Wednesday, November 16, 2011

" ချစ်သူနဲ့ နယ်မြေသစ်ဆီ "


ကျွန်တော် ကဗျာလေးတစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ (၁၉) နှစ်၊ ၁၉၉၂ ခုနှစ်လောက်ကပါ။ ချစ်သူရှိခဲ့ရင် ဆိုတဲ့ အတွေးမျိုးရပြီး ရေးဖြစ်ခဲ့တာပါ။ အောက်က ကဗျာလေးပါ။

"ချစ်သူတွေရဲ့ အားမာန်"

အခုဘဝ
သမုဒယ ဆိုတဲ့ သည်ကြိုးမျှင်။

တိုးငင်ကာ ရစ်ပတ်ဆဲ
ချစ်တတ်မြဲပင်။

တစ်ယောက်နဲ့တစ်ယောက် နားလည်ကြလျှင်
ဘ၀တွင် လျှောက်လှမ်း။

အဖော်နဲ့ဆိုတော့လည်း
အပျော်မမဲ့ပါ ဘ၀ခရီးမှာလ
ဪ-သူနဲ့သာဆို လျှောက်မငြီးပါပေါ့
နှစ်ယောက်တစ်ခရီးတည်း သွားကြလို့
အားရအောင် ကြမ်းချင်ကြမ်းလည်း
မနွမ်းပါ ရှေ့ခရီးလမ်းအတွက်
ဖြည့်ဆည်းဖို့စွမ်း။ ။

ခုတော့ ဒီကဗျာလေး ဖတ်ရင်း ကိုယ်ရေးခဲ့တဲ့ကဗျာ ဒီတစ်ကြိမ် ကိုယ့်အတွက်ပါလားလို့ တွေးရင်း ကြည်နူးမိပါသေးတယ်။ အဲဒီကဗျာကို ရေးပြီး ကျွန်တော့်ငယ်သူငယ်ချင်း နှစ်ယောက်က ချစ်သူတွေ ရှိနေတယ်လို့ သိရလို့ ဒီကဗျာကို သူတို့အတွက် ကျွန်တော်ပေးခဲ့ဖူးပါတယ်။ ဒီတစ်ကြိမ်ကတော့ ကိုယ့်အတွက် ဖြစ်လာပြီလို့ပဲ ဆိုရမှာပါ။

အကြောင်းက ရှိပါတယ်။ ပြီးခဲ့တဲ့ ၁၄.၁၁.၂၀၁၁ ဟာ ကျွန်တော်နဲ့ ကျွန်တော့်ဇနီး ပါရမီဖြည့်ဖက်လေး ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ပါ။ အရင်နှစ်က လေးဖြူ ရဲ့ ခရီးအဆုံးအထိ တင်ခဲ့ပြီး ဒီနှစ်မှာတော့ ဘာတင်ရမလဲ စဉ်းစားရင်း နောက်တောင်ကျသွားခဲ့ရတယ်။ ကျွန်တော်အလုပ်ရှုပ်နေတာရယ်၊ ဘာတင်ရမလဲ စဉ်းစားရင်း အချိန်ကုန်နေတာရယ်ကြောင့်ပါ။

သူငယ်ချင်းတွေကတော့ Facebook မှာလာပြီး ဆုတွေပေးကြပါတယ်။ ရန်ကုန်က ကျွန်တော့်မိဘတွေကတော့ ကျွန်တော်တို့အတွက် ဘုန်းကြီးဆွမ်းကပ်ပေးပါတယ်။ ကျွန်တော့်အတွက် ပါရမီဖြည့်ဖက်လေးကို တစ်ခုခုပေးဖို့၊ ကျွန်တော်တို့ နှစ်ယောက်အတွက် နှစ်ပတ်လည် အမှတ်တရ ပို့စ်တစ်ခုခုတင်ဖို့ စဉ်းစားနေတာနဲ့ ဒီနေ့မှပဲ တင်ဖြစ်ပါတော့တယ်။

ပထမဆုံး ကျွန်တော်ရေးခဲ့တဲ့ ကဗျာတွေထဲက ကျွန်တော်မှတ်မိနေတဲ့ အပေါ်မှာ ဖော်ပြထားတဲ့ ကဗျာလေးကို လိုက်ရှာပြီး ကျွန်တော်တို့ နှစ်ယောက်အတွက် အမှတ်တရ တင်လိုက်ပါတယ်။

နောက်တစ်ခု အမှတ်တရ တင်ချင်တာက သီချင်းတစ်ပုဒ်ပါ။ LMN လို့ခေါ်တဲ့ အယ်လ်ဘမ်ထဲက အငဲ ဆိုတဲ့သီချင်းပါ။ မြင့်မိုးအောင် ရေးထားတာပါ ။ " နယ်မြေသစ်များစွာ " လို့ နာမည်ပေးထားပါတယ်။

