Sunday, July 31, 2011

"သည်တစ်ခေါက် ရန်ကုန်" (၃)


တကယ်တော့ ကျွန်တော်တို့ ရန်ကုန်ပြန်သည်မှာ မိမိခွင့်ရတုန်း ကိုယ့်ရပ်ကိုယ့်ရွာက မိသားစုနှင့် ပြန်လည် ဆုံစည်းချင်သည်က အဓိကဖြစ်သည်။ ပြီးတော့ ဆွေမျိုးသားချင်းများ၊ သူငယ်ချင်းမိတ်ဆွေများ တွေ့ခွင့် ရနိုင်လျှင် တွေ့ချင်သည်။ ကျန်းမာရေးကိစ္စဆိုသည်က သိကြသည့်အတိုင်း စင်ကာပူမှာက ဈေးကကြီးသည်။ ကျွန်တော်တို့ဆီမှာက ဈေးသက်သာသည်။ ရှေ့မှာပြောခဲ့သလို ဆရာဝန်က စိတ်မရှည်ခြင်း၊ အချိန်မမှန်ခြင်းများ ကတော့ ကျွန်တော်တို့ဆီမှာ ရိုးပင်ရိုးနေလေပြီလား မသိ။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ကျွန်တော့် မိဘများနှင့် ညီအစ်ကိုများ၊ ကျွန်တော့် တူနှင့် တူမလေး၊ နာမကျန်းဖြစ်နေသော နယ်က ကျွန်တော့် အဘ နှင့် ကျွန်တော် မတွေ့တာ ကြာပြီဖြစ်သည့် ကျွန်တော့် ဆွေမျိုးများကို မြင်ရခြင်း ကတော့ စိတ်ညစ်စရာ၊ ငွေကုန်ကြေးကျ များစရာ မည်မျှပင် ရှိရှိ ကျေနပ်နေမိ ပါသေးသည်။

ဇနီးသည်လည်း ထို့အတူ။ သူ့အဘိုး၊ အဘွား နှင့် သူ့မိဘများ၊ မောင်နှမများ၊ သူ့အဒေါ်များ နှင့် သူ့သူငယ်ချင်းများကို တွေ့ရ၍ ရန်ကုန်ကို လွမ်းတိုင်းမျက်ရည်လေးစို့ချင်သော သူ့အတွက် ဆေးခန်းနှင့် ဆရာဝန် အခက်အခဲများ ကြားမှ စိတ်ဖြေသိမ့်စရာ၊ ပျော်စရာများ ရနေပါသေးသည်။

ကျွန်တော်ကတော့ သူငယ်ချင်းများနှင့် တွေ့နိုင်အောင် မနည်းကြိုးစားခဲ့ရ၏။ စက်မှုတက္ကသိုလ်တုန်းက သူငယ်ချင်းတွေက Face Book မှာ ရှာရလွယ်သလောက် ရန်ကုန်မှာ မရှိသလောက် ရှားကုန်သည်။ ရေကြည်ရာ မြက်နုရာ ဆိုသကဲ့သို့ပင်။ စလုံးမှာပင် တော်တော်များ၏။ သည်တစ်ခေါက် ခွင့်က နှစ်ပတ်သာယူပြီး ပြန်သည်မို့ ယခင် ၀န်ထမ်းဘ၀တုန်းက ခင်ခဲ့သူတွေကိုတော့ မတွေ့နိုင်တော့။ ဗဟိုဝန်ထမ်းတက္ကသိုလ် တက်စဉ်က သူငယ်ချင်းတွေကလည်း သက်ဆိုင်ရာ နယ်တွေမှာ။

စက်မှုတက္ကသိုလ်ဆင်းလည်းဖြစ်၊ ဖောင်ကြီးဆင်းလည်းဖြစ်သူ ကျွန်တော့် အရင်းနှီးဆုံး သူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်သည့် သူငယ်ချင်းကိုတော့ အိမ်ကိုအတင်းခေါ်၍ တွေ့ရသည်။ ဖုန်းနှင့် ဘယ်နှစ်ကြိမ်မှန်း မသိအောင် ချိန်းပြီးမှ ကျွန်တော့်အိမ်ကို ပြန်နေသည့် တစ်ရက်မှာ နေ့ခင်းဘက် အိမ်လာတွေ့၍ တွေ့လိုက် ရတာဖြစ်သည်။ နောက်မို့ဆို တွေ့ပင်တွေ့လိုက်ရမှာ မဟုတ်။ သူလည်း မအား။ ကျွန်တော် ကလည်း လျှောက်သွားနေသည် ချည်းသာ။

