ချစ်သူ......
ကိုယ်တို့ရဲ့ အားလပ်ရက် မနက်ခင်းလေးတွေမှာ ကိုယ်တို့နှစ်ယောက် ကော်ဖီဆိုင်မှာထိုင်ဖြစ်ခဲ့ကြတယ်။ တစ်မနက်ခင်း အဲဒီလိုအချိန်မှာ ကိုယ်တို့ထိုင်နေတဲ့အနားမှာ ငှက်ကလေးတွေလည်း အစာရှာနေကြတယ်။ အဲဒီမှာပဲ ငှက်ကလေးတစ်ကောင်ဟာ သူရတဲ့အစာကို မစားဘဲ နောက်ငှက် တစ်ကောင်ကို ခေါ်ကျွေးနေတာ ကိုယ်တို့ သတိထားမိခဲ့တယ်။ အဲဒါဟာ မေတ္တာတရားလား ချစ်သူ။ ငှက်တစ်ကောင်ရဲ့ ချစ်ခြင်းလို့လည်း ဆိုလို့ရမယ်ထင်ပါရဲ့။ အဲဒီတုန်းက ကိုယ်တို့အတူတူ ငေးကြည့် ခဲ့ဖူးတယ်။ ငှက်ကလေးတွေရဲ့ ချစ်ခြင်းကိုပေါ့။
အခုနောက်ပိုင်း အားလပ်ရက်ကလေးတွေရဲ့ မနက်မှာ ကိုယ်တစ်ယောက်တည်း ကော်ဖီဆိုင်ကို သွားခဲ့တယ်။ ငှက်ကလေးတွေကတော့ အရင်လိုပါပဲ။ ချစ်သူကတော့ ဟိုးအဝေးမှာပေါ့။ ကိုယ် သတိရမိတယ်။ ဒီအချိန်ဆို သူဘာလုပ်နေမလဲ။ သူနေကောင်းရဲ့လား။ သူလုပ်စရာရှိတာတွေရော ပုံမှန်လုပ်ဖြစ်ရဲ့လား။ အဲဒီလိုအတွေးတွေ ကြီးစိုးနေခဲ့တယ်။
ငှက်ကလေးတွေကို ကြည့်ရင်း အဲဒီငှက်ကလေးတွေလို ဟိုးအဝေးကို ပျံသန်းနိုင်ခွင့်ရချင်တယ်။ ချစ်သူရှိရာ စိတ်ဆန္ဒပြင်းပြတဲ့အချိန် ထပျံပြေးနိုင်ဖို့ပေါ့။ လေပြေနဲ့အတူ လိုက်မယ်။ မိုးသည်းချင် သည်းပေါ့။ နေပူချင် ပူပေါ့။ နှင်းတွေ၊ မြူတွေ ပိတ်ချင် ပိတ်ပေါ့။ အဲဒီခရီးဝေးတွေရဲ့ အဆုံးမှာ ချစ်သူမျက်နှာကို မြင်ရမယ်လေ။ ဒီလိုယုံကြည်ရင်း ငှက်ကလေးတွေကိုပဲ ငေးနေမိခဲ့တယ်။ ဒါပေမဲ့ ကိုယ်မပြန်နိုင်ခဲ့ပါဘူး။ ငှက်ကလေးတွေလို အတောင်ပံလည်း မရခဲ့ဘူး။ အိမ်ပြန်ချင်လို့လည်း ပြန်လို့မဖြစ်နိုင်ခဲ့ဘူး။ ကိုယ်တို့ ခဏတော့ ဝေးနေ ဦးမယ်နော်။
ချစ်သူ.....
