Saturday, April 13, 2013

" ရန်ကုန်ကို ပြန်ဆုံရတဲ့အခါ " ( ၇ )


 ရန်ကုန်ပြန်ရောက်နေသည့်ခဏမှာ သတိထားမိသည်က မီးပုံမှန်လာနေခြင်းပင်။ မြို့ထဲဘက်မို့လာနေတာ မဟုတ်။ ဒဂုံဘက်လည်း ပုံမှန်လာသည်။ ဆောင်းကတော့ ထူးထူးခြားခြား ဖြစ်လောက်အောင် အေးမြခြင်း မရှိ။ ရန်ကုန်မြို့ကြီးသည်ကား အပူ၏ ဒဏ်ကို ရုပ်ပျက်ဆင်းပျက်ခံနေရတာ သိသာသည်။ လူနေတိုက်ခန်းများ များလာပြီး အဲကွန်းများ အသုံးများလာခြင်းနှင့် နာဂစ်မှာ သစ်ပင်များစွာ ပါသွားခြင်းတို့သည် ရန်ကုန်၏ အပူကို ထပ်ဆင့်ပေးနေသလို ရှိသည်ဟု ကျွန်တော်ထင်သည်။

ကျွန်တော်နေသော အိမ်ခန်းမှာ ညဘက်သည်အတိုင်းနေလိုက်လျှင် တော်တော်အိုက်သည်။ ထို့ကြောင့် ကျွန်တော် အဲကွန်းလေးတစ်လုံး ကြိုးစား၍  တပ်ကြည့်သည်။ အဲကွန်းတပ်ရသည်က ဘာမျှမဖြစ်။ ဖြစ် သည်က လာဆင်သော ကောင်လေးများကြောင့် စင်ကာပူမှာ ဘေးအန္တရာယ်ကင်းရှင်းရေး ၀န်ထမ်း လုပ်နေသော ကျွန်တော့်အတွက် တော်တော် အသည်းယားစရာ ကောင်းလှသည်။

ကျွန်တော့်အခန်းကို အဲကွန်းတပ်ဖို့အတွက် လိုအပ်သော Outdoor Unit သည် အိမ်ခန်းအပြင်မှာ ဆင်မှရမည်။ ထို့ကြောင့် Outdoor Unit ထိုင်ရန် အောက်ခံထောက်ထည့်ဖို့ နံရံကို အပြင်ကနေ ဖောက်ရသည်။ ၀န်ထမ်း နှစ်ယောက်မှာ တစ်ယောက်က အထဲမှာ လေအေးပေးစက် ဆင်နေတုန်း နောက်တစ်ယောက်က ပြူတင်းပေါက်ကနေကုန်း၍ အောက်ကိုငုံ့ကာ အပေါက်ဖောက်သည်။ မတော်တဆ အောက်ပြုတ်ကျလျှင် မလွယ်၍ ကျွန်တော်က သူ့ခါးကို ဆွဲပေးထားသည်။

စင်ကာပူမှာဆို သည်လိုမဟုတ်။ သိုင်းကြိုးပါမည်။ ထိုသိုင်းကြိုးကို ငုတ်တစ်ငုတ်မှာ ချိတ်၍ အလုပ်လုပ်ရသည်။ ယခုတော့ ကျွန်တော့်အိမ်က အဲကွန်းတစ်လုံးကို ဆင်ဖို့ သူတို့အသက်နှင့် ရင်းနေတာ ကြည့်၍ ကျွန်တော် စိတ်မကောင်း။ သို့သော် ကျွန်တော်လည်း ခါးကို ဆွဲထားရုံက လွဲ၍ ဘာမျှလုပ်မပေးနိုင်။

