်းတာကွာ။ ဘယ်လိုညည်းတာလဲ မသိဘူး။ မြက်ရိတ်စက်အသံ ကျနေတာပဲ။ ရှီးရှီး ရှီးရှီး နဲ့။ ငါအိပ်မရတော့ဘူး။ အဲဒါ ရပ်ရင်ရပ်၊ မရပ်ရင် သတ်ပစ်မယ်လို့ ဓားနဲ့ ခြောက်နေတာ"

ကိုနိုင်ဝင်းက ကျွန်တော့်ကို ပြောရင်း မျက်စိတစ်ဖက် မှိတ်ပြသည်။ ကျွန်တော်ပြုံးပြီး ကိုဂျော်နီကို ကြည့်လိုက်၏။

"ကိုဂျော်နီ ဘယ်လိုနေလဲ။ ညဦးပိုင်းက ဆရာမ လာတော့ ဆေးမထိုးခိုင်းဘူးလား"

"အဲဒီကောင်မှာ ပိုက်ဆံမရှိဘူးကွ။ အကိုက်အခဲ ပျောက်ဆေး ၀ယ်မထားဘူး။ ဒါကြောင့် ဒီကောင် ဒီလောက် ဖြစ်နေတာ။ ငါ့ဓားကို မကြောက်တာကြည့်။ အရင်က ငါ့ဓားပြတာနဲ့ ဒီကောင် ငြိမ်သွားပြီ"

"ကိုနိုင်ဝင်းကလည်းဗျာ။ သူကနေမကောင်းတဲ့ဟာ။ နောက်နိုင်သေးတယ်"

ကျွန်တော့်စကားကြောင့် ကိုဂျော်နီ ညည်းနေရင်း ပြုံးဖြစ်အောင်ပြုံးသည်။ ကျွန်တော်က ခဏနေဦး ဟုဆိုကာ နောင်နောင့်ခုတင်ကိုပြန်ပြီး နောင်နောင့်ကို ဆေးမေး၏။ ကုန်နေသည်တဲ့။ သွားပြီ။ သည် တစ်ညတော့ ကိုဂျော်နီ ခံရပေဦးမည်။ ဒီဇင်ဘာဆောင်းရာသီ၏ အအေးဒဏ်ကလည်း လူနာတွေအဖို့ မခံနိုင်စရာကောင်းအောင် စိမ့်ပြီး အေးနေပြန်၍ အနာခွဲသူတွေတော့ ပို၍ ကိုက်ပြီဟုတွေးရင်း ကျွန်တော့်နေရာမှာသာ ထိုင်နေမိတော့သည်။

ကိုနိုင်ဝင်းလည်း ခဏကြာတော့ သူ့ခုတင်ပြန်လာပြီး အိပ်တာတွေ့သည်။ ကိုဂျော်နီ့ ညည်းသံက ညလယ်မှာ လျှံထွက်နေဆဲ။ အိပ်ပျော်သူတွေက ပျော်ကြ၏။ ကျွန်တော်ကတော့ အိပ်မပျော်နိုင်ပြန်။


*********************

သားလတ်

(ဆက်ပါဦးမည်။)

Sunday, March 20, 2011

"တစ်ရေးနိုး ဆူနာမီ"


၂၀၀၄ ခုနှစ်တုန်းက သင်တန်းတစ်တန်းတက်ရန် အိန္ဒိယနိုင်ငံ၊ နယူးဒေလီသို့ ခေတ္တရောက် ခဲ့သည်။ နောက်တော့ ဗုဒ္ဓဂယာသွားချင်၍ ကာလကတ္တားသို့ လေယာဉ်ဖြင့် ကူးပြီး၊ ဂယာကို ရထားဖြင့် ခရီးဆက်ခဲ့၏။ ဂယာခရီးကအပြန်၊ ရထားဖြင့် ကာလကတ္တားကိုအကူး တစ်ညလုံး ရထားစောင့်ရင်း အိပ်မရခဲ့၍ ရထားပေါ်မှာ အိပ်မောကျနေသော ကျွန်တော်သည် ရထား တုံ့ခနဲရပ်သွားပြီး တုန်ခါမှုများစွာ ကြုံရသောအခါ လန့်နိုးခဲ့ရ၏။ ထိုအချိန်သည် ညနေ သုံးနာရီခန့်။

နောက်နေ့မနက် ကာလကတ္တား ဘုန်းကြီးကျောင်းမှာ ဆရာတော်ကို နှုတ်ဆက်ခိုက် 'မနေ့ညနေက ငလျင်အကြီးကြီး လှုပ်တယ်၊ ဒကာတို့သိလား' ဟု မေးခိုက် အိပ်မောကျနေကြောင်း ရှင်းပြခဲ့၏။ ရန်ကုန်အပြန် လေယာဉ်ပေါ်ရောက်မှ ရှေ့ထိုင်ခုံ နောက်ကျောဘက်က အိတ်ထဲထည့်ထားသော သတင်းစာကို ထုတ်ကြည့်စဉ်မှာ ငလျင် အကြီးကြီးတစ်ခုကြောင့် အိမ်ခြေပေါင်းများစွာ၊ လူပေါင်းများစွာ ဒုက္ခရောက်၊ သေကြေပျက်စီး ပုံများကို မြင်ရ၏။ မြန်မာပြည်ပြန်ရောက်တော့ ထိုငလျင်ကြီးနှင့် ပတ်သက်မှုများကို နားနှင့်မဆံ့အောင် ကြားရသည်။ 'ဆူနာမီ' တဲ့။ ရေလှိုင်းများ။

၂၀၀၅ ခုနှစ် မတ်လမှာ ရခိုင်ပြည်နယ်ဘက် ရောက်သည်။ စစ်တွေရောက်ခိုက် ရာသီ ဥတုကြောင့် လေယာဉ်မလာနိုင်၍ သောင်တင်နေစဉ်၊ ကောလဟလတစ်ခု စရောက်လာသည်။ စစ်တွေကို ဆူနာမီ လာမည်တဲ့။ မိုးဆက်တိုက်ရွာ၊ လှိုင်းများကြီး၍ ကမ်းခြေနံရံများ ပဲ့ကျကုန်တာ သတိထားဖြစ်သည်။ ကျွန်တော်တည်းခိုနေရာ 'မြ' တည်းခိုခန်းသည် စစ်တွေတက္ကသိုလ်ရှေ့၊ ဆေးရုံနှင့်မလှမ်းမကမ်း။ ဆေးရုံ ဟိုဘက်ဆက်လျှောက်လိုက်လျှင် ကမ်းနားရှိသည်။ ပင်လယ်သည် ကျယ်ပြန့်စွာ တစ်ဖက်မှာရှိ၏။ လေနှင့် မိုးသည် မရပ်ခဲ့။

ဘာပဲပြောပြော ထိတ်လန့်မိသည်။ မလာတော့ဘူးထင်ပြီး တစ်ခါပြန်၍ တစ်ရေးနိုးလာသည်ထင်၏။ ရင်ထဲမှာ ခံစားမိသမျှ ကဗျာတစ်ပုဒ် ချရေးဖြစ်သည်။ ခေါင်းစဉ်ကို 'တစ်ရေးနိုး ဆူနာမီ' ဟု ပေးဖြစ်၏။

နောက်တော့ မိုးလေကင်းပြီး ဆူနာမီမလာတော့ဟု သိရ၍ ၀မ်းသာသွားသည်။ ရန်ကုန်က မိဘအိမ်ကို အမြန်ပြန်ရောက်မည်ထက် ဆူနာမီ မလာ၍ ပျော်ရသည်က ပိုမည်ထင်သည်။ ထိုအခါ၌ 'ဆူနာမီ မရှိတဲ့မြေ' ဆိုသော အောက်ပါ ကဗျာကို ချရေးဖြစ်ခဲ့ပြန်သေးသည်။

"ဆူနာမီ မရှိတဲ့မြေ"

ကမ်းခြေဟာ
အပန်းဖြေစရာပါ ဆူနာမီ။

ကလေးတွေက မင်းကိုမသိ
လူကြီးတွေသတိမှာ မင်းမရှိလို့
မင်းထိတဲ့ ကမ်းခြေမှာ
နွမ်းကြေတာ သူတို့ပါ ဆူနာမီ။

သူတို့ရဲ့ မျက်ရည်ကိုစားသုံး
လှိုင်းတွေနဲ့ မင်းဝုန်းတဲ့အခါ
ငါတို့က မင်းကိုမုန်းပေမယ့်
မင်းကတော့ အပြုံးမပျက်
တစ်ရေးနိုးတောင် ထထွက်လာရဲခဲ့တယ်။

ကြည့်ပါဦး ဆူနာမီ
မင်းကြောင့် ရယ်နိုင်သူမရှိတဲ့အခါ
ကမ္ဘာဟာ မင်းကိုမုန်း
ငါတို့က မင်းကို လုံးလုံးနာကြည်းတယ်လေ။

ဒါပေမဲ့ ဆူနာမီ
ငါနေတာက မြန်မာပြည်
ထေရ၀ါဒက အလွန်ပီလို့
ဗုဒ္ဓရဲ့ မေတ္တာဓာတ်အဆီအနှစ်
ငါတို့ဆီမှာ ကြွင်းကျန်ရစ်မှတော့
မင်းပြန်သစ်လာတောင် ဂရုမစိုက်
တခြားနိုင်ငံတွေအတွက် ၀မ်းနည်းခိုက်မှာခံစား
မင်းပြန်သွားတာပဲ စောင့်ကြည့်မယ်။

မင်းလာလို့မရတဲ့ တိုင်းပြည်
မင်းကျီစားလို့ မရတဲ့အရပ်
မင်းခတ်လို့မရတဲ့ ဘာသာတရား
မင်းဝါးလို့မရတဲ့ ကမ်းခြေတွေနဲ့
(ငါတို့မြန်မာပြည်ဆိုတာလေ)
မင်းလှမ်းခြေချင်တိုင်း ခြေလို့မရဘူး ဆူနာမီ။

ဆူနာမီရေ.....
ကမ်းခြေဆိုတာဟာ
(ငါတို့မြန်မာပြည် အတွက်တော့)
အပန်းဖြေစရာပါပဲ ဆူနာမီ။ ။

ယခု ၂၀၁၁ ခုနှစ် မတ်လတွင် ဂျပန်နိုင်ငံမှာ ဆူနာမီ ပြန်ဝင်သည်။ လူထောင်ချီ၍ သေပြီး၊ အဆောက်အအုံ များစွာ ပျက်စီးသည်။ နောက်ဆက်တွဲ ဆိုးကျိုးများက စောင့်နေသေး၏။ ကျွန်တော့်စိတ်ထဲ တော်တော် စိတ်မကောင်း ဖြစ်ရသည်။ နာဂစ်မုန်တိုင်းကျပြီး ဧရာဝတီတိုင်းမှာ သူငယ်ချင်းများနှင့် အလှူ သွားလုပ်စဉ် မြင်တွေ့ရသမျှ ရင်ဆို့ခဲ့ရသည်။ ဂီရိဖြစ်တော့ မြန်မာပြည်ကို လှမ်းပူမိပြန်၏။ ယခု ဆူနာမီဖြစ်သည်က ဂျပန်မှာ။

