Monday, November 22, 2010

"ချစ်သူတွေ မျက်ရည်ကျတဲ့ မြို့"


ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၊ ကန်ဆိုင်း လေဆိပ်သို့ လေယာဉ်ရောက်ချိန်မှာ နံနက်(၇း၃၀) ရှိပြီ ဖြစ်သည်။ လူငယ် ဖိတ်ခေါ်ရေး အစီအစဉ်အရ လေ့လာရေးခရီး အဖြစ် လာခဲ့သော သူရတို့ မြန်မာအဖွဲ့မှ အဖွဲ့ဝင် (၂၀) ယောက် စလုံး၊ တစ်ညလုံး လေယာဉ် စီးလာခဲ့ရ၍ မလန်းသော်လည်း ဂျပန်နိုင်ငံကို ရောက်ပြီဆိုသော အသိကြောင့် ၀မ်းတော့ သာမိသည်။

လေဆိပ်မှာ ကိစ္စ၀ိစ္စတွေ ပြီးဆုံးချိန် လာကြိုသူများနှင့် အိုဆာကာမြို့ကို လိုက်ရ၏။ ကားမောင်းချိန် တစ်နာရီ ကျော် ကြာ၍ သူရကတော့ အိပ်ပျော်သွားသည်။

တည်းခိုရာ Centre ကိုရောက်မှ အတူပါသူများ၏ ဆူဆူညံညံ အသံများကြောင့် လန့်နိုး၏။ Centre မှာ အစီ အစဉ်များကို ရှင်းလင်းပြီး Single room တွေမှာ နားရမှ သူရ အားရပါးရ တစ်ရေးအိပ် လိုက်သည်။


***************************

"ကလင် - ကလင်"

ဖုန်းမှ ဘဲလ်မြည်သံ ကြားစဉ် အမြန်ထပြီး ကောက်ကိုင်လိုက်၏။

"သူရ Welcome Party စတော့မယ်၊ ရေချိုးပြီး အသင့်ပြင်ထား"

အတူပါ သူငယ်ချင်းတစ်ယောက်က လှမ်းသတိပေးမှ ညနေ(၆)နာရီ စမည့် ပါတီပွဲကို သတိ ရတော့သည်။ ရေချိုး၊ အ၀တ်အစားလဲ၊ အသင့်ဖြစ်တော့ အချိန်က စောနေ၍ ၀ရန်တာမှာ ခဏထွက်ငေး၏။

ကြည့်စမ်းပါဦး၊ လှလိုက်တဲ့မြို့။ တောင်တွေက ၀ိုင်းလို့။ မိုးစက်တွေက နှင်းမှုန်တွေလို ဖွဲဖွဲကျနေသည်။ ဒါပဲ အိုဆာကာမြို့ဆိုတာ။ သူရ အိပ်မက်ထဲမှာပင် မမက်ခဲ့သော နိုင်ငံ။ သည်နိုင်ငံကို လေ့လာရေးလာဖို့ အင်ဂျင် နီယာ ဖြစ်သော သူရက သူ့ဌာနမှာ အရွေးခံရသည်။ သူရလို တခြားဌာနတွေကလည်း ပါသည်။ ထိုသူတွေကို စု၍ လေ့လာဖို့ လွှတ်လိုက်တာ ဖြစ်သည်။ သေချာတာက မြန်မာနိုင်ငံအတွက် ရသမျှ လေ့လာ သင်ယူဖို့ပင်။

နာရီကို ကြည့်တော့ ပါတီစခါနီးပြီမို့ အခန်းကို သော့ခတ်ပြီး ဓာတ်လှေကားဖြင့် အောက်ထပ်ကို ဆင်းခဲ့၏။ ပါတီ လုပ်မည့် အခန်းဝကို ရောက်တော့ နေရာချထားသူ တစ်ဦးက ခေါ်ပြီး နေရာချပေးသည်။ သူရလို တခြားသူတွေ ရောက်နေပြီပဲ။ သူထိုင်သည့် စားပွဲမှာ သူရတို့နှင့် တစ်ဖွဲ့တည်း သူငယ်ချင်းတွေ ရောက်နေ၍ ပြုံးပြ နှုတ်ဆက်ရင်း ဘေးကို အကဲခတ်လိုက်၏။ သူရ ဘယ်ဘက်ဘေးက နေရာလွတ်နေပြီး၊ ညာဘက်ဘေးကတော့ ဂျပန် အမျိုးသမီး ငယ်လေး တစ်ယောက်ကို တွေ့ရ၏။

"ဟာဂျီမ မာရှီတက်၊ သူရ(စ်)ဒဲလ်စ်၊ မြန်မာကာရာကီမာရှီတာ၊ ရှီဂိုတိုဝါ အင်ဂျင်နီယာဒဲလ်စ်၊ ဒိုးဇိုးရောရော ရှိခု"

မြန်မာပြည်မှာ သင်ခဲ့သမျှ၊ တတ်သမျှ၊ မှတ်သမျှ ဂျပန်စကားနှင့် နှုတ်ဆက်လိုက်သည်။ ပဋိသ္ဓာရ စကား ဖြစ်၍ ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်ခြင်းလည်း ဖြစ်၏။

"ဒီလိုတွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်တော့်နာမည် သူရပါ။ မြန်မာနိုင်ငံကပါ။ အလုပ်အကိုင်က အင်ဂျင် နီယာ ပါ။ တွေ့ရတာ ၀မ်းသာပါတယ်"