သည်လိုနှင့် အောက်ခံထောက် ပြီးသွားတော့ ထို Outdoor Unit ကို ထောက်ပေါ်တင်ပြီး အထဲကလာသော Gas Line နှင့်ဆက်ရန် နံရံကို အပေါက်ဖောက်၍ ဆက်ရသောအခါ သူတို့တစ်တွေ ထိုထောက်တပ်ထားသော Outdoor Unit ပေါ်မှာ ကျကျနန ထိုင်ပြီးလုပ်သောအခါ ကျွန်တော် ရင်မနေရပြန်သည်။

သူတို့ကတော့ ပြောသည်။ ကျွန်တော်တို့ ဒီလိုပဲ လုပ်နေကျတဲ့။ ပြီးတော့ ဘေးဘက်အိမ်က အိမ်ခေါင်မိုးက ကျွန်တော်တို့ အောက်မှာ ရှိသားပဲတဲ့။

သူတို့ ဆိုလိုသည်ကို ကျွန်တော်နားလည်သည်။ ပြုတ်ကျတောင် မြေကြီးပေါ် မရောက်ဘဲ သူများအိမ်ခေါင် မိုးပေါ် ကျမှာဟု ဆိုလိုသည့် သဘော။ အိမ်ခေါင်မိုးပေါ်လည်း မနာဘဲ နေမလားဟု ကျွန်တော်တွေးသည်။ သူတို့ဘ၀မှာ ခေါင်မိုးပေါ် ပြုတ်ကျတာထက် နာတာတွေများ ရှိနေလားမသိ။

ရန်ကုန်မှာရှိနေတုန်း အားသည့်တစ်ရက်မှာ ကျွန်တော့်သူငယ်ချင်းနှင့် ချိန်း၍ ပြန်ဖွင့်နေသည် ဆိုသည့် ကျွန်တော်တို့၏ ရန်ကုန်စက်မှုတက္ကသိုလ်( ရန်ကုန်နည်းပညာ တက္ကသိုလ် ) သို့ သွားခဲ့ကြသည်။ သူငယ်ချင်းက ကားရှိသောကြောင့် ကျွန်တော့်ကို ရှစ်မိုင်လမ်းဆုံက လာစောင့်သည်။ သူ့မိသားစုလည်း ပါ၏။

ကျောင်းရောက်တော့ လှည့်ပတ်ကြည့်ရင်း ကျောင်းသားဘ၀ကို ပြန်သတိရသည်။ သို့သော် အရွယ်၏ပိုင်းခြားမှုကြောင့်လား၊ အချိန်ကာလ ဝေးကွာခဲ့၍လား မဆိုနိုင်။ စိတ်က သိပ်ထူးထူးခြားခြား မဖြစ်တော့။ သူငယ်ချင်းက ကျွန်တော့်ကို မေးသည်။ ဘယ်လိုခံစားရလဲတဲ့။ သူငယ်ချင်းများ အုပ်စုလိုက်လာပြီး ဟေးလား၊ ဟားလား လုပ်ရလျှင်တော့ ယခင်က ပျော်ရွှင်မှုမျိုး ပြန်ရလိမ့်မည် ထင်သည်ဟု ဖြေခဲ့သည်။ ခွဲခွာခြင်း နှင့် အချိန်ကာလ၏ သဘောကို ကျွန်တော်တို့ နားလည်ခဲ့ပြီ မဟုတ်လား။

ချုံပုတ်များနှင့် ပိတ်အုပ်နေသော အချို့နေရာများ၊ ဟောင်းနွမ်း၍ မသုံးတော့သော အဆောက်အအုံများ၊ ပြန်လည်မွမ်းမံနေသော အချို့နေရာများ၊ ဆရာကန်တော့ပွဲ လုပ်မှာမို့ ပြင်ဆင်နေ မှုများ အားလုံးကို ငေးကြည့် ဓာတ်ပုံ မှတ်တမ်းလည်း တင်ကာ ပြန်ခဲ့ကြသည်။ အဖြူအပြာ ယူနီဖောင်းဝတ် ကျောင်းသူကျောင်းသား ကလေးများကို မြင်တော့ ကျွန်တော့်စိတ်ထဲမှာ ကလေးတွေကို မြင်နေရသလိုပင်။ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရသော အရွယ်၏ အနေအထားကို သတိတော့ ပြုမိလာ၏။ တစ်ချိန်က ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းများက ယခု ရန်ကုန်နည်းပညာ တက္ကသိုလ် ကျောင်းသားလေးများကို ကလေးဟု မြင်မိသော အရွယ်ကို ကျွန်တော်တို့ ရောက်ခဲ့ပြီပဲ။

