Thursday, November 24, 2011

" လာမပြောနဲ့ Management "

ကျွန်တော်စင်ကာပူမှာ အလုပ်လုပ်ပြီး သိပ်မကြာခင်မှာ ပိုင်ရှင်သူဋ္ဌေးဆိုသောလူတန်းစား၏ အကြောင်းကို နည်းနည်း သဘောပေါက်လာသည်။ အတ္တကြီး၏။ ငါ့အတွက် ဆိုသည်က လွဲလျှင် ကျန်တာစိတ်မ၀င်စား။ တစ်ခါတစ်ခါများဆို တော်တော်ကို ရက်စက်လွန်းသည်။ ထားပါတော့။

တစ်ခါကျတော့ ကျွန်တော်တို့လုပ်ကွက်ထဲမှာ Management Inspection လုပ်သည်။ လူကြီးများအကုန် လုပ်ကွက်ထဲ လိုက်ကြည့်သည်။ Company အသီးသီးမှ Management ပိုင်းမှ လူများ အကုန်နီးပါး ပါသည်ဆိုပါတော့။

Inspection ပြီးသည့်အခါ ကျွန်တော်တို့ သူဋ္ဌေးက ကြီးကြပ်ရေးမှူးများကို အကုန်ခေါ်ပြီး ဆူပါတော့သည်။ သူစစ်ဆေးရေး လျှောက်ကြည့်စဉ်မှာ ကျွန်တော်တို့ကုမ္ပဏီပိုင် လှေကားတစ်စင်းကို အခြားကုမ္ပဏီမှ အလုပ်သမားများ ယူသုံးနေ၍ ဒေါကန်ခြင်းပါ။ မေးခွန်းများလည်း များလှ၏။ ဘယ်သူခွင့်ပြုတာလဲ၊ ဘာကြောင့် သူများက ယူသုံးတာလဲ၊ စသည်ဖြင့် စုံနေ၏။ မည်သူမျှ မဖြေနိုင်။

နောက်တော့ စုံစမ်းလိုက်တော့မှ အလုပ်သမားလေးတွေ ငှားလိုက်တာဖြစ်သည်။ သည်တော့ ကြီးကြပ်ရေးမှူးများလည်း ဘာမျှမပြောသာတော့။ သူဋ္ဌေးလည်း ဆူပြီးဖြစ်နေ၍ ထူးမှာမဟုတ်မှန်း သိနေလေသည်။ တကယ်တော့ ကြီးကြပ်ရေးမှူးတွေလည်း လုပ်ကွက်ထဲက အထာကို သိနေ၍ ဘာမျှမပြောတော့တာလည်း ပါသည်။

ကျွန်တော်တို့ အလုပ်ထဲမှာ အဆင်ပြေသလို လုပ်ကြရသည့် အခါများရှိသည်။ ဥပမာ-အသုံးလိုသော ပစ္စည်းတစ်ခု ချက်ချင်း ရှာမရချိန်၊ Main Contractor ကလည်း သည်နေ့ပြီးချင်သည် ဆိုသည့် အခါမျိုးမှာ လောကိုလောရတော့သည်။ တခြားကုမ္ပဏီက ပစ္စည်းရှိလျှင် ခဏငှား၊ ပြီးအောင် ဆက်လုပ်။ သည်လိုပဲ သူများကုမ္ပဏီက လိုလာလျှင် အချင်းချင်း ပြန်ငှားနှင့် အားလုံး အဆင်ပြေသည်။

ထိုသို့ အဆင်ပြေသည့်အထဲမှာ အလုပ်သမားချင်း အဆင်ပြေတာက တစ်မျိုးဖြစ်သည်။ မြန်မာ မြန်မာချင်း၊ အိန္ဒိယ အိန္ဒိယချင်း၊ တရုတ် တရုတ်ချင်း၊ မလေး မလေးချင်း၊ ဘင်္ဂလား ဘင်္ဂလားချင်း ပြောဟယ် ဆိုဟယ်ဖြင့် ပြီးသွားသည်။