၂၀၀၃ခုနှစ်မှာ ဂျပန်နိုင်ငံ အိုဆာကာမြို့၊ တိုကျိုမြို့၊ အိုတမြို့တို့သို့ လေ့လာရေးခရီးအဖြစ် ကျွန်တော်ရောက်ခဲ့ ဖူးသည်။ အိုဆာကာသည် လှပလွန်းသောမြို့။ ကျွန်တော့်နှလုံးသားမှာ စွဲနေ၏။ ယခု ဆူနာမီဖြစ်သည်က အိုဆာကာမဟုတ်။ တခြားမြို့။ တိုကျိုမြို့ နှင့် ခပ်လှမ်းလှမ်းမှာ။ သို့သော် ကျွန်တော့်လုပ်ငန်းခွင်မှ Main Contractor သည် ဂျပန်ကုမ္ပဏီကြီး ဖြစ်သည်။ ယခု စင်ကာပူမှာ တာဝန်ထမ်းဆောင်နေသော ဂျပန်တချို့၏ အိမ်များ ထိုမြို့မှာရှိသည်။ တချို့ဆို အိမ်ပြန်သွားချိန်မှ ဒုက္ခနှင့်ကြုံရတော့သည်။

ကျွန်တော်တို့ Project ကလည်း ပြီးလုပြီးခင်မို့ သူတို့အားလုံး အင်တိုက်အားတိုက်လုပ်နေကြသည်။ တချို့လည်း မျက်နှာများက မသာယာတော့။ မနက်ဘက်လုပ်သည့် Tool Box Meeting မှာ ဂျပန် Safety တစ်ယောက်က သူတို့ဆီမှာ ကြီးမားသော ငလျင်ကြောင့် ပျက်စီးဆုံးရှုံမှုများစွာ ကြုံနေရကြောင်း ထည့်ပြောသွားသည်။ ကျွန်တော့်စိတ်ထဲမှာ ၀မ်းနည်းမှု အထိမ်းအမှတ် တစ်ခုခု လုပ်သင့်ကြောင်း တွေး မိသည်။ ကြုံမှ Main Con Safety Manager ကို ပြောဦးမည်ဟု တေးထားလိုက်၏။

တစ်ခုတော့တွေးမိပါသည်။ ဆူနာမီသည် ငြိမ်ချင်လျှင် ငြိမ်နေ၏။ ပြန်ထချင်လျှင် ထလာပြန်၏။ သူလာချင်သည့် နေရာလာ၊ သွားချင်သည့်နေရာ သွား၏။ အင်ဒိုနီးရှား၊ ဂျပန် ပြီးတော့ ဘယ်နိုင်ငံများပါလိမ့်။ ဘယ်လိုပဲ ဖြစ်ဖြစ် အိပ်ပျော်နေသော ဆူနာမီ၏ တစ်ရေးနိုးချိန်တိုင်းသည် ကြောက်ရွံ့ဖွယ် ကောင်း၏။ စက်ဆုပ် ရွံရှာဖွယ် ကောင်း၏။ ထိတ်လန့်ရ၏။ ကြေကွဲဝမ်းနည်းရ၏။ စာနာထောက်ထားမှုများ ခံစားရ၏။

သို့သော် ကျွန်တော်တို့ဘာတတ်နိုင်ပါမည်နည်း။ သဘာဝကို မည်သူလွန်ဆန်နိုင်ပါမည်နည်း။ တစ်ခုပဲ တတ်နိုင်တာရှိပါသည်။ လူတိုင်း ကိုးကွယ်စရာ ဘာသာတရား ရှိနေသည်မဟုတ်ပါလား။ ဗုဒ္ဓ ဘာသာဝင်ဖြစ်သော ကျွန်တော်ကတော့ ဖြစ်ချင်း ပျက်ခြင်းကြားမှာ မေတ္တာပို့ရင်း၊ အားလုံးသော လူသားများ ဆူနာမီ တစ်ရေးနိုးမည့် အချိန်နှင့် ဝေးစေကြောင်း ဆုတောင်း၍ တစ်ချိန်က ကျွန်တော်ရေးခဲ့သော ကဗျာလို 'ဆူနာမီ မရှိသောမြေ' ဖြစ်လာရေးကို မျှော်လင့်လျှက် 'တစ်ရေးနိုး ဆူနာမီ ' ဆိုသော ကဗျာတစ်ပုဒ်ကိုသာ ရေရွတ်နေမိပါတော့သည်။ ။

"တစ်ရေးနိုး ဆူနာမီ"


ဆူနာမီရေ....
ကမ္ဘာမြေက မင်းကို လက်မခံ
မင်းပြန်သင့်ပါပြီကွယ်။

မင်းတိုးလို့ ကျိုးတဲ့ကမ္ဘာ
မင်းမှာလို့ လာတဲ့ဒုက္ခ
မင်းဖွလို့ ပွတဲ့အမှိုက်
မင်းရိုက်လို့ ရှိုက်တဲ့ကမ်းခြေ
မင်းခြွေလို့ ကြွေတဲ့အသက်
မင်းဖျက်လို့ ပျက်တဲ့အိမ်
မင်းကျိန်လို့ မှိန်တဲ့ကံ
မင်းပြန်မှ အားလုံးငြိမ်း
ကမ္ဘာမြေလည်း စိမ်းလန်းလိမ့်မယ်။

တစ်ရေးနိုး ထထွက်မလာနဲ့
အတွေးရိုးရိုးနဲ့ ပင်လယ်မြေမှာအိပ်စက်ပြီး
မင်းစိတ်အပျက်က ငါတို့ကိုသနား
မင်းအဖျက်အားနဲ့ ငါတို့ကို မကစားရင်
(ဆူနာမီရေ...)
မနက်ဖြန်ရဲ့ ညလွင်ပြင်တိုင်းမှာ
ငါတို့ဟာ မင်းလိုတစ်ရေးမနိုး
ငြိမ်းချမ်းတဲ့ နေ့သစ်တွေ တိုးရင်းရှိနေမယ်။ ။


ဆူးသစ်
၁၅:၄၄နာရီ
၂၀.၀၃.၂၀၁၁


Saturday, March 12, 2011

"ကျွန်တော်တို့သည်" (၁၄)


ရန်ကုန်စက်မှုတက္ကသိုလ်မတက်ခင် ကျောင်းအပ်ဖို့သွားတုန်းက စီနီယာအစ်ကိုက စက်မှုတက္ကသိုလ်၏ အထင်ကရ လမ်းတစ်ခုကို ပြခဲ့ဖူးသည်။ "သြဘာလမ်း"တဲ့။ ထို့အပြင် သူက ကျွန်တော့်ကို ရှင်းပြခဲ့ဖူး၏။

"ဒီလမ်းထဲက ယောင်လို့တောင်မဖြတ်နဲ့နော်ညီလေး၊ ဖြတ်မိတာနဲ့ လက်ခုပ်အတီးခံရလိမ့်မယ်"တဲ့။ ကျွန်တော် လည်း ယောင်တောင် ပေါင်တောင် ခေါင်းညိတ်ပြလိုက်၏။ ဘာမှန်းမျှ မသိတာ။

နောက်ပိုင်း ကျောင်းရောက်တော့မှ ထိုလမ်းအကြောင်း တဖြည်းဖြည်းချင်း သိလာခဲ့ရတော့သည်။ ထိုလမ်းသည် ကျောင်း၏ ပင်မဆောင်မှ စ၍ ကျောင်းနောက်ဘက်ထဲ ၀င်မည့်နေရာမှာ ဆုံးသွားသည်။ မြက်ခင်းပြင်များ ဘေးမှာ ရှိ၏။ ထိုလမ်းကို ဘေးပတ်ပတ်လည်မှာ စာသင်ဆောင်များ ၀န်းရံထား၏။ ကျွန်တော်တို့ ကျောင်းတက်စဉ်က ကျူတိုရီယယ် တန်းများကို ထိုစာသင်ဆောင်များမှာ တက်ရ၏။ EC , Civil တို့အတွက် စာသင်ခန်းများ၊ သီရေတာများသည် ထိုစာသင်ဆောင်များမှာ ရှိ၏။

ထိုလမ်းကလေး၏ ထူးခြားချက်ကား တစ်စုံတစ်ယောက်သည် ထိုလမ်းကို မည်သည့်နေရာက ဖြတ်ဖြတ် စာသင်နေသူ၊ စာမသင်ဘဲ အပြင်ရောက်နေသူများ မြင်ပါက ၀ိုင်းပြီး လက်ခုပ်သြဘာတီး ချီးမြှင့်ကြခြင်းပင်။ စာသင်နေသော ဆရာမပင် ကျွန်တော်တို့ကို ရပ်ပေးရသည် အထိ အတန်းထဲက ထွက်ကာ ၀ိုင်းပြီး အားပေးကြ၏။ "အရူး၊ ဘာကြောင်တာလဲ" ဟု အော်လည်း အော်ကြ၏။ မြန်မာ့လက်ရွေးစင် ဘောလုံးသမား ကိုသန်းတိုးအောင်တို့ တုန်းက လက်ဖက်ရည်တိုက်ကြေး အပျော်သဘောမျိုး တမင်ဖြတ်ခဲ့ကြသည်ဟု အင်တာဗျူးတစ်ခုမှာ ဖတ်ခဲ့ဖူးသည်။

ကျွန်တော်တို့ ကျောင်းမှာ တက်နေသူများက သြဘာလမ်းကို သိသော်လည်း တစ်ခါမျှမရောက်ဖူးဘဲ ကျွန်တော်တို့ကျောင်းမှာ သူငယ်ချင်း လာရှာသူများ၊ ပထမနှစ်မို့ အကြောင်းမသိသူများ ခမျာ သြဘာလမ်းကို ဘုမသိ၊ ဘမသိ ဖြတ်မိသောအခါ လက်ခုပ်သြဘာ ချီးမြှင့်ခံရတော့၏။ "ဖြတ်သန်းသွားလာခြင်းမပြုရန် တားမြစ်ပါသည်" ဆိုသည့် ဆိုင်းဘုတ်ကို တစ်ခါတွင် မြင်ဖူးခဲ့သော်လည်း လမ်းအလယ်မှာမဟုတ်။ ဘေးရောက်၍ တစ်ဖက်သို့ လှည့်ထားသောအခါ အကြောင်းမသိသူများမှာ ခပ်တည်တည်ပင် ဖြတ်ကြတော့၏။ တချို့ကလည်း မျက်နှာပြောင်တိုက်ကာ အပေါ်ကိုမော့၊ လက်တွေပင်ပြကာ ပြုံးဖြဲဖြဲနှင့် လမ်းဆုံးအောင် လျှောက်၏။ တချို့ကျတော့ စလျှောက်ရုံရှိသေး၊ လက်ခုပ်သံ မခံနိုင်၍ လှည့်ပင် ပြေးရလေတော့သည်။

ထိုအကြောင်းအရာများကို ထိတွေ့ခံစားနေရသည့် ကျွန်တော့်အဖို့ကား "သြဘာလမ်း" နှင့်ပတ်သက်သည့် ကဗျာတစ်ပုဒ် ရင်ထဲသို့ ရောက်လာခဲ့လေတော့သည်။


"သြဘာလမ်း"

