Sunday, January 29, 2012

" ကျွန်တော်တို့ အလုပ်ထဲမှာ "

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကျွန်တော်ဘူကုန်းကျွန်းမှာ ပရောဂျက်တစ်ခု လုပ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက မလေး တရုတ် ကြီးကြပ်ရေးမှူး တစ်ယောက်နဲ့ မြန်မာ တရုတ်ကြီးကြပ်ရေးမှူး တစ်ယောက်တို့ရှိပြီး သူတို့ဟာ အလုပ်ထဲမှာ တည့်မလိုလိုနဲ့ လုံးဝ မတည့် ကြပါဘူး။ ကျွန်တော်က တခြားပရောဂျက်မှာ လုပ်နေရာကနေ လူလိုလို့ ခဏ သွားလုပ်ပေးတာပါ။ အဲဒီတော့ သူတို့အကြောင်းကို လုံးဝသိမထားပါဘူး။

ဒါပေမဲ့ ကျွန်တော်အလုပ်လုပ်နေရင်း တစ်ပတ်နှစ်ပတ်လောက်လည်း ကြာရော သူတို့တစ်တွေရဲ့ ကျိတ်ပြီးခုတ်နေတာတွေ မြင်လာရပါရော။ ဥပမာ- မြန်မာတရုတ်ကြီးကြပ်ရေးမှူးက ပြောပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီဟာ အဲဒီဘူကုန်းကျွန်းမှာ တစ်ခါမျှ မလုပ်ခဲ့ဖူးပါဘူးတဲ့။ သူက အရင်က လေးငါးနှစ်လောက် အဲဒီဘူကုန်းကျွန်းမှာ တခြားကုမ္ပဏီနဲ့ လုပ်လာခဲ့တာပါ။ အဲဒါကို သူသိတယ်ဆိုတဲ့ ပုံစံနဲ့ အလုပ်သမားတွေကို မနက်မိုးလင်း အလုပ်ထဲမ၀င်ခင် ပြောတဲ့ အစည်းအဝေးမှာ ထည့်ပြောပါတယ်။ သူဆိုလိုချင်တာကို ကျွန်တော်ရိပ်မိပါတယ်။ အဓိက သူပြောချင်တာက ဒီကျွန်းနဲ့ အံမ၀င်သေးဘူး။ ကျွန်တော်တို့ အလုပ်သမားလေးတွေ စည်းမျဉ်းစည်းကမ်းတွေ မရင်းနှီးသေးဘူး။ ဒီတော့ ဂရုစိုက်လုပ်သင့်တယ်ပေါ့။

ဒီမှာပဲ မလေးတရုတ်ကြီးကြပ်ရေးမှူးက သူပြောရမယ့် အလှည့်လည်း ရောက်ရော ထပြီးအော်ကြီး ဟစ်ကျယ်တွေ ပြောပါလေရော။ ဒီကုမ္ပဏီက ဒီကျွန်းမှာ မလုပ်ဖူးသေးဘူးလို့ ဘယ်သူပြောလဲတဲ့။ အမှန်က ပြောတဲ့သူက သူ့ဘေးနားမှာ။ အလုပ်သမားတွေကို ဘေးကင်းရေး၊ အလုပ်ကိစ္စစတာတွေ မှာတဲ့ အစည်းအဝေးမှာ မန်နေဂျာ၊ ကြီးကြပ်ရေးမှူးတွေက အလုပ်သမားတွေရှေ့မှာ ရပ်ပြီးပြောရတာ။ အားလုံးက ဘေးတိုက်ယှဉ်ပြီး ရပ်နေတာလေ။ ဒီတော့ တစ်ယောက်ပြောပြီးရင် တစ်ယောက်ကဘေးမှာ ရပ်ပြီးနားထောင်နေတာ။ အဲဒီနေ့က ကျွန်တော်က စောစောပြောပြီး ပြီးသွားတော့ သူတို့ကို ကြည့်ရင်း ပရိသတ်ဖြစ်နေတာ။

အဲဒီမလေးတရုတ်က ဆက်ပြောတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဘူကုန်းမှာ ငါတို့လုပ်ဖူးတယ်။ မသိရင် လျှောက်မပြောနဲ့တဲ့။ မြန်မာတရုတ်လည်း ဘာမျှမပြောတော့ပါဘူး။ ဒီတော့ ကျွန်တော်လည်း သူတို့နှစ်ယောက်ရဲ့ အနေအထားကို နည်းနည်းနားလည်သွားတယ်။

