Monday, November 1, 2010

"ကမ္ဘာသစ်တစ်ခု၏ စာမျက်နှာ"



အလုံးတစ်လုံး။
သူသေသေချာချာ မြင်လိုက် ရသည်။ သူ့အပေါ်က ၀ှီးခနဲ ဖြတ်သွားသည်။ ကလေးတစ်ယောက် ဆော့နေ ပါလား တွေးရင်း ဖတ်လက်စ အင်တာနက် သတင်းကို ဆက်ဖတ်သည်။

"ဘရာဇီးနိုင်ငံအား စစ်ရေးအရ ခြိမ်းခြောက်မှုများကို စတင်ရန် ဥရောပနိုင်ငံများက ကုလသမဂ္ဂသို့ အစီရင်ခံစာ တင်သွင်း လာကြခြင်း "

တော်တော် ထူးဆန်းသည့် သတင်း။ ဘယ်လို အကြံအစည်များရှိနေ၍ ဘရာဇီးအား ခြိမ်းခြောက်ပါသနည်း။ ဆက်ဖတ်မည် ကြံသည်။


"ဟေ့ကောင် ကြယ်ဖြူ၊ မင်းဘာလာလုပ်တာလဲ"

အသံကြား၍ လှည့်ကြည့်တော့ သူငယ်ချင်း အက်တမ်ကို တွေ့သည်။

"ကျောင်းအားလို့ အင်တာနက်လာဖတ်တာ၊ မင်းကရော"

"Game လာကစားတာ"

ကြယ်ဖြူ မဲ့ပြလိုက်၏။ အက်တမ်က ပြုံး၍ ထွက်သွားသည်။ သတင်းဆက်ဖတ်မည် ကြံတော့ တစ်နာရီပြည့်ပြီ ဖြစ်ကြောင်း အချက်ပေးသည်။ ဆက်ဖတ်ချင်စိတ် မရှိတော့။

နေရာကထကာ ငွေရှင်းပြီး အင်တာနက် ကဖေးထဲက ထွက်သည်။

"ဘုတ်"

ကျောကုန်းကို အလုံးတစ်လုံး လာမှန်သည်။ အင်္ကျီအဖြူတော့ ပေပြီဟု တွေးကာ စိတ်ဆိုး၍ လှည့်ကြည့်သည်။ အားကစားဝတ်စုံ တူညီနှင့် မိုက်ကြည့်ကြည့် နေသူများကို တွေ့၏။

စိတ်ကိုလျှော့ပြီး နေရာက မြန်မြန်ခွာလိုက်သည်။


* * * * * * * * *

"လွန်ခဲ့တဲ့နှစ် နှစ်ရာလောက်ကတော့ အင်္ဂလန်မှာ အာဆင်နယ်ဆိုတဲ့ ကလပ်ရယ်၊ မန်ချက်စတာ ယူနိုက်တက် ဆိုတဲ့ ကလပ်ရယ်၊ အဲဒီ့နှစ်သင်းက ပရီးမီးယားလိဂ်ရဲ့ မဟာအင်အားကြီးတွေ ပေါ့ကွာ"

လက်ဖက်ရည်ဆိုင်မှာ ထိုင်ထိုင်ချင်း ကြားရသော အသံကြောင့် ကြယ်ဖြူ တွန့်သွားသည်။ လာပြန်ပြီ၊ သည်အလုံး တစ်လုံးအကြောင်း။

"အာဆင်နယ်က နည်းပြက အာဆင်ဝင်းဂါး၊ မန်ချက်စတာက ဖာဂူဆန်တဲ့။ မတည့်ကြဘူး။ ဒီနှစ်သင်းပြိုင်ရင် ရန်ဖြစ်တယ်။ နည်းပြချင်း စကား စစ်ထိုးတယ်။ သူတို့ရဲ့ ပရိသတ်တွေဟာလည်း အပြိုင်အဆိုင် အားပေးတယ်။ ရန်တွေလည်း ဖြစ်ကြတယ်"