ရန်ကုန်မှာ ရှိတုန်း ကျွန်တော်လုပ်မိတာ တစ်ခုက ကျွန်တော်၏ ကိုယ်ပိုင်စာမျက်နှာ ဆူးသစ်/ သားလတ် ကို Facebook တွင် ကျွန်တော်ဖွင့်ခဲ့ခြင်းပင်။ ကျွန်တော်ဘလော့တည်ပြီးကတည်းက ကျွန်တော့်ဘလော့ကို လာဖတ်ကြသူများကို သတိထားမိသည်။ တချို့ကလည်း အလည်လာသည်။ တချို့ကလည်း တကယ်ကို လာဖတ်သည်။ သည်အတွက် ကျွန်တော့်စာများကို လာဖတ်သော ပရိသတ်အတွက် ကျွန်တော့်စာများကို သီးခြားဖတ်နိုင်ရန်နှင့် သူတို့နှင့်လည်း သီးခြားထိတွေ့နိုင်ရန် ရည်ရွယ်ပြီး စာမျက်နှာ တစ်မျက်နှာ ဖွင့်လိုက်ခြင်းပင်။

ရန်ကုန်မှာ ရှိနေစဉ်အတွင်း နောက်တစ်ခု ကြုံလိုက်ရသည်က ကမ္ဘာပျက်မည် ဆိုခြင်းပင်။ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ပျက်မှာဟု ဆိုသည်။ ကျွန်တော်လည်း ဇနီးသည်ရုံးကို လိုက်ကာ အင်တာနက်သုံး၍ စိတ်ပေါက်ပေါက်နှင့် ကမ္ဘာမပျက်သေးသည်ကို ရွဲ့ပြီး Status တင်မိသေးသည်။ ကမ္ဘာက Facebook ပေါ်မှာသာ ပျက်နေပြီး အပြင်မှာ ပျက်မှမပျက်သည်ပဲ။

သည်ကြားထဲ မြန်မာပြည် အင်တာနက်က ကျွန်တော်နှင့် တစ်ပြဿနာ။ မြန်မာပြည်မှာ ရှိစဉ်ကတည်းက ကျွန်တော်လည်း ထိုအခက်အခဲတွေ ကြုံခဲ့ဖူးသည်။ သို့သော် ထိုမျှ မဆိုးဟု ထင်သည်။ ယခုတော့ ကြည့်ပါဦး။ ကျွန်တော် Facebook ကြီးသုံးနေရင်း သူ့ဘာသာတက်မလာသည်ကိုပင် Facebook ကိုစာလုံးပေါင်းမှားသလား ပြန်စစ်ပါ ဟုဆိုနေသည်။ ရှိစေတော့။

ကျွန်တော် ရွှေတိဂုံဘုရားကို ဒုတိယတစ်ခေါက် အဖြစ် မပြန်ခင် ထပ်တက်ပါသည်။ ဘယ်အချိန်၊ ဘယ်နေရာ ရောက်ရောက် ဘုရားစေတီကို ရောက်ရခြင်းမှာ ကျွန်တော်တို့အတွက် အေးမြမှုကို ရစေသည်ကတော့ အမှန်ပင်။

