ဒီအချိန်ဆို ရန်ကုန်မှာ နည်းနည်းတော့အေးစပြုနေလောက်ပြီ ထင်ပါတယ်။ မြူတွေ၊ နှင်းတွေလို့ မပြောခဲ့ရတာ ကြာခဲ့ပြီပဲ။ မမြင်ခဲ့ရတာလည်း ကြာလှပြီပေါ့။ စိတ်ထဲမှာ ရန်ကုန်ရဲ့ဆောင်းညတွေကို လွမ်းမိသေးတယ်။
သူငယ်ချင်းတွေနဲ့ ရံဖန်ရံခါ ဒေါင်လို့ခေါ်တဲ့ လက်ဖက်ရည်ဆိုင်သွား၊ Talking တွေပွားချင်တိုင်းပွားကြ၊ ပြီးမှအိမ်ပြန်ခဲ့ကြတာပေါ့။ ဒါပေမဲ့ ဒေါင်မှာ ကက်ဆက်ကြီးက ဆောင်းဘောက်စ်ကနေ အသံတွေ ကျယ်နေရင် အော်ပြောခဲ့ရသေးတယ်။ အဲဒီကြားထဲကပဲ ခင်မောင်တိုးတို့၊ စိုင်းထီးဆိုင်တို့၊ ထူးအိမ်သင်တို့ကို ညအေးအေးမှာ နားထောင်ရင်း ကြည်နူးခဲ့ရသေးတာ။
ဒီလို တန်ဆောင်မုန်းလပြည့်နီးရင် ပဒေသာပင်တွေမြင်ရ၊ ဆိုင်းသံတွေကြားရနဲ့။ ရန်ကုန်ဆောင်းမှာ ပေါင်း ထားတဲ့ ကုသိုလ် တွေလေ။ ဒါကရာသီနဲ့ တိုက်ဆိုင်လို့ သတိရသွားခဲ့တာပါ။ တကယ်တော့ ကျွန်တော်ပြောချင်တာ သီချင်းတစ်ပုဒ်ပါ။
တကယ်တော့ သီချင်းတစ်ပုဒ်လို့သာ ပြောရတာ။ ကျွန်တော်ထင်တာ မမှားဘူးဆိုရင် အဲဒါ ကဗျာတစ်ပုဒ်ပါ။ ကာရန်တွေက တော်တော်လှပါတယ်။ ပြောချင်တာလည်း ပေါ်လိုက်တာမှ ထင်းခနဲ၊ ရှင်းခနဲ။ တကယ်တော့ တေးရေးဆရာ၊ ကဗျာဆရာက လွမ်းနေတာပါ။ သူလွမ်းတာကို ကျွန်တော်တို့လည်း ခံစားလို့ရအောင် သူ့ခံစားမှုကို သီဖွဲ့ရာမှာ သူက ကျွမ်းကျင်တယ်။ ဒီတော့ သူတကယ်လွမ်းနေတယ်လို့ ကျွန်တော်တို့ ထပ်တူခံစားလို့ ရတယ်။
သူဖွဲ့တာ ဆောင်းပါ။ ဒါပေမဲ့ လွမ်းနေသူတစ်ယောက်ရဲ့ဆောင်း။ နှင်းတွေ ပြူတင်းပေါက်ကို လာရိုက်တဲ့အခါ ပန်းပွင့်တွေ ခြွေနေသလို ထင်မိတယ်တဲ့။ လရိပ်နဲ့ ညအိပ်ရာဝင်နေတုန်းမှာ သူသိလိုက်တာက တစ်ဆောင်းသစ်ပြန်ပြီ တဲ့။
သူ့အသည်းထဲမှာ စွဲစွဲမြဲမြဲနဲ့ လောင်ကျွမ်းနေတဲ့ အရာတစ်ခုရှိတယ်။ တခြားတော့ မဟုတ်။ ချစ်သူ့အနမ်း။ အဲဒီ အနမ်းတစ်ခုကပဲ သူ့အတွက် လွမ်းသူ့အိပ်မက်ဖြစ်လို့နေစေတာ တဲ့လေ။ နောက်ဆုံးခွဲခွာ ချိန်မှာတော့ နှုတ်မဆက်ဘဲနဲ့ကို ရုတ်တရက်နဲ့ ပျောက်သွားတာတဲ့။
အဲဒီအချိန် သူလွမ်းတာ ကြည့်ပါဦး။ လမ်းမထက်မှာ လွမ်းမျက်ရည်စက်တွေ။ အဝေးဆုံးကို ပြေးပုန်း သွားသူအတွက် သူ့နှလုံးသားက ဆုံးပါးစွာ ကြေကွဲနေတာတဲ့လေ။ လွမ်းသူ့အိပ်မက် ပါတဲ့။
ကဗျာတစ်ပုဒ်လို ရေးဖွဲ့ထားတဲ့ သီချင်းပါ။ ကိုငှက်လို့ခေါ်တဲ့ ထူးအိမ်သင် ရေးထားတာပါ။ ဆိုတာလည်း သူပါပဲ။ နောက်ပိုင်း ကိုလေးဖြူက ပြန်ဆိုပါတယ်။ ခေါင်းစဉ်က ' လွမ်းသူ့အိပ်မက်' ပါတဲ့။
