Sunday, November 11, 2012

" ရခိုင်ပြည် အလွမ်းပြေ " (၂)


သပြုချိုင်လို ပင်လယ်ဖြတ်သွားရသော နေရာကနေ စက်လှေများသာ သွားချည်လာချည်လုပ်နေကြ သည်ကို  ကျွန်တော်နည်းနည်းတော့ အံ့ဩမိသည်။ ကျွန်တော့်မှာ ပင်လယ်အတွေ့အကြုံမှ မရှိဘဲကိုး။ သပြုချိုင်ကအပြန် မိုးအုံ့နေ၍ ကျွန်တော်က ရုံးကအရာရှိကို အခြေအနေမေးတော့ စက်လှေက ရသည်ဟုဆိုလျှင် ရသည်တဲ့။ စက်လှေက အဆင်မပြေဘူး ဆိုလျှင်တော့ ထွက်ကို မထွက်တော့တဲ့။ ကောင်းပါသည်။

ရိုးရိုးလှိုင်းရိုက်တာပင် ဟိုဘက်သည်ဘက် စောင်း၍ အထုပ်များပင် ပြုတ်ကျနေသေးရာ မိုးနှင့်လေနှင့် သာဆို ကျွန်တော် တွေးပင်မတွေးရဲ။ သို့သော် ပင်လယ်ကိုကြည့်တော့ ပင်လယ်ရေသည် ပြာ၍ လှနေ၏။ ရေကိုကြည့်၍ပင် ပင်လယ်သည် နက်လှသည်ဟု ခံစား၍ ရနေသလို။ ရာသီဥတု ကောင်းသည်ဟု စက်လှေသမားက ပြော၍ ဘုရားစာရွတ်ကာ လိုက်ခဲ့ရလေတော့သည်။

ကျွန်တော့်အလုပ်တာဝန်အရ သံတွဲရှိ အလုပ်ရုံများကို လှည့်ပတ်စစ်ဆေးပြီး နောက်တစ်ကြိမ် မှာတော့ တောင်ကုတ်သို့ လှည့်ခဲ့ရသည်။ သံတွဲတွင် ငါးပုစွန်အအေးခန်း စက်ရုံများ ပေါ သလောက် တောင်ကုတ်ကျတော့ သစ်ခွဲစက်များ၊ ရေခဲစက်များ ရှိသည်။သံတွဲမှ တောင်ကုတ်သို့ အသွားလမ်းသည် သာယာ၏။ လယ်ကွင်းများ၊ တောင်ကုန်းလေးများကို ဖြတ်ရသည်။

ကျွန်တော်နှင့် ရုံးကအရာရှိသည် တောင်ကုတ်မှာ တည်းခိုခန်းတည်းကြ၏။ ပထမညမှာ ကြမ်းပိုးကိုက်တာနှင့်ပင် ကျွန်တော်တို့ နှစ်ယောက်မှာ အိပ်ရာပင် ပြောင်းအိပ်ရ၏။ နောက်တစ်ရက် ကျတော့ တည်းခိုခန်းပါ ပြောင်းခဲ့ရတော့သည်။ ကြမ်းပိုးဒဏ် မခံနိုင်တော့သောကြောင့် ပင်။ နောက်တည်းခိုခန်းကတော့ အဆင်ပြေ၏။ ကောင်းကောင်း အိပ်ခွင့်ရသည်။

တောင်ကုတ်မှာ ထူးထူးထွေထွေ သိပ်ပြောစရာ မရှိသော်လည်း သံတွဲက အပြန် ခရီးတစ်ခုမှာ ကျွန်တော့် အတွက် မှတ်မှတ်ရရ ပြောစရာတစ်ခုတော့ ရှိသည်။ ခရီးတစ်ထောက်နားပြီး ထမင်းစားပြီးချိန် ကျွန်တော်နှင့် ဘတ်စ်ကား တစ်စီးတည်း ပါလာသော ရခိုင်လူမျိုး အမျိုးသားတစ်ဦးနှင့် စကားလက်ဆုံ ကျမိသည်။ အကြောင်းကလည်း ရှိသည်။ ထိုလူသည် သံတွဲမှာရှိသည့် ကျွန်တော်တို့ရုံးမှ အရာရှိနှင့် တစ်ရပ်ကွက် တည်းသား။ ထို့ကြောင့် သူနှင့် မျက်မှန်းတန်းမိနေသည်။