ဟုပြောလိုက်ခြင်း ဖြစ်သည်။
ဂျပန်မလေးက အပြုံးနှင့်လှည့်ကြည့်ပြီး သဘောကျသွားသည်။

"မင်္ဂလာပါရှင်"

"ဟိုက်"

သူရက ဂျပန်လို နှုတ်ဆက်လိုက်သော ဂျပန်မလေးသည် သူရကို မြန်မာလို ပြန်နှုတ်ဆက်၏။ သည်တော့ သူရ အလန့်တကြား အော်၏။ ဂျပန်မလေးရယ်သည်။ ဖြူဖြူနုနု၊ ပန်းရောင်အသားအရေ၊ ဆံပင်အနီရောင် ကုတ်ဝဲနှင့် ဂျပန်မလေးသည် အပြစ်ကင်း၍ ချစ်စရာ ကောင်းကြောင်း သူရ ခဏတာအတွင်း ရိပ်မိလိုက်၏။

"မြန်မာစကားတတ်လား"

"ဟုတ်ကဲ့ရှင့်"

သေစမ်းသူရ၊ ယဉ်ကျေးစွာ ဖြေနေသော ဂျပန်မလေးကို ကြည့်ရင်း သူရ သူ့နဖူး သူရိုက်လိုက်တော့၏။

"ကျွန်မအဘိုးက မြန်မာပြည်မှာ နေဖူးတယ်။ ကျွန်မက နိုင်ငံခြားဘာသာတက္ကသိုလ်(ရန်ကုန်)မှာ မြန်မာစာ သုံးနှစ် သင်ဖူးတယ်"

ပြီးရောပေါ့။ တကယ့် စာဖတ်မယ့်သူနဲ့မှ လာတွေ့နေပါလားဟု တွေးရင်း သူရက ရယ်သည်။

"၀မ်းသာလိုက်တာဗျာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အတွက် တော်တော်လေး အဆင်ပြေတာပေါ့။ ကျွန်တော်နဲ့ တစ်ဝိုင်းတည်းကျတဲ့သူက မြန်မာစကားတတ်နေတော့ စကားပြောလို့ ပိုကောင်းတာပေါ့နော်"

"ကျွန်မက နောက်နေ့တွေမှာလည်း သူရတို့ကို လိုက်ကူညီရမှာလေ"

"သြော် ဟုတ်လား။ ဒါနဲ့ နာမည် ဘယ်လိုခေါ်လဲ"

"ဂျပန်လို ယူကာရီစံ၊ မြန်မာလို မိုးပွင့်ဖြူလို့ ကျွန်မတို့ ဆရာမက ပေးထားတယ်"

မိုးပွင့်ဖြုတဲ့လားဟု သူရက ရေရွတ်ရင်း တော်တော် လိုက်ဖက်တဲ့နာမည်ဟု အသိအမှတ်ပြုလိုက်၏။ ပြီးတော့ ပါတီပွဲစစဉ် စကားစတို့ ခေတ္တ ပြတ်သွား၏။

မှတ်မှတ်ရရပါပဲ။ သူရအတွက် အိုဆာကာ၏ မိုးစက်များနှင့်အတူ မိုးပွင့်ဖြူဆိုသော ဂျပန်မလေး တစ်ယောက် ကို စတင် သိခွင့်ရခဲ့သော ညနေလေးတစ်ခု ပိုင်ဆိုင်ခဲ့ရလေပြီ။


***************************

"သူရ၊ မင်းဂျပန်မလေး ငါတို့နဲ့ လိုက်မယ်တဲ့"

သည်နေ့ လေ့လာရေး အစီအစဉ် စပြီမို့ နံနက်ခင်းစောစောစာ စားပြီး ကားစောင့်နေစဉ် သူငယ်ချင်း တစ်ယောက်က စ၍ သူရပြုံးသည်။

"နေရင်း ထိုင်ရင်း၊ ဘယ့်နှယ့် ငါ့ ဂျပန်မလေး ဖြစ်ရတာလဲကွ"

"မနေ့က မင်းနဲ့တော်တော် အဆင်ပြေလို့လေ။ တူကိုင်တာတွေ ဘာတွေ သင်ပေးနေတာပဲ"

ပါတီမှာ စားသောက်သည့်အခါ တူတွေချပေးထား၍ သူရက တူကိုင်တတ်သော်လည်း မကိုင်တတ်ဟန်နှင့် စကားမရှိ စကားရှာ သင်ပြခိုင်းခဲ့ခြင်းဖြစ်သည်။ လူမျိုးခြားတစ်ဦးနှင့် စတင်သိကျွမ်းမှုမှာ နည်းနည်းတော့ ကွာ၏။ မြန်မာပြည် မှာတုန်းက စကားသွက်သော သူရပင် ဘာပြောရမှန်းမသိ။

သည်တော့ တူကိုင်နည်းက စကာ စကားဆက်ပြော ဖြစ်သည်။ နောက်တော့ မိုးပွင့်ဖြူသည် စီးပွားရေး ဆိုင် ရာ အတက်တန်းကျောင်း တစ်ခုမှ ဆရာမတစ်ဦး ဖြစ်သည်ဟု သိလိုက်ရ၏။

"မင်္ဂလာပါ သူရ"