ကျွန်တော်တို့က မြန်မာပြည်ကနေ အဝေးမှာ ရောက်နေတော့ ဆောင်းဆိုတာကို ခံစားချင်တယ်။ အထူးသဖြင့် ဆောင်း မရှိတဲ့ စင်ကာပူလို နိုင်ငံမှာ အဝေးကဆောင်းကို သိပ်တမ်းတမိတယ်။ အခုကျွန်တော်တို့ ကြုံနေတာ ဆောင်းမဟုတ်ဘူး။ တစ်နှစ်နဲ့တစ်နှစ် အပ်ကြောင်းတွေ အမြဲထပ်နေတဲ့ မိုးနဲ့နေပူပူပဲ။ အဲဒီလို အခါမျိုးမှာ ကျွန်တော်တို့ ချစ်တဲ့ဆောင်းက မြန်မာပြည်မှာ ပြောင်းလဲလို့ သစ်သစ်နေပြီလား။ ကျွန်တော်တို့ ချစ်တဲ့ဆောင်းကို ကိုငှက်လို ချစ်သူကို လွမ်းသလိုလွမ်းရင်း ကျွန်တော်ဒီသီချင်းလေးနဲ့ အိပ်မက် မက်ကြည့်ပါရစေ။
လွမ်းသူ့အိပ်မက်လို့ပဲ ဆိုရမှာပါပဲ။ နားဆင်ကြည့်ပါဦး။

သားလတ်
၂၁:၄၁ နာရီ
၁၀.၁၁.၁၁
တန်ဆောင်မုန်းလပြည့်နေ့
၂၁:၄၁ နာရီ
၁၀.၁၁.၁၁
တန်ဆောင်မုန်းလပြည့်နေ့
7 comments:
ရန်ကုန်မှာတော့ မအေးဘဲ ပူနေတယ်တဲ့.. သူငယ်ချင်းတွေ ပြောတာပဲ..သီချင်းလေးကို ခံစားသွားပါတယ်။
ရန်ကုန်မှာခုတော့ ဆောင်းပျောက်နေပါပြီး မြူတွေနှင်းတွေဆိုတာ ဝေလာဝေးပဲ...ရာဇ၀င်ထဲက နှင်းကိုပဲ ပြန်လွမ်းရမလိုလိုဖြစ်နေပြီ သားလတ်ရေ...။
ရာသီထဲမှာ ဆောင်းရာသီကို အချစ်ဆုံး အကြိုက်ဆုံးပဲ
လွမ်းသွားတယ်အကို...
တောင်ကြီးမှာတော့အတော်အေးနေပြီတဲ့လေ မေမေ
ပြောတာပါ ဂျက်လဲလွမ်းတာပဲ
မြန်မာပြည်ကရာသီဥတုထဲမှာဆောင်းကိုအကြိုက်ဆုံး
အချစ်ဆုံးပါပဲ ဘယ်နေရာကြည့်ကြည့်လှနေတယ်လေ
(လွင်ပြင်ကလဲများရေးမဲ့ဟာကိုအရင်ရေးသွားသေးတယ်)
သီချင်းလဲခံစားခဲ့ပါတယ်
ခင်မင်တဲ့ jasmine
မနေ့က ဂျီတော့မှာ ရှိနေတဲ့ ရန်ကုန်က အစ်မတစ်ယောက်ကို အပြင်သွားတော့မယ်လို့နှုတ်ဆက်တာ သွားသွား.. နေပူတယ်နော်.. ထီးလေးဘာလေး ဦးထုပ်လေးဆောင်းဦးတဲ့..
ဒီမှာဖြင့် ချမ်းလွန်းလို့ အနွေးထည်ကြီးနဲ့ပါဆို
သူက အဲလိုပြောလိုက်တော့ ရယ်ချင်လိုက်တာ..
ဒါနဲ့ သူ့ကို ပြန်ပြောပြတော့ ရန်ကုန်လိုထင်လိုက်မိလို့တဲ့.. ရန်ကုန်မှာတော့ ပူလိုက်တာမှ ကျွတ်နေတာဘဲလို့ ပြန်ပြောတယ်..
မနက်ခင်း နှင်းတွေ ဝေနေတဲ့ မြင်ကွင်းလေးက စိတ်ချမ်းသာစရာရယ်..
ရန်ကုန်မှာတော့ ပဲခူးဘက်တွေတော့ မနက်ခင်းဆို နှင်းတွေ တွေ့ရတယ်.. ကားစီးရင် တွေ့တာပါ။။
ဆောင်းဝင်စလည်း ပူနေဆဲပါ မောင်ဆူးသစ်ရေး)
တတ်နိုင်ရင် နေ့လည်ပိုင်းအပြင်မထွက်ချင်ဘူး။
သီချင်းလေးနားဆင်သွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment