Wednesday, October 10, 2012

"ကလေးများ၏ အနာဂတ်"


တလောက ကျွန်တော့်အလုပ်ထဲကနေမြန်မာပြည်က ဇနီးသည်ဆီကို ကိစ္စတစ်ခုရှိ၍ ဖုန်းခေါ်လိုက် မိသည်။ ပြောချင်တာတွေ ပြောပြီးသောအခါ ဇနီးသည်က " ပြောစရာရှိတယ်။ စိတ်မပူနဲ့နော် " ဟု ဆိုသောအခါ ကျွန်တော် နားမလည်။ ဘာများပါလိမ့်ဟု တွေးရင်း စိတ်က နည်းနည်းတော့ပူသည်။ " ပြောလေ" ဟု ဆိုသောအခါ အိမ်က ကျွန်တော့်တူလေး ဆေးရုံတင်ထားရသည် ဟုဆိုသည်။

ကျွန်တော်အံ့ဩသွားသည်။ သည်ကလေး သည်လောက်ဆော့တာ ဘာဖြစ်လို့များပါလိမ့်ဟု စိတ်ပူစွာမေး မိသည်။ ကျွန်တော့်ဇနီးက အကြောင်းစုံကို ရှင်းပြသည်။ ဖြစ်ပုံက သည်လို။

ကလေးက စဖျားသည်။ ဖျားသည်ဆိုတော့ ရိုးရိုးအဖျားဟုထင်သည်။ သုံးလေးရက်နေတော့ နည်းနည်းပြန်ကောင်းသလို ဖြစ်သည်။ နောက်တော့ ပြန်ဖျားသည်။ ဆရာဝန်ပြတော့ ဆေးရုံတင်ခိုင်းသည်။ ကျွန်တော့်အစ်ကိုကြီး၏ အကြီးဆုံးသား ဖြစ်၍ အစ်ကိုကြီးက ဆရာဝန်နှင့်တွေ့စဉ် သူပါ ပါသောကြောင့် နောက်နေ့မှ တင်လျှင်မရနိုင်ဘူးလားဟု မေးကြည့်သည်။ ဆရာဝန်က မရပါဟု ပြော၍ ချက်ချင်းကို တင်လိုက်ရသည်တဲ့။

ညတွင်းချင်း ကိုးနာရီ လောက်မှာ ဆေးရုံတင်လိုက်ရသည်တဲ့။ ကျွန်တော့်ရင်ထဲ နင့်ခနဲ ဖြစ်သည်။ အကြောင်းက အများကြီး။

ထိုကလေးကို ကျွန်တော်တို့ ညီအစ်ကိုသုံးယောက်မှာ ပထမဆုံးအိမ်ထောင်ကျသော ကျွန်တော့် အစ်ကိုကြီးက မွေးတာဖြစ်သည်။ သည်တော့ ကျွန်တော့်မိဘများကား သားအချစ်၊မြေးအနှစ် ဆိုသည့်စကားလို မြေးဦးဖြစ်၍ အရူးအမူး ဖြစ်ကြသည်။ မြေးဦး ယောကျာ်းလေး ဖြစ်နေသည့်အခါ ပို၍ သည်းသည်းလှုပ်ကြ၏။

ကျွန်တော်လည်း ထိုနည်းလည်းကောင်း။ ကျွန်တော့်တူက မွေးခါစက ရုပ်ကိုသိပ်ဖမ်းမရ။ ပြီးတော့ မည်းမည်းကလေး။ နောက်တော့ တဖြည်းဖြည်း ဖြူလာသည်။ ကျွန်တော့်အစ်ကိုရုပ်ကို ပိုင်ဆိုင်လာသည်။ သူ၏ လှုပ်ရှားပုံလေးများက ကလေးမရှိသော ကျွန်တော်တို့အိမ်မှာ ပိုပြီး အသက်ဝင်စေသည်။ တူကလေးမှာ ထူးခြားသည်က မျက်ခုံးမွေး။ လူတိုင်းပြောသည်။ တမင်ဆွဲထားသလားတောင် ထင်ရသည်တဲ့။ ပြီးတော့ သူက တီတီတာတာနှင့် ချစ်ဖို့ကောင်းသည်။ တော်ရုံတန်ရုံ မငိုတတ်။ သူ့ဘာသာ အေးအေးနေတတ်သည့် သဘောရှိသည်။

