ညီလေးရေ........
အစ်ကို စင်ကာပူရောက်ပြီး တစ်နှစ်ခွဲလောက် အကြာမှာ အဖေ့ဆီက ထူးခြားတဲ့ ပစ္စည်းလေးတစ်ခု အစ်ကို့ဆီ ရောက်လာခဲ့ပါတယ်။ အစ်ကို့ဇနီးသည် ယူလာတာပါ။ အိတ်နဲ့ပိတ်ထားပြီး ဂွမ်းနဲ့ ကျကျနန ထုတ်ထားပါတယ်။ စာထဲမှာတော့ " အဖေ့ရဲ့ အံသွား " လို့ပါတယ်။
ရရချင်းတော့ အံ့ဩမိပါတယ်။ ပြီးတော့ ၀မ်းသာရပါတယ်။ အံ့ဩရတာက အစ်ကို မှတ်သားဖူးတဲ့အထဲမှာ မိဘရဲ့ အံသွားကို အမှတ်တရ သိမ်းထားတာမျိုး မရှိသေးလို့ပါ။ အမေ့ခြေရာတို့ ဘာတို့လိုပေါ့။ ဒါပေမဲ့ ပြန်တွေးကြည့်တော့ အဖေ ငါ့ကို အလကား ပေးတာတော့ မဟုတ်တန်ရာဘူးလို့ ကောက်ချက် ချမိတယ်။ အဖေနဲ့ ဖုန်းပြောရမှ " မင်းကို ငါ့အမွေ အနေနဲ့ ပေးတာ " ဆိုတာ သိရတယ်။ ဒီတော့မှ ၀မ်းသာရတော့တာ။
ညီအစ်ကို သုံးယောက်မှာ အစ်ကိုက အဖေ မသေခင် အဖေ့ခန္ဓာကိုယ်က အမွေတစ်ခုရခဲ့လို့ ၀မ်းသာမိတာပါ။ ဒီအတွက် ကိုကြီးနဲ့ ညီလေးတို့ စိတ်မကောင်း မဖြစ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ အစ်ကိုက မိဘတွေနဲ့ အဝေးကြီးမှာ နေရတာပါ။ ဒါကြောင့် အဖေက တမင်ပေးခဲ့တာပါ။ အနေနီးတဲ့ ညီလေးတို့က မိဘတွေကို အနီးကပ် ပြုစုစောင့်ရှောက်ခွင့် ရနေတာ အစ်ကို့ထက် ထူးခြားပြီး ကံကောင်းတာပါ။ ရခဲတဲ့ အခွင့်အရေးကို ရထားတာပါ။
အစ်ကိုကတော့ အဖေပေးလိုက်တဲ့ အံသွားတစ်ချောင်းကို ရပြီးတဲ့နောက် အတွေးတွေ၊ စဉ်းစားစရာတွေ အများကြီး ရလာခဲ့ပါတယ်။
ညီလေးရေ........