လက်ဖက်ရည်သောက်ရင်း သည်းခံနားထောင်ရသည်။ ထိုလူတွေ အားရပါးရ ဆွေးနွေးနေ၏။

"နောက်တော့ ချဲလ်ဆီးဆိုတဲ့ ကလပ်ကို သူဌေးတစ်ယောက်က ၀ယ်ပြီး အဲဒီမှာ ၀င်ပြိုင်တော့ သုံးသင်းအပြိုင် ဖြစ်လာကြတယ်။ ပရိသတ်တွေလည်း ရိုက်ပွဲတွေ ဖြစ်တာပေါ့ကွာ"

"သေတဲ့လူ သေတယ် ပြောတယ်"

ဆက်နားထောင်နိုင်စွမ်း မရှိတော့။ ပိုက်ဆံရှင်း၍ ဆိုင်ထဲမှ ထွက်သည်။ ကြယ်ဖြူ ဘယ်ကို သွားရမှန်း မသိတော့။ နောက်ဆုံးတော့ သူချစ်သော မိန်းကလေးဆီ ဦးတည်သည်။ သည်အချိန်ဆို 'မွန်း' တစ်ယောက် စာဖတ် နေလိမ့်မည် ဆိုတာ ကြယ်ဖြူ သိသည်ပဲ။

* * * * * * * * *

"လက်ရှိ ပြိုင်ပွဲတွေဟာ လွန်ခဲ့တဲ့ နှစ် နှစ်ရာလောက်ကထက် ပိုပြင်းထန်တယ်။ ကစားကွက်၊ နည်းစနစ်တွေဟာ ကွန်ပျူတာနဲ့ ရှာထားတော့ ကြည့်ရတာ အံ့မခန်းပဲ။ အခု ပရီးမီးယားလိဂ်ရဲ့ ခြောက်နှစ် ဆက်တိုက် ချန်ပီယံ 'Star Force' ဆိုတာ ကမ္ဘာ့ အကျော်အမော်တွေနဲ့ ဖွဲ့စည်းထားတာ"

သွားပြီ။ အိမ်ထဲမှ မရောက်သေးခင် ဆွေးနွေးသံတွေ ကြားကတည်းက 'မွန်း' တို့ သူငယ်ချင်းတွေ စုံနေတာ သိရပြီ။

"ဟယ်........ကြယ်ဖြူ လာ၊ ဘယ်က လှည့်လာတာလဲ"

"မွန်း....ဆီလာတာ။ အင်တာနက် သွားဖတ်ပြီး ပျင်းလို့ လှည့်လာတာ"

"ဘာတွေ ဖတ်ခဲ့လဲ"

"ဖတ်ခဲ့တာတော့ အများကြီးပဲ၊ အထူးဆန်းဆုံးကတော့ ဘရာဇီးကို စစ်ရေး ပြင်နေကြတာပဲ။ ကိုယ်စဉ်းစားလို့ မရဘူး။ ဘာဖြစ်လို့လဲ မသိဘူး"

"ဟာ... အရှင်းကြီးပဲ။ World Cup ကို ကမ္ဘာပေါ်မှာ အကြိမ်(၃၀) ဗိုလ်စွဲနိုင်တာ သူပဲရှိတော့ နှိပ်ကွပ် ထားမှ နောက်မရတော့မှာပေါ့။ ငါတို့နိုင်ငံတောင် ခုမှ (၂) ကြိမ်ပဲ ဗိုလ်စွဲသေးတာ"

"စစ်ရေး၊ နင်တို့ပြောနေတဲ့ အလုံးနဲ့ ဆိုင်လို့လား"

"ဟားဟားဟား........ဘာ အလုံးလဲဟ၊ အဲဒါ ဘောလုံးလို့ခေါ်တယ်"

မွန်းသူငယ်ချင်း ကောင်မလေးတွေ ရယ်၍ ပြောတော့ ကြယ်ဖြူ ရှက်သွားသည်။

"ကြယ်ဖြူ့ကို မွန်းပြီးမှ ရှင်းပြမယ်။ လောလောဆယ် သူငယ်ချင်းတွေနဲ့ ဆွေးနွေးလိုက်ဦးမယ်။ ဒီတစ်ပတ် ကန်မယ့်ပွဲတွေမှာ Star Force နိုင်မှာက ကျိန်းသေတယ်၊ အောက်တန်းက တက်လာတာတွေထဲမှာ ချဲလ်ဆီး၊ အာဆင်နယ်၊ မန်ချက်စတာတို့လောက်ပဲ ဂရုစိုက်ရမှာ၊ သူတို့က တစ်ချိန်က ကမ္ဘာကျော်တွေလေ"