နောက်တစ်ကြိမ်ကတော့ တော်တော်သဘောကျဖို့ကောင်းပါတယ်။ အဲဒီလို မနက်ခင်းလုပ်တဲ့ အလုပ်သမားတွေနဲ့ အစည်းအဝေးမှာပါပဲ။

အဲဒီနေ့က မလေးတရုတ်ကြီးကြပ်ရေးမှူးက အရင်နေ့က ကုလား အလုပ်သမားတစ်ယောက် လုပ်တာ ဘေး မကင်းလို့ ပစ္စည်းတွေနဲ့ ကျကျနန ရှင်းပြနေပါတယ်။ တကယ်တော့ အဲဒီအလုပ်သမားဟာ မြန်မာတရုတ် ကြီးကြပ်ရေးမှူးလက်အောက်က အလုပ်သမားပါ။ အဲဒီအလုပ်သမားဟာ Drill Machine နဲ့ အပေါက်ဖောက်တဲ့ အခါ သူဖောက်ချင်တဲ့ ပစ္စည်းကို ခြေထောက်နဲ့နင်းပြီး ဖောက်လို့ မလေးတရုတ်ကြီးကြပ်ရေးမှူးက တွေ့ပြီး Drill က ချော်ပြီး မတော်တဆ ခြေထောက်ကို ထိုးမိမှာစိုးလို့ အရင်နေ့ကတည်းက ရှင်းပြခဲ့တာပါ။ နောက်နေ့ကျတော့ သူက အလုပ်သမားအားလုံးသိသင့်တယ်ဆိုပြီး အလုပ်မလုပ်ခင် အစည်းအဝေးမှာ ရှင်းနေတာပါ။ သူရှင်းတာ ပစ္စည်းနမူနာပါ ပြပြီးရှင်းနေတာပါ။ Drill တော့မပါပါဘူး။

အဲဒီအချိန်မှာ မြန်မာတရုတ်ကြီးကြပ်ရေးမှူး ရောက်လာပါတယ်။ သူက ပါမစ်လျှောက်သူဖြစ်လို့ ပါမစ်သွားယူပြီး ပြန်လာတာပါ။ ဒီတော့ ရှေ့ကဘာတွေ ပြောနေမှန်း သူမသိပါဘူး။ ဒါပေမဲ့ ဒီလူက လူရိပ်လူကဲ သိပ်မသိပါဘူး။ သူက ရောက်လာပြီး အလုပ်သမားတွေ ရှေ့မှာ စကားပြောနေတဲ့ မလေးတရုတ်ကိုလည်း မြင်တယ်။ ပြီးတော့ အဲဒီလူနဲ့ အလုပ်သမားတွေကြားက ကွက်လပ်မှာ ချထားတဲ့ ပစ္စည်းတချို့လည်း မြင်တယ်။ ဒီတော့ သူ့စိတ်ထဲ ဘာထင်လဲမသိပါဘူး။ အားလုံးရဲ့ရှေ့ကို ခပ်တည်တည်ပဲ ထွက်လာပြီး အဲဒီချထားတဲ့ ပစ္စည်းတွေကို ခြေထောက်နဲ့ အလုပ်သမားတွေ လွတ်ရာဘက်ကို ကန်ထုတ်ပြီး မတ်တတ်ရပ်နေပါတယ်။ ကျွန်တော်လည်း တွေးပါတယ်။ သူကတော့ သူ့ဘာသာ လူလယ်ခေါင် ပစ္စည်းတွေရှုပ်နေတယ်လို့ ထင်ပြီး လုပ်တာနေပါလိမ့်မယ်။

စဉ်းစားသာကြည့်ပါတော့။ အဲဒီပစ္စည်းတွေ ချပြီး ရှင်းပြနေတာက သူနဲ့မတည့်တဲ့ ကြီးကြပ်ရေးမှူး။ အဲဒီအလုပ်ကို လုပ်ခဲ့တာက သူခိုင်းတဲ့ အလုပ်သမား။ အဲဒီပစ္စည်းတွေကို ကန်ထုတ်တာက သူ။ တကယ်ဆို သူက ကျွန်တော်နဲ့ တခြားတစ်ယောက်ယောက်ကို မေးသင့်တာပါ။ သူက မေးလည်းမမေး၊ အပြင်က ၀င်ဝင်လာချင်း ကောက်ခါ ငင်ခါ လုပ်ချလိုက်တာက ခပ်ဝေးဝေးကို ကန်ထုတ်လိုက်တာ။ အဲဒီတော့ အားလုံးကို အစအဆုံး သိနေတဲ့ ကျွန်တော်ရယ်၊ အလုပ်သမားတွေရယ်က အဲဒါကို ကြည့်ပြီး ရယ်မိပါလေရော။

