Tuesday, February 8, 2011

"လျှို့ဝှက်စွာစီးသော ဆန်ရေ"


နေတွဋ်ကို ကျွန်တော် အပါအ၀င် သူငယ်ချင်းများ တော်တော် ခင်ကြသည်။ တစ်ဖက်သား မနစ်နာအောင် စတတ်၊ နောက်တတ၊် ရယ်စရာ ပြောတတ်သောကြောင့် ဖြစ်၏။ သူ အစအနောက် သန်ပုံက လူကြီးမိဘတွေပင် အောချ ရသည်။ သူ့ပုံကို ကြည့်လျှင်လည်း သူ့မိသားစုနှင့် ပတ်သက်ပြီး ဘာမျှ ခံစားချက်ရှိသည့်ပုံ မပေါ်။

တစ်ခါသော် မထင်မှတ်ဘဲ သူ့အမေဆုံးသွား၏။ သူ့အမေ အသုဘချစဉ်မှာတော့ သူငိုသည်။ ကျွန်တော် အနားမှ နှစ်သိမ့်မိ၏။ သူငယ်ချင်းအတွက် စိတ်မကောင်း။ အသုဘ ရက်မလည်ခင် ညဘက်ဆိုလျှင် ကျွန်တော်တို့လို ရပ်ကွက်ထဲက သူငယ်ချင်းများနှင့် သူနှင့် ခင်သော တက္ကသိုလ်မှ သူငယ်ချင်းများ အသုဘကို ရောက်ကြ၍ သူနှင့် စကားပြောစဉ်မှာတော့ သူ့ပုံက အရင်အတိုင်း သိပ်မပြောင်းလဲသည့်ပုံ။ ကျွန်တော်တို့ ဟိုအကြောင်း၊ သည်အကြောင်း ပြောရင်း ရယ်စရာ၊ နောက်စရာ ရှိလျှင်လည်း စနောက်နေဆဲပင်။ ကျွန်တော်ကတော့ ဒီကောင့်နှယ် အမေဆုံးတာတောင် ပြုံးနိုင်သေးတယ်ဟု တွေးမိ၏။ ရက်လည်ပြီး နောက်ရက်များမှာတော့ နေတွဋ် ပုံစံက ပုံမှန် ပြန်ဖြစ်သွားသည်ဟု ကျွန်တော်တို့ အားလုံးက ထင်လိုက်သည်။

သူ့အမေဆုံးပြီး လအတော်ကြာချိန်မှာ ကျွန်တော်တို့ သူငယ်ချင်းများ ချောင်းသာကို သွားကြသည်။ နေတွဋ် ပါ၍ ပျော်ရ၏။ တစ်လမ်းလုံးလည်း စနောက်ကာ လိုက်လာသည်။ ချောင်းသာရောက်ပြီး တည်းဖို့ ဘန်ဂလိုတစ်လုံး ရ၍ ကျွန်တော်တို့ အဆင်ပြေ သွားသည်။ ရေထဲဆင်းဆော့ချိန် ဆော့၏။ နေတွဋ် က ကောင်မလေးတွေကို စနောက်ရင်း ပျော်နေသည်။ ကျွန်တော်တို့ စိတ်ထဲကတော့ ဒီကောင် အမေဆုံးတာ လပိုင်းပဲ ရှိသေးတယ်၊ မေ့သွားပြီ ထင်တယ်ဟု တွေးမိသေး၏။ ကျွန်တော့်အထင် မှားသွားတာ ညရောက်မှ သိလိုက်ရသည်။

ဘန်ဂလိုရှေ့မှာ ညဘက် ဂစ်တာတီးစဉ် ကျွန်တော်က ထူးအိမ်သင်၏ အမေ့အိမ်သီချင်းနှင့် ဖွင့်မည်ဆိုကာ စတီးစဉ် နေတွဋ်အပြင်းအထန် ကန့်ကွက်သည်။ ဘာဖြစ်လို့လဲ မေးတော့ အမေ့ကို သတိရမိမှာ စိုးလို့တဲ့။ သူတမင် မေ့ထားတာပါလားလို့ တွေးရင်း ကျွန်တော် သီချင်းပြောင်းတီးလိုက်သည်။ နေတွဋ် သီချင်းတွေ လိုက်ဆိုပြန်၏။ ထိုအချိန်မှာပင် ကောင်းကင်မှ ကြယ်တစ်ပွင့် ကြွေသွားသည်။ ကျွန်တော် ကြားဖူးတာ ပြောပြလိုက်၏။

"ကြယ်ကြွေတာတွေ့ရင် လိုချင်တာတစ်ခုကို အမြန်ဆုတောင်းကွ၊ ဆုတောင်းပြည့်တယ်တဲ့"

ကျွန်တော် ထိုသို့ ပြောလိုက်ပြီး စက္ကန့်ပင်မကြာ။ နေတွဋ် ဆုတောင်းသံကို ကြားလိုက်ရသည်။ ထိုဆုတောင်း ကြောင့်ပင် ကျွန်တော့်စိတ်ထဲကို အမည်မသိ ဝေဒနာတစ်မျိုး ဖြတ်စီးသွား၏။ နေတွဋ်က ဆုတောင်းသည်လေ။

"အမေ ကောင်းရာသုဂတိလားပါစေ" တဲ့။

မိဘများက သားသမီးအပေါ်မှာ ထားသော မေတ္တာကို 'စုန်ရေ' ဟု တင်စားကြသည်ကို ကျွန်တော်တို့ ခဏခဏ ကြားဖူးကြသည်။ ထို 'စုန်ရေ' တို့၏ အောက်မှ အပြန်အလှန် လျှို့ဝှက်စွာစီးသော 'ဆန်ရေ' များ ရှိနေသည်ကိုလည်း နေတွဋ်က သက်သေပြနေသလို ကျွန်တော်တို့ ခံစားလိုက်ရသည်။ ။

သားလတ်
အတွဲ(၁)၊ အမှတ်(၁၉)၊ ၁၉၉၉ခုနှစ်၊ သြဂုတ်လ(၁၂)ရက်

ထူးခြားဂျာနယ်

2 comments:

မိုးယံ said...

စုန်ရေဆိုတာ ရှိပြီး ဆန်ရေဆိုတာ မရှိဘူးလို့ တရားသေ ဘယ်သူပြောနိုင်မှာလဲ. လောကမှာ ဒီသဘောတရားတွေပါပဲ

ကောင်းတယ် မကောင်းဘူး. ဖြူတယ်မဲတယ်ပေါ့လေ.

သတိုး said...

တစ်မျက်နှာ ၀တ္ထုလေးတွေ သုံးပုဒ်စလုံး ဖတ်သွားခဲ့ပါတယ်။ ""လျှို့ဝှက်စွာစီးသော ဆန်ရေ"" လေးတော့ အကြိုက်ဆုံးပါပဲ။ ၀တ္ထုတိုလေးတွေ ဆက်ဖတ်လိုက်ပါဦးမယ်။ ပျော်ရွှင်ပါစေ........။

Related Posts Plugin for WordPress, Blogger...