Saturday, February 23, 2013

" ရန်ကုန်ကို ပြန်ဆုံရတဲ့အခါ " ( ၁ )


ကျွန်တော် လွန်ခဲ့သည့် ၂၀၁၁ခုနှစ်ကတည်းက စလုပ်ခဲ့သော ပရောဂျက်ပြီးခါနီး၍ ၂၀၁၂ ကုန်ခါနီးမှာ ကျွန်တော့် သူဋ္ဌေးကို ခွင့်တောင်းကြည့်သည်။ လက်ထောက်ပရောဂျက်မန်နေဂျာက မလွှတ်ချင်သော်ငြား သူဋ္ဌေးကတော့ ကျွန်တော်တစ်ယောက်တည်း တောက်လျှောက် လုပ်လာသော ပရောဂျက်ကာလကို သိ၍ထင်ပါသည်။ ခွင့်လေးပတ်ကို ကြည်ကြည်ဖြူဖြူပင် ခွင့်ပြုလိုက်၏။

တကယ်တော့ ပရောဂျက်က မပြီးသေး။ သူတို့ကိုလည်း ကျွန်တော်နားလည်ပါသည်။ သို့သော် သူဋ္ဌေးကို ကျွန်တော်က ကြိုပြီးရှင်းပြခဲ့ပြီးသား။ ဒီဇင်ဘာမှာ ကျွန်တော့်မိဘများ မွေးနေ့ရှိသည်။ ကျွန်တော့်ဇနီး ပြန်သွားသည်မှာလည်း ကြာလှပြီ ဖြစ်သည်။ ဇနီးကိုလည်း တွေ့ချင်သည်။ သည်တော့ သူဋ္ဌေးက သူ လူရှာဦးမည်ဟုဆိုကာ လူရှာသည်။ ရတော့ ကျွန်တော့်ကိုခွင့်ပြုသည်။

သည်သို့နှင့် Singapore Airline က လေယာဉ်လက်မှတ်ကို ၀ယ်ကာ ကျွန်တော်ချစ်သော အမိမြန်မာပြည်ကို တစ်ခေါက် ပြန်ခွင့်ရခဲ့ပါတော့၏။

Singapore Airline  နှင့် ပြန်သည့်အခါ ကျွန်တော်သတိထားမိသည်က နိုင်ငံခြားသား ခရီးသည်များ။ လေ ယာဉ်က ကောင်း လည်းကောင်း၊ ကြီးလည်း ကြီးသလို ခရီးသည်ကလည်း များလှ သည်။ လေ ယာဉ်မှာ လျှောက်လမ်းက နှစ်လမ်း၊  သီချင်းနားထောင်စရာ Channel များရွေးချယ်ရန်နှင့် တီဗွီ ကြည့်ချင်လျှင် ရှေ့ခုံနောက်ကျောမှာ ကပ်ထားသော Screen အသေးနှင့် ကြည့်ရန် Remote control ခလုတ်သည် ထိုင်ခုံလက်တန်းမှာ မြှုပ်ထား၏။ နားကျပ်ကို လေယာဉ်ထွက်ချိန် လိုက်ဝေငှသည်။ ကျွန်တော်ကတော့ ၂၉ကီလိုသယ်မိသည်ကို ကီလိုကြေးမပေးရဘဲ ပိုမတွက်ကတည်းက မောင်မင်းကြီးသား များနှင့် မယ်မင်းကြီးမများကို ကျေးဇူးတင်မိပါသည်။ လေယာဉ်ကောင်းသည်ကိုလည်း ကျေနပ်နေမိသည်။