ပြောကာလွမ်းချင်ရဲ့
သြဘာလမ်းရဲ့အကြောင်းပါ။

စိမ်းစိုစိုမြက်ခင်းပြင်နဲ့
ဘေးဘက်တစ်ခွင်အလှဆင်ထားပါလို့
မြင်ကြသူများရှုမငြီးစရာ။

စာသင်ဆောင်လေးခုကြားက
အလှစုရာထီးတည်းလမ်းပေမို့
' ဖြတ်သန်းသွားလာခြင်းမပြုရ ' ဆိုင်းဘုတ်နဲ့
(စက်မှုတက္ကသိုလ်ရဲ့)တစ်ခုတည်းသောအလှကြော်ငြာ
ပျော်စရာတွေကပြည့်ကာလွှမ်း။

ပထမနှစ်ပေမို့
အစဖြစ်ကာမလည်ပတ်သူများ
အကြောင်းမသိသူမို့
ကျောင်းရှိရာအလည်လာသူများခမျာလည်း
ဆိုင်းဘုတ်ကစာမမြင်သာအောင်တစ်ဖက်လှည့်ထားတာကြောင့်
ယောင်တောင်တောင်ဖြတ်အကူးမှာဖြင့်
ပြည့်ကျပ်ကာပူးနေတဲ့စာသင်ဆောင်လေးခုဆီက
တေးစုတွေသံပြိုင်ထုတ်ပါတော့
လက်ခုပ်သံကတဖြောင်းဖြောင်းနဲ့ညီညီညာ
လက်ခေါက်မှုတ်သံကတသောင်းသောင်းနဲ့တရွှီရွှီမြည်ကာညံလှပါလို့
ဖြတ်မိသူခေါင်းနားပန်းကြီးကာ
ဘယ်လမ်းတာဘယ်လိုလေဆက်ရပါ့မလဲရယ်လို့
ပင်ပန်းကာတစ်ကိုယ်လုံးချွေးတွေလွှမ်းပါတော့
အရှက်အမှုအခက်ပိုလို့မောကာနွမ်းကြပါသတဲ့
(ကဲ - အဲဒါ ကျွန်တော်တို့ရဲ့)
စက်မှုတက္ကသိုလ်က သြဘာလမ်း ။ ။

ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)တို့၊ ဆရာနွမ်ဂျာသိုင်းတို့ ခေတ်မှာ "နွေးအေး"တို့၊ "ချစ်သူတို့လမ်းကလေး"တို့ ဆိုတာကို ကြားခဲ့ရဖူး၏။ ဆရာမ မစန္ဒာကတော့ ဂျီဟောကို အမှတ်တရရေးဖွဲ့ခဲ့၏။ ကျွန်တော်တို့ခေတ်၊ ကျွန်တော်တို့ လက်ထက်မှာ သြဘာလမ်းသည် အမှတ်တရဖြစ်နေမှာ မလွဲ။

ကျွန်တော်တို့သည် သြဘာလမ်းမှာ ဖြတ်ခဲ့သူများကို အားရပါးရ လက်ခုပ်သြဘာတီး၊ အားပေးခဲ့ကြ၏။ ကျောင်းသူ၊ ကျောင်းသား အချို့ကား သြဘာလမ်းကို မသိဘဲနှင့် ဖြတ်သလို၊ သိလျက်လည်း ဖြတ်ခဲ့ကြ၏။ ကျွန်တော်တို့သည် သြဘာလက်ခုပ်တီးရင်း ပျော်ရွှင်ခဲ့ကြရာမှ ထို သြဘာလမ်းသည် ကျွန်တော်တို့၏ နှလုံးသား၌ အစဉ်ထာဝရ တည်တော့၏။ ဆရာ၊ ဆရာမများသည် သြဘာလမ်းကြောင့် လက်ခုပ်ထွက်တီးရန်ပင် စာသင်ခြင်းကို ကျွန်တော်တို့အတွက် ရပ်ပေးခဲ့ရ၏။

ရန်ကုန်တက္ကသိုလ်ပင်မ ကျောင်းသူ၊ ကျောင်းသားများက သစ်ပုပ်ပင်သည် သူတို့အတွက် အမှတ်တရဟု ဆိုလျှင် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသား ဖြစ်ခဲ့ဖူးသော ကျွန်တော်တို့အတွက်တော့ သြဘာလမ်းသည် ကျွန်တော်တို့ခေတ်၊ ကျွန်တော်တို့နှစ်၏ အမှတ်တရပင် ဖြစ်တော့၏။

ကျွန်တော်တို့သည် "သြဘာလမ်း"ကို ပိုင်ဆိုင်ကြသူများ ဖြစ်ခဲ့ကြ၏။ ။

ဆူးသစ်
၂၁း၃၁နာရီ
၁၁.၃.၂၀၁၁

Sunday, March 6, 2011

"မျက်နာနှင့်သီချင်းတစ်ပုဒ်"


မြန်မာပြည်မှာရှိစဉ်က ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ဘက်ကို အလုပ်ကိစ္စဖြင့် ခဏခဏ သွားခဲ့ဖူးသည်။ ညနေဘက် အောင်မင်္ဂလာအဝေးပြေးမှ ကားစီးကာ ရန်ကုန်-ပြည်လမ်းမမှတစ်ဆင့် ရခိုင်ရိုးမကို ညဘက်ဖြတ်ရသည်။ တောင်များ၊ ကြယ်များနှင့် လတို့ ကြားမှာ ကျွန်တော့် အတွေးများနှင့် ကားပေါ်မှာ အိပ်ပျော်တစ်ချက်၊ မပျော် တစ်ချက်။ လ.၀.က ဂိတ်များကို ဖြတ်ရ၍လည်း အိပ်မည်ကြံလိုက်၊ နိုးလိုက်ပင်။

တစ်ခေါက်မှာတော့ ကားပေါ်မှာ ကျောင်းသား၊ ကျောင်းသူ အုပ်စုတစ်စုပါလာ၏။ လူငယ်များဖြစ်၍ ဆူကြ၊ အော်ကြ၊ ဟစ်ကြ။ ကျောင်းသားဘ၀ကို ဖြတ်သန်းပြီး အရာရှိဖြစ်နေချိန်မို့ သူတို့တစ်တွေကို နားလည်ပေး၍ ရသည်။ ကျွန်တော်တို့ ကျောင်းသားဘ၀တုန်းကလည်း သူတို့လိုပဲ မဟုတ်လား။ ညဘက် အိပ်မရတတ်သည့် ရခိုင်ခရီးစဉ် အတွက် သူတို့အသံတွေက ထူးပြီး ဆူညံမနေတော့။ သည်မှာပဲ သူတို့အုပ်စုတစ်တွေက သီချင်းတစ်ပုဒ်ကို စဆိုသည်။

နားထောင်ရင်း ကျွန်တော် သဘောကျသွားသည်။ အပြင်မှာ ကျွန်တော် နားမထောင်ဖူးသော သီချင်း။ ကြားကြားချင်း ဘယ်သူဆိုမှန်းပင် မသိ။ သို့သော် နားထဲကို တန်းဝင်သွားသည်။ ကျွန်တော် လိုက်ဆိုကြည့်ချင်သည်။ စာသားမျှ မရတာ။

နောက်တော့ ရန်ကုန်ရောက်ပြီး အိမ်ကညီအစ်ကိုများနှင့် ခင်ရာမင်ရာတွေ လိုက်မေးမှ စီးရီးမထွက်သေးဘဲ အပြင်က mp3 အခွေတွေ ထဲမှာ ထပေါက်နေသော သီချင်း။ မန္တလေးမှာတော့ အဆောင်တွေရှေ့မှာ ထိုသီချင်းက တော်တော်ရေပန်းစား၊ ဟစ်ထနေသည်ဟု ပါးစပ်စကားအရ သိရသည်။

CD ရလာတော့ ဂစ်တာတီးချင်လွန်း၍ ကိုယ့်ဘာသာ Chord ရှာပြီး တီးကြည့်သည်။ အဆင်ပြေသွားတော့ ကျွန်တော်တို့၏ ညဘက်ဂစ်တာဝိုင်းလေးများထဲမှာ ထိုသီချင်းက အမြဲလို နေရာယူလာခဲ့တော့၏။ အမှန်အတိုင်း ၀န်ခံရလျှင် ထိုအချိန်မှာတောင် မည်သူရေး၍၊ မည်သူဆိုသည်ကို မသိသေး။ နောက်တော့ အခွေထွက်လာမှ ပူစူးရေး၍ IMP ဆိုသော အဖွဲ့က သီဆိုသည်တဲ့။ သီချင်းနာမည်က "ချစ်သူမျက်နှာ"။

အကြောင်းအရာက ရိုးသည်။ သို့သော် တင်ပြပုံ ဆန်းသည်ဟု ကျွန်တော် ဆိုချင်သည်။ ချစ်သူက ခွဲခွာသွား၍ ကျန်ရစ်ခဲ့သော အကြောင်းအရာကိုပင် တခြားအကြောင်းအရာနှင့် မပြော။ မျက်နှာနှင့် ပြောသွားသည်။ စိတ်ကောက်၍ ချော့ခဲ့ရသည့်အခါ ပြုံးသွားသည့်မျက်နှာ။ အမုန်းများနှင့် ပြည့်နှက်သွားသည့်အခါ သူစိမ်း တစ်ယောက်လို ဖြစ်သွားသည့်မျက်နှာ။ ထိုအရာသည် ချစ်သူမျက်နှာ တဲ့လေ။

Melody လှသည်။ ကိုယ်ပိုင်သံစဉ်ချိုချိုတို့၏ အလှမျိုး။ ကျွန်တော်ကတော့ "လူကဲခတ်မတတ်တဲ့ ငတုံးလို"၊ "မင်းမုန်းသွားလည်း ချစ်လို့ငါ မပြီးသေးပါ"၊ "တကယ်လို့ အသဲကိုနောက်တစ်ခါ ကစားရင် နည်းနည်းလေးတော့ အချက်ပြခဲ့ဦး" ဆိုသော စာသားများကို သဘောကျနှစ်ခြိုက်မိသည်။ "ချစ်သူမျက်နှာ၊ ကဗျာလိုဖတ်၊ ရင်ခုန်တတ်စွာ၊ ကာလတာရှည်၊ လွန်လေပြီလား" ဆိုသော ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၏ ကဗျာတစ်ပိုင်း တစ်စကိုပင် သတိရမိ၏။

ထိုသီချင်းကို တော်တော်များများ နားထောင်ပြီးလောက်ပြီဟု ကျွန်တော် ယုံကြည်ပါသည်။ သို့သော် ကျွန်တော်ခံစားမိသော သီချင်းများထဲတွင် ထိုသီချင်းပါနေ၍ ယခု တင်ပြလိုက်ပါသည်။ ။


ဆူးသစ်
၂၀း၅၆ နာရီ
၆.၃.၂၀၁၁

Friday, March 4, 2011

"ကျွန်ုပ်နှင့် အနုပညာရှင်၏တစ်နေ့တာ"


