Saturday, January 29, 2011

"သူသိသားနဲ့"


ကျွန်တော် ပြည်သူ့ဝန်ထမ်းဘ၀ဖြင့် အရာရှိဖြစ်နေစဉ်က ရုံးအုပ်ကြီးတစ်ယောက် ရှိသည်။ ကျွန်တော့်ထက် အသက် နည်းနည်းကြီး၏။ နယ်ကဖြစ်သည်။ ခင်ဖို့လည်း ကောင်းသည်။ ၀န်ထမ်းဘ၀ဖြစ်၍ သူသည် ကျရာနေရာ တာဝန် ထမ်းဆောင်ရသည်။ ကျွန်တော်တို့ ရုံးချုပ်က ရန်ကုန်ခြောက်ထပ်ရုံးမှာမို့ သူက ရုံးအိပ်၊ ရုံးစား။ မိသားစုက နယ်မှာ။

ကျွန်တော်က အရာရှိဖြစ်သော်ငြား သူတို့ကို ခင်ခင်မင်မင် ပေါင်း၍ သူငယ်ချင်း ညီအစ်ကိုများ သဖွယ် ဖြစ်နေ၏။ ရုံးမှာ ဂျူတီကျသည့်နေ့ဆို ရုံးမှာ အိပ်သည့် သူတို့နှင့် စကားစုဖွဲ့ ပြောရင်း ပျော်ရသည်။

သူ့မှာ အကျင့်တစ်ခု ရှိ၏။ ကျွန်တော်က စာရွက်စာတမ်း လို၍ 'ရမှာလား' ဟုသွားမေးလိုက်လျှင် 'သူသိသားနဲ့' ဟု ဖြေ၏။ ကြာမည်ဆိုသည့် သဘော။ ရှာဦးမည်ပေါ့။

ကျွန်တော် ညဘက်ဂျူတီကျလျှင် သူခဏလေး ပျောက်သွားတတ်၏။ သူပြန်လာ၍ 'ဘယ်တွေ သွားနေတာလဲ' ဟုမေးလျှင် 'သူသိသားနဲ့' ဟု နောက်တတ်၏။ သူများ ကိုယ်ရေးကိုယ်တာမို့ ကျွန်တော်သိပ် မစပ်စုတတ်။ တစ်နေကုန် ရုံးမှာပဲအလုပ်လုပ်၊ ရုံးမှာပဲ အိပ်၍ ဟိုဟို သည်သည် လျှောက်ကြည့် တာဟု နောက်မှ သိရ၏။

သူ ထမင်းဟင်း တည်ပြီဆို ကျွန်တော်က 'ဘာချက်လဲ' ဟုမေးလျှင် 'သူသိသားနဲ့' ဟု ရယ်ကျဲကျဲနှင့် ဖြေ၏။ အသား၊ ငါးတော့ မဟုတ်။ ကြုံသလို စားသည်ဆိုသည့် သဘော။

နောက်တော့ သူနှင့် တွဲလုပ်တာ ကြာလာသည့်အခါ သူပြောနေကျ 'သူသိသားနဲ့' ဆိုသည့် စကားက ကျွန်တော်တို့ ရုံးက လူတွေကြားမှာ ပြောစရာ ဖြစ်လာသည်။ သည်လိုနှင့် တစ်နေ့မှာ ရုံးအုပ်ကြီးနှင့် အေးအေး ဆေးဆေး စကားလက်ဆုံကျတုန်း ထုတ်မေးရတော့၏။

'ခင်ဗျားလည်း သူသိသားနဲ့ ချည်းပဲ ပြောနေတာ၊ ဘာလို့ အဲဒီလို ပြောတာလဲ ဆိုတာ ရှင်းပြပါဦး၊ အကြောင်းတော့ ရှိမယ် ထင်တယ်'

'ဟား - သိပ်ရှိတာပေါ့၊ ကျွန်တော် ပြောပြမယ်'

သည်သို့ဖြင့် သူရှင်းပြခဲ့သော အဖြစ်အပျက်လေးကို ကျွန်တော်တို့ သိခွင့်ရခဲ့တော့၏။ ဖြစ်ပုံက သည်လိုပါ။

ရုံးအုပ်ကြီး နယ်မှာ တာဝန်ကျစဉ်က တရားရုံးတစ်ရုံးမှာ ပြည့်တန်ဆာမ တစ်ယောက်ကို ဖမ်းပြီး အမှုစစ်တာ ကြုံရ၏။ တရားသူကြီးက တရားခံ ပြည့်တန်ဆာမကို မေးသည်တဲ့။

'နာမည်ဘယ်လိုခေါ်လဲ'

