Tuesday, May 31, 2011

"SMS စိတ်ထား"


၂၉.၅.၂၀၁၁ နံနက်မှာ ဥရောပချန်ပီယံလိဂ်ဘောလုံးပွဲ နောက်ဆုံး ဗိုလ်လုပွဲ ပြီးသွားသည်။ စပိန်က ဘာစီလိုနာ နှင့် အင်္ဂလန်က မန်ချက်စတာယူနိုက်တက် တို့ ဆုံခဲ့ကြရာ ဘာစီလိုနာ က ၃-၁ ဖြင့် နိုင် သွားလေသည်။ ထကြည့်မည်ဟု ရည်ရွယ်ပြီးမှ နှိုးစက်က ဘယ်အချိန် မြည်မှန်းမသိအောင် အိပ်ပျော်သွား၍ မနက်မိုးလင်းမှ ရလဒ်ကိုသာ သိရတော့သည်။

တကယ်တော့ ကျွန်တော်က အာဆင်နယ်(အာကြီး) ပရိသတ်။ ထို့ကြောင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲသည် ကျွန်တော်နှင့် ဘာမျှမဆိုင်။ သို့သော် ဘာစီလိုနာ ကောင်းတာတော့ ကျွန်တော်လက်ခံသည်။ အာကြီးကိုတောင် ကြိတ်သွားသေးသည်ပဲ။ ဘယ်လိုပဲ နိုင်သွား၊ နိုင်သွား သူတို့ အသင်း၏ ကစားဟန် ကိုက ကောင်းလွန်းသည်ဟု ကျွန်တော် လက်ခံသည်။

ထို့ကြောင့် ဗိုလ်လုပွဲ ကန်မည်ဆိုတော့ မကန်ခင်ကပင် ဘာစီလိုနာ အားသာသည်ဟု ထင်ခဲ့မိ၏။ သူတို့ကန်ပြီးသည့် မနက်မှာ ရလဒ်ကိုသိရတော့ မန်ယူ ပရိသတ်ရော၊ အာကြီးပရိသတ်များဆီပါ SMS ပို့ဖြစ်ခဲ့သည်။ ကျွန်တော်နှင့်သိသူများမှာ ဘာစီလိုနာ ပရိသတ်မရှိသောကြောင့်သာ။ ရှိခဲ့လျှင် သူတို့ကို Congratulation လုပ်ရပေဦးမည်။ သည်သဘောနှင့် SMS ကို လွှတ်ဖြစ်ခဲ့သည်။

"နောက်ဆုံးတော့ ဘာစီလိုနာသာ အကောင်းဆုံး အသင်းဖြစ်တယ်။ သူတို့ ဖလားရသင့်တယ်"

ကျွန်တော် English လို မတောက်တခေါက်နှင့် ရိုက်ပြီးပို့လိုက်သည်။ မည်သူသာစေ၊ နာစေဟု ဆိုလိုခြင်းမဟုတ်။ ဘာစီလိုနာသည် နဂိုကပင် ကောင်းလွန်း၍ ဖလားရစေချင်တာဖြစ်သည်။ တိုက်စစ်ကို အပြည့်ကစားသည်။ ကစားဟန်က လှသည်။ အာကြီးနှင့် မကန်ခင်ကဆိုလျှင် မလွယ်ဘူးဟု ထင်ခဲ့မိသည်။ ထင်သည့်အတိုင်းလည်း အာကြီး ရှုံးသွားခဲ့သည်။

ခုလည်း ကျွန်တော်ပြောချင်သည့် သဘောက မန်ယူကို ချိုးနှိမ်ချင်၍ ပြောတာမဟုတ်။ ဘာစီလိုနာ ကောင်းလွန်း၍ သူတို့ဖလားရတာ ရသင့်သည့်သဘော ရေးလိုက်တာ ဖြစ်သည်။ ဘယ်အသင်းစွဲမှ မရှိသူများပင် ဘာစီလိုနာ ကောင်းလွန်း၍ ဖလားရစေချင်ကြ၏။ သည်သဘောကို ရေး တာဖြစ်သည်။

သည်လိုနှင့် ကျွန်တော့် SMS ထွက်သွားပြီး ခဏကြာတော့ SMS တွေ ပြန်ဝင်လာသည်။ မန်ယူ ပရိသတ်တစ်ဦးက' တော်တော်လေးကို ကောင်းသောအသင်း' တဲ့။ နောက်ထပ်မန်ယူ ပရိသတ်တစ်ဦး ကလည်း 'ဟုတ်ပါတယ်' တဲ့။ ရီးယဲမက်ဒရစ် ကြိုက်သူတစ်ဦးက 'ဟုတ်တယ်' တဲ့။ တချို့လူတွေက မအားသောကြောင့်လားမသိ။ ဘာမှပြန်မလာ။

သို့သော်နောက်ဆုံးပြန်ဝင်လာသော SMS ကတော့ မန်ယူပရိသတ်ဆီက ဖြစ်ပြီး သူ့Message ကြောင့်လည်း စိတ်ထဲ စနိုးစနောင့် ဖြစ်ရသည်။ သူ့ ပထမဆုံး Message က သည်လို လာသည်။

" ကိစ္စမရှိပါဘူး။ ပရီးမီးယားလိဂ် ချန်ပီယံဟာ မန်ယူပါ။ အဲဒီ အသင်းဟာ အင်္ဂလန်မှာ အကောင်းဆုံးဖြစ်ပြီး အာဆင်နယ်ထက် ကောင်းတယ်"

သူ့ Message ကို ဖတ်တော့ ကျွန်တော် ပြုံးချင်မိသည်။ ကျွန်တော်တွေးတာနှင့် သူတွေးတာ ကွာနေပြီကိုး။ ကျွန်တော်က မန်ယူကို ဖဲ့ချင်၍ ပို့လိုက်တာမဟုတ်။ သို့သော် သူက မန်ယူကိုဖဲ့သည်ဟု ထင်နေသည်။ မန်ယူ (၁၉) ကြိမ်မြောက် ဖလားရတော့ ကျွန်တော် မန်ယူပရိသတ်ကို လှမ်း၍ Congratulation လုပ်ခဲ့သေး၏။ သည်တော့ ကျွန်တော့် သဘောထားက ရှင်းနေသည်။ ပြီးတော့ သူ့စာမှာ ဒေါသသံပါနေ၏။ ထို့ကြောင့် ကျွန်တော်သူ့ကို ပြန်စချင်သွားသည်။ သူက ကျွန်တော့်ထက်လည်း ငယ်သောကြောင့်ပင်။

"ရယ်စရာပဲ"

သူ့ဆီပြန်ပို့လိုက်၏။

"အတူတူပါပဲ"

သည်လို ပြန်လာသည်။ ထို့နောက် အပြန်အလှန် အောက်ပါအတိုင်း ပို့ကြပါလေတော့သည်။ ကျွန်တော့်ဘက်က ပြန်စပို့ပါသည်။

"ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်မှာ မင်းတို့ အသင်းက အိမ်ကွင်းမှာ နိုင်တယ်။ ငါတို့ အသင်းက ငါတို့ အိမ်ကွင်းမှာ နိုင်တယ်။ အဲဒီတော့ အတူတူပါပဲ။ တကယ်လို့ မင်းတို့လည်း ဘာစီလိုနာကို စောစောတွေ့ရင် ချန်ပီယံလိဂ်မှာ အာဆင်နယ်လိုဖြစ်ပြီး ဗိုလ်လုပွဲတောင် ရောက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းတို့ အသင်းဟာ ဒီနှစ်မှာ တော်တော် ကံကောင်းတယ်"

"ကံတင်မဟုတ်ဘူး။ စွမ်းရည်ပါ ကောင်းတယ်"

"ဟား-ဟား"

"စွမ်းရည်ဆိုတာ အောင်မြင်မှု အတွက် အဓိကပဲ"

"အဲဒီလို ပြောရင် ဘာစီလိုနာ တစ်သင်းသာ မှန်နိုင်တယ်။ လက်ရှိကာလမှာ ဘာစီလိုနာ တစ်သင်းသာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းပဲ"

"ဟုတ်တာပေါ့။ အာဆင်နယ်ပါ ဘာစီလိုနာရဲ့စွမ်းရည်ကြောင့် ထွက်ခဲ့ရတာပဲ"

သည် Message က နောက်ဆုံး သူ့ဆီက ပြန်လာတာပါ။ ကျွန်တော်က ထိုအချိန်တွင် ဇနီးနှင့် ဈေးသွားချိန်မို့ သိပ်အကြာကြီး မပြန်နိုင်။ ရပ်ပစ်လိုက်တော့သည်။ မရပ်လျှင်လည်း ဆုံးမှာ မဟုတ်။

နောက်တော့ Message များကို ပြန်ဖတ်ရင်း လူတချို့၏ စိတ်ကို ပြန်သုံးသပ်မိသည်။ တချို့က အမှန်ကို အမှန်အတိုင်း လက်ခံသည်။ တစ်ဖက်လူပို့လိုက်သော အချက်ကို မိအောင်ဖမ်း၍ မိမိလည်း ထိုသို့ လက်ခံကြောင်း ၀န်ခံသည်။ တချို့က အစွဲများနှင့်မို့ အမှန်ကို မမြင်။ တစ်ဖက်လူပေးသော Message ကို တလွဲ ဘာသာပြန်သည်။ ထို့နောက် ရင်ထဲက မခံမရပ်နိုင်တာတွေပါ ဖွင့်ထုတ်သည်။ နောက်ဆုံး Message စပို့သော ကျွန်တော်ပင် အမှားဖြစ်လို့နေတော့သည်။