"ဟာ ...... အတိတ်တွေ လာမလွမ်းနဲ့၊ ခုဟာက နှစ်ထောင့် နှစ်ရာ့ ရှစ်ခုနှစ်၊ Star Force မှာ ကမ္ဘာ့ အချောဆုံးနဲ့ အတော်ဆုံး မြည်မာပြည်က ဘောလုံးသမား 'အကြည်ရောင်' ပါတာ သိတယ် မဟုတ်လား။ သူ့ရဲ့ ဖရီးကစ်ဟာ ဟိုတစ်ချိန်က ဂန္တ၀င်ဘောလုံးသမား ဖရီးကစ်ဆရာကြီးတွေ ဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းနဲ့ ကားလို့စ် တို့ထက် သာသလို၊ သူ့ရဲ့ Speed နဲ့ Skill ဟာလည်း ဂန္ထ၀င် ဘောလုံးသမားတွေ ဖြစ်တဲ့ ရိုနာလ်ဒိုတို့၊ နစ္စတယ်ရွိုင်းတို့၊ အွန်နရီ တို့ထက် ကောင်းလို့ သူ့ကို လေးစားနေရတာ မွန်းလည်း အသိပဲ"

သူ့ဟာနှင့်သူ ဟုတ်နေ၍ ကြယ်ဖြူ ဆိုဖာကို မှီကာ မျက်လုံးမှိတ်လိုက်သည်။ မှေးခနဲ အိပ်ပျော်သွားလေ၏။


* * * * * * * * *

"ကြယ်ဖြူ၊ ကြယ်ဖြူ"

လှုပ်နှိုးသံကြောင့် သူ နိုးလာ၏။ မွန်း၏ လှပသော မျက်နှာလေးကို အပြုံးနှင့် တွေ့သည်။

"ထတော့လေ၊ မွန်းသူငယ်ချင်းတွေတောင် ပြန်သွားပြီ၊ ဒီမှာ ဂျာနယ်တွေဖတ်ဦး၊ မွန်း စားစရာ သွားလုပ်လိုက် ဦးမယ်"

ပြောပြီး မွန်း ထွက်သွားတော့ ကြယ်ဖြူ ဂျာနယ်တွေ လျှောက်လှန်သည်။ ဘာသတင်းတွေမှန်း မသိ။ လူတွေကို အရောင်း အ၀ယ်လုပ်နေသည်။ ကလပ်တစ်ခုမှတစ်ခု ပြောင်းလျှင် အာဆီယံငွေကြေး သန်းပေါင်းများစွာ တန်သည်တဲ့။ မြန်မာနိုင်ငံ၏ အဆင့်မြင့်တန်း ကလပ်မှ ဘောလုံးသမားများ၏ ဈေးက ထိုသို့ ရောင်းဝယ်မှုတွင် အမြင့်ဆုံးချည်းပင်။

ဘာလုပ်တာလဲ။ သည်လူ တစ်ယောက်ကို ၀ယ်ပြီး သည်အလုံးတစ်လုံးကို ခြေထောက်နှင့် ထိခိုင်းတာ သည်လို သန်းပေါင်းများစွာ ပေးရသလား။ သူနားမလည်နိုင်တော့။

"ကြယ်ဖြူ စိတ်ဝင်စားလို့လား၊ အဲဒီသတင်းတွေကို"

ခေါင်းခါပြလိုက်တော့ မွန်း မျက်နှာပျက်သွားသည်။

"ကြယ်ဖြူ စိတ်ဝင်စားတာ ကျောင်းစာနဲ့ မွန်း ကိုပဲ"

"ကြယ်ဖြူက ဘာလို့ တစ်ကမ္ဘာလုံး စိတ်ဝင်စားနေတာကို စိတ်မ၀င်စားတာလဲ"

"တစ်ကမ္ဘာလုံးက"

"ဟုတ်တယ်လေ၊ တစ်ကမ္ဘာလုံးပဲ။ အခု ဘရာဇီးကို စစ်ရေးအရ အရေးယူတာ အဲဒါပဲလေ။ ဘောလုံး ချိန်ခွင် လျှာကို ဆွဲညှိဖို့ ကြိုးစားကြမှာ"

"ကိုယ့်ဘ၀မှာ ကိုယ့်မိဘတွေဟာ မွန်းတို့ပြောတဲ့ ဘောလုံးဆိုတာကို လောင်းကြေးတွေ ထည့်လို့ ဘ၀ ပျက်ခဲ့ရတယ်။ အသင်းနှစ်သင်းရဲ့ ပရိသတ်တွေ ရိုက်ပွဲဖြစ်တဲ့အချိန်မှာ ဆုံးပါးခဲ့ရတယ်။ ဒါဟာ ကိုယ်ငယ်ငယ် ကတည်းက သိခဲ့တာပါ။ ကိုယ် ဘုန်းကြီးကျောင်းမှာ နေတယ်။ ဆရာတော် ဘုရားရဲ့ ကျောင်းဟာ စည်းကမ်း ကြီးလို့ ဘောလုံးဆိုတာ ဘာမှန်း မသိခဲ့ဘူး၊ အလုံးတစ်လုံး လို့တော့ ကိုယ်သိတယ်။ ဒါပေမယ့် ဆရာတော်ဟာ ကိုယ့်ကို ခေတ်နဲ့ မျက်ခြည်မပြတ် စေချင်လို့ အင်တာနက်တော့ ဖတ်ခွင့်ပေးခဲ့တယ်။ ကိုယ့်ဘ၀ရဲ့ ရှေ့လာမယ့် လမ်းတွေထဲမှာ အဲဒီ့အလုံး တစ်လုံးဟာ အဲဒီလောက် အရေးမပါဘူး ထင်တယ်။ ဒီအလုံးတစ်လုံးကြောင့် လူတွေဟာ အိပ်ရေးပျက်၊ စီးပွားပျက်၊ ခန္ဓာပျက် ရတာတွေ ဘယ်လောက်များ ခဲ့ပြီလဲ။ ခုပဲ ဒီအလုံးတစ်လုံးဟာ စစ်ပွဲအသွင်ကို ဆောင်ယူလာခဲ့ပြီ။ လူတွေ လုပ်တဲ့ ဗုံးတစ်လုံးဟာ သူပေါက်ကွဲတဲ့ နေရာက လူတွေကိုပဲ ထိရှစေတယ်။ သေစေတယ်။ မွန်းတို့သိတဲ့ အလုံးဆိုတာကျတော့ မပေါက်ကွဲဘဲနဲ့ လူများစွာကို ထိရှစေတယ်လို့ ကိုယ်ထင်တယ်"

"ဒါပေမယ့် မွန်းကို ချစ်တယ် ဆိုရင် မွန်းလို ၀ါသနာပါဖို့ ကြိုးစားရမှာပေါ့"

"ကိုယ် ဒီဟာကို ၀ါသနာမပါရင် မွန်းက ကိုယ့်ကို အဖြေမပေး တော့ဘူးလား"

ခဏတော့ စဉ်းစားနေသည်။

"ဟုတ်တယ်၊ မွန်း ၀ါသနာပါတဲ့ဟာကို စိတ်မ၀င်စားရင် မွန်း ဆီက အဖြေကို မမျှော်လင့်နဲ့တော့။ ဘောလုံး ဆိုတာ မွန်း ရဲ့ ဘ၀ပဲ"

နားမလည်နိုင်စွာဖြင့် မွန်းကို သူကြည့်သည်။ မွန်းသည် သူ့ကို ဂရုမစိုက်စွာ တီဗွီခလုတ်ကို ထဖွင့်၏။

"အင်္ဂါဂြိုလ်ပေါ်၌ ဘောလုံးကွင်း ဆောက်လုပ်ရေး" သတင်းတစ်ခု ပေါ်လာသည်။ ခက်တော့ ခက်ချေပြီ။


* * * * * * * * *

"အဲဒါပဲ အက်တမ်၊ ငါ စဉ်းစားရ ကျပ်နေတယ်"

