Saturday, May 7, 2011

" နိုင်ငံခြားသား..... နိုင်ငံခြားသား"


သည်နေ့ ၇.၅.၂၀၁၁ သည် စင်ကာပူ၌ Polling Day ( လူထုသဘောထားမေးမြန်းခံယူသည့်နေ့) ဖြစ်သည်။ တည့်တည့်ဆိုရလျှင် ဆန္ဒမဲပေးသည့်နေ့ဖြစ်သည်။

သူတို့တစ်တွေ သည်နေ့မတိုင်ခင်ကတည်းက မဲတွေဆွယ်နေကြသည်။ မဲဆွယ်တာက ပြဿနာမရှိ။ ဆွယ်သည့် သူတိုင်း၏ ပါးစပ်ဖျားမှာ မပါမဖြစ် အကြောင်းအရာက နိုင်ငံခြားသား(Foreigner) ကိစ္စ။ ပါတီတွေကလည်း များသား။ PAP, Reform, Worker စသဖြင့်ရှိကြ၏။ ကျွန်တော် အကုန်တော့မသိ။ လမ်းထောင့်တွေ၊ တိုင်တွေမှာတော့ PAP နှင့် Reform ပါတီတို့၏ ကြော်ငြာဆိုင်းဘုတ်များက နေရာယူထားတာ များ၏။ ကျွန်တော်နှင့် ဇနီး ပါရမီဖြည့်ဖက်လေး ဈေးသွားချိန်တွင်ပင် Reform ပါတီမှ ကားနှင့် လှည့်နေတာတိုးပြီး တရုတ်မကြီးက ကားရှေ့ခန်းက လက်တွေ၊ ဘာတွေ ပြသွားသည်။ ကျွန်တော်တို့လင်မယားက မျက်မှန်သမားတွေမို့ စလုံးတွေဟု ထင်သွားပုံရသည်။ သူ့နိုင်ငံနှင့် သူ့နိုင်ငံသားဆိုလျှင်တော့ ဟုတ်မည်ပေါ့။ ကျွန်တော်တို့ကတော့ ရယ်နေမိသည်။

Singaporean ခံပြီးသား ငယ်သူငယ်ချင်းနှင့် တွေ့တော့ သည်နှစ် ပြိုင်ဆိုင်မှုက ပို၍ ပြင်းထန်ကြောင်း သိရသည်။ (၈၇) နေရာကို အပြည့် ၀င်ပြိုင်မည်တဲ့။ သူတို့နေသည့် နေရာမှာပင် ဒုဝန်ကြီးချုပ် ကိုယ်တိုင် ဆင်းပြိုင်မှာဖြစ်သည်တဲ့။ ဒုဝန်ကြီးချုပ်အရင် ပြိုင်နေကျနေရာကို သူ့မိန်းမကို ထားခဲ့ရသည်တဲ့။

မည်သို့ဖြစ်ဖြစ် ကျွန်တော်စိတ်ဝင်စားမိသည်က သူတို့မဲဆွယ်သည့်အခါ ပြောနေသည့် နိုင်ငံခြားသားကိစ္စ။ ကျွန်တော်တို့နှင့် တိုက်ရိုက်ကြီးဆိုင်နေသည်ကိုး။ သည်လိုမဲဆွယ်သည့်သူများကြား အသက်(၂၄)နှစ် အရွယ် Nicole Seah ဆိုသည့် ကောင်မလေး ပြောတာတွေ msn မှာ ဖတ်ရတာ ရင်မောရသည်။ သူက သူနိုင်လျှင် နိုင်ငံခြားသား ကိစ္စ ကိုင်မည်တဲ့။ ဟုတ်ကဲ့-ကိုင်ပါခင်ဗျာ။ သူငယ်ငယ်က MRT စီးလျှင် အားလုံး Singaporean တွေချည်းတွေ့ရသည်တဲ့။ ယခုတော့ ရထားပေါ်မှာ နိုင်ငံခြားသားတွေချည်းသာ တွေ့ရပြီး သူ့ကိုယ်သူ ပတ်စ်ပို့ မပါဘဲ သွားနေရသည့် နိုင်ငံခြားသားလို ခံစားရသည်တဲ့။ ကျွန်တော်တော်တော်သနားသွားသည်။ သူ့နိုင်ငံဆိုတော့ တော်တော် ခံစားရပေမည်။

