Monday, August 29, 2011

" အိပ်ခ်ျဇီးရိုး ( H 0) " ( ၁ )


ခရစ်နှစ် ၂၅၀၀ နှစ်....။

မြန်မာပြည်၊ ရန်ကုန်မြို့၏ ဆိတ်ငြိမ်ရပ်ကွက် တစ်ခုအတွင်းက အိမ်တစ်အိမ်မှာ လူတစ်ယောက် အီလက်ထရွန်းနစ် ပစ္စည်းများ၊ စက်ကိရိယာများနှင့် တစ်ယောက်တည်း အလုပ်ရှုပ်နေသည်။

သူ့နာမည်က လရောင်။

သူသည် စက်မှုနှင့် အီလက်ထရွန်းနစ် အင်ဂျင်နီယာ ဘာသာရပ်နှစ်ခုပေါင်း ဖြစ်သော Mechatronic ဘာသာရပ်ကို Ph.D အဆင့်အထိ တတ်ကျွမ်းသူ ဖြစ်သည်။ သို့သော် သူ့မှာ ဘာဘွဲ့မှ ပြစရာမရှိ။ ဆယ်တန်းအောင်ပြီးချိန်မှာ သူက တက္ကသိုလ်ဆက်မတက်တော့။ အကြောင်းက သူ့ကို သူ့အဖေကိုယ်တိုင်က အင်ဂျင်နီယာ ဘာသာပိုင်းဆိုင်ရာကို အချိန်ရလျှင် ရသလို သင်ပေး၍ဖြစ်သည်။

သူတို့မျိုးရိုးမှာ အစဉ်အလာတစ်ခု ရှိခဲ့သည်။ လွန်ခဲ့သော နှစ်ငါးရာ့ငါးဆယ်ကျော်က ရန်ကုန်စက်မှုတက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာဘွဲ့ရ သူ့ဘကြီးတစ်ယောက် ( တကယ်တော့ 'ဘောင်' တို့၊ 'ဘွတ်' တို့ လောက်ရှိမည်။) ရန်ကုန်စက်မှုတက္ကသိုလ်မှ အီလက်ထရွန်းနစ် အင်ဂျင်နီယာဘွဲ့ရ သူ့အဘွားနှင့် အိမ်ထောင် ကျခဲ့ရာမှ နှစ်ယောက်ပေါင်း၍ စက်တစ်လုံးကို စတင်တီထွင်ရန် အကြံဖြစ်ခဲ့သည်။

သို့သော် ထိုသို့ အကြံဖြစ်ခဲ့ရုံပဲ ရှိပြီး မျိုးရိုး အစဉ်အဆက် ဆက်လက် အကောင် အထည်ဖော်ရန် သေတမ်းစာ ရေးသားခဲ့ရာ ထိုအစဉ်အလာကို ဆက်လက် ထိန်းသိမ်းရန် ယခု လရောင်တို့ခေတ်ကို ရောက်ခဲ့ချေပြီ။

လရောင်သည် အသက်သုံးဆယ်ဝန်းကျင် လူငယ်တစ်ယောက်ဖြစ်သော်ငြား သူ့ဘိုးဘေးများ၏ ဆန္ဒကို ဖော်ထုတ်ရန် လွန်စွာစိတ်အားထက်သန်သူဖြစ်သည်။ ထို့ကြောင့် သူ့အဖေ၏သင်ကြားမှုများကို ဂရုတစိုက်နာယူကာ စာအုပ်များကိုလည်း ဖတ်ရှုလေ့လာခဲ့သည်။ ယခုတော့သူ့အဖေလည်း မရှိတော့။ လရောင်တစ်ယောက်တည်း နေ့ရှိသရွေ့ သူတို့ဘိုးဘေးများ တောင့်တခဲ့သော စက်တစ်လုံးကို တီထွင်ထုတ်လုပ်နိုင်ရန် ကြိုးစားနေရလေပြီ။

