Thursday, October 27, 2011

" အိမ် "


လူတိုင်းမှာ နေစရာအိမ်ဆိုတာ ရှိကြတယ်လို့ ကျွန်တော်ယူဆပြီး ဒီအတွေးလေးကို ပြောကြည့်တာပါ။

ကျွန်တော်တို့ ငယ်ငယ်က အမေ့အိမ်မှာ နေခဲ့ကြတယ်။ ကျောင်းသွားတယ်။ ပြန်လာတယ်။ စားတယ်။ ကစားတယ်။ ညအိပ်မယ်။ ဒါတွေက သာမန်တွေပဲလား။ ကျွန်တော်တို့ အတွေးမှာ အိမ်ဆိုတာ ဘာမျှမဟုတ်ခဲ့ဘူး။ အိမ်မှာ လိုချင်တာရမယ်။ အဖေရှိတယ်။ အမေရှိတယ်လေ။ ကျွန်တော်တို့ အိမ်မှာ ကျွန်တော်တို့လိုအပ်တာတွေ အကုန်ရှိနေတယ်လို့ ခံစားခဲ့ရတယ်။ တကယ်တော့ အဲဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတဲ့ မိဘတွေ ရှိနေတာ ကျွန်တော်တို့ မသိခဲ့တာပါ။

ကျောင်းမှာ စာသင်ရတဲ့အခါ အိမ်ပြန်ချိန်ဆို သိပ်ပျော်ကြတယ်။ အိမ်မှာ ဘာရှိလဲ မသိခဲ့ပါဘူး။ တစ်ခါတစ်ခါတော့လည်း အိမ်ကနေ အဝေးကိုသွားခဲ့တယ်။ အမျိုးတွေဆီ သွားလည်တယ်။ သူငယ်ချင်းတွေအိမ်မှာ နေတယ်။ ခင်မင်ရာအိမ်မှာ ခဏအိပ်တယ်။ အဲဒီအချိန်တွေမှာ အိမ်ကို ခွဲလို့ရခဲ့ဖူးတယ်။ ဒါပေမဲ့ ဒါဟာ ယာယီပါ။ ဘယ်လိုပဲ နေရ၊ ဘယ်မှာပဲ အိပ်ရ၊ ဘယ်ကိုပဲ သွားရ၊ ငယ်ငယ်က နေခဲ့ဖူးတဲ့ အိမ်၊ ဒီနေ့အထိ နွေးထွေးနေဆဲ အိမ်ဆိုတာ အဖေရယ်၊ အမေရယ် ရှိတဲ့အိမ်ပဲလို့ ခံစားနေရတယ်။

အဆောင်မှာလည်း နေခဲ့ဖူးတယ်။ လိုတာ အဆင်သင့်မရနိုင်ခဲ့ပါဘူး။ ငွေရှိမှပဲ နေလို့ကောင်းခဲ့တာလေ။ ဒီလိုပဲ ကျောင်းသားဘ၀ကျော်လို့ အလုပ်ထဲ ရောက်တော့ရော။ ရုံးမှာလည်း အိပ်ခဲ့တာပဲ။ နယ်ရုံးတွေမှာလည်း ခဏသွားအိပ်ခဲ့ဖူးတယ်။ အဆင်မပြေခဲ့ပါဘူး။ ခဏတော့ ပျော်ရတာပေါ့။ ကိုယ့်လိုလုပ်ဖော်ကိုင်ဖက်တွေလည်း ရုံးမှာရှိကြတယ်လေ။ ဒါပေမဲ့ သူတို့နဲ့ရော အမြဲနေလို့ ဖြစ်ခဲ့တာလား။ ကိုယ့်အိမ်မှာ နေသလိုတော့ ဘယ်ဖြစ်ပါ့မလဲလေ။

တစ်ခါတစ်ခါ နယ်တွေသွားရင်း မထင်မှတ်တဲ့ ခရီးလမ်းပန်း အခက်အခဲတွေကြောင့် အဲဒီ အရပ်မှာ သောင်တင် ခဲ့ရင် အိမ်ကို လွမ်းလိုက်တာလေ။ အဖေနဲ့ အမေက စိတ်ပူလို့ ပိုယူသွားခိုင်းတဲ့ ငွေလေးကို အလကားနေရင်း ကုန်သွားမှာစိုးလို့ နှမြောနေခဲ့မိသေးတာ။ ကိုယ်တိုင် ဒုက္ခရောက်မှာစိုးလို့သာ မဖြစ်ဖြစ်အောင် နေခဲ့၊ သုံးခဲ့ရတာပေါ့။ တကယ်တော့ သူစိမ်းတွေကြားမှာ ဘယ်လောက်ကြာကြာ နေနိုင်ပါ့မလဲ။