သည်တော့ ပြန်ကောက်ချက်ချလိုက်လျှင် လူတစ်ယောက်သည် သူကိုယ်တိုင် အမှန်ကို လက်ခံထားမှ တစ်ဖက်လူ၏ အမှန်ကို မြင်နိုင်မည်ဖြစ်သည် ဆိုသော အချက်ကို တွေ့လိုက်ရပါသည်။ ထိုသို့ အမှန်ကို မမြင်နိုင်ပါက ထိုလူသည် တစ်ဖက်လူက မည်သို့သော စိတ်သဘောထားမျိုးဖြင့် ၀င်လာသည်ဖြစ်စေ၊ အဆိုးတွေချည်းသာ မြင်နေလေတော့သည်။ အမှန်မှာ တစ်ဖက်လူသည် ထိုသို့ ဆိုးနေပါသလားဟု ဆိုလျှင် မဟုတ်။ ကာယကံရှင်က အမှန်ကိုမမြင်(သို့မဟုတ်) အမှန်ကို လက်မခံသောကြောင့်သာ တစ်ဖက်လူကို ဘာလုပ်လုပ်၊ ဘာပြောပြော အကောင်းဟု မထင်တော့ခြင်းပင်။

ပြီးတော့ အမှန်ကို မြင်ခြင်း၊ မမြင်ခြင်းမှာ အရွယ်နှင့်လည်း ဆိုင်ပါသည်။ မန်ယူ ပရိသတ်ချင်းအတူတူ ကျွန်တော်ပို့လိုက်သော Message သည် အမှန်ဖြစ်သည်ဟု လက်ခံနိုင်သူများသည်လည်း မန်ယူ ခရေဇီများပင်။ သို့သော် သူတို့က ဘောလုံးပွဲ တစ်ပွဲကို ဘောလုံးပွဲတစ်ပွဲလိုသာ လက်ခံကြည့်တတ် သူများ ဖြစ်ကြသည်။ ငါ့အသင်းဆိုသော အစွဲနှင့် ကြည့်တာမဟုတ်။ အရွယ်အရ၊ အတွေ့အကြုံအရ ဘာစီလိုနာ သာသည်ဟု လက်ခံနိုင်စွမ်းရှိသူများပင်။ သူတို့က ဘောလုံးပွဲပေါင်းများစွာကို ကြည့်ဖူးသူ များဖြစ်၍ ကျွန်တော်စာလေး နည်းနည်းပို့သည်နှင့်ပင် သဘောပေါက်ကာ ဘာစီလိုနာကိုပင် ချီးကျူးနေကြ ပါသေးသည်။

ကျွန်တော့်ကို ပြန်ခံငြင်းရင်း မဆီမဆိုင် အာကြီးကိုပါ နှက်ချင်သည့် ကောင်လေးမှာ သူတို့နှင့် နှိုင်းယှဉ်လျှင် ငယ်လွန်းပါသည်။ ထိုအချက်ကလည်း အမှန်ကို အမှန်အတိုင်း လက်မခံနိုင်ခြင်း၏ အကြောင်း တစ်ချက် ဖြစ်နိုင် ပါသေးသည်။ ထို့ကြောင့်လည်း စပြောသည်က ဘာစီလိုနာ ကောင်းကြောင်းဖြစ်ပြီး တကယ်ဆုံးတော့ အာကြီးညံ့တာ ဖြစ်သွားလေတော့သည်။

သည်တော့ လူ့လောကထဲမှာ လူတွေနှင့်နေစဉ် သည်လို အဖြစ်အပျက်မျိုးတွေ များစွာ ကြုံနိုင်ပါသေးလားဟု သုံးသပ်မိပါသည်။ ကိုယ်မှန်နေပါလျှက် အမှန်မမြင်နိုင်သူတွေကြောင့် ကိုယ်ကနေရင်းထိုင်ရင်း အပြစ် လုပ်မိသူ ဖြစ်သွားတတ်သည်ကို ဆင်ခြင်ဖို့ကောင်းလှပါတော့သည်။ ထိုသို့ ကိုယ့်ကို အမှန်မမြင်နိုင် သူများသည် ကိုယ့်ထက် အရွယ်အရ ကြီးနေသည့်တိုင် အမှန်မမြင်နိုင်သေးပါက အသက်ကြီး၍ အချိန်မစီး သူများဖြစ်သည်ကိုလည်း မမေ့သင့်ပေ။ အချိန်တန်၍မှ မရင့်ကျက်သေးသူများ ဖြစ်နေသေးသည်ကိုး။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အားလပ်ရက်တစ်ရက်၏ မနက်ခင်းတစ်ခုမှာ ပို့လိုက်မိသော SMS တစ်ခုမှတစ်ဆင့် လူတချို့၏ စိတ်ထားကို ကောက်ချက်ချနိုင်သလောက် ချခဲ့မိ၍ ကျေနပ်နေမိသည်ကတော့ အမှန်ပင်။ ။

ဆူးသစ်
၂၃:၀၉ နာရီ
၃၁.၅.၂၀၁၁


Sunday, May 29, 2011

"အစိမ်းရောင် အတွေးများ"


မနေ့က ( ၂၈.၀၅.၂၀၁၁) မှာ ကျွန်တော့်အလုပ်က အချိန်ပိုဆင်းရသည်။ Project နောက်အသစ်တစ်ခု ကူးပြီမို့ နည်းနည်းတော့ အားထည့်ရ၏။ ရာသီဥတုကလည်း ပူလွန်းသည်မို့ အားလုံးပင်ပန်းကြသည်။

အိမ်ပြန်တော့ Jurong East MRT မှာ ကားက ချပေးနေကျမို့ Jurong East မှာ ဆင်းပြီး MRT ထဲမှာ ရထားအလာ စောင့်နေခဲ့သည်။ ထိုအချိန်မှာပင် ကျွန်တော်နှင့် အတူ စောင့်နေသူများကြား တိုက်တိုက်ဆိုင်ဆိုင် Sport Shirt အစိမ်းရောင်ဝတ်သူတစ်ဦးက ကျွန်တော့်အနားမှာ ရပ်လို့နေသည်။ ကျွန်တော်လည်း သူ့လို Sport Shirt အစိမ်းရောင်ဝတ်ထားသည်မို့ အရောင်ကို သွားသတိထားမိသည်။ ကျွန်တော့်အင်္ကျီ အရောင်က သူ့အင်္ကျီအရောင်ထက် ဖျော့လို့နေပါရော့လား။

စိတ်ထဲကတော့ ဪ-ငါ့အင်္ကျီအရောင် လွင့်နေပြီပဲ။ Project တစ်ခုပြီးလို့ နောက်တစ်ခု ကူးသွားတဲ့အချိန် အင်္ကျီတွေလည်း အရောင်တွေတောင် လွင့်ကုန်ပြီဟု အတွေးဖြစ်သည်။

နောက်တော့ ရထားလာ၍ တက်လိုက်လာပြီး Clementi MRT ရောက်တော့ ဆင်းလိုက်သည်။ Jurong East မှ ကျွန်တော်တက်စီးနေကျ ရထားနေရာသည် Clementi ရောက်လျှင် Escalator နှင့် တည့်တည့် ကျသော နေရာဖြစ်ရာ ရထားရပ်၍ တံခါးဖွင့်သည်နှင့် တန်းထွက်လိုက်ရာ ထိုအစိမ်းရောင် အင်္ကျီနှင့် လူသည် ဘယ်ကထွက်လာမှန်း မသိဘဲ ကျွန်တော့်ရှေ့က ဖြတ်ကာ Escalator မှ ဆင်းလေသည်။

ထိုအချိန်မှာပင် နောက်ထပ်လူတစ်ယောက်သည် ကျွန်တော်နှင့် အင်္ကျီအရောင်တူလူကြား ၀င်လာရာ ကျွန်တော့် ရှေ့မှနေ၍ Escalator ဖြင့် ဆင်းလေသည်။ သို့သော် တိုက်ဆိုင်စွာပင် ထိုလူဝတ်ထားသော အင်္ကျီမှာ ကျွန်တော်တို့လို အစိမ်းရောင် Sport Shirt ပင်ဖြစ်ရာ ကျွန်တော့်မှာ အံ့အားသင့်စွာ ငေးမောရင်း လိုက်ကြည့်မိလေ၏။

ထိုလူ၏ အင်္ကျီအစိမ်းရောင်မှာ ကျွန်တော့်အင်္ကျီ အရောင်ထက် ပိုဖျော့၏။ ထိုအခါ Escalator ပေါ်မှာ စီးနေသော ကျွန်တော်တို့ သုံးယောက်သည် အစိမ်းရောင် Sport Shirt အားလုံးတူညီစွာ ၀တ်ဆင်ထားသော်ငြား ရှေ့ဆုံးက လူသည် အရောင် အတောက်ဆုံး၊ အလယ်က လူသည် အရောင် အဖျော့ဆုံး နှင့် နောက်ဆုံးက ကျွန်တော်သည် အရောင် အသင့်အတင့်ကျန်သော အင်္ကျီများကို ၀တ်ဆင်ထားသည်ကို သွားတွေ့ရလေသည်။

ထိုအခါ၌ ကျွန်တော့်ခေါင်းထဲသို့ အတွေးတွေ ၀င်လာလေသည်။ မူလက Jurong East MRT မှာ ကျွန်တော့်ထက် အင်္ကျီအရောင် တောက်သူကိုတွေ့တော့ စိတ်ထဲမှာ သိမ်ငယ်သလို ခံစားရသည်။ ကိုယ့်အင်္ကျီလေး အရောင်နွမ်းနေပြီကိုး။ ဟော- ဗြုန်းဆို နောက်တစ်ဘူတာ ဖြစ်သည့် Clementi MRT ရောက်တော့ ဓါတ်လှေကား စီးနေရင်းမှာပင် ကိုယ့်ထက် အင်္ကျီအရောင် ဖျော့သည့်လူနှင့် တွေ့တော့ မပျော်မိသော်ငြား ဪ- ငါ့ထက် ပိုဆိုးတဲ့လူ ရှိပါသေးလားဟု ဖြေသိမ့်တွေးလေး တွေးမိ၏။

