Tuesday, November 16, 2010

"ကံကြမ္မာအလှည့်အပြောင်း"


၂၇.၁၀.၂၀၁၀ နေ့က ရုံးကို E-mail ၀င်သည်။ နောက်ထပ် ကျွန်းတစ်ကျွန်းမှာ အလုပ်သွားလုပ်ဖို့ SIC (Safety Induction Course) တက်ရမည်တဲ့။ စင်္ကာပူရောက်ပြီးကတည်းက နေရာပြောင်း၊ အလုပ်ပြောင်း ကျွန်းပေါ်မှာ အလုပ်လုပ်၊ သင်တန်းတက် ဆိုသည်များက သိပ်မထူးဆန်းတော့။ သည်လိုနှင့် ၂၉.၁၀.၂၀၁၀ မှာ SIC သွားတက် ရသည်။ မြန်မာလို ရေးထားသည့် Booklet လေးပင် ရလာခဲ့သေး၏။

၂.၁၁.၂၀၁၀ မှာ ထိုကျွန်းမှာ အလုပ်စ၀င် ရသည်။ ဘေးအန္တရာယ် ကင်းရှင်းရေး ကြီးကြပ်ရေးမှူး (Safety Supervisor) ဖြစ်၍ တစ်နေကုန် Site ထဲမှာ။ နံနက်ပိုင်း သည်ဘက်ကမ်းမှသည် ကျွန်းကိုသွားဖို့ Boat စီးသည့် အခါ ဖြတ်သန်းခွင့်ကတ် (Pass) လို၏။ ကျွန်တော်သည် ထိုကျွန်းမှာ ယခင်က တာဝန်ယူထားသော ကုလား Safety အိမ်သို့ပြန်သွား၍ တစ်လတာခဏအစားထိုး လုပ်ပေးရမှာမို့ လောလောဆယ် ယာယီကတ် (Temporary Card) နှင့် ၀င်နေရ၏။

သို့သော် Construction Manager က ကျွန်တော့်ကို 'Interview ၀င်ရမယ်' ဟု ဆိုသောအခါ ကျွန်တော် အံ့သြမိ၏။ ထိုကျွန်းမှာ Safety လုပ်လျှင် Client (မူလလုပ်ငန်းရှင်ကုမ္ပဏီ) မှ Safety Officer က ဗျူးပြီး အောင်မှ Permanent Pass ရမည်တဲ့။ သည်တော့မှ တရားဝင် အလုပ်လုပ်ခွင့် ရှိမည်တဲ့။

သည်သို့ဖြင့် အင်တာဗျူးဖို့ ရက်ချိန်း ကြိုယူရ၏။ ကျွန်တော်တို့ ကုမ္ပဏီမှာ နာမည်နှစ်မျိုးဖြင့် အလုပ်လုပ်နေရာ၊ ပိုက်လိုင်း ကုမ္ပဏီနှင့် လျှပ်စစ် ကုမ္ပဏီဟူ၍ ခွဲထား၏။ ထိုကျွန်းတွင် ပိုက်လိုင်းအဖွဲ့မှ အလုပ်လုပ်သည်မှာ ကြာပြီ ဖြစ်ရာ သူတို့ဘက်က Safety များက ကျွန်တော် အင်တာဗျူးဝင်ဖို့ စီစဉ်ပေးမည် ပြောသည်။ ကျွန်တော်က နှစ်ဖက်စလုံးအတွက် အလုပ်လုပ်ပေးနေသူ ဖြစ်ပြီး၊ ယခု လျှပ်စစ်ပိုင်း ကုမ္ပဏီအတွက် လုပ်ရမှာဖြစ်သည်။

