Sunday, July 17, 2011

"သည်တစ်ခေါက် ရန်ကုန်" (၁)


ပြီးခဲ့သည့် ဇွန်လလယ်လောက်မှာ ကျွန်တော့်အမျိုးသမီး မြန်မာပြည်ပြန်ရန် အကြောင်းတစ်ခု ဖန်လာ၏။ ခွင့်လည်းရမည် ဆို၍ ကျွန်တော်ပါ ခွင့်တောင်းကြည့်ရာ အဆင်ပြေသွားပြီး ရန်ကုန်ကို နှစ်ပတ်မျှ ပြန်ဖြစ် ခဲ့လေသည်။

တကယ်တော့ ကျွန်တော့်အဘိုးလည်း နယ်မှာ မကျန်းမမာ ဖြစ်နေ၍ ပြန်ရန်ချောင်းနေခဲ့ရာ ယခုတော့ အဘိုးကိုလည်း သွားကြည့်ခွင့် ရခဲ့ပြီး အဘိုးရှိရာသို့ ကျွန်တော်တို့ သွားကြည့်ဖြစ်ခဲ့သည်။ နယ်ရောက်တော့ အဘိုးက ကျန်းမာလျက်ရှိသေးပြီး ဆန်ပြုတ်ကို ကောင်းကောင်းစားနိုင်နေသေး၏။ ကင်ဆာကြောင့် နေရလှ သိပ်မကြာတော့သော်လည်း ထူထူထောင်ထောင်ဖြင့် အဘိုးကို မြင်ရသည့်အခါ စိတ်တော့ ချမ်းသာရသေးသည်။ အဘိုးအတွက် အလှူလုပ်ပေးပြီး သူကိုယ်တိုင် ရေစက်ချနိုင်အောင် စီစဉ်ပေးခဲ့ပြီးနောက်မှာတော့ အဘိုးမဆုံးခင် ကျွန်တော်တတ်နိုင်တာ လုပ်ပေးနိုင်ခဲ့သည့် အတွက် ကျေနပ်ခဲ့ရတော့သည်။

အဘိုးကကျန်းမာနေသော်ငြား မကျန်းမာသည်က နယ်မှာရှိသော ၀က်များ။ "၀က်နားရွက်ပြာ ရောဂါ" တဲ့။ ကျွန်တော့် အဒေါ်တစ်ယောက် သူမွေးထားသည့် ၀က်များမှ နှစ်ကောင်တောင် သေ၍ ကျွန်တော်တို့ ရောက်နေချိန်မှာ စကားပင် မပြောနိုင်။ ငယ်ငယ်က မွေးလာပြီး ကြီးမှ စားရသော ၀က်က ကြီးမှ ရောဂါနှင့် သေသည့်အခါ ခုနစ်သိန်း၊ ရှစ်သိန်းဖိုးခန့် ရှုံးပြီဟုဆိုကာ စိတ်ဓာတ်တွေ ကျနေလေပြီ။ နောက်တစ်ကောင်ကလည်း စ၍ နာနေလေပြီ။ ရောဂါ၏ သဘောကိုက သိပ်မကြာဟု သိရသည်။ ညနေနာပြီး မနက်ဆိုသေပြီ တဲ့။ စား၍ မရ။ သေပြီးဝက်က အသားများ လှီးကြည့်လျှင် ရိရွဲနေသည်ဟု သူတို့ ဆီက သိရသည်။ သည်တော့ မြေမြုပ်၍ ပစ်ရရုံအပြင် မရှိ။

သည်ကြားထဲ မိုးကစော၍ ပဲတွေရေစိုကုန်ပြီး ပဲတွေပျက်၊ ဈေးတွေကျ၊ စပါးဈေးကလည်းကျနှင့် သူတို့ ကြည့်ရသည်က စိတ်မကောင်းစရာ။ တောင်သူတွေ သည်နှစ် အခက်အခဲရှိမည်ဟု တွေးမိ၏။ ကျွန်တော်တို့ ရောက်နေချိန်မှာပင် နယ်နှင့် ရန်ကုန်မှာ မိုးက နေ့တိုင်းရွာသည်။ တိတ်ပြန်တော့ ပူပြီး ချွေးကထွက်လာ၏။ ရန်ကုန်နှင့် ကျွန်တော် နည်းနည်းတော့ စိမ်းလာသလိုပင်။