ပြီးတော့ နောက်တစ်ယောက်က ပြောသေးသည်။ သူတို့နိုင်ငံသားတွေ အလုပ်လက်မဲ့တွေများလာတာ နိုင်ငံခြားသားတွေများလာလို့တဲ့။ ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပာနဂိုက နွားမကြီးပေါင်ကျိုးတဲ့သဘောလားဟု ကျွန်တော်တွေးမိသည်။ သူပြောသည်က အလုပ်သုံးနေရာမှာ တစ်နေရာက နိုင်ငံခြားသားဖြစ်လို့နေသည်တဲ့။ ကျွန်တော်နှင့် ငယ်သူငယ်ချင်းဆွေးနွေးမိသလို ပြောရလျှင် ကျွန်တော်တို့နှင့် သူတို့ ပြိုင်မတိုးနိုင်လျှင် သူတို့ညံ့လို့ပဲ ဖြစ်လိမ့်မည်။ ဒါတောင် သူတို့က မွေးကတည်းက E ကို ပြောလာကြသူများ ဖြစ်သည်။

(၂၄)နှစ် သမီးလေးကိုလည်း အခွင့်ရလျှင် ရှင်းပြချင်မိသည်။ သူတို့ စင်ကာပူဆိုသည်က Immigrant ဆိုသော နိုင်ငံခြားတိုင်းပြည်မှ ရွှေ့ပြောင်းလာရောက်နေထိုင်သူများနှင့် စခဲ့ရတာဟုတ်မဟုတ် မေးချင်မိသည်။ သူ မတွေးတတ်လို့သာ ရှိမည်။ သူ့ရှေ့က လီကွမ်ယူ၊ ဂိုချောက်တောင် နှင့် လီရှန်လွန်း တို့ Foreigner တွေ အဘယ်ကြောင့် လက်ခံခဲ့ရသနည်း။ တစ်ခုပဲရှိသည်။ ပမာဏ များလာတာမကြိုက်လျှင် လျှော့ပစ်ချင် လျှော့ပစ်နိုင်သည်။ နိုင်ငံခြားသားလက်ခံတာခြင်း အတူတူ ဥရောပတို့၊ အမေရိကတို့သာ လက်ခံမည် ဟုလည်းကြားရသည်။ သည်လိုဆိုလျှင်လည်း ထိုအဖြူကောင်များ တကယ်လုပ်မလုပ် မေးကြည့်ချင်မိသည်။

အရှေ့တောင်အာရှနိုင်ငံတွေက လူတွေသာ ဆောက်လုပ်ရေးမှာ အောက်ခြေအလုပ်လုပ်နိုင်တာဖြစ်သည်။ စလုံးမှာ တည်ဆောက်ရေးတွေရှိနေသမျှ အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံတွေ အလုပ်ရနေမှာမလွဲ။ စလုံးနိုင်ငံသားမှန်လျှင် နေပူထဲမထွက်၊ အချိန်ပို မလုပ်၊ စနေမဆင်းဟု ခံယူထားသလား ဆိုရလောက်အောင် ကျွန်တော်တွေ့ဖူးနေသည်ပဲ။ အဖြူကောင်တွေက မြေပေါက်ပါ့မလား။ သည်တော့ (၂၄)နှစ် သမီးလေး မဲရဖို့ ဆွယ်သည်က ကျွန်တော့်အတွက်ရယ်စရာ ကောင်းနေသည်။ ကျွန်တော်တို့လုပ်ငန်းခွင်မှာပင် စလုံး ဆိုသည်က လက်ချိုးရေတွက်၍ ရနေသည်လေ။ လုပ်ကွက်တစ်ခုလုံးမှာ ကျွန်တော်တို့လို အာရှက နိုင်ငံခြားသားတွေသာ များလှ၏။ ကျွန်တော်ရှေ့ကရေးခဲ့သော ပို့စ်များ ဖတ်ကြည့်လျှင်ပင် နိုင်ငံခြားသား မည်မျှ များကြောင်းသိနိုင်သည်။