ထုံးစံအတိုင်း ပြည့်တန်ဆာမဖြစ်၍ မျက်နှာပေးက ပြီတီတီ။ ပြီးတော့ ဖြေပါသည်။

'သူသိသားနဲ့'

တရားသူကြီး မျက်လုံးပြူးသွား၏။

'မနောက်နဲ့၊ ကောင်းကောင်းဖြေ၊ ဘာအလုပ် လုပ်လဲ'

ပြည့်တန်ဆာမက ထပ်ဖြေပါသည်။

'သူသိသားနဲ့'

တရားသူကြီး မျက်နှာ ပျက်နေလေပြီ။ ကျန်သူတွေက ပြုံးစိစိ ဖြစ်ကုန်၏။ ထပ်မေး၏။

'အသက် ဘယ်လောက်လဲ'

'သူသိသားနဲ့'

တရားသူကြီး စိတ်တော်တော် အိုက်လာ၏။ သည်သို့ဖြင့် နောက်ဆုံးမေးခွန်းကို ဆက်မေး၏။

'ဘယ်မှာနေလဲ'

ပြည့်တန်ဆာမကလည်း ဖြေပါသည်။

'သူရောက်ဖူးသားနဲ့'

အားလုံး ရယ်ကြပါသည်။ အမှုပြီးတော့ ပြည့်တန်ဆာမ ထောင်ကို ကျရောတဲ့။

ရုံးအုပ်ကြီး စကား ကြားပြီး သူပြောပြောနေသော 'သူသိသားနဲ့' ဆိုတာကြီး ကြားတိုင်း ကျွန်တော်တို့ လွတ်လပ်စွာ ရယ်မောဖြစ်သည်။

ရံဖန်ရံခါ၌ ညွှန်မှူး၊ ဒု-ညွှန်မှူးများက ရုံးအုပ်ကြီးကို ကျွန်တော်တို့က တစ်ဆင့် ခေါ်ခိုင်းလျှင် ရုံးအုပ်ကြီးက ထိတ်လန့်ပြီး 'ဘာကိစ္စရှိလို့လဲဗျာ' ဟုမေးလျှင် ကျွန်တော်က 'သူသိသားနဲ့' ဟု ပြန်နောက်တတ်၏။ ထိုအခါ သူ့မျက်နှာက ရယ်ကျဲကျဲ။ ကျွန်တော့်ဆရာ ဒု-ညွှန်မှူးက ရံဖန်ရံခါ သူ့အခန်းအပြင်က စားပွဲမှာ ထိုင်တတ်သလို တခြားဌာန စားပွဲမှာ သွားထိုင်တတ်၍ ရုံးအုပ်ကြီးကို ဒု-ညွှန်မှူး ခေါ်ခိုင်းလျှင် သူက 'ဆရာ ဘယ်မှာရှိလဲ' ဟု မေးပါက ကျွန်တော်လည်း 'သူရောက်ဖူးသားနဲ့' ဟု နောက်လွှတ်လိုက်လေသည်။ ထိုအခါ ရုံးအုပ်ကြီးမှာ သူ့စကားနှင့်သူ ပိတ်မိကာ ရယ်နေလေတော့၏။

ဤသို့ဖြင့် ကျွန်တော်တို့ ရုံးအသိုင်းအ၀ိုင်းလေးမှာ ထိုစဉ်က 'သူသိသားနဲ့' ဟူသော စကားလေး တစ်ခွန်းကြောင့် ရယ်မော ပျော်ရွှင်ခဲ့ရ ဖူးပါသည်ခင်ဗျား။ ။


ဆူးသစ်
၂၀း၃၄ နာရီ
၂၉.၀၁.၂၀၁၁



3 comments:

အဖြူရောင်နတ်သမီး said...

ဟားဟား..
မိုက်တယ်..
သူငယ်ချင်းတွေကို ပြောပြအုံးမှ...

Anonymous said...

သဘောကျလွန်းလို့  ခပ်ကျယ်ကျယ်လေးတောင်
ရယ်ဖြစ်သွားတယ် အစ်ကိုရေ။ :D

ခင်မင်လေးစားလျှက်....SO COOL :)

ချော(အစိမ်းရောင်လွင်ပြင်) said...

သူသိသားနဲ့ ကိုကြားဖူးနေပေမဲ့ ခုလို နောက်ဆက်တွဲလေးနဲ့ ဖတ်ရတော့ တစ်မျိုးဆန်းသစ်သွားတယ်. ပြုံးပြုံးရွှင်ရွှင်ဖတ်သွားပါတယ်း)

Related Posts Plugin for WordPress, Blogger...