ကျွန်တော့်ကို သူကလည်း မျက်မှန်းတန်းမိနေ၍ စကားစမြည်ပြောရင်း လမ်းတွေ အကြောင်း ရောက် သွားသည်။ ဂွဘက်က အ၀င်လမ်းများ ကြမ်းသည့်အကြောင်းနှင့် ပြင်နေသည့်အကြောင်း ပထမတစ်ခေါက်က အတွေ့အကြုံများကို ပြောပြဖြစ်တော့ သူက ကျွန်တော့်ကို စကား တစ်ခွန်း ပြန်ပြောသည်။ ကျွန်တော် သည်နေ့အထိ မမေ့နိုင်သေးသော စကား။

" ဆရာတို့ ဗမာပြည်လောက်တော့ လမ်းတွေက ဘယ်ကောင်းပါ့မလဲ ဆရာရယ် " တဲ့။

ဗမာပြည်ဟု သူသုံးသွားသည်မှာ တိုင်းရင်းသားများ တစ်နေရာစီ နေရ၍ သုံးသောအသုံးမျိုးမဟုတ်။ ဗမာက ဗမာ၊ ရခိုင်က ရခိုင်ဆိုသော ပုံစံမျိုး သုံးသွားသည်ဟု ကျွန်တော်ခံစားရသည်။ စိတ်ထဲကတော့ သူက ဗမာပြည်လို့ ပြောတော့ ငါက ဘယ်နိုင်ငံခြားကို ရောက်နေပါလိမ့်ဟု တွေးမိသေးသည်။ သည်လိုစိတ်မျိုးတွေ သူတို့ဆီမှာ ဘယ်လောက်တောင် ခိုအောင်းနေပါလိမ့်၊ ကြာမြင့်ခဲ့လေပြီလားမသိဟု စိတ်မကောင်းစွာ တွေးမိခဲ့သည်။ ထိုစဉ်က သံတွဲခရီး အပြန်လမ်းသည် ကျွန်တော့်အတွက်တော့ ရင်ထဲမှာ မွန်းကျပ်မှုများစွာနှင့် ပြည့်သိပ်နေခဲ့သော အပြန်လမ်း ခရီးတစ်ခု ဖြစ်ခဲ့သည်ကတော့ အမှန်ပင်။

သံတွဲဘက်နှင့် စစ်တွေဘက်ကို အလှည့်ကျသွားနေသော ကျွန်တော့်အတွက်တော့ စစ်တွေဘက်ကိုလည်း အဆင်ပြေသလို သွားဖြစ်ခဲ့သည်။ သို့သော်စစ်တွေနှင့် သံတွဲ၏ ကွာခြားချက်က သံတွဲကို ကားနှင့်သွားရသည်က အဆင်ပြေသလောက် စစ်တွေကို ကားနှင့်သွားလျှင်တော့  တစ်ရက်နှင့် မရောက်။ ကျွန်တော်ကတော့ ကားနှင့်သွားလျှင် လမ်းကြမ်းသည်၊ ကြာသည် ဆိုတာနှင့်ပင် အမြဲ တမ်းလို လေယာဉ်နှင့်သာ သွားခဲ့တော့သည်။ ကျွန်တော်တို့ဋ္ဌာန ငွေစာရင်းကို မေးကြည့်တော့ စစ်တွေကို လေယာဉ်နှင့် ခွင့်ပြုသည်ဟု သိရ၍ လေယာဉ်နှင့်သာ သွားခဲ့ခြင်းဖြစ်သည်။

ကျွန်တော်တို့ဝန်ထမ်းများမှာ တာဝန်ဖြင့်ခရီးသွားပြီး ပြန်လာလျှင် ခရီးစရိတ်တင်ပါက ဋ္ဌာနမှ ခွင့်မပြုသော ယာဉ်ဖြင့် သွားမိပါက အိတ်စိုက်ဖြစ်တတ်ရာ မသွားခင်ကတည်းက ကြိုမေးပြီးမှ သွားသည်က ဘေးကင်း သည်မှာ အမှန်ပင်။ သည်သို့ဖြင့် ကျွန်တော်တစ်ခါမျှ မရောက်ဖူးသော စစ်တွေကို မြန်မာ့လေကြောင်း ပိုင် လေယာဉ်များဖြင့် သွားချည်၊လာချည် လုပ်ခဲ့ပါသည်။