"ဘ၀ဟာ ဂိမ်းတစ်ခုဆိုလည်း နောက်တစ်ခန်းသွားရမှာပဲ......... ရန်သူတွေအများကြီးနဲ့ တိုက်ခိုက်ရှေ့ဆက် သွားစို့ ................ငါ့လက်ကို တွဲထားလိုက်ဦး......အကြင်နာတွေနဲ့ အားပေးလိုက်ဦး.........အတူတူ တို့ရဲရင့်မယ်"

ပထမပိုဒ်က စာသားတချို့ပါ။ လှလိုက်တာဗျာ။ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးလည်း ဒီလိုပဲ ဖြတ်သန်းရဦး မှာပါလားလို့ အသိဝင်ဖြစ်တယ်။ ဘ၀ဆိုတာ ဂိမ်းပဲလို့ အိမ်ထောင်သက် အနည်းငယ်အတွင်းမှာ ကျွန်တော်တို့လည်း သိလာရပြီပဲ။ မြင်ရတဲ့ ရန်သူတွေ၊ မမြင်ရတဲ့ ရန်သူတွေ၊ နည်းမှမနည်းဘဲ။

Chorus ပိုဒ်ပြီးမှ ၀င်လာတဲ့ ဒုတိယပိုဒ်မှာလည်း စာသားတွေက လှလိုက်တာမှ မှုန်နေတာပဲ။

" ချွန်ထက်လွန်းတဲ့ မင်းဟာ မြားဆိုလည်း........ငါဟာလေ လေးတစ်စင်းပေါ့..........သွားမယ် ပစ်မှတ်များ အထိ......မင်းဟာ ဓားတစ်စင်း ဆိုလည်း.........ငါက ဒိုင်းတစ်လက်ပဲပေါ့.........ဒီမှာ အမှန်တရား အတွက်ဆို........တို့နှစ်ယောက် အသက်စွန့်ကြစို့........မင်းလဲတဲ့ အချိန် တွဲထားပေးဖို့.........ဒဏ်ရာတွေ ကြုံလည်း နှစ်သိမ့်ပေးဖို့..........အမြဲတမ်း မင်းအနားမှာ ငါအားပေးမယ် ရဲရင့်ကြပါစို့......."

စာသားတွေက ဘ၀ကြင်ဖော်နဲ့ တွဲသွားနေရတဲ့ ဘ၀ကြီးကို ရည်ညွှန်းနေလိုက်တာ။ ကြင်ဖော်က မြားဆို ကိုယ်က လေးပါတဲ့။ ပစ်မှတ်တွေအထိ သွားဖို့လေ။ ကြင်ဖော်က ဓားဆို ကိုယ်က ဒိုင်းတဲ့။ အမှန်တရားအတွက် တိုက်ခိုက်မယ်။ ပြီးတော့ ကာကွယ်မယ်။ လဲတဲ့အချိန်မှာတောင် တွဲထားပေးဖို့၊ ဒဏ်ရာတွေရှိရင် နှစ်သိမ့်ပေးဖို့၊ အမြဲတမ်း အနားမှာ အားပေးနေမယ်တဲ့။

" နယ်မြေသစ်များစွာ....ရှေ့မှာ......အတူစွန့်စားကြစို့ မင်းနဲ့ငါ..
နယ်မြေသစ်များစွာ.....ရှေ့က......အတူသိမ်းပိုက်မယ်ဟေ့ "

ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ ခရီးတစ်ဖြတ်ပြီးတော့ နောက်တစ်ဖြတ်ပေါင်းများစွာ လာဦးမယ်။ ရှေ့မှာ နယ်မြေသစ်တွေက အများကြီး။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဇနီးနဲ့ ကျွန်တော် အတူစွန့်စားရဦးမယ်။ ပြီးတော့ သိမ်းပိုက်ရဦးမယ်။ ဒီနယ်မြေသစ်တွေထဲမှာပဲ ကျွန်တော်တို့ ဖြတ်လျှောက်ရဦးမယ်လေ။





ဒီသီချင်းထဲမှာ ကျွန်တော့်ဇနီးကို ကျွန်တော်ပြောချင်တဲ့ စကားတွေလေ။ ပြောလည်း ပြောဖြစ်ခဲ့ပြီးပါပြီ။ ထပ်လည်း ပြောနေ ဦးမှာပါ။ အကြိမ်ပေါင်းများစွာပေါ့။ ကျွန်တော်ယုံကြည်နေပါတယ်။

