Thursday, April 21, 2011

"ကျွန်တော်တို့ မြန်မာဖြစ်ရခြင်းသည်"


တလောက ကျွန်တော်တို့လုပ်ကွက်ထဲက ကောင်လေးတစ်ယောက် သူ့အဖေ အသည်းအသန်ဖြစ်သည်ဟု ဖုန်းရသည်။ ကင်ဆာရောဂါမို့ အခြေအနေမကောင်းတော့။ သူပြန်ချင်၍ Project Manager ပြည်ကြီး တရုတ်ကို ခွင့်သွားတောင်းသည်။ တစ်လ ပြန်ခွင့်ရ၏။

သို့သော် ကျွန်တော်တို့ ကုမ္ပဏီစည်းမျဉ်းအရ တစ်ကြိမ်ပြန်ပြီး နောက်တစ်ကြိမ် နှစ်နှစ်မပြည့်ဘဲ ပြန်ချင်လျှင် စလုံးငွေ ငါးထောင် စပေါ်တင်ရမည်။ တစ်လ လေးငါးရာသာ ရနေသည့် အလုပ်သမားတစ်ယောက် အတွက် ငွေငါးထောင် ဘယ်မှာ ရှိပါမည်နည်း။ ဖြစ်ချင်တော့ ပထမဖုန်းလာပြီး သိပ်မကြာခင်မှာပင် ထိုကောင်လေး အဖေဆုံးသွားသည်တဲ့။ ပြန်ကိုပြန်ရတော့မည်။

သည်မှာပဲ PM ပြည်ကြီးတရုတ်က စလုံးငွေ ၃၀၀၀ စစိုက်သည်။ မြန်မာဆန်သောစိတ်ဟု ကျွန်တော် မှတ်ချက်ချမိသည်။ ကောင်လေးနှင့် ပတ်သက်ရာ ပတ်သက်ကြောင်းတွေ ၀ိုင်းပြီး ပိုက်ဆံစုကြ၏။ အမှန်တော့ PM ကြောင့် မဟုတ်ပါ။ မြန်မာဖြစ်၍ ကူညီရမည်ဆိုသည့် စိတ်ကလေးတွေ ကိုယ်စီကိုယ်ငှ ရှိပြီးသား မဟုတ်လား။

ကောင်လေးအဖေဆုံးပြီဟု သိပြီး နောက်နေ့မနက်မှာ TBM ၌ ကျွန်တော်က ထိုကောင်လေးအဖေ ဆုံးပြီဖြစ်၍ မြန်မာများ ကူကြရန်နှင့် မည်သူ့ထံတွင်ပေးနိုင်ကြောင်း ကြေညာပေးလိုက်သည်။ တစ်ယောက်တစ်ဆယ်စီ၊ ငါးကျပ်စီ ၀ိုင်းလိုက်ရာမှ အသုဘအတွက်အကူငွေ အသင့်အတင့်တော့ ရသွား၏။ ပြန်ဖို့စပေါ်ငွေကိုတော့ သူ့သူငယ်ချင်းအချို့နှင့် ကျွန်တော်အပါအ၀င် မြန်မာကြီးကြပ်ရေးမှူးများ ၀ိုင်းစုလိုက်ကြရာမှ PM ၏ ငွေ ၃၀၀၀ နှင့် ပေါင်းကာ ငါးထောင်ပြည့်သွားတော့၏။ ထိုငွေ သည် ကောင်လေးပြန်ရန် ရုံးချုပ်သို့ သွင်းပြီး၊ သူပြန်လာပါကပြန်ရမည် ဖြစ်လေသည်။