ကျွန်တော်သတိထားမိသလောက် အဖြူကောင်များ၊ စလုံးများ တော်တော်များများ ကျွန်တော်နှင့် လေယာဉ် တစ်စီးတည်းမှာ ပါလာသည်။ ကျွန်တော့်ဘေးမှာပင် စလုံးသားအမိ။ သမီးလေးက လွန်ရောကျွံရော ရှိလှမှ လေးငါးနှစ်။ သူတို့ ကျွန်တော်တို့ နိုင်ငံကို သွားလည်ကြမှာပါလားဟု တွေးမိသည်။ ထိုနိုင်ငံခြားသားများ သူတို့ဖြတ်သန်းခဲ့ရသော မြန်မာသံရုံးများ၊ ဗီဇာကိစ္စနှင့် သူတို့ကြုံရမည့် လေဆိပ် ကိစ္စတို့ အဆင်ပြေချောမွေ့ပါ့မလားဟု မဆီမဆိုင် တွေးနေမိသေးသည်။

ကျွန်တော့်ဘေးက ကလေးကတော့ စထွက်ကတည်းက အိပ်နေ၏။ လေယာဉ်စီးရတာ ကလေးတွေက ပိုတန်သည်ဟု ဘာမဆိုင်၊ ညာမဆိုင် တွေးမိသေးသည်။ ထိုကလေးအိပ်နေတုန်းမှာပင် သူ့အတွက် ကစားစရာ လာပေးသွား၏။ ခဏနေတော့ သူ့အတွက်စားစရာ လာချပေးပြန်သည်။

တိမ်တွေပေါ်ရောက်တော့ သူကလေးက စကားတွေများနေတော့သည်။ ထိုအထဲကမှ သူပြောသောစကား တစ်ခွန်းကိုတော့ ကျွန်တော် သဘောကျ၍ ရယ်မိသေးသည်။ သူက တိမ်တွေ အဆုပ်လိုက်ကို မြင်စဉ် " The clouds are fat " ဟု ဆိုသည်။ ကျွန်တော် သဘောကျစွာ ရယ်မိ၏။ သူ့အမေက Cloudy ဟု ပြန်ပြင်ပေးသည်။ သူမကလေးသည် ကျွန်တော်ရယ်သည်ကို ကြည့်၍ သဘောကျနေပြန်သေး၏။ သူ့အမှားကိုလည်း သူ့ဘာသာရှက်နေသည့်ပုံ။

သူက ကျွန်တော်ထိုင်နေသော ပြူတင်းပေါက်ဘက်က မှန်ကို ကျော်၍ကြည့်ပြီး အောက်က ကုန်းမြေများကို ပင်လယ်ထင်ကာ မေးသည်။ ကျွန်တော်က ရန်ကုန်ဘက် ရောက်ခါနီးပြီ ဖြစ်၍ ပင်လယ်ကိုမမြင်ရကြောင်း၊ ပင်လယ်နှင့် ဝေးကြောင်းပြောပြတော့ သူငြိမ်ပြီးကြည့်နေသည်။

ရန်ကုန်ဘက်ရောက်ခါနီးတော့ တိမ်များကား ကောင်းကင်ထက်မှာ အဆုပ်လိုက်၊ အဆုပ်လိုက် ပြန့်ကျဲနေ သည်ကိုသတိထားမိသည်။ ကောက်စိုက်ခါနီး လယ်ထဲတွင် ချထားသော ကောက်လှိုင်းများကဲ့သို့ ကျွန်တော်ခံစားမိသည်။

သည်သို့ဖြင့် ရန်ကုန်မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ကျွန်တော်ရောက်ခဲ့တော့၏။ လေဆိပ်မှာ ကျွန်တော့်အဖေ၊ အမေ၊ ကျွန်တော့်ဇနီး၊ ကျွန်တော့်မရီးနှင့် တူ၊တူမများ၊ ကျွန်တော့်ဇနီးဘက်မှ အဒေါ်များ လာကြိုကြ၏။ အမေ့ကိုမြင်တော့ အမေနည်းနည်းပိန်သွားတာ၊ အိုဇာလာတာကို ကျွန်တော် သတိထားမိသည်။ အဖေကား သိပ်မပြောင်းလဲ။ ကျွန်တော့်ဇနီးသည်ကား အပြုံးနှင့် လှမ်းကြည့်နေသည်။ ကျွန်တော်ချစ်သော တူနှင့်တူမကား သနပ်ခါး အဖွေးသားနှင့်။