အဖေ့အကြောင်း ညီလေးကို ပြန်ပြောပြပါဦးမယ်။ အဖေ့ကို ဟိုး ပဲခူးရိုးမ တောင်ခြေက ရွာတစ်ရွာမှာ မွေးတယ်။ နောက်မှ အဖေနဲ့ အမေတို့နေတဲ့ နေရာကို ရောက်လာတယ်။ တကယ်တမ်းတော့ အဖေပညာသင်စဉ်က အဘိုးတို့ အခက်အခဲရှိတာနဲ့ အဖေဟာ ကိုယ့်ဒူးကိုယ်ချွန်ရင်း အလုပ်လုပ်ရင်း ကျောင်းတက်လို့ ကြိုးစားခဲ့ရတာ။ စိတ်ပညာ အဓိကနဲ့ ကျောင်းပြီးခဲ့တယ်။
အမေနဲ့ အိမ်ထောင်ကျပြီး မင်္ဂလာဒုံမှာ ကိုကြီးကို မွေးတယ်။ ပြီးတော့ စမ်းချောင်းမှာ အစ်ကိုနဲ့ ညီလေးကို မွေးတယ်။ အဲဒီအချိန်မှာ အဖေ့အလုပ်က ရာထူးတွေ တစ်ဆင့်ပြီးတစ်ဆင့် တက်လာတယ်။ ဒါပေမဲ့ လောကကြီးရဲ့ လှည့်ကွက်ပဲ ထင်ပါရဲ့ ညီလေးရေ။ အချိန်ကာလ တစ်ခုမှာ အဖေ အလုပ်ကနေ မလွှဲ မရှောင်သာ နားလိုက်ရတယ်။ မနားလို့ မဖြစ်အောင် အခြေအနေတွေက ဖန်တီးခဲ့တာကိုး။ အဖေ့အပြစ် တစ်ခုမျှ မပါဘဲ ဆက်မလုပ်ချင်စရာ ပတ်ဝန်းကျင်ကြောင့် အဖေ့မှာ အလုပ်ကို သံယောဇဉ်ရှိပေမယ့် ထွက်လိုက်တယ်။
အဲဒီနောက်ပိုင်းမှာ အရင်က အဖေ့ကို လေးစားအားထားသူတွေ၊ မှီခို အားထားသူတွေ အဖေ့ဆီကို မလာတော့ပါဘူး။ အဖေပြောရင် နားထောင်မယ့်သူတွေလည်း မရှိတော့ပါဘူး။ အဖေ အူအတက် ခွဲတုန်းက နေစရာ မရှိအောင် ပြည့်ကျပ်ခဲ့တဲ့ အိမ်လေးမှာ အဖေဖျားရင် လာတွေ့မယ့် လူတောင် မရှိတော့ပါဘူး။
အရင်က အဖေ့အကူအညီနဲ့ ပွဲလယ်တင့်ခဲ့သူတွေတောင် သူတို့လုပ်ပိုင်ခွင့်အောက်မှာ အဖေ့ကို ပမာမခန့် ပြောတန်ပြော၊ မလေးမစား လုပ်ချင်သလိုလို အမူအရာတွေပြနဲ့။ အဲဒီလို လူတွေအတွက် လူပျိုပေါက်အရွယ် အစ်ကိုက ဘယ်ကျေနပ်နိုင်ပါ့မလဲ ညီလေးရေ။
အဲဒီနောက်တော့ ငွေစံပယ်၊ နှင်းဆီ၊ ဂျိုးသိန်း၊ ဒူးယားဆိုတဲ့ ဆေးပေါ့လိပ်၊ စီးကရက်တွေက အဖေ့ စိတ်ဖြေရာတွေ ဖြစ်လာခဲ့တယ်လေ။ အမေ့နာမည်နဲ့ မြေကွက်ရတော့ အိမ်ထောင်ဦးစီးဆိုတဲ့ နေရာမှာ အမေ့နာမည်ထွက်တော့ အဖေ စိတ်မကောင်းဖြစ်ပြီး မျက်ရည်ဝဲတက်လာတာ အစ်ကို မှတ်မိသေးတယ်။