ကောင်လေးကတော့ ကျွန်တော်တို့ကို ကျေးဇူးတင်စွာဖြင့် အပြန်တွင်အိမ်မှ လူကြုံပစ္စည်းထည့်ပေးချင်စရာ ရှိက ထည့်ပေးရန်ပြောလေ၏။ သည်သို့ဖြင့် သူပြန်လာချိန်တွင် ကျွန်တော့်အိမ်နှင့် ဇနီးသည်၏အိမ်မှ စားစရာများ ထည့်ပေးလိုက်၏။ ကောင်လေး မိတ်ဆွေအပေါင်းအသင်းများ၏ ပစ္စည်းများနှင့် ကျွန်တော်တို့ ပစ္စည်းများ ပေါင်းကာ သတ်မှတ်အလေးချိန်ပိုသွား၏။ ရန်ကုန်လေဆိပ်မှာ ကီလိုကြေး ပေးလိုက်ရသည်တဲ့။ စင်ကာပူမှာ သူ့ဆီလူကြုံပစ္စည်းသွားယူခိုက် ကျွန်တော့်ပစ္စည်းများက အတန်အသင့်ပါလာ၍ ကျေးဇူးတင်ပြီး သူ့ကို ကီလိုကြေး ကာမိစေရန် ပိုက်ဆံပေးတော့ သူကမယူ။

ကျွန်တော်တကယ်ကျေးဇူးတင်မိပါသည်။ သူ့အဖေနာရေးမီဖို့ စပေါ်ငွေ ကူလိုက်ခြင်းက ဘာတုန့်ပြန်မှုမျှ မမျှော်လင့်သောငြား၊ သူကလည်း သူလုပ်ပေးနိုင်သမျှ ပြန်လုပ်ပေးရှာပါသည်။ ဒါကပင် ကျွန်တော် တို့ မြန်မာဖြစ်ရခြင်း၏ အကြောင်းတစ်ချက်ဖြစ်မည် ထင်ပါ၏။

တလောက အသိတစ်ယောက် အိမ်ငှားဖို့ရှာရင်း ဖုန်းတွေ ဆက်မေးသည်တဲ့။ အိမ်ရှင် ယောင်္ကျားလေး တစ်ယောက်ကို အိမ်နေရာ၊ အခန်းခ၊ ဘယ်နှစ်ယောက်နေလဲ၊ ဘယ်နှစ်ခန်းရှိလဲ စသဖြင့် မေးသောအခါ အိမ်ရှင်က ညီလေး မင်းမေးတာ အရမ်းများနေပြီ၊ မကြိုက်ရင် တခြားအိမ်ပြောင်းငှားဟု ဆိုသည်တဲ့။ ကျွန်တော့်အသိ ဒေါကန်ပြီး ကျွန်တော်ကငှားမယ့်လူပဲ၊ မေးရမှာပေါ့ဟု ပြော၍ Ok, No Problem ဟု ဆိုကာ ချပစ်လိုက်သည်။ ဒေါလည်း တော်တော်ကန်သွားသည်တဲ့။

သူပြန်ပြောပြတော့ နားထောင်ရင်း ကျွန်တော်လည်း ထိုအိမ်ရှင်ကို အံ့သြရသည်။ ကြော်ငြာစဉ်က ဖုန်းနံပါတ် ထည့်ခြင်းသည် ဘာအတွက်ပါလိမ့်ဟု စဉ်းစားရ၏။ ကျွန်တော့်အသိကတော့ ပြောသည်။ သူ့ကိုယ်သူ အိမ်ရှင်ဆိုပြီး မာန်တက်နေလားမသိဘူး၊ တော်သေးတယ်၊ ငှားမနေခင် ဘယ်လိုသဘောထားလဲ သိရတာ ကံကောင်းတယ်ဟု ဆို၏။ သူများနိုင်ငံမှာနေတုန်း ကိုယ့်အချင်းချင်း သည်လိုလုပ်ရတာ အရသာဟု ထင်သလား မပြောတတ်။ ကျွန်တော်တို့ မြန်မာဖြစ်ရခြင်းက ထိုကဲ့သို့ ပြုမူဖို့မှ မဟုတ်တာ။