ရောက်တုန်းဆိုတော့ ကျွန်တော်တို့ ဇနီးမောင်နှံ၏ ကျန်းမာရေးကိစ္စများကို လိုက်လုပ်သည်။ မျက်စိအတွက် မျက်မှန်စစမ်းရ၏။ အရင်တစ်ခေါက်က သွားပြခဲ့သော မျက်မှန်ဆိုင်မှာပင် သွားစစ်တော့ ဆရာဝန်က စိတ်မရှည်။ သူကကြည်လားဟု မေးတိုင်း ကျွန်တော်တို့၏ အမြင်များက သေသေချာချာ ဆုံးဖြတ်မရ၍ စဉ်းစားသည့်အခါ သိပ်မကြိုက်လှ။ ကြည်တာတော့ ကြည်သည်။ သို့သော် ဘယ်ဟာက အမြင်ပိုကောင်းလဲ ဆိုသည်ကို ကျွန်တော်တို့ သေသေချာချာ ပြောပြနိုင်ဖို့ကတော့ ဆရာဝန်က စိတ်ရှည်မှ ရမည့်ကိစ္စဟု ကျွန်တော်ထင်သည်။ ပါဝါအားလုံးကို တစ်ပြိုင်တည်းတပ်ပြီး စမ်းရတာမဟုတ်။ တစ်ခုတပ်ကြည့်လိုက်။ ပြန်ချလိုက်။ နောက်တစ်ခု တပ်ကြည့်လိုက်၊ ပြန်ချလိုက်။ ဟိုဟာထက် သည်ဟာက ပိုကြည်သည်။ သည်လို ထင်ရသည်မို့ ပြန်ပြန်စမ်းရသည်။

ဒါကိုပဲ ကျေးဇူးရှင်က ကျွန်တော့်ဇနီးကို စစမ်းကတည်းက သိပ်စိတ်မရှည်ချင်။ ဒါလည်းကောင်းတယ် ဟု ပြောလျှင် သူက မကြိုက်။ မြင်လား၊ မမြင်ဘူးလား ဆိုတာသာ ပြောခိုင်းပြီး တိတိကျကျ သိချင်နေ၏။ ကျွန်တော်တို့က လတ်တလောမို့ တိတိကျကျ မပြောနိုင်ခြင်းသာ။ ပြီးတော့ မျက်စိက ထူးထူးခြားခြား ခံစားနေရ၍ မဟုတ်။ ရန်ကုန်ပြန်တုန်းမို့ ပါဝါစမ်းသည့် သဘောသာ။ ဇနီးသည်၏ မျက်မှန် လဲချင်တာလည်းပါ၏။ ကျေးဇူးရှင် ဆရာဝန်က စမ်းပြီးသိပ်မထူးသည့်အခါ ကျွန်တော်တို့ကို ဘာလို့လာစမ်းတာလဲ ဟု မေးတော့မှ ကျွန်တော့်ခွင်တည့်တော့သည်။

"ကျွန်တော်တို့က ဒီမှာနေတာ မဟုတ်ပါဘူး။ စင်ကာပူမှာ နေတာပါ။ အခု ခဏပြန်လာတုန်း မျက်စိ လာစစ်ကြည့်တာပါ" ဟု ဆိုမှ ကျေးဇူးရှင် ခေါင်းညိတ်ကာ သဘောပေါက်တော့သည်။ သူ့မှာ ကျွန်တော်တို့ကို လောရလောက်အောင် လူနာလည်းရှိတာမဟုတ်ဘဲ စိတ်မရှည်ခြင်း သက်သက်သာ ရှိနေသည်ဟု ကျွန်တော်နားလည်မိသည်။ ဒါတောင် ကိုယ်က ငွေပေး၍ ပြရ၍သာ။ အလကားသာဆို မလွယ်။