အလုပ်သမားတွေကတော့ ကျိတ်ပြီး ရယ်တာပေါ့။ သူတို့ကို မလေးတရုတ်က ရှင်းနေတုန်းရှိသေးတော့ ခပ်ဟဟတောင် မရယ်ရဲကြဘူး။ ကျွန်တော်ကတော့ ရှေ့မှာရပ်နေတဲ့ Safety Supervisor ဆိုတော့ ဟိုဘက်လှည့်ပြီး အားရပါးရ ရယ်တာပေါ့။ ကျွန်တော်ရယ်တာတွေ့တော့ အလုပ်သမားတချို့လည်း ထိန်းမရတော့ပါဘူး။ ဒါကို အဲဒီမြန်မာတရုတ် ကြီးကြပ်ရေးမှူးက သိပုံမရပါဘူး။ အဲဒီလောက်အထိ လူကဲခတ်က တော်ချက်။

အဲဒီမှာ မလေးတရုတ်က နည်းနည်းတော့ တင်းသွားတယ်ထင်ပါတယ်။ ဒါပေမဲ့ မန်နေဂျာတွေကလည်း ရှိနေ၊ ကျွန်တော်လည်း ရှိနေတော့ သူ့ခမျာ ဟိုလူကို တင်းတင်းနဲ့ပဲ ပြောသင့်တာကို ခပ်တည်တည်နဲ့ ဆက်ပြောရင်း ရပ်လိုက်ရတော့တယ်။ အဲဒီ အစည်းအဝေးပြီးတော့ ကျွန်တော်နဲ့ အလုပ်သမားတွေ အဲဒီအကြောင်းကို ပြောပြောပြီး ရယ်မိကြတာ။ ဒီတုန်းက လူတစ်ယောက်နဲ့ တစ်ယောက်မတည့်ရင် သူများရယ်စရာဖြစ်သလို ကြည့်လို့ မကောင်းဘူးဆိုတာကို ကျွန်တော်နားလည်ခဲ့ပါတယ်။

တကယ်တော့ ကျွန်တော်တို့က နိုင်ငံပေါင်းစုံက လာတာဆိုတော့ လူပေါင်းစုံပါပဲ။ ကျွန်တော်ပြောတဲ့ မြန်မာ တရုတ် ဆိုတာ အဓိပ္ပါယ်က ဒီလိုပါ။ အဲဒီလူက မြန်မာပြည်နဲ့ တရုတ်နယ်စပ်မှာ နေတယ်။ လူကလည်း တရုတ်စပ်တယ်။ နောက်တော့ တရုတ်ပြည်ထဲမှာလည်း လေးငါးနှစ်လောက် အလုပ်လုပ်ဖူးတယ်ပြောတယ်။ တရုတ်စကား ကို ကောင်းကောင်းပြောတတ်တယ်။ မြန်မာစကားကို ရေလည်အောင် မပြောတတ်ဘူး။ ဒါကြောင့် မြန်မာပြည်ထဲက တရုတ်မို့ မြန်မာတရုတ်လို့ ပြောတာပါ။

ဟိုလူကတော့ မလေးရှားကလူ။ တရုတ်ပဲ။ ဒါကြောင့် သူ့ကိုတော့ မလေးတရုတ်လို့ ပြောတာ။ ဘယ်သူဘာပဲ ဖြစ်ဖြစ် ကျွန်တော်တို့က အလုပ်အတူတူ လုပ်နေကြတာဆိုတော့ အားလုံးတည့်အောင် နေကြတာ အကောင်းဆုံးလို့ ထင်ပါတယ်။ ဒါပေမဲ့ပေါ့ဗျာ။ အဲဒီလို တည့်နေရင် လူဘယ်ပီသပါတော့မလဲ။