၁၀.၁၁.၂၀၁၀နေ့ ညနေမှာ နောက်တစ်နေ့ နံနက် ၉နာရီခွဲမှာ အင်တာဗျူးဟု ကျွန်တော့်ကို ဆိုသည်။ ဗျူးသည့် ပုံစံ ယူသွားပါဟု Safety Coordinator တစ်ဦးက ဆိုသည်။ ဘယ်မှာလဲ မေးတော့ လျှပ်စစ်ကုမ္ပဏီဘက်မှာ မရှိ။ သည်သို့ဖြင့် ပိုက်လိုင်း ကုမ္ပဏီဘက် ပြေးရသည်။ သူတို့ဆီမှာလည်း မရှိ။ သို့သော် ကျွန်တော်သည် ထိုကုမ္ပဏီကို ၀င်စကတည်းက ပိုက်လိုင်းဘက်မှာ တောက်လျှောက်လုပ်လာသူမို့ တချို့ Safety များက ကျွန်တော်နှင့် ရင်းနှီး နေလေပြီ။ သည်မှာပဲ ကုလား Safety တစ်ယောက်က သူ့ Thumb Drive ထဲမှာ ရှိလောက်သည်။ နံနက် ယူလာ ပေးမည်ဟု ဆိုသည်။ အင်တာဗျူးက ၉နာရီခွဲမို့ မီပါသည်ဟု တွေးကာ ok ဟုဆိုမိသည်။

သူတို့က အတွေ့အကြုံရှိပြီးသားမို့ ကျွန်တော်က ဘာတွေမေးတတ်လဲဟု မေးရာ ပိုက်လိုင်းဘက်က လူများမို့ လျှပ်စစ်ပိုင်း ဘာမေးမည်လဲဆိုသည်ကို သူတို့ မပြောနိုင်ကြောင်း ဆိုကြသည်။ ဟုတ်တော့ ဟုတ်သည်။ ဒါကို ကျွန်တော် နားလည်သည်။ သူတို့သည် ကျွန်တော့်လိုပင် Mechanical Engineer များ ဖြစ်ကြသည်။

သို့သော် ဟိုတုန်းကတည်းက ကျွန်တော်နှင့်သိသော ကုလား Safety တစ်ယောက်က CP88( Code of Practice 88) ဖတ်ပါတဲ့။ သူသိသမျှလည်း ပြောပြသေးသည်။ ကျွန်တော့် e-mail ကို ယူထားပြီး ညကျ CP88 ကို mail ပို့ လိုက်မည်တဲ့။ အိုကေပေါ့။

ကျွန်တော့် CM ကစိတ်ပူပြီး 'ဘယ်လိုလဲ' ဟုမေးသည်။ ဘာမှမသိရသေးကြောင်း ဖြေတော့ ပိုက်လိုင်းဘက်က Safety များကို သွားမေးသည်။ သိပ်မထူးလာ။ ကျွန်တော့်ကို Google မှာ ရှာဟု ပြောသည်။ ရှင်းရော။ သည်တော့ ကျွန်တော့် Safety Manager နှင့် မူလ Site က Coordinator ကို SMS ပို့ပြီး အကူအညီ တောင်းရ သည်။' မနက်ဖြန် Interview ရှိ၍ ဖတ်စရာများ ရှိပါက သည်ည mail ပို့ပေးပါရန်' တောင်းကြည့်သည်။ မန်နေဂျာ ထံက ဘာမှပြန်မလာ။ Coordinator ကတော့ 'လုပ်ပေးမယ်' ဟု ပြန်လာသည်။

သို့နှင့် အိမ်က အမျိုးသမီးကို လှမ်းပြီး Google မှာ ရှာရမည့် ခေါင်းစဉ်တွေ ပြောထားလိုက်သည်။ Project Manager က ကျွန်တော် စိတ်ပူနေမှန်းသိ၍ 'ကုလား Safety တောင် အောင်တာ၊ မင်းလည်း အောင်မှာ၊ စိတ်မပူနဲ့' ဟု ဆိုသည်။ ကျွန်တော်က Site ထဲက Safety အကြောင်း မေးမှာကို စိတ်မပူ။ ခုဟာက လျှပ်စစ်ကုမ္ပဏီက Safety မို့ လျှပ်စစ်ပိုင်းမေးလိမ့်မည် ဆိုသော အင်တာဗျူး ၀င်ဖူးသူများ စကားကြောင့် စိတ်ပူနေတာ ဖြစ်သည်။