"ဟာ မိုးပွင့်ဖြူ၊ မင်္ဂလာပါ၊ ဒီနေ့ ကျွန်တော်တို့နဲ့ လိုက်မယ်ကြားတယ် ဟုတ်လား"

မနေ့က အကြောင်းတွေကို ပြန်စဉ်းစားနေစဉ်မှာပင် မိုးပွင့်ဖြူ ရောက်လာ၍ အံ့သြ ၀မ်းသာမိသည်။ သည်နေ့ သူမသည် အပေါ်အောက် နို့နှစ်ရောင် အင်္ကျီ၊ ဘောင်းဘီ ၀တ်ထားသည်။ ဆံပင်ကို ကလစ်နှင့် ညှပ်ထား၏။ ရှင်းသန့်ပြီး တောက်ပသော သူမပုံစံကြောင့် သူရ ငေးမိသွားသည်။

"ကျွန်မ တာဝန်ယူထားတယ်။ နောက်နေ့တွေလည်း လိုက်ဦးမှာ"

ပြောပြီး သူမက အစီအစဉ် စီစဉ်သူနှင့် တွေ့ဆုံနှုတ်ဆက်ကာ ညှိနှိုင်းနေ၏။ သူရက ကားရောက်လာ၍ ကားပေါ် တက်လိုက်တော့သည်။


***************************

"ဟား ဟား ဟား"

လေ့လာရေးသွားနေစဉ် ကာလလေးကြာတော့ ဂျပန်လူမျိုးတချို့နှင့် ရင်းနှီးကုန်သည်။ သူရတို့နှင့် ရွယ်တူ နှစ်ဆယ့်ငါး၊ သုံးဆယ် ၀န်းကျင် လူငယ်တွေများ၍ ပျော်လည်းပျော် ရယ်လည်းရယ်ရသည်။ တချို့ဂျပန် လူငယ် များက မြန်မာစကားကို သိချင်တာ လိုက်မေး၏။ မေးသည် က အင်္ဂလိပ်လို မေး၍ သူရတို့က အင်္ဂလိပ်လို ဖြေရတာ ဖြစ်သည်။ မြန်မာစကားကိုတော့ မြန်မာလို သင်ပေး၏။ ထိုအထဲမှာ မာကိုတိုစံ ဆိုသော ဂျပန်လေးက ပျော်လည်းပျော် နောက်လည်း အနောက်ဆုံး။

"I Love You ဆိုတဲ့ စကားကို မြန်မာလို ဘယ်လိုပြောရမလဲ"

"နင့်ကိုငါချစ်တယ်လို့ ပြောရတယ်"

မာကိုတိုစံ မေးသမျှ သူရတို့အဖွဲ့ ပြန်ဖြေရသည်။ ရယ်လည်း ရယ်ရ၏။ မာကိုတိုစံမှာ သူကချစ်နေသော သူ့ထက်ငယ်သည့် ကောင်မလေး တစ်ယောက်ရှိသည်ဟု သိရ၍လည်း သူရတို့ကို မေးနေသော မေးခွန်းကို သဘောကျ နေခြင်း ဖြစ်သည်။ ပြီးတော့ မာကိုတိုစံ ချစ်နေသော ကောင်မလေးသည် သူရ တို့ကို နောက် နေ့တွေမှာ လိုက်ပါ ကူညီမည်ဟု သိရ၍ နောက်နေ့အတွက် ကြိုတင် ပြင်ဆင်နေသော သူ့ကို ကြည့်ကာ သူရတို့ ရယ်နေရသည်။

"ငယ်တဲ့သူကို ဘယ်လိုခေါ်လဲ"

"ညီမလေး"

"ငါကသူ့ထက်ကြီးတော့ ငါ့ကိုယ်ငါ ဘယ်လိုပြောမလဲ"

"အစ်ကို ဒါမှမဟုတ် ကိုကို လို့ပြော"

"ကိုကို ညီမလေးကိုချစ်တယ်"

"ဟား ဟား ဟား"

တစ်လုံးလောက် သင်ပြီး ငါးလုံးလောက် တတ်နေသည့် မာကိုတိုစံကို သူရတို့ သဘောကျ၍ ရယ်ရတော့ သည်။ ရည်းစားစကားကို အင်္ဂလိပ်လို မေးသည်။ ပြီးတော့ အခေါ်အဝေါ်တွေ အင်္ဂလိပ်လို မေးပြီး အားလုံး ပေါင်းကာ သူ့ကောင်မလေးကို ပြောဖို့ စကားစရှာ၍ ရသွားသည်။

"ကိုကို ညီမလေးကိုချစ်တယ်"

တဲ့လေ။ ဒါကို မြန်မာလို ပြောတာဖြစ်သည်။

"သူရ ဘာတွေသဘောကျနေတာလဲ"

မိုးပွင့်ဖြူက မာကိုတိုစံကို ကြည့်ကာ သဘောကျနေသည့် သူရနားကိုကပ်ကာ မေးသည်။ သူရက သူငယ်ချင်း တွေနှင့် ခပ်ဝေးဝေးမှာ ရပ်ကာ မာကိုတိုစံနှင့် အမေးအဖြေ လုပ်နေပုံကို ကြည့်ကာ ရယ်နေတာ ဖြစ်၏။ နောက် တစ်နေရာကို ခရီးမဆက်ခင်မှာ သူရတို့ ခေတ္တနားလေ့ ရှိသည်။