ထို့ပြင် ရန်ကုန်ရောက်ခိုက် ကျွန်တော်အိမ်တက် လုပ်ပါသည်။ မိသားစု ဆွေမျိုးနှင့် သူငယ်ချင်းတချို့ကို ဖိတ်ဖြစ်ပါသည်။ သူတို့ထဲက တချို့က အိမ်သစ်ဖြစ်၍ လက်ဆောင်လေးတွေ ယူလာပေးကြသည်။ ရန်ကုန်မှာ ထိုဓလေ့တစ်ခုက နည်းနည်း ပြောင်းလဲလာသည်ဟု ကျွန်တော်ထင်မိသည်။ ကျွန်တော်ပင် အံ့အားသင့်ကာ မေးမိသေးသည်။ ဟုတ်သည်တဲ့။ ရန်ကုန်မှာ ယခုနောက်ပိုင်း အိမ်တက်လုပ်လျှင် ထိုသို့ အိမ်မှာ သုံးနိုင်၊ ချိတ်နိုင်၊ ပြနိုင်သော လက်ဆောင်လေးများ ပေးတတ်ကြသည်တဲ့။ မှတ်သားရ ပြန်သည်။ ကျွန်တော်ကိုက ခေတ်နောက်ကျ၊ ခေတ်နှင့် အဆက်အသွယ်ပြတ် နေတာပဲ ဖြစ်မည်ထင်ပါသည်။

ပြန်ခါနီးမှာ ဇနီးသည်နှင့် လှည်းတန်းမှာ ငါးကင်ဆိုင်သွားထိုင်ဖြစ်သေးသည်။ ယခုတော့ ထိုဆိုင်များ တော်တော်ပေါနေသည်။ စာရေးဆရာတို့၏ စွဲလမ်းသည့်လှည်းတန်း။ ဘယ်သော အခါမျှ ပြောင်းလဲမည် မဟုတ်။ လူစည်ကား မပျက်။

ငါးကင်က ဇနီးသည် အကြိုက်မို့ ကျွန်တော်က မငြင်း။ တကယ်လည်း ကောင်းသည်။ ပြီးတော့ ကျွန်တော်နှင့် သူစားနေကျ သင်္ဘောသီးထောင်းနှင့် ကြက်ဥကင်ဆိုင်။ ဇနီးသည်က သူ့သူငယ်ချင်း အိမ်နားမှာမို့ သူ့သူငယ်ချင်းနှင့်သူလည်း စကားပြောဖြစ်ကြသည်။ ဆိုင်ကလေးက လမ်းဘေးဆိုင်လေး ဖြစ်သော် လည်း ရောင်းအားက ကောင်း၏။ တိုက်လှေကားရင်းမှာ ရောင်းတာကြောင့် နေရာလွတ်ရှိမှ ၀င်ထိုင်ရသည်။ ထိုင်ပြီး တော်တော်ကြာမှ ကျွန်တော် သိတော့သည်။ ကျွန်တော့်နားက သံတိုင်စည်းရိုးသည် အထဲက Transformer ကို ရံထားသော ခြံစည်းရိုးပင်။ ဘေးအန္တရာယ်ကင်းရှင်းရေး ၀န်ထမ်း တစ်ယောက်က Transformer ခြံစည်းရိုးနားမှာ ထိုင်ပြီး အစားသောင်းကျန်းနေသည်ကို စင်ကာပူက ကျွန်တော့် လုပ်ဖော်ကိုင်ဖက်များ မြင်လျှင် ဘာများပြောလိမ့်မလဲဟု စဉ်းစားကြည့်မိသေးသည်။ ကျွန်တော် ချစ်သော မြန်မာပြည်မှာကိုး။

ကျွန်တော် စည်းရိုးတိုင်ကို မမှီဖြစ်သော်လည်း ဆိုင်က စားသုံးသူများအတွက် မသင့်တော်သည်ကို သတိပြုမိကာ ဇနီးသည်နှင့် အစားအသောက်ကို လက်စသတ်ကာ ပြန်ခဲ့တော့သည်။ ကျွန်တော် တို့ပြန်တော့ ညဘက်မို့ ထင်ပါသည်။ လှည်းတန်းလမ်းဆုံသည် ကား သည်လောက် မကျပ်တော့။ နာမည်ကျော် ခုံးကျော် တံတားကြီးကို ဆောက်လက်စမို့ သေသေချာချာ မမြင်ရသော်လည်း ကျွန်တော် ကြည့်တော့ ကြည့်ဖြစ်ခဲ့ပါသေးသည်။

