Thursday, November 11, 2010

"အိပ်မက်မြို့"



'ဟာ...မြွေတွေအများကြီးပဲ"

သူ့ရှေ့က မြင်ကွင်းထဲမှာ မြွေတွေ အများကြီးမြင်၍ သီဟ တီးတိုး ရေရွတ်လိုက်သည်။ စိတ်ထဲမှာ ထိတ်လန့်စ ပြု၏။ စပါးကြီးမြွေ၊ မြွေပွေး၊ မြွေဟောက်၊ မြေစိမ်းမြီးခြောက် စုံနေအောင် တွေ့ရသည်။ သူ ဘယ်ရောက်နေသလဲ ဆိုသည်ကို ပြန်ဆန်းစစ်၏။ မသိ။ သေချာသည်က တောလိုလို နေရာတစ်ခု။ သစ်ပင်တွေက စိမ်းစိုလျက်။ ချုံတွေလည်း ရှုပ်ထွေးလျက်။

ရှေ့ကိုဆက်သွားရမှာလား။ နောက်ပြန်ဆုတ်ရမှာလား။ ဒါကို သီဟ မသိ။ မထူးဇာတ်ခင်းကာ ရှေ့ဆက် တိုးကြည့်သည်။ သူလှုပ်သည်နှင့် မြွေတွေက လွန့်ခနဲ လှုပ်ရှားသွားသည်။ ချွေးတို့ ရွှဲစပြုလာ၏။

နောက်တစ်လှမ်း ဆက်တိုးကြည့်သည်။ သီဟနှင့်အတူ မြွေတွေလိုက်လှုပ်ရှား၏။ သီဟက ထိုနေရာက လွတ်မြောက်ချင်လာသည်။ သည်တော့ ပြေးဖို့ ကြံ၏။

"ကဲ....ပြေးစမ်း သီဟ"

အတွေးနှင့်ပြင်ရုံသာ ရှိသေးသည်။ မြွေကြီးတစ်ကောင်က သီဟ မျက်နှာဆီသို့ တန်းတန်း မတ်မတ် ၀င်လာ၏။ သီဟ လန့်သွားသည်။

"အား........"

ကြောက်လန့်တကြားအော်၍ သီဟ မျက်လုံးကို စုံမှိတ်လိုက်သည်။ သို့သော် မျက်လုံး ပွင့်သွား၏။ သေသေ ချာချာ ကြည့်လိုက်မှ မှောင်မည်းနေသော ပတ်ဝန်းကျင်နှင့် သူ ခြင်ထောင်ထဲမှာ ရောက်နေတာ သတိထား ဖြစ်သည်။

သက်ပြင်းတစ်ချက်ချ၏။ အိပ်မက်မို့သာ တော်ပါသေးလားဟု တွေးလိုက်၏။


**************

"ဒါမျိုးက မက်တတ်တာပဲကွ။ မင်းက လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတွေ ဖတ်လို့နေမှာပေါ့။ စိတ်စွဲပြီး မက်တာဖြစ်မယ် သီဟ"

နံနက်ခင်းအချိန် လက်ဖက်ရည်ဆိုင်မှာ ဗလ၊ အောင်သိန်းတို့နှင့် ဆုံစဉ် သီဟက သူ့အိပ်မက် အကြောင်း ပြန် ပြောပြခဲ့စဉ် ဗလက မှတ်ချက်ချသည်။

"ဟုတ်တယ်။ ဒါပေမဲ့ ငွေကံကောင်းမယ့် သဘောပဲ သီဟ။ မြွေမြင်ရင် ငွေရမယ်တဲ့။ မင်းက မြွေအများကြီး မြင်ရတော့ ငွေအများကြီးရမယ့် သဘောပေါ့၊ မဟုတ်ဘူးလား"

အောင်သိန်းစကားကို ကြားတော့ သီဟက ရေနွေးကြမ်းခွက်ကို ကျင်းရင်း ရယ်သည်။

" ဟုတ်ရင်တော့ ကောင်းတာပေါ့ကွာ။ မဟုတ်ဘဲ မြွေကိုက်နေမှ"

"မင်းကလည်း မက် မက်နိုင်လွန်းတယ်။ ပြီးတော့ မက်လိုက်ရင်လည်း အထူးအဆန်းချည်းပဲ"