နောက်တော့ အတွေးက ထပ်ဆံ့သည်။ ရထားဘူတာ တစ်ဘူတာနှင့် တစ်ဘူတာကြားမှာပင် လူ့ဘ၀၏ အပြောင်းအလဲကို မြင်ရ၏။ လောကမှာ ကိုယ့်ထက်သာသူ ရှိ၍ စိတ်အားငယ်စရာ မရှိသလို ကိုယ့်ထက်နိမ့်ကျသူ ရှိ၍လည်း ၀မ်းသာနေစရာမလို။ လူတိုင်းမှာ သူ့နေရာနှင့်သူ ရပ်တည်မှုဆိုတာ ရှိနေပေလိမ့်မည်။ စိတ်အားငယ်ချင်လျှင် ကိုယ့်ထက်အားနည်းသူများ ရှိနေသည်ကို သုံးသပ်ပြီး ဘ၀င်မြင့်ချင်လျှင် ကိုယ့်ထက်သာသူတွေ ရှိနေသည်ကို မမေ့သင့်ကြောင်း အတွေးတွေ ၀င်လာသည်။

ပြီးတော့ ကျွန်တော်တို့ လုပ်ကွက်ထဲမှာ Project Manager က Container ထဲမှာ Computer ဖြင့်၊ Air Con ဖြင့် အလုပ်လုပ်နေချိန်မှာ Safety Supervisor ဖြစ်သည့် ကျွန်တော်က Site ထဲ၊ နေပူကြီးထဲ အလုပ်သမားများ၏ ဘေးကင်းရေးအတွက် လိုက်ပတ်ကြည့်နေရသည်ကို ပင်ပန်းသည်ဟု ထင်ပြီး PM လို သက်သက်သာသာ နေရလျှင် ကောင်းမည်ဟု ထင်နေသော အတွေးက ထိုနေပူကြီးထဲ Cable အကြီးကြီးများကို မနိုင်မနင်း ဆွဲနေရသော အလုပ်သမားများလောက် မပင်ပန်းသေးပါလားဟု သေသေ ချာချာ ပြန်တွေးမိသွား၏။

ရထားဘူတာ တစ်ဘူတာနှင့် တစ်ဘူတာကြားမှာပင် လူ့ဘ၀၏ အပြောင်းအလဲ၊ အတက် အကျကို မြင်ရသေးရာ သံသရာဆိုလျှင် သည်ထက်များစွာ မြင်ရ၊ ကြုံရပေတော့မည်။ ကျွန်တော်တွေ့ဖူး၊ ကြုံဖူး သော်ငြား မေ့သလောက်ရှိနေ၍ သည်တစ်ခါ အတွေးသည် စိမ်းသလိုရှိနေသည်။ အင်္ကျီအစိမ်းများမှ ဖြစ်တည်လာပြီး မရတာ ကြာပြီဖြစ်၍ စိမ်းသလို ဖြစ်နေသော ထိုအတွေးများကို 'အစိမ်းရောင် အတွေးများ' ဟု ကျွန်တော် ဆိုချင်မိသည်။ ပြီးတော့ ကျွန်တော့် အစိမ်းရောင် အတွေးများကို တစိမ့်စိမ့်နှင့် ပြန်လည်သုံးသပ် နေမိပါသေးသည်။ ။

ဆူးသစ်
၁၁:၄၉ နာရီ
၂၉.၅.၂၀၁၁

Friday, May 27, 2011

"ရွှေထဲက ရွှေ"


ကျွန်တော့် လုပ်ကွက်ထဲမှာ မြန်မာများ၍ တစ်ခါတစ်ရံ၌ ထူးထူးဆန်းဆန်းလေးတွေ၊ ရယ်စရာလေးတွေ ကြားရတတ်သည်။ ယခု ကျွန်တော် ပြောမည့် အကြောင်းအရာသည်လည်း သူတို့ပြောနေသည်ကို ကြားမိ၍ ရယ်စရာတစ်ခု အနေနှင့် မျှဝေချင်သောကြောင့် ချရေးပြလိုက်ခြင်းသာ ဖြစ်ပါသည်။ မည်သူမည်ဝါကို ထိခိုက်စေဟု မရည်ရွယ်ရိုး အမှန်ဖြစ်ကြောင်း ကြိုတင် စကားခံထားချင်ပါသည်။

ဖြစ်ပုံက သည်လိုပါ။ စင်ကာပူမှာ နေသူ တော်တော်များများကတော့ သိပြီးသား ဖြစ်ပါလိမ့်မည်။ ကျွန်တော်တို့ ရွှေမြန်မာ ယောကျာ်းလေးများ တော်တော် စွံကြပါသည်။ ဖားဟုခေါ်ကြသော ဖိလစ်ပိုင်လူမျိုးများ၊ 'အ' ဟု ခေါ်ကြသော အင်ဒိုနီးရှားလူမျိုးများ နှင့် တော်တော်ကို ချစ်ချစ်ခင်ခင် ရှိကြပါသည်။

ကျွန်တော့် လုပ်ကွက်ထဲမှာ ရှိသော ယောကျာ်းလေးတော်တော်များများသည် ဖားမများနှင့် ပျော်မြူးကြရာ ဇာတ်လမ်းတွေလည်း စုံလှပါသည်။ တချို့ဆို လကုန်လျှင် လစာပြန်မပို့နိုင် ဖြစ်ကာ ဖုန်းဖိုး၊ တည်းခိုခန်းဖိုးနှင့်ပင် မွဲနေလေတော့သည်။ 'အ'မ နှင့်တော့ နည်းလှပါသည်။

သည်ကြားထဲမှာမှ ကိုယ့်မြန်မာ လူမျိုးချင်းလည်း တွဲကြပါသည်။ တချို့က တစ်ဘ၀လုံးအတွက်ဖြစ်ကာ တချို့ကတော့ တစ်ရွာ တစ်ကျီ ဆောက်သည့် သဘောမျိုးဖြစ်ရာ ဆင်ခြင်စရာကောင်းလှပါတော့သည်။

သည်လို ပြောတော့ ယောကျာ်းလေးများကသာ အပြစ်လုပ်နေသည့် သဘော သက်ရောက်နေလေသည်။ တကယ်တမ်း ပြန်တွေးကြည့်တော့ လက်ခုပ်ဆိုသည်က နှစ်ဖက်တီးမှ မြည်သည့်သဘော ရှိရာ ချင့်ချိန်ကြည့်လျှင် ဖားမ၊ 'အ' မ တို့သည်လည်း သူ့သဘော သူဆောင်နေကြသည်ဟု ဆိုရပေမည်။

ထိုသို့ သူ့သဘောသူ ဆောင်နေသည့်ကြားတွင် ကျွန်တော်တို့ မြန်မာ မိန်းကလေး တချို့ကား ကန့်လန့်၊ ကန့်လန့် နှင့် ပါနေလေရာ ရင်မောရတော့သည်။ ထိုအကြောင်းနှင့် ပတ်သက်၍ ကျွန်တော်တို့ လုပ်ကွက်ထဲက အလုပ်သမားလေးများ စကားစုဖွဲ့ ပြောနေသည်ကို ဤသို့ ကြားရလေသည်။

"တချို့ကောင်မလေးတွေက မြန်မာနဲ့ မတွဲဘူးကွ။ တော်တော်ရင်နာဖို့ကောင်းတယ်"

"ဟုတ်လား၊ ဘယ်သူတွေနဲ့ တွဲတာလဲ"

"ကုလားနဲ့ဟေ့။ ကုလားနဲ့။ ဘယ်လောက် စိတ်နာဖို့ကောင်းလဲ။ စလုံးမှာ ဒီလောက် ရွှေတွေပေါတာ"

"မင်းတို့တောင် ဖားတွေ၊ အ တွေနဲ့ တွဲနေတာပဲ။ သူတို့တွေလည်း တွဲချင်တွဲမှာပေါ့"

"ဟ- ငါတို့က ယောကျာ်းလေးတွေကွ။ ဘာမှ မဖြစ်ဘူး။ သူတို့က နာမှာ"

"ဘ ကုန်းနဲ့ တွဲတာတောင် ကျွန်တော် မြင်ဖူးတယ်"

"ဟာကွာ- စိတ်နာဖို့ ကောင်းလိုက်တာ"

"အေး- အဲဒီလို စိတ်နာလို့ City Hall မှာ ကြုံရတာလေး ပြောပြဦးမယ်"

"အင်း- လုပ်ပါဦး"

"ငါနဲ့ ငါ့ဘော်ဒါတွေ တစ်ရက်မှာ ဘီယာ သောက်နေတုန်း ဆိုင်ထဲကို အတွဲ တစ်တွဲ ၀င်လာတယ်ကွ။ ကောင်မလေးက ရွှေမ။ ဘဲက ကုလားကွ။ ဒါနဲ့ သောက်နေတဲ့ ငါ့ဘော်ဒါတွေက တင်းလာပြီး ထတုတ်ပါလေရော။"

"ဟာ- ကောင်မလေးက ရဲလှချည်လားကွ။ မျက်နှာပြောင်လှချည်လား"

"အေး-မင်းတို့လိုပဲ ငါနဲ့ ငါ့ဘော်ဒါတွေလည်း တော်တော်တင်းတော့ ပြောကြတာပေါ့ကွာ။ အားရပါးရ။ လူတွေက အရှိန်ကလည်း တက်နေပြီဆိုတော့။ သေနာမ၊ အရှက်မရှိဘူး။ ကုလားနဲ့တွဲပြီး မြန်မာတွေ အများကြီး ရှိတဲ့နေရာ လာရဲသေးတယ်။ ဘာညာပေါ့ကွာ"

"အဲဒါ မျက်နှာတွေ၊ ဘာတွေ မပျက်ဘူးလား"