သည်တစ်ခေါက်ကတော့ ကျွန်တော်နေရမည့် အိမ်ရှိရာကို တန်းသာပြန်ခဲ့တော့သည်။ ညနေကျတော့ ဇနီးသည်နှင့် ကျွန်တော် ရွှေတိဂုံဘုရားသွားဖူး၏။ မရောက်သည်မှာ တစ်နှစ်ခွဲလောက်ပင် ဖြစ်ခဲ့ချေပြီ။ ညနေမှောင်ရီပျိုးပျလည်း ဖြစ်ပြန်၊ ဘုရားမှာ မီးရောင်တို့ဝင်းလက်ချိန်လည်း ဖြစ်နေ၍ ကြည့်ရ၊ မြင်ရ သည်မှာ အေးချမ်းလှတော့၏။ ကျွန်တော့်အတွက် သည်လိုခံစားမှုမျိုးကို မခံစားနိုင်ခဲ့သည်မှာ ကြာခဲ့လေပြီ။ ကျွန်တော်တို့ဇနီးမောင်နှံ ရွှေသင်္ကန်းကပ်ခဲ့၏။ ကုသိုလ်ဆိုသည်က ရတုန်းယူရသည် မဟုတ်လား။

တစ်ခုသတိထားမိသည်က ဘုရားပေါ်မှာ နိုင်ငံခြားသားများ တော်တော်များလှ၏။ Tour Guide များသည်ကား အားကြိုးမာန်တက် ရှင်းပြနေကြသည်။ သည်မြေသည်ရေမှာ နိုင်ငံခြားသားများအတွက် သူတို့ တစ်တပ်တစ်အား ပါဝင်နေကြသည်ကို ကျွန်တော်အားရမိပါသည်။ သူတို့ပြောသမျှကို နိုင်ငံခြား သားများ မှတ်သားသွားကြမှာ အမှန်ပင်။ သူတို့မှာ အရည်အသွေး ပြည့်ဝဖို့လိုသည်ဟုတော့ ကျွန်တော်တို့ ဇနီးမောင်နှံ သုံးသပ်မိသည်။

မရောက်တာကြာတာရော၊ စိတ်ထဲမှာအပူအပင်မရှိ ငြိမ်းငြိမ်းချမ်းချမ်း ရှိနေတာရော အားလုံးပေါင်းဆုံနေ ၍လား မဆိုနိုင်။ သည်တစ်ခေါက် ဓာတ်ပုံများပါ လျှောက်ရိုက်ရင်း မမြင်မိသေးသည်များကို ဘုရားမှာ မြင်နေရပြန်သည်။ ဂဠုန်ဦးစောတည်ခဲ့သော ဘုရား၊ စေတနာသမ္ဘာရ ၀တ်အသင်း၏ တန်ဆောင်း စသည်ဖြင့် ကျွန်တော်သတိထားမိသမျှ မှတ်တမ်းတင်မိပြန်သည်။ ဦးစောဘုရားကို မြင်တော့ လူတစ်ယောက်၏ ကောင်းမွေဆိုးမွေကို သူ့မိသားစု၊ သူ့မျိုးဆက်မည်မျှ ခံစားရကြောင်း ကျွန်တော်တို့ဖတ်ဖူးသမျှ စာတွေထဲက သိသမျှကို ဇနီးသည်နှင့် ဆွေးနွေးမိသည်။ စေတနာသမ္ဘာရ ၀တ်အသင်းတန်ဆောင်းကို မြင်တော့ ကျွန်တော်ငယ်ငယ်က ကြည့်မြင်တိုင်မြို့နယ်နှင့် ကပ်လျက် စမ်းချောင်းမြို့နယ်ထဲက လမ်းတစ်လမ်းမှာ နေခဲ့ဖူးပြီး စေတနာသမ္ဘာရ ၀တ်အသင်း၏ အလှူခံ စည်တော်အကနှင့် ရွှေပြားများသယ်ဆောင်ပြီး မြို့နယ်များသို့ လှည့်လည်ပြသသည်ကို အမှတ်ရမိကာ ဇနီးသည်ကို ပြောမိသေး၏။