"ဟာ ..... လွယ်ပါတယ်ကွ၊ ငါနဲ့ လိုက်ပြီး ဂိမ်းကစားလိုက်ရင် မင်းနားလည်သွားမယ်။ ဘောလုံးဆိုတာ နည်းပညာ တစ်ခုကို အားပြိုင်တာပါကွ။ အဲဒီအပေါ်မှာ လုပ်စားလို့ရတာ အများကြီးပဲ။ နောက်ပြီး တစ်ကမ္ဘာလုံး စိတ်ဝင်စားတဲ့ ဟာကို မင်းကျန်ခဲ့ရင် မင်းကို အရူးလို့ ပြောမှာပေါ့။ အဲဒီလို ဖြစ်နေတာကိုကပဲ ခေတ်သစ်ရဲ့ တောင်းဆိုမှုပဲကွ"

ဘာတွေမှန်းတော့ မသိ။ ဟုတ်သလိုလို ထင်ရသည်။

"ငါ မွန်းကို ချစ်လို့ နည်းနည်းတော့ လေ့လာကြည့်မယ်ကွာ"

"အိုကေ .... သူငယ်ချင်း ထူးထူးထွေထွေ ဘာမှ မလုပ်နဲ့၊ ငါပြောတာတွေလုပ်၊ မင်းကောင်မလေးဆီက အဖြေ ရစေရမယ်"

သည်လိုနှင့် ကြယ်ဖြူ တစ်ယောက် အက်တမ်နောက် ပါသွားသည်။ ပထမတော့ ဂိမ်းစင်တာ။

ကမ္ဘာပေါ်ရှိ ဘောလုံးသမားများ ဂိမ်းထဲမှာပါသည်။ သို့သော် လူတွေလို လိုသလို ကစား၍ မရ။ အက်တမ် ကတော့ ကျေနပ်သလို ရှိသော်လည်း ကြယ်ဖြူ က နဂိုကတည်းက စိတ်မ၀င်စား၍ ဘယ်လိုမျှ ခံစား၍ မရ။

အက်တမ်က တစ်မျိုးကြံ ပြန်သည်။ အင်တာနက်၏ ၀က်ဘ်ဆိုဒ်များ ဖွင့်ပြသည်။ ငွေကြေး သုံးစွဲမှုကို ချိန်ပြသည်။ ပိုးဆိုး၏။ သည်ငွေများကို နိုင်ငံတည်ဆောက်ရေးမှာ၊ လူသားအကျိုးပြု လုပ်ငန်းများမှာ သုံးလျှင် ဘယ့်နှယ့် နေမလဲ။

အက်တမ်က ဂျာနယ်တွေ ယူလာပြန်သည်။ ကြယ်ဖြူ မကိုင်ချင်။ အဖုံးမှာပင် ဘောလုံးသမားပုံကို ရုပ်ရှင် မင်းသားပုံတွေလို ဖော်ပြထားသည်။ စိတ်မ၀င်စား၍ အိပ်နေလိုက်၏။

သည်တော့ အက်တမ် စိတ်ပျက်သွား၏။ မိမိနှစ်သက်ရာ ကလပ်ကို အားပေးသည့် ပရိသတ်များဖြင့် ဖွဲ့စည်း ထားသော ကလပ်များဆီ ခေါ်သွားပြန်သည်။ ကြည့်လိုက်တော့ ဘယ်ကလပ်နှင့် ဘယ်ကလပ် ကန်သည့်နေ့မှာ အပြန်တွင် ချိန်း၍ရိုက်ရန် တိုင်ပင်နေကြသည်။ ကွင်းထဲမှာအရှုံးပေါ်နေလျှင် ယမ်းဖောက်၍ ပွဲဖျက်ရန် ကြံစည် နေသည်။ စိတ်ပျက်စွာဖြင့် အက်တမ်ကိုခေါ်ကာ မြို့ထဲလျှောက်သွားသည်။

တည်းခိုခန်း၊ ဟိုတယ်၊ စားသောက်ဆိုင်တို့မှာ ဘောလုံးသူရဲကောင်းပုံတွေ မြင်ရသည်။ ကလပ် အလံများ၊ တံဆိပ်များ၊ ယုတ်စွအဆုံး ဆိုင်နာမည်များမှာ ဘောလုံးသမားများနှင့် နည်းပြနာမည်များ ဖြစ်နေသည်။ ကြယ်ဖြူ စိတ်ပျက်စွာဖြင့် အက်တမ်ကို နှုတ်ဆက်ကာ ဆရာတော်ကျောင်းသို့ ပြန်ခဲ့၏။


* * * * * * * * *

"ကိုယ်ကြိုးစားကြည့်ပါသေးတယ် မွန်း။ ဒါပေမဲ့ ကိုယ်ဘယ်လိုမှ စိတ်မ၀င်စားနိုင်ခဲ့ဘူး"

"ဘောလုံးပွဲ တစ်ပွဲလောက် ကြည့် ကြည့်ပါလား"

မွန်းက စည်းရုံးသည်။ စိတ်မပါသော်လည်း မွန်းကို ချစ်၍ ကြယ်ဖြူ ဘာမျှ မပြော။ မွန်းက စက်ထဖွင့်သည်။

ဘောလုံးကို လူတွေ လိုက်လုနေသည်။ ဂိုးပေါက်မှာ တစ်ယောက် စောင့်နေ၏။ ကြည့်နေရင်းမှာပင် ထိုးပွဲ ကြိတ်ပွဲ ဖြစ်၏။ နည်းပြတွေပါ ချကုန်ကြသည်။ မွန်းက ခလုတ်ကို ထပိတ်၏။

"တစ်ခါတစ်ခါတော့ ဒါမျိုးဖြစ်တတ်တယ်"

"ကိုယ်တောင်းထားတဲ့ အဖြေကို မွန်း မပေးတော့ဘူးလား"

သူလိုချင်တာကို ကြယ်ဖြူ တောင်းသည်။ မွန်း စဉ်းစားနေ၏။

"ဒီလိုလုပ်လေ၊ ကြယ်ဖြူ ဘောလုံးကို တကယ် စိတ်ဝင်စားလာပြီ ဆိုတဲ့နေ့မှာ မွန်း အဖြေပေးပါ့မယ်။ ကြယ်ဖြူ မညာတတ်တာ မွန်းသိတယ်"

ပြန်ပြောစရာ စကားမရှိတော့။ ဘောလုံးသည် လူသားများစွာ၏ ဘ၀ ဖြစ်သွားပြီလား။ လောလောဆယ် မှာတော့ ကြယ်ဖြူ အတွက် ဘောလုံးဆိုသည်မှာ နှလုံးသားပုစ္ဆာ အဖြေ ဖြစ်လို့နေသည်။


* * * * * * * * *

ထိုရက်များ၏ နောက်ပိုင်းမှစ၍ ကြယ်ဖြူ ဆိုသော တက္ကသိုလ်ကျောင်းသား လူငယ်လေးတစ်ဦးကို သူ့ သူငယ်ချင်းများ မတွေ့ရတော့။ ကြယ်ဖြူသည် သူနေထိုင်ရာ ဘုန်းကြီးကျောင်းထဲမှ ဘယ်ကိုမျှ မသွားတော့။ သူချစ်သော မိန်ကလေးဆီကလည်း အဖြေကို မမျှော်လင့်တော့။

အဘယ်ကြောင့်ဆိုသော် ဘောလုံးဆိုသော အလုံးတစ်လုံးအတွက် လူပေါင်းများစွာတွင် ဖြစ်ပေါ် လာသော လောဘ၊ ဒေါသ၊ မောဟများကို သူမခံစားနိုင်၍ ဆရာတော်၏ ဆုံးမမှုအောက်မှာ အစမရှိ၊ အဆုံးမရှိသော သံသရာဆိုသည့် အလုံးတစ်လုံး အကြောင်းကိုသာ သုံးသပ်ရင်း လူများစွာ၏ ဘ၀များစွာ အပြင်ဘက်တွင် မိုးကုတ် ဆရာတော်ကြီး ဦးဝိမလ၏ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း ဆိုသည့် အလုံးတစ်လုံးကို စိတ်ဝင်စားကာ ၀ိပဿနာ တရား အားထုတ် ကျင့်ကြံနေသောကြောင့်ပင် ။ ။

သားလတ်


(၂၀၀၄ခုနှစ်-ဒီဇင်ဘာလ၊ မှုခင်းရှုထောင့်)

0 comments:

Related Posts Plugin for WordPress, Blogger...