ဗလပြောလည်း ပြောချင်စရာ။ သီဟက အိပ်မက်တွေမက်တိုင်း သူငယ်ချင်းများနှင့် ဆုံလျှင် ပြန်ပြောပြလေ့ ရှိရာ သီဟ၏ အိပ်မက်များသည် ဗလနှင့် အောင်သိန်းတို့ကြား စိတ်ဝင်စားစရာ ဖြစ်ခဲ့သည် ကတော့ အသေအချာပင်။

တစ်ခါတုန်းကဆိုလျှင် သီဟက သူ့အိပ်မက်ထဲမှာ မဟာတံတိုင်းလို မြို့ရိုးကြီးပေါ်မှာ လေထဲကပျံရင်း လမ်းပေါ်က လူတွေကို လိုက်ကြည့်နေသည်ဟု မက်သည်။ သူလိုရာကို ပျံသန်းရင်း ရင်ထဲမှာ လှပ်ခနဲ လှပ်ခနဲ ခံစားရ၏။ လူတွေက သူ့ကိုငေးနေကြသော်လည်း သီဟက အရှိန်မြှင့်ပျံသန်းရင်း အဝေးကို ထွက်ခဲ့သည်တဲ့။

ဘယ်တုန်းကမျှ စိတ်ကူးထဲမှာ မရှိသော ခံစားမှုများက အိပ်မက်တွေမှာ ဖြစ်လာတတ်သည်လားဟု သီဟ တွေးကြည့်၏။ အိပ်မက်ထဲမှာ ဖြစ်နေသော အဖြစ်အပျက်များကိုလည်း ပြင်ပမှာ သီဟအနေနှင့်တော့ တစ်ခါမျှ ပြန်မကြုံဖူးခဲ့။ အပြင်မှာ မရှိတာတွေက အိပ်မက်ထဲမှာ ဖြစ်ပြီး အိပ်မက်ထဲမှာ ရှိနေတာတွေက အပြင်မှာ ဖြစ်မလာခြင်းပင်။ ဒါတွေ ဘာကြောင့် ရှိနေတာလဲဆိုတာတော့ သီဟ နားမလည်။

"ငါစဉ်းစားနေတာ တစ်ခုရှိတယ် သီဟ။ မင်းက စာရေးတာ ၀ါသနာပါလို့များလား"

"ဘာလဲ အောင်သိန်း။ မင်းက သီဟအိပ်မက်တွေဟာ စာရေးချင်တဲ့ သီဟက ထွင်တာလို့ ပြောချင်တာလား"

ဗလနှင့်အောင်သိန်း အငြင်းအခုံ ဖြစ်နေသည့်ကြား သီဟ မ၀င်။ ရေနွေးကြမ်း ငှဲ့သောက်ရင်းသာ နားစွင့်နေ၏။

"မဟုတ်ဘူး။ ဒီကောင် တကယ်မက်တာ ငါယုံတယ်။ စာရေးချင်တဲ့လူဆိုတာ စိတ်ကူးတွေက ဆန်းသစ်နေမှာ ပေါ့ ကွာ။ ခံစားတယ်။ တွေးတောတယ်။ ကြံစည်တယ်။ ဒီကောင့်မှာ အဲဒီ့စိတ်တွေ များနေလို့ ညဆို အိပ်မက်အနေနဲ့ တက်တက်ဆောင့်တာပဲလို့ ငါထင်တယ်"

"ဖြစ်နိုင်တယ်ကွ" ဟု သီဟ မှတ်ချက်ပေးလိုက်သည်။

"ဘာပဲဖြစ်ဖြစ် မင်းအိပ်မက်တွေကို ငါတို့စိတ်ဝင်စားတယ်။ နောက်တစ်ခါ မက်ရင်လည်း ပြောစမ်းပါဦး။ ဒါပေမဲ့ ထူးခြားတာတစ်ခုက မင်းအိပ်မက်တွေထဲမှာ အချစ်နဲ့ပတ်သက်လို့ မပါသေးတာဘဲ။ ဥပမာ ကောင်မလေးတွေ ဘာတွေပေါ့ကွာ"

ဗလစကားအဆုံး သီဟနှင့်အောင်သိန်း ပြုံးသည်။ အင်ဂျင်နီယာ သီဟနှင့် ဆရာဝန်နှစ်ယောက်ဖြစ်သော ဗလနှင့် အောင်သိန်းတို့သည် တာဝန်ကျရာ အလုပ်တွေထဲမှာ နှစ်လျက် နိုင်ငံ့ဝန်ထမ်းတွေအဖြစ် တာဝန် ထမ်းဆောင် နေကြသူများဖြစ်ပြီး သုံးဆယ်ဝန်းကျင် လူငယ်တွေဖြစ်သည့်တိုင် ချစ်သူရည်းစား မရှိကြချေ။