အဲဒီကာလတွေမှာ အဖေဟာ အရင်က သူ့လက်အောက်က ၀န်ထမ်းတွေ ဖြစ်ခဲ့ဖူးတဲ့ လူတွေဆီမှာ အလုပ်ဝင်လုပ်ပေမယ့် တရစပ်၊ မရပ်မနား ပညာပြတာကြောင့် အစ်ကိုတို့က မခံနိုင်လို့ နားခိုင်း ရတော့တယ်။ ဒါပေမဲ့ နောက်ထပ် သူငယ်ချင်း တစ်ယောက်ရဲ့အလုပ်မှာ ၀င်လုပ်ခဲ့ပြန်တော့ အနေအစား ဟန်မကျလို့ အားလုံးက တားခဲ့ရပြန်ပါတယ်။
ဒီနောက်ပိုင်းမှာတော့ အဖေဟာ အမေရတဲ့ မြေကွက်ကို စပြီး အကောင်အထည် ဖော်ပါတော့တယ်။ အဖေဟာ သူ့ရဲ့အဖေ၊ အစ်ကိုတို့ အဘိုးနဲ့ ကြာပေါက်နေတဲ့ မြေကွက်ကို မြေတွေသယ်ဖို့ခဲ့တာ အနားမှာနေရင်း မြေလိုက်ဖို့ခဲ့တဲ့ အစ်ကို့မျက်မြင်ပါပဲ။ မြေကွက်ကို ညှိကြတဲ့နေရာမှာ ကြာပေါက်နေတဲ့ ရေအိုင်ခွက်ကြီး ပြည့်အောင် ကန်သင်းတွေကို ပေါက်တူးနဲ့ ဖြိုခဲ့ကြရတယ်။ မိုးရွာ၊ နေပူကြားထဲမှာ အဖေရယ်၊ အဘိုးရယ်၊ အစ်ကိုရယ်ဟာ စမ်းချောင်းနေအိမ်ကနေ ဒဂုံမြောက်ကို ကားအဆင့်ဆင့် စီးပြီးသွား၊ မနားမနေ ပင်ပင်ပန်းပန်း လုပ်ခဲ့ကြရတာပါ။ အစ်ကိုကြီးက စားသောက်ဆိုင်မှာ လက်ထောက်မန်နေဂျာ အဖြစ် ၀င်လုပ်နေတဲ့ အချိန်ပါ။ ညီလေးက ငယ်သေးတယ်လေ။ အဲဒီ မြေကွက်သစ်ကို ပြောင်းပြီးချိန်မှာလည်း ခြံထဲမှာ သီးပင်စားပင်တွေစိုက်၊ တစ်ဖက်က အားလုံးစားဖို့ ထမင်းဟင်းချက်နဲ့ ဒီကြားထဲ ၀ါသနာပါတဲ့ စာတွေလည်း ရေးသေးရဲ့။ အဖေဟာ ခြံထဲကို ရေ မ၀င်အောင် နောက်ဖေးက မြေတွေကို တစ်ယောက်တည်း တူးဖော်၊ ထမ်းဖို့နဲ့ အအားမနေခဲ့ပါဘူး။ ဒါကြောင့် အဖေ့သူငယ်ချင်းတွေက အဖေ့ကို တွေ့မြင်ကြတဲ့ အချိန်မှာ အံ့အားသင့်ကုန်ကြတယ်။ အသားတွေ မည်းပြီး ပိန်ချုံးကျသွားတာ အဘိုးအိုလေးနဲ့တောင် တူသွားလို့ ဘာဖြစ်တာလဲလို့ မေးရတဲ့ အထိ ဖြစ်ခဲ့ရတယ်။ ဒီကြားထဲ အဖေဟာ နိုင်ငံတော်အဆင့် စာပေဆုတစ်ဆု ရခဲ့သေးတယ်။
နောက်ဆုံးမှာတော့ အဖေ့ရဲ့ ကျောင်းနေဖက်သူငယ်ချင်း စာရေးဆရာရဲ့ ဆက်သွယ်ကူညီမှုနဲ့ အဖေဟာ ၀ါသနာပါရာ အလုပ်ကို လုပ်ခွင့်ရသွားပြီး ဒီနေ့အထိ ပျော်ရွှင်ကျေနပ်စွာ အသက်မွေး ၀မ်းကျောင်းနေလေရဲ့ ညီလေးရေ။ ညီလေး သိပြီးသားပေမယ့် အဖေ့အကြောင်း ပြန်ပြောရတာ အကြောင်း ရှိပါတယ် ညီလေးရေ။ အဖေ့ဘ၀ လမ်းကြောင်း ခက်ခဲတာ သိစေချင်လို့ပါ။
ညီလေးရေ........