မနက်ခင်းဆိုတာ လူတွေရဲ့ အားအင်အသစ်တွေ မွေးဖွားစေနိုင်တယ်လို့ တော်တော်များများက ယုံကြည်ကြတယ်။ ကိုယ့်အတွက်ကတော့ မနက်ခင်းမှာပဲ အားအင်တွေ ဆုတ်ယုတ်နေခဲ့တယ်။ ကိုယ့်အနားမှာ မင်းမှမရှိဘဲလေ။
အိပ်ရာကနိုးလို့ လှည့်ကြည့်လိုက်ရင် ကိုယ်မြင်နေကျ မျက်နှာလေးတစ်ခုကို အခုအချိန်မှာ ကိုယ်မြင်တွေ့ခွင့် မရနိုင်ဘူး။ အိမ်မှာရှိရင် ကိုယ်ကြိုက်တဲ့ ပဲပြုတ်ထမင်းကြော်နဲ့ ကော်ဖီတစ်ခွက် အမြဲလို အဆင်သင့် ဖြစ်ခဲ့ဖူးပေမယ့် အခုတော့ ကိုယ့်အတွက် မရနိုင်ဘူး။ အိမ်ကထွက်လို့ တစ်ခုခုမေ့ကျန်ခဲ့ရင် ကိုယ်ပြန်တောင်းရမယ့်လူက အနားမှာ ရှိမနေဘူး။
ဘတ်စ်ကားမှတ်တိုင်ရောက်ရင် ကိုယ်ပို့နေကျ မက်ဆေ့ခ်ျလေးတွေ ဘယ်ကိုပို့ရမယ် ကိုယ်မသိတော့ဘူး။ ကိုယ့်အတွက် ဖုန်းလေးကိုင်ပြီး မနက်ခင်းမှာ ယောင်နနဖြစ်ခဲ့ရတဲ့ အကြိမ်တွေ များလာခဲ့ပါပြီ။ အလုပ်သွားရတဲ့နေ့တွေအတွက် လန်းဆန်းတက်ကြွမှုဆိုတာ အဝေးမှာပေါ့။ ပြီးတော့ အလုပ်သွားတော့မယ်လို့ လှမ်းနှုတ်ဆက်မယ့် ဖုန်းခေါ်သံကိုလည်း ကိုယ်မကြားနိုင်တော့ဘူး။ အဲဒီလိုနဲ့ ကိုယ့်မနက်ခင်းတွေမှာ ခြောက်သွေ့အေးစက် တိတ်ဆိတ်ငြိမ်သက်နေခဲ့တာ ကြာခဲ့ပြီပေါ့ ချစ်သူ။
ချစ်သူ.......
ကိုယ့်အတွက် ငှက်ကလေးတွေက အဖော်ပဲလား။ လေပြေညင်းက ကိုယ့်အတွက် အားပေးဖော်လား။ ကိုယ်ကိုင်ထားတဲ့ ဖုန်းတစ်လုံးက ကိုယ်တို့ရဲ့ အဖြစ်အပျက်တွေကို သတိရစေမယ့် အမှတ်တရလေးလား။ ဘာပဲဖြစ်ဖြစ်ပါ။ ဘယ်ပဲရောက်ရောက်ပါ။ ဘယ်လိုပဲနေနေပါ။ ဘယ်လောက်ပဲဝေးဝေးပါ။ ကိုယ့်အတွေးထဲမှာ ချစ်သူရှိနေပါတယ်ကွယ်။ ကိုယ့်နှလုံးသားထဲမှာ ချစ်သူကို ထာဝရချစ်နေပါတယ်ကွယ်။ ကိုယ့်အသွေးအသားထဲမှာ ချစ်သူအမြဲ စီးဆင်းနေပါတယ်ကွယ်။
လွမ်းလိုက်တာ......ချစ်သူရယ်.........။ ။

သားလတ်
၂၃: ၀၆ နာရီ
၂၃.၄.၂၀၁၂
1 comments:
နှလုံးသားကလာတဲ့စာ အားပေးသွားတယ် ဆူးသစ်ရေ။ တီတင့် စလုံးရောက်နေပြီ ပါရမီဖြည့်ဖက်လေးနဲ့အတူ ၂၈ ဧပြီလ ၂၀၁၂ (စနေနေ့) နေ့လည် ၁၂နာရီ ပန်းသေးခေါက်ဆွဲကျွေးမယ်း)
လိပ်စာက BLK 256, #04-160, Kim Keat Ave, S(310256) , From Toapayoh MRT take Bus 235. 238 Alight 3 bus stop. ဂုံးကျော်တံတားကို ဖြတ်.. Blk 27 ကိုတွေ့မယ်။ တည့်တည့်ဝင်. တိုက်အောက်ဖြတ်. ရင် ဖိုးစိန်တို့ Blk ကိုတွေ့မယ်။ ကားပေါ်ကနေဆင်းဆင်းခြင်း ဂုံးကျော်တံတားဖြတ်ရင် ဒိုင်နိုဆော အကောင်းတွေ မြင်ရင် မြင်တဲ့အတိုင်းတည့်တည့်လျှောက်. တိုက်ကိုဖြတ်လျှောက် ညာဘက် ချိုးလိုက် တွေ့ပြီ။ လာဖြစ်အောင်လာကြဖို့ ဖိတ်ခေါ်ပါတယ်နော်။ တီတင့်မှာ နှစ်ယောက်စလုံးရဲ့ ဂျီတော့အကောင့်မရှိလို့ ဒီမှာပဲ ဖိတ်ခဲ့ပြီး)
မေတ္တာဖြင့်
အန်တီတင့်
Post a Comment