ကျွန်တော်ရေးထားတဲ့ ကဗျာထဲကလိုပါပဲ။ ဘေးမှာ အဖော်ပါတော့ လမ်းတွေက ဘယ်လိုကြမ်းကြမ်း ကျွန်တော်တို့နှစ်ယောက်စလုံး ပင်ပန်းတယ်လို့ မထင်တော့ပါဘူး။

တစ်ယောက်နဲ့ တစ်ယောက်မှာ ထားရှိတဲ့ ချစ်ခြင်း၊ တစ်ယောက်နဲ့တစ်ယောက်မှာ ထားရှိတဲ့ မေတ္တာ၊ ကရုဏာ၊ စေတနာ၊ အကြင်နာ။ အိုဗျာ-ရှိရှိသမျှ အရာအားလုံးနဲ့ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးတို့ ရှေ့ခရီးတွေကို ဖြတ်သန်းနိုင်မယ်လို့ ဒီလိုအမှတ်တရ နေ့ကလေးတွေကနေ တစ်ဆင့် ပိုလို့ ယုံကြည်နေမိပါတော့တယ်။ ။

သားလတ်
၁၆.၁၁.၂၀၁၁
၂၀:၅၃ နာရီ

[ ကျွန်တော်နဲ့ ကျွန်တော့်ဇနီး ပါရမီဖြည့်ဖက်လေးတို့ ရဲ့ မင်္ဂလာနှစ်ပတ်လည် (၁၄.၁၁.၂၀၁၁) နေ့လေး တစ်နေ့အတွက် အမှတ်တရပါ။ ]


9 comments:

Candy said...

ပျော်စရာကြီးနေမှာနော်... Happy Anniversary!! :D

စံပယ်ချို said...

ကျရောက်တဲ့ မင်္ဂလာရက်ပတ်လည်မှ
နောင်နှစ်ပေါင်းများစွာ စိတ်ချမ်းသာခြင်း
ကိုယ်ကျန်းမာခြင်း အားလုံးပြည့်စုံပါစေလို့
ညီမဂျက်ဂျက်
ကိုဆူးသစ်ရေ...ဘလော့ဂါအပိုင်း(၁)လေးအားရင်ကြည့်ပေးပါ အကိုတို့စုံတွဲပုံလေးတင်ထားလို့ပါရှင်။

မေသိမ့်သိမ့် ကျော် said...

ချစ်သူနဲ့ သက်ဆုံးတိုင်ပျော်ရွှင်ပါစေရှင်။

mstint said...

ဖတ်ရတာကြည်နူးစရာကောင်းတယ် ဆူးသစ်ရေ။
မင်္ဂလာနှစ်ပတ်လည်ကစလို့ ဘဝတစ်သက်တာ ပါရမီဖြည့်ဖက်လေးနဲ့ ကြုံရဆုံရ အခက်အခဲမှန်သမျှကို ကျော်ဖြတ်ရင်း
ထာဝရ ချစ်ခင်ကြင်နာစွာဖြင့် လက်တွဲမဖြုတ်စတမ်း လျှောက်လှမ်းနိုင်ကြပါစေလို့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

khinnwewin said...

သားလတ်ေ၇ ဖတ်ရတာကြည်နူးစရာကောင်းတယ်။ မင်္ဂလာနှစ်ပတ်လည်ကစလို့ ဘဝတစ်သက်တာ ချစ်ခင်ကြင်နာစွာဖြင့် ချစ်သူနဲ့ သက်ဆုံးတိုင်ပျော်ရွှင်ပါစေ။

လွင်ပြင်လှိုင်းငယ် said...

ချစ်သူနဲ့ သက်ဆုံးတိုင်ပျော်ရွှင်ပါစေလို့ တောင်းဆုပြုပေးပါတယ်

အမ်တီအန် said...

ပျော်ရွှင်ဖွယ်မင်္ဂလာနှစ်ပတ်လည်နေ့ ဖြစ်ပါစေရှင်..။

အဖြူရောင်နတ်သမီး said...

ယနေ့မှ“စ” နှစ်(၁၀၀) တိုင်ပါစေ.. ကိုဆူးနဲ့မဒမ်ဆူးရေ..

ဆူးသစ် said...

၁၄.၁၁.၂၀၁၁ မှာ ကျရောက်ခဲ့သော ကျွန်တော်နှင့်ကျွန်တော့်ဇနီးတို့၏ မင်္ဂလာနှစ်ပတ်လည်အတွက် ဆုတောင်းပေးခဲ့ကြသော သူငယ်ချင်းများအား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားချင်ပါသည် ခင်ဗျား။ ကျေးဇူးပါ။

Related Posts Plugin for WordPress, Blogger...