သို့သော်ဘယ်လိုပဲဖြစ်ဖြစ် မဲဆွယ်ကောင်းသောသူမက Face Book မှာ လီကွမ်ယူ နောက်က ပြည်သူကြိုက် ဒုတိယ နိုင်ငံရေးသမားဖြစ်လို့နေသည်။ သည်နေ့ သူနိုင်ခဲ့လျှင် နိုင်ငံခြားသားတွေတော့ မျက်ခုံးလှုပ်ရပေမည်။ ကျွန်တော်ကတော့ ငယ်သူငယ်ချင်းနှင့် ရယ်ပွဲဖွဲ့ရင်း ပြောခဲ့မိသေးသည်။ ပြန်ဆိုလျှင်တော့ ပြန်ရမည်ပေါ့။ သူတို့က တစ်စိတ်ရှိ နိုင်ငံခြားသားသာ မျက်စောင်းထိုးနေသည်ကိုး။

ပြန်ရမှာကိုတော့ ကျွန်တော် မကြောက်။ ကိုယ့်ပြည်ကိုယ့်ရွာ ပြန်ရသည်က ပျော်စရာ။ ငွေအရတော့ နည်းသွားပေမည်။ သို့သော် သူများနိုင်ငံမှာ သူများမျက်စောင်းထိုးတာနှင့် ပြာကျရမလို ဖြစ်နေသည့် ဘ၀ထက်စာလျှင် ကိုယ့်နေရာ ကိုယ့်ဒေသက ပိုကောင်းပေမည်။ သူတို့မဲဆွယ်သည့် အဓိက အကြောင်းက နိုင်ငံခြားသား ကိစ္စဖြစ်နေသရွေ့ ကျွန်တော်တို့နေရတာ မျက်နှာတော့ တော်တော်ငယ်ရသည်။ ကိုယ့်အရပ် ကိုယ့်ဌာနေဆို ဘယ်သူ့မှ ဂရုစိုက်စရာမရှိ။ သည်တော့ နေခွင့်ရသရွေ့နေပြီး အချိန်တန် အိမ်ပြန်ရမည်ဟုသာ စိတ်ပိုင်းဖြတ်ထားမိသည်။

ကျွန်တော့်ထက် စိတ်ပြတ်သူတွေကတော့ စလုံး နိုင်ငံသားခံ၍ နေနိုင်ကြသည်။ ကျွန်တော်ကတော့ ဘယ်တော့မျှ သူတို့ နိုင်ငံသားခံမည်မဟုတ်။

သူတို့ကလည်း မဲသာဆွယ်နေသည်။ ရယ်တော့ ရယ်ရသည်။ စင်ပေါ်က လူက နိုင်ငံခြားသား အကြောင်း ပြောနေချိန်၊ အောက်မှာ စာရွက်ဝေဖို့ ကူနေသည်က ကုလားတွေ။ သည်တော့ သူတို့၏ နိုင်ငံခြားသား ဓာတ်ပြားကလည်း ဘယ်တော့ဆုံးမည်မသိ။ ယခု ဤစာရေးနေချိန်မှာ မဲရုံတွေ ပိတ်လောက်ပြီ။ ဘယ်သူနိုင်နိုင် နိုင်ငံခြားသားဆိုသည်က သူတို့မဲဆွယ်ဖို့အတွက် သားကောင်ဖြစ်လို့နေဦးမည်ဖြစ်သည်။ ကျွန်တော့် အတွက်တော့ သူတို့ရွေးကောက်ပွဲ ရလဒ်က မနက်ဖြန်ကန်မည့် မန်ယူ-ချယ်လ်ဆီး ပွဲလောက် စိတ်ဝင်စားဖို့မကောင်း။