အခုကျတော့ရော။ စိမ်းတာမှ တော်တော်ကို စိမ်းသွားတဲ့ သူတွေချည်းပဲ။ ကိုယ့်ပြည်တွင်းမှာကမှ သူစိမ်းပေမယ့် စကားတော့ပြောလို့ ရသေးတယ်။ နိုင်ငံခြားဆိုတဲ့ အရပ်မှာက ဘယ်သူ့ကို ဘာပြောရမှန်းမသိလို့ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ငြိမ်နေခဲ့ရတဲ့ အချိန်တွေကလည်း များသား။ ခဏနေရတဲ့ အိမ်မှာ ပိတ်ရက် နားမယ်ကြံရုံရှိသေး အဲဒီနေ့ အလုပ်ဆင်းရမယ်တဲ့။ ဒီလိုနဲ့ အလုပ်က အိမ်ဖြစ်နေတာ ကြာပေါ့။

တစ်ခါတစ်ခါ အိမ်ကိုများ လွမ်းမိရင် ဘယ်လိုနေရမှန်း မသိအောင်ပါပဲ။ ဒါတောင် ဇနီးသည်က ပိုလွမ်းတတ်လို့ ကိုယ့်အလွမ်းကို သိုသိုဝှက်ဝှက်နဲ့ ညင်ညင်သာသာ ဖွဖွလေး လွမ်းရတာ။ သူသိရင် သူကလည်း နဂိုကတည်းက အိမ်လွမ်းတတ်သူမို့ ပိုဆိုးသွားမှာ စိုးလို့ပါ။ တကယ်တော့ လင်ရယ်၊ မယားရယ် အတူ ရှိနေတာ။ နေပျော်စရာပေါ့။ ဒါပေမဲ့ သူလည်း အိမ်ကိုလွမ်းသလို ကိုယ်လည်း အိမ်ကိုလွမ်းတတ်တာပါပဲ။

အိမ်မှာ ပိတ်ရက်ဆို အမေက အသုပ်တို့၊ မုန့်ဟင်းခါးတို့ လုပ်ကျွေးတတ်တယ်။ ညဘက်ဆို ညီအစ်ကိုတစ်တွေ ဘောပွဲမှာ။ ပြန်လာရင် သူ့အသင်း၊ ကိုယ့်အသင်း ဝေဖန်လို့ လေနဲ့ ဘောကန်ကြ။ အဖေနဲ့ဆို အိမ်မှာ ကျွန်တော်က စာအကြောင်း၊ ပေအကြောင်း ဆွေးနွေးလို့ပေါ့။ ပြီးတော့ သိပ်ချစ်စရာကောင်းပြီး ကျွန်တော်ကိုယ်တိုင် နာမည်တွေ ပေးထားခဲ့တဲ့ တူလေးနဲ့ တူမလေးကလည်း အိမ်မှာ ဆည်းလည်းလေးတွေလိုလေ။

ခုချိန်မှာ ကျွန်တော်က ချစ်ဇနီးနဲ့ ကိုယ့်လမ်းကိုယ်လျှောက်နေပါပြီ။ ဘာလို့ အိမ်ကို တွေးမိတာလဲ။ ကျွန်တော် အခုနေနေတာလည်း မိသားစုဆန်တဲ့ အိမ်လေးနဲ့ပါ။ တစ်ခုတော့ရှိတယ်။ ကျွန်တော့်အတွက် အိမ်ဆိုတာက လောလောဆယ်မှာတော့ အလုပ်ကြောင့် ကျောချစရာ တစ်နေရာလို ဖြစ်ဖြစ်နေပါတယ်။ ဇနီးသည်လည်း အတူတူပေါ့။