နောက်တစ်ခုက ကျွန်တော်နေသည့် အိမ်နားက မြန်မာဆိုင်များနှင့် ပတ်သက်သည်။ စတိုး ဆိုင်ပါ။ နှစ်ဆိုင်တောင် ရှိ၏။ တစ်ဆိုင်က မနက်မိုးလင်း၍ ၁၀နာရီကျော်သည့်တိုင် မဖွင့်။ နောက်တစ်ဆိုင် ကတော့ မိုးလင်းကတည်းက ဖွင့်သည်။ သို့သော် စိတ်ကူးတည့်လျှင် မောင်လေး၊ ညီမလေး။ စိတ်ကူးမတည့်လျှင် နင်တွေ ငါတွေနှင့် လွှတ်တော့၏။ တချို့ပစ္စည်းရှာမရ၍ မေးလျှင်၊ ဖြေချင်သလိုလို၊ မဖြေချင်သလိုလို။ ယခုတော့ ပြုတ်သွားသည်လား၊ ရွှေ့သွားသည်လား မပြောတတ်။ မရှိတော့။ "မြန်မာစော ကျောနေပူ" ဟူသည့် ရှေးဆိုရိုးစကားကို သက်သေပြနေသည့်ဆိုင်သာ ကျန်တော့သည်။ သူကတော့ ပေါင်းသင်းဆက်ဆံရေး ကောင်း၍ ကျန်နေတာဖြစ်နိုင်သည်။ အချိန်ကြောင့် ကျန်နေတာတော့ မဖြစ်နိုင်။ ကျွန်တော်တို့ မြန်မာဖြစ်ရခြင်းမှာ အမြဲနောက်ကျရမည်၊ အပေါက်ဆိုးရမည် ဆိုသော ပညတ်ချက်တွေများ ရှိခဲ့သလား မပြောတတ်။

ထပ်တော့ ကြုံရပေဦးမည်။ မြန်မာဖြစ်ရခြင်းမှာ ဖော်ရွေသောအပြုံး၊ သည်းခံခွင့်လွှတ်မှု၊ ကူညီဖေးမမှု၊ ယဉ်ကျေးမှုစသော ကောင်းသည့်အရာလေးများကို ပိုမိုဖော်ဆောင်ရမည့်အစား ဆန့်ကျင်ဘက် အပြုအမူများသာ များလာနေသည်ဟု စင်ကာပူမှာ ခံစားနေမိသည်။


မြန်မာသက္ကရာဇ် ၁၃၇၂ မှသည် ၁၃၇၃ သို့ ကူးပြောင်းသွားသည်။ အတာရေနှင့် အညစ် အကြေးများ ဆေးကြောခဲ့ကြ၏။ စိတ်ရောကိုယ်ပါ သန့်စင်သွားကြပြီဟု ထင်မြင်မိပါသည်။ ခန္ဓာကိုယ်မှာ ညစ်ထေးသော အရာများ ကျန်နေပါကလည်း တန်ခူးလေအသုတ်မှာ ဖြုတ်ခနဲ ကြွေပြုတ်နိုင်ပါစေကြောင်း ဆုတောင်းအပ် ပါသည်။ ။


ဆူးသစ်
၂၀.၀၄.၂၀၁၁
၂၂း၁၄နာရီ

3 comments:

မိုးယံ said...

တောင်းတဲ့ ဆုနဲ့ ပြည်ပါ့စေဗျာ... ဒီမှာလဲ စစ်လားဆေးလား ကြုံရင် မြန်မာလို့ ဖြေလိုက်တိုင်း မျက်နှာကြောတင်း နှာခေါင်းရှုံ့ တဲ့ကောင်တွေကို ရိုက်ချင်စိတ် မနည်းထိန်းထားရတာ။

Angelhlaing(May everybody be happy and healthy! said...

အင်းဘာပဲပြောပြော မြန်မာဖြစ်ရတာ ဂုဏ်ယူမိတယ် အကို..... ဘယ်သူတွေ ဘာပဲပြောပြော...ပေါ့နော်...အဟီးးး
ကောင်းသောနေ့လေးဖြစ်ပါစေအကို..

သူကြီးမင်း (တုံးဖလား) said...

မခေါ်ချင်ရင် ရတယ်။ မတော်ချင်လို့တော့ မရဘူးတဲ့။ မြန်မာဖြစ်ပြီးမှတော့ မြန်မာဖြစ်ရခြင်းအတွက် ဂုဏ်ယူလိုက်ကြတာပေါ့ဗျာ။ အဲဒါ မကောင်းဘူးလား။း))))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Related Posts Plugin for WordPress, Blogger...