"မိုးပွင့်ဖြူထက် မာကိုတိုစံက မြန်မာစကားကို စိတ်ဝင်စားနေပြီ၊ ဟိုမှာ ကျွန်တော့် သူငယ်ချင်းတွေကို မေးပြီး ပြန်ဖြေ နေတာ သဘောကျလို့ပါ"

"သူက ဘာတွေ မေးလို့လဲ"

"အစုံပဲ၊ သူချစ်နေတဲ့ မိန်းကလေးကို ဘယ်လိုပြောရမလဲ ဆိုတာပါ ပါတယ်"

"သြော်"

မိုးပွင့်ဖြူမျက်နှာမှာ ရှက်ရိပ်နှင့် နီရဲသွားပြီး ခေါင်းငုံ့သွားတာ တွေ့သည်။ အချစ်ရေးကိစ္စမှာ မိုးပွင့်ဖြူ အစိမ်း သက်သက် ဖြစ်နေသလားဟု သူရ တွေး၏၊ တကယ်ဆို အသက် အစိတ်ကျော်၊ သုံးဆယ်ဝန်းကျင် သူရတို့ အရွယ် တွေမှာ အချစ်ရေးက အစိမ်းသက်သက် မဖြစ်နိုင်။ မိုးပွင့်ဖြူသည် အချစ်ရေးကို တကယ် မပတ်သက်ခဲ့သည်လား၊ သို့မဟုတ် လူမျိုးခြား မြန်မာယောက်ျားလေး တစ်ယောက်ရှေ့မှာမို့ အချစ်ဆိုသော စကားလုံးက ရှက်စရာ ဖြစ်နေသည်လား မဆိုနိုင်။

"သူရတို့ ဒီမှာပျော်လား"

"ပျော်ပါတယ်၊ ဒါပေမဲ့ ခရီးစဉ် တစ်ဝက်ကျိုးပြီ။ ရှေ့တစ်ပတ်ကျော်ဆို ပြန်ရတော့မယ်"

"ကျွန်မတို့မှာ Program ရထားတယ်၊ ဇူလိုင် ၁၇ ပြန်ရမယ်လို့ ပါတယ်၊ လေ့လာရေးအတွက် ဆွေးနွေးပွဲ ရှိသေး တယ်၊ ငါးယောက်စီခွဲပြီး ဆွေးနွေးရမှာ၊ သူရတို့ဘက်က ငါးယောက်၊ ကျွန်မတို့ဘက်က ငါးယောက်၊ အုပ်စု လေးစု ခွဲမှာ၊ အဲဒါတွေပြီးမှ ပြန်ရမှာ"

"မိုးပွင့်ဖြူ မြန်မာပြည် လာလည်ဦးမလား"

ခပ်တွေတွေလေး ဖြစ်သွားသည်။ မျက်ဝန်းမှာ မျက်ရည်တို့ ရစ်ဝိုင်းတာ တွေ့သည်။

"ကျွန်မတို့ သုံးနှစ်လောက် နေခဲ့တဲ့နေရာ၊ ကျွန်မအခွင့်အရေးရရင် လာလည်ချင်ပါတယ်၊ ဒီအချိန်ဆို မြန်မာ ပြည်မှာလည်း မိုးတွေကြီးနေပြီနော်"

ခေါင်းညိတ်ပြလိုက်စဉ်မှာ မိုးပွင့်ဖြူအဝေးကို ငေး၏။

"မြန်မာပြည်နဲ့ မြန်မာလူမျိုးတွေဟာ ချစ်ဖို့ကောင်းပါတယ်၊ ဟိုးတုန်းက အဘိုးကို ကူညီ ခဲ့တဲ့ မြန်မာတွေရဲ့ ကျေးဇူးတွေ ကျွန်မမမေ့ဘူး၊ ဒါကြောင့်လည်း မြန်မာတွေနဲ့ ပတ်သက်ရင် ကျွန်မ ကူညီနေခဲ့တာ၊ ကျွန်မ မြန်မာပြည်ကို သိပ်ချစ်တယ် သူရ၊ မြန်မာပြည်မှာ နေခွင့်ရရင် နေချင်ပါတယ်"

ရင်ထဲက လာသောစကားဟု ယုံ၏။ လေးလံသော သက်ပြင်းကို သူရချမိသည်။ ကိုယ့်နိုင်ငံနှင့် ကိုယ့်လူမျိုး အတွက်လည်း ဂုဏ်ယူမိ၏။ သူမဆန္ဒကို ဖြည့်ဆည်းနိုင်စွမ်းတော့ သူရမှာ ရှိမှ မရှိတာပဲလေ။


***************************

"မင်းသဘောမကျဘူးလား သူရ၊ မြန်မာမလေး ကျနေတာပဲ"

ကျွန်တော်တို့အဖွဲ့က လက်ဆောင်ပေးထားသော ထဘီကိုဝတ်ကာ မိုးပွင့်ဖြူ မြန်မာဆန်ဆန် လှနေသည်။ ဒါကို ရည်ရွယ်၍ သူငယ်ချင်း တစ်ယောက်က ပြော၏။ သူရပြုံးပြီး ခေါင်းခါပြလိုက်သည်။