ပြီးခဲ့တဲ့နှစ်ထဲမှာ ဘူကုန်းမှာ နောက်ပရောဂျက်တစ်ခု ထပ်ရလို့ ကျွန်တော်တို့ ရောက်ခဲ့ရပြန်ပါတယ်။ ဒီတစ်ခါတော့ မလေးတရုတ်က ထွက်သွားပါပြီ။ မြန်မာတရုတ်နဲ့ မြန်မာစစ်စစ် ကျွန်တော်နဲ့ ကျန်ခဲ့ပါတယ်။ ကျန်တာက တရုတ်မန်နေဂျာနဲ့ တရုတ်အင်ဂျင်နီယာ ချည်းပါပဲ။ သူတို့ကတော့ ပြည်ကြီး တရုတ်တွေပါ။ ပြောရရင် ကျွန်တော်တို့ရဲ့ မြန်မာတရုတ်နဲ့တော့ တော်တော် အဆင်ပြေပါတယ်။ ကျွန်တော်ကလည်း နဂိုကတည်းက သူနဲ့ ခင်မင်ထားတာရယ်၊ ကိုယ့်ပြည်ထဲက မြန်မာတစ်ယောက်က တရုတ်များတဲ့ အလုပ်ထဲမှာ တရုတ်လို ကောင်းကောင်းပြောတတ်တာရယ်ကြောင့် သူရှိနေတာ နည်းနည်းတော့ အဆင်ပြေမယ်လို့ ထင်မိပါတယ်။

ဒါပေမဲ့ပေါ့ဗျာ။ စောစောက ကျွန်တော်ပြောခဲ့သလိုပါပဲ။ လူတွေ ဆိုတော့ အားလုံးဟာ တည့်ချင်မှတည့်မှာကိုး။ ဒီတစ်ခါကတော့ တခြားသူနဲ့ မဟုတ်တော့ပါဘူး။ ကျွန်တော်နဲ့ပါ။

ဖြစ်ပုံက ဒီလိုပါ။ နေ့လယ်ဆို ကျွန်တော်က ရုံးမှာ အီးမေးလ်တွေပြန်စစ်ရင်း ထမင်းစားပြီး ခဏမှေးပါတယ်။ ခုံပေါ်မှာ မှီပြီး ငိုက်တာမို့ အိပ်တယ်လို့ မသုံးတာပါ။ နေ့တိုင်း ကျွန်တော် နေ့လယ်ဆို ရုံးကိုပြန်ပါတယ်။ အလုပ်သမားတွေက လုပ်ကွက်ထဲက နားနေဆောင်တွေမှာ ထမင်းစားပြီး အိပ်ပါတယ်။

တစ်ရက်ကျတော့ ကျွန်တော်တို့လုပ်ကွက်ထဲက Emergency Alarm ကထမြည်ပါတယ်။ ကျွန်တော်က ထမင်းစားဖို့ လုပ်ကွက်ကနေ ရုံးကို ပြန်ရောက်နေပါပြီ။ ကျွန်တော့်ရဲ့ စကားပြောစက်ကို Main Contractor Safety ဆီက သတင်းက ၀င်နေပါတယ်။ Gas leakage ဖြစ်လို့ အလုပ်သမားတွေကို လွတ်ရာခေါ်သွားဖို့ပါ။ ပြီးရင် လုပ်ကွက်ထဲက Emergency Protocol အတိုင်း ဆက်လုပ်ဖို့ပါ။

အဲဒီအချိန် ကျွန်တော်က ရုံးမှာပြန်ရောက်နေတော့ သူတို့ပြောသလို လုပ်ဖို့အတွက်က တော်တော်ခက်ပါတယ်။ အမှန်က ကျွန်တော့်လို Safety နောက်တစ်ယောက်ရှိရင် တစ်ယောက်က လုပ်ကွက်ထဲမှာ အိပ်ရင် ဒီပြဿနာက အဆင်ပြေမှာပါ။ ဒါပေမဲ့ လူနည်းနေသေးလို့ ကျွန်တော်တစ်ယောက်ပဲ ထားသေးတဲ့ ကုမ္ပဏီမှာ အားလုံးဖြစ်လာရင် ကျွန်တော်ပဲဆိုတော့ ကျွန်တော့် ပရောဂျက် မန်နေဂျာနဲ့ အင်ဂျင်နီယာက ဘာဖြစ်လဲမေးရင်း စိတ်ပူနေကြပါတယ်။ ကျွန်တော့် စကားပြောစက်က ရုံးမှာပါ ဆက်ဖွင့်ထားရတာကိုး။ ဒီတော့ သူတို့လည်း ကြားနေရပါတယ်။