သည်လိုနှင့် အရွယ်နည်းနည်းရတော့ နာမည်ပေးဖို့ ဖြစ်လာသည်။ သောကြာသားကို ဘယ်လိုနာမည် ပေးမလဲဟု ဆိုသည်။ ရွေးကြသည်။ အမျိုးမျိုးသော နာမည်များကြား သူ့အဖေနာမည်ပါ ပါသည့် နာမည်တစ်ခုကို ကျွန်တော်ရွေးပေးလိုက်သည်။ " သံလွင်မိုးထွဋ် "။ အားလုံး တစ်ညီတည်း လက်ခံသည်။ တစ်ညီတည်း ကြိုက်ကြသည်။

သည်လိုနှင့် ကျွန်တော်ပေးထားသော နာမည်နှင့် ကျွန်တော့်တူ သံလွင် သည်ကား လူတွေထဲမှာ အရွယ်ရောက်ခဲ့သည်။ သူ့ကို သည်နာမည် ပေးတုန်းက ကျွန်တော်နှင့် ကျွန်တော့်အစ်ကိုကြီး ကြားမှာ အဓိပ္ပါယ်များစွာရှိခဲ့သည်။ ကျွန်တော်တို့ ယူထားသော သံလွင်ကား သံလွင်ခက် သရဖူဆိုသော သံလွင်။ မြစ်မဟုတ်။ ကျွန်တော့်တူကို ကျွန်တော်တို့ အားလုံးက အောင်မြင်စေချင်သည်။ ထို့ကြောင့် သံလွင်ခက် သရဖူဆောင်းနိုင်အောင် ဟူသည့်အဓိပ္ပါယ်မျိုးနှင့် ပေးခဲ့တာ ဖြစ်သည်။

နောက်ကဆက်ပေးခဲ့သည်ကတော့ ကျွန်တော့်အစ်ကိုကြီး နာမည် တစ်စိတ်တစ်ပိုင်း။ သည်တော့ ကျွန်တော့် တူသည် " သံလွင်မိုးထွဋ် " ဆိုသော နာမည်တစ်လုံးကို ပိုင်ဆိုင်ရင်း ကျွန်တော်တို့ မိသားစု၏ ချစ်ခြင်း မေတ္တာကြားမှာ ရှင်သန်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ ကျွန်တော်ရန်ကုန်မှာ အလုပ်လုပ်နေစဉ်က အလုပ်ကပြန်လာတိုင်း သံလွင်က ကျွန်တော့်ကို ပုံပြောခိုင်းခဲ့သည်။ ကျွန်တော်အမြဲတမ်း ပုံပြင်တစ်ပုဒ်တော့ ပြောပြဖြစ်သည်။ သီချင်းဖွင့်လျှင် သူက လက်ကလေးနှစ်ဖက် မြှောက်ကာကတတ်သည်။ ဒါကို ကျွန်တော်တို့ မိသားစု အလွန်သဘောကျခဲ့ဖူးသည်။

သံလွင် ကျောင်းစတက်တော့ ကျွန်တော်က ရန်ကုန်မှာ မရှိတော့။ သို့သော် သံလွင့်အကြောင်းကို ဖုန်းဆက်တိုင်း ကြားရသည်။ ကျောင်းမှာရော၊ အိမ်မှာပါ ဆော့သည်။ စာတော်သော်ငြား စာကျက်ပျင်းသည်။ ကျွန်တော်နှင့် အမေတို့ဖုန်းပြောနေလျှင် သူ့ကိုခေါ်မေးမှ တစ်ခွန်း နှစ်ခွန်းသာ ပြော သည်။ ဦးလတ် နေကောင်းလား၊ ဘာညာ ပြောပြီး သွားဆော့နေတော့သည်။

ကျွန်တော် ရန်ကုန်ပြန်တိုင်း သံလွင့်အတွက် လက်ဆောင်များက မပါမဖြစ်။ သည်လိုချစ်သော ကျွန်တော့်တူ ဆေးရုံတက်ရသည် ဆိုသောအခါ ကျွန်တော်ဘယ်လိုနေ၍ ရပါမည်နည်း။ အလုပ်ထဲကမို့ အိမ်ကို ဖုန်းမဆက်နိုင်သော်ငြား ညနေအိမ်ပြန်ရောက်သည့် အခါ အိမ်ကိုဖုန်းခေါ်ပြီး အကျိုး အကြောင်း မေးကြည့်သည်။ ရေရေရာရာ မသိကြ။ ဖြစ်မှသာ သိသည့်သဘောမျိုး။