"မြန်မာလိုဝတ်တာ၊ မြန်မာစကားပြောတတ်တာနဲ့ သူက မြန်မာဖြစ်လာမှာမှ မဟုတ်တာ၊ ဟိုတုန်းက စိတ်ဝင်စား တာ မြန်မာပြည်မှာ ရှိပါတယ်၊ ငါ့အသက် သုံးဆယ်နား ကပ်လာတော့ တော်ရုံ တန်ရုံ မြန်မာမလေး တွေကိုတောင် ရင်မခုန်တတ်တော့ဘူး၊ တခြားတိုင်းပြည်က မိန်းကလေး တစ်ယောက်ကို ချစ်ဖို့ဆိုတာ ဝေးရောပေါ့"

"မင်းမှာ နှလုံးသားရှိရဲ့လား၊ ပြန်ကြည့်ဦး"

သူငယ်ချင်း၏ စကားကြောင့် သူရ ရယ်မိသည်။

"သူရ၊ ကျွန်မ၀တ်ထားတာ လှလား"

ရုတ်တရက် အနားရောက်လာသော မိုးပွင့်ဖြူက သူမ ထဘီဝတ်ထားတာ ပြရင်း မေး၍ သူရ လှည့်ကြည့် မိ၏။

"လှပါတယ်၊ မြန်မာမလေးနဲ့ တူတယ်"

သဘောကျကာ ငုံ့ကြည့်နေခိုက် တခြားသူငယ်ချင်းတွေ အဝေးကို ထွက်သွားသည်။

"ဒါနဲ့ ကျွန်တော့်နာမည်ကတ်ပြား မိုးပွင့်ဖြူကို မပေးရသေးဘူးနော်"

သူမ ခေါင်းညိတ်ပြ၍ အိတ်ထဲက ထုတ်ပြီး ကတ်ပြားတစ်ခု ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

"ကျွန်တော့်ကို အဲဒီ့လို ပြောမယ်လို့တော့ ထင်တယ်၊ တခြားသူတွေကို ပေးတော့လည်း အဲဒီ့လိုပဲ ပြောတယ်၊ ကျွန်တော်တို့ ဆီမှာတော့ အဲဒီ့လို မဟုတ်ဘူး၊ ပေးရင် ယူလိုက်တာပဲ ရှိတယ်၊ ဒီနာမည် ကတ်ပြားပေးတာ ကျေးဇူးတင်စရာ မလိုဘူးထင်တယ်"

"ဒီလို သူရရဲ့၊ အဲဒီနာမည် ကတ်ပြားတွေမှာ လိပ်စာတို့၊ ဖုန်းနံပါတ်တို့ ပါတယ်လေ၊ ဒါဟာ လူတစ်ယောက်ကို ဆက်သွယ်နိုင်တဲ့ လျှို့ဝှက်ချက်ပဲ၊ ဒီလို လျှို့ဝှက်ချက်မျိုးကို ပေးတယ်ဆိုတာ ယုံကြည်လို့ ပေးတာပေါ့၊ ကိုယ့် လျှို့ဝှက်ချက်နဲ့ သူက အလွဲသုံးစား မလုပ်နိုင်ဘူးလို့ ယုံကြည်လို့ ပေးတာ၊ ဒီလို ယုံကြည်တာကို ကျွန်မတို့ အလေးထားတယ်လေ၊ ကိုယ့်ကို သူတစ်ပါးက ယုံကြည်မှု အပ်နှံတယ်ဆိုတာ ကိစ္စသေးသေး လေး မဟုတ်ဘူး လို့ ထင်ပါတယ်၊ ဒါကြောင့် ကျေးဇူးတင်တာပါ"

သူမဆိုလိုသည်ကို သူရ သဘောပေါက်လိုက်သည်။

"သူရကို ကျွန်မနာမည်ကတ် ပေးထားမယ်နော်"

ပြောပြီး သူမ အင်္ကျီအိတ်ထဲက ထုတ်ပြီးပေးတော့ သူရက အပြုံးနှင့် လက်ခံသည်။

"ကျေးဇူးတင်ပါတယ်၊ မိုးပွင့်ဖြူက ကျွန်တော့်ကို တကယ်ခင်လို့ ပေးတာပေါ့၊ ဟုတ်လား"

ခေါင်းညိတ်ပြစဉ် သူမမျက်ဝန်းမှာ ရှက်ပြုံးတွေ တွေ့သည်။ သူရ မမြင်ယောင် ဆောင်လိုက်၏။


***************************

ဆွေးနွေးပွဲ သုံးရက်အပြီး နောက်ဆုံးညမှာ ပါတီပွဲတစ်ခု လုပ်သည်။ ဓါတ်ပုံတွေ တွဲရိုက်ကြ၏။ သူရက မိုးပွင့်ဖြူ နှင့် တစ်ပုံ တွဲရိုက်သည်။ ပြီးတော့ အားလုံး ကိုယ့်အစုနှင့်ကိုယ် စကားပြောနေစဉ်မှာ သူရက ဧည့်ခံဖျော်ဖြေ နေသော အကအဖွဲ့ကို ငေးကြည့်နေ၏။ ပါတီ၏ သဘာဝ ထိုင်ခုံမထားဘဲ မတ်တတ် ကြည့်ရ၍ စင်ရှေ့မှာ သူရက မတ်တတ်။

"သူရ၊ သူတို့ကတာ စိတ်ဝင်စားနေလား"

မိုးပွင့်ဖြူက ဘေးမှာလာရပ်ရင်း မေးသည်။ သူရက ပြုံးပြီး ခေါင်းညိတ်လိုက်၏။

"မိုးပွင့်ဖြူ၊ နောက်ရက်တွေ ကျွန်တော်တို့နဲ့ ရှိဦးမလား"