သူတို့ စိတ်မပူရင် ခံနိုင်ရိုးလား။ လုပ်ကွက်က Live Plant လို့ခေါ်တဲ့ လက်ရှိ လုပ်ငန်းလည်နေတဲ့ နေရာနဲ့ ကပ်လျက်။ ပြီးတော့ ဖြစ်ချင်တော့ အဲဒီနေ့က နားနေဆောင်မှာ ကျန်ခဲ့တာ တကယ့်အလုပ်သမားချည်းပဲ။ ကြီးကြပ်ရေးမှူးအဆင့်တွေက နေ့လယ်မှာ ကျွန်တော်တို့ကုမ္ပဏီရဲ့ အစည်းအဝေးအတွက် ပြန်လာခဲ့ကြပြီ။ အရင်ကဆိုရင်တော့ ကြီးကြပ်ရေးမှူးဖြစ်လာမယ့် အလုပ်သမား ဖိုမင်လေးတစ်ယောက်ရှိတော့ တော်သေးတယ်။ သူက Emergency Protocol ကို ကျွန်တော်ရှင်းပြထားတော့ နားလည်တယ်။ နားနေဆောင်မှာ ကျန်တဲ့သူတွေထဲမှာ ဖိုမင်တစ်ယောက်လည်း နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်အပါအ၀င် အားလုံးက စိတ်ပူနေကြတာပါ။ တစ်ခုခု ဖြစ်မှာစိုးလို့ပါ။

ဒါနဲ့ ကျွန်တော့်ကို ပရောဂျက်မန်နေဂျာနဲ့ အင်ဂျင်နီယာက လုပ်ကွက်ထဲ အမြန်သွားဖို့ ပြောပါတယ်။ ကားကိုတော့ ခုန ကျွန်တော်ပြောတဲ့ မြန်မာတရုတ်က မောင်းဖို့ အင်ဂျင်နီယာလေးက သွားပြောပါတယ်။ အဲဒီအထိ အဆင်ပြေပါတယ်။ ဒါနဲ့လုပ်ကွက်ထဲရောက်တော့ ကျွန်တော့်အလုပ်သမားလေးတွေကို ကျွန်တော် လူရေပါတယ်။ ကျွန်တော်ရောက်တဲ့အချိန်မှာ အခြေအနေက ကောင်းနေပါပြီ။ သူတို့လည်း ဘေးလွတ် ရာကို ရောက်နေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်း လုပ်ထုံးလုပ်နည်းအရ Main Contractor Safety ကို သတင်းပို့ရပါတယ်။

ဒါနဲ့ ကျွန်တော်သတင်းပို့ပါတယ်။ ပြီးတော့ အားလုံးအေးဆေးပြီ ဆိုမှ ရုံးမှာ ထမင်းစားပြီး အစည်းအဝေးတက်ဖို့ သူ့ကားနဲ့ပြန်ဖို့ ကားပေါ်ပြန်တက်ပါတယ်။ အဲဒီမှာ စဖောက်တော့တာပါပဲ။ သူက ပြီးပြီလားတဲ့။ ပြီးပြီဆိုတော့ ဒါဆို ဘာလုပ်ဖို့ ဒီကိုလာတာလဲတဲ့။ ကျွန်တော့်ကို ဒေါကန်ပြီးမေးတာပါ။ ကျွန်တော်လည်း စိတ်ထဲက ထောင်းခနဲ ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲလို့။