"အေးပါကွာ။ လှပတဲ့ အိပ်မက်လေးဆို မင်းတို့ကိုပြောပါ့မယ်။ မမက်တာတော့ မတတ်နိုင်ဘူးပေါ့ကွာ"

သီဟ ရေနွေးတစ်ကျိုက်သောက်ရင်း ပြောတော့ ဗလနှင့် အောင်သိန်း ပြုံးစိစိနှင့် ကြည့်သည်။ မိန်းမ မယူချင်သေး၍ သည်အရွယ် ရောက်နေတာတောင် ပေတေပြီး နေနေတာ သူတို့ချင်း အကြောင်းသိနေ၍ပင်။


**************

"ဟား.........ဟား.........ဟား"

ဖုန်းထဲက ဗလ၏ ရယ်သံကို ကြားပြီး သီဟ တွန့်သွားသည်။

"ဘာဖြစ်တာလဲကွ"

"မင်းကို ငါစလိုက်တာနဲ့ စိတ်စွဲပြီး မက်ပြီထင်တယ်။ ဒီအတိုင်းဆို ငါတော့ စိတ်ပညာ လိုက်စားရတော့မယ်။ အနီးဆုံး လေ့လာလို့ရတဲ့ မင်းရှိနေပြီဆိုတော့ အိုကေပဲ"

"ဟေ့ကောင် မင်းပြောတာ တစ်လလောက် ရှိနေပြီ။ ငါ့ဘာသာ မက်ချင်လို့မက်တာ။ ပြီးတော့ ဘယ်လောက် ဆွဲဆောင်မှုရှိလဲ။ ဒါကိုပဲ မင်းက ရယ်ရသေး"

"ဟုတ်တယ်လေကွာ။ မင်းအိပ်မက်ထဲက ကောင်မလေးက ရုပ်ရှင်မင်းသမီး နန္ဒာလှိုင်ထက် ပိုလှတယ် ဆိုတော့ တော်တော်လှ လို့ပဲပေါ့။ ဘာတဲ့ နာမည်တောင် ပြောသွားသေးတယ်။ ရွှေပန်းချီ ဟုတ်လား"

သည်ကောင်နှင့် ဆက်ပြောနေလျှင် ကြာလာသည်နှင့်အမျှ သူ့ကို ဟားနေတော့မည်ဟု သိ၍ ဖုန်းကို ခွပ်ခနဲ ပြန်ချလိုက်သည်။ ခဏအကြာ ဖုန်းပြန်လာသည့်တိုင် ဖုန်းခွက်ကို ဘေးချထားပြီး မကိုင်ဖြစ်တော့။

ညက ထူးဆန်းပြီး လှပသည့်အိပ်မက်လေး မက်သည်။ သီဟ တစ်ယောက် ရုပ်ရှင်ရုံလိုလို၊ ဗီဒီယိုရုံလိုလို နေရာ တစ်ခုမှာ ထိုင်နေစဉ် ဘေးကို မိန်းကလေးတချို့ ရောက်လာသည်။ လှည့်ကြည့်တော့ ရုပ်ရှင်မင်းသမီး နန္ဒာလှိုင် ကို မြင်၏။ နန္ဒာလှိုင်က သီဟကို စမိတ်ဆက်သည်။

"ကျွန်မ နန္ဒာလှိုင်ပါ"

"သြော်.....ဟုတ်ကဲ့ တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်တော် သီဟပါ။ စာရေးဆရာပါ"

အပြုံးနှင့် နှုတ်ဆက်ပြီး နေရာမှာ ၀င်ထိုင်သော နန္ဒလှိုင်ကိုကြည့်ရင်း သူမနောက်က ကပ်လိုက်လာသော မိန်းကလေးကို သီဟတွေ့လိုက်ရသည်။

"ဟာ.......လှလိုက်တာ"

"သြော်.....နန္ဒာ့သူငယ်ချင်းလေ"