ဒါတောင် သူနှင့် တွေ့မည်ဆိုသည့်နေ့ကျမှ မအူပင်က ကျွန်တော့်ငယ်သူငယ်ချင်း ဆရာဝန်က ရန်ကုန်ကို ကျွန်တော်နှင့်တွေ့ရန် ဆင်းလာ၍ အချိန်ကို နေ့ခင်းပိုင်းမှာ ခွဲတွေ့ရသည်။ စက်မှုတက္ကသိုလ်က သူငယ်ချင်းကို သုံးနာရီအထိ ကျွန်တော့်အိမ်မှာ တွေ့ပြီးမှ သုံးနာရီခွဲမှာ ကျွန်တော့်ငယ်သူငယ်ချင်း ဆရာဝန်နှစ်ယောက်ကို ရှစ်မိုင် Junction 8 က Moon မှာ သွားတွေ့သည်။

တစ်ယောက်က ရန်ကုန်က NGO တစ်ခုမှာ ဆရာဝန်။ နောက်တစ်ယောက်က မအူပင်မှာ ကိုယ်ပိုင်ဆေးခန်းထိုင်သည့် ဆရာဝန်။ ကျွန်တော့် အချစ်ဆုံး ငယ်သူငယ်ချင်းများ။ သူတို့နှင့်က အထက်တန်းကျောင်းမှာကတည်းက ခြောက်တန်းကစပြီး အေခန်းမှာချည်း အတူတွဲခဲ့ကြသည်။ ဆယ်တန်းအထိ။ ကျွန်တော်မြန်မာပြည်ကို တစ်ခေါက်ပြန်တိုင်း သူတို့ကို မရ ရအောင်တွေ့လေ့ရှိသည်။ ယခုတစ်ခေါက်လည်း သူတို့နှင့် ဆုံဖို့ ကျွန်တော်က မအားတာ တစ်မျိုး။ မအူပင်က သူငယ်ချင်းက ဆင်းမလာနိုင်သေးတာက တစ်မျိုးနှင့်။

သူငယ်ချင်းသုံးယောက်သား ရောက်ရာပေါက်ရာတွေ ပြောပြီး ခုနစ်နာရီကျော်သည်အထိ မထဖြစ်တော့ ဆိုင်က စားပွဲထိုးကောင်လေးက လာလာပြီး မျက်စောင်းထိုးသေးသည်။ သည်တော့မှ လမ်းခွဲခဲ့၏။ ထို Junction 8 နားမှာ ကျွန်တော်ရှေ့က ပြောခဲ့သော အင်္ဂလိပ်စာလုံးလေးလုံးနှင့် နာမည်ကြီး ကြေးအိုးဆိုင်ကြီးက ဆိုင်ခွဲထပ်ဖွင့်ထားတာ တွေ့လိုက်ရသေးသည်။ ဪ- ကျွန်တော်တို့ ဆီက ယူထားသော အမြတ် ငွေများဖြင့် သူတို့ တစ်တွေ ဆိုင်ခွဲ အကြီးကြီးတွေ ဖွင့်နိုင်နေပါလားဟု တွေးမိသေး၏။ ဒန်ပေါက်ဆိုင်မှာလည်း ဘာ Tax ကိုမျှ ပြပြီး တင်မထား။ ကော်ဖီဆိုင်မှာလည်း Menu က ဈေးအတိုင်းရောင်းသည်။ သည်တော့ ကြေးအိုး ဆိုင်ကြီး ငွေမယူတတ်သေးတာလားဟု အတွေးရောက်သည်။ ငွေသာဘယ်လိုယူရမှန်း မသိတာ။ ဆိုင်ခွဲများက တစ်ဆိုင်ပြီး တစ်ဆိုင်ထွက်လာလေပြီ။

သူငယ်ချင်းများနှင့် တွေ့ပြီး နောက်နေ့မနက်မှာ မအူပင်က သူငယ်ချင်းက ဖုန်းလှမ်းဆက်၏။ သူ မအူပင်ကို ပြန်ရောက်သည့် အကြောင်း။ သူပြောမှ ကျွန်တော် တော်တော်အားနာသွားသည်။ သူက မနက်သုံးနာရီ ကားဖြင့် မအူပင်သို့ ပြန်လိုက်သွားသည်တဲ့။ ဒါတောင် Taxi က နှေးနေ၍ အဝေးပြေးဂိတ်မှာ ပထမကားကို လွတ်သွားပြီး မအူပင်ကို နောက်ကျရောက်၍ ဆေးခန်းကို တစ်နာရီ နောက်ကျဖွင့်လိုက် ရသည်တဲ့။