အစ်ကို့ အကြောင်း ထပ်ပြောပြပါမယ်။
အစ်ကို စင်ကာပူ ရောက်တာ နှစ်နှစ်ကျော်ပါပြီ။ ဘွဲ့ရပြီးချိန်က စတွက်ရင် ဆယ်နှစ်ကျော် ပါပြီ။ ကျောင်းပြီးလို့ ဘွဲ့တောင် မယူရသေးဘူး၊ အလုပ်တန်းရတာနဲ့ ကုမ္ပဏီတစ်ခုမှာ ၀င်လုပ်ခဲ့တယ်။ မနက် မိုးမလင်းခင် ကတည်းက ဖယ်ရီပေါ်ရောက်၊ ညမှောင်မှ အိမ်ပြန်ရောက်နဲ့ ဘ၀က စက်ရုံတစ်ရုံထဲမှာ စုပ်စုပ်မြုပ်ခဲ့တာ။ ဒါတောင် အမေလုပ်ပေးလို့ ထမင်းချိုင့် အမြဲ အဆင်သင့် ဖြစ်ခဲ့တာနော်။
နောက်တော့ ပြည်သူ့ဝန်ထမ်း အရာရှိ ၀င်လုပ်ခဲ့သေးတယ်။ ခြောက်နှစ်နဲ့ လေးလဆိုတဲ့ ကာလမှာ အစ်ကို့ဘ၀ရဲ့ အချိန်တွေကို အဲဒီရုံးလုပ်ငန်းမှာ မြှုပ်ထားခဲ့တယ်။ နယ်ပေါင်းစုံသွား၊ အတတ်နိုင်ဆုံး ကြိုးစားလုပ်ခဲ့တာ ပင်ပန်းချိန်တွေ အများကြီးပဲ။ ရန်ကုန်မှာ နေတော့လည်း ကိုယ့်အလုပ်ကိုယ် လုပ်တာတောင် ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးတဲ့ သူတွေ ရှိသေးတယ်။ နောက်ဆုံးတော့ ကိုယ့်ဘ၀ရဲ့ အနာဂတ်အတွက် သေသေချာချာ စဉ်းစားပြီး ကိုယ်နဲ့ အံဝင်ခွင်ကျ မရှိတဲ့ အဲဒီအလုပ်ကနေ ထွက်ခဲ့တယ်။ အဲဒီ အလုပ်တုန်းကလည်း အိမ်က အမေက လိုအပ်တာတွေ အကုန်ဖြည့်ဆည်းပေးခဲ့တယ်။ ငွေကြေးပါ အပါအ၀င်ပေါ့။
နောက်ဆုံးတော့ စင်ကာပူ ရောက်ခဲ့ပါတယ်။ နှစ်နှစ်ဆိုတဲ့ ကာလအတွင်းမှာ ပထမနှစ်ဝက်က သက်သာသလို ရှိပေမယ့် နောက်တစ်နှစ်ခွဲကတော့ အိမ်ဆိုတာ ကျောချစရာ နေရာတစ်နေရာ သာသာပဲလို့ ပြောရလောက်မတတ် အလုပ်ထဲမှာပဲ ဘ၀က နစ်မြုပ်ခဲ့တာ။ ရတဲ့ငွေနဲ့ မိဘတွေကိုလည်း ထောက်ပံ့နိုင်၊ ကိုယ့်ဘာသာ အိမ်ထောင်နဲ့လည်း ရပ်တည်နိုင်ဆိုတော့ ပင်ပန်းရကျိုးနပ်ပါတယ်။
ဒါပေမဲ့ စင်ကာပူမှာတော့ ကိုယ့်ဘာသာပဲ ချက်စားရတော့ ကောင်းကောင်းဆိုးဆိုး လှိမ့်ပိမ့်ခံရတော့တာပါပဲ။ အခု ဇနီးရောက်လာမှ နည်းနည်း သက်သာလာတာ။ အလုပ်ပင်ပန်းချိန်ဆို ဘယ်သူက ထမင်းဟင်း ချက်ပေးချင်ပါ့မလဲလေ။
ဒီလိုနဲ့ နေလာခဲ့တာ တစ်ခါတစ်ခါ ငွေရှာရတာကိုပဲ ငြီးငွေ့လာပြန်ရော။ ဒါတောင် ကလေးမရသေးဘူးနော်။ ဘ၀ဆိုတာ ဘာလဲဆိုတာရဲ့ အစလောက်ရှိသေးတာ။ အစ်ကို ဖြတ်သန်းခဲ့သမျှ ပင်ပန်းတယ်လို့ ထင်ခဲ့တာချည်းပဲ။
သေသေချာချာ ပြန်စဉ်းစားတော့ ရှက်ဖို့ ကောင်းလိုက်တာ ညီလေးရေ။ မသိမသာလေး ပြန်တွေး ကြည့်လိုက်ပါဦး။ အစ်ကို ဖြတ်သန်းခဲ့ရတဲ့ ခရီးက အဖေ့ခရီးလောက် ပင်ပန်းပါရဲ့လား ဆိုတာလေ။
ညီလေးရေ.....