သီဟက နေရာကထပြီး ပြုံး၍ကြည့်စဉ် နန္ဒာလှိုင်က မိတ်ဆက်ပေးသည်။ အံ့သြစရာကောင်းသည်က သီဟ လက်မကမ်းခင် တစ်ဖက်က လက်ကမ်းပေးလာခြင်းပင်။ သည်မှာပဲ သီဟ သတိထားလိုက်မိသည်က ပန်းရောင်လွှမ်းနေသောလက်၊ အကြောစိမ်းမြမြများ။ တော်တော် ကြည့်ကောင်းတာပဲဟု စိတ်ထဲက မှတ်ချက် ချလိုက်သည်။

ကြည်လဲ့သော မျက်ဝန်း၊ ညီညာသော မျက်ခုံးပြေပြေ၊ နီရဲသော နှုတ်ခမ်းနှစ်လွှာ၊ ပါးပြင်ပေါ်က အကြောစိမ်းများ၊ တစ်ခဏအတွင်း မျက်နှာကအလှတွေကိုပါ သီဟ ကျက်မိသွားသည်။ နန္ဒာလှိုင်ထက် လှသည်ဟု စိတ်ထဲမှာ ထင်မိသည်။

"ကျွန်မ ရွှေပန်းချီပါ"

ဟာ....ကြွေတယ်ဗျာဟု စိတ်ထဲက ပြောလိုက်မိသည်။ ပြီးမှ လက်ကမ်းပေးရင်း "ကျွန်တော်သီဟပါ"ဟု မိတ်ဆက် လိုက်သည်။ ပြီးမှ ကိုယ့်ခုံမှာ ကိုယ်ထိုင်၏။ သည်တော့မှ သီဟ ပတ်ဝန်းကျင်ကို ကြည့်စဉ် သူ့အမျိုးတွေကိုပါ တွေ့ရ၏။ သူ့နှမ၀မ်းကွဲ၊ အဒေါ်များကို တွေ့ရစဉ် ဘေးက ရွှေပန်းချီပျောက်သွား၏။ နာမည်နှင့်လူ လိုက်ဖက်သော မိန်းကလေးကို လိုက်ရှာသော သီဟတစ်ယောက် အိပ်မက်မှ လန့်နိုးခဲ့ရ၏။ ထိုအိပ်မက်ကို မိုးလင်းလင်းချင်း ဗလကို ပြောပြတော့ ဗလဟားတာ ခံရသည်။ အောင်သိန်း ကြားရင်ရောဟု တွေးတော့ လောလောဆယ် သည်ကောင်တွေကို တွေ့ဖို့ မဖြစ်သေးဟု တွေးရင်း အလုပ်သွားဖို့ ပြင်၏။


**************


"သီဟ မင်းကလည်း နေနိုင်လိုက်တာကွာ"

ရုံးပိတ်ရက်တစ်ရက်မှာ ဖုန်းဖြင့်ချိန်းပြီး ဗလနှင့်အောင်သိန်း ရောက်လာသည်။ ပြီးတော့ ဗလက မြင်မြင်ချင်း သီဟကို အပြစ်တင်၏။

"ငါနယ်ကို ခရီးထွက်နေရလို့ကွ။ တစ်နေ့ကမှ ပြန်ရောက်တယ်"

"လုပ်စမ်းပါဦး။ မင်းအိပ်မက်တွေ နားမထောင်ရတာ ကြာပြီ"

အောင်သိန်းစကားကြောင့် သီဟ ပြုံးသည်။

"မင်းတို့ကလည်း ငါကအမြဲတမ်း အိပ်မက် မက်ရမလို ဖြစ်နေပြီ။ မက်လို့ပြောပြတော့လည်း မင်းတို့က ရယ်သေးတယ်"

"မရယ်တော့ပါဘူးကွာ။ ငါ့ထင်တာ မမှားဘူးဆိုရင် မင်းမှာ အိပ်မက်တစ်ခုလောက် ပြောပြဖို့ ရှိဦးမယ် ထင်တယ်။ ဒီလိုလုပ်ကွာ။ Junction 8 သွားရအောင်။ J Donuts သွားထိုင်ရင်း ပြောကြရအောင်"

ဗလ ကားပါလာ၍ ဆိုင်ထိုင်ရန်ပြောသည်။ သီဟ နေရာကထ၏။


**************

"ငါနယ်ရောက်နေတုန်းက ထူးဆန်းတဲ့ အိပ်မက်တစ်ခု မက်တယ်"

"ဘာလဲ ငွေပန်းချီတို့၊ ရွှေဂီတတို့ ပါတဲ့အိပ်မက်လား"