စစ်တွေမှာလည်း ကျွန်တော်တို့ရုံးမှာ တည်း၍မရ။ သံတွဲရုံးသည်လည်း ထို့အတူ။ ပြီးတော့ သံတွဲမှာ နယ်မြေအရာရှိအိမ်မှာ တည်းရသည်က ငပလီမှာမို့ ပိုအဆင်ပြေ၏။ ကျွန်တော်တို့ သွားချင်သော စက်ရုံများသည် ငပလီနှင့် သပြုချိုင်ဘက်မှာသာ များရာ နယ်မြေခံအရာရှိ အိမ်က ပိုအဆင်ပြေ၏။ သံတွဲရုံးက သံတွဲမြို့ပေါ်မှာ ရှိသော်လည်း ညအိပ်ညနေ နေရန် ရေ၊မီးက အဆင်မပြေ။ နယ်မြေခံကလည်း ပေးမတည်း။ ကျွန်တော့်ကို အားနာပြီး စိတ်ချလက်ချ အိပ်နိုင်ရန် အိမ်မှာသာ တည်းစေသည်။ နယ်မြေခံအရာရှိက ယောကျာ်းလေး ဖြစ်တာလည်းပါ၏။

စစ်တွေကျတော့ အရာရှိက အမျိုးသမီး။ ရုံးမှာတည်းရန်လည်း အဆင်မပြေ၍ ကျွန်တော့်ကို ' မြ ' တည်းခိုခန်း ဆိုသည့် စစ်တွေ တက္ကသိုလ်ရှေ့က တည်းခိုခန်းမှာ တည်းဖို့ စီစဉ်ပေးသည်။ အဆင်ပြေ၏။ သန့်ရှင်းသည်။ သပ်ရပ်သည်။ ကြမ်းပိုးမကိုက်။ မြ တည်းခိုခန်းသည် စစ်တွေဆေးရုံနှင့်လည်း နီး၏။ ပြီးတော့ ကမ်းနားဘက် လမ်းလျှောက်ချင်သည် ဆိုလျှင်လည်း အဆင်ပြေသည်။

စစ်တွေမှာ စက်ရုံတွေစစ်သည့်အခါ ချောင်းကိုဖြတ်၍ သွားစစ်ရသည်လည်း ရှိ၏။ ငါး၊ပုစွန် အအေးခန်းစက်ရုံများ များသည်။ ကျွန်တော့်အတွက်ကတော့ ပင်လယ်ဘေးက လမ်းမကြီးထက် လမ်းလျှောက်၍ လေညင်းခံရင်း ရှုခင်းများကြည့်ရသည့် အရသာက ဘာနှင့်မျှ မလဲနိုင်။ မေ့လည်း မမေ့နိုင်တော့။

ဆူးသစ်
၀၁း၃၇ နာရီ
၁၁.၁၁.၁၂
(ဆက်ပါဦးမည်။)






3 comments:

မိုးနတ်ကြယ်စင် said...

ရခိုင်အလွမ်းလေးကို လာဖတ်သွားပါတယ်နော်..
ဟိုရက်က မရောက်ဖြစ်လို့ နောက်နေ့မှ (၁)
လာဖတ်အုံးမယ်...
ခင်မင်နေတဲ့...မိုးနတ်

The Sea Breeze said...

မင်းတို့ ဗမာပြည်ဆိုတဲ့ အသုံးနှုန်းကို တိုင်းရင်းသား အတော်များများက သုံးတာကို ကြုံဖူးပါတယ်

Angelhlaing(May everybody be happy and healthy! said...

တိုင်းရင်းသားတစ်ချို့ရဲ့ ဗမာနဲ့ မြန်မာ အသုံးနှုန်းတွေမှာ နာကျည်းမှုတွေ ပါဝင်နေတာတွေ ကြားမိတော့ စိတ်မကောင်းဖြစ်မိတယ်အကိုရေ..

Related Posts Plugin for WordPress, Blogger...