အဖေက မပြည့်မစုံနဲ့ ကိုယ့်ဒူးကိုယ်ချွန် ကျောင်းတက်ရင်း အလုပ်လုပ်ခဲ့တာနော်။ အစ်ကိုက ပြည့်ပြည့်စုံစုံ နဲ့ ကျောင်းတက်ခဲ့တာ။ ပြီးမှ အလုပ်ထဲရောက်တာ။ အခုအချိန်အထိတောင် မိဘကို လုပ်ကျွေးခဲ့တဲ့ ကာလနဲ့ ဇနီးသည်နဲ့ လှုပ်ရှားရုန်းကန်နေတဲ့ ကာလပဲ ရှိသေးတယ်။ အဖေက မိဘလည်း လုပ်ကျွေး၊ ကိုယ့်ဘ၀လည်း ထူထောင်၊ နောက်မှ မိသားစုရပ်တည်ဖို့ လောကဓံရဲ့ အနိမ့်အမြင့်မှာ အလူးအလဲခံရင်း ဖြတ်သန်းခဲ့ရတာ။
အစ်ကိုက အဖေ့အံသွားကို နောက်တစ်ခါပြန်ပြီး ရေနဲ့ဆေးတော့ တွေးမိသေးတယ်။ ဒီအံသွားပေါ်မှာ အဖေ လောကဓံအတွက် ဘယ်နှစ်ကြိမ် တင်းတင်းမာမာ ကြိတ်ခဲ့ရပြီးပြီလဲလို့။ မရေမတွက်နိုင်နေမှာပါ ညီလေးရေ။ ညိုမည်းနေတဲ့ အံသွား၊ အခေါင်းဖြစ်နေတဲ့ အံသွား၊ ပါးစောင်မှာ မရပ်တည်နိုင်တော့လို့ ကျွတ်ထွက်လာတဲ့ အံသွား၊ ဒီအံသွားရဲ့ နောက်ကွယ်မှာ အဖေ့ဘ၀ ရှိတယ်လို့ အစ်ကိုယုံတယ်။
ဒီအတွက် အဖေ့ အံသွားကို ရေ သေသေချာချာဆေးပြီး ဂွမ်းနဲ့ ကျကျနနထုပ်၊ ပလတ်စတစ်အိတ်နဲ့ထည့်၊ အစ်ကို့ရဲ့ ပိုက်ဆံအိတ်ထဲ ထည့်ထားပြီး သွားလေရာ ဆောင်ခဲ့တယ်။ တစ်ခုခု အခက်အခဲ တွေ့ကြုံတိုင်း၊ စိတ်ဖိစီးမှုတွေ ရှိနေရင် ငါ့ဒုက္ခက အဖေ့ ဒုက္ခလောက်မှ မရှိသေးတာ။ ဘာအရေးလဲလို့ ပိုက်ဆံအိတ်ကို စမ်းရင်း တွေးမိတယ်။
အံသွားပါတဲ့ ပလတ်စတစ်အိတ်ကိုကြည့်တိုင်း " မင်းတို့ အဖျားရှူးသွားတဲ့ ထင်းရှူးပင်တွေ မဖြစ်စေနဲ့ " ဆိုတဲ့ အဖေ့စကားကို ပြန်ကြားယောင်တယ်။ ငယ်ငယ်တုန်းက တော်ပြီး ကြီးမှ အဖျားရှူးသလို မဖြစ်အောင် အဖေပြောခဲ့တဲ့ စကားပါ။ အစ်ကိုကတော့ ဆောင်းပါး ရေးခဲ့ဖူးသလိုပဲ။ အများကြားက ချွန်တက်လာတဲ့ ထင်းရှူးပင်သဘောမျိုး စဉ်းစားလို့ အများကြားမှာ တော်အောင် လုပ်ပြချင်တယ်။
ညီလေးရေ.....
