ကမ္ဘာမြေထဲက လွတ်ထွက်လာခဲ့သူ
ဒဏ်ရာဆူပွက် ပူလောင်ချက်ပြင်းပြင်း
အဇ္ဈတ္တတွင်းက လှိုက်စားမှု
ဗဟိဒ္ဓကို ရိုက်ချိုးလိုက်ပြီလား။
အနာဂတ်ရဲ့မျက်စိနဲ့
ရှင်သန်မှုကို ကုစားကြည့်ချိန်
မိုးတိမ်တွေကို ငေးမော
လေညင်းတွေကြားမှာ အဆွေးရင့်
ဝေးလွင့်သင်္ကြန်
မနက်ဖြန် မနက်ဖြန်နဲ့ ပြီးဆုံးပြီ။
အိပ်မက်မဲ့
စိတ်ကူးနဲ့ အတွေးပျောက်
အဝေးရောက်နေသူများ
ပိတောက်တွေကြားမှာ ပြုံးနေပြီထင်ရဲ့
လူမမြင်ခဲ့တဲ့ ရင်ခုန်ခြင်း
မင်းတို့သင်္ကြန်တွင်းမှာ သေဆုံး
ငါ့နာရီသံဟာတော့
နှစ်ဆန်းတစ်ရက်ကို ငံ့လင့်တုန်းလေ။ ။
သားလတ်
၁၆.၄.၁၉၉၇
4 comments:
အေးဗျာ...ကိုယ်နဲ့ ဆိုင်သေးသလား မဆိုင်တော့ဘူးလား မသိတော့ပေမယ့် သင်္ကြန်ရောက်ရင် လွမ်းတာပဲဗျ...ကိုဆူးသစ်တို့ကတော့ ပြည်မသင်္ကြန်ကို သတိရမှာပေါ့...ကျွန်တော်တော့ ဆရာမြို့မငြိမ်းတို့ခေတ်က သင်္ကြန်ကိုပဲ သွားသွားလွမ်းမိနေတော့တယ်...
ထိုင်နေရင်းနဲ့တင် ကလေးတွေရဲ့ ဆိုင်ကယ်သံတွေ နားညည်းလိုက်တာဗျာ...အိပ်ဇောပိုက်တွေဖြုတ်ပြီး မောင်းနေကြလို့...
ကောင်းလိုက်တဲ့ ကဗျာလေး အစ်ကိုကြီးရာ။
သိပ်လွမ်းရတာပေါ့ ထိုသင်္ကြန် နဲ့လည်းဝေးနေရတာကြာပြီလေ။
ကျွန်တော်တို့ဆီမှာ ပိတောက်တွေပွင့်နေပေမယ့် ပန်သူမဲ့နေလေရဲ့အကိုရာ။
မြင်ကွင်းတွေ မသာယာခဲ့တာလည်း ကြာပါပြီ။
ကဗျာလေး ကောင်းလိုက်တာရှင်
ဖတ်ရတာနဲ့ မျက်စိထဲကို သင်္ကြန်က
ကွင်းကွင်းကွက်ကွက်ဝင်လာခဲ့တာပဲ
မင်္ဂလာနှစ်သစ် နှစ်ဆန်းတရက်နေ့ ပါ ဆရာ---
သင်ဆရာအဖြစ်ဦးချကတော့သွားပါတယ်။
ကျန်းမာပါစေ
ဂျစ်တူး(မုံရွာ)
Post a Comment