"နေဦး၊ ဆုံးအောင် နားထောင်။ အဲဒီကောင်မလေးက မျက်နှာမပျက်ဘူး။ သူနဲ့တွဲတဲ့ ကုလားက ဆိုင်ထဲက ငါတို့ရှိတဲ့နေရာ ၀င်လာတယ်။"

"ဟေ"

"ပြီးတော့ ငါတို့ကို လာပြောတယ်။ ငါတို့လည်း ရုတ်တရက်ဆိုတော့ ကြောင်ပြီး ကြည့်နေတာ။ ပြီးမှ သူက ဘာပြောတယ် မှတ်လဲ"

"ဘာပြောလို့လဲ"

"အစ်ကို - ကျွန်တော်က ရွှေကုလားပါဗျာ တဲ့"

"ဟား--ဟား--ဟား"

"ဒါနဲ့ ငါတို့လည်း အေး-ဒါဆိုလည်း ပြီးရောဆိုပြီး ပြောထည့်လိုက်ရတယ်"

သူတို့ဆီက ရယ်သံများကြားတော့ ကျွန်တော်လည်း လိုက်ရယ်ရင်း နေရာက ခွာခဲ့လေတော့သည်။

တကယ်တော့ သူတို့တစ်တွေ ရယ်စရာ အဖြစ်သာ ပြောနေကြတာ၊ သူတို့ ရင်ထဲမှာ ကိုယ့်မြန်မာ မိန်းကလေးတွေ နိုင်ငံခြားသား ကုလားတွေ၊ ဘကုန်းတွေနှင့် တွဲနေသည်ကို မလိုလားသော စိတ်ကလေးတွေ ရှိနေသည်ကို အမှတ်မထင် ကျွန်တော်မြင်မိလိုက်သလို သူတို့ ကိုယ်တိုင်ကသာ ဖားတွေ၊ 'အ' မတွေနှင့် တွဲနေသော်ငြား ကိုယ့်လူမျိုးဆိုသည့် အမျိုးချစ်စိတ်တွေ ရှိနေသည်ကို ရယ်စရာလေးများကြားမှ သေသေချာချာ သိခဲ့ရရာ စိတ်ထဲက ကျိတ်၍ ကျေနပ်မိပါသေးသည်။ ။

သားလတ်
၂၁း၄၄ နာရီ
၂၇.၀၅.၂၀၁၁





Monday, May 23, 2011

"ကျွန်တော့်မှတ်စု" (၂)


+ အသိပညာစွမ်းအားသည် ထက်မြက်လွန်းလှသည် မှန်၏။ သို့သော် ပညာ၊ ဗဟုသုတ မည်မျှပင် ထွန်းကားသော်လည်း ပိုင်းခြားဝေဖန် သိမြင် နိုင်သော အသိတရား မရှိပါက ဤကဲ့သို့ အသိပညာ ဗဟုသုတ တိုးပွားခြင်းသည် ပူဆွေး ဒုက္ခများ တိုးပွားလာမှု ရလဒ်ကိုသာ ရရှိပေမည်။

[ကမ္ဘာကျော်တွေးခေါ် ပညာရှင်ကြီး ဘာထရန် ရပ်ဆယ်]

+ လူနှင့်လူချင်း အဖက်မတန်ဟု ထင်ရလောက်အောင် အလုပ်ခံရခြင်းထက် ဆိုးရွားသည်မှာ အတော် ရှားပေလိမ့်မည်။ ၀ိဋဋူပ မင်းသား သာကီဝင်များကို အူသေးအူမွှားမကျန် လိုက်၍ သတ်လောက်အောင် ရန်ငြိုးထားမိသည်မှာ ထိုကဲ့သို့ မတူမတန် အဆက်ဆံ၊ ရိုင်းပြမှု၏ မီးပွားကလေးကြောင့်ပင် မဟုတ်ပါလော။

[မိန်းမ က္ကုနြေ္ဒ - သုခ - ၀တ္ထုတိုပေါင်းချုပ်]

+ ဘာကြောင့် စာခိုးချရသလဲ ဆိုတဲ့ ပြဿနာကို စိတ်ပိုင်းဆိုင်ရာ ရှုထောင့်ကကြည့်ရင် ကိုယ်နဲ့ မထိုက်တန်တဲ့ဂုဏ်ကို မတရားသောနည်းနဲ့ အချောင်ရချင်လို့ ဆိုတာ သွားတွေ့မိတယ်။

[အထက်တန်းကျတဲ့စိတ်နဲ့ စာခိုးသူ ပြဿနာများ]
[စာ-၁၇၊ သင့်ဘ၀၊ ဇန်န၀ါရီ၊ ၁၉၉၆] [ဖေမြိုင် - ပြောလိုရာပြောခွင့်ကဏ္ဍ] (စာမေးပွဲနှင့် ပတ်သက်၍ ရေးသော ဆောင်းပါးဖြစ်)

+ ကောင်းမြတ်သော အတွေးအခေါ်များ၊ ကောင်းမြတ်သော အမူအကျင့်များ၏ သာဓကများသည် အစစ်အမှန်ဖြစ်၍ အမြဲကျင့်သုံးနိုင်ငြားလည်း လူကြိုက်နည်း၍ မသုံးတော့ဘဲ 'တိုးတက်မှု' (ထွန်သွား) အောက်မှာ ထွန်ယက်ခြင်းခံရသည့် အလျှောက် လွယ်ကူစွာ မေ့ပျောက်ခြင်း ခံရနိုင်ချေသည်။

['စရဏ ၀တ္ထု' ကျမ်းရေးသူ - အမေရိကန် စာရေးဆရာ ဂျိမ်းစ် ဂါဒနာ]

+ မိမိစိတ်ကို ချိုးနှိမ် ဆုံးမသောသူ၏ ကံတရားသည် လုံခြုံ စိတ်ချရ၏။

[ဂေါတမ ဗုဒ္ဓ - အဂုင်္တ္တရနိကာယ်၊ ကူဋသုတ်]

Sunday, May 22, 2011

"မိန်းမ ညီမျှခြင်း"


ကြာတော့ကြာခဲ့ပြီ ဖြစ်သည်။ ကျွန်တော် မြန်မာပြည်မှာ ရှိစဉ်က ကျွန်တော့်ငယ်သူငယ်ချင်းတစ်ယောက်က E mail တစ်စောင်လှမ်းပို့ပေးခဲ့သည်။ စက်မှုတက္ကသိုလ်တက်နေစဉ် ကျောင်းသားဘ၀မို့ သူ့စာကို စိတ်ဝင်စားခဲ့သည်။ သူ့စာက ရိုးရိုးစာမဟုတ်။ ညီမျှခြင်းတစ်ကြောင်း။ Equation တစ်ကြောင်း ကို ဖော်ထုတ်ထားတာဖြစ်သည်။ ကျောင်းမှာလည်း Equation တွေချည်းသာ ရှင်းနေရသည်မို့ ထို Equation ကိုလည်း စိတ်ဝင်စားမိသည်။ ညီမျှခြင်း၏ အစက သည်လိုစ၏။

မိန်းမတစ်ယောက်ကို ရရန် အချိန်နှင့်ငွေ လိုပါသည်တဲ့။ လိုသည်မှ ရိုးရိုးလိုသည်မဟုတ်။ အဆပေါင်းများစွာ လိုသည်ဟု ဆို၏။ ထို့ကြောင့် ညီမျှခြင်းသည် အောက်ပါအတိုင်း စခဲ့လေသည်။

Woman = Time x Money



သို့သော် အချိန် သည်လည်း ငွေ (အချိန်=ငွေ) ဟု ဆိုကြလေရာ ညီမျှခြင်းသည် အောက်ပါအတိုင်း ထပ်ဖြစ်လာပြန်ပါသည်။

(Time = Money)

Woman = Money x Money = Money2


ထို့ပြင် ငွေဆိုသည်မှာ ပြဿနာ အားလုံးတို့၏ အရင်းအမြစ် ဖြစ်သည်ဟု ဆိုကြပါသည်။ အရင်းအမြစ် ဆိုသည်မှာ English လို ပြောလျှင် Square Root ပင်ဖြစ်ရာ ညီမျှခြင်းသည် အောက်ပါအတိုင်း ထပ်ဖြစ် လာပြန် ပါလေသည်။

(Money = √Problem)

Woman = (
√Problem )2

ထို့နောက် Square Root ကို ၂ ထပ်ကိန်းနှင့် ချေလိုက်ရာ နောက်ဆုံး ညီမျှခြင်းမှာ ရှင်းလင်းစွာ ထွက်လာ ပါတော့သည်။

Woman = Problem

သည်တုန်းက ထိုညီမျှခြင်းကို ကြည့်ပြီး ဟုတ်နိုင်လားဟု စဉ်းစားကြည့်မိခဲ့သည်။ ရန်ကုန်မှာ အလုပ်လုပ်တုန်းက သင်တန်းပေးစဉ်မှာ သင်တန်းသားတွေ အိပ်ငိုက်မည်စိုး၍ ထို ညီမျှခြင်းလေးအကြောင်း ရှင်းပြခဲ့ဖူးသည်။ သင်တန်းမှာ ကောင်မလေးတွေပါ၍ အားတော့ နာရ၏။ အတူတူ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကတော့ "ခင်ဗျားကတော့ လုပ်ပြီ၊ အိမ်ထောင်တောင် မကျသေးဘူး။ လူပျိုကြီး ဖြစ်နေဦးမယ်" ဟု ဆိုကာ ထို ညီမျှခြင်း ရှင်းသည့် ကိစ္စ နှင့် ပတ်သက်၍ သတိ ပေးခဲ့ဖူး၏။ ဗဟုသုတ ရစေရန်အလို့ငှာ ရှင်းပြခဲ့ခြင်းသာ။ ကျန် ဘာရည်ရွယ်ချက်မျှ မရှိ။

