Tuesday, April 23, 2013

" သင်တာလည်း သင်ပါ "



" မင်္ဂလာပါ "

ကျွန်တော့်ကို မြင်သည့် စင်ကာပူနိုင်ငံသားစစ်စစ် တရုတ်ကြီးတစ်ယောက်က တွေ့တိုင်း ထိုသို့ နှုတ်ဆက် သည်။ ကျွန်တော်ကလည်း သူ့ကို ပြန်နှုတ်ဆက်သည်။ မင်္ဂလာပါ ဟု။

ဘယ်လောက်ကောင်းပါသနည်း။ ပြီးတော့ သူက ပြောသေးသည်။ " စားပြီးပြီလား " ဟု။ " စားပြီးပြီ " ဟုလည်း သူ့ဘာသာ ဆက်ဖြေသည်။ ကျွန်တော် မဖြေရ။ ကျွန်တော် ရယ်မိသည်။ ဟုတ်သည်လေ။ သူ့ဘာသာမေး၊ သူ့ဘာသာဖြေနှင့် ဟန်ကိုကျလို့။ သူမြန်မာစကား နည်းနည်းတတ်နေပြီပဲ ဟု ကျွန်တော် အသိအမှတ်ပြုဖြစ်သည်။

သူက သူတတ်တာလေးတွေကို ကျွန်တော့်ကို ပြောပြသေးသည်။ " နေကောင်းလား " " ကောင်းတယ် " ဟုဆိုသည်။ ကျွန်တော် ရယ်မိပြန်သည်။ သူ့ဘာသာ ပြော၊ သူ့ဘာသာ ဖြေချည်းသာ လုပ်နေ၍ သဘောကျမိသည်။ နိုင်ငံခြားသား ဆိုသည်က ထိုသို့ပင်။ တခြားနိုင်ငံသား၏ စကားကို နည်းနည်းတတ်လျှင် ပြောကြည့်ချင်သည်။

ကျွန်တော်က ဘေးအန္တရာယ်ကင်းရှင်းရေး ၀န်ထမ်းတစ်ဦးမို့ ကျွန်တော်နှင့်ခင်သော ဘေးကင်းရေး ၀န်ထမ်းများက မြန်မာစကားကို သိချင်ကြသည်။ အထူးသဖြင့် စင်ကာပူနိုင်ငံသားများ။ ကျွန်တော်တို့အခေါ် စလုံးများ။

ကျွန်တော့်ကို Friend ကို ဘယ်လိုခေါ်သလဲ လာမေးသည်။ သူငယ်ချင်း ဟု ဆိုတော့ တွေ့တိုင်း သူငယ်ချင်း ဟုသာ ဆိုကြသည်။ နေကောင်းလားကိုလည်း သူတို့တတ်လွယ်သည်။ သူတို့ဘာသာ ဥာဏ်ကူ တတ်လျှင်တော့ သိပ်မပြောရဘဲ နားလည်သွားသည်။ ကျွန်တော့်ကို သူငယ်ချင်းဟု ခေါ်သော စလုံးဆိုလျှင် နောက်တစ်ခါတွေ့တိုင်း သူငယ်ချင်း နေကောင်းလား ဟု မေးတတ်သည်။ အဆင်ပြေလှ၏။

နောက် စလုံး တစ်ယောက်ကတော့ မင်္ဂလာပါ ကိုထပ်ခါတလဲလဲ ပြော၍ ကျွန်တော့်ကို နောက်တတ်သည်။ သူက စနှုတ်ဆက်၍ မင်္ဂလာပါ ဟု ဆိုသောအခါ ကျွန်တော်က မင်္ဂလာပါဟု ပြန်ဖြေလျှင် သူက မင်္ဂလာပါ ဟု နောက်တစ်ခေါက် ထပ်ပြောလေသည်။ ကျွန်တော် ရယ်ရတော့၏။ သူက စားပြီးပြီလား ကို တတ်ချင်၍ မေးသောအခါ ကျွန်တော်က သင်ပေးခဲ့၏။ ထမင်းကို ထပ်ပေါင်းထည့်ရန် သင်ပေးသောအခါ သူခေါင်းရှုပ်သွားပြီး ခေါင်းတရမ်းရမ်း ဖြစ်နေသည်ကို တွေ့ခဲ့ရကာ ကျွန်တော် ရယ်ခဲ့မိတော့သည်။

ကျွန်တော် ဂျပန်နိုင်ငံကို ခဏရောက်စဉ်က ဂျပန်လေးတစ်ယောက်က ကျွန်တော်တို့ မြန်မာစကားကို သင်ချင်သည်။ သူချစ်သော ဂျပန်မလေးကို မြန်မာလို ရည်းစားစကား ပြောချင်၍ပါတဲ့။ ငါ တို့၊ မင်း တို့ကို သင်ပေးပြီး ချစ်တယ် ဆိုသောစကားကို ပြောတတ်သောအခါ သူ့ကောင်မလေးက သူ့ထက်ငယ်၍ ညီမလေး ဆိုသော အခေါ်နှင့် ကိုကိုဆိုသော အခေါ်ကိုပါ တစ်ခါတည်း သင်ပေးခဲ့ရ၏။ သူကတော့ ဥာဏ်ပြေးသည်မို့ ကိုကို ညီမလေးကို ချစ်တယ် ဆိုသော စကားကို ကျွန်တော်တို့ မစီပေးရဘဲ တစ်ခါတည်း ရသွားလေတော့သည်။

သူ့လိုမဟုတ်ဘဲ မြန်မာပြည်က နိုင်ငံခြား ဘာသာတက္ကသိုလ်မှာ မြန်မာစာ အဓိကနှင့် ကျောင်းပြီးခဲ့သော၊ ကိုထင်ကျော် ဆိုသည့်နာမည်နှင့် ဂျပန်တစ်ယောက်ကတော့ ဂျပန်မှာ ကျွန်တော်တို့ကို ဘာသာပြန်ပြရင်း နွားမကို အခေါ်မေ့နေလေရာ သူဘာသာပြန်လိုက်ပုံကား တော်တော်လှ၏။ ကျွန်တော်တို့က မ သတ္တ၀ါဟု သတ်မှတ်သည်ကို သူက အမျိုးသမီးကိုသာ မှတ်မိပြီး မ ကို မေ့နေလေရာ နွားမကို သူခေါ်လိုက်ပုံကား နွားအမျိုးသမီး ဟူသတည်း။ ကျွန်တော်တို့ ရယ်ရသည်မှာ ရပ်လို့ကို မရတော့။

စင်ကာပူမှာ ကျွန်တော်တို့ အလုပ်ထဲက အနားဒူရေး ဆိုသော အိန္ဒိယနိုင်ငံသား အလုပ်သမားလေး တစ်ဦး မြန်မာစကား တတ်သည်ကတော့ ထူးခြား၏။ သင်ပေးရ လွယ်သည်။ မြန်မာများနှင့် အလုပ်လုပ်တာကြာ၍ သူကလည်း သင်ခိုင်းရာ သူ့နာမည်ကိုပင် မြန်မာလို ရေးနိုင်၏။ သူ့အကြောင်းကို အနားဒူရေး ဆိုသော ခေါင်းစဉ်ဖြင့် ကျွန်တော်ပို့စ်တင်ခဲ့ဖူးသည်။

သူကျတော့ မြန်မာစကား တတ်၍ ပိုခင်ဖို့ကောင်းသော်ငြား သူ့ကို သင်ပေးသူများက ဘယ်လို သင်ပေးလိုက်သည်မသိ။ ယောက်ဖ တို့၊ ငါ-မသား တို့၊ သောက်ခွက် ဖြတ်ရိုက်ပစ်လိုက်မယ် တို့ပါ တတ်သွားလေရာ ကျွန်တော်ကတော့ မကြိုက်ချင်လှပေ။ သို့သော် သူ့အမှား မဟုတ်။ ကျွန်တော်တို့ မြန်မာများ ဘက်က သင်ပေးခဲ့သူများက မသင်သင့်တာကို သင်ပေးခဲ့၍သာ ဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်။

တချို့စလုံးများ ကျွန်တော့်ကို ညစ်တီးညစ်ပတ် မြန်မာစကားများ သင်ခိုင်းပါသည်။ သူတို့ ကြိုက်သော မြန်မာမလေးများနှင့် ဆုံလျှင် ပြောဖို့ပါတဲ့။ ကျွန်တော် သင်မပေးပါ။ ဆဲသော စကားများ သင်ခိုင်းပါသည်။ ကျွန်တော် သင်မပေးပါ။ ငါတို့ လူရှေ့သူရှေ့မှာ အဲဒီလို စကား သုံးခဲတယ်ဟု ပြောခဲ့၏။

ကျွန်တော်နှင့် ခင်သော ဖိလစ်ပိုင်တစ်ယောက်ကတော့ ဘယ်သူသင်ပေးလိုက်သည် မသိ။ ယောကျာ်းလေး အင်္ဂါကို ချစ်စနိုးခေါ်သော အမည်ကို အလွတ်ရနေတော့သည်။ သူကသူ့ဘာသာ ရနေလျှင် ပြဿနာ မရှိသော်လည်း တစ်ယောက်ယောက်ကို နာမည်ခေါ်ပြီးတိုင်း နောက်က ထိုအမည်ကြီး ကိုပါ ခေါ်ပြီး နောက်တတ်ရာ ကျွန်တော်တို့မှာ စိတ်ဆိုးရ အခက်၊ ရယ်ရအခက်သာ ဖြစ်လို့နေတော့သည်။
ကျွန်တော့်ကိုလည်း နာမည်ခေါ်ပြီး ထိုသို့ နောက်တတ်၏။ ကျွန်တော်ကတော့ ထိုသို့ခေါ်တိုင်း တွန့်သွားတတ်၏။ ဒါမျိုးသာ ပင်နီဆူလာမှာ လာခေါ်လျှင် ခက်ရချည်ရဲ့။ အလုပ်ထဲမှာတော့ ပျင်းနေလျှင် ရံဖန်ရံခါ ရယ်ကြသည်ပေါ့။

သည်တော့ ကျွန်တော် စဉ်းစားကြည့်သည်။ လူမျိုးခြား တချို့က ကျွန်တော်တို့ ဘာသာစကားကို စိတ်ဝင်စားစွာဖြင့် မေးလာခဲ့လျှင် ကျွန်တော်တို့ မည်သို့သော စကားများကို သင်ပေးမည်နည်း။ မင်္ဂလာပါ၊ နေကောင်းလား၊ စားပြီးပြီလား စသော စကားများက ကျက်သရေ ရှိသလောက် ငါ-မသားဟု ဆဲသောစကားမျိုး၊ ယောကျာ်းလေး အင်္ဂါကို ခေါ်သော စကားမျိုးကို သင်ပေးမိလျှင်တော့ သူတို့ ဘုမသိ၊ ဘမသိပဲ ပြောပြော၊ သိသိနှင့် ပြောပြော ကျွန်တော်တို့ မြန်မာများအတွက် အကျိုးရှိစရာ မမြင်မိပါ။

ထို့ကြောင့် နိုင်ငံခြားသားများ မြန်မာစကား တတ်ချင်လျှင် သင်ချင်လျှင် သင်ပေးပါ။ သို့သော် ကိုယ့်လူမျိုး၏ ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာကို ထိန်းသောအားဖြင့် ကောင်းသော စကားများသာ သင်ပေးသင့်သည်ဟု အကြံပြုချင်ပါတော့သည်။             ။

ဆူးသစ်
၂၀း၅၃ နာရီ
၂၃.၄.၂၀၁၃


3 comments:

Aunty Tint said...

မှန်တာပေါ့ ဆူးသစ်ရေ.. ပျော်စေပျက်စေ သင်ပေးပေမယ့် ရိုင်းစိုင်းတဲ့ စကားလုံးတွေသုံးတော့ နားလည်သူတွေပဲ ကြားရနားဝမချမ်းသာဖြစ်မှာလေ အကျိုးရှိမဲ့စကားလုံးတွေ သင်ပေးသင့်ပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Candy said...

ဟုတ်တယ် အစ်ကိုရေ... တစ်ခါက မြန်မာတချို့ ဗီယက်နမ်မလေးကို မဟုတ်တာတွေ သင်ပေးပြီး ကောင်မလေး စကားပြောတာကို ထိုင်ရီနေကြတာတွေ့တော့ တော်တော်လေးစိတ်ပျက်မိတယ်။

နွေတေးရှင် (မင်းဧရာ) said...

အင်း........
တော်တော်လေးကို သင်ခန်းစာရပါတယ်အစ်ကိုရာ
ဒီဘက်မှာ ပိုတောင်ဆိုးသေး ။

ဟိုတလောက ကုလားတစ်ယောက်က မင်းဘာလူမျိုးလည်းလို့ မေးလို့ ကျွန်တော်က မြန်မာလူမျိုးပါလို့ ပြန်ဖြေလိုက်တာ
ဆဲ နည်းပေါင်းစုံကို ဆဲတော့တာဘဲ ကျွန်တော်လည်း တအားစိတ်တို သွားတာ ပေါ့ စိတ်တိုဆို အနားမှာက မြန်မာ လူမျိုးတွေ ရှိတာကိုး ရှက်လည်းရှက်တာပေါ့ ကျွန်တော်လည်း မွှန်ထူသွားပြီးတော့ အဲကုလား ရဲ့အင်္ကျီကို လက်နှစ်ဖက်နှစ် စုံဆွဲပြီးတော့ မင်း အခုပြောနေတဲ့ စကားရဲ့ အဓိပါယ် ကိုသိသလားဆိုတော့ မသိပါဘူးတဲ့ သူ့ကို သင်ပေးတဲ့သူတွေ မြန်မာ လူမျိုးတစ်ယောက်ကို တွေ့ပြီဆိုရင် ဒီလိုနှုတ်ဆက်ရတယ် ဆိုလို့ပါတဲ့ ကဲ ကောင်းကြသေးရဲ့လား အစ်ကိုရေ. ။

Related Posts Plugin for WordPress, Blogger...