သည်လိုနှင့် အိမ်ရောက်ပြီး ရေချိုး၊ ထမင်းစားပြီး စာဖတ်ရသည်။ Google ကလည်း ရှာရ၏။ တွေ့တာတွေ့၊ မတွေ့တာ မတွေ့။ e-mail ကို စစ်တော့ ကျေးဇူးရှင်တွေက ဘာမှပို့မထား။ သည်တော့ ရန်ကုန်မှာတုန်းက လျှပ်စစ်သင်တန်းပေးစဉ် မိတ္တူကူးထားသော မှတ်စုများကို ပြန်လှန်ပြီး ဖတ်ရတော့သည်။ သို့သော် လူ၏သဘာဝ စာဖတ်လျှင် အိပ်ချင်လာ၏။ ထို့ကြောင့် ခဏ၀င်အိပ်ပြီး ညတစ်နာရီမှာ ပြန်ထ၍ စာဆက်ဖတ်သည်။ သင်တန်းက ပေးထားသော Booklet လေးကိုပါ ကျက်ရ မှတ်ရ၏။

နောက်တစ်နေ့ အလုပ်ရောက်ချိန် အင်တာဗျူးပုံစံ သွားမေးစဉ် Thumb Drive ပါမလာ။ ထိုကုလားက မေ့ခဲ့ သည်တဲ့။ ပွဲတော့ စလေပြီ။ ကျွန်တော့် ကိစ္စကို သူတို့ အလေးမထားလေရော့ သလား။ မတတ်နိုင်။ ကျွန်တော့်ကို အင်တာဗျူးဖို့ ခေါ်သွားပေးမည့် Coordinator အလာကို စောင့်နေ ရတော့၏။ စောင့်သာနေသည်။ ကျေးဇူးရှင်က ၉နာရီအထိ ပေါ်မလာ။ ၉နာရီထိုးမှ သူနှင့်တွေ့တော့ ကျွန်တော်တို့ လျှပ်စစ်ကုမ္ပဏီဘက်က Admin ကုလားလေးကို Interview Form မရှိ၍ ဟောက်တော့သည်။ ကျွန်တော့်ကိုလည်း မရှာထားဘူးလားဟု မေး၏။ သူ့လက်အောက်က အိန္ဒိယလူမျိုး Safety မေ့ကျန်ခဲ့သည့် အကြောင်း ကျွန်တော်ရှင်းပြခဲ့သည်။

သည်တော့ သူက ကျွန်တော့် Admin ကုလားလေးကို Client ရုံးမှာ သွားယူခိုင်းသည်။ အချိန်က မိနစ်၂၀ သာ ကျန်တော့သည်။ အင်တာဗျူးခံရမည့် ကျွန်တော့် အချက်အလက်များ ဖြည့်ရန် ပုံစံကား လက်ထဲ ရောက်မလာ သေး။ ကုလားလေးလည်း မိုးရေထဲမှာ ထီးဆွဲ၍ ပြေးလေပြီ။ Coordinator က ကျွန်တော့်ကို အင်တာဗျူး ခေါ်သွားမည် ပြောသည်။ ရုံးက ကားကို ထုတ်နေ၏။ ရုံးက ချင်းလေးတစ်ယောက်က အားပေးသည်။ 'အစ်ကို အင်တာဗျူးလား' တဲ့။ 'ဟုတ်တယ်' ဟု ဆိုသောအခါ မလေးတစ်ယောက် နာမည်ကိုပြော၍ 'အဲဒီလူမေးရင် မချောင်ဘူးဗျ' ဟု ဆိုသည်။

ကားပေါ်ရောက်တော့ ကျွန်တော့် Coordinator ကို 'ငါ့ကိုဘယ်သူဗျူးမှာလဲ' ဟု မေးခိုက် ချင်းလေးပြောသော မလေး၏နာမည်ကို သေသေချာချာ ရွတ်ပြသည်။ ချွေးတော့ ပျံစပြုလေပြီ။ ဘုရားစာများ ရွတ်ရတော့၏။ အင်တာဗျူးကျ၍ ကျွန်းပေါ်မှာ မလုပ်ရဘဲ ပြန်သွားရသော Safety ဘယ်နှစ်ယောက် ရှိပြီလဲ၊ မရှိနိုင်ဟု တွေးကာ ကိုယ့်ဘာသာ ဖြေသိမ့်ရ၏။

