Thursday, November 8, 2012

" ရခိုင်ပြည် အလွမ်းပြေ "


၂၀၀၀ ခုနှစ်ကျော် ကာလများဆီက ကျွန်တော် ရခိုင်ပြည်နယ်ဘက်ကို ခဏခဏရောက်သည်။ ကျွန်တော်က ပြည်သူ့ဝန်ထမ်းဘ၀မို့ ကျွန်တော့်အလုပ်နှင့် ဆက်နွယ်ပြီး ရခိုင်ပြည်နယ်သည် ကျွန်တော်၏ တွဲဘက်နယ်မြေ ဖြစ်၍ ၄ လ တစ်ခါ သွားရောက်ရသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ရန်ကုန်ကနေ တစ်ခါမျှ တစ်ယောက်တည်း ခပ်ဝေးဝေးကို မသွားဖူးသော ကျွန်တော့်အကြောင်းကို သိ၍ ကျွန်တော့်ဆရာ ဒုညွှန်မှူးက ရုံးအဖွဲ့များ ငပလီကို အပျော်ခရီး ထွက်ရင်း ရခိုင်ပြည်နယ်ဘက်ကို စတင် အခြေချမိစေရန် လမ်းဖွင့်ပေးခဲ့ပါသည်။ သည်တော့ ပထမဆုံးအခေါက်မှာ ကျွန်တော့်အတွက် ယောင်လည်လည် မဖြစ်ခဲ့သည်ကတော့ အမှန်။

ကျွန်တော်တို့ ရုံးအဖွဲ့နှင့် သွားစဉ်ကတော့ သံတွဲကို ဂွဘက်က သွားတာဖြစ်သည်။ ဧရာဝတီတိုင်း ဘက်ကနေ သွားတာဖြစ်၏။ ကျွန်တော် တစ်ယောက်တည်း သွားသည့်အခါတွင်တော့ ပြည်ဘက် ကနေ တောင်ကုတ်လမ်းကို သုံး၍သွားတာ ဖြစ်သည်။

ငပလီကိုသွားသည့်အခါ ပြည်ဘက်မှတစ်ဆင့် တောင်ကုတ်ဘက်သို့ ရောက်သည့်လမ်းကို တော်တော်များများ သုံးကြသည်။ ဂွလမ်းက ထိုအချိန်က လမ်းတော်တော်ကြမ်းသည်ကိုး။ ယခုတော့ ကျွန်တော်မသိ။ ပြည်ဘက် ကနေ ရခိုင်ရိုးမကို ဖြတ်သန်းပြီးသည့်အခါ တောင်ကုတ် ဘက်ကို ရောက်သည်။ လေယာဉ်ဖြင့်သွားသည်နှင့် မတူ။ ဒေသန္တရ ဗဟုသုတကျတော့ ကားဖြင့်သွားသည်က ပိုသိရသည်။

ထိုပထမဆုံးအခေါက် ပြီးတော့ ကျွန်တော်သည် သံတွဲ၊ ငပလီ ဆိုသည်ကို ထူးပြီးအံ့ဩ မနေတော့။ လမ်းခရီးကို ယဉ်ပါးသွားတော့သည်။ ပြည်လမ်းက သွားလျှင် ရန်ကုန်ကနေ စော်ဘွားကြီးကုန်းမှ ညနေဘက် ကားနှင့် စထွက်ပြီး တောင်ကုတ်ကို နံနက်လင်းလျှင် ရောက်သည်။ သို့သော် လမ်းမှာ ဘယ်နှစ်ကြိမ်မှန်း မသိအောင် ကားပေါ်က ဆင်းခဲ့ရသည်။