**************

" မင်းတစ်ယောက်တည်း မနေနဲ့ လရောင်။ အပြင်မှာ ဘာတွေဖြစ်နေလဲ။ ထွက်ကြည့်ဦး "

လရောင်မှာ ခင်မင်ရသော သူငယ်ချင်းတစ်ယောက်ရှိသည်။ သူ့နာမည်က ရဲခေါင်ဗလ။

" ဒီစက်တစ်ခုဖြစ်ဖို့ ငါတို့ဘိုးဘေးတွေ ဘယ်လောက်တောင့်တခဲ့သလဲဆိုတာ မင်းကိုငါပြောဖူးပါတယ် ရဲခေါင် "

" ဘာစက်မှန်းမသိရဘဲနဲ့။ ငါတော့နားမလည်တော့ဘူးကွာ "

" မပြီးခင် ဗမာမမြင်စေနဲ့တဲ့ကွ "

" ပြီးရင်ရော သိရမှာလား "

" စိတ်ချမင်းကို အရင်အသိပေးမယ် "

ရဲခေါင် လက်မြှောက်ပြီးပြန်သွားသည်။ လရောင်သူ့အလုပ်သူ ဆက်လုပ်နေ၏။ သည်လိုနှင့် သုံးလေးနှစ်လောက် ကြာသွားသည်။ လရောင်၏မျက်နှာမှာ မျက်မှန်ပါဝါ ကြီးကြီးတစ်ခုရောက်နေပြီ။ သို့သော်သူ့မျက်လုံးတွေက အရောင်ပိုလက်လာ၏။

လရောင်၏ပတ်ဝန်းကျင်သည် လရောင်ကိုရှိသည်ဟုပင် မထင်ရလောက်အောင် စိတ်မ၀င်စားခဲ့ပါ။ လရောင်ကလည်း ထို့အတူပင်။

************

" မင်းမျက်နှာက ဒီနေ့အထူးကြည်လင်နေတယ်။ ဘယ်တုန်းကမှ အပြင်မထွက်ခဲ့တဲ့ မင်းက အခု ငါ့ဆီလာတယ်။ သေချာတာက မင်းမှာထူးခြားချက်တစ်ခု ရှိနေပြီ "

ရဲခေါင်က တွေ့တွေ့ချင်း လရောင်မျက်နှာကစာသားတွေကို လှမ်းဖတ်သည်။

" ဒါဖြင့် ဘာလဲ၊ ငါ့ကို ပြောပြလို့ရမလား "

ရဲခေါင်ကိုခင်တာ ဒါတွေကြောင့်ပင်။ ရဲခေါင်ကို သူရွေးပေါင်းခဲ့တာလည်း ဒါကြောင့်ဖြစ်သည်။ သူ့လျှို့ဝှက်ချက် များကို ရဲခေါင်စိတ်ထဲမှာ လုံခြုံစိတ်ချစွာ သိမ်းထားနိုင်ခဲ့သည်ပဲ။

" ငါ့အိမ်ရောက်မှ ပြောကြတာပေါ့ "

ရဲခေါင်ကို 'မ' ထုတ်တော့ နားလည်စွာပါလာသည်။ အိမ်ရောက်တော့ လရောင်က သူ့စမ်းသပ်ခန်းထဲကို ခေါ်သွား၏။

" ဘာလဲ။ မင်းစက်တွေ ပြဦးမလို့လား "

လရောင် ဘာမျှပြန်မဖြေ။ ECG ရိုက်သောစက်၊ ကွန်ပျူတာမော်နီတာ၊ ကီးဘုတ်၊ ဒါတွေက ဟိုးတုန်းကတည်းက ရဲခေါင် မြင်ဖူးပြီးသား။ ထိုစက်တွေအတွက် ရဲခေါင်အံ့ဩမှာမဟုတ်။ သို့သော်ထိုစက်တွေနားမှာ နောက်ထပ် စက်တစ်လုံးကို ရဲခေါင်မမြင်သေး။