ခုတော့ ကျွန်တော်လည်း အိမ်ထောင်ကျ၊ သူငယ်ချင်းတွေလည်း အိမ်ထောင်ကျလေပြီ။ ညီမျှုခြင်း မှန်မမှန်တော့ ကိုယ့်ဘာသာ သိကြပေလိမ့်မည်။ သည်စာဖတ်ပြီး လာတော့ မမေးပါနှင့်။ ထို ညီမျှခြင်း မှန်မမှန် ကျွန်တော်လည်း မပြော။ သူငယ်ချင်းတွေလည်း ပြောမည်မဟုတ်။ သူတို့ကလည်း ကျွန်တော် မေးလျှင် ပြောမည် မထင်။ အားလုံး အရူးသိုင်း နင်းကြပေလိမ့်မည်။

သို့သော် တစ်ခုတော့ ဖြေနိုင်ပါသည်။ မိန်းမဆိုတာ ရှိကိုရှိရမည်။ ပြီးတော့ လိုလည်းလိုအပ်ပါသည် ဟုသာ။ ။

သားလတ်
၁၈:၅၆ နာရီ

၂၁.၀၅.၂၀၁၁


Thursday, May 19, 2011

"မုန်တိုင်းကြားက သစ်ပင်"


ပင်မမျိုးဆက်မှန်မှန်နဲ့
သစ်ပင်တို့ရဲ့ ဗီဇသဏ္ဌာန်ကအတူတူ
အကိုင်းအခက်ဝေဆာတာလည်း အတူတူ
ဖူးငုံပွင့်သီးတာလည်း အတူတူပေမယ့်
မတူတာက ရပ်တည်မှု
ဘယ်သူမှ တုပမရဘူး။

ကြမ်းလိုက်တဲ့လေ
သရမ်းလိုက်တဲ့နေ
ခြွေလိုက်တဲ့မိုး
ဆိုးလိုက်တဲ့ဆောင်း
သက္ကရာဇ်ပြောင်းရင် အကြောင်းတွေသိ
သူက ပကတိပဲရှိနေတယ်။

လောကဓံဆိုတာက သူ့အတွက်လေညင်း
ကံကြမ္မာဆိုတာက သူ့အတွက်မိတ်ဆွေ
နိဂုံးဆိုတာက သူ့အတွက်အိပ်မက်
ပင့်သက်ဆိုတာက သူ့အတွက်စိတ်ကူး
ဒါတွေက သူ့ကိုထူးခြားမှု မဖြစ်စေခဲ့ဘူး။

သူ့ရာသီဒဏ်ကို အံခဲတဲ့စိတ်
သူ့ရေသောက်မြစ်ကို အားမွေးတိုးဝင်စေတဲ့စိတ်
သူ့ပင်စည်ပင်မကို ကြံ့ကြံ့ခံအောင်တင်းထားတဲ့စိတ်
သူ့နေရောင်ခြည်ကို အရိပ်ဖြစ်အောင်လုပ်တဲ့စိတ်တွေနဲ့
သိပ်ချစ်စရာကောင်းတဲ့ မြင့်မြတ်ဆဲ နှလုံးသားကတော့
ဆင်ခြင်မှုနဲ့ သံဝေဂပွားကြည့်ရင်
အသိတွေအများကြီး ရလောက်ပါရဲ့။

ကျောက်စာတိုင်တစ်ခုရဲ့ ၀ိညာဉ်ခိုအောင်းနေသလို
သက္ကရာဇ်အားလုံးရဲ့ မုန်တိုင်းတွေကို အံတုခံခဲ့ပုံများ
ဟောဒီမှာ သဘာဝတရားရေ...
သူ့သမိုင်းမှာ ဒဏ်ရာဆိုတာ ရယ်ပွဲဖွဲ့စရာချည်းပဲတဲ့လေ။ ။

သားလတ်
၁၉:၁၁နာရီ

၁၇.၀၄.၉၆


(အထက်ပါကဗျာကို မဟေသီမဂ္ဂဇင်းသို့ ၁၉၉၆ ၀န်းကျင်က ကျွန်တော်ပို့ခဲ့ဖူးပါသည်။ ရွေးကဗျာအဆင့် အထိပါခဲ့ပြီး၊ ဒီဇိုင်းအပ်ပြီးမှ ပြန်ပြုတ်သွားပါသည်။ ဆင်ဆာမိသွားသည်ဟု ပြန်သိရပါသည်။ ကျွန်တော့်ဘာသာ မိုးတွေသဲသဲမဲမဲရွာနေချိန်မှာ လေတိုက်ခံနေရသော သစ်ပင်တစ်ပင်ကို ကြည့်၍ ရေးထားခြင်းအား မည်သို့ အနက်ပြန်လိုက်သည်မသိ။ တော်တော်တော့ ခံစားလိုက်ရပါသည်။ ပိုဆိုးသည်က ထိုကဗျာသည် မဟေသီမဂ္ဂဇင်းတွင် အရွေးခံရပြီးမှ ဖော်ပြမခံရသော ဒုတိယ ကဗျာဖြစ်ခဲ့သောကြောင့် ပို၍ စိတ်မကောင်းဖြစ်ရပါသည်။ ပထမကဗျာတုန်းကလည်း အရွေးခံရပြီးမှ ရတနာသစ်မဂ္ဂဇင်းကို တွဲကိုင်သော မဟေသီအယ်ဒီတာ အဖွဲ့ စာမူလိုနေ၍ ကျွန်တော့်ကဗျာကို ကလောင်သစ်ဖြစ်၍ လွှဲပေးခဲ့ရာ ထိုစဉ်က စာပေနယ်သို့ စခြေချရန် မဟေသီနှင့် စချင်သော ကျွန်တော့် စိတ်ကူးသည် ရတနာသစ်နှင့် စခဲ့ရလေသည်။ မဟေသီက ထိုစဉ်က တော်တော် ဟစ်ထနေခဲ့သောကြောင့် ကျွန်တော့်ပထမဆုံး စာမူကို ပါစေချင်ခဲ့ခြင်းပင်။ ပထမဆုံးကဗျာ" စက်ပါဖို့လိုသည် "ကို ဖော်ပြပြီးဖြစ်၍ ယခု ကဗျာကို ဖော်ပြလိုက်ပါသည်။)

"အသက်ရာကျော်ရှည်ပါစေ"


မနေ့က ကဆုန်လပြည့်နေ့တွင် စင်ကာပူမှာလည်း Vesak Day ဖြစ်၍ ပိတ်ရက်ရသည်မို့ ကျွန်တော့်ဇနီး ပါရမီဖြည့်ဖက်လေးက ရန်ကုန်ရှိ သူ့အိမ်ကို ဖုန်းဆက်သည်။ သည်လထဲမှာ ဇနီး၏ အဘိုးက အသက်(၈၂) နှစ် နှင့် အဘွားက (၇၉) နှစ်ပြည့်၍ မွေးနေ့အထိမ်းအမှတ်အဖြစ် ကဆုန်လပြည့်နေ့တွင် အိမ်မှာ ဆွမ်းကပ်၍ အလှု လုပ်သည်တဲ့။ ဇနီးကတော့ လူစုံနေချိန်မှ အိမ်ကို ဖုန်းခေါ်မိ၍ အိမ်အလွမ်းမိကာ မျက်ရည်လေး စို့စို့ ဖြစ်နေလေတော့သည်။

လွန်ခဲ့သော တနင်္ဂနွေနေ့ကတော့ ကျွန်တော့်အိမ်ကို ဖုန်းခေါ်စဉ် အမေက အိမ်မှာရှိသော အဖေ့ဘက်က အဘိုး၊ ကျွန်တော်တို့အဘ နေမကောင်းဖြစ်သည့် အကြောင်းပြောပြသည်။ နယ်ခဏပြန်စဉ်မှာ ငံပြာရည်ကြော်စားမိပြီး သီးရာမှ ဘာမှမစားနိုင်တော့ဘဲ ရန်ကုန်ပြန်ခေါ်ခဲ့ရသည်တဲ့။ ဆရာဝန်နှင့် သွားပြတော့ အမေက လိုက်သွားသည်။ စစ်ဆေးပြီး အဖြေထွက်လာတော့ အစာရေမျိုလမ်းကြောင်းကင်ဆာ တဲ့။ ဆရာဝန်ကတော့ အစာစားမရတော့တာသိ၍ ပိုက်တွေ၊ ဘာတွေနှင့် အစာသွင်းကာ ဓာတ်ကင်ဖို့ ဘာညာ ကြိုးစားဖို့ မေးသေးသည်တဲ့။ သို့သော် အဘ အသက်က ထိုသို့ ခံနိုင်စွမ်းရှိမှာ မဟုတ်တော့။ (၈၄) နှစ် ရှိချေပြီ။

အဘကလည်း သူ့ကိုယ်သူ သူသိသည်ထင်၏။ မရလျှင်တော့ နယ်ပြန်မည်ဟုဆိုကာ ပြန်လိုက်ပို့ခိုင်းသည်။ သူ့ဇာတိပေကိုး။ သည်တော့ အဖေလည်း မနေသာတော့။ အဘစိတ်ချမ်းသာအောင် နယ်မှပါလာသော သူ့ညီနှင့် ပြန်ထည့်လိုက်ရသည်။ အဘ သတင်း ကြားကြားချင်းညက အဖေ ငိုသည်ဟု ကျွန်တော့်ကို အမေက ဖုန်းထဲမှာ ပြောပြသည်။ အဖေ ငိုမှာပေါ့ ဟု ကျွန်တော်တွေးရင်း ကျွန်တော်လည်း အမေနှင့် ဖုန်းအပြတ်မှာ ငိုမိသေးသည်။