အကြောင်းက လ၀ကစစ်ဆေးရေး ဂိတ်များမှ မှတ်ပုံတင်ကို စစ်ကြခြင်းပင်။ ပထမဆုံး သွားသော အခေါက်မှာ ရုံးက၀န်ထမ်းများထဲ၌ မွတ်ဆလင် အမျိုးသမီးကြီး တစ်ဦးပါ၍ မှတ်ပုံတင်ကို သေသေ ချာချာ တောင်းကြည့်ကြသည်။ ကျွန်တော့်ဆရာ ဒုညွှန်မှူးက ရုံးက၀န်ထမ်းဖြစ်ကြောင်း စာပါပြ၍ ရှင်းမှပြီးတော့သည်။ သည်တုန်းကတော့ တကယ်ကို နားမလည်။ တော်တော် အကဲဆတ်တာပါလားဟု လ၀က ၀န်ထမ်းတွေကို တွေးမိခဲ့သေးသည်။

သည်လိုနှင့် ကားပေါ်တက် ပြန်အိပ်ဖို့ကြိုးစားလိုက်၊ မှေးခနဲ ဖြစ်လိုက်၊ မှတ်ပုံတင် အစစ်ခံဖို့ အောက်ပြန် ဆင်းလိုက်နှင့် မိုးလင်းရတော့သည်။ တောင်ကုတ်လမ်းသည်လည်း ထိုနည်းလည်းကောင်း။ ရခိုင် ရိုးမကို ဖြတ်ချိန်တွင်တော့ ကားပေါ်မှာ လကိုကြည့်၍ ကျွန်တော် လွမ်းမိသည်။ လသည် ကျွန်တော်နှင့်အတူ ကားမှန်ထဲမှာ အတူခရီးသွားနေ၏။

ဆောင်းတွင်းသွားလျှင် တောင်ကုတ်ကို ရောက်ချိန်သည် လှပ၏။ မနက်ဝေလီဝေလင်း နှင်းနှင့်မြူ ကြားမှာ တောင်ကုတ်ကားဂိတ်တွင် ခဏနား၍ သံတွဲကို ခရီးဆက်မှ နံနက်ဆယ်နာရီလောက်တွင် သံတွဲကို ရောက်သည်။ ဒါတောင် ကျွန်တော်တို့ရုံးက အရာရှိအိမ်က ငပလီမှာမို့ ကျွန်တော်က ငပလီလမ်းဆုံ အထိ ကားကို ဆက်စီးရသေးသည်။

သည်လိုနှင့် ငယ်ငယ်က တစ်ခါမျှ မရောက်ခဲ့ဖူးသော ငပလီသည် ပြည်သူ့ဝန်ထမ်းလုပ်မှပင် သွားချင်လည်း သွားရ၊ မသွားချင်လည်း သွားရနှင့် ခဏခဏကို ရောက်နေတော့သည်။ များသောအားဖြင့် ငပလီကို အလုပ်တာဝန်နှင့် သွားရသောကြောင့် စိတ်ကတော့ သိပ်လွတ်လပ်သည်မဟုတ်။ ရုံးကအရာရှိ၏ အိမ်မှာတည်းပြီး သူ့တူနှင့် ကျွန်တော်က ညနေအလုပ်ပြီးလျှင် ရေသွားကူးကြသည်။

ကမ်းခြေတစ်လျှောက် လိုက်ကြည့်သည့်အခါ လှပသောဟိုတယ်များ၊ နိုင်ငံခြားသားများ၊ နိုင်ငံခြား သူများ၊ ရေကစားနေသူများ၊ အုန်းပင်များ စသည်ဖြင့် ပင်လယ်ကိုခံစားနေသူများကို တွေ့ရသည်။ ညနေ နေ၀င်ချိန်အလှနှင့် ပင်လယ်။ သည်မြေ၊ သည်ရေသည် ကျွန်တော်တို့ ပိုင်သည်ဆိုသော အသိက အားလုံးကို လုံခြုံနွေးထွေးသော ခံစားမှုကို ဖြစ်စေသည်ထင်သည်။ ပင်လယ်နှင့် လူသားကား လိုက်ဖက်ညီစွာ အချိုးကျနေတော့၏။