မြန်မာပြည် ခဏပြန်လာတုန်းက အစ်ကို့ အံသွားရှေ့က သွားနှစ်ချောင်း အခေါင်းဖြစ်လို့ နုတ်ခဲ့ ရတယ်။ တော်သေးတာပေါ့လို့ တွေးမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ လောကဓံ အတွက် ကြိတ်ဖို့ အံသွားကျန်နေလို့လေ။ အဖေက အသက်ခြောက်ဆယ်ကျော်မှ အံသွားကျွတ်ကျတာ။ အစ်ကိုကတော့ သုံးဆယ့်ငါးကျော်ကျော်မှာ အံသွားရှေ့က သွားတွေတောင် နုတ်နေရပါရောလား။ ပြုပြင်ဖန်တီး ထားတာတွေပဲ စားရတာများတဲ့ ခေတ်ထဲမှာ ၀ါးရတဲ့သွားတွေဟာ သဘာဝအတိုင်း စားရတာများတဲ့ အစ်ကိုတို့ရဲ့ အဖေတွေ ခေတ်တုန်းက ၀ါးရတဲ့ သွားတွေလောက် ဘယ်ကောင်းတော့မလဲလေ။
အဲဒီလိုပဲ အစ်ကိုတို့ခေတ်မှာ ကြုံရတဲ့ ဘ၀ရဲ့ အနိမ့်အမြင့်တွေကို တုန့်ပြန်ဖို့၊ ကြံ့ကြံ့ခံဖို့အတွက် လိုအပ်တဲ့ အားတွေကလည်း အဖေတို့လို ပြည့်ဝပါ့မလားလို့ ရံဖန်ရံခါ တွေးပူမိသေးတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ အဖေ့ အံသွားတစ်ချောင်းက အစ်ကို့ရဲ့ စိတ်ဓာတ်တွေကို မြှင့်တင်ပေးနိုင်ခဲ့တာတော့ အသေအချာပါ။
အဖေနဲ့ အဝေးမှာ နေရတဲ့အချိန် ဒီအံသွားကပဲ အစ်ကို့ကို စကားတွေ အများကြီး ပြောခဲ့ပြီလေ။ အဝေးကနေ အဖေ့အံသွားတစ်ချောင်းနဲ့ ဘ၀ကို ထိန်းကျောင်းနေတဲ့ အစ်ကို့ကိုကြည့်ပြီး အဖေ့အနားမှာ ရှိတဲ့ ညီလေးတစ်ယောက်၊ အဖေ့စကား အဖေ့အပြုအမူတွေပေါ်မှာ နားလည်ခံယူနိုင်ပါစေကွာ။ ပြီးတော့ ပြုပြင် ထိန်းကျောင်းနိုင်ပါစေ။
အသက်ကြီးလာလို့ ကျွတ်ထွက်လာတဲ့ အဖေ့ရဲ့ အံသွားတစ်ချောင်းကို ရလို့ အဖေ့ရဲ့ အမွေပါ ဆိုပြီး ပျော်နိုင်ပေမယ့် တစ်ဖက်မှာတော့ အဖေ့ရဲ့ ဇရာဆိုတာကိုလည်း အစ်ကို မမေ့ပါဘူး ညီလေးရေ။ အနားမှာ နေတဲ့ ညီလေးတို့လည်း အမေနဲ့ အဖေ့ကို ပိုဂရုစိုက်ပါလို့ မှာချင်မိတယ်။
ညီလေးရေ..........