ထိုနေ့ကပင် ဆေးရုံကို ကျွန်တော်ဖုန်းဆက်တော့ ကျွန်တော့်မရီးနှင့် တွေ့သည်။ အစ်ကိုကြီး၏ ဇနီးမို့ ကျွန်တော်က အစ်မဟု ခေါ်၏။ အစ်မက ဖြစ်ပုံကို ရှင်းပြသည်။ ကျွန်တော်သိပြီးသားများ။ သို့သော် သံလွင်ခံစားရသည်ကို ကြားသည့်အခါ ကျွန်တော်ရင်နင့်ရ၏။ သံလွင် အစားမစားနိုင်။ အရည်လည်း မသောက်ချင်။ ထို့ကြောင့် အားဆေးတွေ ချိတ်ရတော့သည်။ လူက တော်တော်ပိန်ကျ သွားသည်ဟု ဆေးရုံကို သွားကြည့်ပြီး ပြန်လာသည့် ကျွန်တော့်ဇနီးက ပြောသည်။ အစ်မကိုတော့ အိမ်မှာ ဂရုစိုက်ဖို့မှာရသည်။ သံလွင့်အဖေ ကျွန်တော့်အစ်ကိုကိုလည်း သူ့သားကို ဂရုစိုက်ဖို့ ပြောမည် ဟု တေးထားလိုက်၏။

နောက်နေ့ဖုန်းခေါ်တော့ အဖေနှင့်ပါ ပြောရသည်။ အဖေ့လေသံက သိပ်အားရစရာမရှိ။ ကျွန်တော့်ကို သူတို့ဖုန်းကွယ် နေသလားဟုပင် စဉ်းစားမိသည်။ အဖေက တစ်ခုတော့ ပြောသည်။ သံလွင် အစားမစားဘဲ သွေးပါလိုနေ၍ လိုသောသွေးကို အစ်ကိုကြီး၏ လုပ်ဖော်ကိုင်ဖက်များထဲက တစ်ယောက်က ညကလာလှူသွားသည်တဲ့။ အစ်ကိုကြီးလည်း ငိုသည်ဟု ဆိုသည်။

ကျွန်တော်တောင် တူလေးအတွက် စိတ်မကောင်းဖြစ်တတ်သေးလျှင် ဖခင်ဖြစ်သော ကျွန်တော့်အစ်ကို မည်သို့နေမည်ဆိုသည်ကို တွေးကြည့်ရုံနှင့် သိနိုင်၏။ သွေးတောင်သွင်းရသည် ဆိုကတည်းက အစ်ကိုကြီး ငိုမှာပေါ့ဟု ကျွန်တော်တွေးသည်။

နောက်တော့ ကျွန်တော်ဆေးရုံကို ဖုန်းခေါ်ကြည့်သည်။ အစ်မနှင့်တိုးပြီး နည်းနည်းသက်သာလာသည်ဟု ဆိုသည်။ သံလွင့်ကို ဖုန်းထိုးပေးတော့ ဦးလတ်၊ သားမောလို့ စကားသိပ်မပြောနိုင်ဘူး ဟုပြောကာ သူ့အမေကို ဖုန်းပြန်ပေးသည်။ ကျွန်တော်က နေကောင်းလား မေးသည်ကိုပင် သည်လိုသာ ဖြေနိုင်သည်။ ကြားရသည်ကိုက စိတ်မကောင်းတော့။

အလုပ်တစ်ဖက်နှင့် ကျွန်တော်က နောက်နေ့တွေမှာ ဇနီးသည်ဆီက တစ်ဆင့် သံလွင့်အခြေအနေကို သိရသည်။ နောက်ထပ် သွေးတစ်ပုလင်း သွင်းပြီးချိန်မှာ သူတော်တော်ကောင်းလာပြီ ဟုသိရသည်။ တော်သေးသည်။ သည်သို့နှင့် အိမ်ကို ဖုန်းထပ်ခေါ်တော့ အဖေက သူဖုံးထားတာ တစ်ခုကို ကျွန်တော့်ကို ထုတ်ပြောသည်။ တကယ်တော့ ဆေးရုံတင်တင်ချင်းမှာ ဆရာဝန်က ၅၀-၅၀ ဟု ဆိုခဲ့သည်တဲ့။