အဖေက သူ့အဖေ ဆုံးတော့မှာမို့ ငိုခြင်းဖြစ်သည်။ ကျွန်တော်ကတော့ တခြားအကြောင်းတွေရှိနေသည်။ အဘအိမ်မှာနေစဉ်က ကျွန်တော့်အလုပ်အကိုင် သိပ်အဆင်ပြေလှသည် မဟုတ်။ သည်တော့ အဖေတို့ အိမ်မှာ တင်ကျွေးထားရုံနှင့် ကျွန်တော်တို့ အနေသာကြီး ဆိုသည့် သဘောမျိုးဖြင့် စကားပြောရုံသာ တတ်နိုင်ခဲ့သည်။ သည်တုန်းက အဘကျန်းမာရေးကလည်း ဒေါင်ဒေါင်မြည်။ လှစ်ခနဲဆို ဘယ်ရောက် သွားမှန်းမသိအောင် လမ်းကလည်းလျှောက်လိုက်သေး၏။

ယခု ကျွန်တော် အဝေးရောက်၊ ၀င်ငွေလေး နည်းနည်းရပြီဆိုမှ အဘက ကောက်ကာ ငင်ကာ ရောဂါက ကြီးနေတော့သည်။ ပထမတစ်ကြိမ် အိမ်ပြန်စဉ်က အဘ ၀တ်ဖို့ စပို့ရှပ်တစ်ထည် ၀ယ်သွားပေးဖူးသည်။ ပက်လက်ကုလားထိုင်မှာထိုင်ရင်း သဘောတွေကျနေတာမြင်တော့ ကျွန်တော်ပြုံးမိသေးသည်။ ပြီးလျှင် သူဝတ်မှာမဟုတ်။ သပ်သပ်ရပ်ရပ်ခေါက်ကာ တစ်နေရာရာမှာ သိမ်းတော့မည်ကို သိနေ၍ပင်။

ပြန်စဉ်းစားတော့ အဘခုလိုဖြစ်ချိန်မှာ ကျွန်တော်က အဝေးမှာ။ ပြီးတော့ နှစ်ဖက်မိဘများမှာ အဘသည် နောက်ဆုံး အဘဖြစ်၏။ ကျွန်တော်တင်ခဲ့သော 'ရာဇ၀င်ထဲက စလွယ်ဝင်အိုး' ဆိုသည့် သီချင်းခံစားမှု ပို့စ်ထဲမှာ ပဲခူးရိုးမ တောင်ခြေက ရွာလေးတစ်ရွာမှာ အဘတို့ အိမ်ထောင်ကျ ခဲ့သည်ဟု ရေးခဲ့ဖူးသည်။ ထိုကစခဲ့သည့် ဘ၀များစွာ။ ယခု ကျွန်တော် စင်ကာပူ ရောက်နေလေပြီ။ အဘသည် စင်ကာပူကို ဘာမှန်းသိမှာမဟုတ်။ သူသိသည်က ပဲခူးရိုးမတောင်ခြေက ရွာကလေးကိုဖြစ်သည်။

သို့သော် ထိုရွာကလေးကနေ အဖေတစ်ယောက် ပညာတတ်ကြီးဖြစ်ခဲ့သည်။ ယခု အဖေ့သား၊ အဘမြေး ကျွန်တော်သည် နိုင်ငံခြား ဆိုတာကြီးကို ရောက်ပြီး ငွေရှာနေသည်။ အဘသည် အဖေတို့ ပြုစု စောင့်ရှောက် မှုကို ကျေနပ်စွာ ရရှိ နေ၏။ ကျွန်တော်သည် အဖေတို့ကို စောင့်ရှောက်ရင်း အဘကို သွယ် ၀ိုက် စောင့်ရှောက် နေမိသလို ခံစားရ၏။

ထိုအချိန်ပိုင်းလေးမှာပင် အဘသည် လူ့လောကကြီးကို နှုတ်ဆက်ရတော့မည်တဲ့လား။ ကျွန်တော် သူ့အနားကို ရုတ်တရက် မပြန်နိုင်ခဲ့။ ကျွန်တော်တို့အတွက် ကျေးဇူးရှိသော၊ ကျွန်တော်တို့၏ နောက်ဆုံး အဘ အတွက် ကျွန်တော် တတ်နိုင်တာလေး တစ်ခုတော့ လုပ်ပေးခဲ့သည်။ အဘ လှူချင်တာ လှူ၍ ရအောင် ငွေလှမ်းပို့ပေးခဲ့ပြီး ကျောင်းဆောက်သည့်အထဲ၊ ဘုရားတည်သည့် အထဲ ဒါမှမဟုတ် အဘ စိတ်တိုင်းကျ ဘုန်းကြီး ဆွမ်းကပ်၍ လှူချင်လည်းလှူပါဟု ဆိုကာ လှမ်းပြောခဲ့သည်။ ငယ်သူငယ်ချင်း ဆရာဝန်တစ်ယောက်ကို လှမ်းမေးတော့ Oesophageal CA ဟု ပြောသည်။ တခြားနည်းတွေ ကြိုးစား ဖို့ပြောတော့ မူလကုပေးသည့် ဆရာဝန် ပြောသလို ရှင်းပြခဲ့သည်။ သူ့ကို စိတ်ချမ်းသာသလို ထားဖို့ပဲ ရှိတော့တယ်ဟု ဆိုသည်။ ကျွန်တော်လုပ်ပေးခဲ့သည် ကိုလည်း ကောင်းတာပေါ့ဟု ဆိုသည်။ မည်သို့ဆိုစေ စိတ်ထဲမှာတော့ မကောင်းနိုင်တာ အသေအချာ။

သည်ကြားထဲ တိုက်တိုက်ဆိုင်ဆိုင် မနေ့က ဇနီးသည်၏ အဘိုးနှင့် အဘွား မွေးနေ့ အလှူလုပ်သည်ဟု ကြားတော့ အဘကို ပိုလို့ သတိရမိသေးသည်။ ဇနီးက သူ့အိမ်လွမ်းလို့ ငိုတာတစ်မျိုး။ ကျွန်တော်က အဘကို သတိရပြီး စိတ်မကောင်း ဖြစ်တာက တစ်မျိုးနှင့်။ မနေ့က နေရထိုင်ရ တော်တော်ခက်လှသည်။

နောက်ဆုံးတော့ မနေ့က ကဆုန်လပြည့်နေ့မို့ နေ့ထူးနေ့မြတ်ပါလား ဟုတွေးရင်း စိတ်ဖြေရတော့သည်။ ဟုတ်သည်လေ။ ဂေါတမဘုရား ဗျာဒိတ်ခံသောနေ့၊ ဘုရားဖွားတော်မူသောနေ့၊ ဘုရားဖြစ်တော် မူသောနေ့ နှင့် ဘုရား ပရိနိဗ္ဗာန်စံတော်မူသောနေ့ တို့သည် ထို ကဆုန်လပြည့် တစ်နေ့ထဲမှာ ဖြစ်သည်။ သည်လို ဆင်ခြင်မိတော့ သြော်-ဘုရားရှင်တောင်မှ မွေးဖွားပြီး ပရိနိဗ္ဗာန်ပြုရသေးတာပဲဟု တွေးကာ အဘတို့၊ ငါတို့လို ပုထုဇဉ်တွေ အဖို့ကတော့ ပြောစရာကိုမရှိတော့ပါလား ဟု သုံးသပ်မိတော့၏။

သည်လိုနှင့်ပဲ ဇနီးသည် ဘက်က အဘိုး၊ အဘွားများအတွက်ရော၊ ကျွန်တော့်ဘက်က အဘအတွက်ရော ရည်စူးကာ ကဆုန်လပြည့်နေ့၌ ဆုတစ်ဆု တောင်းခဲ့မိလေသည်။ တခြားတော့မဟုတ်။ ကျွန်တော်တို့ အပေါ်တင်ရှိနေသော ကျေးဇူးတရားများကို ပြန်လည်ပေးဆပ်နိုင်စေဖို့ အဘိုးအဘွားတို့ အားလုံး "အသက်ရာကျော် ရှည်ပါစေ" ဆိုသော ဆုတောင်းလေးပင်။

ကျွန်တော်ကတော့ မြေးတစ်ယောက် အနေနှင့် ရရာ ကောက်ရိုးတစ်မျှင်ကို ဆွဲကြည့်သည့် သဘောပါ။ သို့သော် ကုမရတော့သည့် အဘ အတွက်တော့ ကျွန်တော့် ဆုတောင်းကို မကြားနိုင်တော့သလို အသက်ရာကျော်ဖို့ မပြောနှင့်။ ရှစ်ဆယ့်လေးမှသည် ရှစ်ဆယ့်ငါးတိုင်အောင် ကူးနိုင်တော့မည် မထင်တော့ပါ။

ဘယ်လိုပဲဖြစ်ဖြစ် အဘ လူ့လောကကို မစွန့်ခွာမချင်း၊ ထိုဆုတောင်းလေးကို အမြဲတောင်းနေမိမည်ကတော့ အသေအချာပင်။

"အသက်ရာကျော် ရှည်ပါစေ အဘရေ"

ဆူးသစ်
၂၃:၄၃ နာရီ
၁၈.၀၅.၂၀၁၁

Sunday, May 15, 2011

"အချစ်အတွက် အဓိပ္ပါယ်တစ်ခု"

အချစ်ဆိုသောအရာကို ဘယ်လိုအဓိပ္ပါယ် ဖွင့်ကြပါသနည်း။ စုံနေအောင် ကြားခဲ့ရဖူးသည်။ တကယ်တော့ အားလုံး ကိုယ်ခံစားရသလိုသာ ပြောကြပေလိမ့်မည်။

မည်သို့ပြောပြော ချစ်သူတိုင်းက ချစ်သူတိုင်းကိုတော့ အဆင်ပြေစေချင်ကြပေလိမ့်မည်။ အရာရာသည် ချစ်သူ၏ သဘောထား အတိုင်းသာရှိစေချင်ပေလိမ့်မည်။ သွားလိုကသွား၊ ထားလိုကထားခဲ့နိုင်သည်။ တားချင်သော်လည်း ချစ်သူစိတ်ချမ်းသာမည်ဆိုပါကမတားချင်တော့။သို့သော်ချစ်သူစွန့်ခွာချိန်တွင် သူ့မျက်နှာကို နောက်ဆုံး ဖြစ်ဖြစ် တစ်ခေါက်လောက်တော့ ကြည့်ချင်နေမိသည်။

