Tuesday, July 12, 2011

"ကျွန်တော့်မှတ်စု" (၄)


+ ငယ်ရွယ်သူများမှာ အဘယ်လောက်ပင် စာပေကျမ်းဂန်တွေကိုဖတ်သော်လည်း အသက်အရွယ်ကြီး၍ အတွေ့အကြုံများသော မိဘများသိသော အသိကို ရဖို့ရန် လွန်စွာ ခဲယဉ်းသည်။
ပီမိုးနင်း[ "ကြီးပွားရေးလမ်းညွှန်" စာအုပ်မှ]

+ သဘာဝ လောကကြီးနှင့် တစ်သားတည်းဖြစ်အောင် နေတတ်ခြင်းအားဖြင့် ဘာမျှ မဟုတ်သည့် လောကီ အောင်မြင်မှု၊ ဆုံးရှုံးမှု စသည်တို့ကို သာမန် အသေးအဖွဲများ အဖြစ် သဘောထားနိုင်လောက်အောင် ဤစကြ၀ဠာကြီးက သွန်သင်ပေးနိုင်ပေလိမ့်မည်။
ချုပ်တည်းသည်းခံနိုင်ခြင်းနှင့် သတ္တိတို့သည်လည်း တင့်တယ်သော ဘ၀ရှင်သန်မှုအတွက် မရှိမဖြစ်သော အရည်အသွေးများဖြစ်သည်။
[ Something to live by Dorothea Kopplin][ ဆရာ အောင်သင်း-" အမွေ" စာအုပ်မှ]

+ အများအကျိုး၊ ရွက်သည်ပိုးက
ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း
မဖဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ်၊ ရှေ့ရှုနှင်လော့။
[ မန္တလေးမြို့ မလွန်ဈေး ဆန်လှူ အသင်းကြီး၏ ဩ၀ါဒစရိယ ဆရာတော်၊ စစ်ကိုင်း ရွှေဟင်္သာတိုက်သစ်၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တ ပဏ္ဍိတ သီရိ ဆရာတော်ဘုရားကြီးမှ ၁၃၄၇ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၁ ရက်(၂၅.၂.၈၆) နေ့၊ မလွန်ဈေး ဆန်လှူအသင်းကြီးသို့ ပေးသနားသော ဩ၀ါဒကထာ]

+ အင်္ဂလိပ် ဟူသော ဝေါဟာရမှာ အင်္ဂလန်ကျွန်းသို့ ရှေးဦးစွာ ၀င်ရောက်နေထိုင်ကြသော ကဲလတစ်(Celtic) လူမျိုးစု၏ နောက်တွင် အသစ်ထပ်မံ ၀င်ရောက်လာသော အင်္ဂယ်(Angles) လူမျိုးစုကို အစွဲပြု၍ ခေါ်သော ဝေါဟာရ ဖြစ်သည်။
[ဂန္ထ၀င်စာပေ စာတမ်းများ - ပထမတွဲ (မောင်ဆုရှင်၊ ထီလာစစ်သူ၊ တင်ထွေး)]

+ လောကမှာ ရှိရှိသမျှထဲက အဖိုးအနဂ္ဃ ထိုက်တန်တာမှန်ပါစေ။ ကိုယ်ကျင့်သီလနဲ့ လဲလိုက်ရရင် ဘ၀ဟာ သုညထက် နိမ့်သွားပြီ ဆိုတာ အသိနောက်မကျဖို့တော့ အရေးကြီးလှပါတယ်။
[ ချစ်နိုင်(စိတ်ပညာ) - "တန်ဖိုး" ဆောင်းပါး မှ]


1 comments:

Angelhlaing(May everybody be happy and healthy! said...

လောကမှာ ရှိရှိသမျှထဲက အဖိုးအနဂ္ဃ ထိုက်တန်တာမှန်ပါစေ။ ကိုယ်ကျင့်သီလနဲ့ လဲလိုက်ရရင် ဘ၀ဟာ သုညထက် နိမ့်သွားပြီ ဆိုတာ အသိနောက်မကျဖို့တော့ အရေးကြီးလှပါတယ်။
[ ချစ်နိုင်(စိတ်ပညာ) - "တန်ဖိုး" ဆောင်းပါး မှ]

မှတ်သားစရာ ဒဿန လေးတွေ အတွက် ကျေးဇူးပါအကို... ..ကောင်းသောနေ့လေး ဖြစ်ပါစေလို့..

Related Posts Plugin for WordPress, Blogger...