သူပြောတာက သတင်းလာပို့တာ အတွက်နဲ့ဆို ဒီကို မလာဘဲ ရုံးကနေ ပို့လို့မရဘူးလားတဲ့။ လွယ်လိုက်တာ။ ကျွန်တော် တွေးတာက ကိုယ်တကယ်လိုအပ်လို့ လုပ်ကွက်ထဲလာတာတောင် မြန်မာချင်းကို မကူညီချင်ဘူး ဆိုတာပါပဲ။ ကျွန်တော် သူ့အကြောင်းကို သိပါတယ်။ ကားကို တစ်ခေါက်ကနေ နှစ်ခေါက်ဖြစ်လာရင် သူမမောင်းချင်တော့ပါဘူး။ အရင်က တခြားလူတွေ အကူအညီတောင်းရင် အဲဒီလို သူပြောဖူးပါတယ်။ ကုမ္ပဏီကား၊ ကုမ္ပဏီက ဆီနဲ့ မောင်းရတာကို သူခဏမောင်းပို့ရတာကို အလုပ်ပိုလို့ သူထင်ပုံရပါတယ်။ သူ့အနေနဲ့တော့ သူဟာ ကြီးကြပ်ရေးမှူး တစ်ယောက် ဖြစ်လို့ ဒရိုင်ဘာလို မမောင်းနိုင်ဘူးလို့ ထင်ပုံရပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ဒရိုင်ဘာမရောက်သေးတာရယ်၊ ကားက တစ်စီးပဲ ရှိသေးတာရယ်ကြောင့် အရေးအကြောင်းဆို သူ့ကားကိုပဲ အားကိုးနေရတာပါ။ ဒီတော့ ကျွန်တော်က သူ့ကို ရှင်းပြပါတယ်။ ကျွန်တော်က အလုပ်သမားဘယ်နှစ်ယောက် ဘေးကင်းရာရောက်ပါပြီ ဆိုတာ ဘယ်သူ့ကို လှမ်းမေးရ မလဲလို့။ သူပြောတာ လွယ်ပါတယ်။ တခြား ကုမ္ပဏီက ကျွန်တော့်လို ဘေးကင်းရေး ၀န်ထမ်းတွေ လှမ်းမေးပေါ့တဲ့။ သူတို့တောင် ကိုယ့်လူကိုယ် ရေလို့မလွယ်နိုင်တာ သူများကုမ္ပဏီက လူကို လိုက်ပြီး ရေနိုင်ပါ့မလားလို့။ သူတိတ်သွားပါတယ်။

ပြီးတော့ တစ်လမ်းလုံး ပွစိပွစိနဲ့ ကျွန်တော်က Communication မလုပ်တတ်သေးဘူး။ ဘယ်လို ဆက်သွယ်ရမယ်ဆိုတာ မသိဘူး၊ ဘာညာနဲ့ လုပ်နေပါတယ်။ ကျွန်တော်ထပ်မေးပါတယ်။ ဒါဆို ကျွန်တော် ဘယ်လို ဆက်သွယ်ရမလဲ ပြောဆိုတော့ ပြန်ငြိမ်သွားပါတယ်။

ဒါနဲ့ မပြီးသေးပါဘူး။ သူက ရုံးကို ရောက်ရောက်ချင်း ကျွန်တော်တို့ ပရောဂျက်မန်နေဂျာကို တရုတ်လိုသွားပြီး ပြောပါတယ်။ ကျွန်တော်တရုတ်လို နားမလည်ပါဘူး။ ဒါပေမဲ့ သူပြောတာကို ကျွန်တော်သဘောပေါက်တာက ကျွန်တော်က နားမလည်ဘဲ တစ်ခေါက်သွားလို့ ဘာမျှမထူးဘဲ ပြန်လာခဲ့ ရတယ် ဆိုတာမျိုးပါ။ သူလမ်းမှာ ကျွန်တော့်ကို ပြောခဲ့သလို ကျွန်တော်က Communication ကောင်းကောင်း မလုပ်တတ်သေးဘူးဆိုတဲ့ သဘောပါ။ အဲဒါကတော့ ကျွန်တော့်အလုပ်နဲ့ ကျင့်ဝတ်ကို စော်ကားရာ ရောက်သွား ပါပြီ။ ကျွန်တော့်ဒေါသက ထောင်းခနဲထွက်သွားပါတယ်။

အဓိကက သူပြောတာကို ဒေါသထွက်တယ် ဆိုတာထက် မြန်မာတရုတ်တစ်ယောက်က ကျွန်တော်နဲ့ ပတ်သက်တဲ့ ကိစ္စတစ်ခုကို ကျွန်တော့် ပရောဂျက်မန်နေဂျာကို ပြောတာ ကျွန်တော့်ရှေ့မှာ အင်္ဂလိပ်လို မပြောဘဲ တရုတ်လို ပြောတာကိုပါ။ ဒါနဲ့ ကျွန်တော်အားလုံးရဲ့ ရှေ့မှာ သူ့ကို အင်္ဂလိပ်လိုပဲ ထပ်မေးပါတယ်။ ငါဘယ်သူ့ကို ဒီနေရာကနေ ဆက်သွယ်ရမလဲလို့။ ဆက်သွယ်ဖို့ လူမရှိဘဲ ငါ့အလုပ်သမားတွေ ဘေးကင်းပြီ ဆိုပြီး သတင်းဘယ်လိုပို့မလဲလို့။ သူထပ်ပြီး ငြိမ်သွားပါတယ်။