တကယ်တော့ အချစ်ဆိုသည့်အရာက အချစ်အတွက် သက်သက်သာ ရပ်တည်ခဲ့လေသလား။ တစ်ခါတစ်ရံ၌ အချစ်၏နောက်မှာ ငွေကြေးဆိုသည့်အရာက ကပ်၍ လိုက်ပါလာတတ်သည်ပဲ။ သို့သော် ထိုသို့ သိလိုက်ရချိန်သည် ရင်ကွဲပြီးချိန်ဖြစ်နေသည့်အခါ အရာရာသည် နောက်ကျခဲ့ရလေပြီ။ ထိုအချိန်မျိုး၌ ချစ်သူ၏ စိတ်ချမ်းသာမှုကိုငဲ့၍ ဘာဆိုဘာမှမတောင်းဆိုချင်တော့။ သူစိတ်ချမ်းသာမည်ဆိုပါက ကိုယ့်ဘ၀တစ်ခုလုံးသည် သူ့အတွက်အမြဲရှိနေဦးမည်ပဲ။

အကယ်၍ ချစ်သူအဆင်မပြေသည့်အခါ သူ့ဆီပြန်လာချင်ပါက ပြန်လာနိုင်သေး၏။ ထိုအချိန်တွင်လည်း ချစ်သူအတွက် သူ့ရင်ခွင်က အမြဲအဆင်သင့်ဖြစ်လို့နေဦးမည်။ သို့သော်ချစ်သူမပျော်၍ ထွက်သွားချင်သည့် အခါတွင်လည်း နာကျင်မှုများကိုထား၍ ထွက်သွားနိုင်ပါသေးသည်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံး သူနားလည်သည်က အချစ်သည် အချစ်အတွက်သာ ဖြစ်၏။ ချစ်သူအတွက် အချစ်သည် အဓိပ္ပါယ် များစွာ ရှိနိုင်သော်ငြား သူ့အတွက်တော့ အချစ်=အချစ်သာဖြစ်၏။

ထိုခံစားမှုမျိုးပါသည့် သီချင်းတစ်ပုဒ်ကို "အစိုင်း" ကရေး၍ "Black Hole " က ဆိုထားသည်။ သီချင်းနာမည်ကိုက "အချစ်=အချစ်" တဲ့။ သူတို့ အဖွဲ့ နာမည်ကြီးခဲ့သော "သနပ်ခါး" သီချင်းထက်ပင် ထိုသီချင်းကို ကျွန်တော်ပိုကြိုက်ခဲ့သည်။ Melody ကိုက မြန်မာကိုယ်ပိုင်သံစဉ်သီချင်းစစ်စစ်ဖြစ်ကြောင်း ၀န်ခံထားသလို ရှိသော်ငြား လှပနေသည်။ စာသားတို့က အချစ်ကိုခံစားတတ်သူတိုင်း ကြိုက်ကြပေမည်။ ကျွန်တော်တို့လို Rhythm ဂစ်တာလေးတီး၍ ညဘက် စိတ်ဖြေတတ်သူများကြားမှာ ထိုသီချင်းလေးက အော်ဟစ် သီဆို၍ ကောင်းလှသည်။ သူတို့ဖွင့်ဆိုချင်သည့် အချစ်၏ အဓိပ္ပါယ်က ကျွန်တော်တို့၏ ရင်ဘတ်များနှင့်ပဲ လာငြိနေသည်လား မပြောတတ်။

မည်သို့ဖြစ်ဖြစ် တေးရေးသူနှင့် တေးဆိုသူများကို ကျေးဇူးတင်မိပြန်ပါ၏။ ။

ဆူးသစ်
၁၂:၀၄နာရီ
၁၅.၀၅.၂၀၁၁


Wednesday, May 11, 2011

"ကျွန်တော်တို့သည်" (၁၆)

ဒုတိယနှစ်၊ ရန်ကုန်စက်မှုတက္ကသိုလ် အကြောင်းပြောလျှင် ဆရာ ဦးအောင်မြင့် ကို ချန်ထား၍ မရ။ ဆရာသည် Chemistry သင်သည်။ Section-C ၏ ပင်တိုင်ဆရာ။ သို့သော် ဒုတိယနှစ် အတန်းအားလုံးမှာ အသင်အပြ ကောင်း၍ နာမည်ကြီး၏။ ထို့ကြောင့် Section-B မှာ တက်သော ကျွန်တော်သည်လည်း ရံဖန်ရံခါ အတန်းအားလျှင် သွားတက်၏။

ဆရာက သင်ရင်းရယ်စရာတွေလည်း ပြောတတ်သည်။ ထို့ကြောင့်လည်း သူ့အတန်းမှာ လူများ တာဖြစ်နိုင်၏။ တစ်ခါတော့ ကျွန်တော် သွားတက် နေစဉ် လူများ၍ အတန်း နောက်က ကျောင်းသားများက "ဆရာ-မကြား ရဘူး " ဟု အော်ကြ၏။ ဆရာက "ဟုတ်လား၊ မကြားရဘူးလား "ဟု ပုံမှန် အသံဖြင့် ပြန်မေး၏။ ကျောင်းသား များကလည်း "ဟုတ်တယ်၊ မကြားရဘူး" ဟု ပြန်ဖြေပြန်၏။ ထိုအခါ ဆရာက "အဲဒါ ကြားရလို့ ဖြေတာ မဟုတ်ဘူးလား "ဆိုမှ ကျွန်တော်တို့အားလုံး ရယ်ရတော့သည်။ သူမေးသည်က စမ်း၍မေးခြင်းဖြစ်သည်။ ကြားမကြားဖြေတာကို နားထောင်ချင်၍ မဟုတ်။ ဆရာသည် တင်္ခဏုပ္ပတိဥာဏ်ရွှင်သည်ဟု ဆို၍ ရသည်။ ထို့ကြောင့်လည်း သူ့အတန်းမှာ လူများ၍ မပျင်းကြခြင်းဖြစ်သည်။

ဆရာကပြောသေးသည်။ "မင်းတို့ Chemistry ကိုသင်ရင် သတိထား။ လျှော့မတွက်နဲ့။ Chemistry မှာ မိုင်းတွေ အများကြီးပဲကွ" တဲ့။ "ဘာမိုင်းလဲ ဆရာ" ဆိုတော့ "အီးမိုင်းတွေကွ "တဲ့။ ကျွန်တော်တို့ရယ်ကြသည်။ ဆရာက "မရယ်နဲ့" တဲ့။ "အကောင်းပြောတာ။ Chemistry မှာ Electron ဆိုတဲ့ အီးမိုင်းတွေကို ရှင်းနိုင်မှ အောင်မယ်" ဟု ဆိုသည်။ ဟုတ်သည်။ ထိုအချိန်က Electron၊ Proton၊ Neutron ဆိုတာတွေ Chemistry မှာ သင်နေရ သေးသည်။ ထိုအရာကို ဆရာက သတိပေးစကားဆို၏။

ပြီးတော့ ဆရာ ပြောသည့်အထဲက မှတ်မိတာ နောက်တစ်ခုရှိသေးသည်။ " မင်းတို့ သတိထားနော်။ စာမေးပွဲ နီးပြီ။ တက္ကသိုလ်တွေအားလုံးထဲမှာ ၄၄ ရောက်တာ မင်းတို့ ကျောင်းတစ်ကျောင်းပဲ ရှိတယ်" တဲ့။ ဒါကိုတော့ ကျွန်တော်တို့ ကျောင်းမှာ တက်ဖူးသူတွေသာ သိကြမည်။ ဟိုစဉ်က စိတ္တဇဆေးရုံ(ယခု စိတ်ကျန်းမာရေးဆေးရုံ)သည်န၀ဒေးလမ်းဆုံမှာရှိ၏။ ထိုနေရာကို ကျွန်တော်တို့ ကျောင်းရှေ့(BPI မှတ်တိုင်)ကိုဖြတ်သော(၄၄)ဒိုင်နာများဖြတ်၏။ကျွန်တော်တို့ ကျောင်းသည် ကျောင်းတက်ရင်း ဂေါက်သည့်
(ရူးသည့်) နေရာတွင် တော်တော် နာမည်ကြီး၏။ စာမေးပွဲနီးလျှင် ထိုသို့ဖြစ်တတ်သည့် အသံတွေ ကြားရစမြဲ။ ထိုအရာကို ဆရာက ရည်ရွယ်၍ ပြောခြင်းဖြစ်သည်။ ထို့ကြောင့် ဆရာပြောပြီးပြီးချင်း ကျွန်တော်တို့ ရယ်ဖြစ်ခဲ့သည်။ (ကျွန်တော်ပို့စ်အဖြစ် တင်ထားသော "ဆေးမမီတဲ့အင်ဂျင်နီယာ" ၀တ္ထုတိုသည် ကျွန်တော်တို့၏ ကျောင်းသားဘ၀ တကယ့် အဖြစ်အပျက်များကို အခြေခံ၍ ရေးထားခြင်းဖြစ်ပါသည်။)