"ကျွန်မ ကျောင်းပျက်တာ ကြာပြီ၊ ကျောင်းသွားရဦးမယ်"

သူမမှာလည်း သူမနိုင်ငံအတွက် အလုပ်တွေ ရှိပါသေးလား တွေးရင်း ကြည်နူးစိတ် ဖြစ်၏။ သူရတို့ကို လိုက်ကူညီ တာလည်း သူမတို့ နိုင်ငံအတွက် အလုပ် လုပ်နေတာပဲလေ။ ထို့ကြောင့် သူရ တို့ကို လေ့လာရေး ခေါ်တာ ဖြစ်၏။

"ကျွန်တော်တို့ နောက်လေးငါးရက်ဆို ပြန်ရပြီ၊ မိုးပွင့်ဖြူ နဲ့ ကျွန်တော် ခွဲရတော့မယ်"

လွှတ်ခနဲ ထွက်သွားသော သူရစကား၊ မိုးပွင့်ဖြူ သည် အသက်မဲ့စွာ သူရကို ငေးကြည့်၏။

"'ဒါ ဆွေးနွေးပွဲ အတွက် ကျွန်တော့်ရဲ့ အမှတ်တရ လက်ဆောင်ပါ"

မိုးပွင့်ဖြူ ပါသော ဂျပန်ငါးယောက်နှင့် သူရပါသော မြန်မာငါးယောက်တို့ ဆွေးနွေးစဉ်က မပေးဖြစ်သော ကျောက်စိမ်း လက်စွပ်လေး တစ်ကွင်းကို မိုးပွင့်ဖြူ အတွက် သူရက ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် သူရ"

သူမလက်မှာ ကောက်စွပ်ပြီး လက်ကလေး ထောင်ပြကာ ကလေးလို သဘောကျနေသော မိုးပွင့်ဖြူ ကို ကြည့် ကာ သူရစိတ်ထဲ အပြစ်ကင်းသည့် ကလေးတစ်ယောက်လို မြင်မိသည်။

"ယူကာရီစံ"

ဂျပန်လူမျိုးတစ်ဦး၏ ခေါ်သံကြားတော့ သူမ သူရအပါးမှ ထွက်သွားသည်။ သူရ ရင်ထဲမှာ လပ်ဟာ သွား သလို ခံစား ရ၏။


***************************

သူရတို့ မပြန်ခင်ညမှာ နှုတ်ဆက်ပွဲ လုပ်သည်။ သူရတို့ကို လိုက်ပါကူညီသော ဂျပန်လူငယ်တွေ အကုန် တက်ကြ သည်။ သူရက မိုးပွင့်ဖြူကို ရှာသည်။ မတွေ့။ လွန်ခဲ့သည့် ဆွေးနွေးပွဲ နောက်ဆုံးညမှာ တွေ့ပြီး ကတည်းက ထပ်မတွေ့ခဲ့ရ။ ကျောင်းသွားဦးမယ် ဆိုသော စကားကို ပြန်ကြားယောင်သည်။ ဘာပဲဖြစ်ဖြစ် နှုတ်ဆက်ပွဲည မှာတော့ မိုးပွင့်ဖြူ ကို တွေ့ချင် မြင်ချင်သည်။

နှုတ်ဆက်ပွဲစပြီး ခဏကြာမှ မိုးပွင့်ဖြူ ရောက်လာသည်။ သူရက သွားနှုတ်ဆက်၏။

"မိုးပွင့်ဖြူ နောက်ကျတယ်နော်"

"ကျွန်မ အလုပ်တွေ မပြီးလို့ သူရရယ်၊ တောင်းပန်ပါတယ်"

"ဟိုရက်တွေက မိုးပွင့်ဖြူ မလာဘူးနော်"

"ဟုတ်တယ်၊ ကျွန်မကျောင်းပြန်ဝင်နေတာလေ"

"ကျွန်တော် အခု တစ်ခါတည်း နှုတ်ဆက်လိုက်တယ်နော်၊ မနက်ဖြန်မနက် စောစောထပြီး လေဆိပ် ဆင်းရမယ်၊ ခုတော့ ကျွန်တော့်ရဲ့ အမှတ်တရ လက်ဆောင်တစ်ခု မိုးပွင့်ဖြူ ကို ပေးခဲ့မယ်နော်"

ပြောပြီး တိုက်ပုံ အင်္ကျီထဲက အသည်းပုံ ကမာခွံ ဘူးလေး ထုတ်လိုက်သည်။ သူရ အမေက ဂျပန်ရောက်လျှင် ပေးချင်သည့်လူ ပေး၍ရအောင် ထည့်ပေးလိုက်သော အသည်းပုံ ကမာခွံ ဘူးလေးသည် ခုမှ သူရအတွက် အသုံးဝင်ပြီ ထင်၏။

"ဒါ တိရိစ္ဆာန်ရဲ့ အခွံနဲ့ လုပ်ထားတာ မဟုတ်လား"

"ဟုတ်တယ်၊ ကမာကောင်ရဲ့ အခွံလေးလေ၊ အဲဒါ မိုးပွင့်ဖြူ ကို ကျွန်တော်ပေးတာ၊ ဒါနဲ့ ကျွန်တော် မိုးပွင့်ဖြူ တစ်ယောက်တည်း ရိုက်ထားတဲ့ ဓါတ်ပုံ အမှတ်တရ လိုချင်တယ်"