လူဆိုတာ တာဝန်ကျေရပါတယ်။ ကိုယ်ရပ်တည်နေရတဲ့ နေရာတိုင်းမှာ တတ်နိုင်သလောက် တာဝန်ကျေမှ နေရတာ မြတ်ပါတယ်။ အစ်ကိုတို့ရဲ့ မိဘတွေ တာဝန်ကျေခဲ့ပါပြီ။ အဖေလည်း အဖေ့နေရာ၊ အမေလည်း အမေ့နေရာပေါ့။ ဒါဆို အစ်ကိုတို့ သားသမီးတွေကရော။ သားသမီးတာဝန် ကျေခဲ့ပြီလား။
မေ့နေမှာ စိုးလို့ရယ်၊ တန်ဖိုးထားတတ်အောင်ရယ် " အဖေပေးလိုက်တဲ့ အံသွားတစ်ချောင်း " နဲ့ လှုပ်နှိုးရင်း ညီလေးအတွက် ကဗျာ လက်ဆောင်လေး ပေးလိုက်ပါတယ်။
"နေကားထွက်ဝင်၊ ပေါ်ချုပ်ထင်၏၊ လလျှင်ပြည့်ကွယ်၊ ကြီး၍ငယ်၏၊ ထိုနှယ်မလွဲ၊ အမြဲချမ်းသာ၊ မရှိစွာ" ဟု၊ စာဆိုမဃဒေ၀၊ လမ်းညွှန်ပြခဲ့၊ လောကဓံတရား၊ တွေ့ဆုံငြားက၊ အားမာန်တင်းစိတ်၊ အံကိုကြိတ်၍၊ စိုးထိတ်နတ္ထိ၊ ဇွဲသတ္တိနှင့်၊ ၀ီရိယထား၊ စဉ်ကြိုးစားက၊ လိုလားဘ၀၊ ပြည့်စုံရလိမ့်၊ ဒုက္ခဘေးသန်း ရှောင်လွှဲလမ်း၊ သုခအေးချမ်း အောင်ပွဲပန်း။ ။

" အောင်စိတ်ဓာတ် "

ဆူးသစ်
[ မှုခင်းရှုထောင့် ရသစုံ မဂ္ဂဇင်း၊ ဇန်န၀ါရီလ၊ ၂၀၁၁ ခုနှစ်]
( " အဝေးရောက် ထွန်းတောက်မြန်မာ နှင့် ညီလေးဖတ်ဖို့ ရေးတဲစာ " စာစုများမှ )
[ အိပ်ရာထဲမှာ ခဏလဲနေသော အဖေ့ကျေးဇူးများကို အမှတ်တရဖြစ်လျက် ဤဆောင်းပါးကို တင်ပါသည်။ ]
7 comments:
တစ်ဘ၀အတွက် လောကဓံတရားကြံ့ကြံ့ခံရင်း မိသားစုအပေါ်တာဝန်ကျေတဲ့ ဆူးသစ်ရဲ့ဖခင်ကို လေးစားပါတယ်။ ထိုက်လို့ရတဲ့ ဖခင်ရဲ့ အံသွားတစ်ချောင်းကို အရင်းပြုပြီး ဘ၀သင်္ခန်းစာလေး ရယူသွားတယ် ဆူးသစ်ရေ။
အခြွေအရံဆိုတာတော့ ခြွေမှရံတတ်တဲ့ ကျေးဇူးတရား မသိတတ်သူ အများဆုံးပါဝင်တယ်လေ တီတင့်ရဲ့ ဖခင်ပင်စင်ယူလိုက်ပြီးနောက်ပိုင်း အတွေ့အကြုံလေးကို ပြန်သတိရသွားတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အင်းးးးးးးးးးး
အကိုရေ...အကို့ပို့စ်လေးဖတ်ပြီးတော့
မိုးနတ်တွေးစရာတွေ အများကြီးရလိုက်တယ်...
မိုးနတ်ဆို ငယ်ကဖေနဲ့တဲ့သလောက် ခုနဲနဲကြီးမှ
ကတောက်ကဆ ခဏခဏဖြစ်တယ်....