တစ်ရံရောအခါ၌ ဒဂုံမြို့သစ်(မြောက်)ပိုင်းတွင် နေထိုင်သော ကျွန်ုပ်သည် မီးပျက်နေသည့် ကြားမှ ဘက်ထရီမီးဖြင့် တီဗွီကို အငမ်းမရကြည့်နေသော ကျွန်ုပ်၏ညီ၊ အမေနှင့် အိမ်လာလည်သော အဒေါ်တို့ မည်သည့် အစီအစဉ်ကို ဤကဲ့သို့ ကြည့်နေရသနည်းဟု စိတ်ဝင်တစား ကြည့်လိုက်ရာ 'အနုပညာရှင်၏ တစ်နေ့တာ' အစီအစဉ်ကို တွေ့ရလေ၏။ သို့သော် ကျွန်ုပ်၏ အဒေါ်ကား ထိုသို့ ကြည့်ပြီးသကာလ ကြည့်ရုံနှင့်လည်း မပြီး၊ စာရေးနေသော ကျွန်ုပ်ထံသို့လာပြီး မြည်တွန်တောက်တီးလေရာ ကျွန်ုပ်၏ စာရေးခြင်းကို ခဏရပ်ပြီး ပြောသမျှ နားထောင်ရလေ တော့သည်။

"ဟဲ့ ရွှေဖြူ၊ နင့်ကိုလည်း တစ်နေ့မှာ ဒီလိုလာရိုက်နိုင်တယ်၊ အဲဒါ နင်ဘယ်လိုလုပ်မလဲ"

"စိတ်ကူးမယဉ်ပါနဲ့ ဒေါ်ဒေါ်ရာ၊ ရုပ်ရှင်နဲ့ ဂီတကလူတွေပဲ ရိုက်တာ။ စာရေးဆရာ မပါပါဘူး။ ပြီးတော့ လူငယ်တွေပဲ ရိုက်တာပါ"

"သြော်-ဘယ်ပြောလို့ရမလဲ၊ နင့်ကို စိတ်ဝင်စားလို့ ရိုက်ရင် ဘယ်လိုလုပ်မလဲ၊ နင်လည်း အနုပညာရှင်ပဲဟာ"

"မဖြစ်နိုင်တာဗျာ" ဟု တစ်ခွန်းပြော၍ ဂရုမစိုက်ဘဲ နေလိုက်သောအခါမှ တစ်ခန်းရပ်သွားတော့၏။

သို့သော်ငြား ကျွန်ုပ်၏စိတ်ကူးထဲသို့ အဒေါ်ပြောသလို 'အနုပညာရှင်၏တစ်နေ့တာ' အစီအစဉ်အတွက် ကျွန်ုပ်ထံ လာရောက်ရိုက်ကူးလျှင် ဆိုသောအတွေးက တမုဟုတ်ချင်းကြီးစိုးလာပြီး ထိုညက တော်တော်နှင့် အိပ်မပျော် ဖြစ်ရလေတော့သည်တကား။


×××××××××××××××××××××××

"ဆရာကိုရွှေဖြူနဲ့ ပတ်သက်လို့ အနုပညာရှင်၏တစ်နေ့တာ အစီအစဉ်လွှင့်ချင်ပါတယ်"

ဗုဒ္ဓေါ။ အဒေါ်ပြောသကဲ့သို့ အစစ်ဖြစ်လာချေပြီ။ ကျွန်ုပ်၏ သူငယ်ချင်းမှတစ်ဆင့် ကျွန်ုပ်ထံသို့ ဆက်သွယ်လာပြီး သကာလ၊ ကျွန်ုပ်ကို ပြောသည့်အခါ ထိုအကြောင်းသိသွားသောအဒေါ်မှာ ကျွန်ုပ်၏ အမေထက် ပျာယာခတ်လေ တော့သည်။

"နင့်ကိုမပြောဘူးလား။ ကဲ-အခုဘယ်လိုလုပ်မလဲ"

အဒေါ်၏ '
ကဲ-အခုဘယ်လိုလုပ်မလဲ' ဆိုသော စကားကိုကြားရသောအခါ ကျွန်ုပ်အဖို့မှာ အဆိုတော် ဖိုးချို၏ 'ပဲ့ကိုင်' သီချင်းကိုသာ သွားကြားယောင်၏။ "ကဲ-အခုဘယ်လိုလုပ်မလဲ............ကဲ-အခုဘယ်လိုလုပ်မလဲ"

"နင်ဘာတွေ စဉ်းစားနေတာလဲ"

"ဘာမှမစဉ်းစားပါဘူး။ လာရိုက်လည်း ရိုက်ပါစေပေါ့။ တကယ်သရုပ်မှန် (Realism) ကိုပြရမယ်"

"ဘာ-စဉ်းစားပါဦးဟယ်။ နင့်သရုပ်မှန်ဆိုတာက တီဗွီကြည့်တဲ့လူတွေကို စော်ကားသလို ဖြစ်ဦးမယ်။ နင်တို့ နေပုံ ထိုင်ပုံတွေအကုန်ပါကုန်မှာပေါ့"

"ဘာဖြစ်လဲ၊ အရှိကို အရှိအတိုင်းကောင်းတယ်"

သည်တစ်ခါတော့ ကျွန်တော်က ဗဒင်သီချင်း 'အရှိအတိုင်း' မှစာသားများ ရွတ်ပြလိုက်၏။

"နင့်ကို ဘာပြောပြောရမှာမဟုတ်ဘူး။ ငါ့အစ်မ နင့်အမေကလည်း ဒီအတိုင်းပဲ၊ နင့်အဖေဆိုတာက ဝေးရော။ ဒီတော့ ငါစီစဉ်မယ်"

သည်တစ်ခါတော့ အဒေါ်က ကျွန်ုပ်ကို အပြတ်ဖြတ်လေ၏။ ကျွန်ုပ်လည်း မည်သို့မျှ ရှင်းပြရန် မတတ်နိုင်ရကား ကိုယ့်ဘာသာ စာရေးနေတော့၏။

××××××××××××××××××××××××××××××

'အနုပညာရှင်၏တစ်နေ့တာ' အစီအစဉ် ရိုက်မည့်နေ့ စလေပြီ။ ကျွန်ုပ်မှာ အဒေါ်ကောင်းမှုဖြင့် ပျဉ်ထောင်အိမ် ပေါ်မှ တိုက်ခန်းပေါ်သို့ နေ့ချင်းညချင်း ရောက်ရှိသွားလေ၏။ အကြောင်းမှာ အဒေါ်က သူ့တိုက်ခန်းကို တစ်ရက်ငှားလိုက်ပြီး သူ့မိသားစုကို ကျွန်ုပ်တို့အိမ်သို့ တစ်ရက်သွားနေရန် လွှတ်လိုက်ခြင်းကြောင့်ပင်။

"ကျွန်တော်က မိုးလင်းရင် မီးသွေးခဲတို့၊ ဆားတို့နဲ့ သွားတိုက်ပြီး.........."

"ဟိုး - ဟိုး ၊ ဟဲ့ ဒေါ်ဒေါ်တို့ရဲ့ ဂုဏ်သိက္ခာကိုငဲ့ပါဦးဟာ၊ ဟိုမှာ ငါတို့သွားတိုက်ဆေး အကောင်းစားတွေနဲ့ တိုက်လေ"

"သြော်- ဟုတ်ကဲ့၊ ဟုတ်ကဲ့"

"ကျွန်တော်က မနက်ဘက်ဆို ပဲပြုတ်ကို ဆီနဲ့ဆမ်း........."

"ကော်ဖီ၊ ကွေကာ၊ ပြီးတော့ မုန့်ဟင်းခါးတို့ ဘာတို့ စားတယ်လုပ်လေ၊ ငါ့တူကလည်း"

အစမ်းရိုက်နေတုန်းမို့သာ တော်တော့သည်။ ကျွန်ုပ်ကား ဒါရိုက်တာထက်၊ အဒေါ်၏ စီစဉ်ညွှန်ကြားမှုအတိုင်း လုပ်ရ လေ၏။

"ကျွန်တော့်နာမည် ရွှေဖြူပါ၊ ဒဂုံမြို့သစ်(မြောက်)ပိုင်းမှာ နေပါတယ်"

ကိုယ့်ကိုယ်ကို မျိုးကျော့မြိုင်လို့လည်း ထင်မိသေး၏။ အဒေါ်က ၀င်တားသည်။

"ဟဲ့ ငါ့တူ၊ စမ်းချောင်းရောက်နေတယ်လေ။ ဘယ်က (မြောက်)ပိုင်းတွေ ပြောနေတာလဲ"

"သြော်- ဟုတ်ကဲ့၊ ကျွန်တော့် နာမည်ရွှေဖြူပါ။ စမ်းချောင်းမှာ အဒေါ်နဲ့ ခဏလာနေ၊ အဲ အမြဲနေပါတယ်။ အဖေအမေတို့က ဒဂုံမှာ နေပါတယ်။ ကျွန်တော်တို့ မိသားစုမှာ မိသားစုဝင် ငါးယောက်ရှိပါတယ်။ အဖေက ငွေဖြူ၊ အမေက ကြွေဖြူ၊ ကျွန်တော့်အစ်ကိုက နေလူ၊ ကျွန်တော့်ညီက ပြေသူ၊ ဒါကတော့ ကျွန်တော့်အဒေါ် ဒေါ်ဝေကြူပါ။ အခုနေတာ သူနဲ့ပါ"

သည်တစ်ခါ၌ ကျွန်ုပ်ကား ကြက်ဖ၊ စိုင်းစိုင်းခမ်းလှိုင်နှင့် ဂျောက်ဂျက်တို့ ရေးသော သီချင်းများနီးပါး ရှိသည့် ကာရန်များဖြင့် ကျွန်ုပ်အကြောင်းများကို တရစပ် ပစ်လွှတ်လေတော့သည်။ ကျွန်ုပ်၏အဒေါ်ကား ကျွန်ုပ်၏စကားများကို သဘောကျ၍လား၊ သူကိုယ်တိုင် တီဗွီတွင် ပါရ၍လားမဆိုနိုင်။ သဘောကျ၍ ပြုံးပြုံးကြီး ဖြစ်နေလေတော့သည်။

"ကျွန်တော့်ဘ၀မှာ အမှတ်ရစရာ အဖြစ်အပျက်တွေက တော်တော်များပါတယ်။ အဲဒီအထဲက တစ်ခုပြောရရင် အချစ်ဝတ္ထုတွေ ထုတ်တဲ့ စာအုပ်တိုက်ရဲ့ ပိုင်ရှင်ကို ကျွန်တော့်လုံးချင်းထုတ်ဖို့ သွားပြတော့ သူကဖတ်ကြည့်ပြီး ကျွန်တော့်ကို မှတ်ချက်လေး ရေးပေးလိုက်တာပါ။ အဲဒီနေ့က ဘာတွေများ ရေးထား ပါလိမ့်ဆိုပြီး အိမ်အပြန် ကားမှတ်တိုင်မှာ ဖတ်ကြည့်တော့ 'ဇာတ်လမ်းက ဘာမှမရှိပါ။ အကျိုးပြုနိုင်သည့် အကြောင်းအရာများ မပါပါ။ ကြိုးစားရန်လိုသော အရေးအသားမျိုး ဖြစ်သည်' လို့ ရေးပေးလိုက်တာ ကျွန်တော့်မှာ စာအုပ် မထုတ်ဖြစ်လို့ စိတ်ညစ်ရတဲ့အထဲ၊ သူ့ဆီက အချစ်ဝတ္ထု စာအုပ်တွေမှာရော စာဖတ်သူ အကျိုးပြုတဲ့ အကြောင်းတွေ ပါရဲ့လားလို့ ပြန်တွေးရင်း ပြုံးခဲ့မိသေးတယ်။ ဒါနဲ့ပေါ့ဗျာ၊ ကျွန်တော်လည်း အချစ်ဝတ္ထုတွေ ဆက်မရေးဖြစ်ဘဲ၊ လူငယ်အကျိုးပြု ဆောင်းပါးတွေပဲ