သည်လိုကြုံရသည့်ကြား ကျွန်တော့်ဇနီးအတွက် ဆရာဝန်နောက်တစ်ယောက်နှင့် ဆေးစစ်စရာရှိ၍ တိုကင်ကြိုယူပြီး ရက်ချိန်းနှင့်စောင့်တာတောင် တော်တော်အဆင်မပြေဖြစ်ခဲ့တာလည်းရှိသေး၏။ စင်ကာပူမှာ ရှိစဉ်ကတည်းက ဇနီးသည်က သူ့ အိမ်ကို လှမ်းပြောပြီး ရက်ချိန်းကြိုယူထားတာဖြစ်၏။ ဆိုပါတော့။ အင်္ဂါနေ့ ဆယ်နာရီလာပါဟု ဆေးခန်းက ချိန်းသည်။ သို့သော် ဖုန်းဆက်ပြီးမှ လာပါဟု ဆိုသည်။ ထို့ကြောင့် ဖုန်းဆက်ကြည့်သည်။ နေ့ခင်းနှစ်နာရီလောက် ထပ်ဆက်ပါတဲ့။ ဆက်သည်။ ညနေလေးနာရီမှ လာမည်ဟု ဆရာဝန်မကြီးက ပြောပါသည်တဲ့။ သေချာအောင် ဖုန်းဆက်ပါတဲ့။

ဆက်ပါသည်။ ငါးနာရီတဲ့။ ထပ်ဆက်သည်။ သည်နေ့ မလာနိုင်တော့ပါတဲ့။ ပြီးရော။ ကျွန်တော်တို့ ဆေးပေးခန်းကို နားလည်ပါသည်။ ဆရာဝန်မကြီးမှာသာ ပြဿနာရှိနိုင်ပါသည်။ သည်လိုနှင့် နောက်တစ်ရက် ထပ်စောင့်ပါသည်။ သည်တိုင်းပင်။ ပျက်သွားပြန်သည်။ တော်သေးသည်က ဖုန်းဆက်ပြီး သေချာမှ လာခိုင်းခြင်းပင်။ သည်အတိုင်း ဆေးခန်းမှာ ငုတ်တုတ်လာထိုင်စောင့်ခိုင်းလျှင်တော့ ဒုက္ခပင်။

သို့သော် ဆေးခန်းက ချိန်းတာ စောင့်ရတာနှင့်ပင် ကျွန်တော်တို့မှာ ဘယ်မျှမသွားရပါဘဲ အိမ်မှာ ငုတ်တုတ်မေ့ခဲ့ရသည့် ရက်တွေများလာခြင်းကတော့ ခွင့်နှစ်ပတ်နှင့် ပြန်ခဲ့ရသည့် ကျွန်တော်တို့အတွက် မစားသာလှ။ သည်လိုနှင့် ကျိန်းသေလာမည်ဆိုသည့် တစ်ရက်မှာတော့ ကျွန်တော်တို့ ရောက်အောင် သွားဖြစ်ခဲ့ကြပါသည်။

ကြုံတာလေး ဖောက်သည်ချရလျှင် ဆေးခန်းသွားခါနီး ဗိုက်ဆာ၍ ရန်ကုန်မှာ နာမည်ကြီးနေသည့် အင်္ဂလိပ်စာလုံးလေးလုံးနှင့် နာမည်ကြီး ကြေးအိုးဆိုင်ကို ၀င်စားခဲ့သည့်အခါ ကျွန်တော့်အတွက် အသစ်တစ်ခု ကြုံရလေတော့သည်။ ကျွန်တော်တို့ ဇနီးမောင်နှံ နှစ်ဦး မှာစားသည်က ကြေးအိုး ဆီချက် နှစ်ပွဲနှင့် ထောပတ်သီး နှစ်ခွက်။ ကျသင့်ငွေက တစ်သောင်းကျော်။