" ရဲခေါင်။ ဒါဘာလဲ ကြည့်စမ်း "

လရောင်က အ၀တ်အုပ်ထားသော ခါးလောက်မြင့်သည့် တစ်စုံတစ်ခုကို ပြရန် အ၀တ်ကို ဆွဲဖယ်လိုက်၏။

" ဟာ "

အ၀တ်စအုပ်ထားသည့်အရာကား အီလက်ထရွန်းနစ်ဆားကစ်( Circuit ) များ၊ ( Chip ) ပြားများ၊ ဂဏန်းပြ (Digital ) ဒိုင်ခွက်များ၊ ကြိမ်နှုန်း ( Frequency ) ပြစက်များဖြင့် ဖွဲ့စည်းထားသော လှပသည့် စက်တစ်လုံး။

" ဒါမင်းလုပ်ထားတာလား "

" အေး-ဒါပေမဲ့ သေချာကြည့်၊ ကျန်သေးတယ် "

လရောင်က ပြုံးသည်။ ပြီးတော့ ဧည့်ခန်းကိုသွားရန် လက်ပြ၏။

" ငါရှင်းပြမယ်။ ဧည့်ခန်းမှာ ထိုင်ဦး "

ရဲခေါင် ဧည့်ခန်းမှာဝင်ထိုင်စဉ် လရောင်က နောက်ဖေးကိုဝင်ပြီး စားသောက်စရာတွေယူလာသည်။ ပြီးတော့ ရဲခေါင်ကို ကျွေးသလို သူလည်း အားရပါးရစား၏။

" ငါ့ဘ၀မှာ မင်းအစားကောင်းကောင်းစားတာ ဒီတစ်ခါပဲ တွေ့ဖူးတယ် "

" ပျော်လို့ကွ "

" လုပ်စမ်းပါဦး၊ မင်းစက်ကြီးကိစ္စ "

လရောင် စားလက်စကို ရပ်သည်။ ပြီးတော့ ကိုယ်ကိုမတ်၏။

" ငါ အခုပြောမယ့် အကြောင်းအရာတွေကို မင်းရင်ထဲမှာပဲထားပါ ရဲခေါင် "

" အေးပါ ၊ ပြော "

" ငါ အခု ငါတို့ မျိုးရိုးစဉ်ဆက် မျှော်လင့်ခဲ့တဲ့ စက်ကြီးကို တီထွင်ပြီးသွားပြီကွ "

" ဟာ- Congratulation ကွာ။ မနေ့ကပြီးတာပေါ့။ ဟုတ်လား "

" ဘယ်ကဟုတ်ရမှာလဲ။ တစ်ပတ်လောက်ရှိပြီကွ "

" ဟင်-မင်းကငါ့ကို ဘာလို့ခုမှ ပြောရတာလဲ "

" ဒီလိုကွ။ ဒီစက်ကြီးရဲ့ နာမည်ကို ဘယ်လိုပေးရမလဲ စဉ်းစားနေတာနဲ့ ကြာသွားတာ။ ခုတော့ နာမည်ရလို့ မင်းကို ရဲရဲအသိပေးတာ "

" ဆိုစမ်းပါဦး။ နာမည်က....."

" Horizontal Zero အတိုခေါ်ရင် အိပ်ခ်ျ ဇီးရိုး ( H 0) ပေါ့ကွာ "

" ဘာအဓိပ္ပါယ်နဲ့ ပေးတာလဲ "

" အဲဒါပြောရင် ငါ့ဘိုးဘေးတွေက စရမှာကွ။ မင်းစိတ်ရှည်မလား "

"ရတယ်လုပ်။ မင်းက အစဖော်ထားတော့ ငါစိတ်ဝင်စားနေပြီ "