ဒါဆို ကျွန်တော်တွေးမိနေတဲ့ အိမ်ဆိုတာ အဖေနဲ့အမေရှိလို့လား။ ညီအစ်ကိုတစ်တွေ ရှိလို့လား။ ကျွန်တော့်တူ၊ တူမလေးတွေ ရှိလို့လား။ ကျွန်တော့်ဘေးမှာ ရှိတဲ့ ဇနီးသည်လည်း အဲဒီလို စဉ်းစားနေမလား။

ကျွန်တော်ထင်တာ ပြောကြည့်ပါဦးမယ်။ ကျွန်တော်တို့တစ်တွေ အိမ်ကို လွမ်းတာ အဲဒီမှာ ရှိနေတဲ့ အေးမြတဲ့ မေတ္တာကြောင့်လို့ ကျွန်တော်ထင်တယ်။ တခြားမဟုတ်ပါဘူးဗျာ။ မိသားစုရဲ့မေတ္တာလေ။ ကျွန်တော်လို အဝေးရောက်နေတဲ့ လူတစ်ယောက်အဖို့ ကန္တာရထဲက စမ်းရေအိုင်လို တောင့်တနေမိတာ အဲဒါပါ။ ငယ်ငယ်က အဝေးရောက်ရင်၊ ကျောင်းတက်ရင် အိမ်ပြန်ချင်တယ်ဆိုတာလည်း အဲဒီ မေတ္တာတွေကြောင့်ပါလို့ ခုတော့ သိလာခဲ့ရပြီလေ။

ဘယ်လိုပဲ ဖြစ်ဖြစ် လောလောဆယ်မှာ ကျွန်တော်နဲ့ဇနီးသည်က ကျွန်တော်တို့ရဲ့ ဘ၀တွေကို အဲဒီမေတ္တာတွေရဲ့ အဝေးမှာ ခဏ မြှုပ်ထားတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ အနာဂတ်အတွက် ဆက်လျှောက်နေရတယ်။ တစ်ချိန်မှာတော့ ကျွန်တော်ထင်တယ်။ နွေးထွေးတဲ့ မေတ္တာတွေရှိတဲ့ အိမ်လေးထဲမှာ ကျွန်တော်တို့တစ်တွေ တစ်ခါပြန်နေခွင့် ရမယ်လို့လေ။

ကျွန်တော့်လိုပဲ အိမ်နဲ့အဝေးကြီးမှာ ရောက်နေသူတွေကရော။ မိသားစုရယ်၊ မိဘတွေရယ်၊ သူတို့ဆီက ရတဲ့ မေတ္တာဆိုတာ တကယ်ကို အေးမြတယ်ဆိုတာကို သူတို့လည်း ကျွန်တော့်လို ခံစားနေမိလိမ့်မယ် ထင်ပါတယ်ဗျာ။ ။

ဆူးသစ်
၁၉:၅၈ နာရီ
၂၇.၁၀.၂၀၁၁

[ ကျွန်တော့်ဘလော့၏ တစ်နှစ်ပြည့်ပြီးချိန်တွင် စာအသစ်များ ပေးရန်ရည်ရွယ်ထားခဲ့ရာမှ ယခု ပထမဆုံး "ကျွန်တော့် အတွေးများ"ကို စတင်ရေးသားခဲ့မိရာ ဘလော့ချစ်သူများ ဖတ်ရန် တင်ပြလိုက်ပါသည်။ ]



6 comments:

Anonymous said...

ဟုတ်တယ်နော်..ကိုဆူးသစ်....
အော်တန်ထင်တာကလေ...မေမေဖေဖေတို.
အော်တန်နဲ.တူတူဒီမှာလာရှိနေလဲ..အိမ်မမည်
်ဝူးရယ်....ကိုယ်.နိုင်ငံ..ကိုယ်.ဆွေမျိုးတွေ
ရှိနေတဲ.နေရာကမှတစ်ကယ်.အိမ်ပါ.....အော်တန်.
မှာလေ..မောင်နှမ၀မ်းကွဲ(၄၇)ယောက်တောင်ရှိတာ..
အရမ်းလဲချစ်ကြတာ...လွမ်းတယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုဆူးသစ်တို့မိသားစုလေး
မဝေးလှတဲ့ တစ်နေ့နေ့မှာတော့နွေးနွေးထွေးထွေး မေတ္တာရနံ့တွေ ခြုံလွှမ်းနေတဲ့ အိမ်ကလေးမှာ ပျော်ပျော်ရွှင်ရွှင် နေခွင့်ရဦးမှာဘဲ..
အဲဒီနေ့လေး အမြန်ဆုံး ရောက်ရှိလာပါစေလို့ ဆုတောင်းပေးပါတယ်ရှင်။

စံပယ်ချို said...