××××××××××××××××××××××××××××××




Thursday, March 3, 2011

"ချက်(Chat)"


'အင်တာနက်' တဲ့
အပြင်မှာ ဆက်သွယ်ကြည့်မရတဲ့အရာ
အဲဒီအထဲမှာ အကုန်ပါလို့
ငါတို့ ကမ္ဘာကြီးကို ကျုံ့ပစ်တယ်။

'အင်တာနက်'ထဲက အမြင်အသိ
ဝင်ကြည့်မှ ရင်ခုန်စရာ
အပြင်လို ပုံစံကိုတော့မမြင်ရ
စကားလုံးတွေနဲ့ အကျအနပြော
မမောစရာ လူတိုင်းအတွက်ထူးဆန်း
'ချက်ရူမ်း(Chat room)' ဆိုတဲ့ အခန်းတစ်ခန်းရှိတယ်။

သိသူ မသိသူ
နာမည်ပြောင် အတူတူတွေနဲ့
စနောက်နေကြ ခဏခဏ
တချို့က အမှန်အကန်ခံစား
သံယောဇဉ်ဖြစ်သွားရင် ရာဇ၀င်သစ်
စာတင်ရစ်မယ့် အင်တာနက်ချစ်သူ
အပြင်ဘက်မှာ ဘယ်သူမှ ကူစရာမလိုတဲ့အခန်း
လွမ်းချင်တိုင်းလွမ်း ဆန်းချင်တိုင်းဆန်း
(ဒါပေမဲ့---)
နမ်းချင်တိုင်း နမ်းလို့တော့မရပါ။

သူငယ်ချင်းအသစ်တွေရှာ
နည်းပညာအသစ်တွေရှာ
အဲဒီ 'ချက်'မှာ စူးစမ်း
ထူးဆန်းတဲ့ဆက်သွယ်မှုအကျိုး
ပြက်ရယ်ပြုရင်း ချိုးဖျက်မလား
နှီးနှောဖလှယ်ရင်း တိုးတက်မလား
အကျိုးဆက်များမယ့် နယ်ထဲဝင်
အသုံးချပုံတော့ ပြင်သင့်တယ်။

ချက်တာ( Chatters ) တွေဟာ
ရက်ပ်ပါ (Rapper) တွေလို ခပ်များများ
ရာစုသစ်ကို စားနေလိုက်တာ
အနာဂတ်အသစ်အတွက်
တစ်ခါရပ်မပစ်နဲ့
စစ်မှန်တဲ့ အသိပညာလမ်းထက်မှာ
အဲဒီချက်ထဲက ခရီးဆက်လာပေါ့
ညည်းတွက်လို့ စိတ်ပျက်ရင် အခန်းထဲဝင်ထိုင်
(ချက်တာဆိုတာ)
အိပ်မက်အဆန်းကို အစဉ်အမြဲ ပိုင်ဆိုင်သူတွေသာဖြစ်တယ်။ ။

သားလတ်
၁.၄.၂၀၀၅
၂၂:၀၇နာရီ
['View Point' တည်းခိုခန်း၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်တွင် ရေးသည်။]

Monday, February 28, 2011

" iPhone , my- phone ကိုင်ဦး"


ကျွန်တော် စင်္ကာပူ စရောက်တော့ ဟန်းဖုန်းမရှိ၍ သူငယ်ချင်း၏ ညီလေးက ဟန်းဆက် ငှားသည်။ သူငယ်ချင်းက သူ့အိမ်မှာ အလုပ်လာရှာသွားသူများ အဆက်ဆက်သုံးခဲ့သော SIM Card ကို ဆက်သုံးမလား မေး၏။ ဟန်းဆက်အသစ်နှင့်မှ ကဒ်အသစ်သုံးမည် စိတ်ကူးပြီး လောလောဆယ် အဟောင်းသာ သုံးခဲ့တော့သည်။

အလုပ်လုပ်ပြီး နည်းနည်းကြာတော့ ဖုန်းတစ်လုံးလောက်တော့ ၀ယ်မှဟု စိတ်ပိုင်းဖြတ်ရတော့သည်။ အမှန်မှာ ကျွန်တော့်စိတ်က မကိုင်လျှင်အရှင်း၊ ကိုင်လျှင်လည်း ကောင်းကောင်းလေး ကိုင်လိုက်ချင်၏။ သူငယ်ချင်း ညီလေးဖုန်းက ပြန်ပေးရတော့မှာ ဖြစ်သည်။ သူကိုင်ထားသော အလုပ်ကဖုန်းက အလုပ်ပြောင်းတော့မှာမို့ ပြန်ပေးရတော့မှာ ဖြစ်၏။ ထို့ကြောင့် သူ့ဖုန်းသူ ပြန်ကိုင်တော့မည်။ ထိုအကြောင်းကြားတော့ စင်္ကာပူမှ ငယ်သူငယ်ချင်းတစ်ယောက်က သူ့ဖုန်းတစ်လုံးငှားပြန်သည်။ သို့သော် သူ့ဖုန်းက Message ပို့မရ။ ကျွန်တော့် အလုပ်မှာ Message ပို့မရလျှင် ပြဿနာ။ နောက်ဆုံးတော့ ဖုန်းဝယ်မှ ဖြစ်မည်ဟု စိတ်ပိုင်းဖြတ်ပြီး Nokia တစ်လုံး ၀ယ်လိုက်တော့၏။

ထိုဖုန်းက ဓါတ်ပုံရိုက်၊ သီချင်းနားထောင် အကုန်ရ၍ ကျွန်တော့်အတွက် တော်တော်ကြီး ဟုတ်သွားပြီဟု ဆိုရမည်။ သို့သော် မြန်မာပြည် တစ်ခေါက်ပြန်၍ အိမ်ကဟန်းဆက် မကောင်းဘူးဟု ဆိုသည့်အခါ ထိုအဟောင်းကို ကျွန်တော်ယူ၍ အသစ်ကို ပေးခဲ့တော့၏။ စင်္ကာပူပြန်ရောက်တော့ ဓါတ်ပုံရိုက်မရ၊ သီချင်းနားထောင် မရသော Nokia အဟောင်းလေးကိုပင် အလုပ်ဖြစ်၍ ကိုင်ခဲ့ရသေးသည်။

ဖြစ်ချင်တော့ ကျွန်တော့် အမျိုးသမီးကို အလုပ်လာရှာဖို့ ခေါ်လိုက်စဉ် ဖုန်းလိုမှာပဲဆိုသော အတွေးနှင့် Sony Ericsson ပန်းရောင် Slide လေးတစ်လုံး ကြိုဝယ်ပြီး သူလာတော့ ပေးလိုက်၏။ နောက်တော့ အလုပ်ကမရ၊ တစ်ခေါက်ပြန်ပြီး ပြန်လာ၊ ကျောင်းတက်တော့ Touch Screen တွေ ခေတ်ထလာပြီဖြစ်၍ သူကိုင်ချင်ကြောင်း ပြောလာသောအခါ သူ့ Sony Ericsson ကို ကျွန်တော်ကယူကာ သူ့ကိုတော့ Samsung Touch Screen လေး ၀ယ်ပေးဖြစ်ခဲ့ပြန်၏။

ခေတ်၏ ရွေ့လျားမှုပင် ထင်၏။ iPhone ဆိုတာကြီးက နားနှင့်မဆံ့အောင် နောက်ပိုင်းမှာ ကြားလာရတော့ သည်။ မသိယောင် ဆောင်သည် မရ။ မကြားယောင် ဆောင်သည်။ နားထဲဝင်လာ၏။ မမြင်ယောင် ဆောင်သည်။ မျက်လုံးထဲ ရောက်လာ၏။ ခက်ချေပြီ။

ကျွန်တော့်လုပ်ကွက်ထဲက ကျွန်တော့လောက်လစာမရသော ကြီးကြပ်ရေးမှူးလေးတစ်ယောက်က iPhone 3G ကို လုပ်ကွက်ထဲမှာ ကိုင်ပြနေသည်။ ကျွန်တော့် Safety Coordinator လည်း 3G iPhone နှင့် ဖြစ်လာ၏။ ကျွန်တော့်ရှေ့မှာ အင်တာနက်ကို အားရပါးရ သုံးပြနေသည်။ ကျွန်တော် မျက်နှာလွှဲနေ၏။ လုပ်ကွက်ထဲက အလုပ်သမားလေး တစ်ယောက်ကတော့ 'သူတို့က iPhone ဆို ကျွန်တော်တို့က my-phone ပေါ့ဗျာ၊ ကျွန်တော်တို့ ဖုန်းလေ'တဲ့။ ဟုတ်သား။ ကိုယ့်ဘာသာ my-phone လေးကိုင်ရင်း ကျေနပ်နေမိ၏။

နောက်တော့ တခြားကျွန်းတစ်ကျွန်းမှာ ကျွန်တော် အလုပ်သွားလုပ်ရသည်။ ထိုကျွန်းမှာ ပိုက်လိုင်း ကုမ္ပဏီဘက်က ကြီးကြပ်ရေးမှူးများ စကားစုပြောနေစဉ် iPhone အကြောင်း ကြားရသည်။ စလုံးတရုတ်လေးတစ်ယောက်က ဘတ်စ်ကားပေါ်မှာ ဖုန်းမြည်၍ သူ့ဖုန်းကို ကိုင်မည်ပြုစဉ် ရဲရဲဝံ့ဝံ့ မကိုင်ရဲပါတဲ့။ ဘေးက ကောင်မလေးများက အကုန် iPhone နှင့်ချည်း ဖြစ်နေ၍ သူ့ဖုန်းအစုတ်လေးက မျက်နှာငယ်ရသည်တဲ့။ ကျွန်တော်တို့ ၀ိုင်းရယ်ကြသည်။ ချင်းလေးတစ်ယောက်က iPhone သုံးတာ ဒီမှာ ၈၅ ရာခိုင်နှုန်းလောက်ရှိမှာပဲဆိုတော့ ခုနက စလုံးလေးက ၉၀ ရာခိုင်နှုန်း ကျော်နေပြီဟု ဆိုသည်။ iPhone က သည်လောက်တောင် ခေတ်စားသလားဟု တွေးမိ၏။

မြန်မာဗွီဒီယို ကားတွေထဲမှာလည်း မင်းသား၊ မင်းသမီးများ၊ အဆိုတော်များ၊ iPhone ကိုင်နေလေပြီ။ 3G ဖုန်းများ ဖြစ်သည်။ စလုံးမှာတော့ internet က အချိန်ပြည့်ရ၍ တော်သေးသည်။ ဟိုမှာက wi-fi ရှိမှ လွယ်မှာဖြစ်သည်။ ဒါကလည်း East Point တို့၊ Capital Hyper Mart တို့လို နေရာမျိုးမှာသာ ရနိုင်သည်ဟု ကျွန်တော့်ဇနီးက ပြောပြသည်။ ကျွန်တော်သိသလောက် iPhone Game ပင် တချို့ Game များက Connection ရှိမှ ကစား၍ ဖြစ်သည်။ သည်တော့ မင်းသား၊ မင်းသမီးများ iPhone ကိုင်ခြင်းသည် ဂုဏ်အတွက် ဖြစ်နိုင်သည်ဟု သုံးသပ်မိ၏။ 3G က ကိုးသိန်းလောက် ရှိသည်မဟုတ်လား။