" ငါပြောဖူးတယ်လေ။ ငါတို့မျိုးရိုးမှာ ဒီစက်တစ်လုံးထွင်ဖို့ ကြိုးစားခဲ့ကြတာ။ ဟိုးတုန်းက ၀ိုင်အိုင်တီလို့ခေါ်တဲ့ ရန်ကုန်စက်မှုတက္ကသိုလ်က ကျောင်းပြီးတဲ့ ငါ့ဘိုးဘေးတွေ လက်ထက်ကတည်းက စိတ်ကူးရခဲ့တာ။ သူတို့က ကမ္ဘာမြေပြင်ပေါ်က လူသားတွေအားလုံးဟာ အဆင့်အတန်းခွဲခြားမရအောင် တစ်ပြေးညီ ဖြစ်သင့်တယ်တဲ့။ ဒါကို ပထမစပြီး စဉ်းစားတာ။ ဒါပေမဲ့ အဲဒါဟာ လုံးဝမဖြစ်နိုင်ဘူးဆိုတာလည်း သူတို့သိတယ်။

ဒီနောက်မှာ တကယ်ဖြစ်နိုင်တာ တစ်ခုကို အဘိုးရော၊ အဘွားပါ စဉ်းစားမိသွားတယ်။ အဲဒါက ဘာလဲဆိုတော့ လူတွေကို ချမ်းသာ၊ ဆင်းရဲ ညီသွားအောင် မလုပ်နိုင်ပေမယ့် လူတိုင်းမှာရှိတဲ့ ဥာဏ်ရည်ပြကိန်း IQ (Intelligent Quotient ) ကို ညှိလို့ရမယ်လို့တော့ သူတို့ယူဆကြတယ်။ ဒါပေမဲ့ မွေးပြီးသားလူကိုတော့ လုပ်လို့ရမယ် မထင်ခဲ့ဘူး။ မမွေးမီ သန္ဓေသားကိုတော့ လုပ်လို့ရမယ်လို့ ယူဆခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ငါးရာကျော်ဆိုတော့ အဲဒီကာလမှာ သန္ဓေသားကို ပြင်ပက နူးညံ့ သိမ်မွေ့အောင် ပြုပြင် တာတွေတော့ စလုပ်နေပြီလို့ သိရတယ်။ ဒီမှာပဲ ငါ့အဘိုးနဲ့ အဘွားဟာ အဲဒီကိစ္စကို စကြံစည်ခဲ့တယ် "

" အခုတော့ မင်းလက်ထက်မှာ အကောင်အထည်ပေါ်ပြီပေါ့။ အဲဒီ အကြံအစည်နဲ့ အိပ်ခ်ျဇီးရိုးနာမည်က ဘယ်လိုပတ်သက်သလဲ "

" ငါခုနက ပြောခဲ့တဲ့အထဲမှာ ပါတယ်။ ငါ့ဘိုးဘေးတွေက လူတန်းစား ညှိမယ်လို့ တွေးခဲ့တာကိုး။ တကယ်တော့ ဆင်းရဲ၊ ချမ်းသာဆိုတာ အတိတ်ကံပါတာပဲ။ ဒီတော့ လူတစ်ယောက်ရဲ့ လျှောက်ရမယ့် လမ်းကို အဆိုးအကောင်း ဝေဖန်ပိုင်းခြားမှုနဲ့ ဆင်းရဲချမ်းသာမှုကို ဖန်တီးပေးနိုင်တဲ့ ဥာဏ်ရည်ကို ညှိမယ်လို့ တွေးခဲ့တာပေါ့။ အနီးစပ်ဆုံးကို စဉ်းစားကြတာလေ။ တကယ်တော့ ဥာဏ်ရည်တူရုံနဲ့တောင် ဆင်းရဲချမ်းသာ ညီမျှအောင်လုပ်လို့ မရနိုင်ပါဘူး။ ငါ့ဘိုးဘေးတွေက ဖြစ်လာမလားဆိုတဲ့ အတွေးနဲ့ စခဲ့တာပါ။ အဓိကကတော့ကွာ လူတန်းစားညီမျှမှုဆိုတာကို မျှော်လင့်ပြီးလုပ်ခဲ့တာ။ ဒီတော့မြေပြင်မှာ အားလုံးဟာ တစ်ပြေးညီရှိပြီး ကွာဟမှုမရှိစေရဘူးဆိုတဲ့ စိတ်ကူးနဲ့ ငါက Horizontal Zero လို့ နာမည်ပေးလိုက်တာ "