ကျွန်တော့် ပရောဂျက်မန်နေဂျာက ကျွန်တော့်ကို လှမ်းကြည့်ပါတယ်။ ကျွန်တော့်စိတ်ကို နည်းနည်းလျှော့လိုက် ရတယ်။ ဖြစ်ချင်ရာဖြစ် ဆိုပြီး ကျွန်တော် ထပ်ပြောတော့မှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာပြည်ထဲမှာနေတဲ့ တရုတ်စပ် မြန်မာတစ်ယောက်က စလုံးရောက်မှ ပြည်ကြီးတရုတ်တွေနဲ့ တွဲလုပ်ပြီး ပြည်ကြီးတရုတ်ကို ဖားသလိုလုပ်ပြီး မြန်မာစစ်စစ် ကျွန်တော့်ကို အချွန်နဲ့မတာမျိုးကို ကျွန်တော် လုံးဝ မခံစားနိုင်လို့ပါ။

ဒီလိုနဲ့ ကျွန်တော်အဲဒီနေ့က စပြီး အလုပ်ကိစ္စကလွဲရင် အဲဒီလူကို စကားကို မပြောတော့ပါဘူး။ သူ့ကားကိုလည်း လုံးဝမစီးတော့ပါဘူး။ ကျွန်တော်တို့လုပ်ကွက်ထဲသွားတဲ့ ဘတ်စ်ကားတွေပဲ ကျွန်တော် စီးပါတယ်။ သူမေးရင် အလုပ်ကိစ္စဆို ကျွန်တော်ရှင်းပြတယ်။ ဒီလောက်ပါပဲ။ ဒီထက်မပိုတော့ပါဘူး။ ကျွန်တော့်စိတ်ထဲမှာ သူ့ကို မြန်မာတစ်ယောက်လိုကို ယုံကြည်လို့ မရတော့တာပါ။ နေ့လယ်လည်း လုပ်ကွက်က နားနေဆောင်မှာ အလုပ်သမားတွေနဲ့ ရောပြီးအိပ်ပါတယ်။ ရုံးက မေးလ်ကိုတော့ အင်ဂျင်နီယာတွေကပဲ စစ်ပေးပါတယ်။ မေးလ်အားလုံးက ကျွန်တော့်ကိုယ်ရေးကိုယ်တာ မပါဘဲ အလုပ်ကိစ္စချည်းမို့ သူတို့စစ်ပြီး တော်တော်အရေးကြီးရင် ကျွန်တော့်ကို လှမ်းအကြောင်းကြားခိုင်းပါတယ်။ ကျွန်တော့်အတွက်တော့ ဒီလိုလူတွေ ရှိနေရင် ဒီလိုဖြတ်သန်းရတာ ပိုကောင်းတယ်လို့ ထင်ပါတယ်။

နောက်တော့ ပြန်စဉ်းစားပါတယ်။ ကျွန်တော်တို့ ရာဇ၀င်ထဲမှာ အရင် အင်္ဂလိပ်ခေတ်တို့၊ ဂျပန်ခေတ်တို့တုန်းက အလိုတော်ရိတို့၊ သစ္စာဖောက်တို့ ရှိခဲ့တယ်ဆိုတာကိုပါ။ ဟုတ်မှာပါပဲလို့။ တချို့လူတွေက ကိုယ်နေရာရဖို့ဆို ဘာပဲဖြစ်ဖြစ် လုပ်မှာပဲဆိုတာ ကျွန်တော့်အတွက် ဒီကိစ္စက ပိုသေချာသွားစေပါတယ်။

ကျွန်တော့်သဘောကတော့ အရင်က အလုပ်ထဲမှာ လုပ်ခဲ့သလို ပျော်ပျော်ရွှင်ရွှင်နဲ့နေချင်၊ ပြောချင်၊ လုပ်ချင်၊ စားချင်တာပါ။ ဒါပေမဲ့ မရနိုင်တော့ဘူးပေါ့။ လူတစ်ယောက် သဘောဘယ်လောက် ကောင်းကောင်း ကိုယ့်အကျိုးစီးပွား ပျက်လောက်အောက်တော့ ကျွန်တော်မကောင်းနိုင်တာတော့ အသေအချာပါ။