Home နဲ့ House ဆိုပြီးခွဲထားတာဖြစ်မယ်နော်
အခုဂျက်တို့နေတာက house ပေါ့
မေမေရှိတဲ့တောင်ကြီးအိမ်ကတော့
home sweet home လေးပေါ့

Cameron said...

အိမ်ဆိုတဲ့စကားလုံးလေးက ကြားရတာနဲ့နွေးထွေးတာလေ...။

ဆောင်းနှင်းရွက် said...

အိမ် ရဲ့ အဝေးမှာ
ရောက်တော့မှ အိမ်ရဲ့
နွေးထွေးမှု့ကို ပိုသိလာတယ် ..
မိုးငွေ့ ပြောသလိုပဲ
အိမ်ဆိုတဲ့ စကားလုံးလေး
ကြားရတာနဲ့တင်
တကယ် နွေးထွေးစေတယ် ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Han Kyi said...

ဒီပို့စ်ကိုဖတ်ပြီး တစ်ခုစဉ်းစားမိတယ်...လူဆိုတာ ဖြူစင်တဲ့ ကလေးဘ၀ကို စွဲလမ်းစိတ်ကြီးကြသလားလို့ပါ...တစ်ခါတစ်ခါမှာ မိသားစု အတူတူ အိမ်သစ်တစ်လုံးမှာ အတူပြောင်းရွှေ့နေကြပေမယ့် ငယ်ဘ၀က နေခဲ့တဲ့ အိမ်၊ ပတ်ဝန်းကျင်၊ သူငယ်ချင်းတွေကို ပြန်လွမ်းနေတတ်တာမျိုးပေါ့...ဖြူစင်တဲ့ ကလေးစိတ်ဆိုတော့ အဲဒီအရွယ်က မှတ်မှတ်သားသား ရှိနေခဲ့တာတွေဟာ ဒီအရွယ်ရောက်တဲ့အထိ မပျောက်ပျက်ဘဲ ကျန်နေသလားလို့လည်း တွေးမိပါတယ်...

အရွယ်ရောက်လာတဲ့အခါမှာ အိမ်ဆိုတာ ကိုဆူးသစ်ရဲ့ စာသားထဲကလို အလုပ်ကနေ အနားယူတဲ့ နေရာပဲဖြစ်တယ် မဟုတ်လား...အမေ့အိမ်မှာကျတော့ အလုပ်ကနေရော၊ လောကကြီးဆီကနေပါ ပြေးထွက်ခွင့်ရတဲ့ နေရာဖြစ်နေတာကလည်း တစ်ကြောင်းပါမယ်ထင်ပါတယ်...

လင်မယားဖြစ်နေကြတော့ တစ်ယောက်ကို တစ်ယောက် ရင်းနှီးပွင့်လင်းမှုရှိသင့်သလောက်ရှိကြမှာဖြစ်ပေမယ့် တစ်ချို့ဝမ်းနည်းစရာကိစ္စတွေကိုကျတော့လည်း အိမ်ထောင်ဘက်ကို ငဲ့ညှာဖို့ ကိုယ့်ရင်ထဲမှာ မြိုသိပ်ထားရတာတွေလည်း ရှိနိုင်ပါရဲ့...အမေ့အိမ်မှာ၊ အမေ့ရင်ခွင်မှာကျတော့ ဘာမှ လျှို့ဝှက်ထားစရာမလိုဘဲ အားလုံးကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြနိုင်တာကလည်း အမေ့အိမ်ကို ပိုပြီးခင်တွယ်စေတာလည်း ဖြစ်ကောင်းဖြစ်မယ်လို့လည်း တွေးမိပါသေးတယ်...

( တစ်ကိုယ်ရေ ပုဂ္ဂလိက အတွေးဖြစ်တာမို့ မှားကောင်းလည်း မှားနိုင်ပါတယ်... )

Related Posts Plugin for WordPress, Blogger...