"အေး.....မင်းတို့က ရယ်စရာအိပ်မက်ကိုကြားရတော့ နောက်စရာဖြစ်နေတာကိုး။ ဒီတစ်ခါ အိပ်မက်က စိတ်ဝင်စားဖို့ကောင်းတယ်"

သီဟစကားကိုကြားတော့ ဗလနှင့်အောင်သိန်း မျက်နှာတည်သွားသည်။ သီဟမျက်နှာကို အာရုံဝင်စားစွာ စိုက်ကြည့်တာတွေ့၏။

"ငါ အိပ်မက်ထဲမှာ မြို့တစ်မြို့ကို ရောက်တယ်ကွ"

"ဘာမြို့လဲ"

"နာမည်ကို ငါမသိဘူးကွ"

"ဒါဖြင့် အိပ်မက်ထဲကမြို့ဆိုတော့ အိပ်မက်မြို့ပဲ ထားပါတော့ကွာ။ ဆက်စမ်းပါဦး"

"ငါလမ်းတွေ လျှောက်သွား ကြည့်တယ်။ မြန်မာနာမည် တစ်ခုမှ မတွေ့ရဘူးကွာ။ အင်္ဂလိပ် နာမည်တွေ ချည်းပဲ။ ဒါနဲ့ ငါစိတ်ညစ်သွားတယ်။ ငါသွားနေတာ ငါတို့နိုင်ငံထဲမှာပဲလို့ ငါသိနေတယ်ကွ။ ဘာလို့ မြန်မာနာမည် မတွေ့ရတာလဲပေါ့။ အဆောက်အအုံတွေ ကြည့်တော့လည်း အားလုံးက အင်္ဂလိပ်လို ရေးထားတာချည်းပဲ"

"ဘာလဲ အခု Junction 8 လို ပေါ့။ အားလုံး အင်္ဂလိပ် နာမည်တွေ ချည်းပဲ။ တခြား အဆောက်အအုံတွေ ကလည်း အကုန် အင်္ဂလိပ်နာမည်၊ ဆိုင်တွေ၊ ဟိုတယ်တွေ၊ အလုပ်ဌာနတွေကလည်း အင်္ဂလိပ်နာမည်တွေ ချည်းပဲလား"

"အေး....အဲဒါနဲ့ ငါက လျှောက်သွားရင်း စားသောက်ဆိုင်တစ်ဆိုင်ထဲ ၀င်လိုက်တယ်။ အဲဒီမှာ ဆိုင်က သီချင်းနဲ့ ဖျော်ဖြေနေတဲ့ ကောင်မလေးက အင်္ဂလိပ်သီချင်း ဆိုနေတယ်။ ထားတော့။ ဒါနဲ့ ငါက တစ်ခုခုမှာဖို့ စားပွဲထိုးကို လှမ်းခေါ်လိုက်တယ်။ သူ့ရင်ဘတ်က နာမည်ကို ဖတ်တော့ အင်္ဂလိပ်နာမည် ဖြစ်နေတယ်။ ငါတော်တော် စိတ်ညစ်သွားတယ်"


"ဟိုတယ်ကြီးတွေမှာလို ဖြစ်နေတာပေါ့နော်"

အောင်သိန်း ၀င်ထောက်သည်။ သီဟ ခေါင်းညိတ်လိုက်၏။

"အဲဒီအချိန်မှာ ငါ့သူငယ်ချင်းတစ်ယောက်က ဆိုင်ကိုရောက်လာပြီး ငါ့ကို အင်္ဂလိပ်လို နှုတ်ဆက်တယ်။ ငါ့ကိုတောင် သီဟလို့ခေါ်တာ မဟုတ်ဘူး။ Lion (လိုင်းယွန်း)တဲ့။ ခက်တာက ငါက သူ့နာမည်ကို မေ့နေတယ်။ ဒါကို ဒီကောင် ရိပ်မိတယ်။သူ့ကိုယ်သူ မိတ်ဆက်တယ်။ ဂျိမ်းစ်တင်လှတဲ့။ အဲဒီတော့မှ ဒီကောင့်နာမည် တင်လှဆိုတာ ငါမှတ်မိသွားတယ်။ ဂျိမ်းစ်ကတော့ ဘယ်က ဘယ်လိုပါလာလဲတော့ မသိဘူး"

"စိတ်ဝင်စားဖို့တော့ကောင်းနေပြီ။ ဆက်စမ်းပါဦး"