ကြေးအိုးဆီချက် တစ်ပွဲကို နှစ်ထောင့်ကိုးရာတဲ့။ အိုကေပေါ့။ ထောပတ်သီးတစ်ခွက်ကို တစ်ထောင့် ရှစ်ရာတဲ့။ ဒါကတော့ နည်းနည်းများသွားချေပြီ။ အားလုံး ကိုးထောင့်လေးရာ ကျရမှာ ဖြစ်သည်။ သို့သော် ပညာခန်းတွေက နောက်မှာပါလာသည်။ Discount က သုညပါတဲ့။ ၀မ်းမနည်းပါ။ ပြီးမှ Special Discount Amount က ဆယ်ရာခိုင်နှုန်း ဖြစ်သည့် ကိုးရာ့လေးဆယ် တဲ့။ လေးစားရသည်။ ဘယ်လို အထူးနှုန်းနှင့် လျှော့လိုက်သည်မသိ။

သို့သော် နောက်က ကပ်လိုက်လာသည်က Service Amount တဲ့။ ကိုးရာ့လေးဆယ် ပြန်တောင်းထားသည်။ ဆယ်ရာခိုင်နှုန်း ဆိုသည့်သဘော။ ကျွန်တော် နည်းနည်းတော့ မျက်စိလည်လာ၏။ ခုန လျှော့ထားသည့် Special Discount Amount ဆိုတာကြီးက အခု နောက်က ကပ်လိုက်လာသည့် Service Amount ဆိုတာနှင့် ဘဲစားဘဲချေ ဖြစ်၍ နေချေပြီ။ သည်တော့ ကျွန်တော်တို့ မြင်လိုက်ရသော Discount သည် ညာခြေနှင့်ကန်ခါနီး ပြလိုက်သော ဘယ်ခြေကဲ့သို့ ယောင်ပြမျှသာ။ နောက်က ပြန်တင်နေပြီကိုး။

ထိုမျှမက။ နောက်ဆုံးကနေ၍ Tax Amount ဆိုတာက ဆက်ပါလာသေးသည်။ ဒါကတော့ စလုံးမှာဆို GST ဆိုသည့် အရာ။ သူကလည်း ဆယ်ရာခိုင်နှုန်း။ စလုံးမှာတော့ ခုနစ်ရာခိုင်နှုန်းသာ ယူ၏။ ဒါကတော့ ကျွန်တော်လက်ခံ၍ ရပါသေးသည်။ သည်တော့ နောက်ဆုံးစာရင်းချုပ်ချိန်မှာ တစ်သောင်းနှင့် သုံးရာ့လေးဆယ်ကျသွားပါလေတော့သည်။

တကယ်တော့ ကျွန်တော်တို့ စားခဲ့သည်က ကြေးအိုးဆီချက် နှစ်ပွဲနှင့် ထောပတ် သီးဖျော်ရည် နှစ်ခွက် သာရှိသည်။ ငွေအရ တစ်သောင်းကျော် ကျခဲ့သည်က ခေတ်အရဟု ဆိုနိုင်သော်လည်း ထိုတစ်သောင်းကျော် ကျမည့်အရေးကို ဝေ့ကာ ၀ိုက်ကာ ပေါက်ကရတွေ လျှောက်လုပ်နေခြင်း ကတော့ ခေတ်သစ် စီးပွားရေး နည်းဗျူဟာဟု ဆို၍ မရ။ လူလည် ကျခြင်း သက်သက်မျှသာ။