ကျွန်တော်အားနာရသည်က အကြောင်းရှိသည်။ သူနှင့် ကျွန်တော်က ငယ်သူငယ်ချင်းတွေမို့ အားနာစရာ မရှိသော်ငြား ကျွန်တော့်ကို တစ်ခါတွေ့ဖို့အရေး သူသည် ဆေးခန်းကို ပိတ်ခဲ့ရသည်။ သူ့အတွက် ငွေက အဓိက မဟုတ်သည်ကို ကျွန်တော်သိသည်။ ဆရာဝန်မဖြစ်ခင် ကတည်းက သူ့အိမ်က ဘာမျှပူစရာ မရှိအောင် ချမ်းသာသည်။ ဆရာဝန်ဖြစ်ပြီး မအူပင်မှာ တာဝန်ကျပြီး တော်တော်ကြာမှ အလုပ်မှထွက်ကာ မအူပင်မှာပင် ဆေးခန်းပြန်ထိုင်ဖြစ်ခဲ့ခြင်း ဖြစ်သည်။ လူနာများ သံယောဇဉ်ကြောင့်ပါ။

သူ တစ်ခါက ပြောဖူးသည်။ ရွာတစ်ရွာကို သူ အပတ်စဉ် စနေ၊ တနင်္ဂနွေ သွားကုစဉ်က ထိုရွာမှ လူကြီးတစ်ယောက်၏ အိမ်မှာ တည်းရသည်တဲ့။ ဂရုစိုက်လိုက်တာ လိုလေသေးမရှိ။ ရေထွက်သားငါး အစုံ သူ့ထမင်းစားပွဲမှာ။ ထူးဆန်းတာ တစ်ခုက သူ့ရှေ့မှာ မည်သူမဆို ဖြတ်သွားဖို့ကိုပင် ဒူးထောက်၍ ကြမ်းပြင်မှာ တရွတ်ဆွဲသွားသည်တဲ့။ သည်တုန်းက ကျွန်တော်တို့ သူငယ်ချင်းတွေ တော်တော် အံ့အားသင့်ခဲ့ရသည်။ ဆရာဝန် ရှားသည်မို့ မလာမှာစိုး၍ ဂရုစိုက်ကြသလို လေးလည်းလေးစားကြ၏။

ယခုတော့ ကျွန်တော့်ကို တွေ့ရန် ရန်ကုန်ကို ဆင်းလာခဲ့ရသော သူငယ်ချင်းသည် သူ့ဆေးခန်းကို ပိတ်ခဲ့ရ၍ လူနာမည်မျှ သူ့ကို မျှော်နေမည်နည်း။ သူ့ဝင်ငွေလည်း လျော့သလို သူ့ကို မျှော်နေသည့် လူနာများလည်း ဆေးခန်းမှာ ပုံနေရှာလျော့မည်။ ပြီးတော့ ကျွန်တော့်သူငယ်ချင်းသည် ကုသိုလ်ဖြစ်ဆေးခန်း မှာလည်း ဒါနဖြင့် ကုပေးနေသူဖြစ်ရာ အဝေးကလာသော ကျွန်တော့်ကို တွေ့ဖို့ သူ ဖျက်လာခဲ့ရသော ကိစ္စများအတွက် အားနာရသည်သာမက ရန်ကုန်မှာ ဆရာဝန်ဒုက္ခနှင့် လက်တွေ့ကြုံနေရသော ကျွန်တော့်လို လူနာများ အတွက်လည်း စိတ်မကောင်းဖြစ်ရလေသည်။ ထို့ကြောင့် နောက်အခေါက်များတွင် ကျွန်တော့်သူငယ်ချင်းကို ခေါ်တွေ့ရန် ချင့်ချိန်ရဦးမည်ဟု စဉ်းစားမိလေသည်။ ကျွန်တော်တစ်ဦးတည်း အတွက်နှင့် လူအများ ဒုက္ခရောက်ရမည် မဟုတ်လား။

ရန်ကုန်မှာ နေနေတုန်း အားသည့်အချိန်မှာ အင်တာနက်က မဖတ်ရသော ဂျာနယ်များကို လက်လှမ်းမီသမျှ ဖတ်ကြည့်တော့ ရင်မောရ၊ စိတ်ရှုပ်ရသည်။