ဘာပဲဖြစ်ဖြစ် ဒီဖြစ်စဉ်လေးတွေဟာ ကျွန်တော်တို့ အလုပ်ထဲမှာ တကယ်ဖြစ်ခဲ့တာလေးတွေပါ။ ကျွန်တော့်အတွက်တော့ ဆင်ခြင်စရာတွေ ရနေမိပါတယ်လို့ ပြောချင်တာပါပဲ။ ။

ဆူးသစ်
၁၄:၃၂ နာရီ
၂၉.၁.၂၀၁၂


8 comments:

mstint said...

လူအမျိုးမျိုးစိတ်အထွေထွေဆိုသလိုပေါ့ ဆူးသစ်ရေ။
ဘယ်လိုအခက်အခဲမျိုးကြုံကြုံတွေ့ကြုံရသမျှစိတ်ရှုပ်စရာ
အားလုံးကိုအလုပ်ကနေအိမ်ပြန်တာနဲ့မေ့နိုင်အောင်
ကြိုးစားစေချင်တယ်။ နောက်တစ်နေ့ အလုပ်ထဲကို
ပြန်ရောက်ရင်လည်းဖြစ်ပျက်ခဲ့တဲ့စိတ်ညစ်စရာကြောင့်
လန်းဆန်းနေတဲ့ကိုယ့်ရဲ့စိတ်ကိုမညှိုးနွမ်းစေချင်ဘူး။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စံပယ်ချို said...

ဘယ်နေရာမှာမဆိုဒါမျိုးလေးတွေရှိတတ်ပါတယ်
လူတစ်မျိုးစိတ်တစ်မျိုးပါပဲအကိုရေ
သူငယ်ချင်းကောင်းမိတ်ဆွေကောင်းတွေနဲ့ တွေ့ရပါစေ
ခင်မင်တဲ့ jasmine

အဖြူရောင်နတ်သမီး said...

အိမ်လေးပြန်ပြင်ပြီးသွားပြီ အကိုဆူးရေ..
လင့်ပြန်ချိတ်လိုက်ပြီနော်...

လွင်ပြင်လှိုင်းငယ် said...

ဒိလိုပါပဲ ဘယ်နေရာမှာဖြစ်ဖြစ် ရှိတတ်ပါတယ်
ဘော်ဘော်ကောင်းလေးတွေရပါစေ

Candy said...

ငါ့အစ်ကိုပေါက်ကွဲလည်း ပေါက်ကွဲချင်စရာပါ..
မြန်မာအချင်းချင်း အလိုအလုပ်ခံရတာ တော်တော် ခံပြင်းဖို့ ကောင်းတယ် >.<

Angelhlaing(May everybody be happy and healthy! said...

သြော် လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတော့လည်း ပြုံးရပါတယ်အကိုရေ...:):)

Unknown said...

လူအမျိုးမျိုး စိတ်အထွေထွေပေါ့ အကိုရာ..
ဟူးးးး ခက်တယ်နော်။

Han Kyi said...

မြန်မာပြည် ကျွန်သက်ရှည်ခဲ့ရခြင်း အကြောင်းရင်းတွေထဲမှာ အဲဒီလို သခင်အားရ ကျွန်ပါးဝ လုပ်တဲ့လူတွေရဲ့စနက်က အများဆုံးပါတာပေါ့ ကိုဆူးသစ်ရယ်...

ဘာပဲဖြစ်ဖြစ် ဒေါသို အချိန်မီ ထိန်းလိုနိုင်တာကိုတော့ ချီးကျူးပါသဗျား...ကျွန်တော်သာဆို ပိတ်ပြောမိမှာ သေချာတာပေါ့...လူသုံးယောက်ရှိနေတာကို နှစ်ယောက်နားလည်တဲ့စကားနဲ့ပဲ ပြောနေကတည်းက ဒီလူရဲ့ အဆင့်အတန်းကို မှန်းလို့ရပြီးသားပါပဲ...

အကောင်းဆုံးကတော့ မှန်တန်းပဲ ဆက်ဆံပြီး ကင်းကင်းနေပေါ့ဗျာ...

Related Posts Plugin for WordPress, Blogger...