မှတ်မှတ်ရရရှိတာတစ်ခု ထပ်ပြောရလျှင် ပထမနှစ်စာမေးပွဲ ဖြေခါနီး၌ ကျောင်းဝင်းထဲက အဆောင် တစ်ဆောင်မှာ ကျွန်တော်သွားအိပ်ခဲ့ဖူးပါသည်။ ကျွန်တော်နှင့် အတန်းထဲမှာခင်သော ကိုမြင့်ကျော် ဆိုသည့် သူငယ်ချင်းက အဆောင်၏ ကျောင်းသားခန်းမဟုတ်သော အခန်းတစ်ခန်းကို ရခဲ့၍ ထိုအခန်းမှာပင် စာစုကျက်ခဲ့၏။ သည်မှာပဲ ညနေ ထမင်းဆင်းစားစဉ်မှာ တချို့ အစ်ကိုကြီးများ အုတ်ကန်ထဲ ခေါင်းထိုး စိမ်သည်ကိုမြင်ရရာ ဘာလုပ်တာပါလိမ့်ဟု အတွေးပွားခဲ့ဖူး၏။ ကိုမြင့်ကျော်က ဦးနှောက်ဆေးတာလေဆိုမှ စာမေးပွဲနီးရင် သည်လိုလားဟု စဉ်းစားဖြစ်ခဲ့သေးသည်။

တကယ်တော့ ကျောင်းထဲက အဆောင်ဆိုသည်က ပဉ္စမနှစ် နှင့် နောက်ဆုံးနှစ်နှစ်တန်းသာ ထားခြင်းဖြစ်ရာ အတန်းထဲမှာခင်သော ကိုမြင့်ကျော်ကြောင့်သာ သည်လို အတွေ့အကြုံကို ပထမနှစ်မှာပင် သိခဲ့ ရခြင်း ဖြစ်သည်။ ပြီးတော့ စာကြည့်နေရင်း မီးပျက်သွားသောအခါ "မီးဗျို့ ....မီး.......မီး" ဆိုပြီး ထအော်ကာ အခန်းရှေ့က သံတိုင်ကို တဒေါင်ဒေါင်နှင့် ခေါက်ကြသည်ကို ကျွန်တော် မှတ်မိသေး၏။ ကျွန်တော်တို့၏ နောင်တော်များကား ဤသို့ဤနှယ်ပါတကားဟု သိရပေ၏။

ထိုစဉ်က ကျောင်းသားသက်နုသည့် ကျွန်တော်တို့မှာ လန့်လည်းလန့်၊ နောက်မှ အပျော်အော်မှန်းသိ၍ ရယ်ခဲ့ရသေး၏။ ထိုမျှမက သူတို့ရေးထားသော ပေါက်ကရ စာများမှာလည်း ပြုံးချင်စရာ။ မနက်အိပ်ရာထချိန် အခန်းပေါက်မှာ တစ်ယောက်နှင့်တစ်ယောက်မှာခဲ့ပုံများကား သင်းလှ၏။ "ယောက်ဖရေ-ညနေကျ ဂိတ်ပေါက်မှာစောင့်နေနော် " တဲ့။ သည်လိုဖတ်ရလျှင်တော့ အကောင်းသား။ သို့သော် ထိုမျှနှင့် မပြီး။ နောက်က ဆက်ထားတာကြည့်။ "ငုတ်နဲ့ မင်း...နဲ့" တဲ့။

ဆရာ ဦးအောင်မြင့်ပြောသည့် (၄၄) လိုင်းကား အကြောင်းပြန်ပြောရလျှင် ထိုအချိန်က (၄၄) မှာ ဒိုင်နာ ကားများသာ ဖြစ်သည်။ ယခု ကျွန်တော်တို့ တွေ့ရသော အဲကွန်းဘတ်စ်များ မဟုတ်။ န၀ဒေး လမ်းဆုံ မှ တက်လျှင် လူ မနည်းရအောင် တွယ်တက်၍ လိုက်ရ၏။ များသောအားဖြင့် နောက်မြီးမှာ အတွယ်တွေချည်းသာ။ ပထမနှစ်မှာ ဒဂုံက လာသော ကျွန်တော်သည် ကားမရ၍ ရံဖန်ရံခါ အတန်းနောက်ကျရတော့၏။ ထို့ကြောင့် (၄၄) လာလျှင် ထမင်းဘူးကို အရင်ထိုးထည့်၊ ထိုင်နေသူကို လှမ်းပေးပြီး၊ ကားထွက်သည်နှင့် ငါ့ထမင်းဘူးတော့ ပါသွားပြီ၊ လိုက်မှရတော့မည် ဟု တွေးကာ ရရာလူကို ဖက်လိုက်ရတော့သည်။ သည်လိုကျောင်းတက်ခဲ့ရ၏။

ဆရာဦးအောင်မြင့်က ကားမှာ အတွယ်တွေ နောက်မြီးမှာ ပါလာတာများသည်ကို နောက်ဖူးတာလည်း ရှိသေး၏။ "ရန်ကင်း (၁၂) လုံးတန်းဘက်မှာကွ။ စပယ်ယာက အော်တယ်။ ဆရာရေ၊ (၁၂)လုံးတန်း၊ အတွယ် (၆) ယောက်ပါတယ်တဲ့။ ကားပေါ်ကလူတွေက ရယ်တယ်။ ဆရာ သဘောမပေါက်ဘူး။ နောက်မှ ကားနောက်က တွယ်နေတဲ့ ယောကျာ်းလေးတွေ တွေ့ပြီး ရယ်မိတော့တယ်" တဲ့။ စာသင်ရင်း ကျွန်တော်တို့ စိတ်ရွှင်လန်းအောင် အရွှန်းဖောက်ခြင်းပင်။

ကျွန်တော်တို့သည် ဆရာ၊ ဆရာမ တို့၏ စေတနာများဖြင့် ခက်ခဲသော စာများကို ရွှင်လန်းစွာ သင်ယူနိုင်ခဲ့၏။ ကျွန်တော်တို့သည် ထိုခက်ခဲသော စာများကို သင်ယူရင်းမှာပင် တစ်နှစ်ကို တစ်ယောက် ဂေါက်သည်ဟူသော ဘယ်က စထွက်လာမှန်းမသိသည့် အဆို မမှန်စေရေးကိုလည်း အလေးထားခဲ့သူများ ဖြစ်ကြ၏။ ထိုသို့ အလေးထားရာမှ ကျွန်တော်တို့သည် လူနောက်၊ လူပြောင်များ ဖြစ်လာသလား( သို့မဟုတ်) နဂိုကပင် အစအနောက် သန်သူများလား ဆိုသည်ကိုတော့ ကျွန်တော်တို့၏ နောင်တော်ကြီးများက သက်သေထူနိုင်သလို ကျွန်တော်တို့ကိုယ်တိုင်လည်း ကျွန်တော်တို့၏ မှတ်တမ်းများဖြင့် သက်သေထူပြဦးမည် ဖြစ်ပါ၏။ ။

ဆူးသစ်
၂၂:၀၈နာရီ

၁၁.၀၅.၂၀၁၁



Monday, May 9, 2011

"ကျွန်တော့် မှတ်စု" (၁)


+ အလင်းရောင်၏ အမြန်နှုန်းသည် တစ်စက္ကန့်တွင် မိုင်ပေါင်း ၁၈၆၀၀၀မျှ ရှိသည်။ ဤမြန်နှုန်းဖြင့် တစ်နှစ်ခန့်ကြာအောင် သွားရသောခရီးကို အလင်းနှစ်တစ်နှစ်ဟု သတ်မှတ်ကြ၏။ တစ်နာရီတွင် စက္ကန့်ပေါင်း ၃၆၀၀၊ တစ်နေ့တွင် ၂၄ နာရီ၊ တစ်နှစ်လျှင် ၃၆၅ ရက်။ မိုင်ပေါင်း မည်မျှရှိမည်ကို တွက်ကြည့်ကြပါတော့။ ကမ္ဘာနှင့် အနီးဆုံး ကြယ်ပင်လျှင် အလင်းနှစ်ပေါင်းများစွာ ဝေးသေး၏။

အချို့သောကြယ်များသည် ကမ္ဘာမှ အလင်းနှစ်ပေါင်း ၁၀၀ ခန့်မျှဝေး၏။ အချို့က အလင်းနှစ် ၁၀၀၀ခန့် ဝေး၏။ အချို့က အလင်းနှစ် ၃၀၀၀ခန့် ဝေး၏။

[ ဟက်ကာ- အပေါ်စီးက ကြည့်တော့။ ရွှေမြန်မာ ဂျာနယ် (၆၅)၊ ၈.၃.၁၉၉၉]

+ လူတွေကိုးကားလေ့ရှိတဲ့ စကားတစ်ရပ်က လူတိုင်းလူတိုင်းဟာ လူ့ဘ၀သက်တမ်းမှာ ကိုယ်နှစ်သက် စွဲလမ်းခဲ့တဲ့ အသက်အရွယ် အချိန်တစ်ခုမှာ တွယ်ကပ်ခိုအောင်းပြီး အဲဒီအရွယ်မှာ ဆက်လက် နေထိုင်လေ့ရှိတယ်တဲ့။ စိတ်ပညာ ဆရာတို့ရဲ့ လက်စွဲစကားပေါ့ရှင်။

[ကြည်အေး- အင်္ဂလန်၌ကားအမြန်မောင်းခြင်း ဆောင်းပါးမှ]၊ ရွှေအမြုတေမဂ္ဂဇင်း၊ ဇန်န၀ါရီ၊ ၁၉၉၉

+ လူမိုက်သည် သူလုပ်နေသော ယခုအကုသိုလ် အကျိုးမပေးသေးခင် ရှေးကုသိုလ်ကံအရ ကြီးပွား ချမ်းသာနေသည်။ ထိုအကုသိုလ် အကျိုးပေးသောအခါ လွန်စွာ ဆင်းရဲရ၏။ သူတော်ကောင်းသည်လည်း ယခုပြုသော ကုသိုလ်ကံ အကျိုးမပေးသေးမီ ရှေးကုသိုလ်ကြောင့်ဆင်းရဲနေရ၏။ ထိုကုသိုလ် အကျိုး ပေးသောအခါ များစွာ ချမ်းသာရသည်။

ဂေါတမ ဗုဒ္ဓ ( ဓမ္မပဒ )


Related Posts Plugin for WordPress, Blogger...