သိပ်မကြာသေးခင်ကပင် ကျွန်တော်တို့ လုပ်ကွက်ထဲမှာ ထိုသို့ကြုံခဲ့ရသေးသည်။ ကျွန်တော်တို့က Earth Cable များကို ကတုတ်ကျင်းထဲ မြုပ်ချင်သည်။ မြေတူးရမည်။ သို့သော် ကုမ္ပဏီမှာ မြေတူးစက်မရှိ။ ထို့ကြောင့် ကျွန်တော်တို့ဆီက အလုပ်သမားလေးများသည် ပေါက်တူးကိုသုံးရသည်။ အချိန်ကြာသည်။ ပင်ပန်းသည်။ ကြီးကြပ်ရေးမှူးများက တခြားကုမ္ပဏီကို အကူအညီ မတောင်းချင်ကြ။

သူတို့ကလည်း သူတို့အကြောင်းနှင့် သူတို့။ တူးရမှာက အများကြီး။ ခဏခဏတော့ အကူအညီ မတောင်းချင်။ သို့သော် အလုပ်သမားများကလည်း မြေမာသည့်နေရာဆိုလျှင် လူသက်သာ၍ မြန်အောင် စက်နှင့်ထိုးလိုက်စေချင်သည်။ သည်တော့ သူတို့ဘာလုပ်ပါသနည်း။ ရှင်းပါသည်။

တခြားကုမ္ပဏီက မြေတူးစက် မောင်းသူသည် အိန္ဒိယလူမျိုး။ ထိုစက်ကို စောင့်၍ လမ်းပြသူ Banksman ကလည်း အိန္ဒိယလူမျိုး။ ကျွန်တော်တို့ ကုမ္ပဏီက မြေတူးနေသူ အလုပ်သမားလေးများထဲမှာ မြန်မာ၊ အိန္ဒိယ နှင့် ဘင်္ဂလားတို့ပါ၍ ကျန်သူများက အိန္ဒိယလူမျိုးတစ်ယောက်ကို သွားပြောခိုင်းသည်။ ထိုအခါ ကျွန်တော်တို့ အလုပ်သမား အိန္ဒိယလေးမှာ စက်မောင်းသူနှင့် လမ်းပြသူဆီသွားကာ သူတို့ဘာသာ စကားနှင့် လွှတ်ပါတော့သည်။

ခဏနေတော့ ခပ်လှမ်းလှမ်းကနေ သူက လက်မထောင်ပြသည်။ အိုကေ ပြီပေါ့။ ခဏလေး အတွင်းမှာ မြေတူးစက် ရောက်လာသည်။ သူတို့တူးချင်သည့် နေရာကို မေးသည်။ ပြလိုက်၏။ ငါးမိနစ်ပင် မကြာလိုက်။ ပြီးသွားသည်။

မြေတူးစက် ပြန်လှည့်မည်လုပ်တော့ လမ်းပြသူက ကျွန်တော်တို့ဆီက အလုပ်သမားလေးတွေဆီကို ကပ်ပြီး တစ်ခုခုပြောသည်။ ကျွန်တော်ဘာမျှမပြော။ စောင့်ကြည့်နေစဉ်မှာ မြန်မာအလုပ်သမားလေး တစ်ယောက်က ကွမ်းယာတစ်ယာ ထုတ်ပေးတာတွေ့သည်။ ကျေးဇူးတွေတင်ပြီး ပြုံးပြုံး ပြုံးပြုံးဖြင့် ထွက်သွားတော့၏။ လက်စသတ်တော့ သူက ကွမ်းယာစားချင်၍ လာတောင်းတာကိုး။

သဘောက ကျွန်တော်တို့ကို သူတို့ကူညီသည်။ သူတို့စားချင်သည်ကို ကျွန်တော်တို့ဆီက အလုပ်သမားလေးများက ပြန်ကျွေးသည်။ ပြီးပြီပေါ့။ ဘာ Management မျှ မပါ။ တချို့ကြီးကြပ်ရေးမှူးများဆို သူတို့ မပြီးနိုင်ဘူးထင်ထားသော အလုပ်များကို အလုပ်သမားများက သူတို့နည်း သူတို့ဟန်ဖြင့် ဖြေရှင်း လိုက်သည့်အခါ ခဏလေးနှင့် ပြီးသွားသည်ကိုပင် ကြုံရ၍ မယုံနိုင်ကြ။ သူတို့မသိလိုက်သော ပေါင်းသင်း ဆက်ဆံရေးမျိုးဖြင့် အလုပ်သမားများက အလုပ်ကို ပြီးအောင် လုပ်သွားခြင်းပင်။ ထိုအခါ အလုပ်သမားလေးများလည်း နားချိန်ပိုရသည်လေ။