"ဒါနဲ့ ငါက အဲဒီဆိုင်ထဲကထွက်ခဲ့တယ်။ တစ်နေရာရောက်တော့ ဘုန်းကြီးကျောင်း တစ်ကျောင်းကို မြန်မာ လို ရေးထားတာတွေ့တယ်။ ငါလည်း ကိုယ့်မြန်မာစာကို ရေးထားတာတွေ့လို့ ၀မ်းသာပြီး အထဲဝင်သွားတယ်။ ဗုဒ္ဓ ရုပ်ပွားတော် တစ်ဆူတွေ့တယ်။ ငါဝတ်ပြုပြီး ထိုင်နေတုန်း သတင်းစာ တစ်စောင်တွေ့တော့ ကောက် ကိုင်ပြီး ခုနှစ်ကို ဖတ်ကြည့်တယ်။ ခရစ်နှစ် နှစ်ထောင့်ခြောက်ရာတဲ့ကွ။ အဲဒီမှာ ငါ့အိပ်မက်မြို့ထဲက လန့်နိုးတယ်"

သီဟက သူ့အိပ်မက်ကို အဆုံးသတ်စဉ် ဗလနှင့်အောင်သိန်းထံမှ သက်ပြင်းချသံ ကြား၏။ ပြီးတော့ လက်ကျန် ဖျော်ရည်များကို မော့သောက်ပြီး အဝေးကဆိုင်များ၏ အင်္ဂလိပ် နာမည်များကို လှမ်းဖတ် ကြည့်နေသည်။

"မင်းအိပ်မက်တွေထဲက တချို့အိပ်မက်တွေက ကြောက်စရာ ကောင်းတယ်၊ တချို့အိပ်မက်တွေက ရယ်စရာ ကောင်းတယ်၊ တချို့အိပ်မက်တွေက ထိတ်လန့်စရာ ကောင်းတယ်၊ အခုအိပ်မက်မြို့ကတော့ စိုးရိမ်စရာ၊ ထိတ်လန့်စရာ၊ ကြောက်စရာ ကောင်းတဲ့ အိပ်မက်ပဲကွ။ ပေါ့ပေါ့လေးတွေး ရင်တော့ ဖြစ်တတ်တဲ့ သဘောလို့ ယူဆစရာပဲ။ သေသေချာချာ တွေးရင်တော့ ဆင်ခြင်စရာတွေ ချည်းပဲ"

ဗလက တွေးတွေးဆဆပြောသည်။

"ဒါနဲ့ သီဟ၊ မင်းရွှေပန်းချီ တွေ့ပြီလား"

"အိပ်မက်ပဲကွာ၊ တစ်သက်လုံး တွေ့ချင်မှတွေ့မယ်၊ ရွှေပန်းချီဆိုတဲ့ နာမည်မျိုး မှည့်ဖို့ကလည်း ခပ်ရှားရှားပဲ။ အိပ်မက်ထဲက ရွှေပန်းချီနဲ့ တူတဲ့လူမျိုးတော့ တွေ့နိုင်တယ် ထင်တာပဲ"

အောင်သိန်းကို ပြန်ဖြေရင်း သီဟစိတ်ထဲက ရွှေပန်းချီဆိုသော ချစ်စရာကောင်းသည့် လှပချောမောသော ကောင်မလေးဆီကို စိတ်မရောက်ဘဲ အိပ်မက်မြို့ဆီကို စိတ်ရောက်နေတာ အံ့သြစရာ။


**************

"ဗလ လား၊ ငါအောင်သိန်းပါ။ ဟိုကောင်ကြီးနဲ့ မတွေ့တာ ကြာပြီ၊ ဖုန်းဆက်ကြည့်လား"

အောင်သိန်းက ဗလဆီ ဖုန်းဆက်သည်။ ဗလလည်း သူ့အလုပ်နှင့် သူမို့ ဘယ်မှ မသွားဖြစ်။ သည်ကြားထဲ သူငယ်ချင်းတွေကလည်း မဆက်သွယ်၍ အဆက်အသွယ် ပြတ်နေသည်။ သည်နေ့မှ သူ့ဆေးခန်းကို အောင်သိန်း ဖုန်းဆက်တာ ဖြစ်သည်။

"မဆက်ဖြစ်ဘူး၊ ဒီကောင်က တစ်ခါတစ်ခါ နယ်ထွက်ရတော့ ရှိချင်မှ ရှိမှာပေါ့၊ မင်းလာခဲ့၊ ဒီကောင့်ဆီ သွားမယ်၊ ငါဖုန်းဆက်လိုက်မယ်"