နာမည်လေးလုံးနှင့် ရုပ်ရှင်မင်းသမီးက ယခင် နာမည်သုံးလုံးနှင့် တစ်ကျော့ပြန်အောင်မြင်နေသော မင်းသားနှင့် မတွဲတော့ဘဲ လုပ်ငန်းရှင် အဘိုးကြီးတစ်ယောက်နှင့် တွဲနေသည်တဲ့။ ထိုလူကြီးက အသင်းအဖွဲ့ တစ်ဖွဲ့၏ ဥက္ကဋ္ဌ။ သူ့မိန်းမဆုံးသွားတော့ သားသမီးများ ကျန်နေစဉ်မှာပင် အဘိုးကြီးနှင့် တွဲခုတ်သည်တဲ့။ တွေ့သည့် ဆိုင်များက တွေ့။ စီးပွားရေးကများ၍ အဘိုးကြီး၏ သားသမီးများက သဘောမတူ။ အမွေခွဲခိုင်းသည်တဲ့။ ဒါကို ဂျာနယ်က အင်တာဗျူးတော့ မဟုတ်ပါတဲ့။ သူတို့သွားခဲ့သည့်ဆိုင်က လူတွေကလည်း သည်လိုတွေ့ကြောင်း ဆိုထားသည့် အခါ ဖတ်ပြီး အူလည်လည်တွေ ဖြစ်ကုန်သည်။ ဒါတောင် ဆီဒိုးနားမှာ သူနှင့် တွဲခဲ့သည့် နာမည်သုံးလုံးနှင့် မင်းသားကို စိတ်ကောက်သည့်အခါ ကြမ်းပြင်မှာထိုင်၍ ဖိနပ်ချွတ်ပြီး ကလေးလို ခြေဆောင့် သည်ဟု ပါးစပ်သတင်းနှင့် ကြားရသည်ကို ဂျာနယ်များသိလျှင် ထိုမင်းသမီး အကြောင်းရေးစရာ ရပေဦးမည်။

သည်ထက်ဆိုးသည့် သတင်းက ကျတော့ ဂျာနယ်ထဲ မပါ။ ပါးစပ်သတင်း အတိအကျထွက်လာခြင်းမျိုး။ နာမည်သုံးလုံးနှင့် မော်ဒယ်မင်းသမီးလေး၊ ခုတော့ ရုပ်ရှင်တွေ နည်းနည်းပါးပါးရိုက်နေသူ( Lotion မင်းသမီး မဟုတ်) က သိန်းအစိတ်နှင့် MNL ကဘောလုံးသမား(နိုင်ငံခြားသား) နှင့် တစ်ည လိုက်သွားသည်တဲ့။ မနက်ကျတော့ ဆေးခန်းမှာ တိုးတိုးတိတ်တိတ် သွားကုလိုက်ရသည်တဲ့။ ထိုဆေးခန်းက ထွက်လာသော သတင်း။ (စလုံးရောက်တော့ ကျွန်တော်က Site ထဲမှာ ပြောပြစဉ် ကောင်လေး တစ်ယောက်၏ ကောင်မလေး က ပြန်ပြောသည်တဲ့။ ကန်တော့ပါရဲ့။ လေးချက်တောင် ချုပ်လိုက်ရသည်တဲ့။ သတင်းက တော်တော်မြန် သွားလေပြီ။)

ငွေကြေးက လူတချို့၏ စိတ်ဓာတ်ကို တော်တော်ဖျက်ဆီးသွားနိုင်သည်လား။ ဘာတွေဖြစ်ကုန်ပြီလဲ ဆိုသည်ကို တွေး၍ မရနိုင်တော့။ မဟုတ်တာကို အမှန်ထင်သည့် ခေတ်ကို ရောက်နေလေပြီ။ ထိုအရာ များ၏ နောက်ဆက်တွဲတွေကရော ဘာတွေ လာမည်နည်း။

လောလောဆယ်မှာပင် ရန်ကုန်မိုး၏ကြားမှာ ဘောင်းဘီတိုနှင့် ကောင်မလေးတချို့ကို ကျွန်တော်တွေ့ခဲ့ရသည်။ ပူလျှင်တောင် ထဘီပဲ အမြဲဝတ်တတ်သည့် ခေတ်က ရွေ့သွားလေပြီ။ စလုံးကို တု၍ တိုကုန်သည်လား မဆိုနိုင်။ စလုံးကို သည်ဘက်ခေတ်မှာ သွားလာ သူများ တော်တော်များ၍ ရောဂါကူးစက် ခံရနိုင်သည်။ သို့သော် စင်ကာပူက စင်ကာပူ။ ရန်ကုန်က ရန်ကုန် မဟုတ်လား။

သည်တစ်ခေါက် ရန်ကုန် က ကျွန်တော့်အတွက် ရင်မောစရာတွေ ရှိခဲ့သည်ကတော့ အမှန်ပင်။

(ဆက်ပါဦးမည်။)

ဆူးသစ်
၁၀:၅၃နာရီ

၃၁.၇.၂၀၁၁

2 comments:

MeerKat said...

နာမည်လေးလုံးတွေ သုံးလုံးတွေ ဘယ်လောက်စဉ်းစား ပေမဲ့ ထွက်မလာဘူး.သိချင်လို့ ဟီးး

MeerKat said...

နာမည်သုံးလုံးတွေ လေးလုံးတွေ စဉ်းစားတာ ဘယ်လိုမှ ထွက်မလာဘူး .ဘူတွေများပါလိမ့် ဟီးး

Related Posts Plugin for WordPress, Blogger...