ထိုစကားကြားတော့ ကျွန်တော့်ရင်မှာ ထိတ်ခနဲဖြစ်သွားသည်။ သို့သော် အဖေက အခုတော့ တော်တော် ပြန်ကောင်းနေပါပြီ ဟုဆို၍သာ ကျွန်တော် စိတ်နည်းနည်း အေးတော့သည်။ ဒါတောင် သံလွင် ဆေးရုံကမဆင်းခင် ညက ကျွန်တော့်အိပ်မက်ထဲမှာ သူဆုံး၍ ရှိုက်ကြီးတငင် ငိုဖြစ်ခဲ့သေးသည်။

ထိုအိပ်မက်မျိုးမက်လျှင် ကျန်းမာသည်ဟု မှတ်သားဖူးသော်လည်း ကျွန်တော့်ဇနီးနှင့် အိမ်ကို ပြောပြပြီး သံလွင်တကယ် ကောင်းမကောင်း ထပ်မေးဖြစ်သေးသည်။ ဆရာဝန်ပေါက်စ များက နောက်နေ့မှာ မေးဖြေ လုပ်ချင်၍ တစ်ရက်ထပ်နေလိုက်ရသည်က လွဲ၍ ဆေးရုံက ဆင်း၍ ရသည်ဟု ဆရာဝန်ကြီးမှ ပြောကြောင်း သိရမှသာ ကျွန်တော်စိတ်အေးတော့သည်။ သံလွင် ကျောင်းပျက်ရက် များသွားသည်ကိုတော့ နောက်မှ စာပြန်လိုက်ရတော့မည်ဟု အမေပြောသည်။

တကယ်တော့ သံလွင့်အသက် လွန်ရောကျွံရော ရှိလှမှ ခုနစ်နှစ်။ မိသားစုက ချစ်သည်။ အဘိုးအဘွားက ချစ်သည်။ ဦးလေးများက ချစ်သည်။ ဆရာမက ချစ်သည်။ စဉ်းစားကြည့်ပါဦး။ အကယ်၍ သည်ကလေး တစ်ခုခု ချွတ်ချွတ်ချော်ချော် ဖြစ်ခဲ့သော် ကျွန်တော်တို့ ဘယ်လိုဖြေမည်နည်း။ ရန်ကုန်လို နေရာ မျိုးမှာ သွေးလွန်တုတ်ကွေး ဆိုသည်က ကာကွယ်၍ရကောင်းသော အရာဟု ကျွန်တော်မြင်သည်။

ရန်ကုန်လို နေရာမျိုးမှာ ဒါမျိုးကို မကာကွယ်နိုင်လျှင်တော့ တခြားနေရာများမှာဆိုလျှင်ရော.......။ ကျွန်တော်စဉ်းစားကြည့်ပါသည်။ ကျွန်တော်တို့ တတ်နိုင်သမျှ ကလေးများအတွက် လုပ်ပေးစရာများ များစွာ ကျန်နေသေးပါလားဟု ခံစားရသည်။

သံလွင့်မှာ အနာဂတ်ရှိသည်။ သံလွင်သည် လူ့လောကထဲမှာ ဆက်လျှောက်ဖို့ နှစ်ပေါင်း များစွာ နေရဦးမည်။ သံလွင်သည် မိသားစု၏ ချစ်ခြင်း မေတ္တာကြားမှာ ရှင်သန်ရဦးမည်။ သံလွင်သည် နောင်တစ်ချိန်မှာ ကျွန်တော်တို့ မိသားစုဝင် တစ်ယောက်အဖြစ် တိုင်းပြည်တာဝန်များကို ထမ်းဆောင်ရဦးမည်။ တစ်နည်းအားဖြင့် ဆိုရလျှင် သံလွင်သည် တိုင်းပြည်အတွက် သားကောင်းတစ်ယောက် ဖြစ်လာနိုင်သည်။ ပြုစုသူ၊ ထိန်းကျောင်းသူ၊ စောင့်ရှောက်သူ ကျွန်တော်တို့ အပေါ်မှာ သူ့အနာဂတ် ရှိနေသည်။