ပြောပြီး ဗလဖုန်းချသည်။ ပြီးတော့ သီဟအိမ်ကို ဖုန်းဆက်သည်။ သီဟမရှိဘဲ သူ့အမေ လာကိုင်၏။ တစ်ဆက်တည်းမှာ ထူးဆန်းသော စကားကို ကြားရသည်။

"သားတို့လာခဲ့ပါလား၊ သားတို့ သူငယ်ချင်းက စာတစ်စောင်ပေးထားတယ်"

"သူဘယ်သွားလို့လဲအန်တီ"

"သူခရီးထွက်သွားတယ်ကွယ့်"

"ဒါဆို ကျွန်တော်တို့ လာခဲ့မယ် အန်တီ"

အောင်သိန်းရောက်လာသည့်တိုင် ဗလက စောင့်ပြီး သီဟတို့အိမ်ကို ထွက်ခဲ့တော့၏။ အိမ်ရောက်တော့ သီဟ စာကို တောင်းပြီး ဖောက်ဖတ်လိုက်သည်။

ဗလနဲ့အောင်သိန်း

ငါအလုပ်မှာ ကံကောင်းပြီး နိုင်ငံခြားအင်တာဗျူး ၀င်ဖြေတာ ပါသွားလို့ ဂျပန်ကို သွားရတယ်။ ရက်ကပ်နေတာ ရယ်၊ တစ်ယောက်တည်း လျှောက်လုပ်နေရတာရယ်၊ မင်းတို့ အံ့သြ၀မ်းသာအောင်ရယ် တမင်မပြောဘဲ ထွက်သွားတာ။ ဟိုမှာ နှစ်နှစ်ခွဲလောက်ကြာမယ်။ မြန်မာပြည်ပြန်မယ့် လူကြုံကို အိုဆာကာမှာတွေ့လို့ စာထည့်ပေးလိုက်တာ။

ပြောရရင်တော့ အံ့သြစရာချည်းပဲ။ ဂျပန်ဆိုတာ ငါ့ဘ၀မှာ ထူးထူးခြားခြား၊ ကြံကြံဖန်ဖန် မက်ခဲ့တဲ့ အိပ်မက်တွေ ထဲမှာတောင် တစ်ခါမှ မပါခဲ့ဘူး။ ဒါပေမဲ့ ခုတော့ ငါရောက်နေရပြီ။ ဘ၀ဆိုတာ ဒါပဲလား မသိဘူး။ ရည်ရွယ်တာတွေ မဖြစ်ဘဲ၊ မရည်ရွယ်တာလည်း ဖြစ်ချင်ဖြစ်လာတတ်တယ်နော်။ တိုက်ဆိုင်တာပြောရရင် ဂျပန်မလေးတစ်ယောက်က မြန်မာစာအဓိကနဲ့ သူတို့ဆီက တက္ကသိုလ်မှာ တက်နေတာ။ သူတို့ဆရာမက သူ့ကို ရွှေပန်းချီလို့ နာမည်ပေးထားတယ်တဲ့။ ဘယ်လောက် အံ့သြဖို့ကောင်းလဲ။ ဒါပေမဲ့ အိပ်မက်ထဲက ငါ့ ရွှေပန်းချီနဲ့တော့ မတူဘူးကွ။ သူလည်းလှပါတယ်။ ဒါပေမဲ့ ငါက မြန်မာဆိုတော့ မြန်မာမလေးတွေက ပိုလှတယ် လို့ ထင်တယ်။အိပ်မက်ထဲက ငါ့ရွှေပန်းချီက ပိုလှတယ်လို့ ယုံတယ်။ မြန်မာပြည် ပြန်လာမှ ရှာတော့မယ်ကွာ။

ရယ်စရာပြောရရင် ငါမင်းတို့ကို တစ်ခါကပြောဖူးတဲ့ အိပ်မက်ထဲကမြွေတွေလိုမျိုး၊ ဂျပန်မှာ အူဒုံးလို့ ခေါ်တဲ့ ခေါက်ဆွဲအလုံးကြီးတွေ ငါစားနေရတယ်။ မြွေလုံးပတ်ထက် ခေါက်ဆွဲက သေးတာပေါ့။ ဒါပေမဲ့ ငါတို့ဆီက ခေါက်ဆွဲထက် တော်တော်ကြီးတယ်။ မြွေတွေကို ကြောက်လို့ ပြေးရပေမယ့် အူဒုံးကိုတော့ ငါချစ်နေရတယ်။ ငါတို့ မြန်မာနဲ့ နီးစပ်လို့ စားစရာ အများကြီးထဲက ရွေးစားနေ ရတယ်။ ကြေးအိုးနဲ့ တူတယ်ကွ။ အောင်သိန်း ပြောတဲ့ မြွေတွေ အများကြီးမြင်ရင် ငွေတွေအများကြီးရမယ် ဆိုတာတော့ နိုင်ငံခြားသွားရလို့ မှန်သွားပြီကွ။