ရံဖန်ရံခါတော့ တခြားကုမ္ပဏီက လာ၍ အကူအညီတောင်းသောကြောင့် ကူလိုက်ရတာလည်း ရှိသည်။ သူတို့ကလည်း ကျေးဇူးများ တင်လို့။ သည်တော့ သူတို့အလုပ်လည်း ပြီးသည်။ ကိုယ်လိုအပ်လျှင်လည်း သူတို့က ပြန်၍ကူညီကြသည်။ ဘာ Management မျှမပါ။

သည်လိုဆိုတော့ ကျွန်တော်တို့သူဋ္ဌေး ဒေါကန်နေသလို ကိုယ့်ပစ္စည်းငှား၍၊ သူ့ပစ္စည်းငှား၍ ဆိုတာမျိုး လုပ်ကွက်ထဲ သွားလုပ်နေလျှင် အလုပ်များက တော်တော်နှင့် ပြီးဖို့မမြင်။ ပြီးဦးတော့။ လူပင်ပန်း၊ အချိန်ကုန်၍ ပြီးခြင်းမျိုး ပြီးသွားနိုင်သည်။

ကျွန်တော်တို့ဆီက အလုပ်သမားများကတော့ သူတို့ချင်း အဆင်ပြေသလို လုပ်နေသည်က ပို၍ မြန်ဆန် သွက်လက်တတ်ရာ သူဋ္ဌေးကသော်လည်းကောင်း၊ Management ကသော်လည်းကောင်း ဆရာကြီး လာလုပ်လျှင် မလွှဲသာ၍ လုပ်ချင်ဆက်လုပ်ပေလိမ့်မည်။ အလုပ်နှောင့်နှေးသွားတတ်သည်ကို ကျွန်တော် သတိထားမိသည်။ လူပင်ပန်း၊ အချိန်ကုန်သည်ကို သူတို့လည်း သိနှင့်နေသည် မဟုတ်လား။

သည်တော့ လုပ်ကွက်များထဲမှာ အလုပ်သမားများ အဆင်ပြေသလို လုပ်နေလျှင် Management ၀င်လာကြည့်ပါက ကျန်သူများတော့ မသိ။ ကျွန်တော်တို့ဆီက အလုပ်သမားလေးများကတော့ ရှုံ့မဲ့ပြီး ဆောရီးဟုသာ ဆိုကြပေလိမ့်မည်။ သူတို့သာ ပြောခွင့်ရှိ၍ ပြောနိုင်မည်ဆိုလျှင် လာမပြောနဲ့ Management ဟု ဆိုလေမည်လားမသိ။ ။

ဆူးသစ်
၂၄.၁၁.၂၀၁၁
၂၀:၁၃ နာရီ

3 comments:

PhyoPhyo said...

ုလက်တွေ့အသုံးချ၊ လုပ်ငန်းတွင်ကျယ် management ကိုဖယ်လား :)

ဆူးသစ် said...

Management ကို ဖယ်တာမဟုတ်ပါဘူးမဖြိုး။ တစ်ခါတစ်ခါမှာ အလုပ်သမားတွေဘက်မကြည့်ဘဲ မျက်စိမှိတ် စွတ်ရွတ်အော်နေတဲ့ Management ဆိုတာ ထိရောက်မှုမရှိဘူးလို့ ပြောချင်တာပါ။

Han Kyi said...

လင့်ချိတ်မထားမိတာကြောင့် ဖတ်ချင်တဲ့အခါ ပြန်ပြန်ရှာနေရတယ် ကိုဆူးသစ်ရေ...အခုတော့ တစ်ခါတည်း လင့်ခ်ချိတ်ထားလိုက်ပြီ...စီမံခန့်ခွဲရေးနဲ့ပတ်သက်လို့ ပြောကြရရင်တော့ ကျွန်တော်တို့လူမျိုးနဲ့ အနောက်တိုင်း နည်းစနစ်နဲ့က သိပ်ပြီးတော့ သဟဇာတ မဖြစ်ဘူးလို့ပဲ ဆိုရမယ်ထင်ရဲ့...ကိုယ့်လူမျိုးမှာက အပြန်အလှန်ကျေးဇူးဆပ်တာတို့ နားလည်မှုပေးတာတို့နဲ့ စခမ်းသွားကြတာ များတာကိုး...

Related Posts Plugin for WordPress, Blogger...