သည်လိုနှင့် နောက်ဆုံးတော့ ကျွန်တော် အလုပ်လုပ်ရာ စင်ကာပူကို ပြန်ခဲ့ရတော့သည်။ သည်တစ်ခေါက် ရန်ကုန်ကို ပြန်ဆုံရခြင်းမှာ ကျွန်တော့်အတွက် ကဗျာရေးစရာ ခံစားချက်နှင့် အကြောင်းအရာ စုံသွားသောကြောင့် အောက်ပါ ကဗျာကို ချရေးဖြစ်ခဲ့ပါသည်-


ဆောင်းတဲ့........
ငွေ့ငွေ့လေး အသက်ကျန်သလို
တစ်ကိုယ်စာ ချမ်းဖို့တောင် အအေးမရှိတဲ့ ညနဲ့
ရန်ကုန်ကို ပြန်ဆုံခဲ့ရတယ်။

ကားတွေများ၊ လမ်းတွေကျပ်
တံတားတွေ အထပ်ထပ်ထိုးတော့မယ့် ရန်ကုန်
ဘတ်စ်ကားကျပ်ပုံက မပြောင်းလဲ
ဟောင်းနွမ်းဆဲ အကျင့်တွေလည်း မပစ်ပယ်
( ဒါပေမဲ့......)
ရန်ကုန်ကိုတော့ ကျွန်တော်ချစ်တယ်။

လမ်းပေါ်မှာ ကားပေါ်က အမှိုက်ပစ်ချ
မြင်သမျှနေရာ ကွမ်းတံတွေးထွေး
လရောင်ဝေးနေတဲ့ မြို့ပြမှာ 
လျှပ်စစ်မီး ပုံမှန်လာတဲ့အခါ အိပ်မက်တွေဖြစ်
ခရစ်နှစ်သစ်ကို ဆန္ဒတွေပြရင်း ဖွင့်လှစ်တာ
ကျွန်တော်ချစ်တဲ့ ရန်ကုန်မှာပေါ့။

ဂျေဆင်မရပ်ဇ်တဲ့
သိသူ မသိသူတွေ တရစပ် အော်ဟစ်
ပြည်သူ့ရင်ပြင်မှာ ပါးစပ်သေနတ်တွေ ပစ်လို့
ရန်ကုန်မှာ အသစ်အသစ်တွေ ဖြစ်လာတယ်။

ရုံးခန်းရှေ့ထားတဲ့ ဖိနပ်
အနော်ရထာလမ်း ဈေးကွက်မှာ မြတ်ချင်မြတ်မှာပေါ့
All Star တစ်ရံ ပျောက်ပြီးတဲ့နောက်မှာ
သဘောထားအမှန်တချို့ကို ကျွန်တော် မှတ်ခဲ့ရ
လုံခြုံရေး၊ သန့်ရှင်းရေး တာဝန်ချထားတဲ့ အဆောက်အအုံကြီး
ဟည်းထနေပေမယ့် အတွင်းစိတ်တွေ မသန့်ရှင်းလေတော့
Converse ဖြစ်နေတဲ့ လူတွေအကြောင်း Converse ရင်းပြီး သိရတဲ့အခါ
ရန်ကုန်ဟာ ကဗျာမဆန်တော့ပြန်ပါဘူး။

ဆိုက်ကားပေါ်က ကင်မရာကိုင် သတင်းထောက်
Banner ကိုင်ထားတဲ့ ဆန္ဒပြသမား
ခပ်လှမ်းလှမ်းက ပါလာတဲ့ ကားတစ်စီး
အဲဒါတွေက ရန်ကုန်ရဲ့ ရှုမငြီးစရာလား
သွားရင်းလာရင်း ခပ်ပါးပါးလေးတော့ တွေ့တယ်။

သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ည
ဂီတသံက မကျယ်တော့ဘူး
ဘောပွဲ၊ ရုပ်ရှင်တွေကို မူးလောက်အောင်ပြလည်း
ညလုံးပေါက်ဆိုင်တောင် လူကကျဲလို့
ရန်ကုန်ဟာ မနက်ခင်း ရပ်တည်မှုရဲ့ သားကောင် ဖြစ်လာခဲ့ပြီ။

သန်းခေါင်ညမှာ ပန်းရောင်းနေတဲ့ အသက်မပြည့် ကလေးမ
တိုက်ခန်းတွေပေါ်က သားသားနားနား ညဥ့်ငှက်မတချို့နဲ့
စားသောက်ဆိုင် စင်တင်ဂီတရပ်ဝန်းက စပွန်ဆာရှာတဲ့ ကောင်မလေး တချို့ကလည်း
ရန်ကုန်ညရဲ့ ပသာဒလိုဖြစ်
ဒီလိုနဲ့...ရန်ကုန်ဟာ တဆစ်ဆစ် ကိုက်ခဲနေတုန်းပါပဲ။

လူမပြည့်ဘဲ ပြနေတဲ့ 3D ရုပ်ရှင်ရုံ
နိုင်ငံတော်အလံကို အလေးပြုဖို့ သတိပေးရတဲ့ ကျွန်တော်တို့ ဓလေ့
ကမ္ဘာမကြေ.......မြန်မာပြည် ဟေ့ လို့ သီချင်းထဲမှာပဲ ကြွေးကြော်
နိုင်ငံခြားနဲ့ နိုင်ငံခြားသား ညှော်နံ့တွေလည်း နံစော်လို့
နိုင်ငံတော် သီချင်းဆုံးအောင်တောင် မတ်တတ်မရပ်နိုင်တဲ့ လူတွေနဲ့
နိုင်ငံခြားပုံစံ မောလ် ( Mall )  တွေကြား
ကျွန်တော်ချစ်တဲ့ ရန်ကုန်က အမောတွေနဲ့ ဖျားနေခဲ့သေးတယ်။

ပြောင်းလဲခြင်း တရားတွေကြားက
ပြောင်းလဲသင့်သလောက် မပြောင်းလဲသေးတဲ့ ရန်ကုန်
နောက်တစ်ကြိမ် ပြန်ဆုံရင် အသစ်ဖြစ်
စနစ်သစ်၊ ခေတ်သစ်၊ လူသစ်၊ စိတ်သစ်နဲ့ ရှင်သန်
မနက်ဖြန်တိုင်းရဲ့ အလှတရားကို မွေးဖွားဖို့ တွေးမိတဲ့အခါ
( ကျွန်တော်ဟာ...)
ရွှေတိဂုံပေါ်မှာ အပြေးကလေး ဆုတောင်းခဲ့မိပါတယ်။

အို-ရန်ကုန်.......
ပြန်ဆုံတဲ့အခါ လှပနေပါစေကွယ်။
အို-ရန်ကုန်
ပြန်ဆုံတဲ့အခါ လှပနေစေချင်တယ်။         ။

ကျွန်တော့်စိတ်ထဲမှာ ရန်ကုန်ကို နောက်တစ်ခါ ပြန်ဆုံရသည့်အခါ တကယ်ကို လှပနေစေချင်ပါသည်။        ။

ဆူးသစ်
၂၀း၀၁ နာရီ
၁၂.၀၄.၂၀၁၃
သင်္ကြန်အကြိုနေ့


1 comments:

Cameron said...

ကဗျာလေးကိုဖတ်အပြီးမှာ ရန်ကုန်ရဲ့ ခေါင်းအစခြေအဆုံးကို ကွင်းကွက်စွာမြင်လိုက်ရတယ်...။

Related Posts Plugin for WordPress, Blogger...