ထိုအချိန်တုန်းက " ကျွန်တော်များကြည့်မြင်တိုင် စေတနာသမ္ဘာရ ၀တ်အသင်းကြီးမှ ကြီးမှူး၍ လေးဆူ ဓာတ်ပုံ ရွှေတိဂုံစေတီတော် မြတ်ကြီးအား ရွှေပြား၊ ရွှေသင်္ကန်း ကပ်လှူပူဇော်ရန်အတွက် သဒ္ဓါတတ်အား အနည်းအများမဆို ကုသိုလ်ပါဝင်တော် မူကြပါခင်ဗျား " ဆိုသော အထက်အောက်ပိတ်ဖြူ ၀တ်၍ ခမောက်အ၀ိုင်း ဆောင်းထားကြသော လူငယ်လေးများ၏ အော်သံကို ယခုတိုင် အမှတ်ရနေမိသေးသည်။

ဘုရားမှာ ရခဲ့သော ခံစားမှုများကား ပြောမကုန်။ ကျွန်တော့်အတွက် တော်တော်ကြီးကြာမှ ခံစားရသော ခံစားမှုမျိုးဖြစ်၍လည်း ပါမည်။ သို့သော် ရန်ကုန်ကို အမှတ်မထင် မြင်ရသော မြင်ကွင်းများကတော့ ကျွန်တော့်အတွက် သိပ်မကောင်းလှ။

လေဆိပ်ကနေ အိမ်ကိုအသွား ကားကလမ်းမှာ လူကူးမျဉ်းကျားကို ခွရပ်မိသော်ငြား ပြဿနာမရှိတဲ့။ ကားများက ကွေ့ချင်သည့်နေရာမှာ လှည့်ကွေ့သည်။ ကားသမားက လက်ပြ၍ ခဏစောင့်ရန်ပြသည်။ သည်တော့ တစ်ဖက်က ကားက ရပ်စောင့်ပေး၏။ ရန်ကုန်မှာ ကားသမားများကြား လက်ပြသော နားလည်မှုက တော်တော်တာသွားသည်ဟု ဆိုရမည်။ မြန်မာ့ဓလေ့အရ ကိုက်သော်ငြား ယာဉ်စည်းကမ်း အရတော့ မကိုက်။ အန္တရာယ်များလှသည်။

ပြီးတော့ ယခုရန်ကုန်သည် ယခင်ရန်ကုန်မဟုတ်တော့။ ကျွန်တော်လွန်ခဲ့သည့် နောက်ဆုံး တစ်ခေါက်ပြန်စဉ်က ယာဉ်များယခုလောက် မကျပ်။ ယခုတော့ လမ်းများပါ ကျပ်စပြုလာသည်။ ကားတွေ များလာသည်ဟု ဆိုကြ၏။

ထပ်ပြီး သတိထားမိသည်က ဒီဇင်ဘာရောက်နေသည့်တိုင် ရန်ကုန်သည် မအေးမြ။ နေ့ဘက်မှာ အပူကကောင်းပြီး ညဘက်မှာ ထူးထူးခြားခြား မအေး။ ဒီဇင်ဘာအစမို့ဆိုလျှင် ကျွန်တော်စောင့်ကြည့် ဦးမည်ဟု တေးထားလိုက်၏။

သည်တစ်ခါ ရန်ကုန်ကို ပြန်ဆုံရခြင်းမှာ ထူးခြားမှုတွေ ရှိနေသည်ကိုက ကျွန်တော့်အတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်လို့နေပါတော့သည်။

ဆူးသစ်
၁၆း၃၄ နာရီ
၇.၁၂.၁၂

( ဆက်ပါဦးမည် )

8 comments:

မိုးနတ်ကြယ်စင် said...