"လောလောဆယ် ကျွန်မမှာ မပါဘူး၊ ကားထဲမှာ ကတ်လုပ်ထားတဲ့ ပုံရှိတယ်၊ ခဏလေး စောင့်နော်၊ ကျွန်မ သွားယူပေးမယ်၊ ကျွန်မလည်း သူရပုံ လိုချင်တယ်၊ သူရ ဓါတ်ပုံ ကျွန်မကို ပေးဦးလေ"

"ရှိတယ်၊ ခဏလေး"

ပတ်စ်ပို့ ပုံ ပိုနေတာရှိ၍ ပိုက်ဆံအိတ်ထဲက ထုတ်ပေးလိုက်သည်။ အံ့သြစရာ ကောင်းသည်က အသည်းပုံ ကမာခွံဘူး ထဲကို သူရပုံထည့်၍ အသေအချာ ပိတ်လိုက်ခြင်း ဖြစ်သည်။

"ကျောက်စိမ်း လက်စွပ်လေးရော"

"သိမ်းထားတယ်"

"ဒီဘူးထဲမှာပဲ ထည့်သိမ်းထားပေါ့"

ခေါင်းညိတ်ပြပြီး သူမထွက်သွားသည်။ ခဏနေတော့ သူမပြန်လာ၏။ ဓါတ်ပုံတစ်ပုံ ပါလာသည်။ အံ့သြစရာ ကောင်းသည်က ယခု သူမ၀တ်ထားသော အ၀တ်နှင့်ပင် ဖြစ်၏။

"ဒါ သူရ အတွက်လေ၊ ပိုလာရိုက်စ် နဲ့ ရိုက်ထားတာ"

လက်ရေးနှင့် ရေးထားသည့် 'ယူကာရီ' ဆိုသော စာနှင့်ရက်စွဲလေးပါသော ခုရိုက်ခုထွက်ဓါတ်ပုံကို ကြည့်ရင်း သူရ ကြည်နူးနေမိသည်။

"ကျွန်တော် မြန်မာပြည် ပြန်ရောက်ရင် မိုးပွင့်ဖြူ ကို သတိရနေတော့မှာပဲ"

"ကျွန်မလည်း အတူတူပါပဲ"

နှစ်ဦးသား စကားစ ပြတ်သွားသည်။ သူမကို ကြည့်တော့ ရီဝေသော အကြည့်နှင့် ကြည့်တာ တွေ့သည်။

"ကျွန်တော် မြန်မာပြည်ရောက်ရင် မိုးပွင့်ဖြူ ဆီ စာရေးမယ်နော်၊ မိုးပွင့်ဖြူ ပြန်ရေးမလားဟင်"

"ရေးပါ့မယ်"

အခမ်းအနား ပြီးဆုံးပြီဟု ကြေညာသံကို ကြားလိုက်ရချိန်မှာ သူရနှင့် မိုးပွင့်ဖြူ တစ်ယောက်ကို တစ်ယောက် တိတ်ဆိတ်စွာ ကြည့်ရင်း ငေးနေမိသည်။

"သူရရေ၊ ပစ္စည်းသိမ်းမယ်ဟေ့"

နှုတ်ဆက်စကား မပြောဘဲ သူရ လှည့်ထွက်လိုက်သည်။ ဓါတ်လှေကားထဲ အ၀င်မှာ ခန်းမထဲက ထွက်ကာ ငေး နေသော မိုးပွင့်ဖြူ ကို တွေ့လိုက်ရ၍ သူရ ရင်မှာ စိတ်မကောင်း ဖြစ်သည်။


***************************

တကယ်တော့ မိုးပွင့်ဖြူ ရယ်

ကျွန်တော်နဲ့ခင်ဗျားဟာ တစ်နိုင်ငံစီက လူတွေပါ။ မိုင်ပေါင်းများစွာ ဝေးတဲ့ နေရာ နှစ်နေရာက ဘာသာစကား မတူတဲ့ လူနှစ်ယောက် နောက်တစ်ခေါက်တွေ့ဖို့ဆိုတာ အိပ်မက်လိုပါပဲ။

ပြီးတော့ ကျွန်တော်တို့မှာ ကိုယ့်နိုင်ငံအတွက် လုပ်ရမယ့် တာဝန်တွေ တစ်ပုံကြီးပါပဲ။ ကျွန်တော်တို့ ရင်ထဲမှာ ဘယ်လို ခံစားချက်တွေပဲ ရှိရှိ၊ လတ်တလော တွေ့ဆုံမှုမှာ ဒါတွေ ကျွန်တော်တို့ ဖယ်ထားခဲ့ရမှာပါ။ ဒီအတွက် ကျွန်တော်တို့ ရင်းရမယ့် အရင်းအနှီးကတော့ များပါတယ်။ ကျွန်တော်နဲ့ မိုးပွင့်ဖြူ ဟာ ရင်ထဲက ချစ်ခဲ့ကြတဲ့ ချစ်သူတွေလား၊ ဖွင့် မပြောနိုင်ခဲ့လို့ မျိုသိပ်ထားခဲ့ ကြတာလား ဆိုတာတော့ ကျွန်တော်တို့ နှစ်ယောက်ပဲ သိနိုင်ပါလိမ့်မယ် မိုးပွင့်ဖြူ။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ရင်ထဲမှာ ဘာတွေရှိရှိ၊ ခင်ဗျားရင်ထဲမှာ ဘာတွေရှိရှိ၊ အားလုံးရဲ့အမြင်မှာ ကျွန်တော်တို့ ရိုးသားခဲ့ကြတယ် မဟုတ်လား။ ဘယ်လောက်ပဲ ပြင်းထန်တဲ့ စိတ်ခံစားချက် ရှိပါစေ၊ ဝေးသွားတဲ့ တစ်နေ့မှာတော့ အေးစက်သွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။