" ကောင်းတယ်ကွာ "

" ဒါပေမဲ့ ဒီနာမည်ဟာ ဟိုတုန်းက ငါတို့ ဘိုးဘေးတွေ ဗွီဒီယိုကြည့်ရင် တိပ် ( Tape) ပြားလေးတွေနဲ့ ကြည့်တဲ့စက်မှာရှိတဲ့ ဟက် ( Head ) တွေကို ထုတ်တဲ့ စက်ရုံမှာသုံးတဲ့ အသုံးကွ။ အဲဒီ Head တွေမှာ Sp chip နဲ့ Ep chip ဆိုတဲ့ အပြားနှစ်ခုရှိပြီး အဲဒီအပြားနှစ်ခုကို ဘယ်ညာညီအောင်ညှိပြီး ရိုက်ထုတ်တဲ့ အိပ်ခ်ျဇီးရိုး ဆိုတဲ့ စက်တွေရှိတယ်။ Horizontal ညီအောင်ညှိတာကြောင့် Horizontal Zero လို့ခေါ်တာလေ။ အခုအဲဒီလို Head တွေထုတ်တဲ့ စက်ရုံတွေလည်း မရှိတော့၊ ဒီနာမည်ကို ငါတို့ခေတ် လူတွေ ဘယ်သိတော့မလဲ။ ငါတောင် ငါ့အဘိုးစာအုပ်ထဲမှာ တွေ့လို့ "

" မင်းက အဲဒီနာမည်ကို ကြိုက်လို့ယူသုံးတာပေါ့ "

" ဟုတ်တယ်။ နောင်ရာစုသစ်တွေမှာ ကြီးပြင်းလာတဲ့ လူတွေအားလုံး အိုင်ကျူတွေတူသွားရင် ငါတို့ကမ္ဘာမှာ ဆင်းရဲချမ်းသာကွာဟမှုဟာ ကျဉ်းသွားလိမ့်မယ်။ ဥာဏ်တုံးလို့၊ ဥာဏ်မြင့်လို့ဆိုတာတွေ မရှိနိုင်အောင် ဆိုတဲ့ စေတနာနဲ့ ငါတို့မျိုးရိုးက ဒီစက်ကိုတီထွင်တာ။ ငါကအားလုံးရဲ့ ကွာဟမှု သုညရောက်အောင် ကျဉ်းသွားမယ်လို့ ယူဆလို့ အဲဒီနာမည်ယူလိုက်တာ "

" ကြိုက်တယ်ကွာ။ ဂုဏ်ယူတယ် "

ရဲခေါင်က အားရ၀မ်းသာ လက်ကမ်းပေးသည်။ လရောင်က ဖမ်းဆုပ်လိုက်၏။

**************

သားလတ်

( ဆက်ပါဦးမည် )



3 comments:

Angelhlaing(May everybody be happy and healthy! said...

ဆန်းဆန်းပြားပြား မသိသေးတဲ့ ဗဟုသုတတွေနဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ဇတ်လမ်းလေး :)
စောင့်မျှော်အားပေးလျှက်ပါအကို
ကောင်းသောနေ့လေးဖြစ်ပါစေလို့..

Cameron said...

ဇာတ်လမ်းလေးက ဆွဲဆောင်မှုရှိတယ်... အဆက်ကိုစောင့်ဖတ်ပါဦးမယ်...။

Rosea said...

Does IQ really have anything to do with critical thinking and the ability to make "right" decision?
Just wondering.. no offense
It's an interesting story! :)

Related Posts Plugin for WordPress, Blogger...