နောက်တော့ 4G ဆိုတာ iPhone မှာ ထပ်ပေါ်လာပြန်သည်။ ဘာတွေ အားသာသလဲတော့မသိ။ လူတိုင်းနီးပါး အဖြူရောင် နားကြပ်၊ ကာဗာ လှလှလေးများဖြင့် iPhone 4 ဆိုသည်ကို ကိုင်လာကြသည်။ ထို့နောက်တွင်တော့ အိမ်က ဇနီးသည်က သူ့ကျောင်းက လူများကိုင်တာတွေ့ပြီး စကားစလာပါတော့သည်။ ကျွန်တော် နည်းနည်းတော့ အင်တင်တင်ဖြစ်မိသည်။ အမှန်က ဇနီးကို ၀ယ်မပေးချင်၍မဟုတ်ပါ။ ကျွန်တော်လည်း ကိုင်ချင်၍ပါ။ သို့သော် နှစ်ဦးစလုံးအတွက်ဆိုတော့ မလွယ်ပြန်။ မြန်မာပြည်ပေါက်ဈေး ဆယ့်သုံးသိန်းလောက် ရှိသည်ဟု ကြားရ၏။ ဟုတ်မဟုတ်တော့ မသိ။

အိမ်မှာ အင်တာနက်သုံး၍ ရနေသောကြောင့်လည်း ကျွန်တော့်စိတ်က မပြတ်သား။ သို့သော် လမ်းသွားရင်း စာဖတ်ချင်စိတ်၊ ကိုယ်သိချင်တာလေး အမြန်ရှာကြည့်ချင်စိတ်၊ ကိုယ်လုပ်ချင်တာကို ကွန်ပျူတာရှေ့ ရောက်အောင်သွား၊ အချိန်လုပြီး အကြာကြီး စောင့်ဆိုင်းနေရသည်ကို မလိုလားစိတ် များကြောင့် iPhone ရောဂါက တိုးတိုးလာလေသည်။

တိုတိုပဲ ဆိုကြပါစို့။ သည်လိုနှင့် iPhone ၀ယ်လိုက်ပါသည်။ iPhone 4 ပါ။ အမျိုးသမီး၏ အဘိုးလေးက PR မို့ သူ့ကဒ်နှင့်တစ်လုံး S$ 210 ပေးကာ နှစ်လုံး ၀ယ်လိုက်သည်။ နှစ်ယောက်စလုံးအတွက်။ ပညာတော့ရသည်။ S Pass နှင့်ဆို S$ 390 တဲ့။ နှစ်လုံးဝယ်လျှင် နောက်တစ်လုံးက ဈေးပိုပေးရသည်။ PR ကဒ်နှင့် ၀ယ်တော့ ဈေးက နှစ်လုံးဝယ်လည်း S$ 210 ပင်။ သို့သော် micro - sim card ဖိုး S$ 28 သတ်သတ်ပေးရသေး၏။

iPhone 4 က လက်ထဲရောက်လာတော့ ကလိလို့ကောင်းသည်။ Bill ကလည်း ကောင်း၏။ 2 Years Plan နှင့် ၀ယ်ထား၍ တစ်လ S$ 56 ပေးရ၏။ Incoming Free ၊ Outgoing မိနစ် ၃၀၀ Free ၊ Internet Free၊ SMS ၅၀၀ Free။ M1 က ဈေးသက်သာ၏။ Touch Screen ကလည်း ခေတ်စကားနှင့် ဆိုရလျှင် ဖလန်းဖလန်း ထနေ၏။ ဇနီးသည်ကို ၀ယ်ပေးထားသော Samsung နှင့် ဘာမှမဆိုင်။ မျက်နှာပြင်ကို နည်းနည်းမှ မထိရဲ။ မတော်တဆ ဖျတ်ကနဲ ထိမိရုံနှင့်ပင် တန်းဝင်နေတော့သည်။ Samsung က လက်နှင့် ဖိထားတာပင် တုတ်တုတ်မျှ မလှုပ်။ ကိုယ့်လက်ပင် ဖုန်းထဲ ဖောက်ဝင်သွားမလား ထင်ရသည်။

သို့သော် iPhone 4G က Burmese Classic လို ဟာမျိုး ကြည့်၍မရ။ Flash Player မပါ။ ကျွန်တော် ကြည့်ချင်သော ဘောလုံးပွဲ Highlight လည်း တချို့ Website တွေဝင်၍ ကြည့်မရ။ iPhone 3G ထက်သာသည်က Face Time ဟု ခေါ်သော ဖုန်းပြောရင်း မျက်နှာမြင်ရသည့် စနစ်တစ်ခုပါသည်။ ဒါလည်း Wi-Fi ရှိမှရသည်။ Camera resolution ပိုကောင်းသည်။ Battery ပိုအသုံးခံသည်။ 3G ထက် တခြား သာတာတွေလည်း ရှိပါလိမ့်မည်။

သည်လိုနှင့် 4G ဖြင့် Game တွေ Download လုပ်ကြ၊ ကစားကြသည်။ တစ်လ 12G Download ရ၏။ Bill လာတော့ လိုင်းကြေးဆိုပြီး တစ်ဆယ် ထပ်ပေးရသည်။ ဖုန်းကာဗာတွေဝယ်တော့လည်း ၁၅ကျပ်စီနှင့်မို့ Sticker ဖိုးပါရောကာ ၅၀ လောက် ထွက်သွားပြီးပြီ။ တတိတိနှင့် ကုန်လာ၏။ iPhone ၀ယ်ချင်သူများ သတိထားစရာ။

ထို့ထက်ပိုဆိုးသည်က You Tube မှာ iPhone ကို Flash Player ထည့်နည်းကြည့်ရင်း iPhone 5 ဆိုတာကို သွားတွေ့ရသည်။ ပြီးရော။ 4G ကိုင်လို့ လက်ထဲမနွေးသေး။5G က ပေါ်လာသည်။ ဘာထူးလဲ ကြည့်လိုက်တော့ Flash Player ပါလာသည်။ Battery ကြာရှည်ခံသည်တဲ့။ 4G က အင်တာနက်သုံးလျှင် ဘက်ထရီကလည်း ဖလန်းဖလန်းထနေအောင် ကုန်၏။ နေ့တိုင်း အားသွင်းရသည်။ ကျန်သော အချက်အချို့လည်း 4G နှင့် 5G ကွာနေသေး၏။

တစ်ခုတော့ စဉ်းစားမိသည်။ 4G ထုတ်စဉ်က 5G မှာ ပါသော နည်းပညာကို မရသေး၍လား။ တမင် သက်သက် Model မြှင့်သည်ဟု စီးပွားရေးနည်းဗျူဟာအရ လုပ်ချင်သည်လား မပြောတတ်။ ရန်ကုန် စီးပွားရေးတက္ကသိုလ်မှာ DMA ဘွဲ့လွန်ဒီပလိုမာ နှစ်နှစ် တက်စဉ်က သင်ရသော စီးပွားရေးဆိုင်ရာ ဘာသာရပ်များထဲမှာ ထိုနည်းဗျူဟာကို မသင်ခဲ့ရ။ ရသလောက်အရင်ထုတ်၊ ပြီးမှ အဆင့်ထပ်မြှင့်သည်ဆိုပြီး နောက်ထပ် Model ကိုထပ်ထုတ်။ အရင်ကတည်းက နည်းပညာသိနေလျက်နှင့် တမင်ချန်ထားခဲ့လားတောင် မသိ။ ဒါမှ တစ်မျိုးတည်း ရောင်းရသည်ထက် ပိုရောင်းရမည် မဟုတ်လား။ ကျွန်တော့်အထင် ဟုတ်ချင်လည်း ဟုတ်မည်။ မဟုတ်ချင်လည်း မဟုတ်နိုင်။ လောလောဆယ်တော့ iPhone ကို ကိုင်ချင်ဦးပေါ့ဟုသာ နာနာလေး တေးထားလိုက်သည်။

iPhone ထုတ်သော ကုမ္ပဏီက ပန်းသီး(Apple) တဲ့။ ပန်းသီးမို့ တော်တော့သည်။ ချိုမြိန်စွာ ခံစားလိုက်ရသည်။ ဒူးရင်းသီးတို့၊ ဖန်ခါးသီးတို့လို နာမည်မျိုးပေးထားသည့် ကုမ္ပဏီမျိုးကသာ ထုတ်လျှင်တော့ မကိုင်ခင်ကတည်းက ကိုင်ရမှာလည်း စူးရှရှ၊ ကိုင်လျှင်လည်း ပို၍ ခါးသက်လှမှာ တွေးမိသေးတော့၏။ ။


ဆူးသစ်
၁၃း၀၂ နာရီ
၂၇.၀၂.၂၀၁၁

Tuesday, February 22, 2011

"ကျွန်တော်တို့သည်" (၁၃)


ကျောင်းမှာ ကဗျာစာအုပ်များ ရောင်းတုန်းက သူငယ်ချင်းတွေထဲမှာ တချို့က သူတို့ဖို့ အမှတ်တရ ကဗျာ ရေးခိုင်းသည်။ ကျွန်တော်ကလည်း ကဗျာသမားမို့ မနေနိုင် မထိုင်နိုင် အောက်ပါ ကဗျာကို ရေးပေးခဲ့၏။


"အမြဲတမ်းအတွက်အမှတ်တရ"

ခင်မင်မှုများ
နှလုံးသားမှာ၊ တွယ်ထားနှောင်ရစ်
ကာလသစ်စေ၊ အပြစ်မဝေကြေး
အညစ်တွေဆေးလို့
နှစ်တွေဝေးတိုင်း သတိရနေ။

အို-သူငယ်ချင်း
မင်းနှလုံးသား၊ ကဗျာများစွာ
နှောင်ဖွဲ့ကာထား၊ မေ့မသွားနှင့်
ထားခဲ့လက်ဆောင်၊ တစ်သက်နှောင်ယူ
အပူခဏမေ့၊ ခုနေ့ဆီမှ
ကာလများစွာရှိပါစေ။

တို့နှစ်ယောက်လှည့်
ကာလချဲ့သမျှ၊ အပူစရှိလည်း
တူတကွဖယ်ရှင်း၊ သူငယ်ချင်းရယ်
မင်းရယ်ငါရယ်၊ ဘယ်တော့မှမခွဲစတမ်း
အမြဲတမ်းအတွက် အမှတ်တရလေ။ ။


ထိုကဗျာလေးကို ME ကျူရှင်မှ လင်းလင်းကိုလည်း ပေးခဲ့ဖူး၏။ သူလည်း ကျွန်တော်တို့ ယောက်ျားလေးတွေ ကြားမှာ စနောက်နေလျှင် ပြုံးပြုံး ပြုံးပြုံးနှင့်။