သို့သော် သူတို့ထိုသို့ ပြောကြ၊ ဆိုကြသည့်အခါ၌ မခံချင်စိတ်ကတော့ ဖြစ်လာသည်။ ထို့ကြောင့်လည်း သည်လိုစာကို ချရေးဖြစ်တာဖြစ်သည်။ ကျေးဇူးတော့တင်မိ၏။ သူတို့က နိုင်ငံခြားသားအကြောင်း ပြောလေ၊ ကိုယ့်နိုင်ငံကိုယ် ပိုချစ်လေဆိုတာမျိုး ဖြစ်ဖြစ်သွားသည်။ ပြီးတော့ သည်နေ့ သူတို့ ဆန္ဒခံယူသည့်နေ့မို့ ကျွန်တော်တို့ အလုပ်နားရသည်။ စနေကို ရုံးပိတ်ရက် သတ်မှတ်၍ နောက်ထပ်ပိတ်ရက် တစ်ရက်ကလည်း အစားပြန်ရလိုက်သေးသည်။ ထိုအတွက် သူတို့ ဘာတွေပြောပြော ခုလို ပိတ်ရက်ကလေး ဆက်တိုက်ကြုံရ၍ နိုင်ငံခြားသား.......နိုင်ငံခြားသားဟု သူတို့ အော်နေသည့်ကြား စိတ်ပျက်ရင်း ကျေးဇူးလည်း တင်နေမိပြန် သေးသည်။ ။

သားလတ်
၂၀:၂၅နာရီ
၇.၅.၂၀၁၁


5 comments:

Angelhlaing(May everybody be happy and healthy! said...

ဟုတ်တယ်အကို မြန်မာနိုင်ငံရဲ့ ပြင်ပမရောက်ခင် တုန်းက ကိုယ်ကိုကိုယ် နိုင်ငံအပေါ် အဲလောက် ချစ်မှန်း မသိဘူး...ဝေးလေလေ ပိုချစ်ချစ်လေလေပါပဲ... ဘယ်အချိန်ဘယ်နေရာပဲဘယ်ဒေသပဲ ရောက်ရောက် မြန်မာ ဖြစ်ရတာ အလိုလို ဂုဏ်ယူနေမိတယ်...:):)

success said...

Really like ur post.

PhyoPhyo said...

အဲဒီမျက်စောင်းထိုးခံရတဲ့ နိုင်ငံခြားသားတွေက တကယ်အလုပ်လုပ်တဲ့သူတွေ ကိုးနော်
စိတ်ဝင်စားတယ်၊
ဘယ်သူနိုင်လဲ ဝေဘန်ပြီး ရေးပေးရင်ကောင်းမှာပဲ၊၊ ဖတ်ချင်လို့ပါ။
ကျေးဇူး

ဆူးသစ် said...

နောက်ဆုံးထွက်လာတဲ့ ရလဒ်ကတော့ PAP-81, WP-6, NSP-0, RP-0, SDA-0, SDP-0, SPP-0 ပါ။ ဒီတော့ လက်ရှိ အာဏာရ PAP( လီရှန်လွန်းတို့ ပါတီ)ကပဲ ပြန်နိုင်သွားပါတယ်။ (၈၇)နေရာမှာ (၈၁)နေရာပြန်ရပါတယ်။ ကျန် (၆)နေရာက Worker ပါတီကရပါတယ်။ Nicole Seah ဆိုတဲ့ကောင်မလေးက NSP ကပါ။

စော(အဝါရောင်မြေ) said...

ဟီး ဟီး
ခံစားနေရတာ ကြာပေါ့။
ခုတော့ အဖော်ရှိတာပေါ့လေ။
နဂို ကတည်းကလည်း ကိုယ့်ရေ၊မြေ ကို ချစ်ပါတယ်။
ကျမ အတွက်တော့ ဗုဓ္ဒဘာသာ၊မြန်မာ ဖြစ်ရတာကို အရမ်းပဲ ကျေနပ်တယ်။

Related Posts Plugin for WordPress, Blogger...