Saturday, October 1, 2011

"ကျွန်တော့်မှတ်စု" ( ၇ )


+ ပညာရှာမှီး၍ ရလွယ်သော ပျိုရွယ်စဉ်အချိန်၌ အပျော်ကိုလိုက်၍ တစ်စုံတစ်ရာ မရှာဖွေဘဲနေမိသူ တို့၏ ပျော်ရွှင်ခြင်းသည် တစ်နှစ်ပြီးတစ်နှစ် ဆုတ်ယုတ်၍ အပျော်ထဲမှ ဆင်းရဲအပူ ထွက်ပေါ်၍လာလိမ့်မည်။
[ ပီမိုးနင်း- ' ကမ္ဘာ့အလင်းနှင့် လောကမျက်မှန် ' စာအုပ်မှ ]

+ အောင်မြင်မှုဟူသမျှ၏ သော့ချက်ကား စိတ်အလိုကို မလိုက်မှားမှုပေတည်း။ သင့်ကိုယ်သင်သာ ထိန်းသိမ်းနိုင်စွမ်း ရှိပါစေ။ သင်သည် ပညာတတ်တစ်ယောက်ပေတည်း။ ထိုအချက် ကင်းမဲ့နေလျှင် အခြားဘာတွေကို တတ်နေနေ အချည်းနှီးသာတည်း။
[ အမေရိကန် ခရစ်ယာန် ဘုန်းတော်ကြီး အာရ်ဒီဟစ်ခ်ျကော့][ အောင်သင်း-'မျိုးဆက်သစ်တိုးတက်ရစ်ဖို'့ စာအုပ်မှ ]

+ လောက၌ သိကြားမင်းဖြစ်စေနိုင်သော အကြောင်းခုနစ်ပါး ရှိ၏။ ယင်းတို့မှာ -
၁။ မိဘကို လုပ်ကျွေးခြင်း
၂။ ကြီးသောသူတို့ကို ရိုသေခြင်း
၃။ မှန်သောစကားကို ပြောခြင်း
၎။ ကြမ်းတမ်းသော စကား မပြောခြင်း
၅။ ကုန်းတိုက်သော စကား မပြောခြင်း
၆။ ၀န်တိုမှု မရှိခြင်း
၇။ အမျက်ဒေါသ မထွက်ခြင်း တို့ဖြစ်၏။
[ ချစ်စံဝင်း - 'အမေ့ခြေရာ' စာအုပ်မှ]

+ ဒါန ( ၃ ) မျိုး
၁။ က္ကုဏဒါန - ကြွေးသစ်ချခြင်း ( သားသမီးကို ကျွေးမွေးခြင်း )
၂။ မောက္ခဒါန - ကြွေးဟောင်းဆပ်ခြင်း ( မိဘကို လုပ်ကျွေးခြင်း )
၃။ နိဓိဒါန - ရွှေအိုးမြှုပ်ခြင်း ( ကုသိုလ်ကောင်းမှုပြုခြင်း )

+ ဂန္ထ၀င်မြောက်သော စာပေသည်-
၁။ ရှေးကျသော အရေးအသား ဖြစ်သည်။
၂။ ခိုင်မာအသားကျ စံထားလောက်သော အရေးအသား လက်ရာဖြစ်သည်။
၃။ စကားပြေ၊ လင်္ကာ နှစ်မျိုး အကျုံးဝင်သည်။
၎။ စာပေရသ ပေါ်လွင်သော အရေးအသားဖြစ်သည်။
၅။ လူရေးလူမှုနှင့် အသိအလိမ္မာဥာဏ်ပညာကို စေ့ဆော်ပွားများစေသော သဘောရှိသည်။
၆။ လူ့စရိုက် သဘာဝကို ပေါ်လွင်အောင် ဖွဲ့ဆိုထားသော လက်ရာဖြစ်သည်။
၇။ အချိန်ကာလ တစ်ခုခုနှင့် ယှဉ်၍ တည်တံ့ခိုင်ခံ့သော စာပေလက်ရာဖြစ်သည်။
၈။ အတွေ့အကြုံ၊ အတွေးအခေါ်တို့ဖြင့် ရင်းနှီးဆည်းပူး၍ ရေးသားထားသော စာပေဖြစ်သည်။
၉။ လောကတွင် အခါခပ်သိမ်း မှန်ကန်တတ်သော အချက်များ ပါဝင်နေတတ်သည်။
၁၀။ ဂန္ထ၀င်စာပေ၌ ကျဉ်းမြောင်းသော နယ်နိမိတ်ဘောင်မရှိ။ တစ်စုံတစ်ရာသော အခွင့်အာဏာဖြင့် ဆုံးဖြတ် သတ်မှတ်ရခြင်းမရှိ။ အချိန်ကာလ ရင့်ညောင်းသည့်တိုင် အလိုအလျောက် ဖတ်ရှု လက်ခံ လေ့လာကြရသော စာပေမျိုးတွင် အကျုံးဝင်သည်။
၁၁။ တစ်ခါတစ်ရံ တစ်ခုကောင်း အရည်အသွေးကို အစွဲပြု၍ ပြောစမှတ်ပြုရသော လက်ရာဖြစ်သည်။
[ မောင်ဆုရှင်- 'ဂန္ထ၀င်စာပေဟူသည်' စာတမ်းမှ။ ( ဂန္ထ၀င်စာပေစာတမ်းများ(ပထမတွဲ) - မောင်ဆုရှင်၊ ထီလာစစ်သူ၊ တင်ထွေး)]


4 comments:

Anonymous said...

အကိုကြီး....
မှတ်စု လို့မည်ထိုက်ပါပေတယ်ဗျာ
တကယ်ကိုပဲ အသိတွေလည်းတိုးပွားစေလို့
သုံးခေါက်ကို ပြန်ဖတ်သွားတယ်။

Angelhlaing(May everybody be happy and healthy! said...

မှတ်စုလေးတွေ copy ယူသွားတယ်အကို ။
ကျေးဇူးပါလို့ .....

mstint said...

တန်ဘိုးရှိတဲ့ စာကောင်းပေကောင်းတွေ မျှဝေပေးတာ ကျေးဇူးပါ ဆူးသစ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စံပယ်ချို said...

မှတ်သားစရာတွေကို
ရှာရှာဖွေဖွေ ဖော်ပြပေးလို့ကျေးဇူးတင်ပါတယ်ရှင်
ခင်မင်တဲ့ jasmine

Related Posts Plugin for WordPress, Blogger...