ကျောင်းတက်ပြီး ကျွန်တော်နှင့်သိသူ မိန်းကလေးဟူ၍ ထိုအချိန်က သုံးယောက်သာရှိ၏။ ကျွန်တော်တို့ကို အင်္ဂလိပ်စာအက်ဆေး ရေးပေးနေကျ၊ သူက သူ့အဖေ သက်ကြီးပူဇော်ပွဲအတွက် ကန်တော့ခန်း ရေးခိုင်းသူ ယုယုကြည်။ အောင်မျိုးခိုင်ဆိုသော ကျွန်တော့် ငယ်သူငယ်ချင်း ဆေးကျောင်းကလာပြီး မိတ်ဆက်ပေးခဲ့၍ သိလာရသော သိင်္ဂီရွှေနှင့် ME ကျူရှင်မှာ သိရသည့် လင်းလင်း။ (သူငယ်ချင်းတို့ရေ - နင်တို့ နာမည်တွေ ထည့်ရေးလိုက်ပြီ။ ခွင့်လွှတ်ပါဟာ)

သူတို့ကတော့ တကယ်ခင်ဖို့ ကောင်းကြသည်။ တချို့မိန်းကလေးများက ပဲများသည်။ မိန်းကလေးတိုင်း ပဲများသည်တော့ မဟုတ်။ သူတို့လည်း အဲဒီလို မဟုတ်။ ကျွန်တော်တို့ ပထမနှစ်တွင် တွေ့ဖူးခဲ့သူများထဲမှာ ပဲများသူတွေ ပါသည်။ နည်းတော့နည်းပါသည်။ ဒုတိယနှစ်မှာလည်း ဆက်တွေ့နေရ သေး၏။ ထို့ကြောင့် မနေတတ်၊ မထိုင်တတ် ကျွန်တော့်လက်သည် ဒုတိယနှစ်မှာ အောက်ပါ ကဗျာကို ချရေးမိ၏။

"ပဲများသူ"

ခေါင်းကိုငုံ့ထားစဉ်
ဆံမျှင်များက၊ ၀ိုက်ထားသည့်ဘက်
တွဲလျက်ကျနေ၊ ပါးပြင်တွေဖုံး
မျက်လုံးတစ်ဖက်ကွယ်
(ပြီးတော့ကျန်တစ်ဖက်ကို)
နားရွက်စပ်မှဆွဲသပ်သည်။

ဟော-ခေါင်းအမော့
ဟန်ကိုကြော့အောင်၊ ပေါ့ပေါ့လေးခါ
လေမှာဆံစ၊ ဖွာကျလွင့်ပါး
ကြည့်သူများရင်၊ လှိုင်းခတ်ချင်အောင်
(ဒါလည်း)သူလုပ်ဆောင်တတ်သည်။

လမ်းလျှောက်လျှင်လည်း
ခါးအမြဲနွဲ့၊ ပဲရဲ့သဘော
စကားပြောကြည့်၊ သိတာမသိတာ
တစ်ခါတည်းမပြတ်၊ ဝေ့လည်ပတ်ကာ
မျက်လွှာလေးဝင့်၊ မျက်ခုံးပင့်လို့
ခေါင်းနှင့်မျက်နှာ၊ တစ်ဖက်ပါစောင်း
(သူ့ကိုကြည့်ရင်း)ကျွန်တော်တို့ဇက်ညောင်းသည်။

ကဲ-ရွှေပဲရေ
တို့တွေကယောက်ျားလေး
ဒါပေမဲ့ဝေးသေးတယ်၊ ဘယ်သူပဲဖြစ်ဖြစ်
(ပဲများသူဆို)ရင်မခုန်၊ မချစ်တတ်
အဲဒါမှတ်ထား
မင်းနားလည်ပါစေကွယ်။ ။


ထိုကဗျာကို ချသာရေးခဲ့ပြီး ဘယ်သူမျှ မပြခဲ့။ ကျွန်တော်က သူတို့ဘာသာဘာဝကို ကဗျာ ချရေးတာသာ ဖြစ်သည်။ သူတို့ကို လှောင်ဖို့မဟုတ်။ ထိုသို့ ပေါ်တင်ကြီး မလှောင်သော်လည်း ရံဖန်ရံခါတော့ ကျွန်တော်တို့ထက် တစ်တန်းငယ်သော Fresher လေးများထဲမှာ စချင်စရာများ သွားတွေ့ရသည်။

ကျွန်တော်တို့ နောက်နှစ် နှစ်နှစ်ကြာမှ ၀င်လာသော ပထမနှစ် ကျောင်းသူလေးများထဲမှာ အမြွှာညီအစ်မနှစ်ယောက် ပါလာသလို၊ ကျွန်တော်တို့ နောက်နှစ်မှ ကျောင်းသူတစ်ဦးမှာလည်း နာမည်နှင့်လူ လိုက်အောင် အင်မတန်လှပလွန်းသူ တစ်ဦးအဖြစ် သွားတွေ့ရလေသည်။ ထိုအခါ၌ အမြွှာညီအစ်မကို တွေ့တိုင်း ကျွန်တော်တို့ သူငယ်ချင်းများ တစ်ခုခု စတတ်ကြသလို၊ ထိုလှပ လွန်းသော ကျောင်းသူလေးကိုလည်း အနည်းငယ်တော့ စမိကြသည်။ တိုက်ဆိုင်သည်က သူတို့အားလုံး BE တန်း မတက်ဘဲ ဗိသုကာတန်းတွေသာ တက်သွားခြင်းပင်။ နောင်တော်ကြီးများ ရန်က ဝေးဝေးရှောင်ချင် သည် ထင်ပါ၏။

ကျွန်တော်တို့သည် တစ်ကျောင်းတည်းမှ မောင်နှမများ ဖြစ်ကြ၏။ တစ်ယောက်နှင့်တစ်ယောက် မထိခိုက်၊ မနာကျဉ်အောင် စခဲ့ကြ၏။ ထိုအခါ၌ ကျွန်တော်တို့နှင့် ပတ်သက်ခဲ့သူများသည် ပြုံးကြ၏။ မဲ့ကြ၏။ ရင်ထဲမှာ နာကျဉ်မှုများ မကျန်နိုင်ဟု ကျွန်တော်တို့ ယူဆခဲ့၏။ ထိုအဖြစ်အပျက်များသည် နောင်တစ်ချိန်မှာ အမှတ်တရများ ဖြစ်ချင်ဖြစ်နိုင်၏။ သည်သို့ဖြင့် ကျွန်တော်တို့သည်လည်း ထိုအပျော်လေးများကို အမှတ်ရခွင့် ရှိနေသေး၏။ ။


ဆူးသစ်
၂၁း၅၆ နာရီ

၂၂.၀၂.၂၀၁၁

Sunday, February 20, 2011

" ကျွန်တော်တို့သည် " (၁၂)


ကျွန်တော် ငှားနေသောအဆောင်သည် ရန်ကုန်စက်မှုတက္ကသိုလ်၏ နောက်ဘက်ထဲမှာ။ G-hall ကို ဖြတ်ပြီး အနောက်ဘက် ဆက်သွားလျှင် ကျောင်းနောက်ဘက် မလွယ်ပေါက်ကို ရောက်၏။ ထိုမှတစ်ဆင့် ကြို့ကုန်း ရပ်ကွက်ကို ရောက်သည်။

အဆောင်မှာ ရေချိုးရန် အုတ်ကန်အကြီးကြီး ရှိသည်။ အိမ်သာများလည်း အများကြီးရှိ၏။ မီးကိုတော့ ညမှောင်မှ ပေးသည်။ မီးသီးပဲ ရှိ၏။ မီးချောင်းမရှိ။ ထို့အပြင် ပလပ်ပေါက် မရှိ။ ပလပ်ပေါက်နေရာတွင် ငုတ်စများ ထုတ်ထားတာသာ ရှိ၏။ လျှပ်စစ်မီးဆို၍ ထိုအချိန်က ကျွန်တော်တို့ ဒဂုံမြောက်ပိုင်းမှာ မီးမရသေး။ ပထမနှစ်ကို ဘတ္ထရီမီး၊ ဖယောင်းတိုင်မီးများဖြင့် ကျွန်တော် ဖြတ်သန်းခဲ့ရသည်။ ထို့ကြောင့် ယခု မီးသီးနှင့် ကြည့်ရသည်က မီးချောင်းမရသော်ငြား တော်ပါသေးလားဟု တွေးမိချင်စရာ။

အဆောင်ဒုက္ခကတော့ ပိုင်ရှင်များက လစာပေးပြီးလည်း မပေးရသေးဘူး အထင်နှင့် ကျွန်တော်တို့ အခန်းမှာ စာ လာလာ ထားသွားခြင်းပင်။ ကျောင်းမှာ ခေါင်းရှုပ်ပြီး ပြန်လာချိန် ထိုစာမျိုး မြင်ရသည်က စိတ်ညစ်ညူးစေ၏။ ကျွန်တော်ရော၊ ကိုအောင်ကျော်သက်ပါ ခဏခဏ သွားတွေ့ရ၏။ ပိုင်ရှင်ကတော့ 'မောင်ဘယ်သူရေ၊ လစာကိစ္စ မေးစရာရှိလို့ လာခဲ့ပါဦး' ဟု ရေးထားတာ လွယ်လွန်းသည်။ ကျွန်တော်တို့ကတော့ ညစ်နေလေပြီ။ ပြီးတော့ ဘာမျှ မဟုတ်။

ညဘက်ဆို အဆောင်အပြင်ထွက်၊ ထမင်းဝယ်စား၊ ပြီးလျှင် စာကြည့်။ စာမေးပွဲနီးသောအခါ ကိုအောင်ကျော်သက်က အိမ်ပြန်နေ၏။ ကျွန်တော်နှင့် ခင်မောင်ရွှေသာ ကျန်သည်။ ခင်မောင်ရွှေလည်း နောက်ပိုင်း သူပိုင်သော လက်ဖက်ရည်ဆိုင် စိတ်မချ၍ ပြန်လိမ့်တော့သည်။

အဆောင်မှာ သန့်ရှင်းရေးလုပ်သော ကလေးလေးတွေလည်း ရှိ၏။ ကျွန်တော့်မှာရှိသော မုန့်တွေ သူတို့ကို ကျွေး၏။ သနားဖို့ကောင်းသလို ခင်ဖို့လည်းကောင်းသည်။ ကိုအောင်ကျော်သက်နှင့် ကျွန်တော် ထမင်း အပြင်ထွက်ဝယ်မစားချင်၍ ပလပ်ကြိုးကို ချိတ်ပြီး ရေနွေးအိုးမှာ ဆန်ထည့်၍ ရေခန်း ချက်သည်ကို ဘေးခန်းက အဆောင်နေ ၀န်ထမ်းတစ်ဦး သွားချွန်သောအခါ ထိုကလေးတွေ လာစောင့် ဖမ်းကြ၏။ မမိ။ နောက်တော့ ကိုအောင်ကျော်သက် ပြန်သွားပြီးချိန်မှာ ကျွန်တော့်ကို သူတို့ချက်သော ထမင်းများယူလာပြီး ကျွေးကြသည်။ တစ်သက်နှင့် တစ်ကိုယ် မျက်ရည်လည်အောင် ခံစားခဲ့ရ၏။ အဆောင်ပိုင်ရှင်၏ စိတ်ဓါတ်နှင့် ကလေးများ၏ စိတ်ဓါတ်၊ ဘေးခန်းက အတူနေ ယောက်ျား တစ်ဦး၏ စိတ်ဓါတ်များကား ဘ၀ထဲက သင်ခန်းစာ ယူစရာများအဖြစ် ကျန်ရစ်ခဲ့လေသည်။