ပင်လယ်ရေကို သတိထားမိသည်က ရေကူးနေရင်း အောက်ကနေ လှိုက်၍ ဆွဲနေခြင်းပင်။ ခဏလောက် ငြိမ်ကြည့်လိုက်ပါက ရေကအောက်က မသိမသာဆွဲနေသည့် သဘောရှိသည်။ ကျွန်တော်က ရုံးကအရာရှိ တူလေးနှင့် ရေငုပ်ပြိုင်သည်။ ပြိုင်သည်ဆို၍ အထင်မကြီးပါနှင့်။ ထိုကလေးက ငပလီသားပီပီ ရေကူး၊ရေငုပ် ကျွမ်းကျင်၏။ ကျွန်တော်က မတ်တတ်ကနေ ထိုင်ပြီးရေအောက်ကို ငုပ်လိုက်ရုံသာ။ သူကငုပ်ပြီး ကူးလို့ပင်နေ၏။

သည်လို ခံစားမှုများကို ကြုံရသည့်ကြား သပြုချိုင်ဆိုသည့် ပင်လယ်တစ်ဖက်ကမ်းက နေရာကို အလုပ်ကိစ္စနှင့် သွားသောအခါတွင်တော့ ကျွန်တော့်အတွက် ပင်လယ်၏ ထူးခြားမှုမျိုးကို ကြုံခဲ့ရသေးသည်။ ထိုနေရာသည် ဘင်္ဂလားပင်လယ်အော်ကို ရောက်နေပြီဟု ဆို၍ရသည်။ ကျွန်တော်တို့က စက်လှေနှင့်ဖြတ်တာ ဖြစ်သည်။ တစ်ချက်တစ်ချက် လှိုင်းကြီးလျှင် စက်လှေသည် ဟိုဘက် သည်ဘက် စောင်းသွားရာ ဘယ်ဘက်မှာ တင်ထားသော အိတ်ရှိက ညာဘက်သို့ ပြုတ်ကျသည်။ ညာဘက်မှာ တင်ထားသော အိတ်ရှိက ဘယ်ဘက်သို့ ပြုတ်ကျသည်။ ထိုသို့စောင်းတတ်ရာ ကျွန်တော်လည်း ဘုရားစာရွတ်ရင်း ပင်လယ်၏ ဆန်းကြယ်မှုကို ခံစားခဲ့မိသေးသည်။

ဆူးသစ်
၂၂း၄၇ နာရီ
၈.၁၁.၂၀၁၂

[ တကယ်တော့ ကျွန်တော်သည်စာစုကို စရေးစဉ်က တစ်ပိုင်းတည်းပြီးမည် ထင်ထားသော်လည်း ယခုရေးရင်းမှာပင် ကျွန်တော့်မှာ ပြောစရာ တော်တော်များများ ရှိလာသည်ကို သိမိ၍ အပိုင်းများ ဆက်ပါဦးမည်ဟု ကြိုတင်ဝန်ခံထားပါရစေခင်ဗျား။ ]
 

3 comments:

နွေတေးရှင် (မင်းဧရာ) said...

အကိုကြီးကလည်း
ပြီးအောင်တော့ မရေးဘူးဗျာ။

ငပလီ တို့ ရခိုင်ကမ်းရိုးတန်တို့ ကြားယူံဘဲ ကြားဘူးတာ အကိုရ အဲဒါကြောင့် ဖတ်ချင်တာပါ။

ချော(အစိမ်းရောင်လွင်ပြင်) said...

သံတွဲ ငပလီကို မနှစ်က ကောင်းကောင်းရောက်ဖြစ်ခဲ့တယ်။
ပင်လယ်ကြီးရဲ့ သဘာဝက အံ့သြဖို့ မကုန်နိုင်ဘူးနော်
အတွေ့အကြုံလေးတွေ စောင့်ဖတ်ပါဦးမယ် ဆက်ပါဦးလို့.

မြတ်ပန်းနွယ် (Myat Pan Nwe) said...

စိတ်ဝင်စားစရာမို့ ဆက်ရန်ကလေးတွေကို အမြန်ဆုံးဆက်ပါလို့ တိုက်တွန်းပါတယ်ရှင်။
( အခုတောင် ဖတ်ရတာ တိုးလို့တန်းလန်းကြီးလို ခံစားလိုက်ရတယ်။ )

လေးစားစွာဖြင့်
မြတ်ပန်းနွယ်

Related Posts Plugin for WordPress, Blogger...