ကျွန်တော်ကတော့ ဆိုင်က ၀န်ထမ်းကောင်မလေးကို Service Amount ဆိုတာကို အစာမကြေ၍ ခေါ်မေးသေးသည်။ ခက်တာက သူက သနပ်ခါး ပါးကွက်ကျားလေးနှင့် ဘာမျှနားမလည် သလို ကျွန်တော်တို့ ဇနီးမောင်နှံကို ကြည့်နေလေသောအခါ ဆက်မေး၍ မရတော့။ ဆိုင်ထဲရောက်သည်နှင့် ဘာစားမလဲ လာမေးပြီး မှာထားတာ ရသည့်အခါ လာချ၊ စားပြီး ငွေရှင်းချိန် လာသိမ်းတာကပင် ဆိုင်၏ ၀န်ဆောင်ခတဲ့လား။ ကျွန်တော်တို့က ကိုယ့်ငွေနှင့်ကိုယ် လာစားပြီး သူတို့ဆိုင်က ၀န်ထမ်းတွေအတွက် လစာပေးရသည့် သဘောလားဟု ကန့်လန့်တွေးကြည့်မိသေးသည်။

ဇနီးသည်တို့အိမ် ရောက်ပြီးမှ သူ့အဒေါ်ကလည်း နေပြည်တော်ကဆိုင်ခွဲမှာ ထိုသို့ခံခဲ့ရသည်ဟု ဆို၍ နောက်မစားတော့ရန်သာ ဆုံးဖြတ်ခဲ့တော့သည်။ ရန်ကုန်အလည်ပြန်မည့်သူများ သတိထားချင်စရာပါ။

ဘာပဲဖြစ်ဖြစ် သည်တစ်ခေါက် ရန်ကုန်ကတော့ ကျွန်တော့်အတွက် နည်းနည်းတော့ ကိုးရိုးကားယား နိုင်နေလေပြီ။

(ဆက်ပါဦးမည်။)

ဆူးသစ်
၁၉:၃၃ နာရီ
၁၇.၇.၂၀၁၁





5 comments:

Han Kyi said...

ဒီပို့စ်ကိုဖတ်ပြီး လုတောသားပုံပြင်ကို သွားသတိရတယ်...တခြားရွာသားတစ်ယောက်က လှတောရွာသားတစ်ယောက်ကိုမေးသတဲ့ “မင်းတို့ရွာက သရက်သီးတစ်လုံးကို ပြည်တောင်းလောက်ကြီးတယ်ဆို”
အဲဒီမှာလှတောသားက “မယုံပါနဲ့ကွာ”လို့ ပြန်ဖြေသတဲ့...ဘာဖြစ်လို့လဲလို့ ပြန်မေးတော့ လှတောသားက ဘာပြောသလဲဆိုရင် “သူမြင်သွားတဲ့ သရက်သီးက အကင်းပဲ ရှိသေးတာကွ”တဲ့...

အခုလည်း အဲဒါ အကင်းပဲ ရှိသေးတယ်လို့ ပြောလိုက်ချင်ရဲ့...

ဆောင်း said...

ဆိုင်နာမည်ရေးပေးပါလား ရှောင်လို့ ရတာပေါ့

ညယံ said...

ဆိုင်တွေ တောင်းရမ်းပုံကတော့ ရက်စက်သလား မမေးနဲ့ ။ ကျမလဲ ပြန်တုန်းက မန္တလေးက နံမည်ကြီး ယူနန်ဆိုင်ပါပဲ။ တစ်သောင်းတောင် ပိုတွက်ခံခဲ့ရတယ်။ နောက်နေ့ ပြန်သွားပြောတော့ ဆိုင်ရှင်မရှိတာလိုလို လက်ခံဖြေရှင်းမယ်လူ မရှိတာလိုလို နဲ့ မစားရပဲ တစ်သောင်းပြုတ်ခဲ့ရောပဲ .. :(
ဆက်ရန်လည် စောင့်ဖတ်နေတယ်နော် ..

စော(အဝါရောင်မြေ) said...

အင်း ဈေးသည်တွေ လုပ်စားနေတာပါပဲ။
:(

AMK said...

ရန်ကုန်မှာ နာမည်ကြီးနေသည့် အင်္ဂလိပ်စာလုံးလေးလုံးနှင့် နာမည်ကြီး ကြေးအိုးဆိုင် ဆိုတော့ ၀ိုင်ကေ၂အို လားဟင်

Related Posts Plugin for WordPress, Blogger...