ကျောင်းမှာတော့ ME က ခက်၍ အတန်းထဲက မျိုးခိုင်ဆိုသော သူငယ်ချင်းက ကျူရှင်တက်ရန် သူတို့ သင်နေသော တက္ကသိုလ်ရိပ်သာလမ်းက သူငယ်ချင်းတစ်ယောက်အိမ်မှာ လာသင်ဖို့ ခေါ်သည်။ သည်လိုနှင့် ထိုကျူရှင်တက်ရင်း သူငယ်ချင်းတွေလည်း တိုးကုန်၏။ မျိုးခိုင်၊ တင်အောင်မိုး၊ မိုးကြီး၊ ထွန်းမျိုးလွင်တို့ကို နာမည် မှတ်မိပြီး ကျန်သူတွေက ရေးတေးတေး။ လင်းလင်းဆိုသော ကောင်မလေး တစ်ယောက်လည်း ပါသေးသည်။

သည်လိုနှင့် အဆောင်လခ၊ ကျူရှင်လခတွေ ကြားမှာ ဒုတိယနှစ်၊ ရန်ကုန်စက်မှုတက္ကသိုလ်ကို ခါးသီးစွာ ဖြတ်သန်းရတော့သည်။ ကျွန်တော့်အတွက် ကဗျာတစ်ပုဒ်ပါ ရလာ၏။ အောက်က ကဗျာပါ။


"ယိုင်နဲ့နေသော ပန်းတိုင်တစ်ခု"

အင်ဂျင်နီယာ
တိုက်တာတွေဆောက်၊ တံတားဆောက်နဲ့
လမ်းဖောက်လမ်းသွယ်၊ ပညာကြွယ်ဘိ
တယ်ဂုဏ်ရှိဆိုပဲ။

ဖြတ်ခဲ့တဲ့လမ်း
ချိုင့်ဝှမ်းပေါများ၊ နေစားတာက
မှိန်ပြပြအိမ်၊ စည်းစိမ်မဲ့ကင်း
ချွေးနဲရရင်းတဲ့ခရီး၊ မငြီးမမော
လျှောက်သောကာလ၊ အိမ်မှစရိတ်
သူ့ရဲ့အိတ်ထဲ၊ ပြည့်သိပ်ဖောင်းကား
ကျူရှင်များ၊ စာသင်ခန်းများ
လမ်းသလားခဲ့တာတွေ
ဘယ်သူတွေသိကြသလဲ။

အရင်းအနှီးများစွာ
ကာလများစွာဖြတ်လို့
ဘီအီးနဲ့ ဘီအတ်ခ်ျ
တစ်ခုခုတပ်ဖို့အတွက်
အသက်တွေလည်းတို၊ လက်တွေလည်းညိုလို့
တူဆိုတူ၊ 'တီ' ဆို 'တီ'
ခပ်တည်တည်နဲ့ မာန်ပြ
နှိပ်ကြ၊ ထုကြ၊ ဆွဲကြရင်း
အဲဒီကာလတွေရဲ့ အစွန်းရောက်ခဲ့ကြမှာပေါ့။

စီမံကိန်းအရာရှိ၊ ဘာအရာရှိ၊ ညာအရာရှိ
ဂုဏ်ထူးဝိသေသကြီးကြီးနဲ့
အင်ဂျင်နီယာကြီး ကြွပါခင်ဗျာဆိုရင်
မျက်နှာကမော့မော့၊ ဟန်ကကြော့ကြော့၊ ခြေလှမ်းက ပေါ့ပေါ့နဲ့
မြူးဆော့တဲ့ စိတ်ကူးထဲကအတွေး
ကွယ်-ဝေးတတ်လိုက်တာ။

လောလောဆယ်မှာ
အင်ဂျင်နီယာ ကျူရှင်လခ၊ ကျောင်းလခ
အဆောင်လခ၊ ထမင်းလခ၊ ကားခစရိတ်
အိတ်ထဲကနေခုန်ထွက်
လူနေမှုစရိတ်အတွက် တွက်ချက်
(အင်ဂျင်နီယာရဲ့ပန်းတိုင်ကြီးလည်း......)
လှုပ်စိလှုပ်စိနဲ့ယိုင်နဲ့လျှက်............။

ကျွန်တော်တို့သည် အင်ဂျင်နီယာဘွဲ့ဟူသော ဘီအီး တစ်လုံးရဖို့ အရင်းအနှီးများစွာ ပေးဆပ်ခဲ့ရ သူများ ဖြစ်ကြ၏။ ငွေ၊ အချိန်တို့ကို မြှုပ်နှံကာ ဖြတ်သန်းရင်း အရင်းအနှီး မည်မျှကြီးသည်ကို ကျွန်တော်တို့ ဘာသာ သိသူများလည်း ဖြစ်ကြ၏။ ။

ဆူးသစ်
၂၂း၃၀ နာရီ

၂၀.၂.၂၀၁၁

Thursday, February 17, 2011

"အပေးအယူ"


ကျွန်တော်နှင့် ကျွန်တော့်ဇနီး အပြင်ထွက်လျှင် လူစုံသည့်နေရာများမှာ ကြုံရတာ တစ်ခုရှိသည်။ အထူးသဖြင့် MRT အဆင်းလို နေရာမျိုးမှာ။ တခြားတော့ မဟုတ်။ ကြော်ငြာစာရွက်များ ကမ်းခြင်းပါ။

IMM လို Market ကြီးမျိုးဆို တစ်ရှူးထုပ်ပင် ပါသေးသည်။ တစ်ရှူးအဖုံးမှာ သူတို့ကုန်ပစ္စည်း ကြော်ငြာများ ထည့်ထားသည်။ အခြားကြော်ငြာများကတော့ စာရွက်ပါးပါးက တစ်မျိုး၊ ကြွေစက္ကူက တစ်ဖုံ၊ စုံလှ၏။ ကြော်ငြာ ဝေသူများကရော။ ငယ်ငယ်ရွယ်ရွယ်မှသည် အသက်ကြီးကြီးအထိ။

ထိုသို့ ကြော်ငြာစာရွက် ဝေသူများကား လုပ်အားခ မည်ရွေ့၊ မည်မျှ ရသည်မသိသော်လည်း လုပ်အားခတော့ ရပါလိမ့်မည်။ သို့သော် တစ်နေကုန်အောင် ဝေနေရသည့် သူ့အလုပ်က မစားသာလှဟု ကျွန်တော် တွေးမိ၏။ သိုသော် စင်္ကာပူလူမျိုး ဆိုသည်ကလည်း တစ်မျိုးတော့၊ တစ်မျိုး။ ကျွန်တော် တွေ့ဖူးသမျှ ကြော်ငြာစာရွက် ထိုးပေးလျှင် အငြင်းပယ်ဆုံးက စင်္ကာပူလူမျိုး။

ကျွန်တော်ကတော့ ပေးလျှင် ယူလိုက်သည်။ မပေးတော့လည်း မယူ။ ဇနီးလည်း ထို့အတူ။ ထိုသို့ ပေးသမျှ ကြော်ငြာ ယူသည့်သဘောတွင် ကျွန်တော်တို့က ယူလိုက်၍ သူတို့အလုပ် မြန်မြန် ပြီးတော့ ပြန်ရတာပေါ့ ဟူသော စေတနာလည်း ပါ၏။ ထိုစကားသည် အမှန်။ ဖတ်ပြီး အမှိုက်ပုံးထဲ လွှင့်ပစ်ခဲ့သည်မှာလည်း အမှန်။

သို့သော် ထိုကြော်ငြာကမ်းသူများ၏ မူမမှန်သော သဘောကို ကျွန်တော် ဖြည်းဖြည်းချင်း တွေ့လာရသည်။ တချို့ လက်ကမ်းကြော်ငြာ ဝေသူများက ကျွန်တော်တို့ကို မပေး။ လူရွေးပေးသည်။ အမှန်မှာ အချို့နေအိမ် တိုက်ခန်းကြော်ငြာ၊ ဆေးကြော်ငြာများမှာ ကြော်ငြာစာရွက်က တန်ဖိုးကြီးမည် ထင်၏။ ကြွေစက္ကူ နှစ်ချိုး၊ သုံးချိုးဖြင့် ဒီဇိုင်းကလှလှ။ ဒါတော့လည်း သူတို့နိုင်ငံသား 'စ' လုံးကသာ ပိုသင့်တော်မည်။ ဒါကို ကျွန်တော် နားလည်၏။

သို့သော် စားသောက်ဆိုင်၊ သင်တန်း စသော ကြော်ငြာများကိုပင် ကျွန်တော်တို့ကို မပေးချင်သောအခါ လူ၏သဘော၊ ဘာမို့လို့လဲ ဆိုသော မခံချင်စိတ်နှင့် မာနကလေးက ကျွန်တော်နှင့် ဇနီးဆီ ၀င်လာ၏။ တကယ်တော့ ကျွန်တော်တို့က ကြော်ငြာစာရွက်မရ၍ ဒေါကန်တာမဟုတ်။ ကျွန်တော်တို့ကို ခွဲခြားဆက်ဆံသလို ခံစားရ၍ မခံချင်စိတ် ဖြစ်နေခြင်းပင်။

သိပ်မကြာသေးမီကပင် ကျွန်တော်တို့လင်မယား ဘူတာကအဆင်းမှာ တရုတ်မတစ်ယောက် ကြော်ငြာ ကမ်းနေစဉ် ကျွန်တော်တို့ကို တစ်ရွက် ကမ်းပေး၍ ယူရန်ဟန်ပြင်နေစဉ်၊ နောက်ကစလုံးကို ဖျတ်ဆို ပြောင်း ပေးလိုက်သောအခါ ကျွန်တော် တော်တော် ဒေါကန်သွားပါသည်။ ဇနီးသည်က သူလည်း အဲဒီလို ကြုံဖူးတယ်ဟု ဆိုသောအခါ နောက်ဆို ဘယ်သူပေးပေး မယူနဲ့ဟု ယတိပြတ် ဆုံးဖြတ်ချက်နှင့်သာ ပြောလိုက်ပါတော့သည်။ တကယ်လည်း မယူဖြစ်တော့ပါ။

ဘယ့်နှယ်ဗျာ။ သူ့နိုင်ငံသားချင်းတောင် စာနာစိတ်နှင့် ယူတောင် မယူသည့်ကိစ္စ။ ခွဲခြားဆက်ဆံ ခံရသည့် ကျွန်တော်တို့လို၊ သူတို့နိုင်ငံသား မဟုတ်သည့် တခြားနိုင်ငံက လူက ဘာများ အရေးစိုက်စရာ ရှိပါသနည်း။ အနေသာကြီး။ တစ်ခါတစ်ရံ တစ်ရွက်၊ နှစ်ရွက် ကျန်နေစဉ် ကျွန်တော်ယူလိုက်၍ thank you ဟု ပြောပြီး ပြုံးပြ ပြန်သွားသော သူများကို ငဲ့ညှာမိသော်ငြား တော်တော်များများ၏ မူမမှန်သော စိတ်ဓါတ်ကို မကြိုက်၍ မည်သည့် ကြော်ငြာမျှ လက်ခံရန် စိတ်ကူးပင် မရှိတော့။

အပေးအယူဆိုသည်က မျှမှကောင်းသည် မဟုတ်လား။ ။

ဆူးသစ်
၂၀း၄၅ နာရီ
၁၇.၀၂.၂၀၁၁
Related Posts Plugin for WordPress, Blogger...