ဖေနဲ့ စကား ပြောရတာအဆင်မပြေရင် ဖေ့ကို
နဲနဲအပြစ်မြင်ချင်တယ်....အင်းး နဲနဲအပြစ်မြင်
ချင်တယ်မဟုတ်ပါဘူး အကိုရယ်....အပြစ်တင်ချင်
တယ်ပေါ့လေ....ဖေက လူငယ်တွေအပေါ်နားလည်
မှုမရှိဘူးဆိုပြီးတော့လေ....တကယ်တော့
မိုးနတ်အဖေက သိပ်တော်ပါတယ်...သိပ်ကောင်းပါ
တယ်....ဖေ့ကျေးဇူးကြောင့် မိုးနတ်ခုလို ကဗျာ
တွေ စာတွေအပေါ်မှာ အာရုံဝင်စားမှုရှိပြီး
စိတ်ဓါတ်ထက်သန်တာ...ခုတော့ မိမိုးနတ်လဲ
ပြန်ပြီး ဆင်ခြင်ရအုံးမယ်...ဖေ့ကို အပြစ်မြင်တာ
တွေလျှော့ပြီး ဖေ့ကို ကိုယ်ချင်းစာနာနားလည်ပေးဖို့
ပြီးတော့ ဖေလဲ ငါးဆယ်ကျော်လာပြီလေ...အာ့ကြောင့် အသက်ကြီးပိုင်းမှာ ဖေတို့ မေတို့ အထီးမကျန်ဖို့
မိုးနတ်တို့ တစ်လဲပြန်ဖေးမပေးရမယ်...မိဘတွေ
ကျေးဇူးကို အကုန်မဟုတ်တောင် ဆပ်ခွင့်ရသလောက်
ဆပ်ချင်မိတယ်.....မိုးနတ်ကလေ သိပ်ရယ်ရတယ်
အကိုရေ..ဘာလို့လဲ သိလား....ကိုယ့်ကိုယ်ကိုသာ
လူကြီးဆန်တယ်ဆိုပြီး စိတ်ကြီးဝင်နေတာ....
တကယ်က တော်တော်ကလေးဆန်တယ်လေ :)))
သိပ်ကောင်းတယ်အစ်ကိုကြီးရာ
ထောက်ပြပြောဆို ဆုံးမသွားတာ တကယ်ကိုလေးစားတယ်။
စာကိုဖတ်နေရင်းတောင် ကိုယ့်အံသွားကို ကျိတ်မိနေသေးရဲ့ဗျာ။
ညီမလေးလည်း အဖေ့ကို သတိရသွားတယ်... အကို ။ ကြမ်းတမ်းနေတဲ့ အဖေ့လက်ဖဝါးတွေကို ထွေးဆုပ်ကိုင်တိုင်း အဖေ့လက်တွေ ဘာလို့ ကြမ်းနေတာလဲလို့ မေးတိုင်း အမြဲပြုံးနေတဲ့ အဖေ့အပြုံးတွေမှာ အဓိပ္ပါယ်တွေ စကားလုံးတွေ အများကြီး ရှိနေပါလားလို့... တွေးကြည့်နေမိတယ် အကို ...
အစ်မလည်း ကွယ်လွန်သွားပြီဖြစ်တဲ့ မေမေ့ရဲ့ အံသွားလေးကို တရိုတသေ သိမ်းထားတယ်။
နှစ်သက်အားရသရာ ဆောင်းပါးကောင်းလေးပါ။
ကံကောင်းလိုက်တာ ကိုယ်ကတော့ ငယ်ငယ်ကတည်းက ဆုံးပါးသွားတဲ့ အဖေ့ဆီက ဘာအမွေ ဘာအမှတ်တရမှတောင်မရလိုက်ဘူး..။
Thank you so much for your post, Brother.
It's really heart touching.
While reading your post I miss my father who passed away 16 years ago.
We did the same, when my father get a permit of land from government.
There was a big pond in the middle of the land.
He get the sand and soil from the stream nearby and we filled together it to make the smooth land.
He also passed a tough life stand himself while he was young and to establish his daughters to stand in a good position.
One of my sisters, she is also the middle of five sisters, got a tooth from him.
She made a ring with it and wearing all the time.
Post a Comment