တွေ့ပါပြီ။ 'ဘယ်မှာလဲပုံစံ' ဟု ကျွန်တော့ကို မေးသည်။ ကျွန်တော့် Coordinator က ယခုသွားယူနေ၍ လာနေပြီ ဖြစ်ကြောင်း ရှင်းပြသည်။ 'ဒါဆို Certificates တွေပြ' တဲ့။ ပါသမျှ အကုန်ပြလိုက်သည်။ တစ်ရွက်ချင်း လှန်ဖတ်၏။ 'အရင်က ဘယ်မှာ လုပ်ဖူးလဲ' ဟုမေးသည်။ စင်္ကာပူမှာ လုပ်ဖူးသမျှ Site များ၊ ကျွန်းများကို ပြောပြ သည်။ ကျွန်တော့် Coordinator က 'စင်္ကာပူမလာခင်ကရော' ဟု စကား လမ်းကြောင်းပေးသည်။ 'မြန်မာပြည်မှာ လည်း Safety ပဲလုပ်ခဲ့ပါတယ်' ဆိုမှ အင်တာဗျူးသူက ကျွန်တော့် Certificate များ ပြန်ပေးသည်။ 'ရပြီ' ဟု ပြော၏။

ပထမတော့ ကြောင်သွားသည်။ Coordinator က Interview ပြီးပြီဟု ဆိုမှ ပျော်လိုက်သည့် ဖြစ်ခြင်း။ ပုံစံလာမှ ဖြည့်ပြီး လက်မှတ်လာထိုးခိုင်းဟု တစ်ဆက်တည်း ဆိုသည်။ ထိုလက်မှတ်ဖြင့် ကျွန်းမှာ အလုပ်လုပ်ခွင့် ရှိသည့် Permanent Pass ကို ရမှာ ဖြစ်သည်။ ကျွန်တော့် Project Manager က စိတ်ပူစွာ စောင့်ရင်း 'ဘယ်လိုလဲ' ဟု ရုံးပြန်အရောက်မှာ မေးသည်။ ok ဟု ဆိုတော့ ထခုန်မတတ် သူဝမ်းသာသွားတာ ကျွန်တော်သိသည်။

ကျွန်တော် တွေးမိသည်မှာ 'ကံကြမ္မာ' ကို ဖြစ်သည်။ ဘာမှမပြင်ဆင်ရ၊ ကူညီမည့်သူမရှိ၊ အိပ်ရေးလည်း အပျက်ခံရသေး၊ အင်တာဗျူးမည့်သူကလည်း နွှာမည့်သူ၊ ထိုအချိန်မှာ တကယ်မေးတော့ ကျွန်တော့် Certificate များ၊ လုပ်ငန်းအတွေ့အကြုံများနှင့်ပင် ပြီးသွားသည်။ လောက၏ ကံကြမ္မာ အလှည့်အပြောင်းဆိုသည်က ဒါမျိုးလား။ ကံဆိုးပြီ ထင်ကာမှ ကံကောင်းလာတတ် သေးသည်ပဲ။ ဒါကပင် လောကကြီးဟု ခေါ်ရသော အကြောင်းများထဲက တစ်ခုဖြစ်မည် ထင်သည်။ ။

ဆူးသစ်
၂၁း၀၅ နာရီ

၁၆.၁၁.၂၀၁၀

4 comments:

Sunny said...

တော်သေးတာပေါ့.. ကံကြမ္မာက ကိုယ့်ဘက်မှာ ရှိနေလို့နော်..

Anonymous said...

အတွေ့ အကြုံကောင်းတစ်ခုပါပဲရှင်။
ဒီ POST လေးဖတ်ပြီး ကြိုတင်ပြင်ဆင်မှုတွေ
လုံလောက်ရမယ်ဆိုတဲ့ အတွေးများနှင့်အတူ
စာရေးသူရဲ့ ကံကောင်းသွားမှုလေးအတွက်
ဝမ်းသာမိပါတယ်။ :)
...ခင်မင်လျှက်...ခင်မာလာအောင်..:)

success said...

It's about Bukom right . :)

ဆူးသစ် said...

ဟုတ်ပါတယ်ခင်ဗျာ။ အဲဒါ Bukom မှာပါ။

Related Posts Plugin for WordPress, Blogger...