လေယာဉ်စီးနေတုန်းက လူတွေပေါ်က ပျံသန်းခဲ့ဖူးတဲ့ ငါ့အိပ်မက်ထဲကလို တကယ်ဖြစ်နေပြီ လားလို့ တွေးမိ သေးတယ်။ ရွှေပန်းချီလည်း တွေ့ပြီ။ လူတွေပေါ်ကလည်း ပျံသန်းဖူးပြီ ဆိုတော့ တချို့ အိပ်မက်တွေ တကယ် ဖြစ်လာပြီလို့ ထင်တယ်။ တစ်ခုပဲကွာ။ ငါမက်ခဲ့တဲ့ အိပ်မက်မြို့ထဲကို တကယ်ရောက်သွားမှာကိုပဲ ငါစိုးရိမ် နေတယ်။ ဗလပြောဖူးတယ်လေ။ ဆင်ခြင်ဖို့ကောင်းတယ် ဆိုတာပါ။ ရေခြားမြေခြားရောက်မှ ငါမြန်မာဖြစ်ရတာ တကယ် ဂုဏ်ယူနေမိတယ်။ ကိုယ့်မြန်မာစာကို လိုက်စားနေတဲ့ ဂျပန်ကျောင်းသူလေး ရွှေပန်းချီနဲ့ တွေ့ရတော့ ကိုယ့်ပြည်ထဲမှာ အင်္ဂလိပ်နာမည်တွေနဲ့ ရှင်သန်နေတဲ့ မြန်မာတွေအတွက် ရင်လေးမိတယ်။ ငါ့အိပ်မက်မြို့ထဲ ရောက်သွား သလိုမျိုး နောင်အနာဂတ်မှာ မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်သလဲ။ ဗလပြောသလို ဆင်ခြင်ဖို့ လိုတယ် ထင်တယ်ကွာ။

လောလောဆယ်တော့ ငါ့အိပ်မက်မြို့အတွက် ပူပန်ရင်း ငါအိပ်မက် မမက်ဘဲ ရောက်ခဲ့ရတဲ့မြို့ထဲမှာ ငါချစ်တဲ့ မြန်မာပြည်အတွက် ပညာတွေ ဆည်းပူးလိုက်ဦးမယ်။ အိပ်မက်အသစ်တွေမက်ရင် မင်းတို့ဆီ စာရေးပြီး ပို့လိုက် မယ်။ အခုတော့ ပို့စကတ်တွေ ထည့်ပေးလိုက်တယ်။ အားရင်စာရေးကွာ။ မင်းတို့လိုတာ လှမ်းမှာ။ လူကြုံရှိရင် ထည့်ပေးလိုက်မယ်။ လက်ဆောင်တွေတော့ ကြုံသလို ပို့ပေးမယ်။ ဒါပဲကွာ။

အိပ်မက်မမက်ခဲ့တဲ့မြို့ထဲက
မင်းတို့ရဲ့သူငယ်ချင်း
သီဟ

စာကိုဖတ်ပြီး ဗလနှင့် အောင်သိန်း တွေဝေသွားသည်။ လောကကြီး၏ ထူးဆန်းအံ့သြဖွယ် အဖြစ်များကို တွေးတောရင်း အိပ်မက်မြို့တစ်မြို့ အကြောင်းကို စဉ်းစားနေ၏။ ပြီးတော့ အိပ်မက်မမက်ခဲ့သော မြို့ထဲက သူငယ်ချင်းတစ်ယောက် အကြောင်းကိုလည်း တွေးမိနေ၏။ ။

သားလတ်


(၂၀၀၄ခုနှစ်-ဇူလိုင်လ၊ အပျိုမ မဂ္ဂင်း)

1 comments:

khin oo may said...

ဘာများဖြစ်မလဲလို့ထိုင်ဖတ်နေတာ..။

Related Posts Plugin for WordPress, Blogger...