သံလွင့်လို ကလေးများ များစွာရှိသည်။ သူတို့လည်း ထိုနည်းလည်းကောင်း။ သံလွင့်လို အနာဂတ်များကို သူတို့ ပိုင်ဆိုင်သည်။ ရောဂါအနာတရများကြားမှာ သံလွင့်လို ကလေးများစွာကို မရှင်သန်စေလို။ တိုင်းပြည်၏ အနာဂတ်အတွက် သူတို့လေးတွေ၏ ကျန်းမာရေးကောင်းပြီး ပညာရေးပါကောင်းမှ ဖြစ်မည်။ ကျန်းမာရေး မကောင်းလျှင် ဘာမျှ လုပ်၍မရ။ သံလွင်ပင် ဆေးရုံတက်နေသော ရက်များမှာ စာတွေလွတ်ကုန်သည်။

ကျွန်တော်ကတော့ သံလွင်သည်လို ဆေးရုံတက်လိုက်ရသည့် ကိစ္စနောက်မှာ တွေးစရာများ များစွာရသည်။ ကလေးများ၏ အနာဂတ်။ ဟုတ်သည်။ ကလေးများ၏ အနာဂတ်။ ထိုကလေးများ ကျန်းကျန်းမာမာနှင့် ရှင်သန်ဖို့။ ထိုကလေးများ ပညာရေး ကောင်းမွန်ဖို့။ ထိုကလေးများ စစ်ဘေးစစ်ဒဏ် ကင်းဝေးဖို့။ ထိုကလေးများ နောင်တစ်ချိန်မှာ တိုင်းပြည်တာဝန် ထမ်းနိုင်ဖို့။ အားလုံးသည်ကား ကျွန်တော်တို့လို အရွယ်ရောက်ပြီးသား လူများဆီမှာ တာဝန်ရှိနေပါရောလား။

ကျွန်တော်တို့၏ လျစ်လျူရှုမှုများသည် ထိုကလေးများ အတွက် နောင်တစ်ချိန်မှာ ဒဏ်ရာ အနာတရများ ဖြစ်ကောင်းဖြစ်သွားနိုင်သည်။ အခန့်မသင့်လျှင် ထိုကလေးဘ၀မှာပင် လူ့လောကကြီးကို စွန့်ခွာသွားရနိုင်သည်။ ထိုအခါ ကျန်ရစ်ခဲ့သော ကလေးများကလည်း သူတို့ကို ဂရုမစိုက်သော ကျွန်တော်တို့လို လူကြီးများကို ဂရုစိုက်စရာ မလိုတော့ ဆိုသည်မျိုးလည်း ဖြစ်လာနိုင်သည်။

မည်သို့ပင်ဖြစ်စေ ကျွန်တော့်တူလေး၏ ဖြစ်စဉ်မှ ရလိုက်သော အတွေးများမှ တစ်ဆင့် ကလေးများ၏ အနာဂတ်အတွက် လူတိုင်းလူတိုင်းမှာ တာဝန်ရှိသည်ကို သေသေချာချာ သိလိုက်ရသည်ဟု ကျွန်တော် ဆိုချင်ပါတော့သည်။         ။

ဆူးသစ်
၉.၁၀.၂၀၁၂
၁၀း၄၇ နာရီ

6 comments:

မြတ်နိုးသူ said...

ကလေးများ၏အနာဂါတ်
အားပေးဖတ်ရှုသွားပါတယ်

မိုးနတ်ကြယ်စင် said...

ပို့စ်ကောင်းလေးအားပေးခဲ့တယ်နော်

mstint said...

အိပ်မက်ဆိုတာ အစွဲအလန်းတစ်ခု ထင်ပါတယ် မောင်ဆူးသစ်ရေ။ သံလွင်လေးအတွက် နေ့တဓူဝ စိုးရိမ်စိတ်ရှိနေတော့လည်း အိပ်မက်ထဲအထိ ပါလာတာဖြစ်မှာပါ။
သံလွင်လေးအမြန်ဆုံးပြန်လည်ပြီး ကျန်းမာပါစေကွယ်။ စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

ရင်လှိုင်းခတ်သံ said...

ကလေးများရဲ့ အနာဂတ်က တစ်ကယ်ပဲ..လူတိုင်းမှာ တာဝန်ရှိနေတာနော်...။

ရင်လှိုင်းခတ်သံ said...

ကလေးတိုင်းရဲ့ အနာဂတ်လေးတွေ လှပပါစေ..။

ရင်လှိုင်းခတ်သံ said...

ကလေးတိုင်းရဲ့ အနာဂတ်လေးတွေ လှပပါစေ..။

Related Posts Plugin for WordPress, Blogger...