ပြီးတော့ တစ်ချိန်မှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံသူ၊ နိုင်ငံသားနဲ့ ပဲ အိမ်ထောင်ပြု ကြမှာလေ။ အဲဒီ့အချိန်မှာ ကျွန်တော်တို့ နိုင်ငံအတွက် ကျွန်တော်တို့ နိုင်သလောက် တာဝန်တွေကို ထမ်းနေ လောက်ပြီပေါ့။ အဲဒီ့လို တာဝန်ထမ်းတဲ့အခါမှာ မိုးပွင့်ဖြူ တို့ တိုင်းပြည်မှာ လေ့လာခဲ့ရတာတွေဟာ ကျွန်တော်တို့ နိုင်ငံအတွက် အထောက်အကူ ဖြစ်မှာပါ။ ဒီအတွက် အမြဲတမ်း ကျေးဇူးတင်နေမှာပါ။

အဲဒီ့ ကျေးဇူးတင်မှုတွေနဲ့အတူ သတိရနေမိမှာက ကျွန်တော်တို့ ရောက်ခဲ့တဲ့ မြို့ကလေးကိုပါ မိုးပွင့်ဖြူ။ ဒီမြို့ ကလေးမှာ ကိုယ့်နိုင်ငံကို သိပ်ချစ်ကြတဲ့ လူတွေ ဆုံခဲ့ကြတယ်။ ပြီးတော့ ဒီမြို့လေးကို နှုတ်ဆက် ခဲ့ကြတယ်။ ကျွန်တော် တို့ ဦးတည်ခဲ့ကြတဲ့ ရည်ရွယ်ချက်တွေ အတွက် လမ်းခွဲခဲ့ချိန်မှာ ဒီမြို့လေးဟာ လွမ်းစရာအဖြစ် ကျွန်တော်တို့ မျက်ရည်ကျခဲ့ရတဲ့ မြို့လေး ဖြစ်ခဲ့တယ်။

ဒါဟာ ကိုယ့်နိုင်ငံအပေါ် သန့်စင်စွာ ချင်ခင်ကြတဲ့ လူငယ်တွေက 'ချစ်သူတွေမျက်ရည်ကျတဲ့မြို့'လို့ တင်စား စရာ ပါပဲ။

နောက်ပြီး အဲဒီ့မြို့ကလေးမှာ ကျွန်တော်တို့လို တစ်နိုင်ငံဆီက လာတဲ့ ကောင်လေး တစ်ယောက်နဲ့ ကောင်မ လေး တစ်ယောက်တို့ရဲ့ ဇာတ်လမ်းတွေ ရှိချင် ရှိခဲ့ဦးမှာပါပဲ။ အဲဒီ့လို ဇာတ်လမ်းတွေ ကနေ ချစ်သူ မဖြစ်ရ ပေမယ့် တိုးတိတ်စွာ ငြိမ်သက်နေခဲ့ရတဲ့ ချစ်သူတွေလည်း ရှိခဲ့ဦးမှာ ပါပဲ။

အဲဒီ့ချစ်သူတွေအတွက်လည်း ဒီမြို့လေးဟာ 'ချစ်သူတွေ မျက်ရည်ကျတဲ့မြို့' ပါပဲ မိုးပွင့်ဖြူ။

ခုတော့ ကျွန်တော် အဲဒီ့မြို့လေးကို ခွဲခဲ့ရပါပြီ။ ဘယ်အချိန်မှာ ပြန်ရောက်မယ်ဆိုတာ မသေချာ မရေရာ ပေမယ့် ကျွန်တော့် နှလုံးသား ထဲမှာတော့ 'ချစ်သူတွေမျက်ရည်ကျတဲ့မြို့' လေးနဲ့အတူ မိုးပွင့်ဖြူ ဆိုတဲ့ နာမည်နဲ့ ဖြူစင်တဲ့ စိတ်ထားရှိပြီး မြန်မာလူမျိုးကို ကူညီတတ်တဲ့ မြန်မာပြည်ကို တကယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ကို အမြဲ အမှတ်ရနေမှာကတော့ သေချာပါတယ် မိုးပွင့်ဖြူ ရယ်။ ။

သားလတ်


(၂၀၀၄ခုနှစ်-ဇန်န၀ါရီလ၊ ဂန္ထ၀င်မဂ္ဂင်း)

1 comments:

Anonymous said...

ချစ်သူတွေ မျက်ရည်ကျတဲ့မြို့ပြီးတော့
ချစ်သူတွေ အငိုတိတ်တဲ့မျြို့အကြောင်းကော
ရေးပေးပါအုံးဗျ
စာရေးအားကောင်းလွန်းတဲ့ လက်...မို့ တောင်းဆိုပါတယ်...ဆက်လက်တောက်ပပါစေ

Related Posts Plugin for WordPress, Blogger...