အကိုရေ...အရင်တခါ ဒီခေါင်းစဉ်လေးနဲ့ပဲ
ကဗျာလေး ရေးထားတာ ညလေးဖတ်ရတယ်..
သိပ်ကောင်းတာပဲ..ခုလဲ ပို့စ်လေးတစ်ပုဒ်အနေနဲ့မို့
တမျိုးလေး ရသမြောက်လို့ နေပြန်တယ်...:)
ဆက်ရန်လေး မျှော်နေတယ်နော် ...
ခင်တဲ့ မိုးနတ်

Angelhlaing(May everybody be happy and healthy! said...

အနည်းငယ် ပြောင်းလဲနေပြီလို့ ..သိရတဲ့ ရန်ကုန်ကို မျက်ဝါးထင်ထင် မြင်ရဖို့ ...ညီမလေးလည်း ကြိုးစားရဦးမယ် အကို....

Aunty Tint said...

အချိန်ကာလတစ်နှစ်ခွဲကြာမှ အလည်ပြန်ခွင့်ရပြီး မိသားစုနဲ့ ဆုံဆည်းတဲ့ ခံစားချက်ကို ခန့်မှန်းမိတယ် ဆူးသစ်ရေ။ လေယာဉ်ပေါ်က ကလေးမလေးပြောတဲ့ စကားကို ဖတ်ရပြီး စလုံးကို ရောက်ခါစက ကလေးတစ်ယောက်ပြောတာကို သတိရသွားတယ်။ စလုံးမှာ မိုးရွာတာကနေ ရပ်သွားတော့ အဲ့ဒီကလေးက တိုက်ရိုက်ဘာသာပြန်လိုက်တယ် 'rain no' တဲ့လေး) ကလေးရဲ့အဒေါ်က အမှားပြင်ပေးတာကို တွေ့ခဲ့တယ်။ ပြောင်းလဲနေတဲ့ ရန်ကုန်မြို့အကြောင်း အနီးကပ်မြင်သွားပြီပေါ့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

3rdthameetaw said...

ကိုဆူးသစ်ရေ သမီးတော်ကတော့
ရန်ကုန် ကိုပြန်ဆုံရတဲ့အခါ
ရင်ခုန်စရာလေး နဲ့တွေ့ ချင်ပါတယ်
ဟိးး ကာရန် ညီ မလားလို့ 
ပြောကြည့်တာ

Han Kyi said...

အရင်တစ်ခါ ကဗျာကိုများ ပြန်တင်တာလားလို့ ထင်နေတာ...အင်း ကိုဆူးသစ်ကမှ ရန်ကုန်ပြန်ရောက်သေး...ကျွန်တော် ရန်ကုန်မရောက်တာ သုံးနှစ်...မန်းလေးမပြန်ဖြစ်တာ ဆယ်နှစ်း)

Han Kyi said...

ခေါင်းစဉ်ကို ကြည့်လိုက်မိတော့ အရင်တစ်ခါက ကဗျာပဲ မှတ်နေတား)

ကိုဆူးသစ်ကမှ ရန်ကုန်ကို ပြန်ရောက်သေး...ကျွန်တော်တော့ မန်းလေးပြန်မရောက်တာ ဆယ်နှစ်ရှိပါပကောလား...သည်တစ်နွေမန်းလေးပြန်ရင် ခပ်စိမ်းစိမ်းကြည့်တာ ခံရမယ်ထင်ပါရဲ့

အလွမ်းမြို့ said...

စိတ်ပါဝင်စားစွာဖြင့်...
ဆက်ရေးမည်ဆိုတော့
အဆက်လေးကို စောင့်ဖတ်ပါဦးမည်။
အမိမြန်မာပြည်ကြီးကို လွန်းတီ...

ချစ်ခြင်းအားဖြင့်
အလွမ်း

အမ်တီအန် said...

ရန်ကုန်မြေကို ခြေပြန်ချတဲ့ ဗမာတစ်ယောက်ရဲ့ ခံစားချက်က ထိမိလှပါတယ်။ ဆက်ရန်ကို စောင့်နေလျှက်ပါ..။

Related Posts Plugin for WordPress, Blogger...